Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label History. Show all posts
Showing posts with label History. Show all posts

Saturday, August 1, 2026

မြန်မာ့တော်လှန်ရေးခေါင်းဆောင် ဘရားသား ဇိုက်ဒ်



မွတ်စ်လင်မ်အများစု မသိတဲ့ တော်လှန်ရေးခေါင်းဆောင်ဘရားသား ဇိုက်ဒ်


မွတ်စ်လင်မ်တို့သည် ခေတ်အဆက်ဆက် တော်လှန်ရေး၏ ကျရာနေရာတွင် ပါဝင်မှုများအား ယခုကဲ့သို့ ရုပ်ပုံလွှာများ၊ သမိုင်းအဖြစ်အပျက်များက သက်သေ ပြနေသည်။

သို့သော်လည်း မွတ်စ်လင်မ်များအား နိုင်ငံရေးအင်အားစုအဖြစ်မှ လျှော့ချရန် ကြိုးပမ်းမှုများအား စစ်တပ်အပြင် တော်လှန်ရေးအင်အားစုအချို့နှင့် မီဒီယာအချို့မှပါ ကြိုးပမ်းနေသည်။

အင်န်သီဖဒါအနေဖြင့် ထိုအဖြစ်အပျက်များအား အစဉ်ဆန့်ကျင်သည်။ သမိုင်းအား ဖော်ပြခြင်းဖြင့် မွတ်စ်လင်မ်တို့အနေဖြင့် မိမိတို့၏ သမိုင်းအား သိမည်။ တော်လှန်ရေးအတွင်းမှ မွတ်စ်လင်မ်တို့၏ အခန်းကဏ္ဍအား ထင်သာမြင်သာရှိစေမည်ဟုလည်း ပွင့်ပွင့်လင်းလင်း ယူဆသည်။

ထို့ကြောင့် ယနေ့တွင် တော်လှန်ရေးခေါင်းဆောင်တဦးဖြစ်သည့် ဘရားသားဇိုက်ဒ်၏ ဖြတ်သန်းမှုအား ဖော်ပြလိုက်သည်။

▪️အတ္ထုပ္ပတ္တိ အကျဉ်းချုပ်

၁၉၄၂ ခုနှစ်တွင် မွန်ပြည်နယ်၊ ကျုံဖဲရွာ၌ အဘ ဦးအဗ်ဒွလ္လာဟ်နှင့် အမိ ဒေါ်ခင်စီတို့မှ မွေးဖွားခဲ့သည်။ အသက် (၄-၅) နှစ်အရွယ်တွင် မိဘများနှင့်အတူ ရန်ကုန်မြို့ (ကန်တော်ကလေး/မင်္ဂလာတောင်ညွန့်) သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ဘားမားမွတ်စလင်ကျောင်းနှင့် ရန်ဒေးရီးယားကျောင်းတို့တွင် ပညာသင်ကြားခဲ့ကာ တက္ကသိုလ်၌ ဥပဒေဘာသာရပ်ကို ဆည်းပူးခဲ့သည်။

အလုပ်အကိုင်များ -

ကျောင်းဆရာ၊ ပါကစ္စတန်သံအမတ်၏ PA၊ မြန်မာ့တပ်မတော် (လေ) နှင့် မြန်မာ့လေကြောင်း (UBA) တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။




နိုင်ငံရေးဖြတ်သန်းမှုများ -

(၁) နိုင်ငံရေးစတင်ဝင်ရောက်ခြင်း အသက် ၁၇ နှစ်တွင် စပ်ရွှေသိုက်နှင့် မဟာဒေဝီတို့၏ တိုင်းရင်းသားလူနည်းစု ဘာသာပေါင်းစုံအဖွဲ့တွင် အသက်အငယ်ဆုံး ဗဟိုအလုပ်အမှုဆောင်အဖြစ် စတင်ပါဝင်ခဲ့သည်။

(၂) ဗမာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်မ်ကျောင်းသူကျောင်းသား လူငယ်များအသင်းတွင် အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

(၃) မြေအောက်လှုပ်ရှားမှုနှင့် ပထမအကြိမ် ထောင်ဒဏ် - ပြည်ချစ်အဖွဲ့နှင့် ချိတ်ဆက်၍ မြေအောက်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ၁၉၇၁ ခုနှစ်တွင် လက်နက်များနှင့်အတူ ပထမအကြိမ် ဖမ်းဆီးထောင်ချခံခဲ့ရသည်။

(၄) ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးနှင့် လှုပ်ရှားခြင်း – ၁၉၇၃ ခုနှစ် ထောင်မှလွတ်မြောက်လာပြီးနောက် ထောင်တွင်းတွေ့ဆုံခဲ့သည့် သူငယ်ချင်း ဆလိုင်းတင်မောင်ဦးနှင့် ပူးပေါင်းခဲ့သည်။ ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းအပြီး ဦးနေဝင်းအစိုးရ၏ လိုက်လံဖမ်းဆီးခြင်းခံရသည့် ဆလိုင်းတင်မောင်ဦးအား ထိုင်းနယ်စပ်သို့ ဘေးကင်းစွာ ခေါ်ထုတ်ပေးခဲ့သည်။

(၅) ဒုတိယအကြိမ် ထောင်ဒဏ်နှင့် တော်လှန်ရေး ၁၉၇၅ ခုနှစ်တွင် ဒုတိယအကြိမ် ထပ်မံဖမ်းဆီးခံရကာ တစ်သက်တစ်ကျွန်း အမိန့်ချမှတ်ခံခဲ့ရသည်။ ၁၉၈၀ ပြည့်နှစ် ထောင်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာပြီးနောက် KNU နှင့် ပူးပေါင်းကာ တော်လှန်ရေးလုပ်ငန်းများကို ပြန်လည်စတင်ခဲ့သည်။



(၆) KLMF တည်ထောင်ခြင်း – ၁၉၈၃ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ကော်သူလေးမွတ်စလင် လွတ်မြောက်ရေးတပ်ဦး (KLMF) ကို ဦးဆောင်တည်ထောင်ခဲ့သည်။

ကော်သူးလေမွတ်စလင်လွတ်မြောက်ရေးတပ်ဦး (KMLF) တည်ထောင်သူ တော်လှန်ရေးခေါင်းဆောင် ဘရားသားဇိုက်ဒ် အဗ္ဗဒုလ္လာဟ် (ခ) ဦးမောင်မောင်လွင် (ခ) အာဇမ်သည် ၂၀၀၅ ခုနှစ်၊ ဇူလိုင် ၃၁ တွင် ကွယ်လွန်ခဲ့သည်။ ယနေ့ (၂၁) နှစ်ပြည့်ပြီဖြစ်သည်။


ချစ်ခင်စွာဖြင့်
အင်န်သီဖဒါ



ပုံအညွှန်း - နိုင်ငံတကာဟဂ်ျဆွေးနွေးပွဲ၊ ဘန်ကောက် ၁၉၈၃



(ကူးယူဖော်ပြသည်)

Wednesday, May 27, 2026

မြန်မာ့ကျောင်းဝတ်စုံ “အဖြူအစိမ်း” နောက်ကွယ်က လူသိနည်းတဲ့ သမိုင်း


မြန်မာ့ကျောင်းဝတ်စုံ “အဖြူအစိမ်း” နောက်ကွယ်က လူသိနည်းတဲ့ သမိုင်း


မြန်မာနိုင်ငံက ကျောင်းသား၊ ကျောင်းသူတိုင်း ရင်းနှီးကျွမ်းဝင်နေတဲ့ “အဖြူအစိမ်း” ကျောင်းဝတ်စုံဟာ ရှေးယခင်ကတည်းက ရှိခဲ့တဲ့ အစဉ်အလာတစ်ခုလို့ လူအများ ထင်မှတ်လေ့ရှိကြပါတယ်။ ဒါပေမယ့် အမှန်တကယ်တော့ ဒီဝတ်စုံဟာ ယနေ့ခေတ်မှာ လူအများထင်သလို ရာစုနှစ်များစွာ သက်တမ်းရှိခဲ့တာ မဟုတ်ဘဲ ၁၉၆၆ ခုနှစ်နောက်ပိုင်းမှ တစ်နိုင်ငံလုံးအတွက် စံသတ်မှတ်ခဲ့တဲ့ ဝတ်စုံတစ်ခု ဖြစ်ပါတယ်။

၁၉၆၆ ခုနှစ်မတိုင်မီက မြန်မာနိုင်ငံမှာ ကျောင်းတိုင်းဟာ ကိုယ်ပိုင်ဝတ်စုံတွေ အသီးသီး ရှိခဲ့ကြပါတယ်။ အမျိုးသားကျောင်းများ၊ သာသနာပြုကျောင်းများ၊ အင်္ဂလိပ်ကျောင်းများနဲ့ ပုဂ္ဂလိကကျောင်းများဟာ ကိုယ်ပိုင်အရောင်၊ ကိုယ်ပိုင်ဒီဇိုင်းတွေကို အသုံးပြုခဲ့ကြပြီး ယနေ့လို တစ်နိုင်ငံလုံး တူညီတဲ့ ကျောင်းဝတ်စုံမျိုး မရှိခဲ့ပါဘူး။

စိတ်ဝင်စားဖို့ကောင်းတာက လက်ရှိအသုံးပြုနေတဲ့ အဖြူအစိမ်းဝတ်စုံဟာ အစိုးရက အသစ်ဖန်တီးခဲ့တဲ့ ဒီဇိုင်းတစ်ခု မဟုတ်ပါဘူး။ ရန်ကုန်မြို့ရှိ မြို့မအမျိုးသားကျောင်း (Myoma Co-Educational National High School) ရဲ့ ကျောင်းဝတ်စုံပုံစံကို အခြေခံပြီး တစ်နိုင်ငံလုံးအတွက် စံသတ်မှတ်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

၁၉၆၆ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာတော့ အစိုးရက အဖြူအစိမ်းကျောင်းဝတ်စုံကို တရားဝင် ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီအချိန်က ပညာရေးစနစ်ကို တစ်နိုင်ငံလုံး တူညီစေရန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီး ကျောင်းဝတ်စုံ တစ်မျိုးတည်း အသုံးပြုရေးဟာလည်း အဲဒီအစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

မြန်မာ့ကျောင်းဝတ်စုံရဲ့ ထူးခြားချက်တစ်ခုကတော့ ကျောင်းသား၊ ကျောင်းသူများသာမက ဆရာ၊ ဆရာမများပါ အဖြူအစိမ်းပုံစံကို ဆက်လက်ဝတ်ဆင်ကြတာ ဖြစ်ပါတယ်။ နိုင်ငံအများစုမှာ ဆရာ၊ ဆရာမတွေက သီးသန့်အလုပ်ဝတ်စုံတွေ ဝတ်ဆင်လေ့ရှိပေမယ့် မြန်မာနိုင်ငံမှာတော့ ကျောင်းသားတွေနဲ့ ဆင်တူတဲ့ ပုံစံကို အသုံးပြုကြတာ တွေ့ရပါတယ်။

ထို့အပြင် အထက်တန်းအဆင့်ရောက်လာတဲ့အခါ ယောကျ်ားလေးတွေ ပုဆိုး၊ မိန်းကလေးတွေ ထမီဝတ်ဆင်ရတာဟာလည်း မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ ပညာရေးယဉ်ကျေးမှုတစ်ရပ် ဖြစ်ပါတယ်။ ကျောင်းဝတ်စုံကနေတစ်ဆင့် မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှုကို ထိန်းသိမ်းပေးနေတဲ့ သဘောလည်း ရှိနေပါတယ်။

ဒီနေ့ခေတ်မှာ အဖြူအစိမ်းဝတ်စုံဟာ ကျောင်းဝတ်စုံတစ်ခုထက် ပိုတဲ့ အဓိပ္ပာယ်ကို ရရှိနေပါပြီ။ ဆယ်စုနှစ် ၆ ခုကျော်ကြာ အသုံးပြုလာခဲ့တာကြောင့် “အဖြူအစိမ်း” ဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ မြန်မာကျောင်းသားဘဝ၊ သူငယ်ချင်းတွေ၊ စာသင်ခန်းတွေ၊ ကျောင်းအမှတ်တရတွေကို ပြေးမြင်မိကြပါတယ်။ ရုပ်ရှင်တွေ၊ ဝတ္ထုတွေ၊ သီချင်းတွေထဲမှာလည်း အဖြူအစိမ်းဟာ မြန်မာကျောင်းသားဘဝရဲ့ သင်္ကေတတစ်ခုလို ဖြစ်လာခဲ့ပါတယ်။

စိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့ ၁၉၃၆ ကျောင်းသားသပိတ်၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွေအတွင်း ပါဝင်ခဲ့ကြတဲ့ ကျောင်းသားခေါင်းဆောင်တွေဟာ ယနေ့မြင်တွေ့ရတဲ့ အဖြူအစိမ်းဝတ်စုံကို မဝတ်ခဲ့ကြပါဘူး။ သူတို့ခေတ်တုန်းက ကျောင်းအသီးသီးရဲ့ ကိုယ်ပိုင်ဝတ်စုံတွေကိုသာ ဝတ်ဆင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါကြောင့် လူအများထင်ထားသလို အဖြူအစိမ်းကျောင်းဝတ်စုံဟာ ရှေးဟောင်းအစဉ်အလာတစ်ခု မဟုတ်ဘဲ ၁၉၆၆ ခုနှစ်နောက်ပိုင်းမှ စတင်ပေါ်ပေါက်လာခဲ့တဲ့ ပညာရေးစနစ်ရဲ့ သင်္ကေတတစ်ခုဖြစ်ပြီး ယနေ့အချိန်မှာတော့ မြန်မာကျောင်းသားဘဝကို ကိုယ်စားပြုတဲ့ ယဉ်ကျေးမှုအမှတ်အသားတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါတယ်။
"အဖြူအစိမ်း" ကျောင်းဝတ်စုံဟာ သာမန်အဝတ်အစားတစ်စုံ မဟုတ်ပါဘူး။

၁၉၆၆ ခုနှစ်ကတည်းက မြန်မာကျောင်းသားဘဝကို ကိုယ်စားပြုလာတဲ့ သင်္ကေတတစ်ခု ဖြစ်ပါတယ်။ ၁၉၃၆ ကျောင်းသားသပိတ်က ကျောင်းသားတွေတောင် ဒီဝတ်စုံကို မဝတ်ခဲ့ရပေမယ့် ဒီနေ့ခေတ်မှာတော့ အဖြူအစိမ်းဟာ မြန်မာပညာရေးရဲ့ အမှတ်အသားတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် အခုခေတ် TikTok ပေါ်မှာ ကျောင်းဝတ်စုံဝတ်ပြီး မသင့်လျော်တဲ့ အကတွေ၊ အပြုအမူတွေနဲ့ Content တွေ ရိုက်ကူးတင်နေတာတွေကို မြင်ရတဲ့အခါ စိတ်မကောင်းဖြစ်မိပါတယ်။

ပြဿနာက အကကတာ မဟုတ်ပါဘူး။ ဘယ်လိုအကြောင်းအရာနဲ့ တင်ဆက်သလဲဆိုတာ ဖြစ်ပါတယ်။

ကျောင်းဝတ်စုံဆိုတာ ကိုယ့်တစ်ယောက်တည်းကို ကိုယ်စားပြုတာ မဟုတ်ဘဲ ကျောင်းသား၊ ကျောင်းသူအားလုံးနဲ့ ပညာရေးဂုဏ်သိက္ခာကို ကိုယ်စားပြုနေတာ ဖြစ်ပါတယ်။

လွတ်လပ်မှုရှိသလို တာဝန်ယူမှုလည်း ရှိဖို့လိုပါတယ်။ Trend တစ်ခုအတွက် ခဏတာ View ရနိုင်ပေမယ့် သမိုင်းရှိတဲ့ သင်္ကေတတစ်ခုရဲ့ တန်ဖိုးကိုတော့ မလျော့သင့်ပါဘူး။

အဖြူအစိမ်းဟာ Fashion မဟုတ်ဘူး။ မြန်မာကျောင်းသားဘဝရဲ့ သမိုင်းတစ်စိတ်တစ်ပိုင်း ဖြစ်တယ်။

#မြန်မာ့ကျောင်းသား #ကျောင်းဝတ်စုံ #အမျိုးသားစည်းကမ်းအစစာသင်ကျောင်းက 

(Credit to Original Writer)



Sunday, March 29, 2026

တော်လှန်ရေးခေါင်းဆောင် ဘီအေ ဂျာဖော့ရ် (၁၉၃၉-၁၉၈၇)

 
တော်လှန်ရေး ခေါင်းဆောင်ကြီး ဘီအေ ဂျာဖော့ရ်၏ ပုံဟောင်းကို Gemini ဖြင့် ပြုပြင်ထားသည့်ပုံ။ 

