Thursday, August 28, 2025
အာဏာရှင်လမ်းကို တက်နင်းနေတဲ့ အေအေ
Thursday, August 15, 2024
"ကျွန်မ မသေသေးပါဘူး။ ကျွန်မကို နင်းမသွားပါနဲ့လား"
"ကျွန်မ မသေသေးပါဘူး။ ကျွန်မကို နင်းမသွားပါနဲ့လား"
လူသေအလောင်းပုံ ရာချီထဲမှာ အသက်ငင်နေသူ အမျိုးသမီးတစ်ဦး၏တောင်းပန်သံ၊ ညည်းသံဖြစ်ပါသည်။ လွန်ခဲ့သော ဩဂုတ်လ ၅ ရက်နေ့၊ မောင်တောမြို့ပေါ်က အသက်လုထွက်ပြေးလာခဲ့သော ရိုဟင်ဂျာများ စုဝေးခိုလှုံရာ ခြံစည်းရိုးအနီး နတ်မြစ်ကမ်းစပ်တွင် ဖြစ်သည်။
မိမိ၏ရပ်ရွာတွင် ရှော့တိုက်ဒုံးများ၊ ဒရုန်းဗုံးများဖြင့် တရစပ် တိုက်ခိုက်ခံနေရ၍ ရပ်ရွာထဲ၌ အသက်ရှင် နေနိုင်ရန် အခွင့်အလမ်း နည်းပါးနေသဖြင့် မြို့ပေါ်က ရိုဟင်ဂျာများသည် လယ်ဟာပြင်နေရာလည်း ဖြစ်၊ အခြေအနေမဟန်ခဲ့လျှင် တစ်ဖက်ဘင်္ဂလားဒေရှ့်နိုင်ငံကို ချက်ချင်းကူးနိုင်ရန် အဆင်ပြေမည့် နေရာလည်းဖြစ်သည့် ကမ်းစပ်နေရာလေးမှာ အသက်လုပြေးလာကာ စုဝေးနေခဲ့ခြင်း ဖြစ်သည်။
အသက်ရှင်သန်ခွင့်ရရေး ရည်မှန်းချက်ဖြင့် ထွက်လာခဲ့သော်လည်း အသက်အန္တရယ်ကင်းမည်ဟု ယုံကြည်ခဲ့သော နေရာသည်ပင် သူတို့အတွက် လူသတ်ကွင်း ဖြစ်လာခဲ့၏။
ညနေ ၅ နာရီခွဲခန့်၌ မြောက်အရပ် ရွှေဇားကျေးရွာမှ ပျံသန်းလာခဲ့သော ဒရုန်းတစ်စင်းသည် လူစုလူဝေးတို့၏ အပေါ်၌ ဝဲနေရာ လူအုပ်စုသည် လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့သည်။ ထိုဒရုန်း မြောက်အရပ်သို့ ပြန်သွားပြီး ခဏအကြာမှာပင် နောက်ထပ် ဒရုန်းနှစ်စင်း ရောက်လာခဲ့၏။ လူတိုင်း၏မျက်နှာသည် ကြောက်ရွံ့မှုဖြင့် ဖုံးလွှမ်းနေပြီ။ ရင်တဒိတ်ဒိတ်။
"ဒိုင်း... ဒုန်း.... ဒုန်း... ဒိုင်း"
ပေါက်ကွဲသံများ အဆက်မပြတ်။ လူအုပ်သည် ဝရုန်းသုန်းကား။ ဟိုပြေးသည်ပြေး။ ဦးတည်ရာမဲ့။ အချို့သည် ကုန်းဘက်သို့ ပြေးထွက်။ အချို့သည် မြစ်ရေထဲသို့ ခုန်ချ။ အချို့မှာ ပြေးခွင့်မသာဘဲ အခင်းနေရာမှာတင် လဲကျလူးလိမ့်နေလျက်။ မိဘက သားသမီး မရှာအား။ သားသမီးက မိဘ မရှာအား။ ပြေးချင်တာ ပြေးသွား။ ဘယ်သူဘယ်ရောက်နေမှန်းမသိ။ တကယ်ပင် ကမ္ဘာပျက်သည့်အလား။
ဒရုန်း နောက်ထပ်ဘယ်နှစင်း ရောက်လာခဲ့သလဲ။ ပေါက်ကွဲသံများ ဘာလို့ မနားတမ်း ဟိန်းနေတာပါလိမ့်။
သေနတ်ပစ်ခတ်သံများရော ဘယ်အရပ်က ထွက်လာတာပါလိမ့်။
အမိုးအကာ မရှိသောနေရာ။ ထောင်ချီသော အရပ်သားသက်သက် လာစုဝေးခဲ့သောနေရာ။ သည်လိုနေရာမျိုးကို တစ်ခုခု ပစ်ခတ်ဖို့ ဘယ်လက်နက်ကိုင်အဖွဲ့ဖြစ်ဖြစ် ရှောင်ရှားမည်ဟု ယုံကြည်ခဲ့သော်ငြားလည်း လက်တွေ့မှာ ဖြစ်မလာခဲ့ပေ။
ဘေးကင်းမည့်ဟု ရွေးချယ်ခဲ့သော ထိုနေရာသည်ပင် ယခုတော့ ပေါက်ကွဲသံ၊ လူအုပ် အော်သံ၊ ဟစ်သံ၊ ငိုသံ၊ ညည်းသံများဖြင့် ပြည့်နှက်နေလေ၏။ အော်သံများထဲတွင် ''လူထောင်ချီ ပါသွားပြီဟေ့။.... ငါ့အမေ အသတ်ခံလိုက်ရပြီ။.... ဟိုလူ့မိသားစု အကုန် ထိကုန်ပြီကွာ။.... ငါ့မိသားစု ရှာမရတော့ဘူး။" စသော စသော အသံများ။ နားမချမ်းဖွယ်ပင်။
နေမင်းသည် နတ်မြစ်ကို ကျောခိုင်း၍ အနောက်ဘက်သို့ တိမ်မြုပ်သွား၏။ အမှောင်ထုဖုံးလွှမ်းနေသည့် ထိုနေရာတစ်ဝိုက်မှာမူပေါက်ကွဲသံ၊ အော်သံ၊ ဟစ်သံ၊ ငိုသံ၊ ညည်းသံတို့မှာ အချိန်အတော်ကြာကြာပင် မတိတ်မဆိတ် ဆူညံလို့နေခဲ့၏။
(၂)
အချိန်ကား ည ၃ နာရီ။ ပေါက်ကွဲသံများ မကြားရသော်လည်း ငိုသံနှင့်ညည်းသံတို့မှာမူ ကြားနေရဆဲပင်။ ပင်လယ်ကမ်းစပ်နား ခြံစည်းရိုးတစ်ဝိုက်က လူများ၏ တိုးတိုးတိတ်တိတ်နှင့် ပြောဆိုနေသံကိုလည်း အမှောင်ထုက ဖုံးလွှမ်းနိုင်စွမ်းမရှိ။ အချို့က လက်နက်ထိမှန်၍ ခန္ဓာကိုယ် ပုံပန်းပျက်သွားသော မိမိ၏မိသားစုဝင်များအနီးတွင် ယိုင်လဲ ငိုကြွေးလျက်။ အချို့ကမူ မသေဘဲ အသက်ငင်နေသူကို ဘာအကူအညီမှ မပေးနိုင်၍ ဖက်ထားရင်း ငိုကြွေးလျက်။ အချို့ကမူ ဒဏ်ရာရ မိသားစုဝင်များကို စက်လှေပေါ်တင်ပေးနိုင်ရန် ဟိုပြေးသည်ပြေးလုပ်နေလျက်။
ရဟိမ်းတို့မိသားစုသည် ကံကောင်းထောက်မစွာ အသက်ဆုံးရှုံးမှု မဖြစ်ခဲ့သော်လည်း သည်မွေးမြေမှာ မနက်ဖြန်အထိ နေထိုင်ရန်မှာ အသက်အာမခံချက်မရှိကြောင်း ခံစားလာ၏။ ထို့ကြောင့် ရက်မကူးဘဲ သည်ညမှာပင် တစ်ဘက်နိုင်ငံသို့ ကူးသွားနိုင်ရန် လှေငယ်တစ်စီး စီစဉ်လိုက်သည်။
ည ၃ နာရီခွဲသို့ရောက်လျှင် ရဟိမ်းတို့မိသားစုသည် ညအမှောင်ထုတွင် ကမ်းစပ်ကို ရင်တဒိတ်ဒိတ်နှင့် ရောက်လို့လာခဲ့သည်။ ကမ်းစပ်ကိုလာရာ လမ်းတစ်လျှောက်မှာ လူသေအလောင်းများ ထူထပ်နေလျက်။ လူသေအလောင်များကြားတွင် မသေဘဲ အသက်ငင်နေသူများ။
- "ကျွန်မကို ရေ နဲနဲလောက် တိုက်ပါလား"
- "သားရေ ဘယ်ရောက်နေတာလဲ... အမေ သေတော့မယ်"
- "အို့... အား ... အင်း...'' စသော အကူအညီတောင်းသံ၊ ညည်းနေသံတို့ကို ကြားရသော်လည်း ရဟိမ်းတို့မှာ လှည့်မကြည့်အားပေ။ သည်နေရာလေးကို ရနိုင်သမျှခပ်မြန်မြန် ကျော်ဖြတ်ခဲ့ရလေ၏။
ရခိုင်သုသာန်အလွန် ပုစွန်ကန်တာတစ်ခုကို ကျော်ဖြတ်နေခိုက် ခြေချစရာ နေရာမရှိ။ တာတစ်လျှောက် လူသေအလောင်းများသာ ပြည့်နှက်နေ၏။ ရဟိမ်းတို့သည် ထိုတာကိုဖြတ်၍လာနေချိန် လူသေအလောင်းများကို တစ်ခါတစ်ခါ နင်း၍ ဖြတ်နေရသည်။ ထိုအချိန်တွင် တာပေါ်မှာ လဲလျောင်းနေသော အမျိုးသမီးကြီးတစ်ဦးသည် အတော်အားယူ၍ပြောသော အသံမျိုးဖြင့် -
"ကျွန်မ မသေသေးပါဘူး။ ကျွန်မကို နင်းမသွားပါနဲ့လား" ဟူ၍ ပြောလိုက်သည်ကို ကြားရလျှင် ရဟိမ်း၏ နှလုံးသားမှာ တစ်စစီအက်ကွဲသွားလေ၏။
သို့သော်လည်း ရဟိမ်းသည် မိသားစုနှင့်အတူ လှေဆိုက်နေရာ ကမ်းစပ်သို့သာ အမြန်သွားရတော့မည်။ နတ်မြစ်ရေပြင်မှ ရောင်ပြန်ဟပ်နေသော အလင်းကိုသာ အားကိုး၍ လျှောက်လာရတော့သည့်အခါ မိမိ၏ ခန္ဓကိုယ်ပင် မနည်းပြန်ထိန်းနေရသည်။ ထိုအခိုက်မျိုးမှာ မည်သူ့ကို ရဟိမ်းကူညီနိုင်မည်နည်း။ နောက်ပြီး လက်နက်ကြီးများ မည်သည့်အချိန်၌ လာပေါက်ကွဲမည်ကိုလည်း မည်သူမှ မသိနိုင်။ အလွန်ပင် အန္တရာယ်များနေသော နေရာလေးမှာ ရဟိမ်းတို့မိသားစု ကြာကြာမနေချင်တော့ပေ။
သုသာန်အလွန်က ပုစွန်ကန်တာမှ လျှောက်လာကာ ရဟိမ်းတို့သည် ခြံစည်းရိုးအထိ ရောက်လာသည်။ ခြံစည်းရိုးကိုကျော်လျှင် ကမ်းစပ်ကို ရောက်သည်ပင်။
ကမ်းစပ်ကို ဖြတ်ပြီး လှေပေါ် တက်ထိုင်ပြီးမှသာ ရဟိမ်းတို့ ခဏလောက် စိတ်သက်သာရလေသည်။ သို့သော် ရဟိမ်း၏နားထဲတွင်မူ...