တော်လှန်ရေးခေါင်းဆောင် ဘီအေ ဂျာဖေါ့ရ် (၁၉၃၉-၁၉၈၇)


"မိစ္ဆာကို တော်လှန်ပုန်ကန်ခြင်းသည် ဘုရားသခင်၏ အမိန့်တော်ကို လိုက်နာခြင်းပင်တည်း။"

— ဘီအေ ဂျာဖေါ့ရ်


ရိုဟင်ဂျာ ခုခံတော်လှန်ရေးသမိုင်းတွင် ဂျာဖေါ့ရ် နာမည်နှင့် လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံသော ခေါင်းဆောင် ၃ ဦး ပေါ်ထွန်းခဲ့သည်။ ၎င်းတို့ထဲတွင် ဘီအေ ဂျာဖေါ့ရ်သည်လည်း ထင်ရှားသောတော်လှန်ရေး ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ခေတ်ဟောင်း တော်လှန်ရေးလမ်းစဥ်ကို အတွေးသစ်အမြင်သစ်နှင့် ပြုပြင်ပြောင်းလဲ၍ ခေတ်သစ် တော်လှန်ရေးလမ်းစဥ်ကို အုတ်မြစ်ချကာ အဓမ္မဝါဒီ စစ်အာဏာရှင်ကို ရဲရဲစွမ်းစွမ်း တော်လှန်ခဲ့သူဖြစ်သည်။ မိမိဘဝတစ်သက်လုံးကို မိမိလူမျိုးအတွက် စတေးခဲ့သည့် မဟာလူသားတစ်ဦးဖြစ်သည်။

ဘီအေ ဂျာဖေါ့ရ် ကို ဘူးသီးတောင်မြို့နယ်၊ အာလီယောင်း (အလယ်ချောင်း) ကျေးရွာတွင် ၁၉၃၉ ခန့်က ဖွားမြင်ခဲ့သည်။ အမည်ရင်းမှာ မိုဟာမတ် ဂျာဖေါ့ရ်ဟာဘီဘ် ဖြစ်သည်။ ဖခင်မှာ ဟာဘီဘုဇ်ဇာမာန် ဖြစ်သည်။ ကြွယ်ဝချမ်းသာ၍ ပညာတတ် မိသားစုမှ ဆင်းသက်လာခဲ့သူဖြစ်သည်။ ဘကြီး အရှရာဖ်ဇာမာန် ချောင်ဒရီသည်လည်း ဘူးသီးတောင်မြို့နယ်၏ ဂုဏ်သရေရှိ ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ 

ဂျာဖော့ရ်သည် အခြေခံပညာကို မော်နီဘီလ်နှင့် ဘူးသီးတောင်မြို့တို့တွင် သင်ယူခဲ့သည်။ ဥပစာတန်းကို အရှေ့ပါကစ္စတန်၊ ဒါကာမြို့ရှိ Notre Dame College မှ အောင်မြင်ခဲ့သည်။ ထို့နောက် အဆင့်မြင့်ပညာ သင်ယူရန် ရန်ကုန်မြို့သို့ သွားရောက်ကာ ရန်ကုန်တက္ကသိုလ်၌ ဒသသနိက၊ နိုင်ငံရေးသိပ္ပံနှင့် ခေတ်သစ်သမိုင်း အဓိကဖြင့် ၁၉၆၂ ခုတွင် ဘီအေဘွဲ့ ရရှိခဲ့သည်။ ၁၉၆၂ ခု ဂျူလိုင်လ ၇ ရက် ကျောင်းသားသပိတ်တွင် ဂျာဖော့က တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့သည်။ ထို့နောက် BL ဆက်လက် သင်ယူသည်။ သို့သော် ကျောင်းတစ်ပိုင်းတစ်ဝက်မှ ထွက်ကာ အာဏာရှင်ကို တော်လှန်သည့်လမ်းကို ရွေးချယ်ခဲ့သည်။
ဘီအေ ဂျာဖော့ရ်၏ တက္ကသိုလ်ကျောင်းသားဘဝတုန်းက ပုံ။

ရန်ကုန်တက္ကသိုလ်တွင် ပညာသင်နေစဥ် ၁၉၆၁-၆၂ ခုတွင် ရန်ကုန်တက္ကသိုလ် ရခိုင်မူဆလင်ကျောင်းသားကျောင်းသူများအသင်း၌ မေယုဒေသဆိုင်ရာ ကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ခံရသည်။ ထို့ပြင် ဂျာဖေါ့ရ်နှင့် အခြားရိုဟင်ဂျာကျောင်းသားကျောင်းသူများ ဦးဆောင်၍ "Rohingya Students Organisation" ရိုဟင်ဂျာ ကျောင်းသားကျောင်းသူများအသင်းကို ၁၉၆၂ ခုနှစ်၊ မတ်လတွင် ထူထောင်ခဲ့သည်။ ဂျာဖော့ရ်သည် ထိုအသင်းတွင် ဒုတိယ ဥက္ကဌ ဖြစ်လာခဲ့သည်။ ဥက္ကဌ အဖြစ် ဟူစိန်းကာဆိမ့်ကို ရွေးချယ်တင်မြောက်ခဲ့သည်။ ၂ နှစ်ကြာပြီးနောက် ဥက္ကဌရာထူးရွေးချယ်ရာ ဂျာဖော့ရ်သည် ထိုအဖွဲ့၏ ဥက္ကဌ အဖြစ် ရွေးချယ်ခံရသည်။ ဆရာရှော်ဘီရ်ဟူစိန်းမှာ ဒုဥက္ကဌ အဖြစ် တင်မြောက်ခဲ့သည်။
ရန်ကုန်တက္ကသိုလ် ရခိုင်မူစလင်အသင်း အမူဆောင်အဖွဲ့၏ ဓာတ်ပုံ မှတ်တမ်း။ ရှေ့တန်း ဝဲဘက်စွန်းက ဘီအေ ဂျာဖော့ရ်။ ပုံ- Ek Khaale. 

ဂျာဖော့ရ်သည် ရန်ကုန်တက္ကသိုလ်၌ ပညာသင်ရင်း အီဂျစ်နိုင်ငံ သံရုံးတွင် ဘာသာပြန်တစ်ဦးအဖြစ် အလုပ်ဝင်လုပ်ခဲ့သည်။

၁၉၆၄ ခုနှစ်တွင် ဂျာဖေါရ်သည် ဝမ်းကွဲအစ်ကို အဘူဆူဖီယာန်၏ မင်္ဂလာပွဲတွင် တက်ရောက်ရန် ဘူးသီးတောင်သို့ ရောက်လာခဲ့သည်။ ထိုပွဲတွင် ဂျာဖေါရ်သည် ရှူနာအာလီ (ဒပြူးချောင်း)၊ ဆရာကြီးနော်ဇီရ်အမတ်၊ ဆရာဝန် ဇာဟီးဒ်ဟူစိန်း တို့နှင့် တွေ့ဆုံခဲ့သည်။ သူတို့သည် အနီးရှိ ဆီကန်ဒါရ် ဒါရ်ဂါသို့ ထိုင်ကာ တိုင်းပြည်၏ တနေ့တခြား ဆိုးရွားလာနေသည့် အခြေအနေကို စကားစမြည်း ဆွေးနွေးတိုင်ပင်ခဲ့သည်။ ဤသို့ ဆိုးရွားသော အခြေအနေကို ခုခံရန် တော်လှန်ရေးတစ်ခု စတင်ရန် လိုအပ်ကြောင်း သူတို့ တညီတညွတ်တည်း ယုံကြည်ကြသည်။ နောက်နေ့တွင် ဆရာကြီးဆုလ်တာန် စသော အခြား ဝံသာနုစိတ်ထက်သန်သည့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံတိုင်ပင်ရန် သူတို့ မောင်တောသို့ ထွက်ခွာခဲ့သည်။ အဆိုပါဆွေးနွေးမှုတွင် စစ်အာဏာရှင်ကို ရရာနည်းနှင့် တော်လှန်ရန် သူတို့အားလုံး သဘောတူခဲ့သည်။ ထို့နောက် သူတို့သည် မယောင်းခါလီစျေးသို့ သွားရောက်ကာ စျေးဟောင်းဗလီ၌ အဆွာရ်နမားဇ် ဝတ်ပြုပြီး ကတိသစ္စာပြုခဲ့သည်။ ၁၉၆၄ ခု ဧပြီလ ၂၆ ရက်နေ့တွင် သူတို့အားလုံး သွေးဖောက်ကျမ်းသစ္စာဆိုပြီး ရိုဟင်ဂျာ တော်လှန်ရေးကို တကျော့ပြန် စတင်ခဲ့သည်။ အဖွဲ့အမည်ကို ရိုဟင်ဂျာလွတ်မြောက်ရေးတပ် (Rohingya Independence Front) ဟု အမည်ပေးခဲ့သည်။ အဖွဲ့ခေါင်းဆောင်ကို Grand Raja ဟု ခေါ်တွင်သည်။ ခေါင်းဆောင်အဖြစ် ဆရာကြီး ဆုလ်တာန်ကို ရွေးချယ်ခဲ့သည်။ ဂျာဖေါ့ရ်အသက် ငယ်ရွယ်သဖြင့် လေးစားခံရသော ဝါရင့် ဆရာကြီးကို တာဝန်ပေးအပ်ခြင်းဖြစ်သည်။ ထိုအဖွဲ့သည် အနုနည်းဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရေးစတင်ခဲ့သည်။ အဖွဲ့၏ ရည်ရွယ်ချက်မှာ အဓမ္မ ဖိနှိပ်အုပ်ချုပ်ရေးကို ဆန့်ကျင်ကာ ဗိုလ်နေဝင်း၏ အာဏာရှင်စနစ်ကို အခြားတိုင်းရင်းသားများနှင့် လက်တွဲကာ အမြစ်ဖြတ်တိုက်ဖျက်ရေးနှင့် ရိုဟင်ဂျာလူမျိုးတို့ ဆုံးရှုံးခံနေရသော အခွင့်အရေးမှန်သမျှကို ပြန်လည်အရယူရေးတို့ဖြစ်ကြသည်။ 

ဂျာဖော့ရ် ဝမ်းကွဲအစ်ကို၏ မင်္ဂလာပွဲ ပြီးဆုံးပြီးနောက် သူသည် ရန်ကုန်သို့ ပြန်လည်ထွက်ခွာခဲ့သည်။ရန်ကုန် ပြန်ရောက်သောအခါ မဆလအစိုးရက အူရ်ဒူ သတင်းစာများ ပိတ်ပင်လိုက်သဖြင့် ဂျာဖော့ရ်၏ ဘာသာပြန်အလုပ်လည်း လက်လွှတ်သွားခဲ့ရသည်။ သာသနာရေးဝန်ကြီးဌာနမှ မွတ်စလင်ကျောင်းသားများအသင်းကို ထောက်ပံ့လေ့ရှိသော ငွေ ၆၅၀၀၀ ကျပ်ကိုလည်း ဗိုလ်ချုပ်ကျော်စိုးက ရုပ်သိမ်းလိုက်၍ ရန်ကုန်တက္ကသိုလ် မွတ်စလင်ကျောင်းသားများအသင်း (RUMSA) နှစ်ပတ်လည်မဂ္ဂဇင်း ရန်ပုံငွေအတွက် ကြော်ငြာများစုစည်းရန် RUMSA ဒု-ဥက္ကဌ ဆယဒ်အာနုဝါရ်အဇီမ်နှင့်အတူ မနားတမ်း လှုပ်ရှားခဲ့သည်။ သူတို့ နှစ်ဦးသည် ဒီမိုကရေစီလမ်းစဥ်ကို ယုံကြည်ပြီး မည်သည့်အာဏာရှင်စနစ်ကို မဆို မုန်းတီးကြသည့် စိတ်တူကိုယ်တူများ ဖြစ်ကြသည်။ ရန်ကုန်တက္ကသိုလ် မူစလင်ကျောင်းသားကျောင်းသူအပေါ် အစိုးရ၏ အကန့်အသတ်များကို ဖြေလျော့နိုင်ရန်လည်း အပတ်တကုပ် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

ဂျာဖောရ်သည် ရန်ကုန်၌ ရှိစဥ် အမေရိကန် ပြည်ထောင်စုသို့ ရွေ့ပြောင်းနေထိုင်ရန် အခွင့်အလမ်းကောင်း ရရှိခဲ့သည်။ အမေရိကန်နိုင်ငံတွင် နေထိုင်သူ နယျုးကလိယားသိပ္ပံပညာရှင် ဒေါက်တာ တင်မောင် ခေါ် အဘူလ်ဟူစိန်းနှင့်လည်း ရင်းနှီးသည်။  (သူ ပါရဂူဘွဲ့ရရှိပြီး ရန်ကုန်ရောက်ရှိစဥ်က ရိုဟင်ဂျာကျောင်းသားများအဖွဲ့က ဖိတ်ခေါ်၍ တခမ်းတနား ဂုဏ်ပြုခဲ့သည်။) ထို့အပြင် အမေရိကန်နိုင်ငံ၌ နေထိုင်သည့် ၎င်း၏ ဆွေမျိုးများက သူ့အတွက် လိုအပ်သော အကူအညီများ၊ ငွေကြေးအထောက်အပံ့များ ပေးဆောင်ရန် အသင့်ဖြစ်ကြောင်း အမေရိကန်သို့ ပြောင်းရွှေ့ရန် ဂျာဖော့ရ်ကို ဖိတ်ခေါ်ခဲ့သည်။ ၎င်းတို့၏ အကူအညီဖြင့် အမေရိကန်နိုင်ငံသို့ ရွေ့ပြောင်းနေထိုင်ရန် ဂျာဖော့ရ်အတွက် အလွန်ပင် လွယ်ကူလှပေသည်။ သို့သော် ဂျာဖော့သည် သူ၏တောက်ပြောင်လှသော ဘဝ အနာဂတ်ကို မမက်မောဘဲ မိမိလူမျိုးနှင့် တိုင်းပြည်ကို စစ်အာဏာရှင်၏ မတရားနှိပ်စက်မှု ကွင်းပြင်မှ ကယ်ထုတ်ရေးကိုသာ သူ ဦးစားပေး ရွေးချယ်ခဲ့သည်။  

ရန်ကုန်မှ ပြန်လာပြီးနောက် ငယ်ချစ်ဆွေ ဘဝဖော် အရှရာဖ်ဇာမာန် ချောင်ဒရီ၏ သမီးနှင့် လက်ထပ်ထိမ်းမြှားခဲ့သည်။ ထို့နောက် ဂျာဖော့သည် အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့်  RIF ကိုယ်စားလှယ်အဖြစ် ပါကိစ္စတန်သို့ သွားရောက်ခဲ့သည်။

ပါကစ္စတန်နိုင်ငံ သမ္မတ အာယုပ်ခါန် နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၌ လူမျိုးရေးဖိနှိပ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို တင်ပြကာ စစ်အာဏာရှင် ဆန့ကျင်ရေးတွင် ပါဝင်လှုပ်ရှားနေသည့် မြန်မာနိုင်ငံသားများကို ကူညီရန် တောင်းဆိုခဲ့သည်။ ၁၉၈၉ ခုတွင် ဇာဖေါ့ရ်သည် နောင်ဘင်္ဂလားဒေ့ရှ် သမ္မတဖြစ်လာမည့် ဗိုလ်ချုပ် ဇီယာအူရာဟ်မာန်နှင့် တွေ့ဆုံကာ မြန်မာပြည်တွင် အာဏာရှင်နေဝင်းအစိုးရက ပြည်သူလူထုကို မတရားဖိနှိပ်ညှည်းပမ်းနေသည့် အကြောင်းစုံကို ဆွေးနွေးတင်ပြကာ ပါကစ္စတန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအာဏာရှင်ကို ဖိအားပေးရန် တောင်းဆိုခဲ့သည်။

ဂျာဖော့သည် အနုနည်းဖြင့် စစ်အာဏာရှင်ကို တော်လှန်ရာ၌ အောင်မြင်မှုမရရှိသဖြင့် ၁၉၇၁ ခုတွင် ဂျာဖော့ရ်သည် သူ၏ အာရ်အိုင်အဖ် အပေါင်းအဖော်များနှင့်အတူ ဇာဖေါရ်ဆားနီ၏ မူဂျာဟီဒ်ပါတီသို့ ဝင်ရောက်ကာ လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့သည်။ (မူဂျာဟိတ်ပါတီခေါင်းဆောင်နာမည်မှာလည်း ဇာဖေါရ်ဆာနီ ဖြစ်နေ၍ နာမည်ချင်းတူနေသဖြင့် ဂျာဖော့ရ်ကို ဘီအေ ဂျာဖော့ရ်ဟု ခွဲခွဲခြားခြား ခေါ်တွင်လာခဲ့သည်။) RIF အစီအစဥ်ဖြင့် မေယုရာရှစ် (ခ) ဘမောင်နှင့် မလဝီ ကဘီရ်တို့ကို ထိုင်းနိုင်ငံသို့ စေလွှတ်ကာ အာဏာရှင်နေဝင်းကို ဖြုတ်ချရန် ကြိုးပမ်းနေသည့် ဝန်ကြီးချုပ်ဟောင်း ဦးနုနှင့် တွေ့ဆုံတိုင်ပင်စေခဲ့သည်။