"ကျွန်မ မသေသေးပါဘူး။ ကျွန်မကို နင်းမသွားပါနဲ့လား" ဟူသော အမျိုးသမီးကြီး၏ အသံမှာ ထပ်ခါထပ်ခါ ပဲ့တင်ထပ်လို့နေလေ၏။
မသေသေးပါဘူးဟု အားယူ၍ ပြောခဲ့သော အမျိုးသမီးသည် တစ်စုံတစ်ဦး၏အကူအညီဖြင့် ဘင်္ဂလားဒေရှ့်နိုင်ငံကိုရောက်၍ ဆေးကုသခွင့်ရနေသလား။ တကယ်ပင် မသေဘဲ အသက်ရှင်ခဲ့သလား။ ကူသူပေါ်မလာ၍ လူရာချီတို့နှင့်အတူ ထာဝရအတွက် အိပ်ပျော်သွားခဲ့သလား။ မနက်အထိ အသက်ရှင်၍ မိသားစုဝင်တစ်ဦးဦးနှင့် ပြန်တွေ့ခွင့်ရခဲ့သလား။
ရဟိမ်း၏အတွေး၌ ''သလား'' ပေါင်းများစွာ ....။
— RYanLinn
[ဩဂုတ်လ ၅ ရက်နေ့၊ အေအေ၏ဒရုန်းလက်နက်၊ ရှော့တိုက်ဒုံး တိုက်ခိုက်ခံရ၍ နတ်မြစ်ကမ်းစပ်အနီး အစုလိုက်အပြုံလိုက် အသတ်ခံလိုက်ရသည့်ဖြစ်စဉ်ကို ဩဂုတ်လ ၆ ရက်နေ့ မနက် သွားရောက်ရိုက်ကူးခဲ့သည့် ဗီဒီယိုမှတ်တမ်းထဲက တစ်ခုဖြစ်ပါသည်။]
Thursday, May 2, 2024
ရခိုင်ပြည်နယ်မှ အနက်ရောင်သဲများအကြောင်းသိကောင်းစရာ
တရုတ် စိတ်၀င်စားနေတဲ့ ရခိုင်ပြည်နယ်မှ အနက်ရောင်သဲများအကြောင်းသိကောင်းစရာ
*********************************
ဒီတလော သတင်းမှာ တွေ့နေရတာကရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် (အငူမော်)ကျွန်းက အနက်ရောင် သဲများကို တရုတ်ပြည်က စိတ်၀င်စားပြီး လာရောက် စမ်းသပ်မှုတွေ ပြုလုပ်နေတယ် ဆိုတာပါပဲ။
မြန်မာပြည်သူ အများစုကတော့ အဲဒီ အနက်ရောင်သဲတွေက ဘာလဲ၊ ဘယ်မှာ သွားသုံးမှာလဲ၊ ဘာတန်ဖိုးရှိလဲ ဆိုတာ သိကြအုံးမယ်လို့ မထင်ပါ။
အဆိုပါ အနက်ရောင်သဲများ က အင်္ဂလိပ်လိုတော့ rare earth လို့ ခေါ်ပါတယ်။ တိုက်ရိုက်ပြန်ရင် ရှားပါးတဲ့မြေ ပေါ့၊ ဒါပေမဲ့ အဲဒီပစ္စည်းက ရှားလည်းမရှားပါး မြေကြီးလည်း မဟုတ်ပါဘူး။
Rare Earth ဆိုတာက ဒြပ်စင်ပေါင်း ၁၇ မျိုး ပါ၀င်တဲ့ သတ္တုဒြပ် အမျိုးအစားတွေကို ခေါ်ပါတယ်။
အဲဒါတွေက-
Scandium (Sc-21),
Yttrium (Y-39),
Lanthanum (La-57),
Cerium (Ce-58),
Praseodymium (Pr-59),
Neodymium (Nd-60),
Promethium (Pm-61),
Samarium (Sm-62),
Europium (Eu-63),
Gadolinium (Gd-64),
Terbium (Tb-65),
Dysprosium (Dy-66),
Holmium (Ho-67),
Erbium (Er-68),
Thulium (Tm-69),
Ytterbium (Yb-70),
and Luteium (Lu-71) တို့ ဖြစ်ပါတယ်။
အဲဒီ သတ္တုတွေကို တချို့က the silent heroes of modern technolog လို့ တင်စားကြပါတယ်။
Rare earth ဟာ မရှားပါးပေမဲ့ အဲဒီ ဒြပ်စင်သတ္တုတွေက တမျိုးတည်း သီးခြား တွေ့ရဖို့ မဖြစ်နိုင်ပါဘူး။
မရှားပါးပေမဲ့ အဲဒီရောစပ်နေတဲ့ rare earth ထဲမှာ ပါ၀င်နေတဲ့ ဒြပ်သတ္တု တစ်ခုချင်းကို သန့်စင်ခွဲထုတ်ဖို့က အန္တရာယ်များ၊ ခက်ခဲလွန်းပြီး စီးပွားဖြစ်ပမာဏရဖို့ မလွယ်ကူဖူးလို့ သိရပါတယ်။
နေ့စဉ်ထိတွေ့ သုံးစွဲနေတဲ့ အရာများစွာမှာ rare earth သတ္တုတမျိုးမျိုး သေချာပေါက်ပါ၀င်နေပါတယ်။
တီဗီ၊ ကွန်ပြူတာ၊ ရေနံတူးစက်၊ သေးငယ်တဲ့ အီလက်ထရွန်းနက် အစိတ်အပိုင်းများ၊ မော်တော်ကား၊ Hybrid ကား၊ အလင်းဖန်မျှင်ကြိုး၊ စစ်လက်နက် ကိရိယာများ၊ နုကလီယား ဓာတ်ပေါင်းဖို နဲ့ အာကာသယာဉ် ကိုယ်ထည်တွေမှာ အဲဒီသတ္တု တမျိုးမဟုတ်တမျိုး ထည့်သွင်း အသုံးပြုထားပါတယ်။
Erbium သတ္တုကို နေကာမျက်မှန်၊ အလှဆင်ပန်းအိုး၊ လေဆာခွဲစိပ်မှု နဲ့ သတင်းအချက်အလက် လျင်မြန်စွာစီးဆင်းစေတဲ့ အလင်းဖန်မျှင်ကြိုးတွေမှာ မရှိမဖြစ် သုံးရပါတယ်။
Europium သတ္တုကို တီဗီဖန်သားပြင်၊ LED မီးလုံး တွေ နဲ့ နျူကလီးယားဓာတ်ပေါင်းဖို မှာ အသုံးပြုပါတယ်။
Hybrid ကား (ဆီနဲ့ ဘက်ထရီ နှစ်မျိုးသုံး) မောင်းနေတဲ့ ကားပိုင်ရှင်တွေကိုယ်တိုင် rare earth ကို သူတို့နေ့စဉ် သုံးနေရတယ်ဆိုတာ မသိကြပါဘူး။
တိုယိုတာ Prius Hybrid ကားတိုင်းမှာ Lanthanum ၁၀ ပေါင် ထည့်သုံးထားပါတယ်။ ဟိုင်းဘရစ်ကားမှာပါတဲ့ဘက်ထရီအမျိုးအစား "nickel-metal hydride" က Lanthanum သတ်တုကို သုံးထားတာပါ။
အဲဒါနဲ့ အခြား ဟိုင်းဘရစ်ကားတွေရယ်၊တရုတ်ပြည်မှာ သုံးနေတဲ့ ဘက်ထရီကားငယ်လေးတွေ အားလုံးပေါင်းလိုက်ရင် လိုအပ်မယ့် Lanthanum က စျေးကွက်မှာလုံလောက်စွာမရှိပါဘူး" လို့ rare earth ကျွမ်းကျင်ပညာရှင် Jack Lifton က ဆိုပါတယ်။
ဒါ့အပြင် တိုယိုတာကားကုမ္ပဏီ က lanthanum တူးဖော်ထုတ်လုပ်ရေးမှာ ရင်းနှီးမြုပ်နှံနေတဲ့ တစ်ခုတည်းသော ကားကုမ္ပဏီဖြစ်ကြောင်းလည်း သိရပါတယ်။
အချက်အလက်များအရ ကမ္ဘာပေါ်မှာ တရုတ်ပြည် က rare earth ပမာဏ အများဆုံး ပိုင်ဆိုင်ထားပြီး ပြည်တွင်း စက်မှုလုပ်ငန်း များမှာ အသုံးပြုဖို့ လုံလောက်အောင်ဆိုပြီး ၂၀၁၀ ခုနှစ်မှာ ပြည်ပသို့ တင်ပို့ရောင်းချမှုကို ကန့်သတ်လိုက်ပါတယ်။
အဲဒီ သတင်း ကြောင့် rare earth စျေးနှုံးများ ခုန်တက်သွားခဲ့ပါတယ်။ rare ရဲ့ စျေးနှုန်းကတော့ စျေးကွက်မှာရှိတဲ့ ပမာဏ နဲ့ ၀ယ်လို အားပေါ် မူတည်ပြီး ပြောင်းလဲနေတတ်ပါတယ်။
ဒီဇင်ဘာလ ၂၀ ရက်၊ ၂၀၁၂ ခုနှစ် HEFA ရဲ့ စျေးနှုန်းအရ ၁ ကီလိုဂရမ် စျေးကို ဖော်ပြထားပါတယ်။
Scandium metal - အမေရိကန် ဒေါ်လာ ၁၅၀၀၀(၁ ကီလိုစျေး)၊
Terbium metal - ၂၅၀၀၊
Neodymium metal - ၁၁၅၊
Lanthanum metal - ၂၈၊
Europium Oxide - ၂၁၅၀၊
Dysprosium Oxide - ၉၇၅၊
Erbium metal - ၂၇၅၊
Cerium metal - ၂၅ ဒေါ်လာ ....။
ဒါကြောင့် နိုင်ငံခြားမှလာရောက် ရင်းနှီးမြုပ်နှံသူတွေကို ကြေးနီ၊ ရွှေ၊ ရေနံ၊ ဂက်စ် စတဲ့ သတ္တုတွင်းများမှာ တူးဖော်ခွင့် ပေးထားရာကအချောင်ရောပါသွားနိုင်တဲ့ (တနည်း) ခိုးထုတ်သွားမယ့် အဆိုပါ အနက်ရောင်သဲ ခေါ် rareearth အကြောင်းကို မြန်မာပြည်သူတွေ ဂရုစိုက် သိထားသင့်ကြောင်းမျှဝေလိုက်ပါတယ်...။
(Rmd Thutazone မှ ဗဟုသုတအဖြစ် ပြန်လည် မျှဝေပါတယ်)
Wednesday, April 10, 2024
ရခိုင်ပြည်သား ရိုဟင်ဂျာတွေဟာ အချောင်စား အခွင့်အရေး လိုချင်နေသူတဲ့လား
ရခိုင်ပြည်သား ရိုဟင်ဂျာတွေဟာ အချောင်စား အခွင့်အရေး လိုချင်နေသူတဲ့လား
"လူမျိုးစုတစ်စုမှာ အခွင့်အရေးပဲ လိုချင်လို့ မရဘူး၊ သူ ဘာတာဝန် ယူသလဲ ဆိုတာလဲ အရေးကြီးတယ်။"
- ရခိုင်တပ်တော် ခေါင်းဆောင် ထွန်းမြတ်နိုင်
- ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဒီမှတ်ချက်စကားက မျိုးချစ်ဝေဖန်ရေးသမားတွေအတွက် အမုန်းဖြန့်ဖို့ ဂျင်းစာဖြစ်နေပြီ။ ရခိုင်ပြည်သား ရိုဟင်ဂျာတွေကို မျက်စိပိတ် ပုတ်ခတ်ပြောဆိုလာကြတာ တွေ့နေရတယ်။ ဒီလိုရေးသား ဝေဖန်နေသူတွေက လူမျိုးစွဲဘာသာစွဲနဲ့ တစ်ဖက်သက် ပြောဆိုနေတာချည်းပဲ။ ဆင်ခြင်သုံးသပ်တာမျိုးတော့ မတွေ့ရဘူး။ သူတို့ ဝေဖန်နေတဲ့စကားက ဘယ်လောက်မှန်ကန်မှု ရှိသလဲ သုံးသပ်ကြည့်ရအောင်။
- ဗိုလ်ထွန်းမြတ်နိုင်ရဲ့ မှတ်ချက်စကားရဲ့ တစ်စိတ်တစ်ဒေသက သိပ်ကိုမှန်လှတယ်လို့ ဦးစွာ ဝန်ခံရပါမယ်။ အေးအတူပူအမျှ ယှဉ်တွဲနေထိုင်လာတဲ့ လူမျိုးစုတစ်စုဟာ အခွင့်အရေးခံစားခွင့်ကိုသာ စောင့်မျှော်နေလို့ မဖြစ်ဘူး။ ကျရောက်ရာဒုက္ခကို ပုခုံးတန်း ပူးပေါင်းပါဝင် ရင်ဆိုင်ဖြေရှင်းဖို့လိုတယ်။ တစ်မြေနေတစ်ရေသောက် လူမျိုးစုအားလုံး အဲလို တစ်ဖက်တစ်လမ်းစီက ယှဉ်တွဲပါဝင်နိုင်အောင် လမ်းကြောင်းဖွင့်ပေးဖို့လည်း အရေးကြီးတယ်မဟုတ်လား။ ဒါမှသာလျှင် လူမျိုးစုအားလုံး ညီညီညွတ်ညွတ်ပူးပေါင်းပါဝင်ကာ မိစ္ဆာဘေးတွေကို ချေမုန်းလို့ အောင်လံထူနိုင်မှာဖြစ်တယ်။
- ဒါပေမဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့က ရခိုင်ပြည်သား ရိုဟင်ဂျာတွေနဲ့ ပူးပေါင်းပြီးတော့ တိုက်ပွဲဝင်တာ မလိုလားဘူးဗျာ။ ဒီရခိုင်ပြည် လွှတ်မြောက်ရေး တော်လှန်ရေးမှာ ရိုဟင်ဂျာတွေရဲ့ ပါဝင်ပတ်သတ်မှု၊ အသိအမှတ်ခံရမှုကို သူတို့က အင်မတန် စိုးရိမ်ပုံရတယ်။ ဒဲ့ပြောရရင် ရိုဟင်ဂျာတွေကို လုံးဝ မပတ်သတ်စေချင်ဘူး။ အဲဒါကြောင့် ရခိုင်လက်နက်ကိုင်တွေရဲ့ ထုတ်ပြန်စာတွေမှာ "ရခိုင်ဒေသမှာ ရခိုင်လက်နက်ကိုင်မှလွှဲလို့ မည်သည့်အဖွဲ့အစည်းမှ မရှိစေရ" ဟူသော မူကို တဇွတ်တိုး ဖော်ပြလေ့ရှိတယ်။ ဒါက အင်မတန် ယုတ်မာတဲ့ မူဖြစ်တယ်။ လူမျိုးစုတစ်စုမှာရှိတဲ့ ခုံခံကာကွယ်ခွင့်၊ တိုင်းပြည်နှင့် လူမျိုးကို အဓမ္မမိစ္ဆာအရိပ်ဆာယာအောက်မှ ကယ်တင်ခွင့်ဆိုတဲ့ အခွင့်အရေးကို ရခိုင်လက်နက်ကိုင်အဖွဲ့က မတရား အဟန့်အထားလုပ်နေခြင်းပင်ဖြစ်တယ်။ ဒါတွေမကသေးဘူး။ တစ်ခြား တော်လှန်ရေးအင်အားစုတွေ မြေပြင်မှာ လှုပ်ရှားလာရင်တောင် ရန်သူလို တိုက်ခိုက်မောင်းထုတ်လေ့ရှိတယ်။ မျိုးချစ်ဝေဖန်ရေးသမားတွေက ဒီလိုမျိုးအခြေအနေတွေကို မသိကျွန်ပြုနေရင် အမှန်တရား ဘယ်သိနိုင်ကြမလဲ။ မြန်မာသတင်းမီဒီယာတွေကလည်း ထုံးစံအတိုင်းပါပဲ။ အားကောင်းနေတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ မဟုတ်မတရားလုပ်ရပ်တွေကို မဖော်ပြကြဘူး။
- သို့ပေမဲ့ အဓမ္မကို ခေတ်အဆက်ဆက် တော်လှန်လာခဲ့တဲ့ ရိုဟင်ဂျာ လက်နက်ကိုင် အင်အားစုတွေက မိမိတို့ရဲ့ တာဝန်ဝတ္တရားအတိုင်း အဓမ္မပပျောက်ရေး စစ်ဆင်ရေးကို ဆက်လက် တိုက်ပွဲဝင်လာခဲ့တယ်။ ဒီတော့ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားမှုကို အဟန့်အတားဖြစ်စေဖို့ ရခိုင်လက်နက်ကိုင်အဖွဲ့က နည်းအမျိုးမျိုးနဲ့ တိုက်ခိုက်မောင်းထုတ်ဖို့ ကြိုးစားခဲ့တာလည်း မနည်းဘူး။
- မောင်တောမြို့ဘက်ဆို တောင်ပြိုဘက်နှင့် မိုင်တိုင် ၅၁-၅၂ ဘက်မှာ ရခိုင်လက်နက်ကိုင်တွေက ရိုဟင်ဂျာလက်နက်ကိုင် အင်အားစုတွေကို တိုက်ခိုက်ခဲ့တာ ၄-၅ ကြိမ်လောက်ရှိပြီ။ ဘူးသီးတောင်ဘက်မှာလည်း ၂-၃ ကြိမ်လောက် တိုက်ခိုက်ခဲ့တယ်။ ဒါ့အပြင် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေကို ရွာအဝင်မပေးဖို့ ရွာတိုင်းရွာတိုင်းကို အမိန့်ထုတ်ထားတယ်။ ရွာမှာ ရိုဟင်ဂျာလက်နက်ကိုင် တော်လှန်ရေးသမားတွေ ဝင်လာတာရှိရင် သူတို့ကို သတင်းပေးဖို့လည်း မှာထားတယ်။ ပြီးတော့ ရွာသားတွေကို ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တွေနဲ့ အဆက်အသွယ် ရှိတယ်လို့ မဟုတ်မမှန် စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖြစ်ရပ်လည်း အများကြီးပဲ။ ဒါတွေက မြေပြင်မှာ တကယ့်ဖြစ်နေတဲ့ ဖြစ်ရပ်မှန်တွေပဲ။ ရခိုင့်လက်နက်ကိုင်က သူတို့အဖွဲ့မှ လွှဲလို့ ဘယ်သူ့ကိုမှ မြေပြင်မှာ လှုပ်ရှားခွင့် မပေးချင်ဘူးဆိုတာ ဒီလောက်ဆိုရင် သိသွားပြီထင်ပါရဲ့။
- ရိုဟင်ဂျာလူမျိုးစုရဲ့ တော်လှန်ရေးဟာ မနက်တနေ့က စတင်တာတော့ မဟုတ်ပါဘူး။ ခေတ်အဆက်ဆက်က ရရာလက်နက်စွဲကိုင်က ရရာနည်းလမ်းနဲ့ မိစ္ဆာဝါဒီ အာဏာရှင်ကို တော်လှန်လာခဲ့တာ ဖြစ်တယ်။ ဒီတော်လှန်ရေးဟာ အဓမ္မဝါဒီတွေ အမြတ်ပြတ်မရှင်းသွားသရွေ့ အဆုံးသတ်မှာတော့ မဟုတ်ဘူးဆိုတာ သိထားဖို့လိုတယ်။ ရိုဟင်ဂျာတို့ဟာ ခေတ်အဆက်ဆက် ဖိနှိပ်ညည်းပမ်းခံလာခဲ့တဲ့ မြန်မာပြည်ရဲ့ အယုတ်မာဆုံး အာဏာရှင်တွေကို အသက်ပေါင်း မြောက်များစွာ စတေးကာ ထိပ်တိုက် တော်လှန်လာခဲ့တာကို သမိုင်းလေ့လာကြည့်ရင် ဆင်သွားရင် လမ်းဖြစ်သလို ထင်ထင်ရှားရှား တွေ့ရမှာဖြစ်တယ်။ လက်ပိတ်ကြည့်နေမယ့် အမျိုးထဲက မပါဘူး။ ဘယ်လိုပဲ အတားအဆီးတွေ ရှိစေကာမူ၊ ဘယ်လိုပဲ ယုတ်မာခက်ထန်တဲ့ အာဏာရှင်တွေ ဖြစ်စေကာမူ ဆက်လက် တော်လှန်နေအုံးမှာပဲ။
- တော်လှန်နေတယ်ဆိုရုံနဲ့ အလုပ်မဖြစ်ဘူး။ ရလဒ်တွေလည်း မြင်ရဖို့လိုတယ်လို့ ဝေဖန်ရေးသမားတွေက ပြောလာလိမ့်မယ်။ တစ်ဖက်က ယခုတလော ရခိုင်ပြည်မှာ နယ်မြေအများစုကို ညီနောင်သုံးဖွဲ့ရဲ့ အစိတ်အပိုင်း ရခိုင်လက်နက်ကိုင်တွေက စိုးမိုးထားတယ်။ နောက်တစ်ဖက်က ၂၀၁၆-၁၇ အကြမ်းဖက် စစ်အုပ်စုနဲ့ မျိုးချစ်အုပ်စုတွေရဲ့ အကြမ်းဖက်စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာလက်နက်ကိုင်တွေဟာ ဖရိုဖရဲ ဖြစ်လာခဲ့တယ်။ သို့ပေမယ့် ရိုဟင်ဂျာလက်နက်ကိုင်တွေရဲ့ တော်လှန်ရေးစိတ်ဓာတ်က သန်မာနေဆဲပဲ။ သူတို့ တော်လှန်ရေးလှုပ်ရှားနေဆဲပဲ။ ရိုဟင်ဂျာတွေ လှုပ်ရှားနေတဲ့ နေရာမှာလည်း လက်သုံးလက်နဲ့ အင်အားကြီးလာတဲ့ ရခိုင်လက်နက်ကိုင်တွေက လက်နက်ကိုင်အဖွဲ့စည်းမျဉ်းကို ချိုးဖောက်လို့ ဝင်နှောင့်ယှက်တယ်။ အဲလိုနေရာတွေမှာ သူတို့က စစ်ကောင်စီကို တိုက်ခိုက်မယ့်အစား ရိုဟင်ဂျာလက်နက်ကိုင်တွေကိုပဲ တိုက်ခိုက်ပြန်တယ်။ နှစ်ဖက်ရဲဘော်တွေ အလကား အသက်ဆုံးရှုံးခံရတယ်။ ဒီလိုသာဓကတွေ တပုံကြီးရှိတယ်။ သတင်းမီဒီယာတွေက တဖက်သတ် သတင်းထုတ်ပြန်တာကြောင့် အမှန်တရား ပြည်သူထိ မရောက်တာပဲဖြစ်တယ်။ ရခိုင်လက်နက်ကိုင်က အင်အားကြီးနေတော့ တပြည်လုံး သူ့တို့နယ်မြေပဲလို့ လူမျိုးကြီးဝါဒဆန်ဆန် အတင်းအဓမ္မ လက်ဝါးအုပ်နေတာပေါ့။ တိုင်းပြည်အဖက်ဖက်က တိုက်ပွဲထဲ ဝင်လာတဲ့ ဒီလို ထိရှလွယ်တဲ့အချိန်မှာ ရိုဟင်ဂျာတွေကတော့ လူမျိုးရေး ပဋိပက္ခ၊ တင်းမာမှုတွေ မလိုချင်ကြဘူး။ ဒါကြောင့် အတတ်နိုင်ဆုံး အောင့်ခံလို့ ရှောင်သင့်ရာရှောင် ဆောင်သင့်ရာဆောင်နေတာပဲဖြစ်တယ်။
- နောက်တစ်ပိုင်းက အခွင့်အရေးပဲ လိုချင်တယ်ဆိုတဲ့ အပိုင်းကိုလည်း နည်းနည်း ထောက်ပြပါရစေ။ အခွင့်အရေးပဲလိုချင်နေတယ် ဆိုတာ ဘာကိုဆိုလိုတာလဲ။ ရိုဟင်ဂျာတွေက ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင်နေရာကို တောင်းနေတာလား။ ရခိုင်လက်နက်ကိုင်တွေ သိမ်းပိုက်ရရှိထားတဲ့ စခန်းတွေထဲက ဝေစုတောင်းနေတာလား။ ရခိုင်လက်နက်ကိုင်တပ်က ရရှိထားတဲ့ လက်နက်ခဲယမ်းတွေထဲက တစ်ဝက်တောင်းနေတာလဲ။ အခွင့်အရေးပဲ လိုချင်တယ်ဆို ဘာကိုဆိုလိုတာလဲ။ အဲ့လောက်လည်း လူပါးဝမလိုက်နဲ့လေ။
- ရိုဟင်ဂျာတွေ ပြန်လည်ရယူဖို့ ကြိုးစားနေတဲ့ အခွင့်အရေးကတော့ အခြားမဟုတ်ဘူး။ ရိုဟင်ဂျာတွေဆီကနေ အတင်းအဓမ္မ ရုတ်သိမ်းလိုက်တဲ့ နိုင်ငံသားတစ်ဦးရဲ့ အခြေခံအခွင့်အရေးတွေပဲဖြစ်တယ်။ မြန်မာပြည်တွင်မှီတင်းနေထိုင်တဲ့ ဘယ်လူမျိုးစုမဆို ရကိုရရမယ့် မွေးရာပါအခွင့်အရေး၊ ဇာတိမြေအခွင့်အရေး၊ တန်းတူအခွင့်အရေးကိုပဲ လိုချင်တာဖြစ်တယ်။ တစ်စ အပိုလည်း မလိုချင်ဘူး၊ တစ်စ အလျော့လည်း မယူဘူး။ တင်းပြည့်ကျပ်ပြည့်ပဲ။ စစ်အုပ်စုနဲ့ မျိုးချစ်အပေါင်းတို့ရဲ့ ယုတ်မာမှုကြောင့် လုယူခံခဲ့ရတဲ့ အခွင့်အရေးတွေကိုပဲ အရေးဆိုနေတာ ဖြစ်တယ်။ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ အကျိုးအမြတ်မှ ဝေစုတောင်းနေတာတော့ မဟုတ်ပါဘူး။
- ပြီးတော့ မြန်မာပြည်မှာ ဘယ်လူမျိုးစုပင်ဖြစ်စေ တော်လှန်ရေး၌ မပါဝင်ခဲ့ရင် အဲ့ဒီလူမျိုးစုရဲ့ အခြေခံအခွင့်အရေး လုခံရမယ်၊ ရုတ်သိမ်းခံရမယ်ဆိုတာ ဘယ်တရား၊ ဘယ်ဥပဒေမှာ ရှိလို့လဲ။ စစ်အုပ်စုလို အဓမ္မရှိခိုးသူတွေဆိုရင်တော့ မတရားကျူးလွန်ရဲတယ်ပေါ့လေ။
- နောက်တစ်ချက်ကတော့ ပြည်သူအများစုက သိပြီးတော့ မသိသလိုဟန်ဆောင်နေတဲ့အချက်ဖြစ်တယ်။ အဲဒါက ရခိုင်လက်နက်ကိုင်တပ်မှာ ပါဝင်တိုက်ပေးနေတဲ့ ရိုဟင်ဂျာလူမျိုး ရာနဲ့ချီ ရှိနေတယ်ဆိုတာပဲ ဖြစ်တယ်။ ဒါက အခွင့်အရေးလိုချင်လို့ ဝင်တိုက်ပေးနေတာ မဟုတ်ဘူး။ ရခိုင်ပြည်သား ရိုဟင်ဂျာပီပီ တိုင်းပြည်နဲ့လူမျိုးအပေါ် သစ္စာရှိရှိ အဓမ္မကို တော်လှန်နေတာပဲဖြစ်တယ်။ တစ်ချို့က ရခိုင်လက်ကိုင်တွေရဲ့ အဖွဲ့အောက်ကနေ မတိုက်ချင်ဘူး။ ကိုယ့်အဖွဲ့ကိုယ့်အလံအောက်နေ တော်လှန်ချင်တယ်ဆို တော်လှန်ခွင့်ရှိရမယ်။ ဒါလည်း လူမျိုးတစ်စုရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးပါပဲ။ အဲဒါကို တစ်ပါတီစနစ်လို လူမျိုးကြီးဆိုင်းပုတ်နဲ့ အဟန့်အထား လုပ်လာတာက သဘောရိုးလား၊ တရားသလား။
- ရိုဟင်ဂျာတွေကို စစ်မှူးထမ်းခိုင်းနေတယ်။ ဆန္ဒပြခိုင်း နေတယ်။ ဒါတွေ စစ်ကောင်စီက အတင်းအဓမ္မ လုပ်ခိုင်းနေတယ်ဆိုတာ အားလုံးအသိဖြစ်တယ်။ ရိုဟင်ဂျာလူမျိုးတွေက ခေတ်အဆက်ဆက် ဒီလို အတင်းအဓမ္မကို တစ်ဖက်သတ်ခံလာရတာပဲလေ။ အားလုံးသိကြတယ် မဟုတ်လား။ ရိုဟင်ဂျာလူမျိုးစုရဲ့ မဲပေးပိုင်ခွင့်တောင် မိုက်မိုက်ရမ်းရမ်း အဓမ္မလုယူခဲ့တာကိုး။ တစ်ပြည်လုံး အတိုင်းအတာနဲ့ စစ်အုပ်စု စစ်သားစုဆောင်းနေတာကိုး။ အဲဒါတွေကို သတင်းမီဒီယာတွေက မထောက်ပြချင်ကြဘူး။ ရိုဟင်ဂျာတွေကို ဆန္ဒပြခိုင်းတာ၊ စစ်မှူးထမ်းခိုင်းတာကိုပဲ မြင်နေကြတာ။ တစ်ဘက်ဆွဲ ဝေဖန်နေတာ။ အပြစ်မရှိ ပြစ်ရှာနေတာပဲလား။
- အချုပ်အနေနဲ့ ပြောရရင် ရိုဟင်ဂျာလူမျိုးတွေဟာ ဘာမှမပေးဆပ်ဘဲ အခွင့်အရေးသက်သက် လိုချင်နေတာ၊ အကျိုးခံစားခွင့်ကို ထိုင်စောင့်နေတာ မဟုတ်ပါဘူး။ ရိုဟင်ဂျာလူမျိုးစုလောက် အနစ်နာခံခဲ့တာ၊ ပေးဆပ်ခဲ့ရတာ မြန်မာနိုင်ငံမှာ သမိုင်းတစ်လျှောက် ဘယ်လူမျိုးမှ မရှိဘူး။ ဒါပေမဲ့ တိုင်းပြည်ချစ်စိတ်ကို မစွန့်လွှတ်ခဲ့ဘူး။ ယခုလေသံတွေ အချို့ရခိုင်မျိုးချစ်ဝါဒီတွေကြောင့် ရိုဟင်ဂျာလူမျိုးစုကို ဘေးဖယ်လျစ်လျူရှုထားဖို့ ကြိုးစားနေတာ သက်သက်ပဲ ဖြစ်တယ်။ ဒါက ရခိုင်ပြည်ရဲ့ ရေရှည်ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းမဟုတ်ဘူး။ လူမျိုးစုအားလုံး စည်းစည်းလုံးလုံး သင့်သင့်မြတ် နေထိုင်နိုင်ရေးမှသာလျှင် သာယာလှပသော ရခိုင်ပြည်ကြီး ဖြစ်လာမှာတည်း။
- ရိုဟင်းကိန်း
(၆-၄-၂၀၂၄)
Sunday, February 11, 2024
ရခိုင်ပြည်နယ် တိုက်ပွဲများတွင် ရိုဟင်ဂျာများ အန္တရာယ်ကြီးကြုံတွေ့နေရ
ရခိုင်ပြည်နယ် တိုက်ပွဲများတွင် ရိုဟင်ဂျာများ အန္တရာယ်ကြီးကြုံတွေ့နေရ
ဖေဖော်ဝါရီ ၉၊ ၂၀၂၄| HRW
ဘန်ကောက်| ရခိုင်ပြည်နယ်တွင် ပြီးခဲ့သောသီတင်းပတ်များအတွင်း တိုက်ပွဲများ တဟုန်ထိုးမြင့်တက်လာခဲ့ပြီး အရပ်သားများ ထိခိုက်သေဆုံးမှုနှင့် အိုးအိမ်စွန့်ခွာထွက်ပြေးမှု များပြားနေကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW)က ဒီကနေ့ ပြောဆိုပါသည်။ မြန်မာစစ်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရခိုင့်တပ်တော်တို့ အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုများအတွင်း ရိုဟင်ဂျာနှင့် အခြားအရပ်သားများ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ချက်ချင်း ဆောင်ရွက်သင့်သည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် မြန်မာ့စစ်တပ်နှင့် ရခိုင့်တပ်တော်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာကာ ရခိုင်ပြည်နယ်တွင် တစ်နှစ်တာ တရားဝင်မဟုတ်သော အပစ်အခတ်ရပ်စဲရေး ပြီးဆုံးခဲ့သည်။ ဘူးသီးတောင်မြို့နယ် တောင်ဘက်ပိုင်းရှိ ရိုဟင်ဂျာကျေးရွာများတွင် တပ်စွဲထားသည့် ရခိုင့်တပ်တော် တပ်ဖွဲ့ဝင်များကို မြန်မာစစ်တပ်က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှစတင်ကာ တိုက်ခိုက်ခဲ့ရာ အရပ်သားများသေဆုံးပြီး အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုရှိခဲ့ကြောင်း ဒေသခံများ၊ ရိုဟင်ဂျာများနှင့် သတင်းမီဒီယာများထံမှ သိရှိရသည်။ ယခင်အကြမ်းဖက်မှုများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် ရခိုင်ပြည်နယ်တွင် လူပေါင်း တစ်သိန်းကျော် ထပ်မံပြောင်းရွှေ့ခံခဲ့ရကြောင်း သိရသည်။
“မြန်မာစစ်တပ်နဲ့ အတိုက်အခံလက်နက်ကိုင်အင်အားစုတွေက အရပ်သားတွေ သေဆုံးဒဏ်ရာရမှု၊ အိုးအိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးမှု အနည်းဆုံးဖြစ်အောင် တတ်နိုင်သမျှ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ပျက်စီးသွားတဲ့ ရိုဟင်ဂျာရွာတွေဟာ ထပ်မံ တိုက်ခိုက်ခံရမယ့် အန္တရာယ်ကို ရင်ဆိုင်နေရပါတယ်။” ဟု Human Rights Watch မှ အာရှသုတေသီ Shayna Bauchner က တိုက်တွန်းခဲ့သည်။
ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာအများစုနေထိုင်တဲ့ ရွာပေါင်းတစ်ဒါဇင်ကျော်နဲ့ဖွဲ့စည်းထားတဲ့ ဖုန်ညိုလိပ်ကျေးရွာအုပ်စုမှ မျက်မြင်သက်သေ ကိုးဦးက "ရခိုင့်တပ်တော် တပ်ဖွဲ့ဝင်တွေက နီးစပ်ရာ စစ်ကောင်စီဌာနချုပ်ကို သိမ်းပိုက်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဇန်နဝါရီလနှောင်းပိုင်းလောက်က အဲဒီရွာကို ဝင်ရောက်လာတယ်"လို့ ပြောဆိုပါတယ်။ စစ်ကောင်စီစစ်တပ်ကလည်း တိုက်ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခြင်း၊ အမြောက်များဖြင့် ပစ်ခတ်ခြင်းနှင့် မြေပြင်ထိုးစစ်ဆင်ခြင်းများဖြင့် ချက်ချင်းပင် တုံ့ပြန်ခဲ့သည်။
“ရခိုင့်တပ်တော်က ကျနော်တို့ရွာထဲကို ရုတ်တရက်ဝင်လာပြီး ရွာတဝိုက်မှာ တပ်ဖြန့်လာခဲ့တယ်” ဟု အသက် ၃၀ အရွယ် ရွာသားတစ်ဦးက ပြောသည်။ “သိပ်မကြာခင်မှာပဲ ကျနော်တို့ရွာမှာ အမြောက်ကျည် ၃ လုံး ကျသွားတယ်။ ဈေးအတွင်း အမြောက်ကျည်တစ်လုံး ပေါက်ကွဲခဲ့ရာ လူလေးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်။ နောက်ထပ် ကျည်ဆန် ပေါက်ကွဲမှုကြောင့် လူခြောက်ဦး ဒဏ်ရာရခဲ့ပြီး တတိယတစ်လုံး ပေါက်ကွဲရာမှာ လူ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်။" လက်နက်ကိုင်အဖွဲ့တို့ ရွာကိုခြေကုပ်တိုက်ခိုက်ခြင်းသည် ရွာသားများအတွက် လုံခြုံမှုမရှိဟု ရွာသားများက ရက္ခိုင့်တပ်မတော်ကို ပြောကြားသောအခါ တပ်ဖွဲ့ဝင်များက ၎င်းတို့ အမိန့်ရရှိပါက ထွက်ခွာမည်ဟု တုန့်ပြန်ပြောဆိုခဲ့သည်။ “ကျွန်တော်တို့ ရိုဟင်ဂျာတွေဟာ အဖွဲ့နှစ်ဖွဲ့အကြား သေပေးနေရ၊ အဖမ်းခံနေရတယ်” ဟု ရွာသားတစ်ဦးက ဆိုသည်။
ဇန်နဝါရီလနှောင်းပိုင်းတွင် တိုက်ပွဲများအတွင်း ရိုဟင်ဂျာအရပ်သား ၁၂ ဦးမှ ၂၄ ဦး သေဆုံးခဲ့ပြီး လူ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် လူ့အခွင့်အရေးအဖွဲ့များက အစီရင်ခံတင်ပြထားသည်။ အိမ်ခြေပေါင်း ရာကျော် ပျက်စီးခံရသည်ဟု ခန့်မှန်းရကြောင်း ရိုဟင်ဂျာလှုပ်ရှားသူများက ပြောကြားသည်။ “ ဇန်နဝါရီ ၂၆ ရက် သောကြာနေ့ မနက်မှာ စစ်တပ်က အရှိန်မြင့်ထိုးစစ်ဆင်ခဲ့တယ်။ ကျနော့်ဝမ်းကွဲညီတစ်ယောက် ပွဲချင်းပြီး သေဆုံးသွားတယ်။ ကျနော့်မိသားစုဝင် အားလုံးနီးပါး ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရတယ်။ ကျနော့်အစ်ကိုကတော့ ပြန်လည်သက်သာလာဖို့အတွက် ရုန်းကန်နေရတုန်းပဲ။ သူ့ခန္ဓာကိုယ်ထဲက ဗုံးအပိုင်းအစတစ်ခု အခုထိ မဖယ်ရှားနိုင်သေးချေ။” ဟု ရွာသားတစ်ဦးက ပြောသည်။
အသက် (၆၆)နှစ်အရွယ် ရွာသားတစ်ဦးက “အမြောက်ကျည်ထိမှန်ပြီး ကျနော့်သား သေဆုံးခဲ့ရတယ်။ အနီးတဝိုက်မှာ အသုဘပွဲ ဒါဇင်နဲ့ချီရှိနေတယ်။ ဒါပမယ့် ကျနော့်သားရဲ့ ဈာပနကို ကျနော်ပဲ ပြုလုပ်ဝံ့ခဲ့တာဖြစ်တယ်။ သူက အသက် ၄၂ နှစ်ရှိပြီး ကလေးငါးဦးရဲ့ ဖခင်ဖြစ်သည်" ဟု ဆိုသည်။
အသက် ၄၂ နှစ်အရွယ် အခြားရွာသားတစ်ဦးက “တိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့အလောင်းတွေကို စောင်နဲ့ထုပ်ထားပြီး ကျနော်တို့ရွာကနေ ထွက်သွားခဲ့ရတယ်။ ငါး-ခြောက်နာရီလောက်ကြာပြီးတော့ မြေမြှပ်သင်္ဂြိုလ်ဖို့ ရွာကို ပြန်သွားရတယ်”ဟု ဆိုသည်။
ဘူးသီးတောင်မြို့ရှိ ဆေးရုံနှင့် ဒေသခံ ဆေးခန်းများတွင် ကုတင်များအားလုံး ပြည့်နေပြီး လူနာလက်ခံမှု ရပ်တန့်သွားကြောင်း ရိုဟင်ဂျာရွာသားများက ရင်ဖွင့်ခဲ့သည်။ ဆေးခန်းများတွင် ဆေးထောက်ပံ့ရေးပစ္စည်းများ နည်းပါးနေပြီး ထိခိုက်ဒဏ်ရာရလူနာများကို ကုသခ အဆမတန် ကောက်ခံလျက်ရှိသည်။
ဒေသခံအချို့ကမူ မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုသည် ၎င်းတို့၏ရွာအား ရမ်းရမ်းကားကား ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။ “စစ်တပ်က ရခိုင့်တပ်တော်ကို ပစ်မှတ်ထားနေတာ သက်သက် မဟုတ်ဘူး။ သူတို့က ရွာတစ်ရွာလုံးကို ပစ်သတ်ဖို့ သူတို့ရဲ့ ရဟတ်ယာဉ်တွေကို သုံးနေကြတာ ဖြစ်တယ်" ဟု အသက် ၄၇ နှစ်အရွယ် ရိုဟင်ဂျာရွာသားတစ်ဦးက ပြောကြားသည်။
လူအများအပြားသည် အနီးအနားရှိ ကျေးရွာများတွင် ခိုလှုံရန် တိမ်းရှောင်ခဲ့ကြသော်လည်း စားနပ်ရိက္ခာနှင့် ဆေးဝါးထောက်ပံ့မှု အနည်းငယ်သာ ရရှိကြပြီး လူသားချင်း စာနာထောက်ထားမှု အထောက်အပံ့လည်း မရရှိသေးပေ။ “ကျနော့်မိသားစု ၂၅ ယောက် အိုးမဲ့အိမ်မဲ့ တကွဲတပြားဖြစ်သွားတယ်။ ကျွန်ုပ်တို့သည် အစားအသောက်နှင့် အမိုးအကာ မရေမရာ နေ့ရက်များ ဖြတ်သန်းကြရသည်။” ဟု ရွာသားတစ်ဦးက ပြောသည်။ ရိုဟင်ဂျာမိသားစုများသည် စားနပ်ရိက္ခာ လျော့နည်းလာပြီး လယ်ကွင်းများတွင် မရိတ်သိမ်းရသေးသောသီးနှံများ ပျက်စီးလာမည်ကို စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြသည်။
ဖေဖော်ဝါရီ လဆန်းပိုင်းအထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေသည်။ ဖုန်ညိုလိပ်ကျေးရွာတွင် ရှိနေသော ရွာသားများနှင့် ဖေဖော်ဝါရီ ၁ ရက်နေ့က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာတွင် နောက်ခံ၌ သေနတ်သံများနှင့် ပေါက်ကွဲသံများ ကြားနေရသည်။
“ရွာထဲကို ဘယ်သူမှ မဝင်ရဘူး။ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတဲ့အတွက် ပြန်သွားဖို့ မလုံခြုံသေးဘူး။ ဘူးသီးတောင်မြို့နယ်မှာ အင်တာနက် လုံးဝပြတ်တောက်နေပါတယ်။ တစ်နေ့လျှင် နှစ်နာရီကြာ ဖုန်းခေါ်ဆိုနိုင်သော်လည်း လိုင်းပျက်သွားသောကြောင့် ဖုန်းခေါ်ဆိုမှု မရနိုင်တော့ပါ။ ဘယ်ဆိုင်တွေမှ ဖွင့်လို့မရဘူး၊ အားလုံးပိတ်ထားတယ်။ အာဏာပိုင်တွေရော့ ကုလသမဂ္ဂ၊ နိုင်ငံတကာ အေဂျင်စီတွေရော ငါတို့ကို ကူညီဖို့ ဘယ်သူမှ မလာကြဘူး” ဟု အသက် ၃၅ နှစ်အရွယ် ရွာသားတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ပဋိပက္ခဖြစ်ပွားရာဒေသများရှိ အရပ်သားများအတွက် အရေးပေါ်လိုအပ်နေသော လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ဆက်လက်ပိတ်ဆို့ထားဆဲဖြစ်သည်။ ယင်းက စစ်ရာဇဝတ်မှုမြောက်တဲ့ စုပေါင်းပြစ်ဒဏ်ခတ်ခြင်းမျိုး ဖြစ်သည်။ စစ်တပ်သည် အဓိက ကုန်းလမ်းများနှင့် ရေလမ်းများကို ပိတ်ဆို့ထားပြီး စစ်ဘက်မဟုတ်သော ထောက်ပံ့ရေးပစ္စည်းများကိုပါ ဖျက်ဆီးကာ အကူအညီပေးရေး ဝန်ထမ်းများကို ပြင်းထန်စွာ ကန့်သတ်မှုများ ချမှတ်ကာ ဆက်သွယ်ရေး ဝန်ဆောင်မှုများကိုလည်း ပိတ်ပင်ထားသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်း Médecins Sans Frontières (MSF) မှ ရခိုင်ပြည်နယ်အတွင်း ၎င်းတို့၏ ရွေ့လျားဆေးခန်း ၂၅ ခုကို အာဏာပိုင်များက တားဆီးထားသည်။ ယင်းသည် ပြည်သူများ၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်သည်ဟု သတိပေးထားကြောင်း ဇန်နဝါရီ ၁၆ ရက်က ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးကတည်းက စစ်အစိုးရက မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေး ကပ်ဆိုးကြီးထဲသို့ တွန်းပို့ခဲ့သည်။ စစ်အစိုးရ၏ ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ချိုးဖောက်မှုများသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုတွေ သက်ရောက်သည်။
၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ရိုဟင်ဂျာ ၆ သိန်း ခန့်သည် စခန်းများနှင့် ကျေးရွာများတွင် အသားအရောင်ခွဲခြားမှုစနစ်ဖြင့် ကန့်သတ်ချုပ်ချယ်ထားသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက ထောင်နှင့်ချီသော ရိုဟင်ဂျာများကို “တရားမ၀င် ခရီးသွားလာမှု” ဖြင့် ဖမ်းဆီးထားသည်။ ” ထို့အပြင် သွားလာခွင့် ကန့်သတ်ချက်အသစ်များ ချမှတ်ထားပြီး အကူအညီများ ပိတ်ဆို့ထားသည်။ ထို့ကြောင့် ရိုဟင်ဂျာများသည် လက်နက်ကိုင် ပဋိပက္ခတွင် အထူး ထိခိုက်လွယ်သည်။
ဒီဇင်ဘာလမှစ၍ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အခြားရိုဟင်ဂျာကျေးရွာများတွင် အရပ်သားသေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။
စစ်ဥပဒေများသည် အရပ်သားများနှင့် တိုက်ပွဲဝင်သူများအကြား ရမ်းကား တိုက်ခိုက်မှုများကို တားမြစ်ထားသည်။ လူနေထူထပ်သောမြို့၊ ကျေးရွာများကို စစ်ရေးရည်မှန်းချက်တစ်ခုတည်း သဘောထားကာ ဗုံးခွဲမှုများကို အရမ်းကာရော အပြုအမူအဖြစ် တားမြစ်ထားသည်။ ပဋိပက္ခတွင် ပါဝင်သူများသည် အရပ်သားများ၏ အသက်ဆုံးရှုံးမှုနှင့် အရပ်သားများ၏ ဥစ္စာပစ္စည်းများ ပျက်စီးဆုံးရှုံးမှုကို မဖြစ်အောင် ရှောင်ရှားရန် ဖြစ်နိုင်ချေရှိသော ကြိုတင်ကာကွယ်မှုများအားလုံးကို အမြဲဂရုတစိုက် လုပ်ဆောင်ရန် လိုအပ်ပါသည်။ စစ်တိုက်နေသောအဖွဲ့များသည် အတတ်နိုင်ဆုံး ၎င်းတို့၏တပ်ဖွဲ့များကို လူနေထူထပ်သောနေရာများတွင် တပ်ဖြန့်ခြင်းမှ ရှောင်ကြဉ်သင့်သည်။
သူတို့က နှစ်ဖွဲ့စလုံး၏ ဖမ်းဆီးခြင်းကို ခံနေရသည်ဟု ရိုဟင်ဂျာအများအပြားက ဆိုသည်။ “စစ်တပ်နဲ့ စကားပြောရင် ရခိုင်တပ်က ကျနော်တို့ကို မသင်္ကာဖြစ်တယ်။ ဒါပေမယ့် တပ်မတော်အစိုးရက ကျနော်တို့နဲ့ ရက္ခိုင့်တပ်မတော်ကြား ဆက်စပ်မှုတစ်စုံတစ်ရာ တွေ့ခဲ့ရင် ရိုဟင်ဂျာတွေကို သတ်ပစ်မှာ သေချာတယ်”ဟု ရွာသားတစ်ဦးက ပြောသည်။ "ရခိုင့်တပ်တော်က နယ်မြေအပြည့်အဝ ထိန်းချုပ်နိုင်တာနဲ့ ရိုဟင်ဂျာတွေကို လုံခြုံရေးပေးမယ်လို့ ကတိပြုထားပေမယ့် လက်ရှိအချိန်အထိ စားနပ်ရိက္ခာနဲ့ တခြားထောက်ပံ့မှုတွေကို အတင်းသိမ်းယူဖို့ ကြိုးစားနေတယ်"ဟု သူက ဆက်လက်ပြောကြားသည်။
နယ်စပ်အနီးတိုက်ပွဲများသည် ဘင်္ဂလားဒေ့ရ်ှနိုင်ငံထဲသို့ပင် လျှံထွက်ခဲ့ပြီး မော်တာကျည် ပစ်ခတ်မှုကြောင့် အသေအပျောက်များ ဖြစ်ပွားခဲ့သည်။ ဩဇာကြီးမားသော နိုင်ငံခြားအစိုးရများသည် မြန်မာနိုင်ငံတွင် ဆိုးရွားနေသော အကျပ်အတည်းကို အရေးတကြီး တုံ့ပြန်သင့်သည်ဟု Human Rights Watch က ပြောသည်။