၁၉၇၃ ခု အစပိုင်းတွင် ကွန်မြူနစ်ပါတီနှင့် ဗမာစစ်တပ်တို့ ပူးပေါင်း၍ ဇာဖေါ့တို့၏ ရသေ့တောင်ဌာနချုပ်ကို အလစ်ငင်း တိုက်ခိုက်ခဲ့သည်။ ရခိုင်ကွန်မြူနစ်ပါတီသည် ဇာဖောရ်ဆားနီနှင့် မဟာမိတ်ဖွဲ့ထားသော အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ သို့သော် သစ္စာဖောက်၍ ဗမာစစ်တပ်နှင့် ပူးပေါင်းကာ မူဂျာဟိတ်အဖွဲ့ကို တိုက်ခိုက်လာခြင်းဖြစ်သည်။ တိုက်ပွဲသည် လနှင့်ချီ ကြာမြင့်ခဲ့သည်။ နှစ်ဖက် အကျအဆုံးလည်း များပြားခဲ့သည်။ အစပိုင်းတွင် ဇာဖာရ်တို့အဖွဲ့ တိုက်ပွဲအနိုင်ရခဲ့သော်လည်း နောက်ပိုင်းတွင် မြန်မာ့တပ်မတော်က အင်အားဖြည့် ထိုးစစ်ဆင်လာသောကြောင့် သူတို့၏ ခြေကုပ်ယူထားသည့်စခန်းများကို တစ်ခုပြီးတစ်ခု တဖြေးဖြေး ဆုပ်ခွာပေးခဲ့ရသည်။

မေယုတောင်တန်း တစ်နေရာတွင် ရိုက်ကူးထားသော RPF ခေါင်းဆောင် ဘီအေ ဂျာဖော့ရ်။ 


၁၉၇၃ ခုနှစ် အလယ်လောက်တွင် ဘီအေ ဂျာဖော့ရ်၊ ဇာဖေါရ်ဆာနီ နှင့် မေယုရာရှစ်တို့ သုံးပွင့်ဆိုင် ဆွေးနွေး၍ လက်ရှိ တော်လှန်အဖွဲ့ကို ခေတ်မီစစ်ဗျူဟာများနှင့်အညီ ပြုပြင်ပြောင်းလဲရန် အချိန်တန်ပြီ ဖြစ်ကြောင်း သုံးသပ်သဘောတူခဲ့သည်။

၁၉၇၃ ခု စက်တင်ဘာလ ၁၂ ရက်တွင် ဂျာဖေါ့ရ် ဦးဆောင်၍ Rohingya Patriotic Front ကို ဖွဲ့စည်းခဲ့သည်။ အဆိုပါအဖွဲ့တွင် ဇာဖေါ့ကို အဖွဲ့ခေါင်းဆောင်အဖြစ် တင်မြှောက်ခဲ့သည်။

၁၉၇၄ ခုတွင် နောက်ထပ် ပညာတတ်လူငယ်အချို့ ဂျာဖေါ့၏ အဖွဲ့သို့ သစ္စာရေသောက်ခဲ့သည်။ ထိုအဖွဲ့ ၌ နောင်တွင် တော်လှန်ရေးအဖွဲ့ခေါင်းဆောင် ဖြစ်လာမည့် ဆရာရှောဘီရ်ဟူစိန်း၊ ရှေ့နေနူရ်အစ္စလာမ်၊ ဒေါက်တာအီနုစ်နှင့် ပါမောက္ခ ခင်မောင် တို့ပါဝင်လာသည်။



၁၉၇၈ ခု အကြမ်းဖက် နဂါးမင်း စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာများကို ရမ်းကား မောင်းထုတ်ခဲ့သည့်အချိန်တွင် ဇာဖေါ့ရ်၏အဖွဲ့ တွင် လူငယ်များ ပူးပေါင်းလာကြသည်။ RPF သည် ယခင်ကထက် အင်အားကြီးထွားလာခဲ့သည်။ ဂျာဖော့သည် ၁၉၇၈ ခု အကြမ်းဖက် နဂါးမင်းစစ်ဆက်ရေး နောက်ကွယ်က အာဏာရှင်နေဝင်း၏ ယုတ်မာသည့် အကြံအစည်ကို ကမ္ဘာသိအောင် ကြိုးပမ်းလှုပ်ရှားခဲ့သည်။ Rohingyas' Outcry and Denands ၊ Genocide in Burma Against the Muslims of Arakan စာအုပ်၊ စာစောင်များ ထုတ်ဝေကာ ရိုဟင်ဂျာလူမျိုးအပေါ် စနစ်တကျ ဖိနှိပ်ချုပ်ချယ်သောင်းကျန်းလာမှုများ၊ ရိုဟင်ဂျာလူမျိုး၏ တောင်းဆိုချက်များကို ကမ္ဘာသိ ထုတ်ဖော်တင်ပြခဲ့သည်။  ကမ္ဘာလူ့အခွင့်အရေးကောင်စီအထိ အစီရင်ခံစာများပေးပို့ကာ ရိုဟင်ဂျာများ တရားမျှတမှုရရှိရေးအတွက်  ကြိုးပမ်းခဲ့သည်။ မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် ကမ္ဘာ့မူစလင်ကွန်ဖရင့်တွင် ကိုယ်စားလှယ်များ စေလွှတ်ခဲ့သည်။
RPF ၏ အစည်းအဝေးတစ်ခုတွင် တွေ့ရှိရသည့် အသက်ကြီးလာသော ခေါင်းဆောင် ဘီအေ ဂျာဖော့ရ်။ ပုံ- အင်တာနက်။
ဘီအေ ဂျာဖော့ရ်၏ ချစ်လှစွာသော ဇနီးကြင်ရာ။ ပုံ- အင်တာနက်။

၁၉၇၈ နောက်ပိုင်းတွင် ဂျာဖော့သည် ဆော်ဒီအရေးဗျားနိုင်ငံသို့ သွားရောက်ခဲ့သည်။ ဆော်ဒီ၌ ကမ္ဘာ့မူစလင်ခေါင်းဆောင်များ၊ ဖိလစ်ပိုင်မူစလင်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ ဆော်ဒီအရေးဗီယားမှ ပြန်လာသောအခါ RPF အဖွဲ့အတွင်း ပုန်ကန်မှုဖြစ်ပေါ်ခဲ့သည်။  သို့သော် ဂျာဖော့သည် စိတ်သဘောထားကွဲလွဲနေသူများကို ပြန်လည်စည်းရုံးနိုင်ခဲ့သည်။

RPF ပြန်လည်အားတင်းလာသည့်အချိန်တွင် ခေါင်းဆာင်ပိုင်နေရာအတွက် ထပ်မံပုန်ကန်မှုဖြစ်ပွားခဲ့သည်။ ဒု-ဥက္ကဌ ရှောဘီဟူစိန်း ခေါ် ဦးမောင်တင်က ဂျာဖော့ကို ဖြုတ်ချကာ ခေါင်းဆောင်နေရာကို သိမ်းယူခဲ့သည်။ ဂျဖောသည် သူ့အပေါ် သစ္စာရှိသော ရဲဘော်ရဲဖက်များကို စည်းရုံးကာ RPF ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ တပ်မှူးအဖြစ် ဒါလိလ်အမတ်ကို ခန့်အပ်ခဲ့သည်။
ခေါင်းဆောင်ကြီး ဘီအေ ဂျာဖော့ရ်၏ နောက်ဆုံး ခေါင်းချရာ နေရာ။ ပုံ- ခင်မောင်။


ဘီအေဂျာဖော့ ၏ ကိုယ်ကျိုးမဲ့ တော်လှန်ရေးလှုပ်ရှားမှ အနာဂတ်တွင် ရိုဟင်ဂျာလူမျိုးအတွက် အသက်သွေးစတေးမည့် တော်လှန်ရေးမျိုးစိတ်ကောင်း လူငယ်ပေါင်းများစွာကို မွေးထုတ်ပေးနိုင်ခဲ့သည်။ တော်လှန်ရေးခေါင်းဆောင်ကောင်းများ မွေးထုတ်ပေးခဲ့သည်။ ဂျာဖောသည် သူ၏အိပ်မက် "ရိုဟင်ဂျာလူမျိုးလွှတ်မြောက်ရေး"အတွက် ကြိုးပမ်းရင်း ၁၉၈၇ ခု နိုဝင်ဘာလ ၆ ရက်နေ့တွင် အိပ်မက် မဖြည့်ဆည်းနိုင်ဘဲ အသည်းရောင်ရောဂါဖြင့် ကွယ်လွန်ခဲ့လေသည်။ ဘီအေ ဂျာဖော့သည် နောက်ဆုံးထွက်သက်အထိ အမျိုးသားတော်လှန်ရေးကို သစ္စာရှိရှိ မနားတမ်းလုပ်ဆောင်ခဲ့သူဖြစ်သည်။ ရိုဟင်ဂျာတော်လှန်သမိုင်းတွင် ဘီအေ ဂျာဖောရ်သည် မမှိန်နိုင်သော ကြယ်စင်အဖြစ် ထာဝရ တောက်တောက်ပြောင်နေမည်တည်း။

လူထုဝဏ္ဏ
(၂၅-၈-၂၀၂၅)

ကိုးကား‐

Jilani, A. F. K. (1999). The Rohingyas of Arakan: Their Quest for Justice. Ahmed Jilani. Retrieved 22 March 2018.

Siddique, Muhammad.  (N.d). Akaabere Arakan. (Urdu Version).


Saturday, January 17, 2026

“အောက်သား” ဆိုတာ ဘယ်သူလဲ ?

 


“အောက်သား” ဆိုတာ ဘယ်သူလဲ ?


အောက်သား ဆိုသော အခေါ် အပြော စကားလုံးကို များစွာ ကြားဖူးပါသည်။ ရခိုင်လူမျိုးအများစု သုံးနှုန်းကြသည်။ အချို့က ထို စကားလုံးသည် မြန်မာလူမျိုးကို ရည်ညွှန်းခြင်းဟု ဆိုသည်။ အချို့က ဗမာဟု ဆိုသည်။ မဟုတ်ရေးချ မဟုတ်ပါ။ ထိုစကားလုံးသည် မြန်မာ / ဗမာကို ရည်ညွှန်းခြင်း လုံးဝ မဟုတ်ကြောင်းကို ကျမ်းကိုင်၍ ဆိုဝံ့ပါသည်။ ဘယ်ကျမ်းကို ကိုင်မှာလဲ ဆိုလျှင်တော့ ရခိုင်လူမျိုးများ ပြောသည့် စကား ဖြစ်၍ ရခိုင် ကျမ်းများကိုသာ ကိုင်စွဲရပါမည်။ ဤနေရာတွင် စာနှင့် ပေနှင့် အတိအကျ မှတ်တမ်း တင်ထားသော အချက်များကိုသာ စဉ်းစာမည် ဖြစ်ပြီး ဘာဘာ ပြောရေ၊ အဖိုးသျှင် ပြောရေ၊ အဘောင်သျှင် ပြောရေ ဆိုသည် များကို လုံးဝ ထည့်သွင်း စဉ်းစားမည် မဟုတ်ပါ။ ထိုစကားလုံးကို သေချာစွာ မသိသော လူတို့သည် ရှေးဟောင်း ရခိုင့်စာပီ တို့ကို သေချာစွာ မဖတ်ဖူး ကြသောကြောင့် ဖြစ်ပါသည်။

ရာဇဝင် သမိုင်းအကြောင်း ဖတ်မည်ဆိုလျှင် “သမားဆို အိုမှ” ဟူသော အယူအဆကို နှစ်သက်ပါသည်။ ရာဇဝင်ကျမ်း တခုသည် ရှေးကျလေ၊ ပုံနှိပ်မူ စောလေ ပိုကောင်းလေ ဟု ယူဆပါသည်။ အဘယ်ကြော်င့် ဆိုသော် ယခုခေတ်တွင် သမိုင်း အတုလုပ်လိုသူများ ပေါများလာသောကြောင့် ဖြစ်ပါသည်။ AI ကို ရေးခိုင်းကာ သက္ကရာဇ် အတု၊ ရာဇဝင်အတုများ ဖန်တီးနေသူများကိုလည်း ဝမ်းနည်းဖွယ် တွေ့ရပါသည်။ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကိုယ့်အဘိုးအဘွားများ မမွေးဖွားခင် နှစ်ပေါင်းများစွာက ရှိခဲ့သော သမိုင်းကျမ်းများကို စာလုံးပေါင်းများ ပြင်ဆင်ခြင်း၊ စာပိုဒ် အချို့ကို ဖြုတ်ပစ်ခြင်းများကား မလုပ်သင့် မလုပ်ထိုက်သော အပြုအမူ များပါပေ။ မှားလျှင် မှားသော နေရာများကိုသာ အထောက်အထားနှင့် ပြောဆိုသင့်သည်။ သမိုင်း မရှိခြင်းသည် ရှက်စရာ မဟုတ်ပါ၊ အတုများ ဖန်တီးခြင်း သည်သာ ရှက်စရာ ဖြစ်ပါသည်။ ထို့ကြောင့် သက္ကရာဇ် ၂၀၀၀ နောက်ပိုင်းတွင် ရေးသော သမိုင်းစာအုပ်များကို ကိုးကား မပါလျှင် မယုံကြည်ပါ။ ဤကား စကားချပ် ဖြစ်ပါသည်။




ရခိုင် ရာဇဝင် ကျမ်းများကို အားလုံး မဖတ်ဖူးသော်လည်း အတော် အတန်တော့ ဖတ်ရှုဖူးပါသည်။ ကိုယ်ပိုင် အယူအဆ အရမူ မြန်မာ ပြီးလျှင် ရာဇဝင် သမိုင်းကျမ်း အများဆုံး ရေးသားခဲ့သော လူမျိုး ဖြစ်သည်။ အောက်သား ဟူသော အသုံးအနှုန်းကို အခြား ရာဇဝင်ကျမ်း များတွင် မတွေ့ရ၊ အစောဆုံး တွေ့ရသော ရာဇဝင် ကျမ်းမှာ “မဟာ ဝိဟိံက ရခိုင် ရာဇဝင် မော်ကွန်း လင်္ကာ” ဖြစ်သည်။ ၁၇၈၄ ပတ်ဝန်းကျင်တွင် ရေးသားခဲ့သည် ဟု အဆိုရှိသည်။ ရေးသားသူမှာ ဒွါရဝတီ ဆရာကျော်မဲ ဖြစ်သည်။ နာမည်ကျော် ငမည်းရာဇဝင် ဆိုသည်မှာလည်း ထို ပုဂ္ဂိုလ်ကြီး ရေးသား ပြုစုသော ရာဇဝင် ဖြစ်မည်ဟု ယူဆပါသည်။ မဟာဝိဟိံက ရခိုင် ရာဇဝင် လင်္ကာမှာ စုစုပေါင်း ၄၉ ပိုဒ် ရှိပြီး ကာရန်လည်းမိ၊ ရခိုင် အသုံးအနှုန်း များကိုလည်း သုံးစွဲထားသည်။ ရေးသားပုံမှာ အတော် အဆင့်အတန်း မြင့်ပြီး ခုခေတ်လူများ တုပ ရေးသားဖို့ မလွယ်ဟု ယူဆပါသည်။