“နိုင်ငံခြားအစိုးရတွေအနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာတွေအပေါ် ကျရောက်နေတဲ့ အန္တရာယ်တွေအပေါ် သူတို့ရဲ့ စိုးရိမ်မှုတွေကို ကျယ်လောင်စွာ ဖော်ပြသင့်ပါတယ်။ စစ်ကောင်စီအစိုးရအနေနဲ့ ဆက်သွယ်ရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပိတ်ဆို့ထားမှုကို ချက်ချင်းရုတ်သိမ်းပြီး သူတို့ရဲ့တပ်ဖွဲ့ဝင်တွေကို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်ခြင်းမှ ရပ်တန့်ဖို့ လိုပါတယ်" ဟု Bauchner က ပြောကြားခဲ့သည်။
— နတ်မျက်စိ ဘာသာပြန်သည်။
https://www.hrw.org/news/2024/02/09/myanmar-rohingya-risk-rakhine-fighting
Tuesday, August 29, 2023
ဦးနုအစိုးရက ရိုဟင်ဂျာအရေးကို ဘယ်လိုဖြေရှင်းခဲ့သလဲ
ဦးနုအစိုးရက ရိုဟင်ဂျာအရေးကို ဘယ်လိုဖြေရှင်းခဲ့သလဲ
" ဒီပြသနာကို ၁၈ လအတွင်း ဖြေရှင်းပေးဖို့ ကျမတို့ကို မျှော်လင့်တာက နည်းနည်း ယုတ္တိမတန်ပါဘူး။ .... ရခိုင်ပြည်နယ်က ဒီအရေးဟာ ဆယ်စုနှစ်များစွာကတည်းက ရှိလာခဲ့တာပါ။ ကိုလိုနီခေတ်မတိုင်ခင်ကပင် ဒီပြသနာ ရှိနေတယ်။ .... "
အထက်ပါစကားဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ပြောကြားခဲ့တဲ့ Asian News International နဲ့အင်တာဗျူးတစ်ခုကနေ ကောက်နုတ်ထားခြင်းဖြစ်ပါတယ်။။
ဒေါ်စု ပြောလိုတာက ဒီရိုဟင်ဂျာအရေးဟာ ကိုလိုနီခေတ်မတိုင်ခင်ကပင် ရှိလာခဲ့တဲ့ ပြဿနာဖြစ်တယ်။ ယခင်အစိုးရတွေက မဖြေရှင်းပေးခဲ့လို့ ယနေ့ထိ သက်ဆိုးရှည်လာတာ…လို့ ယခင်အစိုးရတွေကို အပြစ်တႏ်းပုံချတာပဲ ယူဆတယ်။ တကယ်တမ်းတော့ ဒေါ်စုရဲ့ ဒီမှတ်ချက်စကားက ကျပ်ပြည့် မှန်ကန်မှုမရှိဘူးဗျာ။ စစ်အာဏာရှင်တွေကို အကာအကွယ်ပေးနေသလို ဖြစ်နေတယ်။ ရိုဟင်ဂျာတွေကို မတရားနှိပ်စက်ချုပ်ချယ်နေတဲ့ပြဿနာက တကြော့ပြန်ဖြစ်လာတဲ့ ပြဿနာဖြစ်တယ်။ အရင်က ရခိုင်ပြည်အရေးကို နိုင်ငံတော်အဆင့် မျှမျှတတဖြေရှင်းပေးခဲ့တဲ့ အစိုးရလဲ ရှိခဲ့တယ်ဆိုတာ ဒေါ်စုကြည် မေ့လျော့နေသလို ထင်ရပါတယ်။ အဲ့ဒီခေတ်က ခေါင်းဆောင်တွေရဲ့ ကြိုးပမ်းဖြေရှင်းပေးမှုကြောင့် ရခိုင်ပြည်နယ်ရဲ့ ပဋိပက္ခဟာ လုံးဝဖြေရှင်းသွားခဲ့ပြီး ရခိုင်ပြည်ဟာ နိဗ္ဗာန်လောကလို အေးချမ်းသာယာသွားခဲ့ဖူးတယ်။ အဲဒါကို စာဖတ်ပရိသတ်တွေသိအောင် နည်းနည်းတင်ပြပါရစေ။
မြန်မာပြည် လွတ်လပ်ရေးရရှိခဲ့တဲ့အခါ လွတ်လပ်ရေးကြေညာစာတမ်းမှာ ဒီဗမာပြည်ဟာ လူတစ်စုတစ်ယောက်ရဲ့ အမွေဆိုင်ပစ္စည်း မဟုတ်ကြောင်း၊ ဒီပြည်အတွင်း မှီတင်းနေထိုင်တဲ့ ပြည်သူပြည်သားတို့ရဲ့ စုပေါင်းမြေဖြစ်ကြောင်း၊ တောင်တန်း မြေပြန့် မခွဲခြားဘဲ အားလုံးခွင့်တူတန်းတူညီမျှဖြစ်ကြောင်း ကြေညာခဲ့တယ်လေ။ ဒါပေမဲ့ နောက်ပိုင်းကာလမှာ ဘာသာရေးနဲ့ ရုပ်ရည်အသားအရောင်ကို အခြေခံ၍ ခွဲခြားအုပ်ချုပ်မှုတွေရှိလာခဲ့တယ်။ ၁၉၄၉ ခု ရခိုင်အများစုနဲ့ ဖွဲ့စည်းထားတဲ့ နယ်စပ်စောင့်တပ် BTF ကို ဖွဲ့စည်းပြီး နယ်စပ်ဒေသကို ထိန်းသိမ်းလာတဲ့အခါ ရခိုင်ပြည်မှာ ယခင်လူမျိုးရေးပဋိပက္ခ(၁၉၄၂) အငွေ့အသက်ကြောင့် နယ်စပ်စောင့်တပ်က ရိုဟင်ဂျာတွေကို ခွဲခြားဆက်ဆံ ညှဥ်းပမ်းနှိပ်စက်လာခဲ့ကြတယ်။ နိုင်ကျင့်မှုတွေ၊ မတရားဖမ်းဆီးမှုတွေ၊ သတ်ဖြတ်မှုတွေ၊ မုဒိမ်းမှုတွေ၊ နှိပ်စက်မှုတွေ တဖြေးဖြေး အရှိန်မြင့်လာခဲ့တယ်။ ဘာသာရေးကို အကြောင်းပြု၍ အစိုးရက ရခိုင်နဲ့ ရိုဟင်ဂျာကို တန်းတူသဘောမထားဘဲ ခွဲခွဲခြားခြား ဆက်ဆံလာတဲ့အခါ ရိုဟင်ဂျာအမျိုးသားအချို့က မခံမရပ်နိုင်ဘဲ ရရာလက်နက်ဆွဲကိုင်ကာ တော်လှန်ခဲ့ကြတယ်။ မတရား ဖိနှိပ်မှုများလာရင် ဆန့်ကျင်တော်လှန်ရေးက ရှိစမြဲပဲ။ ဒါက ဓမ္မတာတစ်ခုဖြစ်တယ်။
မတရားမှုကို ဆန့်ကျင်တဲ့ ရိုဟင်ဂျာအမျိုးသားလက်နက်ကိုင် တော်လှန်ရေးဟာ အစိုးရအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာခဲ့တယ်။ ဦးနုအစိုးရက တပ်မတော်အင်အားနဲ့ ပြန်တိုက်ချေတယ်။ အောင်မြင်မှုတော့ ရရှိခဲ့တယ်။ ဒါပေမဲ့ အမြစ်ပြတ်သွားအောင် လုပ်ဖို့က မလွယ်ဘူး။ တစ်ဘက်က နှိမ်နင်းရင် တခြားတစ်ဘက်က ပြောက်ကျားတိုက်ပွဲတွေပြန်ပေါ်လာတော့တယ်။ ဒါ့အပြင် ရခိုင်ပြည်ရဲ့ အဓိကလူမျိုးစုနှစ်စုဖြစ်တဲ့ ရခိုင်နှင့် ရိုဟင်ဂျာ အကြားသင့်မြတ်မှုမရှိတာကလဲ အခါမသင့် ပဋိပက္ခတွေ ဖြစ်ပေါ်လာနိုင်စရာရှိတယ်။ ပုစိပုစိ ပြသနာတွေ အနည်းအများ ဖြစ်တာလည်း ရှိခဲ့တယ်။
အဲဒီတုန်းက နောက်ပြသနာတစ်ချက်က ရခိုင်အမျိုးသားတွေက သီးခြားပြည်နယ်လိုချင်ကြတယ်။ အဲဒါကို ရိုဟင်ဂျာတွေက စိုးရိမ်ကြတာပေါ့။ လူမျိုးတစ်စုကို အမည်စွဲ၍ ရခိုင်ပြည်နယ်လို့ သီးခြားအမည်တွင်ပေးလိုက်ရင် ရိုဟင်ဂျာတွေက မတရားခံရမယ်။ ခွဲခြားနှိပ်စက်လာမယ်။ ဒါနဲ့ ရိုဟင်ဂျာတွေက ပြည်မနဲ့ပဲ ပေါင်းနေချင်ကြတယ်။ ဒါက အစိုးရအတွက်တော့ ခေါင်းခဲတဲ့ နောက်ထပ် စိန်ခေါ်မှုတစ်ခုပေါ့။
ဒီတော့ ဦးနုအစိုးရက ရခိုင်ပြည်အရေးမှာ အချက်သုံးချက်တွေ့လာတယ်။
(၁) လူမျိုးစု နှစ်စုအချင်းချင်း သင့်မြတ်မှု မရှိခြင်း
(၂) လက်နက်ကိုင်အဖွဲ့များ အုံကြွလာခြင်း
(၃) သီးခြားပြည်နယ် တောင်းဆိုမှုအပေါ် သဘောထားကွဲပြားခြင်း
စတဲ့ဟာတွေ ဖြစ်တယ်။
ဦးနုအစိုးရက အချိန်ဆွဲပြီး စုံစမ်းရေးကော်မရှင်တွေ အမျိုးမျိုးဖွဲ့စည်းကာ ပြဿနာရဲ့ ထိရောက်တဲ့အဖြေတစ်ခု ရှာဖွေဖို့ ကြိုးစားလာခဲ့တယ်။ လွှတ်တော်ထဲမှာ အချေအတင်ဆွေးနွေးတယ်။ ၁၉၄၉ ခု ဇူလိုင်လ ၃၀ ရက်မှာ ရခိုင်တိုင်းမင်းကြီးကို သဘာပတိအဖြစ်ထား၍ ရခိုင်အမျိုးသား ၃ ဦးနဲ့ ရိုဟင်ဂျာအမျိုးသား ၃ ဦး ပါဝင်တဲ့ စုံစမ်းရေး ကော်မရှင်ကို ဖွဲ့ပြီးတော့ ကွင်းဆင်းလေ့လာစေခဲ့တယ်။ ၁၉၅၀ ပြည့်နှစ်၊ မတ်လ ၁၀ ရက်နေ့မှာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု ကိုယ်တိုင်လည်း ရခိုင်ပြည်မြောက်ပိုင်းသို့ ခရီးထွက်ကာ လေ့လာခဲ့တယ်။ နှစ်ဖက်အသိုင်းအဝိုင်း လူကြီးမိဘတွေနဲ့ တွေဆုံခဲ့တယ်။ ဒါတွေကနေ တစ်ဖက်နဲ့တစ်ဖက် အယုံအကြည် ကင်းမဲ့နေခြင်း၊ ခွဲခြားဆက်ဆံရေး အားသန်နေခြင်း၊ တန်းတူအခွင့်အရေး မျှတမှုမရှိခြင်းတို့ဟာ ပြဿနာရဲ့ မူလဇာတ်မြစ်ဆိုတာ တွေ့ရှိလာတော့တယ်။
ဒီနေရာမှာ တစ်ခု သိထားရမှာက အဲဒီတုန်းက အခုလို ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားအခွင့်အရေးကို ရုတ်သိမ်းမခံရသေးဘူး။ ဘယ်တိုင်းရင်းသားအုပ်စုကမှ ရိုဟင်ဂျာတွေကို နိုင်ငံခြားသားလို့ မယူဆခဲ့ကြဘူး။ နိုင်ငံသား ရုတ်သိမ်းခံရတာက စစ်အာဏာရှင်အစိုးရ လက်ထက်ကဖြစ်တယ်။
ကဲ့... ဒါနဲ့ ဦးနုအစိုးရရဲ့ ပထမခြေလှမ်းအဖြစ် ရိုဟင်ဂျာတွေကို မြန်မာ့ပြည်ထောင်စုသား တိုင်းရင်းသား တစ်စုအနေနဲ့ တန်းတူအခွင့်အရေးတွေ မပိုမေလျာ့ အတူတူခံစားခွင့်ရှိကြောင်း ကြေညာခဲ့တယ်။ ၁၉၅၄ ခု စက်တင်ဘာလ ၂၅ ရက် ညနေ ၈ နာရီ နိုင်ငံတော်အသံလွင့်ဌာနမှ ဝန်ကြီးချုပ်ဦးနုက "....စစ်တွေခရိုင်အတွင်း နေထိုင်ကြတဲ့ ပြည်ထောင်စုသားများမှာ များသောအားဖြင့် ရိုဟင်ဂျာအမျိုးသားများဖြစ်ကြပြီး မွတ်စလင်(မ်) များ ဖြစ်ကြပါတယ်" လို့ သူတို့ရဲ့အခွင့်အရေးဆိုင်ရာ မိန်းခွန်းပြောကြားခဲ့တယ်။
အလားတူ ၁၉၅၉ ခု အောက်တိုဘာလ ၃-၄ ရက်တွင် နိုင်ငံတော်ဒုဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဦးဘဆွေကလည်း "ကချင်၊ ကရင်၊ ကယား၊ ရှမ်း၊ မွန်၊ ချင်း၊ ရခိုင် ကဲ့သို့ပင် ရိုဟင်ဂျာလူမျိုးများသည်လည်း တိုင်းရင်းသားလူမျိုးတစ်မျိုး ဖြစ်ကြသည်။" လို့ ရိုဟင်ဂျာလူမျိုး၏ အခွင့်အရေးဆိုင်ရာ မိန့်ခွန်းပြောကြားခဲ့တယ်။ ဒီခြေလှမ်းက ရခိုင်ပြည်ရဲ့ ပူခြိုက်ခြိုက်အခြေအနေမှာ လေပြည်ယူဆောင်လာခဲ့တယ်။
ဒုတိယခြေလှမ်းအနေနဲ့ ၁၉၆၁ ခု မေလ ၁ ရက်နေ့မှာ အစိုးရကဘိနက်ရဲ့ တညီတညွတ် ဆုံးဖြတ်ချက်အရ ရိုဟင်ဂျာအများစု နေထိုင်တဲ့မယုဒေသကို ဗဟိုအစိုးရက တိုက်ရိုက်အုပ်ချုပ်တဲ့ မေယုနယ်ခြားခရိုင်အဖြစ် သတ်မှတ်ပေးခဲ့တယ်။ ပြီးတော့ တိုင်းရင်းသားတစ်စုအနေနဲ့ ရထိုက်ရသင့်တဲ့ အခွင့်အရေးတွေမှာ ချွက်ယွင်းနေတဲ့ဟာတွေကို ပြည့်ပြည့်စုံစုံ ဖြည့်ဆည်းပေးခဲ့တယ်။ ကျောင်းသုံးပြဌာန်းစာအုပ်တွေမှာ ဖော်ပြခြင်း၊ စွယ်စုံကျမ်းမှာ ဖော်ပြခြင်း(၁၉၆၄)၊ ၁၉၆၁ ခုနှစ် မေလ ၁၅ ရက်မှာ ရိုဟင်ဂျာဘာသာစကားနဲ့ ဗမာ့အသံကနေ ရေဒီယိုအသံလွင့်ခြင်း၊ အစိုးရလက်နက်ကိုင်အဖွဲ့အစည်းတွေမှာ တန်းတူညီမျှ အလုပ်ခန့်ခြင်း၊ ပြည်ထောင်စုနေ့အခမ်းအနားတွေမှာ တက်ရောက်ခွင့်ပေးခြင်း၊ ရိုဟင်ဂျာ ရိုးရာယဥ်ကျေးမှုတွေကို အမြတ်တနိုးပြသခွင့်ပေးခြင်း စတဲ့ အခွင့်အရေးတွေကို ဘယ်ကန့်ကွက်မှုတစ်မတ်တစ်စေ့မှ မရှိဘဲ တညီတညွတ်တည်း ဖော်ဆောင်ပေးခဲ့ကြတယ်။
အစိုးရရဲ့ ဒီဗျူဟာကျကျဖြေရှင်းချက်က ဘယ်လောက်အထိ ထိရောက်ခဲ့သလဲဆိုရင် မီးတဟုန်းဟုန်း တောက်နေတဲ့ ရခိုင်ပြည်ကြီးဟာ ငြိမ်သက်သွားပြီးတော့ လုံးဝအေးချမ်းသာယာ သွားခဲ့တယ်။ ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့ (မူဂျာဟစ် = စစ်သူရဲ )တွေမှာလဲ လက်နက် ကိုင်ထားစရာ အကြောင်းမရှိတော့ဘူး။ တိုင်းပြည်က အေးချမ်းသွားပြီလေ။ ဒီတော့ လက်နက်ကိုင်အဖွဲ့တွေကလည်း ၁၉၆၁ ခု ဇူလိုင်လ ၄ ရက်မှာ တစ်သုတ်၊ ၁၉၆၁ ခု နိုဝင်ဘာလ ၁၅ ရက်မှာတစ်သုတ် ဦးစီးချုပ်ဗိုလ်မှူးချုပ်အောင်ကြီး၊ ဒုဗိုလ်မှူးကြီးကျော်စိုး၊ ရခိုင်တပ်ပေါင်းစုမှူးချုပ် ဒုဗိုလ်မှူးကြီးရဲခေါင်နဲ့ ဒုတပ်ရင်းမှူးဗိုလ်မှူးအံ့ကြွယ်၊ ဗိုလ်မှူးကြီး စောမြင့်၊ ဗိုလ်မှူးကြီ သန်းဖေစတဲ့ တပ်မတော်အရာရှိကြီးတွေလက်အောက်တွင် အေးအေးချမ်းချမ်း လက်နက်ချကာ အလင်းဝင်လာခဲ့ကြတယ်။ လက်နက်ချအခမ်းအနားတွေကို အုတ်အုတ်ကြားကြား ကျင်းပခဲ့တယ်။ လက်နက်ကိုင်အဖွဲ့လည်း မရှိတော့ဘူး။ စစ်ပွဲစစ်မက်တွေလည်း နိဂုံးချုပ်ခဲ့လေပြီ။ အနောက်ဝေဟင်ကောင်းကင်မှာ လေပြည်တွေ သန်းလာခဲ့တယ်။ တပ်မတော်ရဲ့ မြဝတီမဂ္ဂဇင်း၊ ခေတ်ရေးစာစောင်၊ မြန်မာ့အလင်း၊ ကြေးမုံသတင်းစာတွေမှာ "မေယုနယ်မှာလေ ဘယ်လိုအခြေ ရှိပါလိမ့်"၊ "မေယုနယ်ခြားခရိုင် အေးချမ်းလေပြီ" စတဲ့ ဆောင်းပါးတွေ၊ ဗိုလ်ချုပ်အောင်ကြီးက "ကျွန်တော်ဖြေရှင်းခဲ့ရသော ရိုဟင်ဂျာပြသနာ" စတဲ့အောင်ပွဲခံ ဆောင်းပါးတွေ၊ မောင်သံလွင်ရဲ့ "ရခိုင်ကုလား သို့မဟုတ် ရိုဝန်ဂါ"(၁၉၆၀) စတဲ့ဆောင်းပါးတွေ မြန်မာ့စာနယ်ဇင်းစာမျက်နှာတွေမှာ ဝေဆာလာခဲ့တယ်။ ဒီလိုနည်းနဲ့ ဦးနုအစိုးရနဲ့ ခေါင်းဆောင်ကြီးတွေက ရိုဟင်ဂျာအရေးကို အောင်အောင်မြင်မြင် စနစ်တကျ ဖြေရှင်းပေးခဲ့တယ်။