ထို ရာဇဝင် လင်္ကာ အပိုဒ်ရေ ၄၂ တွင် “မချို့ရန်ပွား၊ တိုင်းကားနိုင်ငံ၊ ပြည်ပုဂ္ဂံက၊ နန်းစံစိုးပေ၊ မြန်မင်းဆွေလျှင်၊ ဗိုလ်ခြေများစွာ၊ ချီ၍လာလျှက်” ဟု ရေးသားထားပါသည်။ ထိုနှစ်ကား မြန်မာဘုရင် မင်းခေါင်က ရခိုင်သို့ ချီတက် တိုက်ခိုက်သောနှစ် ဖြစ်ပါသည်။ မင်းဆွေ ဆိုသည်မှာ ဘုရင်မင်းခေါင်၏ ငယ်နာမည် ဖြစ်ပါသည်။ “မြန်မင်းဆွေ” ဟု ရေးသား ထားသည်ကို သတိပြုပါ။ မြန်မာ မင်းဆွေ ဟု ဆိုလိုဟန် ရှိသည်။ အောက်မင်းဆွေ ဟု လုံးဝ ရေးမသွားသည်ကို သတိပြုရမည်။ ထိုစာပိုဒ်မှာပင် “အယူရိုင်းစိုင်း၊ တလိုင်းမောင်ခွင်၊ တနှစ်ပင်တည်း” ဟု ရေးသား ထားပြန်သည်။ ထိုစာမှာ ဘုရင်မင်းခေါင်၏ တပ်တို့ ပြန်သွားသော် ရာဇာဓိရာဇ်က လာရောက် တိုက်ခိုက်ပြီး မောင်ခွင် ဟူသော တလိုင်းအမတ်ကို မြို့စောင့် ခန့်သည့် အကြောင်း ဖြစ်သည်။ ဤအကြောင်းကို ရခိုင်ရာဇဝင်သစ်ကျမ်း ဒုတိယတွဲ စာမျက်နှာ ၁၀ တွင် ဖတ်ရှုနိုင်ပါသည်။ မူရင်း ရခိုင် ရာဇဝင်မှာပင် တလိုင်းမင်း၊ တလိုင်းအမတ်ဟု ရေးသားထားပါသည်။ အယူရိုင်းစိုင်း၊ တလိုင်းမောင်ခွင် ဆိုသူမှာ ထိုအမတ်ပင်တည်း။ ထိုစာပိုဒ်၏ အောက်ဆုံးတွင် “အောက်သားတလိုင်း၊ အယူရိုင်းရို့၊ ပြိုင်ခိုင်းတိုက်ခါ၊ ဟိသောခါဝယ်၊ ရာဇာစောမွန်၊ ရောက်လာပြန်သော်” ဟူ၍ ရေးသားထားပြန်သည်။ တလိုင်းလူမျိုး ဆိုသည်ကို အောက်သားဟု ရေးသွားသည်။

ဆက်လက်၍ အပိုဒ်ရေ ၄၇ တွင် “ဧကာဧက၊ ထိုကာလဝယ်၊ အင်းဝခေါ်ထ၊ ပြည်ဌာနက၊ ဒေါသရန်ပွား၊ ပျူအောက်သားရို့၊ ခိုက်ပွားရန်ရှာ၊ တိုက်ဖျက်လာ၍” ဟု ရေးသား ထားသည်။ ထို သက္ကရာဇ်မှာ ဘိုးတော်ဘုရား ဗဒုံမင်းက ရခိုင်ကို ချီတက် တိုက်ခိုက်သော နှစ် ဖြစ်ပါသည်။ “ဒေါသရန်ပွား၊ ပျူအောက်သားရို့” ဟု သုံးနှုန်း သွားပါသည်။ ကြည့်ရသည်မှာ ဘိုးတော်ဦးဝိုင်းက ပျူစစ်တပ်များကို သီးသန့် စေလွှတ်လိုက်ဟန် တူသည်။ ကုန်းဘောင်ခေတ် အလယ်လောက်အထိ ပျူများ တပ်မကြီးများ ဖွဲ့စည်းကာ စစ်ဆင်နိုင်သည် အထိ အများအပြား ရှိနေကြောင်း သိရသည်။ ပျူများကို အောက်သား ဟူ၍ သုံးနှုန်းသွားပြန်သည်။

ဆက်လက်ပြီး အပိုဒ်ရေ ၄၈ တွင် “များစွာခွတ်ထစ်၊ သတ်၍ပစ်လျှက်၊ အချစ်ဝါဿနာ၊ မဟိပါငြား၊ ပျူအောက်သားသည်၊ စကားမုသားဝါဒီတည်း” ဟု ရေးသား ထားပြန်သည်။ ဘိုးတော်ဘုရား၏ ပျူ စစ်တပ်တို့သည် ခြေလွန်လက်လွန် လုပ်ခဲ့ကြသည်ဟု ရေးသားထားသည်။ မြန်မာဟု လုံးဝမရေး၊ ဗမာဟုလည်း မရေး ခြေလွန်လက်လွန် ပြုမူသူများမှာ အောက်သား ပျူများ ဖြစ်သည်ဟု ရေးသားသည်။ ပျူများသည် ထို ကိစ္စများကို လုပ်အပြီးတွင် သမိုင်းထဲမှ လုံးဝ ပျောက်သွားခဲ့ကြသည်။ ယနေ့ခေတ်တွင် မျိုးတုံးသွားပြီဟု တိုင်းရင်းသား အားလုံးနီးပါး လက်ခံထား၍ လိုက်ရှာရန်လည်း မဖြစ်နိုင်တော့ပါ။ မြန်မာ/ ဗမာ နှင့် ပျူ လုံးဝ မတူပါ ဆိုသည်ကို တိုင်းရင်းသား အားလုံး ဝိုင်းပြောနေသောကိစ္စဖြစ်၍ အထူး ပြောဖို့ မလိုတော့ဟု ယူဆပါသည်။ တိုင်းရင်းသားတို့ ပြောသည်ကို ထည့်သွင်း စဉ်းစားပေးရပါမည်။ မြောက်ဦး ကိစ္စကို တရားခံ ရှာလိုလျှင် မြန်မာများကို ရှာရန်မဟုတ်၊ ပျောက်ကွယ်သွားပြီ ဆိုသော ပျူလူမျိုးများကိုသာ တွေ့အောင် ရှာရပါတော့မည်။


ဒေးဝန်းကြီး အောင်ကျော်ရွီး ရေးသော ကိုယ်တွေ့ ရခိုင်ပြည်သိမ်း မှတ်တမ်းတွင်မူ အပိုဒ်ရေ ၁၂ တွင် “ယင်းသောခါမြို့ဝန်ကား၊ ရဲစက်ကေသည်၊ ထိုဝယ်သျှမ်းအောက်သားသည်၊ ကြောက်ဝှန်ငြားမကြံသာ၊ ကိုယ့်မယားကို၊ လက်ဖျားဆွဲကိုင်လျှက်” ဟု ရေးသား ထားသည်။ သျှမ်းလူမျိုးကို အောက်သားဟု ရေးသား ထားပြန်သည်။ ဒေးဝန်းကြီး အောင်ကျော်ရွှီး ဆိုသူမှာ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲတွင် အင်္ဂလိပ်ဖက်မှ ပါဝင် တိုက်ခိုက်ခဲ့သူ ဖြစ်သည်။ ပထမစစ်ပွဲတွင် ရှမ်းလူမျိုး အများအပြားက မြန်မာဘုရင်ဖက်မှ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ရခိုင်လူမျိုးများက အင်္ဂလိပ်ဖက်မှ ဝင်ရောက် တိုက်ခိုက်ခဲ့ကြသည်။ ဝက်ထီးကန် တိုက်ပွဲတွင် သျှမ်း အမျိုးသမီး စစ်ဗိုလ် ၃ ဦး ပါဝင်တိုက်ခိုက်ခဲ့သည်မှာ အင်္ဂလိပ် စစ်မှတ်တမ်းများတွင်ပါ ချီးကျူးရပါသည်။ ၂ ဦးမှာ တိုက်ပွဲတွင် ပြောင်မြောက်စွာ ကျဆုံး ရှာသည်။ ထိုကြောင့် ရခိုင်တပ်နှင့် ရှမ်းတပ် အချို့ တိုက်ပွဲတွင် ရင်ဆိုင် မိကြဟန်တူသည်။ ထို့ကြောင့် သျှမ်း လူမျိုးများပါ တောင်ပေါ်တွင် နေသူများ ဖြစ်ပါလျှက် အောက်သားဘွဲ့ ရသွာဟန် တူသည်။ ဒေးဝန်းကြီး အောင်ကျော်ရွှီး၏ မှတ်တမ်းမှာ ဆရာကျော်မဲထက် များစွာ နောက်ကျပြီး အဆင့်လည်း မမြင့်လှပါ။ ထို သျှမ်းလူမျိုး လင်မယား နှစ်ဦးအား သူ သတ်ပစ်လိုက်ကြောင်း ရေးထားသည်မှာ စိတ်မချမ်းမြေ့ဖွယ် ဖြစ်နေပါသည်။
ယခု အထောက်အထားများကို ကြည့်လျှင် အောက်သား ဟူသည်မှာ လူမျိုး တမျိုးတည်းကို ခေါ်သည် မဟုတ်ကြောင်း တွေ့ရပေလိမ့်မည်။ တလိုင်းလည်း အောက်သား၊ သျှမ်းလည်း အောက်သား၊ မြန်မာလည်း အောက်သား၊ ပျူလည်း အောက်သား ဖြစ်နေကြောင်း တွေ့ရသည်။ ထူးခြားသည်မှာ ထိုလူမျိုးများ အားလုံးသည် ရခိုင်ပြည်ကို ဝင်ရောက်တိုက်ခိုက်ချိန်တွင် အောက်သားဘွဲ့ကို ရသွားကြကြောင်း တွေ့ရသည်။ အမေရိကန် လာတိုက်လည်း အောက်သားထရမ့် ဟူသော ဘွဲ့ ရသွားပေလိမ့်မည်။

ထို့ကြောင့် လူမျိုးတမျိုးသည် အောက်သားဘွဲ့ ရလိုပါက ရခိုင် လူမျိုးတို့နှင့် တိုက်ခိုက်ရန် လိုသည်ဟုသာ ယူဆမိပါတော့သည်။ အထောက်အထားများကို သေချာစွာ သိမ်းစေလိုပါသည်။ ယခုခေတ်တွင် တချို့ မရိုးသားသူတို့သည် ရှေးစာပေအထောက်အထားများကို ဖျက်ဆီးလေ့ ရှိသည်ဟု ကြားရသောကြောင့် ဖြစ်ပါသည်။

— စံလှကြီး

(မင်းသစ် FB ပို့စ်မှ ကူးယူ)



Friday, January 16, 2026

အနောက်တံခါးက ကျူးကျော် ရခိုင်ရွာသစ်များ

 
ဓာတ်ပုံ - ကိုးတန်ကောက်အနီးက ရခိုင်ရွာသစ်။ (၂၀၁၈ ဇန်နဝါရီ ၇)


၂၀၁၈ မှာ မောင်တော ခရီးစဉ်သွားတော့ အင်းဒင်၊ ကြိမ်ချောင်း၊ ကိုးတန်ကောက် စတဲ့ ရွာတွေကို ပြန်ရောက်တယ်။ အဲ့ဒီမှာ ကိုးတန်းကောက်ရွာနားမှာ ရွာသစ်တရွာ တည်နေတာ တွေ့ရတယ်။ ပါလာတဲ့သတင်းထောက်တွေက ကားပေါ်ကဆင်းပြီး စနည်းနာကြတာပေါ့။

သွပ်မိုး ထရံကာ၊ သုံးထပ်သားကာတဲ့ အိမ်ခြေ ၂၀ လောက် အသစ်ဆောက်နေတာ တွေ့တယ်။ ဒီရွာသစ်နဲ့ မနီးမဝေးမှာတော့ မီးရှို့ခံထားရဲ့ မွတ်ဆလင်ရွာတွေ ရှိတယ်။ ဘူဒိုဇာနဲ့ထိုးပြီး ရှင်းလင်းရေးလုပ်နေတာ ရှိတယ်။

ဒီရွာသစ်ထဲ ရောက်လာကြတဲ့လူတွေက ရခိုင်လူမျိုးတွေ၊ ဒါပေမဲ့ မောင်တော စစ်တွေ ရသေ့တောင် ဒေသခံတွေ မဟုတ်ကြဘူး။ ကျနော် ဒါကို သတိထားမိတာက စကားပြောတဲ့ လေသံ။ အဲ့ဒါနဲ့ တွေ့တဲ့လူတွေကို မေးကြည့်တော့ အများစုက သံတွဲ၊ ဆင်ခေါင်းရွာဘက်က လူတွေဖြစ်နေတယ်။ တောင်နဲ့မြောက် အဝေးကြီး။

ဆင်ခေါင်းရွာဆိုတာ ၂၀၂၄ ဇွန်လတုန်းက စစ်တပ်က ဗုံးကြဲလို့ လူ အနည်းဆုံး ၆၀ ကျော် သေဆုံးခဲ့တဲ့ ငါးဖမ်းဇုန်ရှိတဲ့ ရွာကြီး။ တချို့လည်း ဂျိတ္တော၊ လင်းသာဘက်ကလူတွေပါတယ်။ ဂျိတ္တော၊ လင်းသာဆိုတာ သံတွဲ ငပလီနားက ရေလုပ်ငန်းလုပ်ကြတဲ့ ရွာကြီးတွေ။ ရောက်လာတဲ့လူအများစုက ချို့တဲ့ကြတယ်၊ ကလေးတွေကို မေးတော့ အသက် ၇ နှစ် ၈ နှစ်တွေ၊ ကျောင်းမနေဖူးကြဘူး။

ဒီလူတွေ ဘယ်လိုလုပ်ပြီး ဒီနေရာတွေကို ရောက်လာကြတာလဲ။

အစ္စရေး အနောက်ဘက်ကမ်းမှာ ပါလက်စတိုင်းတွေပိုင်တဲ့ မြေနေရာတွေကို ဂျူးတွေက ဝင်စီး၊ မောင်းထုတ်တာကို Fauda ဆိုတဲ့ ဇာတ်ကားထဲ ပထမဆုံး ကြည့်ဖူးတယ်။

ဒီဇာတ်ကားက ၂၀၁၅ တုန်းက စရိုက်ခဲ့တာ။ ဒီဆီးရီးကို အစ္စရေးရဲ့ ဝါဒဖြန့်ချိရေးလို့ ဝေဖန်ကြပါတယ်။ ပြောရရင် ရခိုင်မှာ တကယ့်ပြဿနာတွေ မစသေးတဲ့အချိန်ပေါ့။ အစ္စရေး-ပါလက်စတိုင်းအရေးကလည်း ခုလိုမျိုး ကမ္ဘာ့စာမျက်နှာပေါ် အုံးအုံးကြွက်ကြွက် မဖြစ်သေးဘူး။

ဒီအကြောင်း လိုက်ရှာဖတ်တော့ အဲ့ဒီလူတွေနဲ့ပတ်သက်တဲ့အကြောင်းအရာက အတော်ရှုပ်ရှုပ်ထွေးထွေး ဖတ်ရတယ်။ အစ္စရေးအစိုးရက ခွင့်ပြုထားတဲ့ နယ်မြေလုသူတွေရော၊ ခွင့်မပြုဘဲ ထင်ရားစိုင်းနေတဲ့ နယ်မြေခံတွေရော။ အမျိုးသားရေးသမားတွေက အစိုးရကို အကြပ်ကိုင်တာတွေကြောင့် ဥပဒေစိုးမိုးရေးနဲ့ အမျိုးသားရေးကြားမှာ ဗျာများနေတာတွေရော စုံလို့။

ဒီ နယ်မြေလုသူတွေဟာ ခုချိန်ထိ အနောက်ဘက်ကမ်းမှာ မထူးတော့တဲ့ သတင်း၊ မထူးတော့တဲ့ အကြောင်းအရာ ဖြစ်နေပါပြီ။ ဘယ်အချိန် သတင်းဖတ်ဖတ် new settlements in west bank ဆိုတဲ့ သတင်းတွေကို အမြဲဖတ်ရဆဲပါပဲ။

ရခိုင် မောင်တောက အပြန် ဒီအကြောင်းကို Forsaken at the ‘western gate’ ဆိုပြီး Frontier Myanmar မှာ ကျနော် ဆောင်းပါးရေးခဲ့ပါတယ်။

ရခိုင်တောင်ပိုင်းက လူတွေကို မြောက်ပိုင်းက ရွာသစ်တွေဆီ ပို့တာက 'အနောက်ဘက်တံခါး ကာကွယ်ရေး' ဆိုတဲ့အဖွဲ့ပါ။ ဒီအဖွဲ့က သံတွဲ၊ ဆင်ခေါင်း၊ ဂျိတ္တော လင်းသာဘက်က ဆင်းရဲချို့တဲ့တဲ့ မိသားစုတွေကို 'အိမ်နေရာပေးမယ်၊ မြေနေရာပေးမယ်၊ စားသောက်စရိတ် ထောက်ပံ့ပေးမယ်' လို့ ကတိပေးပြီး ခေါ်ခဲ့တာ ဖြစ်ပါတယ်။ အများစုက အဲ့ဒီသတင်းကို Viber ကနေတဆင့် သိရတာလို့ ဆိုတယ်။

အဲ့ဒီတုန်းက သိရတဲ့စာရင်းအရ အိမ်ထောင်စု ၅၀ လောက်ရှိမယ်။ ထပ်လည်း လာအုန်းမယ်လို့ သူတို့က ပြောတယ်။ အားလုံး ကတိပေးပြီး ခေါ်လာပေမဲ့ ဒီရောက်တော့ လူအုပ်ကြီး ဒုက္ခရောက်ကြတယ်။ အဓိကကတော့ ဘယ်ကစပြီး လုပ်ကိုင်စားသောက်ရမှန်း မသိကြတာပါ။