ဒီငြိမ်သက်ပြေလည်ခဲ့တဲ့ ပြဿနာ ဘယ်လိုပြန်ပေါ်လာသလဲဆိုရင် ကြိုးကိုင်ရှင် စစ်အုပ်စုရဲ့ ကျေးဇူးကြောင့်ပေါ့။
အာဏာရှင်ဗိုလ်နေဝင်းက တိုင်းပြည်အာဏာကို မတရားသိမ်းလိုက်တဲ့အခါ အာဏာအဓွန့်ရှည် တည်မြဲရေးအတွက် လမ်းစတွေ စဥ်းစားလာတယ်။ မတရားတဲ့အာဏာ ချုပ်ကိုင်ထားဖို့အတွက် တိုင်းပြည်ကို မတည်မငြိမ်ဖြစ်အောင်တော့ လုပ်ရမှာလေ။ သွေးခွဲအုပ်ချုပ်ရေးက ထိရောက်တယ်။ လွှတ်တော်အမတ်တွေ၊ ဝန်ကြီးတွေကို လိုက်လံဖမ်းဆီး ထောင်ချတယ်။ သူက လူမျိုးရေးဘာသာရေးကို အခြေခံတဲ့ အင်မတန် ထိရှလွယ်တဲ့ အနာဟောင်းကို ဆားခတ်လာခဲ့တယ်။ အေးချမ်းနေတဲ့ ရခိုင်ပြည်နယ်ကို ပြန်လည် အမုန်းလှိုင်း ခတ်ပေးတယ်။ ရိုဟင်ဂျာတွေကို ပစ်မှတ်ထား နှိပ်စက်လာခဲ့တယ်။ ရခိုင်-ရိုဟင်ဂျာ သဟဇာတကို ပျက်ပယ်သွားအောင်၊ အချင်းချင်းအမုန်းအာဃာတာပွားလာအောင် လုပ်ကြံသမိုင်း ဂျင်းပုပ်တွေနဲ့ ပြန်လည်အသက်သွင်းပေးခဲ့တယ်။ ချက်ချင်းတူး ချက်ချင်းသောက် သလိုတော့ မဟုတ်ဘူး။ အချိန်ကြာဆွဲ စီမံကိန်းတွေ စနစ်တကျချမှတ်ပြီးတော့ နည်းဗျူဟာမျိုးစုံနဲ့ ဖိနှိပ်လာခဲ့တယ်။ ၁၉၇၈ မတိုင်ခင်မှာ သူကတောင် ရိုဟင်ဂျာတွေကို နိုင်ငံခြားသားလို့ မယူဆခဲ့ဘူး။ လူမျိုးရေးဘာသာရေးဖက်ကိုပဲ မီးမွေးလေပင့်ပေးခဲ့တာလောက်ပါပဲ။ ကုလားကို နှိမ်နေတာဆိုတော့ ဒီစီမံကိန်းမှာ သူ့ရဲ့ ဂျင်းမိတဲ့ ပြည်သူတွေလည်း ရှိခဲ့ရာ ထောက်ခံအားပေးမှုလည်း ရရှိခဲ့တာပေါ့။ ဆက်လက်၍ မတရားဥပဒေအမျိုးမျိုးဖွဲ့ပြီး ရိုဟင်ဂျာတွေရဲ့ တရားဝင်ရရှိခဲ့တဲ့ တိုင်းရင်းသား အခွင့်အရေးတွေကို တစ်ဆင့်ပြီးတစ်ဆင့်၊ တစ်ခုပြီးတစ်ခု အာဏာရှင်ယုတ်ဆန်ဆန် မတရားပြန်လည်လုယူခဲ့တယ်။ လူမျိုးစုစာရင်း ၁၃၅ မျိုးလို့ ကိုယ့်မြင်းကိုယ်စိုင်းသလို သူတို့စိတ်လိုရာပြုစုပြဌာန်းပြီး ရိုဟင်ဂျာလူမျိုးကို ဖယ်ထုတ်ခဲ့တယ်။ အမျိုးသားရေးမျိုးချစ်တုတ်ကို အသုံးပြုပြီး ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲအောင် ကလိမ်ကကျစ် ဝါဒဖြန့်ခဲ့တယ်။ ၁၉၈၂ ဥပဒေကို ဖွဲ့စည်းပြီး ဒီလူတွေဟာ နိုင်ငံခြားသားတွေ၊ နယ်မြေလုနေတာ ဆိုတဲ့ ဝါဒမှိုင်းတိုက်ပေးခဲ့တယ်။ အစအစမှာတော့ ကုလား ဆိုပြီး နှိပ်ကွပ်ခဲ့ရာ ခေါတော ဆိုလို့တစ်မျိုး၊ နောက်ပိုင်းမှာ ဘင်္ဂလီ မှ ဘင်္ဂလီကုလား မှ ခိုးဝင်ဘင်္ဂလီ အထိ အောက်ကျစေတဲ့ နာမည်တွေ သုံးလာခဲ့တယ်။ ဒီလို ယုတ်မာတဲ့နည်းနဲ့ ယခင်အစိုးရ ခေါင်းဆောင်တွေက သွေးချွေးကုန်ခမ်း ကြိုးပမ်းဖြေရှင်းပေးခဲ့တဲ့ ရိုဟင်ဂျာအရေးကို တဖန်မီးစလောင်စေခဲ့သတဲ့။
ဒီနေရာမှာ စွပ်စွဲချက်တစ်ချက်နှစ်ချက်ကို သံသယကင်းအောင် ထောက်ပြပေးချင်တယ်။ ပထမအချက်က အာဏာရှင်နေဝင်းရဲ့ ယုတ်မာမှုတွေကို တစ်ချို့ မွတ်စလင်မုန်းတီးတဲ့ အစွန်းရောက်မျိုးချစ်တွေက ကျေးဇူးတင်ကြတယ်။ အမျိုးကို ကယ်တင်ပေးတယ်လို့ ယူဆကြတယ်။ ဝမ်းနည်းစရာ။ တကယ်တော့ မျိုးချစ်တစ်ဖက်ကန်းတွေမှာ မြင်နိုင်စွမ်း အားနည်းနေတာဖြစ်တယ်။
တကယ်လို့ ရိုဟင်ဂျာတွေကို ဒီပြည်ဖွား မဟုတ်လို့ အာဏာရှင်အုပ်စုက နင်ထုတ်ချင်တာဆိုရင် ၁၉၇၈ ခုမှာ မတရားနှိပ်စက်မှုကြောင့် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်ခေါ်လာစရာအကြောင်းမရှိဘူးလေ။ ကိုယ့်ပြည်က မဟုတ်တဲ့ လူတစ်စုကို ဘယ်နိုင်ငံတကာ စကားမှနားမထောင်တဲ့ အာဏာရှင်က အလကားခေါ်လာမှာ မဟုတ်ဘူး။ အဲ့တုန်းကလဲ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေနဲ့ပဲ လက်ခံခဲ့တာကိုး။ အာဏာရှင်ရဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူလူထုရဲ့ အာရုံလွဲရန် တိုင်းပြည် မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်ကာ အာဏာချုပ်ကိုင်ထားရေးသာ အဓိက ဖြစ်တယ်။ ဒါကို နားမလည်မိလို့ စစ်အုပ်စုရဲ့ အဓမ္မ အာဏာသိမ်းမှုကို ထပ်တလဲလဲ ခံနေရတာဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ ဓါးစားခံဖြစ်နေရတာမဟုတ်လား။ ထောင်နဲ့ မြေကြီး နေရာမလပ် ဖြစ်နေတယ်။
ဒုတိယအချက်က မျိုးချစ်တွေ ဂျင်းထည့်တဲ့ အစ္စလာမစ်နိုင်ငံအဖြစ်နဲ့ ခွဲထွက်ရေး ဖြစ်တယ်။ တကယ်လို့ ရိုဟင်ဂျာ လက်နက်ကိုင်တွေက ခွဲထွက်ဖို့ တော်လှန်တာ ဖြစ်မယ်ဆိုခဲ့ရင် အလင်းပြန်ဝင်စရာ အကြောင်း မရှိပါဘူး။ ဘယ်လို အခွင့်အရေးတွေ ပေးပေး အလုံးအရင်း လက်နက်ချမှာတော့ မဟုတ်ဘူးလေ။ မတရားမှုကို တွန်းလှန်တော်လှန်ဖို့အတွက်သာ လက်နက်ကိုင်ကြတာဖြစ်လို့ တန်းတူညီမျှမှု ရရှိသွားတဲ့အခါ အလင်းဝင်ကြတာပဲ မဟုတ်ပါလော့။
နောက်တစ်ချက်က ဦးနုက မဲနိုင်ဖို့အတွက် အရှေ့ပါကစ္စတန်က ခေါ်လာတဲလူလို့ ပုဇွန်ဦးနှောက်နဲ့ မျိုးချစ်အချို့က စွပ်စွဲတာလည်း တွေ့ရတယ်။ ယုတ္တိမရှိတဲ့စကားပါပဲ။ ဒီနိုင်ငံအတွက်ဦးနုရဲ့ပေးဆပ်မှုလည်း မနည်းလှဘူး။ အဲဒီလိုခေါင်းဆောင်ကြီးတစ်ယောက်က မဲလိုချင်လို့ တိုင်းပြည်ကို သစ္စာဖောက်မှာဆိုတာ ဘယ်လိုနည်းနဲ့မှ ယုံနိုင်စရာမဟုတ်ပါဘူး။ ယုတ္တိရှိရှိ စဥ်းစားကြည့်ရင်လည်း အဖြေက ပေါ်လွင်ပါတယ်။ မေယုဒေသမှာ ဘယ်ခေတ်က ကြည့်ကြည့်ရခိုင်လူဦးရေက လက်တစ်ဆုပ်စာလောက်ပဲ ရှိတာကိုး။ ဘယ်ရွေးကောက်ပွဲလုပ်လုပ် မူစလင်တွေ ထောက်ခံတဲ့အုပ်စုကပဲ အနိုင်ရမှာလေ။ အဲဒီမှာ လူသွင်းပြီးတော့ အနိုင်ရကောင်းလား။ ဆင်ဆင်ခြင်ခြင် စွပ်စွဲကြပါ မျိုးချစ်ရာ။
ဆက်လက်ပြီးတော့ အာဏာရှင်နေဝင်းရဲ့ ရိုဟင်ဂျာ ချေမုန်းရေး စီမံကိန်းကို နောက်တက်လာခဲ့တဲ့ စစ်ခေါင်းကြီးတွေက သစ္စာရှိရှိ လက်ဆင့်ကမ်း အကောင်အထည်ဖော်ပေးခဲ့တယ်။ ပြည်သူကို အမှန်တရားအမှောင်ချပြီး ဂျင်းချိုချိုနဲ့ နိုးဆော်ခဲ့တယ်။ ပညာတတ်၊ ပညာမဲ့၊ ဆင်းရဲချမ်းသား လူတန်းစားအလွှာအားလုံး စစ်ဂျင်းမိခံရကာ ရိုဟင်ဂျာတွေရဲ့ ဘဝကို ဝိုင်းဝန်းမောင်းခတ် ရိုက်ချိုးခဲ့လေတယ်။ ဘယ်လောက်အထိ ယုတ်မာလာခဲ့သလဲဆိုရင် တိရိစ္ဆာန် သန်းခေါင်စာရင်းတောင် ကောက်ယူသေးတယ်။ လူမျိုးရေးဘာသာရေး ပဋိပက္ခတွေ တရစပ် ဖြစ်ပေါ်လာအောင် လုံ့ဆော်ခဲ့တယ်။ ၂၀၁၇ ခုမှာ လူမျိုးတုန်း သတ်ဖြတ်မှုအထိတောင် လက်လွန်ခဲ့တယ်။ အေးချမ်းသာယာတဲ့ ရခိုင်ပြည်ကြီး ပြန်လည်ငရဲဘုံဖြစ်လာခဲ့တယ်။ ဒါက စစ်အုပ်စုနဲ့ စစ်ကျွန်သပေါက်တို့ရဲ့ ကျေးဇူးကြောင့်ပဲလေ။
အချုပ်အနေနဲ့ ရိုဟင်ဂျာအရေးဟာ ကိုလိုနီခေတ်ကပင် အမြစ်တွယ်လာခဲ့တာတော့ မဟုတ်ပါဘူး။ စစ်အာဏာရှင်တွေက ပျိုးလိုက်တဲ့ ဂျင်းစေ့ရဲ့ ကျေးဇူးကြောင့်သာ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီပြသနာ ဖြေရှင်းဖို့ဆိုရင် ဘာသာရေး၊ လူမျိုးရေးကို ဘေးဖယ်ထားပြီးတော့ လူသားဆန်ဖို့က အရေးကြီးတယ်။ လူကိုလူလို မြင်ပြီးတော့ ယခင်အစိုးရရဲ့ နည်းဗျူဟာတွေကို စနစ်တကျ ကျင့်သုံးမယ်ဆိုရင် ရခိုင်ပြည်မှာ ငြိမ်းချမ်းရေးရောင်နီ ပြန်လည်ပျိုးပါလိမ့်မယ်သတဲ့။
- ပြည်ထဲရေးဌာနပြန်ထမ်းစာ ၁၉၄၉၊ ဇူလိုင်လ ၃၀ရက်
- နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု၏ အသံလွင့်မိန့်ခွန်း
- တပ်မတော်ခေတ်ရေးစာစောင် အတွဲ ၁၂၊ အမှတ် (၆)
- နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး၏ မိန့်ခွန်း
- နှစ် ၃၀ မြန်မာ့အသံ ၊ ဦးကျော်ညိန်း (မာတလိ)၊ စာမျက်နှာ ၇၁
Saturday, June 17, 2023
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၄)ဦး မှတ်ပုံတင်အတုဖြင့် စစ်တွေလေဆိပ်၌ ဖမ်းဆီးရမိ
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၄)ဦး မှတ်ပုံတင်အတုဖြင့် စစ်တွေလေဆိပ်၌ ဖမ်းဆီးရမိ
ဇွန်လ(၁၇)ရက်၊နံနက်( ၇) နာရီခွဲခန့်က စစ်တွေလေဆိပ်ရှိ ပူးပေါင်းအဖွဲ့ဝင်များမှ လေဆိပ်ထွက်ခွာဆောင် (လဝက)ကောင်တာ၌ ခရီးသည်များအား စစ်ဆေးနေစဉ် စစ်တွေလေဆိပ်မှ ရန်ကုန်လေဆိပ်သို့လိုက်ပါမည့် မှတ်ပုံတင်အတုကိုင်ဆောင်သူ (၄) ဦးနှင့်အတူ လိုက်ပါပို့ဆောင်ပေးသူ (၁) ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရွာတော်မြို့၊ ဘော်တိုကျေးရွာနေ ဦးထွန်းစိန်(ဘ)ဦးလှဖြူ(၂၈) နှစ်၊ရခိုင်/ဗုဒ္ဓ၊ ဇန့်(ဘ)ဦးမက်ဂ(၂၂) နှစ်၊ မြို/ဗုဒ္ဓ၊ ပီတော်(ဘ)ဦးမောင်ခန့်ညို(၃၆) နှစ်၊ မြို/ဗုဒ္ဓ၊ ဂူရူမင်(ဘ) ဂျီဘာဒူ(၃၆ )နှစ်၊ မြို/ဗုဒ္ဓ တို့ဖြစ်ပြီး ၎င်းတို့ (၄ )ဦးမှာ မလေးရှားနိုင်ငံရှိ လူပွဲစားအား တာကာ (၃)သိန်း အခကြေးငွေပေးပြီး မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှတဆင့် မလေးရှားနိုင်ငံသို့ အလုပ်သွားလုပ်ရန် ခိုးဝင်လာခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ခိုးဝင်လာသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦးအား လဝကအက်- ၁၃(၁)၊ ရာဇသတ်ကြီးပုဒ်မ၊ ပုဒ်မ-၄၆၈ တို့ဖြင့်အမှုဖွင့်တရားစွဲဆိုခဲ့သည်။
စစ်တွေမြို့၊မောလိပ်ရပ်ကွက်နေ မောင်မောင်သန်း (ဘ) ဦးစံရွှေနု၊ ၃၆ နှစ်၊ ရခိုင်/ဗုဒ္ဓ၊ ဈေးရောင်းနေသူအား ရာဇသတ်ကြီးပုဒ်မ၊ (၃၆၇/၁၁၄)ဖြင့် လည်းကောင်း အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီသတင်းထုတ်ပြန်ချက်အရသိရှိရသည်။
#ရခိုင်နေစဉ့်
Tuesday, May 2, 2023
ပူရ်နီစန္ဒြာ (Purni Sandra )
ပူရ်နီစန္ဒြာ Purni Sandra (လပြည့်စန္ဒာ)
ဒီ ပူရ်နီစန္ဒြာ ကဗျာဟာ မြောက်ဦးခေတ် နန်းတွင်းစာဆိုတော် အာလာဝလ်က ရေးဖွဲ့ခဲ့တဲ့ ပဒုမ္မာဝတီ လက်ရှည်မှ ကောက်နုတ်ထားတာဖြစ်ပါတယ်။ သတိုးမင်းတရားရဲ့ ဂုဏ်တော်ဘွဲ့ ကဗျာတစ်ပုဒ် ဖြစ်တယ်။
ကဗျာဆိုလိုရင်းကတော့-
- စာဆိုအာလာဝလ်က ကဗျာအစတွင် ဆလိမ်ရှားမင်းရဲ့ မင်းမျိုးမင်းဆက်တွေ ပျက်စီးခံရပြီးနောက် နရပတိကြီး နန်းတက်လာခဲ့တဲ့အကြောင်းနဲ့ အစပြုထားတယ်။
- နရပတိကြီး စိုးစံခဲ့တဲ့ကာလက အလွန့်ကို ပျော်ရွှင်ဖွယ်ကောင်းခဲ့တယ်။ အဲဒီနေ့ရက်တွေကို နှိုင်းယှဥ်ပြစရာတောင် မရှိဘူးလို့ စာဆိုက တအံ့တသြ ဖော်ပြခဲ့တယ်။ အဲဒီ သာယာပျော်ရွှင်တဲ့ အခိုက်အတန်လေးကို ခေတ်ပျက်က ပျက်စီးယူဆောင်သွားခဲ့လေတယ်။
- နရပတေးကြီးမှာ သားတော် တစ်ပါးနဲ့ သမီးတော်တစ်ပါး ဖွားတော်မူခဲ့တယ်။ သူတို့ရဲ့ အိမ်ထောင်ရေးရာလည်း အလွန်သာယာခဲ့တယ်။ အဲဒီသားတော်ဟာ နောင်တွင် နန်းဦးနန်းကိုင်ထိန်း မင်းတစ်ပါးဖြစ်လာမယ့် နိမိတ်ကောင်းရှိတယ်။
- ခမည်းတော် နတ်ရွာစံတဲ့အခါ သားတော် နန်းတက်ကာ အရိုက်အရာ ဆက်ခံခဲ့တယ်။ နတ်မင်းကြီးတောင် သူ့ကို မြင်လို့ တရှက်တကိုးဖြစ်ရလောက်အောင် ဘုံဂုဏ်မြင့်မြတ်သူ ဖြစ်တယ်။
- နာမတော်ကတော့ သတိုးမင်းတရားတဲ့။ ရုပ်နဲ့ဂုဏ်နဲ့ ပြိုင်ဘက်ကင်းတယ်။ ဉာဏ်ပညာ ထူးကဲတဲ့အပြင် ဘုန်းကံကလည်း အံ့ဖွယ်လောက်အောင် ကောင်းလှတယ်။
- လှပတဲ့သူ့မျက်နှာတော်ကို ရှုမြင်ရသူ ရွှင်လန်းစေတယ်။ လပြည့်ညက စန္ဒာနဲ့ ခွဲခြားလို့မရနိုင်လောက်အောင် လှပတဲ့ရုပ်ရည်ကျက်သရေပိုင်ရှင်လို့ စာဆိုက စာပန်းချီနဲ့ ဖော်ကျူးထားတယ်။
ဒီကဗျာမှာ စာဆိုတော်အာလာဝလ်က အာရကန်နန်းတွင်း ရာဇဝင်အကြောင်းအရာတစ်ခုကို စပ်ဆိုထားတာတွေ့ရပါတယ်။ တတိယမြောက်ဦးခေတ် ဆလိမ်ရှားခေါ် မင်းရာဇာကြီး (၁၅၅၇-၁၆၁၂) နောက်ပိုင်း မြောက်ဦးနန်းဆက် မတည်မငြိမ်ဖြစ်လာခဲ့တယ်။ သူ့ကိုငါသတ် ငါသာလျှင် မင်းမြတ် ဆိုတဲ့အယူနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ များလာတော့ အုပ်ချုပ်ရေးယန္တရားက ပပျက်လာခဲ့တယ်။ ဒါက မြောက်ဦးနိုင်ငံတော် ဆုံးရှုံးရမယ့် နိမိတ်ပေါ့။ အဲ့ဒီကြားက နရပတိမင်းရဲ့အရိုက်အရာကို ဆက်ခံခဲ့တဲ့ သတိုးမင်းတရား (နႏ်းသက် ၁၆၄၅-၁၆၅၂)ရဲ့ ဂုဏ်တော်ဘွဲ့လင်္ကာကို စပ်ဆိုထားခြင်း ဖြစ်တယ်။ မြောက်ဦးနန်းခေါ် မြို့ဟောင်းဟာ ၁၇၈၄ ခု မဟာသမ္မတရာဇာလက်ထက်မှာ ကျဆုံးခဲ့လေတယ်။
* စာဆိုတော်က သတိုးမင်းတရားရဲ့ ဂုဏ်တော်ဖွဲ့ကလက်ာမှာ သတိုးမင်းတရားကို နရပတိရဲ့ သားတော်အဖြစ်ဖော်ပြခဲ့တယ်။ စာဆိုတော်ရဲ့ အခြားလက်ာတစ်ပုဒ်မှာ သတိုးမင်းကို နရပတိမင်းရဲ့တူတော်ရင်းလို့ ဖော်ပြထားတာတွေ့ရပါတယ်။
_ လူထုဝဏ္ဏ
Ref: Patmavati By Alaol
Saturday, March 25, 2023
မိန်းလိုက်ဖိ.... မချေ
မိန်းလိုက်ဖိ.... မချေ
မျဉ်းပြိုင်နှစ်ခု
အတူတူ ခရီးနှင်ကေလဲ့သော့်
ဆုံဖို့အမှတ်ကား မဟိမနား
ဟုတ်ယင့်… ငါ့ရို့လျှောက်ခစွာလမ်းက
မျဉ်းပြိုင်မဟုတ်
တစ်နိရာစီက နိပီးကေ
ကန့်လန့်ဖြတ် ဦးတည်လာခစွာ
ထောင့်ဖြတ်မျဉ်း နှစ်ခုဝေ
အမှတ်တစ်ခုမာ
အိပ်မက်မိုးတိမ် တကွက်ကွက်နဲ့
မေတ္တာရီရွာသွန်း လုလု
တနားချေ ဆုံခပနာ
ဖြတ်ထွက်လားခရေ
မျဉ်းချေနှစ်ခုဖြိုက်နိယင့်
နီပူတိုက်ချေလို့
မိုးတိမ်လိပ်ပျောက်ရေခါ
ဦးတည်ချက်ကိုယ်စီနန့်
ကျိန်စာသင့် ရာဟုလမ်းပိုင်
လှမ်းမမီအောင် ဝီးလို့ဝီးလို့ လားနီဗျာယ်။
ဆုံမှတ်ချေမာ လန်းဆန်းခစွာ အချိန်ချေတိကို
ခွန်အားအဖြိုက် ထုတ်သုံးပနာ
ကံကကြမ္မာလားလမ်းကို လက်ခံပီးလိုက်ဖိဝေ
မချေ… မပိုင်ဆိုင်ရေ အိပ်မက်ဘောက်သာနန့်
အရာ တဆာဆာ မမျှော်လိုက်ကတ်ဖိ
သဲပြင်မာ လီတိုက်လို့ ပျောက်လားခရေ
ဝတ္တုချေပိုင် မိန်းလိုက်ဖိဝေ…
— ရိုးချေ
(၁၄-၃-၂၀၂၃)
Sunday, October 30, 2022
အာရကန်ပြည်ရဲ့ မတူကွဲပြားမှုကြားက သဟဇာတ အစဉ်အလာ
အာရကန်ပြည်ရဲ့ မတူကွဲပြားမှုကြားက သဟဇာတ အစဉ်အလာ
———————————————————-
ရခိုင်ပြည်ရဲ့အလှ မတူကွဲပြားတဲ့လူမျိုးတွေရဲ့ ကြည်နူးဖွယ်ကောင်းတဲ့ သဟဇာတ ညီညွတ်မှုအလှကို ဆရာဦးကျော်မောင်ရဲ့ အမှတ်တရကနေ ခံစားကြည့်ရအောင် ....
ဆရာဦးကျော်မောင်ဟာ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မြောင်းဘွေမှာ ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်နေတုန်း ၁၉၈၄ ခုလောက်က ကိုယ်တွေ့မြင်ဖူးခဲ့တဲ့ ရခိုင်ပြည်သူအချင်းချင်း စည်းလုံးညီညွှတ်မှုမြင်ကွင်း အခိုက်အတန့်လေးတစ်ခုကို မှတ်မှတ်ရရ စိတ်ဝင်စားဖွယ် ရင်ဖွင့်ထားပါတယ်။ ထိုမြင်ကွင်းက ပြားချောင်းဆရာတော် ဘုန်းကြီးပျံပွဲဖြစ်ပါတယ်။
ထိုဘုန်းကြီးပျံပွဲမှာ တက်ရောက်လာကြတဲ့ ပရိသတ်တွေဟာ ဗုဒ္ဓဘာသာဝင်သာ မဟုတ်ပါဘူး။ ဌာနေ အိစ္စလာမ်ဘာသာဝင်တွေကိုလည်း အတူတကွ ပူးပေါင်းပါဝင်နေကြောင်း တွေ့ရှိခဲ့တယ်။ ဘုန်းကြီးပျံပွဲ ကျင်းပတဲ့ကော်မတီစာရင်းမှာလည်း မွတ်စလင်နာမည်တွေ တန်းစီလို့ရှိနေတာကို တွေ့ခဲ့တယ်။
ဘုန်းကြီးပျံပွဲတော်မှာ ပျော်ပွဲအဖြစ်ကျင်းပခဲ့တဲ့ ကျင်ပွဲမှာလည်း ရခိုင်ကျင်ပွဲနဲ့ မွတ်စလင်ကျင်ပွဲ ဟူ၍ နှစ်မျိုးကျင်းပကြောင်း ဖော်ပြထားပါတယ်။
အလှူစာရင်းတွေမှာလည်း မွတ်စလင်တွေ အများအပြား ပါဝင်နေကြောင်း ရင်ဖွင့်ထားတယ်။
ဆရာက အကြောင်းစုံကို ပွဲတော်ကျင်းပရေးကော်မတီဝင် တစ်ဦးဆီမှ မေးမြန်းစုံစမ်းတဲ့အခါ ထိုနယ်တဝိုက်တွင် ယခင်က စာသင်ကျောင်းများ မရှိခဲ့ကြောင်း၊ ပြားချောင်ဆရာတော်က ရခိုင်ရွာနဲ့ မွတ်စလင်ရွာတွေမှ ကလေးတွေကို စာသင်ပြခဲ့ကြောင်း၊ ယခု အနီးအနားရွာရှိ ရပ်လူကြီးတွေမှာ ဆရာတော်ရဲ့ တပည့်တွေဖြစ်ကြောင်း၊ ပြာချောင်းဆရာတော်ရဲ့ စေတနာနဲ့ မေတ္တာတရားတွေကို သိရှိခွင့်ရခဲ့တယ်။
ဒါ့အပြင် အိမ်နီးနားချင်း ရွာရှိ အလှူပွဲ၊ ရှင်ပြုပွဲ၊ သမက်တက်ပွဲတွေမှာလည်း မွတ်ဆလင်နဲ့ ရခိုင်လူမျိုး အပြန်အလှန် တက်ရာက်အားပေးကြတဲ့ ဓလေ့ ရှိနေဆဲဖြစ်တယ်။ အလှူများလည်း သက်ရှိသက်မဲ့ ပစ္စည်းတွေနဲ့ ရက်ရက်ရောရော ထည့်ဝင်ကြကြောင်း၊ ရခိုင်-မွတ်စလင် စည်းလုံး ညီညွှတ်မှု၊ သင့်သင့်မြတ်မြတ်နေထိုင်မှုကို ဆရာက ကိုယ်တွေ့ မြင်ဖူးခဲ့ကြောင်း ဖော်ပြထားတယ်။
ရခိုင်ပြည်သူတွေဟာ ဘာသာရေး၊ လူမျိုးရေး မခွဲခြားဘဲ အချင်းချင်း ညီညီညွတ်ညွတ် နေထိုင်လာခဲ့တဲ့ အစဉ်အလာတစ်ခုကို ဆရာဦးကျော်မောင်ရဲ့ ကိုယ်တွေ့မှ ကြည်နူးဖွယ်ကောင်းအောင် တွေ့ရှိရပါတယ်။
ဆရာဦးကျော်မောင်ရဲ့ ရခိုင်စကားနဲ့ ဖော်ပြထားတဲ့ ကိုယ်တွေ့ ဖော်ပြချက်တွေမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
" တပ်တော်က သဟဇာတဖြစ်တေ လူ့အဖွဲ့အစည်းဖြစ်ချင်ရေ။ မှတ်မိရေ အတွေ့အကြုံချေ တခုတင်ပြပါမေ။
မြောက်ဦးမြို့နယ်မြောင်းဘွေမှာ စာပြခခါ ၁၉၈၄ ခု လောက်က မင်းပြားပြားချောင်းဆရာတော်ကြီး ဘုန်းကြီးပျံပွဲကိုလားခီပါရေ။ ဘုန်းကြီးပျံပွဲမှာ ဆရာတော်ရုပ်ကလပ်ထားရေ မဏ္ဍပ်ကို ရောက်တေခါ မဏ္ဍပ်ထဲမှာ မူဆလင်ယောက်ျား၊ မမာ့တစ်စုကိုလည်း ထိုင်လို့တွိလို့ ထူးထူးဆန်းဆန်းဖြစ်နိန်ပါရေ။ ဘုန်းကြီးပျံပွဲစွာ ဗုဒ္ဓဘာသာပွဲလို့သိထားလို့ပါ။
တည်းခိုရေမဏ္ဍပ်ရောက်လို့ ပွဲတော်ကျင်းပရေးကော်မတီစာရင်း ဖတ်ရခါ ကော်မတီစာရင်းမှာ မူဆလင်နာမည်ထိပါနိန်ပါရေ။
ပွဲတော်မှာ ကျင်ပွဲလေ့ ပါပါရေ။ ကျင်ပွဲလေ့ ရခိုင်ကျင်၊ ကဠားကျင်၂ မျိုး ပါပါရေ။ ပွဲတော်နောက်ဆုံးနိန်မှာ ပိုလို့ထူဆန်းနိန်ပါရေ။
ဒုံးတိုက်ဖို့ ဒုံးသီးအလှုသျှင်စာရင်းကြော်ငြာခါ မူဆလင်နာမည်ထိတန်းသီ ဗြတ်ပါပါရေ။
မြောင်းဘွေက ပွဲတော်ကျင်းပရေးကော်မတီဝင်အခင်ကြီးကို မိန်းကြည့်ခါ ပျောက်ကျားခေတ်က ယင်းနယ်မှာ အစိုးရ ကျောင်းမဟိခါ-
ဆရာတော်က ကျောင်းထောင်ပီးပါရေ။ အနားမှာဟိရေ ရခိုင်ရွာ၊ မူဆလင်ရွာတိက အချေတိကို စာသင်ပီးပါရေ။ မူဆလင်ရွာတိက လူကြီးတိရေ ယင်းကျောင်းထွက်ထိဖြစ်လို့ သူရို့ဆရာကြီး ပြားချောင်ဆရာတော်ကြီး ဈာပနမှာ ပါဝင်ကတ်စွာပါလတ်။
ယင်းအချိန်က မူဆလင်ရွာတိမှာ အလှူ၊ သမက်တက်ဟိကေ ရခိုင်ရွာတိက လားကတ် တေ။ အချို့ခင်မင်လူတိ နွားတိ လက်ဖွဲ့ရေ။
ရခိုင်ရွာမှာ သမက်တက်၊ သျှင်ပြုကိုလေ့ မူဆလင်ရွာက လာရေ။သျှင်ပြုကိုလေ့ ဘာသာရေးအနေနန့်မဟုတ်ဘဲ အလှုပွဲအနေနန့် လာပြီးကေ အလှုတိ ထည့်ဝင်ကတ်တေ။
ယင်းပိုင် သဟဇာတဖြစ်ခရေ အခ်ျိန်လေ့ ဟိဖူးခရေလို့ သိရရေ။"
— ဆရာဦးကျော်မောင်၏ ဖေစ်ဘုခ်ပို့စ်ကို ကိုးကား ဖော်ပြထားသည်။
အထက်ဖော်ပြထားသလို လူမျိုးကွဲ၊ ဘာသာကွဲ အချင်းချင်း သဟဇာတတွေ အမြဲနေခဲ့တာပဲ။ ဘယ်လိုပင် ကြီးမားတဲ့ပြဿနာတွေ ဖြစ်စေကာမူ အချိန်တစ်ချိန်ကျရင် ပြန်လည်သင့်မြတ်ကြတာပါပဲ။
ရခိုင်ပြည်တွင် ရှေးခေတ်အဆက်ဆက်ကပင် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ တစ်မြေနေ၊ တစ်ရေသောက် အတူတကွ နေထိုင်လာကြတာကို အငြင်းပွားစရာမလိုပါဘူး။ အငြင်းပွားသူက အရူးထလုပ်ချင်သူသာဖြစ်ပေလိမ့်မယ်။ ထိုသို့ အတူတကွ နေထိုင်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ ကြားခံနယ်က သဟဇာတ ဖြစ်ပါတယ်။ ဆိုလိုချင်တာက ဘာသာကွဲအချင်းချင်း စည်းလုံးညီညွတ်မှု ရှိခဲ့လို့သာ ထိုသို့ သင့်သင့်မြတ်မြတ်နေထိုင်လာနိုင်ခြင်းဖြစ်ပါတယ်။ အထက်ပါကိုးကားချက်က နမူနာတစ်ခုလောက်သာ တင်ပြပေးတာဖြစ်ပါတယ်။
ဒီလို ဘာသာကွဲလူမျိုးကွဲ အကြား ညီညွှတ်မှုကို မရှုဆိတ်နိုင်သူ မျိုးချစ်အမည်ခံ လူယုတ်မိစ္ဆာအချို့ ခေတ်ကာလအလျောက် ပေါ်ပေါက်လာကာ တည်ငြိမ်အေးချမ်းနေတဲ့ ကျနော်တို့ ရခိုင်ပြည်အလှတရားကို ရိုက်ချိုးဖျက်ဆီးနေခြင်းဖြစ်ပါတယ်။ ထိုလူယုတ် ငရဲသားကောင်တွေရဲ့ မှိုင်းတိုက်မှု ပယောဂကြောင့် ပြည်သူ အချင်းချင်း ပဋ္ဋိပက္ခတွေ ကာလရှည်ရင်ဆိုင်လာရကာ သွေးချောင်းစီးနေရခြင်းပင်ဖြစ်ပါတယ်။
ကျနော်တို့ဟာ အဖျက်သမား ဂျင်းကောင်တွေရဲ့ ကျော့ကွင်းကို သတိဆင်ခြင်တုံးတရားရှိရှိ ရှောင်ကြဉ်လို့ လူလူချင်း အတူတူ သဘောထားကာ စည်းလုံးမှု ရေသောက်မြစ်ကို ပြန်လည်နှစ်မာခိုင်မြဲအောင် လက်တွဲဆောင်ရွက်ကြပါစို့။