ဆန်ပေးတယ်၊ ဆီးပေးတယ်၊ အိမ်ပေးတယ်ဆိုပေမဲ့ ပိုက်ဆံ တပြားမှ မရှိတော့ လှေမဝယ်နိုင်ဘူး။ လှေမရှိတော့ ရေထဲ မဆင်းနိုင်ဘူး။ နောက်ဆုံး လှေရှိရင်တောင် ရေကြောနားမလည်တော့ ဘယ်နေရာမှာ ငါးရတယ်ဆိုတာ မသိဘူး။

ရခိုင်မှာ ရွာမှာနေကြသူအများစုထဲ တော်ရုံလူက တောင်တက် မျှစ်ချိုး၊ ကြိမ်ခုတ်တော့ တတ်ကြတာချည်း။ ဒါပေမဲ့ ဒီလူအုပ်ကြီးဟာ သူ့နောက်မှာ မေယုတောင်ကြောကြီးရှိပေမဲ့ တော မကျွမ်းတော့ ဘယ်နေရာမှာ ထင်းခုတ်ရမယ်ဆိုတာတောင် မသိကြဘူး။

အဲ့ဒီတုန်းက ဝန်ကြီးချုပ် ဦးညီပုကို ကျနော် ဒီကိစ္စမေးပါတယ်။ ဒီလူအုပ်ကြီးကို ခေါ်ချလာတဲ့လူတွေကို ဘယ်သူက ခွင့်ပြုတာလဲဆိုတဲ့ကိစ္စပါ။ ဦးညီပုမှာလည်း တိကျတဲ့အဖြေ မရှိပါဘူး။

နောက်ပိုင်းတော့ ဒီလူအုပ်ကြီး သတင်း မကြားရတော့ပါဘူး။ တချို့လည်း သူ့တို့ဇာတိ ဆင်ခေါင်း ဂျိတ္တော ပြန်သွားကြတယ်လို့ ဆိုတယ်။ တချို့လည်း စစ်တွေမှာ ကျဘမ်းလုပ်နေကြတယ်ဆိုတယ်။

'အနောက်ဘက်တံခါး ကာကွယ်ရေးအဖွဲ့' အတွက်တော့ ဒီစီမံကိန်းက အထ မမြောက်လိုက်တဲ့ စီမံကိန်းတခုလို့ ဆိုမလား မပြောတတ်ပါ။ ဒါပေမဲ့ ဒီ ရခိုင် မိသားစုများစွာကတော့ အမျိုးသားရေး လှုပ်ရှားမှုတခုအောက်မှာ လူမသိ သူမသိ အသုံးချခံလိုက်ရတယ် ဆိုတာကိုတော့ ငြင်းလို့ မရပါဘူး။

မြတ်ကျော်သူ

ဓာတ်ပုံ - ကိုးတန်ကောက်အနီးက ရခိုင်ရွာသစ်။ (၂၀၁၈ ဇန်နဝါရီ ၇)

#January 16, 2029 (Myat Kyaw Thu's FB post)

Sunday, September 7, 2025

ချင်းတော်လှန်ရေးခေါင်းဆောင် ကြွမ်ဘိ

ချင်းတော်လှန်ရေးခေါင်းဆောင် ကြွမ်ဘိ။


ချင်းတော်လှန်ရေးခေါင်းဆောင် ကြွမ်ဘိ


ချင်းတော်လှန်ရေးခေါင်းဆောင် ကြွမ်ဘိ (Cawn Bik) သည် ဗြိတိသျှကိုလိုနီစနစ်ကို တိုက်ခိုက်ခဲ့သော ချင်းလူမျိုး မျိုးချစ်ခေါင်းဆောင်တစ်ဦးဖြစ်သည်။ သူ၏ စွန့်လွှတ် အနစ်နာခံမှုများနှင့် ခေါင်းဆောင်မှုသည် ချင်းလူမျိုးတို့၏ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်မှုသမိုင်းတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ 

ကြွမ်ဘိကို ၁၈၃၄ ခုနှစ်တွင် ချင်းတောင်တန်း၊ ဖလမ်းနယ်၊ တာစွန်းရွာ၌ ဖခင် တာစွန်းချင်းမျိုးနွယ်ခေါင်းဆောင် ဦးကိပ်ဘိတ် နှင့် မိခင် ဒေါ်ဇတိလ် တို့မှ မွေးဖွားခဲ့သည်။

အသက် ၂၂ နှစ်အရွယ်တွင် ဖခင်၏ အရိုက်အရာကို ဆက်ခံကာ တာစွန်းချင်းမျိုးနွယ်စုတို့၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။

ကြွမ်ဘိသည် ဟောက်မန်း၊ ဆွန်အွန်၊ ကိမ်းလန်း အစရှိသည့် ချင်းတိုင်းရင်းသားခေါင်းဆောင်များနှင့် ပူးပေါင်း၍ ဗြိတိသျှတပ်များကို ခုခံတိုက်ခိုက်ခဲ့သည်။

ထို့အပြင် ပုဂံ၊ မြင်းခြံနယ်မှ ဆုတ်ခွာလာသော ရွှေချိုး ဖြူမင်းသားနှင့်လည်း ပူးပေါင်းကာ တိုက်ပွဲဝင်ခဲ့သည်။


ဗြိတိသျှတို့သည် ချင်းတော်လှန်ရေးခေါင်းဆောင် ကြွမ်ဘိကို ဖမ်းဆီးနိုင်ခြင်းမရှိသောအခါ ၎င်း၏သားဖြစ်သူ ဗန်မွန်း (ဗန်မှုန်း) အား မတရားဖမ်းဆီးခဲ့သည်။

ဗန်မွန်းက ဖခင်ဖြစ်သူ ကြွမ်ဘိအား လွတ်ငြိမ်းချမ်းသာခွင့်ပေးပါက ချင်းတိုင်းရင်းသားများ လက်နက်ချမည်ဟု ဗြိတိသျှတို့အား ကတိပေးခဲ့သည်။

ဗြိတိသျှတို့က ထိုကတိကို လက်ခံခဲ့သဖြင့် ကြွမ်ဘိ၏ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှု ရပ်တန့်ခဲ့ရသည်။

ကြွမ်ဘိတွင် ဒေါ်ကိန်းကြွယ်နှင့် အခြားဇနီးတစ်ဦးရှိပြီး သားသမီး ၆ ဦး ထွန်းကားခဲ့သည်။ သားသမီးများအနက် ဗန်မွန်း (ဗန်မှုန်း) သည် အထင်ရှားဆုံးဖြစ်သည်။

ကြွမ်ဘိသည် ၁၉၁၀ ပြည့်နှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် အသက် ၇၆ နှစ်အရွယ်၌ ကွယ်လွန်ခဲ့သည်။

၎င်း၏ ကွယ်လွန်သည့် ရက်စွဲနှင့်ပတ်သက်၍ မူကွဲများ ရှိသည်။

အင်္ဂလိပ်မှတ်တမ်းများတွင် ၎င်းကို Cawn Bik (ကြွမ် ဘိ) သို့မဟုတ် Sonpek ဟု ဖော်ပြထားသောကြောင့် ဗိုလ်ဆွန်ပက် အမည်ဖြင့် လူသိများသည်။


ချင်းတော်လှန်ရေးခေါင်းဆောင် ကြွမ်ဘိကို ဂုဏ်ပြုသောအနေဖြင့် ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်ရှိ လမ်း ၃၀ နှင့် လမ်း ၃၁ ကြားလမ်းကို ဗိုလ်ဆွန်ပက်လမ်းဟု ဂုဏ်ပြုအမည်ပေးထားသည်။

ကြွမ်ဘိ (ဗိုလ်ဆွန်ပက်) သည် ဗြိတိသျှကိုလိုနီစနစ်ကို တော်လှန်ခဲ့သော ချင်းလူမျိုးများ၏ ခေါင်းဆောင်တစ်ဦးအဖြစ် သမိုင်းတွင် မှတ်တမ်းတင်ခံခဲ့ရသည်။ သူ၏ စွန့်လွှတ် အနစ်နာခံမှုများနှင့် ခေါင်းဆောင်မှုသည် နောက်လာမည့် မျိုးဆက်သစ်များအတွက် စံနမူနာတစ်ရပ်အဖြစ် ကျန်ရစ်ခဲ့သည်။

#RK

Monday, April 14, 2025

လူမျိုး ၁၀၁ ပါး



 လူမျိုး ၁၀၁ ပါး

ဆရာခင်ဗျား နံပါတ် ၄ လူမျိုးက ဘာလူမျိုးလဲ၊ ကမ်းယံကရော ယနေ့ဘာလူမျိုးလဲ ပျောက်ကွယ်သွားပြီလား။ ရှာဖတ်ရပါဦးမယ်။

(၁)
မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း ဒုတိယပိုင်း
၁။ ဗြဟ္မာသက် - မြန်မာသက် - မြန်မာကြီး - မြန်မာ - မြန်မာ
၂။ ရခိုင် - ရခိုင် - မြန်မာငယ် - ရခိုင် - ရခိုင်
၃။ ထားဝယ် - ထားဝယ် - ထားဝယ် - ထားဝယ်
၄။ ပြရယ် - ပြော့ - ပရယ် - မြုံ - ဘရသ်
၅။ တောင်သူ - တောင်သူ - တောင်သူ - တောင်သူ
၆။ မြုံသက် - ပြူသက် - ပြူ - ပြော့
၇။ ကမ်းယံ - ကမ်းယံ  - ကမ်းယံ  - ကမ်းယံ
မြန်မာကြီးဆိုသည်ကား ရခိုင်။
မြန်မာငယ်ဆိုသည်ကား ပြူ။
သက်မျိုး ၃ စားကွဲပြားသည်။
ကူးရေတာ လွဲနေပါက ကျွန်တော့တာဝန်သာဖြစ်ပါသည်။

(၂)
(ဝီကီပီးဒီးယား မှ)
မြန်မာ ၇-မျိုး
ကမ်းယံ
တောင်သူ (တောင်သား)
ထားဝယ်
ပြော့
ဘရသီ
မြန်မာ
ရခိုင်တို့ ဖြစ်ကြသည်။


(၃)
လူမျိုး ၁၀၁ ပါး (lumyochit)
မြန်မသတ္တ (၇)၊ မွန်လေးဝ (၄)၊ ရှမ်းသုံးဆယ် (၃၀)၊ခြောက်ဆယ်ကုလား (၆၀) လူမျိုးတရာ့တပါး။

မြန်မာ(၇)မျိုး
၁။ မြန်မာ၊ ၂။ ရခိုင်၊ ၃။ ပရယ်၊ ၄။ တောင်သူ၊ ၅။ ပြူ (ပျူ)၊ ၆။ ကမ်းယံ၊ ၇။ ယောတမျိုး။

(၄)
လူမျိုး ၁၀၁ ပါး (ပုဂံမူ) လည်း ရှိသေးတယ်။

(၅)
ကမ်းယံလူမျိုး

အာရှတိုက် အလယ်ပိုင်းတွင် နေထိုင်ကြသော မွန်ဂိုလူမျိုးတို့သည် မိမိတို့ဒေသ၌ အစာရေစာ ရှားပါးသဖြင့် ရှေးနှစ်ပေါင်းများစွာကပင် တောင်ဘက်သို့ တသုတ်ပြီးတသုတ် ပြောင်းရွှေ့လာကြရာ မြန်မာနိုင်ငံသို့ ရှေးဦးစွာ ဝင်လာသူများမှာ တိဘက်-မြန်မာလူမျိုးများ ဖြစ်ကြသည်။

သူတို့သည် အရှေ့ဘက်လမ်း၊ အနောက်ဘက်လမ်းဟူ၍ လမ်းနှစ်သွယ်ဖြင့် ဝင်ရောက်လာကြသည်။ အရှေ့ဘက်လမ်းဖြင့် ဝင်ရောက်လာသူသည် မဲခေါင်မြစ်ကြောင်း၊ သံလွင်မြစ်ကြောင်း တို့ဖြင့် ဝင်ရောက်လာကြသည်။ အနောက်ဘက်လမ်းဖြင့် ဝင်ရောက်လာသူတို့အနက် အချို့မှာ ဒီဟောင်းခေါ် ဗြဟ္မပုတ္တရမြစ်ဝှမ်းအတိုင်း ဆင်းလာကြပြီးလျှင် အာသံနယ်၌ မြို့ပြ တည်ထောင်နေထိုင်ကြသည်။ အချို့မှာ ဧရာဝတီမြစ်ကြောင်း၊ ချင်းတွင်းမြစ်ကြောင်းတို့ဖြင့် ဝင်ရောက်လာကြသည်။ ဤသို့ဖြင့် သူတို့သည် ဗြဟ္မပုတ္တရမြစ်နှင့် ဧရာဝတီမြစ်များအကြားရှိ ရေဝေကုန်းတန်းကြီးတွင် မှီတင်းနေထိုင်လာကြရာ နောင်ကာလ ကြာမြင့်သော် တောင်ဘက်သို့ ပြန့်နှံ့လျက် နေထိုင်ကြလေသည်။

တိဘက်-မြန်မာတို့သည် မြန်မာနိုင်ငံတွင်းသို့ ရောက်လာသောအခါ ပျူ၊ ကမ်းယံ၊ သက်ဟူ၍ အမျိုးသုံးစား ကွဲပြားခဲ့သည်။ ဧရာဝတီမြစ်ကမ်းတလျှောက်တွင် ပျူတို့မြို့ပြ တည်ထောင်နေထိုင်ကြသည်။ အနောက်ရိုးမတလျှောက်ဖြစ်သော တောင်ကုန်းဒေသများတွင် နေထိုင်သူများကို သက်ဟု ခေါ်တွင်သည်။ အနောက်ရိုးမ၏ တောင်ဘက်စွန်းဖြစ်သော ရခိုင်ရိုးမနှင့် ဘင်္ဂလားအော်အကြားရှိ ပင်လယ်ကမ်းခြေ အရပ်ဒေသတွင် နေထိုင်ကြသူများကို ကမ်းယံဟု ခေါ်ကြသည်။ ကာလကြာမြင့်သော် ပျူတို့သည် ကွယ်ပျောက်၍ မြန်မာအစု တွင် ပါဝင်လာကြသည်ဟု ဆိုသည်။ သက်နှင့် ကမ်းယံ များကိုမူ ချင်း၊ ရခိုင်အစုများတွင် ထည့်သွင်းရေတွက်ကြလေသည်။

ကမ်းယံတို့ မှီတင်းနေထိုင်ရာဒေသမှာ သံတွဲမှစ၍ တောင်စဉ်ခုနစ်ခရိုင်ဖြစ်ကြောင်း၊ သရေခေတ္တရာတွင် ပျူတို့ ကောင်းစားစဉ် ရခိုင်ပြည်တောင်ပိုင်းတွင် ကမ်းယံတို့ရှိခဲ့ကြောင်း ယင်းတို့မှာ ဗုဒ္ဓဝါဒီများဖြစ်ကြောင်း သိရသည်။

ကိုးကား မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)

ဒေါက်တာတင့်ဆွေ



Wednesday, March 12, 2025

နဂါးဆိုးသောင်းကျန်းခဲ့သည့် ၁၉၇၈ အကြမ်းဖက် စစ်ဆင်ရေး

 


နဂါးဆိုးသောင်းကျန်းခဲ့သည့် ၁၉၇၈ အကြမ်းဖက် စစ်ဆင်ရေး


၁၉၇၈ ခုနှစ်တွင် အာဏာရှင်နေဝင်းအစိုးရက အင်မတန် ရက်စက်လှတဲ့ စစ်ဆင်ရေးတစ်ခုကို ဆင်နွှဲခဲ့တယ်။ အဲဒါကို နဂါးမင်း စီမံချက်လို့ အမည်ပေးခဲ့တယ်။ နဂါးနာမည် ကြားရုံနဲ့ အဘယ်မျှလောက် ရက်စက်ကြမ်းကြုတ်ခဲ့တယ်ဆိုတာ စာတမ်းမဖတ်မီကပင် သိသာထင်ရှားစေတယ်။ ယနေ့ခေတ် လူငယ်တွေက နဂါးမင်း စစ်ဆင်ရေးကို ကြားဖူးကောင်းကြားဖူးမှာပါ။ ဒါပေမဲ့ အဲဒီ ကြောက်မက်ဖွယ် စစ်ဆင်ရေးရဲ့ ဒဏ်ကို ခံစားခဲ့တဲ့ လူမျိုးတွေက ဘယ်လို မေ့လျော့နိုင်မှာလဲ။ သမိုင်းရဲ့ အင်မတန် ရက်စက်ကြမ်းကြုတ်လွန်းတဲ့ အိပ်မက်ဆိုးတစ်ခုအဖြစ် မျိုးဆက် အဆင့်ဆင့် မှတ်သားထားကြလိမ့်မယ်။