— လူထုဝဏ္ဏ
(13-9-2022)
Wednesday, August 31, 2022
အဆုံးသတ်ကတ်မေ
အဆုံးသတ်ကတ်မေ
မိတ်ဆွေ…
ပိန်းရွက်ပိုင်ယားရေ အယင်က ရန်ငြိုးမီးစာတိ၊
တမာသီးထက်ခါးရေ အမုန်းတံလျှပ်တိ
ရုပ်ရှင်ထက် ဖန်တီးမှုဆန်ရေ လုပ်ကြံမှိုင်းတိ၊
သွီးနဲ့အရောင်ခြယ်ရေ ဖြူမည်း ခွဲခြားမှုတိ
အရာ မရင်ဆိုင်စိဂဲ့… အဆုံးသတ်ကတ်မေ။
ဟုတ်ယင့်…
ငါရို့ တစ်ဖက်ကို တစ်ဖက် မုန်းစော်လဲ ဟုတ်ယင့်
ငါရို့ အချင်းချင်း တိုက်ကတ်စော်လဲ ဟုတ်ယင့်
သွီးချောင်းတိကို အလီလီ ဖြတ်ကျော်ရခစော်လဲ ဟုတ်ယင့်
ယကေလေ့…
ငါရို့က ကျောင်းတစ်ကျောင်းမာ တတူတူ စာသင်ရေ
မြို့တစ်မြို့မာ အိမ်အိမ်ချင်းကပ်လို့ နိန်ထိုင်ရေ
ဈီးတစ်ဈီးက တတူတူ ဝယ်ယူသုံးကတ်တေ
လောင်းချေတစ်စင်းမာ အတူတူ လားရေလာရေ
ဝါကျွတ်ပွဲဈီးတိမာ ဖူတိန္နာရို့ လားပျော်ရေ
အီးဒ်ပွဲတိမာ မောင်ချေမိချေရို့ စားပျော်ရေ
ငါရို့မြီမာ ချစ်စိတ်က မုန်းစိတ်ထက် တဝအားကြီးရေ
အယင်ခါက မုန်းရီတိ ပလင်းသွင်းပနာ မြှပ်ပစ်လိုက်ကတ်မေ။
ဇာလောက်ပင်ခွဲခွဲ မယုမြစ်ရီနန့် စိုင်းဒေါင်မြစ်ရီ
သွီးထိုးရေသူတိရာ ညောင်းလို့ညောင်းလီ
ငါရို့က စားပွဲတစ်ခုမာ ထိုင်စားရေ ရခိုင်ပြေသားတိဝေ
မာမူနန့်အခင် ဒါဒီနန့်အဘင်သျှင် အချေခါက
ပုံပြင်ချေတိကို အတူတူထိုင်လို့ ပြောနိန်ယင့်။
မျိုးမတူ ရုပ်မတူစွာကို အရာခွင့်ကောင်းယူဖို့ မပျင်ဂေ့
တောအရက်တစ်ပိုင်းနဲ့ ငုတ်ပေါ်မှာ ထိုင်ပနာ ငိုလီဖိ
လားဖိ…လားဖိ… ဝိုင်း မျိုးချစ်တစ္ဆီတိ လားဖိ
ငါ့ရို့မြီမာ ဘုန်းကြီးကျောင်းနန့် ဗလီကျောင်း ဒွေးညီနောင်…
ရောင်စုံပန်းချီပိုင် သာစွလှရေ ငါရို့ရခိုင်ပြေသားတိဝေ။
15-8-2022
Saturday, August 13, 2022
သမိုင်းဖျောက်ဖို့ မလွယ်တဲ့ ရိုဟင်ဂျာတိုင်းရင်းသား
သမိုင်းဖျောက်ဖို့ မလွယ်တဲ့ ရိုဟင်ဂျာတိုင်းရင်းသား
----------------------------------------
သမိုင်းပညာရှင် ဒေါက်တာအေးချမ်းက ရိုဟင်ဂျာ ဆိုတဲ့စကားလုံးဟာ ရခိုင်တွေကိုသာ ရည်ညွှန်းကြောင်း ဖရန်စစ်ဘူချာနန်ရဲ့ သမိုင်းစာအုပ်ကို ကိုးကားပြီးတော့ တစ်မျက်နှာစာလောက် ကူးယူဖော်ပြခဲ့တာ FB ပို့စ်တစ်ခုမှာ ဖတ်ဖူးတယ်။ ပုံ-၁ ကို ရှူပါ။
- ထုံးစံအတိုင်း ကော်မန့်တွေမှာ သမိုင်းလေ့လာသူ ရိုဟင်ဂျာတွေနဲ့ အပြန်အလှန် ထိပ်တိုက်တွေ့တာတော့ ရှိတယ်။ ကော်မန့်ရှင် တစ်ယောက်က ဆရာကြီးကို ယုံကြည်တဲ့အနေနဲ့ ရိုးရိုးသားသား မေးမြန်းလိုက်တယ်။ "ဆရာကြီးရဲ့ သုံးသပ်ချက် တင်ပေးရင် ကောင်းပါမယ်" တဲ့။ ပုံ-၂ ကို ရှူပါ။
- ဒီတော့ ဆရာကြီးလည်း အခွင့်သာသွားပြီပေါ့။ လေးလေးစားစား မေးတဲ့သူကို မှိုင်းတွေဂျင်းတွေ ခံတွင်းလိုက် ကျွေးပေးပြီပေါ့။ ဘယ်လို ဖြေသွားလဲသိလား။ " ရှင်းပါတယ်တဲ့။ ရခိုင်ပြည်ကို ဘင်္ဂါလီတွေက Rossawn, Rohhawn, Roang, Reng နဲ့ Rung လို့ ခေါ်ကြတယ်။ ၁၇၈၄ နောက်ပိုင်း ရခိုင်ပြည်က ထွက်ပြေးလာကြတဲ့ ရခိုင်တွေကို မောက် လို့ ခေါ်ကြတယ်။ ဒါကြောင့် ရို ဆိုတာ ရခိုင်ကိုခေါ်တာ။ သူတို့တွေကိုကတော့ Bangalese Mohammedan လို့ မှတ်တမ်းတင်သွားတယ်" လို့ ဆရာကြီးက သုံးသပ်ပြတယ်။ ပုံ-၂ ကို ရှူပါ။
- ကဲ့… ဒီသုံးသပ်ချက်ကို ဆန်းစစ်ကြည့်ချင်တော့ မူရင်းသမိုင်းကို သွားကုပ်ရတာပေါ့။
"All the way from Chanpour to Barratulla we have had low hills between us and the Sea: but now there is nothing in that direction except plains, these in some places however are covered with Woods. Various parts of the Hills in this neighbourhood are inhabited by Mugs from Rossawn, Rohhawn, Roang, Reng or Rung, for by all these names is Arakan called by the Bengalese." These people left their country on its conquest by the Burmas, and subsist by fishing, Boat building, a little cultivation, and by the Cloth made by their Women. They also build houses for the Mohammedan refugees, of whom many came from Arakan on the same occasion, and settling among men of their own Sect, are now much better off than their former Masters. A Bengalese Mohammedan would consider himself as polluted by living in a House built by Mug. The Natives of Arakan pay no rent for their Lands, as every three years they remove and clear away some new Spot overgrown with Wood. [T]hey pay to the Zemeendars a consideration for the ground occupied by their houses, in the same manner as the fishermen do. In the Hills between my route and the Sea there live no Joomea Mugs: but they are much frequented by Wild Elephants, on account of the fruit of the Chalta (Dillennia Indica) which these beasts eat very greedily.
Francis Buchanan In Southeast Bengal (1798) | Pages-31-32
မူရင်းအင်္ဂလိပ်စာကို ဖတ်ကြည့်တဲ့အခါ အာရကန်ပြည်ကို ဘင်္ဂါလီတွေက Rossawn, Rohhawn, Roang, Reng နဲ့ Rung လို့ ခေါ်ကြတာတော့ ဟုတ်တယ်။
အာရကန်ပြည်ကို ဗမာတွေက သိမ်းပိုက်တဲ့နောက်ပိုင်း မောက် (ရခိုင်)တွေ ထွက်ပြေးလာတာလည်း တွေ့ရတယ်။ ရခိုင်တွေကို မောက် ခေါ်တာလည်း ပါတယ်။ ဒါပေမဲ့ Bangalese Mohammedan လို့ မှတ်တမ်းတင်သွားတယ်လို့ ဆရာကြီးရဲ့အဆိုပြုချက်ကတော့ လုံးဝ မရိုးသားဘူး။ အဲဒီမူရင်းမှာ Mohammedan လို့သာ ကွဲကွဲပြားပြား ရေးသားထားတာ ဖြစ်တယ်။
နောက်တစ်ချက်က အာရကန်ပြည်ကို Roang (ရိုဟင်း) ခေါ်တယ်။ ရခိုင်ကို မောက် ခေါ်ကြတယ် လို့ အတိအလင်းပါတယ်။ ဆရာကြီးရဲ့ သုံးသပ်ချက်မှာ ကျတော့ ပဟေဠိဆန်သွားတယ်။ ရခိုင်က မောက် မဖြစ်ဘဲ ရိုဟင်ဂျာ ဘယ်လိုဖြစ်သွားတာလဲ။ အံ့စရာနော်။ (ဒေသစွဲနာမည်အဖြစ်ကောက်ရင် အာရကန်ပြည်သူတွေကို ရိုဟင်ဂျာ ခေါ်တာလို့ သုံးသပ်ရင်တောင် ယုတ္တိတန်သေးတယ်။ မှတ်တမ်းတွေအရဆိုရင် ရခိုင်ကို မောက် လို့ပဲ မှတ်တမ်းတွေ့ရတာ။ *ရိုဟင်ဂျာ ဟာ မွတ်စလင်တွေဖြစ်ကြောင်း တခြားသမိုင်းမှတ်တမ်းတွေ တပုံကြီးရှိတယ်။)
သမိုင်းဆရာကြီးလဲ အသက်နည်းနည်း ကြီးလာတော့ မေ့သွားတတ်တာလားတော့ မသိဘူး။ အဲဒီမူရင်းမှာ ရိုဟင်ဂျာ ရှာတော်ပုံအတွက် အင်မတန်အရေးကြီးတဲ့ အချက်တစ်ချက်ရှိတယ်။ "အဲဒီ ၁၇၈၄ ခုနောက်ပိုင်း ထွက်ပြေးခိုလှုံခဲ့တဲ့ သူတွေထဲမှာ အာရကန်ပြည်က မိုဟာမေဒင် အုပ်စုလည်း ပါတယ်။ သူတို့က သူတို့အစုနဲ့ သူတို့ နေကြတယ်"လို့ ဘူချာနန်ရဲ့ မူရင်းစာသားမှာ ထင်ထင်ရှားရှားဖော်ပြထားတယ်။ ဒီအချက်ဟာ ရခိုင်ပြည်က မွတ်စလင်တွေ ဗမာကျူးကျော်စစ်မတိုင်မီ အာရကန်ပြည်တွင် ရှိနေကြောင်း ခိုင်လုံတဲ့အထောက်အထားဖြစ်တယ်။ ၁၈၂၃ မတိုင်မီ ရှိနေတဲ့အတွက်ကြောင့် ရိုဟင်ဂျာတွေဟာ ပင်ရင်းတိုင်းရင်းသားတွေဖြစ်ကြတယ်။ အဲဒီအချက်ကိုကျတော့ ဆရာကြီးက မေ့ကျန်သလိုလို ခုန်ကျော်သွားခဲ့တယ်။ (တမင်ကျော်သွားတာလား၊ မေ့လို့ ကျော်သွားတာလား ဒါက ဆရာကြီးပဲ အသိဆုံးဖြစ်တယ်။) ဒါပေမဲ့ အဲဒီ Mohammedan ကို ဘင်္ဂါလီမိုဟာမေဒင် လို့ ဇာတ်နာနာ သုံးသပ်ဖို့တော့ မမေ့ခဲ့ဘူးနော်။
တစ်ခါ ဒီသုံးသပ်ချက်မှာပဲ မေ့လျော့သွားတာဖြစ်မယ် ဆိုလို့ ဆရာကြီးရဲ့ ဘူချာနန်ဘာသာပြန်ကို သွားကြည့်ဖြစ်တယ်။ အဲ့ဒီမှာလည်း ထူးထူးခြားခြားပါပဲ။ ၁၇၈၄ နောက်ပိုင်း မွတ်စလင်တွေ အာရကန်ပြည်က နေရပ်စွန့်ခွာကာ အိမ်နီးချင်းတိုင်းပြည်မှာ ခိုလှုံခဲ့တဲ့ မူရင်းအပိုင်းကို ဘာသာပြန်တောင် မပြန်ခဲ့ဘူး။ တစ်ခါတည်း ဖျက်ချေလိုက်လေတယ်။ ပုံ-၃ ကို ရှုပါ။
ဒီနေရာမှာ တစ်ခုပြောချင်တာက ဘူချာနန်ဟာ အာရကန်က ဒုက္ခသည်မွတ်စလင်နဲ့ ဘင်္ဂါလားက ဘင်္ဂလီမွတ်စလင်ကို သိသိသာသာကွဲပြားနိုင်အောင် ဖော်ပြထားတယ်။
"မောက် တွေက မဟာမေဒင် ဒုက္ခသည်တွေအတွက် အိမ်တွေလည်း ဆောက်လုပ်ပေးတဲ့အလုပ်ကို လုပ်ကြပြီး မိုဟာမေဒင်တွေလည်း မောက်တွေနဲ့အတူတူ အာရကန်မှ ထွက်ပြေးလာကြသူတွေ ဖြစ်ကြတယ်။ အဆိုပါ မိုဟာမေဒင်တွေဟာ သူတို့အုပ်စုနဲ့သူတို့ နေထိုင်ကြပြီး ၎င်းတို့ရဲ့ ယခင်သခင်တွေထက် ကောင်းမွန်စွာ နေထိုင်ကြတယ်။ ဘင်္ဂါလီမိုဟာမေဒင် တစ်ယောက်က မောက်တွေ ဆာက်လုပ်တဲ့အိမ်တွေမှာ နေထိုင်ရင် မိမိကိုယ့်ကို ညစ်ညူးတယ်လို့ ယူဆတယ်။"
ဆိုလိုတာက ရခိုင်တွေ ဆောက်လုပ်တဲ့ အိမ်တွေမှာ အာရကန်က မွတ်စလင်တွေ နေကြတယ်။ ဒီလိုမျိုး မောက်တွေ ဆောက်တဲ့အိမ်တွေမှာ ဘင်္ဂါလီမွတ်စလင်တွေကျတော့ မနေတတ်ဘူး။ ရွံ့ကြတယ်။ ဒီအပိုင်းက အာရကန်က မိုဟာမေဒင်နဲ့ အဲဒီ ဒေသခံဘင်္ဂါလီမိုဟာမေဒင်တွေဟာ ဓလေ့ထုံးတမ်းမတူကြောင်း ထောက်ပြနေတယ်လို့ ကောက်ချက်ချနိုင်တယ်။
- ဒါပေမဲ့ ဒီလောက်အရေးကြီးတဲ့ သမိုင်းအချက်အလက်တစ်ခုကို သမိုင်းဆရာကြီးအေးချမ်းက ကျော်သွားတာ ဖုံးကွယ်ဖို့ ကြိုးစားခဲ့တာလို့ ထင်ကြေးပေးနိုင်တယ်။ ဒါက တို့ပြည်ရဲ့ ပညာရှင်တွေရဲ့ သမာဓိပါပဲ။ သမိုင်းပညာရှင် ဆိုတာ ဘက်မလိုက်ရဘူး။ အရှိကိုအရှိအတိုင်း ထုတ်ဖော်ရဲရတယ်။ ဒါမှ အမှန်ကန်တဲ့ အတိတ်အကျိုးအကြောင်းကို လူတွေက သိရှိလာမှာဖြစ်တယ်။ ဒီလိုမဟုတ်ဘဲနဲ့ မိမိစိတ်ကြိုက်ဖြစ်အောင် ဖုံးကွယ်ဖို့ကြိုးစားရင်တော့ သာမန်ပြည်သူတွေလဲ ဘယ်တတ်နိုင်ပါမလဲ။ ပညာရှိဆိုတိုင်း ယုံမှားမိပြီးတော့ ပဋိပက္ခတွေစွဲနေမှာပေါ့။
— #လူထုဝဏ္ဏ
(10-8-2022)
*ဒီဘူချာနန်ရဲ့ မှတ်တမ်းနဲ့ပတ်သက်ပြီးတော့ ကိုလင်းသက်ဆွေရဲ့ သုံးသက်ချက်ကို အောက်ပါလိင့်ကနေ ဖတ်ရှူနိုင်ပါတယ်။
https://m.facebook.com/story.php?story_fbid=pfbid0Dr2WPQeBECmPVX72sUSzPwuBAwR2MqmsNoNE7SxLu7qHYcs9EF7vKYjDt4YxXZaMl&id=744769315