ဒီနဂါးမင်းဆိုးရဲ့ သောင်းကျန်းရက်စက်မှုကြောင့် မြန်မာနိုင်ငံရဲ့ လူနည်းစု တိုင်းရင်းသားရိုဟင်ဂျာ ၂ သန်းခွဲခန့် ဒုက္ခသည်ဘဝရောက်ခဲ့ရတယ်။ အပြစ်မဲ့ ပြည်သူ ၂ သောင်းကျော် သေကြေပျက်စီးခဲ့ရတယ်။ အမျိုးသမီးတွေ အဓမ္မကျင့်ခံခဲ့ရတယ်။ ရွာပေါင်း ၆၆ ရွာကျော် ဖျက်ဆီးခံခဲ့ရတယ်။ ပြည်သူအများအပြား ထောင်ချနှိပ်စက်ခံခဲ့ရတယ်။ ဒါပေမဲ့ မျိုးချစ်တချို့က အဲဒီ အကြမ်းဖက်စစ်ဆင်ရေးရဲ့ နောက်ကွယ်က အမှန်တရားကို ဖုံးကွယ်ပြီးတော့ ပြောင််းပြန် ဖော်ပြလေ့ရှိတယ်။ “ဘင်္ဂလီတွေ အစစ်အဆေး မခံရဲလို့ထွက်ပြေးကြတာ၊ ကိုယ့်အိမ်ကိုယ် မီးရှို့ထွက်ပြေးတာ၊ စစ်တပ်က ဘာ ရာဇဝတ်မှုမှ ကျူးလွန်တာ မရှိဘူး၊ လူဦ်းရေစာရင််းကောက်ရုံပဲ၊ ပြန်လက်ခံချိန်မှာ ပိုလက်ခံရသေးတယ်” စတဲ့ မွတ်စလင်မုန်းတီးစိတ်နဲ့ အဓမ္မဝါဒီဆန်ဆန် ရေးသားဖော်ပြကြတယ်။ ဒီစာတမ််းမှာ အဲဒီ အကြမ််းဖက် နဂါးမင်းစစ်ဆင်ရေးအကြောင်းကို  လက်လှမ်းမီသမျှ သမိုင်းအကိုးအကားတွေ အမှီအငြမ််းပြုပြီး အဖြစ်အဖျက်အမှန် တင်ပြသွားမှာ ဖြစ်ပါတယ်။


လူထုဝဏ္ဏ ရေးသားခဲ့တဲ့ အကြမ်းဖက် နဂါးမင်းစစ်ဆင်ရေး စာတမ်းကို အောက်ပါလိင့်မှ ဒေါင်းဆွဲယူပါ။


Download Here!

၁၉၇၈ နဂါးမင်း စစ်ဆင်ရေး


— လူထုဝဏ္ဏ


Tuesday, March 4, 2025

မြောက်ဦးမြို့မှ ရိုဟင်ဂျာတိုင်းရင်းသားများ၏ သမိုင်းဝင် ကျောက်စာတစ်ခု


An Inscription from Mrauk-U, Arakan.


မြောက်ဦးမြို့မှ ရိုဟင်ဂျာတိုင်းရင်းသားများ၏ သမိုင်းဝင်ကျောက်စာတစ်ခု



မြောက်ဦးခေတ်သည် အာရကာနစ် မွတ်ဆလင် (ရိုဟင်ဂျာ) တို့၏ ဘုန်းမီးထွန်းခဲ့သည့် ခေတ်ဖြစ်သည်။ အာရကန်ပြည် ရာဇဝင်သည် ရိုဟင်ဂျာလူမျိုး၏ အခန်းကဏ္ဍမပါလျှင် မည်သည့်အခါမှ ပြည့်ပြီးစုံမည်မဟုတ်ပေ။ အာရကန်ပြည်၏ နေရာအနံ့တွင် ရှေးခေတ်ရိုဟင်ဂျာများ၏ သမိုင်းဝင်အဆောက်အဦးများ၊ ကျောက်စာများ၊ ပေပုရပိုက်စာများ၊ သတ္တု၊ ဝါးခြမ်းပေါ်ရေးထားသောစာများကို တွေ့ရှိနိုင်သည်။ ခေတ်အဆက်ဆက်က စစ်တပ်နှင့် မသာမာသူများက ဖျောက်ပစ်ရန် ကြိုးစားသော်လည်း ယနေ့အချိန်အထိ တွေ့ရှိနေရဆဲဖြစ်သည်။


ပုံပါကျောက်စာသည် မြောက်ဦးမြို့တွင် တွေ့ရှိရသော အာရဗီကျောက်စာတစ်ခုဖြစ်သည်။ ကျောက်စာပါ အရေးအသားသည် အာရဗီစာသားဖြစ်သော်လည်း ရှေးခေတ် ၁၆-၁၇ ရာစု အိုတိုမာန်ခေတ်က ပုံစုံနှင့် ရေးထိုးထားဟန်တွေ့ရသည်။ စာလုံးရေ ၂၁ လုံးခန့်ကို ရုပ်ကြွပုံစံဖြင့် ထိုးဆစ်ထားသည်။ အက္ခရာများများ ရှင်းလင်းမှုမရှိသော်ကြောင့် တ်ိတိကျကျ အဓိပ္ပာယ်ဖော်ရန် ခဲယဥ်းလှသည်။

ယခုကျောက်စာသည် အုတ်ဂူ သို့မဟုတ် အစ္စလာမ်ဘာသာရေးအဆောက်အဦး၏ မှတ်တမ်းကျောက်စာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်သည်။ ဤသို့သော် ကျောက်စာမှာ သေဆုံးသူ၏ အမည်နှင့် ကိုယ်ရေးမှတ်တမ်းများပါဝင်ကြောင်း၊ ကျမ်းစာများ၊ အလှူရှင်၏ မှတ်တမ်းများ၊ ခုနှစ်သက္ကရာဇ်များ ပါရှိကြောင်း သိရှိရသည်။

ဤသို့သော် အဖိုးမဖြတ်နိုင်သည့် သမိုင်းဝင်ကျောက်စာများကို လူမျိုးဘာသာမခွဲခြားဘဲ နိုင်ငံတော်အဆင့် ပညာရှင်များ၏ အကူအညီဖြင့် ကာကွယ်ထိန်းသိမ်းခြင်းဖြင့် သမိုင်းမှန်ကို ဖော်ထုတ်သင့်သည်။  





အမ်းမြို့တွင် တွေ့ရှိသော အာရဗီကျောက်စာကို ဤလိင့်မှ ဖတ်ရှူရန်။ 

—RohangKing

Tuesday, February 25, 2025

မိတ္ထီလာ လူသတ်မှုဖြစ်စဉ် ဝမ်းဝမ်း ခေါ် အဘူဘကာရ်ရဲ့ မိခင့် ရင်တွင်း သောက



မိတ္ထီလာ လူသတ်မှုဖြစ်စဉ် ဝမ်းဝမ်း ခေါ် အဘူဘကာရ်ရဲ့ မိခင့် ရင်တွင်း သောက

😭😭😭😭


လွန်ခဲ့တဲ့ ၁၀ နှစ်က... 

အမေ့သားလေး ဒီချိန်မှာ မိတ္ထီလာလာမြို့ရဲ့ ရန်ကုန်မန္တလေး လမ်းမဘေးက ဇောက်ဇောက်လျောဂျိုင့်ကြီးထဲက မြက်ရိုင်းပင်တွေ လူတရပ်လောက်နဲ့ ရေသိုးရေပုပ်တွေရှိတဲ့ ဝက်လက်တောကြီးထဲမှာ ပုန်းနေခဲ့တာနော်။  

ရင်တွေလဲ နာကျင်ရလွန်းပါတယ်.... ဝမ်းဝမ်းရယ်....။

တစ်ခုခု စားမလို့ လက်နည်းနည်းပေရင်တောင် ချက်ချင်း လက်ဆေးပေးတဲ့ မေမေကြီးသား.... ဒီဝက်လက်တောမှာ ရေသိုးတွေ၊ ခြင်ရိုင်းတွေနဲ့နေခဲ့ရတာ တညလုံး...။ 


သားက ငယ်လွန်းပါသေးတယ်။ ၁၂ နှစ်၂ လလေ...။ 

မိုးလင်းခါနီး ဝေလီဝေလင်းမှာ သားတို့ပုန်းနေတဲ့နေရာကို အမျိုးဘာသာသာသနာကိုချစ်တဲ့ မျိုးချစ်အုပ်စုရောက်လာပြီး သားနဲ့အတူ သားသူငယ်ချင်းကျောင်းသားတွေကို တစ်ယောက်ချင်း စိန်ပြေလက်ပြေရိုက်သတ်နေခဲ့ကြတာ.... လူမြင်ကွင်းကြီးမှာ.... လူလယ်ခေါင်မှာ... သတ်ကွင်းကြီးတစ်ခုလိုပဲ။ ခေါင်းဖြတ်ပစ်ခံရတဲ့ခလေး မသေမချင်း အိက်ဇောပိုက်နဲ့ ရိုက်သက်ခြင်းခံခဲ့ရတယ်။ 

ဓားနဲ့အတုံးတုံး ပိုင်းခံရတဲ့ကလေးနဲ့ ကျောင်းသားဆရာလေးဆယ်ကျော် အစုလိုက်အပြုံလိုက်သတ်ပြီးကား တာယာနဲ့တခါတည်း မီးရှို့လက်စဖျောက်လိုက်ကြတာ...

မေကြီးသားလေးရဲ့ ပြာမှုန်လေးတောင် ပြန်မရခဲ့ဘူး။ ပြန်ရဖို့ အမေကြီးကြိုးစားခဲ့ပါတယ်... သားရယ်။ 

သားကိုမကြိုးစားဘဲ ပစ်ထားခဲ့တာ မဟုတ်ဘူး... သိလား။ ဘယ်လိုကြိုးစားကြိုးစား မရခဲ့လို့ပါ... မေကြီးကဖျောက်ပြီးစိက်ကိုနေခဲ့တယ်... မရဘူး... သားရယ်။


ခုတင်တာ သားကြီးရှိရင် ၂၂ နှစ်ပေါ့။ မေကြီးအားကိုးရပြီ။

သားနဲ့ပတ်သက်ပြီး အနာဂတ်တွေ ပျောက်ခဲ့ရတယ်။


ငါ့သားအတွက် ရည်ရွယ်ပြီးရှေ့ဆက်မို့က အခုနာကျင်မှုတွေ သားရဲ့ပါးလေးကို ဝါးစစ်ပိက်နဲ့ရိုက်သက်လိုက်ကြတယ်။ သွေးအိုင်ထဲလဲရာကနေ ပြန်ထလို့ဆိုပြီး ခြေဖနှောက်အကြောကို ဓါးမြှောင်နဲ့ဖြတ်ပစ်ကြတယ်... ဘာလုပ်လို့လဲ.... 

အရွယ်က ကလေးလေးပါ။ အစ္စလာမ်ဖြစ်နေလို့ သတ်တာတဲ့လား။ ရက်စက်လိုက်ကြတာ.... လူတော်လူကောင်းတွေကို ရွေးပြီး သတ်ကြတာ...

ရက်ရက်စက်စက် သတ်ကြတာ... 

မေကြီးရင်ထဲ အမြဲလွမ်းရတာမို့ အမေကိုမငိုဖို့ ပြောပေမဲ့ သားစကားနားမထောင်ဘဲ ငိုနေတုန်းပဲ...ဝမ်းဝမ်းရယ်... သားကို ခဏေလေးဖြစ်ဖြစ် တွေ့ခွင့်ရမို့ အိမ်မက်တွေမက်မို့အတွက် ဒိုအာတွေတောင်းနေရင်း။


— ဝမ်းဝမ်း အမေကြီး




😭😭😭😭😭😭😭         crd


https://www.facebook.com/share/p/QDnjVKtu64PCtkXF/?mibextid=xfxF2i


#Meikthillar_Massacre

Thursday, August 15, 2024

"ကျွန်မ မသေသေးပါဘူး။ ကျွန်မကို နင်းမသွားပါနဲ့လား"

 



"ကျွန်မ မသေသေးပါဘူး။ ကျွန်မကို နင်းမသွားပါနဲ့လား"


လူသေအလောင်းပုံ ရာချီထဲမှာ အသက်ငင်နေသူ အမျိုးသမီးတစ်ဦး၏တောင်းပန်သံ၊ ညည်းသံဖြစ်ပါသည်။ လွန်ခဲ့သော ဩဂုတ်လ ၅ ရက်နေ့၊ မောင်တောမြို့ပေါ်က အသက်လုထွက်ပြေးလာခဲ့သော ရိုဟင်ဂျာများ စုဝေးခိုလှုံရာ ခြံစည်းရိုးအနီး နတ်မြစ်ကမ်းစပ်တွင် ဖြစ်သည်။ 

မိမိ၏ရပ်ရွာတွင် ရှော့တိုက်ဒုံးများ၊ ဒရုန်းဗုံးများဖြင့် တရစပ် တိုက်ခိုက်ခံနေရ၍ ရပ်ရွာထဲ၌ အသက်ရှင် နေနိုင်ရန် အခွင့်အလမ်း နည်းပါးနေသဖြင့် မြို့ပေါ်က ရိုဟင်ဂျာများသည် လယ်ဟာပြင်နေရာလည်း ဖြစ်၊ အခြေအနေမဟန်ခဲ့လျှင် တစ်ဖက်ဘင်္ဂလားဒေရှ့်နိုင်ငံကို ချက်ချင်းကူးနိုင်ရန် အဆင်ပြေမည့် နေရာလည်းဖြစ်သည့် ကမ်းစပ်နေရာလေးမှာ အသက်လုပြေးလာကာ စုဝေးနေခဲ့ခြင်း ဖြစ်သည်။

အသက်ရှင်သန်ခွင့်ရရေး ရည်မှန်းချက်ဖြင့် ထွက်လာခဲ့သော်လည်း အသက်အန္တရယ်ကင်းမည်ဟု ယုံကြည်ခဲ့သော နေရာသည်ပင် သူတို့အတွက် လူသတ်ကွင်း ဖြစ်လာခဲ့၏။

ညနေ ၅ နာရီခွဲခန့်၌ မြောက်အရပ် ရွှေဇားကျေးရွာမှ ပျံသန်းလာခဲ့သော ဒရုန်းတစ်စင်းသည် လူစုလူဝေးတို့၏ အပေါ်၌ ဝဲနေရာ လူအုပ်စုသည် လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့သည်။ ထိုဒရုန်း မြောက်အရပ်သို့ ပြန်သွားပြီး ခဏအကြာမှာပင် နောက်ထပ် ဒရုန်းနှစ်စင်း ရောက်လာခဲ့၏။ လူတိုင်း၏မျက်နှာသည် ကြောက်ရွံ့မှုဖြင့် ဖုံးလွှမ်းနေပြီ။ ရင်တဒိတ်ဒိတ်။ 

"ဒိုင်း... ဒုန်း.... ဒုန်း... ဒိုင်း" 

ပေါက်ကွဲသံများ အဆက်မပြတ်။ လူအုပ်သည် ဝရုန်းသုန်းကား။ ဟိုပြေးသည်ပြေး။ ဦးတည်ရာမဲ့။ အချို့သည် ကုန်းဘက်သို့ ပြေးထွက်။ အချို့သည် မြစ်ရေထဲသို့ ခုန်ချ။ အချို့မှာ ပြေးခွင့်မသာဘဲ အခင်းနေရာမှာတင် လဲကျလူးလိမ့်နေလျက်။ မိဘက သားသမီး မရှာအား။ သားသမီးက မိဘ မရှာအား။ ပြေးချင်တာ ပြေးသွား။ ဘယ်သူဘယ်ရောက်နေမှန်းမသိ။ တကယ်ပင် ကမ္ဘာပျက်သည့်အလား။

ဒရုန်း နောက်ထပ်ဘယ်နှစင်း ရောက်လာခဲ့သလဲ။ ပေါက်ကွဲသံများ ဘာလို့ မနားတမ်း ဟိန်းနေတာပါလိမ့်။

သေနတ်ပစ်ခတ်သံများရော ဘယ်အရပ်က ထွက်လာတာပါလိမ့်။

အမိုးအကာ မရှိသောနေရာ။ ထောင်ချီသော အရပ်သားသက်သက် လာစုဝေးခဲ့သောနေရာ။ သည်လိုနေရာမျိုးကို တစ်ခုခု ပစ်ခတ်ဖို့ ဘယ်လက်နက်ကိုင်အဖွဲ့ဖြစ်ဖြစ် ရှောင်ရှားမည်ဟု ယုံကြည်ခဲ့သော်ငြားလည်း လက်တွေ့မှာ ဖြစ်မလာခဲ့ပေ။ 

ဘေးကင်းမည့်ဟု ရွေးချယ်ခဲ့သော ထိုနေရာသည်ပင် ယခုတော့ ပေါက်ကွဲသံ၊ လူအုပ် အော်သံ၊ ဟစ်သံ၊ ငိုသံ၊ ညည်းသံများဖြင့် ပြည့်နှက်နေလေ၏။ အော်သံများထဲတွင် ''လူထောင်ချီ ပါသွားပြီဟေ့။....  ငါ့အမေ အသတ်ခံလိုက်ရပြီ။....  ဟိုလူ့မိသားစု အကုန် ထိကုန်ပြီကွာ။....  ငါ့မိသားစု ရှာမရတော့ဘူး။" စသော စသော အသံများ။ နားမချမ်းဖွယ်ပင်။

နေမင်းသည် နတ်မြစ်ကို ကျောခိုင်း၍ အနောက်ဘက်သို့ တိမ်မြုပ်သွား၏။ အမှောင်ထုဖုံးလွှမ်းနေသည့် ထိုနေရာတစ်ဝိုက်မှာမူ​ပေါက်ကွဲသံ၊ အော်သံ၊ ဟစ်သံ၊ ငိုသံ၊ ညည်းသံတို့မှာ အချိန်အတော်ကြာကြာပင် မတိတ်မဆိတ် ဆူညံလို့နေခဲ့၏။


(၂) 

အချိန်ကား ည ၃ နာရီ။ ပေါက်ကွဲသံများ မကြားရသော်လည်း ငိုသံနှင့်ညည်းသံတို့မှာမူ ကြားနေရဆဲပင်။ ပင်လယ်ကမ်းစပ်နား ခြံစည်းရိုးတစ်ဝိုက်က လူများ၏ တိုးတိုးတိတ်တိတ်နှင့် ပြောဆို​နေသံကိုလည်း အမှောင်ထုက ဖုံးလွှမ်းနိုင်စွမ်းမရှိ။ အချို့က လက်နက်ထိမှန်၍ ခန္ဓာကိုယ် ပုံပန်းပျက်သွားသော မိမိ၏မိသားစုဝင်များအနီးတွင် ယိုင်လဲ ငိုကြွေးလျက်။ အချို့ကမူ မသေဘဲ အသက်ငင်နေသူကို ဘာအကူအညီမှ မပေးနိုင်၍ ဖက်ထားရင်း ငိုကြွေးလျက်။ အချို့ကမူ ဒဏ်ရာရ မိသားစုဝင်များကို စက်လှေပေါ်တင်ပေးနိုင်ရန် ဟိုပြေးသည်ပြေးလုပ်နေလျက်။ 

ရဟိမ်းတို့မိသားစုသည် ကံကောင်းထောက်မစွာ အသက်ဆုံးရှုံးမှု မဖြစ်ခဲ့သော်လည်း သည်မွေးမြေမှာ မနက်ဖြန်အထိ နေထိုင်ရန်မှာ အသက်အာမခံချက်မရှိကြောင်း ခံစားလာ၏။ ထို့ကြောင့် ရက်မကူးဘဲ သည်ညမှာပင် တစ်ဘက်နိုင်ငံသို့ ကူးသွားနိုင်ရန် လှေငယ်တစ်စီး စီစဉ်လိုက်သည်။ 

ည ၃ နာရီခွဲသို့ရောက်လျှင် ရဟိမ်းတို့မိသားစုသည် ညအမှောင်ထုတွင် ကမ်းစပ်ကို ရင်တဒိတ်ဒိတ်နှင့် ရောက်လို့လာခဲ့သည်။ ကမ်းစပ်ကိုလာရာ လမ်းတစ်လျှောက်မှာ လူသေအလောင်းများ ထူထပ်နေလျက်။ လူသေအလောင်များကြားတွင် မသေဘဲ အသက်ငင်နေသူများ။ 

- "ကျွန်မကို ရေ နဲနဲလောက် တိုက်ပါလား"

- "သားရေ ဘယ်ရောက်နေတာလဲ... အမေ သေတော့မယ်"

- "အို့... အား ... အင်း...'' စသော အကူအညီတောင်းသံ၊ ညည်းနေသံတို့ကို ကြားရသော်လည်း ရဟိမ်းတို့မှာ လှည့်မကြည့်အားပေ။ သည်နေရာလေးကို ရနိုင်သမျှ​ခပ်မြန်မြန် ကျော်ဖြတ်ခဲ့ရလေ၏။

ရခိုင်သုသာန်အလွန် ပုစွန်ကန်တာတစ်ခုကို ကျော်ဖြတ်နေခိုက် ခြေချစရာ နေရာမရှိ။ တာတစ်လျှောက် လူသေအလောင်းများသာ ပြည့်နှက်နေ၏။ ရဟိမ်းတို့သည် ထိုတာကို​ဖြတ်၍လာနေချိန် လူသေအလောင်းများကို တစ်ခါတစ်ခါ နင်း၍ ဖြတ်နေရသည်။ ထိုအချိန်တွင် တာပေါ်မှာ လဲလျောင်းနေသော အမျိုးသမီး​ကြီးတစ်ဦးသည် အတော်အားယူ၍ပြောသော အသံမျိုးဖြင့် - 

"ကျွန်မ မသေသေးပါဘူး။ ကျွန်မကို နင်းမသွားပါနဲ့လား" ဟူ၍ ပြောလိုက်သည်ကို ကြားရလျှင် ရဟိမ်း၏ နှလုံးသားမှာ တစ်စစီအက်ကွဲသွားလေ၏။

သို့သော်လည်း ရဟိမ်းသည် မိသားစုနှင့်အတူ လှေဆိုက်နေရာ ကမ်းစပ်သို့သာ အမြန်သွားရတော့မည်။ နတ်မြစ်ရေပြင်မှ ရောင်ပြန်ဟပ်နေ​သော အလင်းကိုသာ အားကိုး၍ လျှောက်လာရတော့သည့်အခါ မိမိ၏ ခန္ဓကိုယ်ပင် မနည်းပြန်ထိန်းနေရသည်။ ထိုအခိုက်မျိုးမှာ မည်သူ့ကို ရဟိမ်းကူညီနိုင်မည်နည်း။ နောက်ပြီး လက်နက်ကြီးများ မည်သည့်အချိန်၌ လာပေါက်ကွဲမည်ကိုလည်း မည်သူမှ မသိနိုင်။ အလွန်ပင် အန္တရာယ်များနေသော နေရာလေးမှာ ရဟိမ်းတို့မိသားစု ကြာကြာမနေချင်တော့ပေ။

သုသာန်အလွန်က ပုစွန်ကန်တာမှ လျှောက်လာကာ ရဟိမ်းတို့သည် ခြံစည်းရိုးအထိ ရောက်လာသည်။ ခြံစည်းရိုးကိုကျော်လျှင် ကမ်းစပ်ကို ရောက်သည်ပင်။

ကမ်းစပ်ကို ဖြတ်ပြီး လှေပေါ် တက်ထိုင်ပြီးမှသာ ရဟိမ်းတို့ ခဏလောက် စိတ်သက်သာရလေသည်။ သို့သော် ရဟိမ်း၏နားထဲတွင်မူ... 

"ကျွန်မ မသေသေးပါဘူး။ ကျွန်မကို နင်းမသွားပါနဲ့လား" ဟူသော အမျိုးသမီးကြီး၏ အသံမှာ ထပ်ခါထပ်ခါ ပဲ့တင်ထပ်လို့နေလေ၏။ 

မသေသေးပါဘူးဟု အားယူ၍ ပြောခဲ့သော အမျိုးသမီးသည် တစ်စုံတစ်ဦး၏အကူအညီဖြင့် ဘင်္ဂလားဒေရှ့်နိုင်ငံကိုရောက်၍ ဆေးကုသခွင့်ရနေသလား။ တကယ်ပင် မသေဘဲ အသက်ရှင်ခဲ့သလား။ ကူသူပေါ်မလာ၍ လူရာချီတို့နှင့်အတူ ထာဝရအတွက် အိပ်ပျော်သွားခဲ့သလား။ မနက်အထိ အသက်ရှင်၍ မိသားစုဝင်တစ်ဦးဦးနှင့် ပြန်တွေ့ခွင့်ရခဲ့သလား။ 


ရဟိမ်း၏အတွေး၌ ''သလား'' ပေါင်းများစွာ ....။ 


RYanLinn 


[ဩဂုတ်လ ၅ ရက်နေ့၊ အေအေ၏ဒရုန်းလက်နက်၊ ရှော့တိုက်ဒုံး တိုက်ခိုက်ခံရ၍ နတ်မြစ်ကမ်းစပ်အနီး အစုလိုက်အပြုံလိုက် အသတ်ခံလိုက်ရသည့်ဖြစ်စဉ်ကို ဩဂုတ်လ ၆ ရက်နေ့ မနက် သွားရောက်ရိုက်ကူးခဲ့သည့် ဗီဒီယိုမှတ်တမ်းထဲက တစ်ခုဖြစ်ပါသည်။]



Tuesday, August 29, 2023

ဦးနုအစိုးရက ရိုဟင်ဂျာအရေးကို ဘယ်လိုဖြေရှင်းခဲ့သလဲ

 

ဦးနုအစိုးရက ရိုဟင်ဂျာအရေးကို ဘယ်လိုဖြေရှင်းခဲ့သလဲ 


" ဒီပြသနာကို ၁၈ လအတွင်း ဖြေရှင်းပေးဖို့ ကျမတို့ကို မျှော်လင့်တာက နည်းနည်း ယုတ္တိမတန်ပါဘူး။ .... ရခိုင်ပြည်နယ်က ဒီအရေးဟာ ဆယ်စုနှစ်များစွာကတည်းက ရှိလာခဲ့တာပါ။ ကိုလိုနီခေတ်မတိုင်ခင်ကပင် ဒီပြသနာ ရှိနေတယ်။ .... "

အထက်ပါစကားဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ပြောကြားခဲ့တဲ့ Asian News International နဲ့ အင်တာဗျူးတစ်ခုကနေ ကောက်နုတ်ထားခြင်းဖြစ်ပါတယ်။။ 

ဒေါ်စု ပြောလိုတာက ဒီရိုဟင်ဂျာအရေးဟာ ကိုလိုနီခေတ်မတိုင်ခင်ကပင် ရှိလာခဲ့တဲ့ ပြဿနာဖြစ်တယ်။ ယခင်အစိုးရတွေက မဖြေရှင်းပေးခဲ့လို့ ယနေ့ထိ သက်ဆိုးရှည်လာတာ…လို့ ယခင်အစိုးရတွေကို အပြစ်တင်ပုံချတာပဲ ယူဆတယ်။ တကယ်တမ်းတော့ ဒေါ်စုရဲ့ ဒီမှတ်ချက်စကားက ကျပ်ပြည့် မှန်ကန်မှုမရှိဘူးဗျာ။ စစ်အာဏာရှင်တွေကို အကာအကွယ်ပေးနေသလို ဖြစ်နေတယ်။ ရိုဟင်ဂျာတွေကို မတရားနှိပ်စက်ချုပ်ချယ်နေတဲ့ပြဿနာက တကြော့ပြန်ဖြစ်လာတဲ့ ပြဿနာဖြစ်တယ်။ အရင်က ရခိုင်ပြည်အရေးကို နိုင်ငံတော်အဆင့်  မျှမျှတတဖြေရှင်းပေးခဲ့တဲ့ အစိုးရလဲ ရှိခဲ့တယ်ဆိုတာ ဒေါ်စုကြည် မေ့လျော့နေသလို ထင်ရပါတယ်။ အဲ့ဒီခေတ်က ခေါင်းဆောင်တွေရဲ့ ကြိုးပမ်းဖြေရှင်းပေးမှုကြောင့် ရခိုင်ပြည်နယ်ရဲ့ ပဋိပက္ခဟာ လုံးဝဖြေရှင်းသွားခဲ့ပြီး ရခိုင်ပြည်ဟာ နိဗ္ဗာန်လောကလို အေးချမ်းသာယာသွားခဲ့ဖူးတယ်။ အဲဒါကို စာဖတ်ပရိသတ်တွေသိအောင် နည်းနည်းတင်ပြပါရစေ။ 

မြန်မာပြည် လွတ်လပ်ရေးရရှိခဲ့တဲ့အခါ လွတ်လပ်ရေးကြေညာစာတမ်းမှာ ဒီဗမာပြည်ဟာ လူတစ်စုတစ်ယောက်ရဲ့ အမွေဆိုင်ပစ္စည်း မဟုတ်ကြောင်း၊ ဒီပြည်အတွင်း မှီတင်းနေထိုင်တဲ့ ပြည်သူပြည်သားတို့ရဲ့ စုပေါင်းမြေဖြစ်ကြောင်း၊ တောင်တန်း မြေပြန့် မခွဲခြားဘဲ အားလုံးခွင့်တူတန်းတူညီမျှဖြစ်ကြောင်း ကြေညာခဲ့တယ်လေ။ ဒါပေမဲ့ နောက်ပိုင်းကာလမှာ ဘာသာရေးနဲ့ ရုပ်ရည်အသားအရောင်ကို အခြေခံ၍  ခွဲခြားအုပ်ချုပ်မှုတွေရှိလာခဲ့တယ်။ ၁၉၄၉ ခု ရခိုင်အများစုနဲ့ ဖွဲ့စည်းထားတဲ့ နယ်စပ်စောင့်တပ် BTF (စစ်ဝန်ထမ်း)ကို ဖွဲ့စည်းပြီး နယ်စပ်ဒေသကို ထိန်းသိမ်းလာတဲ့အခါ ရခိုင်ပြည်မှာ ယခင် လူမျိုးရေးပဋိပက္ခ (၁၉၄၂) အငွေ့အသက်ကြောင့် နယ်စပ်စောင့်တပ်က ရိုဟင်ဂျာတွေကို ခွဲခြားဆက်ဆံ ညှဥ်းပမ်းနှိပ်စက်လာခဲ့ကြတယ်။ နိုင်ကျင့်မှုတွေ၊ မတရားဖမ်းဆီးမှုတွေ၊ သတ်ဖြတ်မှုတွေ၊ မုဒိမ်းမှုတွေ၊ နှိပ်စက်မှုတွေ တဖြေးဖြေး အရှိန်မြင့်လာခဲ့တယ်။ ဘာသာရေးကို အကြောင်းပြု၍ အစိုးရက ရခိုင်နဲ့ ရိုဟင်ဂျာကို တန်းတူသဘောမထားဘဲ ခွဲခွဲခြားခြား ဆက်ဆံလာတဲ့အခါ ရိုဟင်ဂျာအမျိုးသားအချို့က မခံမရပ်နိုင်ဘဲ ရရာလက်နက်ဆွဲကိုင်ကာ တော်လှန်ခဲ့ကြတယ်။ မတရား ဖိနှိပ်မှုများလာရင် ဆန့်ကျင်တော်လှန်ရေးက ရှိစမြဲပဲ။ ဒါက ဓမ္မတာတစ်ခုဖြစ်တယ်။ 

မတရားမှုကို ဆန့်ကျင်တဲ့ ရိုဟင်ဂျာအမျိုးသားလက်နက်ကိုင် တော်လှန်ရေးဟာ အစိုးရအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာခဲ့တယ်။ ဦးနုအစိုးရက တပ်မတော်အင်အားနဲ့ ပြန်တိုက်ချေတယ်။ အောင်မြင်မှုတော့ ရရှိခဲ့တယ်။ ဒါပေမဲ့ အမြစ်ပြတ်သွားအောင် လုပ်ဖို့က မလွယ်ဘူး။ တစ်ဘက်က နှိမ်နင်းရင် တခြားတစ်ဘက်က ပြောက်ကျားတိုက်ပွဲတွေ ပြန်ပေါ်လာတော့တယ်။ ဒါ့အပြင် ရခိုင်ပြည်ရဲ့ အဓိကလူမျိုးစုနှစ်စုဖြစ်တဲ့ ရခိုင်နှင့် ရိုဟင်ဂျာ အကြားသင့်မြတ်မှုမရှိတာကလဲ အခါမသင့် ပဋိပက္ခတွေ ဖြစ်ပေါ်လာနိုင်စရာရှိတယ်။ ပုစိပုစိ ပြသနာတွေ အနည်းအများ ဖြစ်တာလည်း ရှိခဲ့တယ်။ 

အဲဒီတုန်းက နောက်ပြသနာတစ်ချက်က ရခိုင်အမျိုးသားတွေက သီးခြားပြည်နယ်လိုချင်ကြတယ်။ အစိုးရက ရခိုင်နဲ့ ဗမာ တစ်မျိုးတည်း၊ သီးခြားပြည်နယ် ပေးစရာမလိုဘူး၊ အချင်းချင်း စိတ်ဝမ်းမကွဲချင်ဘူးလို့ တုန့်ပြန်ကြတယ်။ အဲဒါကို ရိုဟင်ဂျာတွေကလည်း စိုးရိမ်ကြတာပေါ့။ လူမျိုးတစ်စုကို အမည်စွဲ၍ ရခိုင်ပြည်နယ်လို့ သီးခြားအမည်တွင်ပေးလိုက်ရင် ရိုဟင်ဂျာတွေက မတရားခံရမယ်။ ခွဲခြားနှိပ်စက်လာမယ်။ အနိုင်ကျင့်ခံရမယ်။ ဒါနဲ့ ရိုဟင်ဂျာတွေက ပြည်မနဲ့ပဲ ပေါင်းနေချင်ကြတယ်။ ဒါက အစိုးရအတွက်တော့ ခေါင်းခဲတဲ့ နောက်ထပ် စိန်ခေါ်မှုတစ်ခုပေါ့။ 

ဒီတော့ ဦးနုအစိုးရက ရခိုင်ပြည်အရေးမှာ အချက်သုံးချက်တွေ့လာတယ်။

(၁) လူမျိုးစု နှစ်စုအချင်းချင်း သင့်မြတ်မှု မရှိခြင်း

(၂) လက်နက်ကိုင်အဖွဲ့များ အုံကြွလာခြင်း

(၃) သီးခြားပြည်နယ် တောင်းဆိုမှုအပေါ် သဘောထားကွဲပြားခြင်း

စတဲ့ဟာတွေ ဖြစ်တယ်။ 

ဦးနုအစိုးရက အချိန်ဆွဲပြီး စုံစမ်းရေးကော်မရှင်တွေ အမျိုးမျိုးဖွဲ့စည်းကာ ပြဿနာရဲ့ ထိရောက်တဲ့အဖြေတစ်ခု ရှာဖွေဖို့ ကြိုးစားလာခဲ့တယ်။ လွှတ်တော်ထဲမှာ အချေအတင်ဆွေးနွေးကြတယ်။ ၁၉၄၉ ခု ဇူလိုင်လ ၃၀ ရက်မှာ ရခိုင်တိုင်းမင်းကြီးကို သဘာပတိအဖြစ်ထား၍ ရခိုင်အမျိုးသား ၃ ဦးနဲ့ ရိုဟင်ဂျာအမျိုးသား ၃ ဦး ပါဝင်တဲ့ စုံစမ်းရေး ကော်မရှင်ကို ဖွဲ့စည်းပြီးတော့ ကွင်းဆင်းလေ့လာစေခဲ့တယ်။ ၁၉၅၀ ပြည့်နှစ်၊ မတ်လ ၁၀ ရက်နေ့မှာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု ကိုယ်တိုင်လည်း ရခိုင်ပြည်မြောက်ပိုင်းသို့ ခရီးထွက်ကာ လေ့လာခဲ့တယ်။ နှစ်ဖက်အသိုင်းအဝိုင်း လူကြီးမိဘတွေနဲ့ တွေဆုံခဲ့တယ်။ ဒါတွေကနေ တစ်ဖက်နဲ့တစ်ဖက် အယုံအကြည် ကင်းမဲ့နေခြင်း၊ ခွဲခြားဆက်ဆံရေး အားသန်နေခြင်း၊ တန်းတူအခွင့်အရေး မျှတမှုမရှိခြင်းတို့ဟာ ပြဿနာရဲ့ မူလဇာတ်မြစ်ဆိုတာ တွေ့ရှိလာတော့တယ်။  

ဒီနေရာမှာ တစ်ခု သိထားရမှာက အဲဒီတုန်းက အခုလို ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားအခွင့်အရေးကို ရုတ်သိမ်းမခံရသေးဘူး။ ဘယ်တိုင်းရင်းသားအုပ်စုကမှ ရိုဟင်ဂျာတွေကို နိုင်ငံခြားသားလို့ မယူဆခဲ့ကြဘူး။  နိုင်ငံသား ရုတ်သိမ်းခံရတာက စစ်အာဏာရှင်အစိုးရ လက်ထက်ကဖြစ်တယ်။   

ကဲ့... ဒါနဲ့ ဦးနုအစိုးရရဲ့ ပထမခြေလှမ်းအဖြစ် ရိုဟင်ဂျာတွေကို မြန်မာ့ပြည်ထောင်စုသား တိုင်းရင်းသား တစ်စုအနေနဲ့ တန်းတူအခွင့်အရေးတွေ မပိုမေလျာ့ အတူတူခံစားခွင့်ရှိကြောင်း ကြေညာခဲ့တယ်။ ၁၉၅၄ ခု စက်တင်ဘာလ ၂၅ ရက် ညနေ ၈ နာရီ နိုင်ငံတော်အသံလွင့်ဌာနမှ ဝန်ကြီးချုပ်ဦးနုက "....စစ်တွေခရိုင်အတွင်း နေထိုင်ကြတဲ့ ပြည်ထောင်စုသားများမှာ များသောအားဖြင့် ရိုဟင်ဂျာအမျိုးသားများဖြစ်ကြပြီး မွတ်စလင်(မ်) များ ဖြစ်ကြပါတယ်" လို့ သူတို့ရဲ့အခွင့်အရေးဆိုင်ရာ မိန်းခွန်းပြောကြားခဲ့တယ်။

အလားတူ ၁၉၅၉ ခု အောက်တိုဘာလ ၃-၄ ရက်တွင် နိုင်ငံတော်ဒုဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဦးဘဆွေကလည်း "ကချင်၊ ကရင်၊ ကယား၊ ရှမ်း၊ မွန်၊ ချင်း၊ ရခိုင် ကဲ့သို့ပင် ရိုဟင်ဂျာလူမျိုးများသည်လည်း တိုင်းရင်းသားလူမျိုးတစ်မျိုး ဖြစ်ကြသည်" လို့ ရိုဟင်ဂျာလူမျိုး၏ အခွင့်အရေးဆိုင်ရာ မိန့်ခွန်းပြောကြားခဲ့တယ်။ ဒီခြေလှမ်းက ရခိုင်ပြည်ရဲ့ ပူခြိုက်ခြိုက်အခြေအနေမှာ လေပြည်ယူဆောင်လာခဲ့တယ်။

ဒုတိယခြေလှမ်းအနေနဲ့ ၁၉၆၁ ခု မေလ ၁ ရက်နေ့မှာ အစိုးရကဘိနက်ရဲ့ တညီတညွတ် ဆုံးဖြတ်ချက်အရ ရိုဟင်ဂျာအများစု နေထိုင်တဲ့မယု​ဒေသကို ဗဟိုအစိုးရက တိုက်ရိုက်အုပ်ချုပ်တဲ့ မေယုနယ်ခြားခရိုင်အဖြစ် သတ်မှတ်ပေးခဲ့တယ်။ ပြီးတော့ တိုင်းရင်းသားတစ်စုအနေနဲ့  ရထိုက်ရသင့်တဲ့ အခွင့်အရေးတွေမှာ ချွက်ယွင်းနေတဲ့ဟာတွေကို ပြည့်ပြည့်စုံစုံ ဖြည့်ဆည်းပေးခဲ့တယ်။ ကျောင်းသုံးပြဌာန်းစာအုပ်တွေမှာ ဖော်ပြခြင်း၊ စွယ်စုံကျမ်းမှာ ဖော်ပြခြင်း(၁၉၆၄)၊ ၁၉၆၁ ခုနှစ် မေလ ၁၅ ရက်မှာ ရိုဟင်ဂျာဘာသာစကားနဲ့  ဗမာ့အသံကနေ ရေဒီယိုအသံလွင့်ခြင်း၊ အစိုးရလက်နက်ကိုင်အဖွဲ့အစည်းတွေမှာ တန်းတူညီမျှ အလုပ်ခန့်ခြင်း၊ ပြည်ထောင်စုနေ့အခမ်းအနားတွေမှာ တက်ရောက်ခွင့်ပေးခြင်း၊ ရိုဟင်ဂျာ ရိုးရာယဥ်ကျေးမှုတွေကို အမြတ်တနိုးပြသခွင့်ပေးခြင်း စတဲ့ အခွင့်အရေးတွေကို ဘယ်ကန့်ကွက်မှုတစ်မတ်တစ်စေ့မှ မရှိဘဲ တညီတညွတ်တည်း ဖော်ဆောင်ပေးခဲ့ကြတယ်။ 

အစိုးရရဲ့ ဒီဗျူဟာကျကျဖြေရှင်းချက်က ဘယ်လောက်အထိ ထိရောက်ခဲ့သလဲဆိုရင် မီးတဟုန်းဟုန်း တောက်နေတဲ့ ရခိုင်ပြည်ကြီးဟာ ငြိမ်သက်သွားပြီးတော့ လုံးဝအေးချမ်းသာယာ သွားခဲ့တယ်။ ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့ (မူဂျာဟစ် = စစ်သူရဲ )တွေမှာလဲ လက်နက်ကိုင်ထားစရာ အကြောင်းမရှိတော့ဘူး။ တိုင်းပြည်က အေးချမ်းသွားပြီလေ။ ဒီတော့ လက်နက်ကိုင်အဖွဲ့တွေကလည်း ၁၉၆၁ ခု ဇူလိုင်လ ၄ ရက်မှာ တစ်သုတ်၊ ၁၉၆၁ ခု နိုဝင်ဘာလ ၁၅ ရက်မှာတစ်သုတ် ဦးစီးချုပ်ဗိုလ်မှူးချုပ်အောင်ကြီး၊ ဒုဗိုလ်မှူးကြီးကျော်စိုး၊ ရခိုင်တပ်ပေါင်းစုမှူးချုပ် ဒုဗိုလ်မှူးကြီးရဲခေါင်နဲ့ ဒုတပ်ရင်းမှူးဗိုလ်မှူးအံ့ကြွယ်၊ ဗိုလ်မှူးကြီး စောမြင့်၊ ဗိုလ်မှူးကြီ သန်းဖေစတဲ့ တပ်မတော်အရာရှိကြီးတွေလက်အောက်တွင် အေးအေးချမ်းချမ်း လက်နက်ချကာ အလင်းဝင်လာခဲ့ကြတယ်။ လက်နက်ချအခမ်းအနားတွေကို အုတ်အုတ်ကြားကြား ကျင်းပခဲ့တယ်။ လက်နက်ကိုင်အဖွဲ့လည်း မရှိတော့ဘူး။ စစ်ပွဲစစ်မက်တွေလည်း နိဂုံးချုပ်ခဲ့လေပြီ။ အနောက်ဝေဟင်ကောင်းကင်မှာ လေပြည်တွေ သန်းလာခဲ့တယ်။ တပ်မတော်ရဲ့ မြဝတီမဂ္ဂဇင်း၊ ခေတ်ရေးစာစောင်၊ မြန်မာ့အလင်း၊ ကြေးမုံသတင်းစာတွေမှာ "မေယုနယ်မှာလေ ဘယ်လိုအခြေ ရှိပါလိမ့်"၊ "မေယုနယ်ခြားခရိုင် အေးချမ်းလေပြီ" စတဲ့ ဆောင်းပါးတွေ၊ ဗိုလ်ချုပ်အောင်ကြီးက "ကျွန်တော်ဖြေရှင်းခဲ့ရသော ရိုဟင်ဂျာပြသနာ" စတဲ့အောင်ပွဲခံ ဆောင်းပါးတွေ၊ မောင်သံလွင်ရဲ့ "ရခိုင်ကုလား သို့မဟုတ် ရိုဝန်ဂါ"(၁၉၆၀) စတဲ့ဆောင်းပါးတွေ မြန်မာ့စာနယ်ဇင်းစာမျက်နှာတွေမှာ ဝေဆာလာခဲ့တယ်။  ဒီလိုနည်းနဲ့ ဦးနုအစိုးရနဲ့ ခေါင်းဆောင်ကြီးတွေက ရိုဟင်ဂျာအရေးကို ဥပဒေဘောင်အတွင်းကနေ အောင်အောင်မြင်မြင် စနစ်တကျ ဖြေရှင်းပေးခဲ့တယ်။

ဒီငြိမ်သက်ပြေလည်ခဲ့တဲ့ ပြနာ ဘယ်လိုပြန်ပေါ်လာသလဲဆိုရင် ကြိုးကိုင်ရှင် စစ်အုပ်စုရဲ့ ကျေးဇူးကြောင့်ပေါ့။

အာဏာရှင်ဗိုလ်နေဝင်းက တိုင်းပြည်အာဏာကို မတရားသိမ်းလိုက်တဲ့အခါ အာဏာအဓွန့်ရှည် တည်မြဲရေးအတွက် လမ်းစတွေ စဥ်းစားလာတယ်။ မတရားတဲ့အာဏာ ချုပ်ကိုင်ထားဖို့အတွက် တိုင်းပြည်ကို မတည်မငြိမ်ဖြစ်အောင်တော့ လုပ်ရမှာလေ။ သွေးခွဲအုပ်ချုပ်ရေးက ထိရောက်တယ်။ လွှတ်တော်အမတ်တွေ၊ ဝန်ကြီးတွေကို လိုက်လံဖမ်းဆီး ထောင်ချတယ်။ သူက လူမျိုးရေးဘာသာရေးကို အခြေခံတဲ့ အင်မတန် ထိရှလွယ်တဲ့ အနာဟောင်းကို ဆားခတ်လာခဲ့တယ်။ အေးချမ်းနေတဲ့ ရခိုင်ပြည်နယ်ကို ပြန်လည် အမုန်းလှိုင်း ခတ်ပေးတယ်။ ရိုဟင်ဂျာတွေကို ပစ်မှတ်ထား နှိပ်စက်လာခဲ့တယ်။ ရခိုင်-ရိုဟင်ဂျာ သဟဇာတကို ပျက်ပယ်သွားအောင်၊ အချင်းချင်းအမုန်းအာဃာတာပွားလာအောင် လုပ်ကြံသမိုင်း ဂျင်းပုပ်တွေနဲ့ ပြန်လည်အသက်သွင်းပေးခဲ့တယ်။ ရိုဟင်ဂျာကို သတ်မှတ်ပေးခဲ့တဲ့ မေယုနယ်ခြားခရိုင် အုပ်ချုပ်ရေးကို ပြန်လည်ရုတ်သိမ်းခဲ့တယ်။ ချက်ချင်းတူး ချက်ချင်းသောက် သလိုတော့ မဟုတ်ဘူး။ အချိန်ကြာဆွဲ စီမံကိန်းတွေ စနစ်တကျချမှတ်ပြီးတော့ နည်းဗျူဟာမျိုးစုံနဲ့ ဖိနှိပ်လာခဲ့တယ်။ ၁၉၇၈ မတိုင်ခင်မှာ သူကတောင် ရိုဟင်ဂျာတွေကို နိုင်ငံခြားသားလို့ မယူဆခဲ့ဘူး။ ရိုဟင်ဂျာ ဆိုတဲ့နာမည်လည်း ပြဿနာ မရှိခဲ့ဘူး။ အဲ့ဒါကြောင့် ၁၉၇၈ ခု ဒုက္ခသည်များ ပြန်လည်လက်ခံရာတွင် လက်ခံရေးပုံစံမှာ လူမျိုးနာမည်ကို ရိုဟင်ဂျာလို့ အတိအလင်း ဖော်ပြထားခဲ့တယ်။ လူမျိုးရေးဘာသာရေးဖက်ကိုပဲ မီးမွေးလေပင့်ပေးခဲ့တာလောက်ပါပဲ။ ကုလားကို နှိမ်နေတာဆိုတော့ ဒီစီမံကိန်းမှာ သူ့ရဲ့ ဂျင်းမိတဲ့ ပြည်သူတွေလည်း ရှိခဲ့ရာ ထောက်ခံအားပေးမှုလည်း ရရှိခဲ့တာပေါ့။ ဆက်လက်၍ မတရားဥပဒေအမျိုးမျိုးဖွဲ့ပြီး ရိုဟင်ဂျာတွေရဲ့ တရားဝင်ရရှိခဲ့တဲ့ တိုင်းရင်းသား အခွင့်အရေးတွေကို တစ်ဆင့်ပြီးတစ်ဆင့်၊ တစ်ခုပြီးတစ်ခု အာဏာရှင်ယုတ်ဆန်ဆန် မတရားပြန်လည်လုယူခဲ့တယ်။ လူမျိုးစုစာရင်း ၁၃၅ မျိုးလို့ ကိုယ့်မြင်းကိုယ်စိုင်းသလို သူတို့စိတ်လိုရာပြုစုပြဌာန်းပြီး ရိုဟင်ဂျာလူမျိုးကို ဖယ်ထုတ်ခဲ့တယ်။ အမျိုးသားရေးမျိုးချစ်တုတ်ကို အသုံးပြုပြီး ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲအောင် ကလိမ်ကကျစ် ဝါဒဖြန့်ခဲ့တယ်။ ၁၉၈၂ ဥပဒေကို ဖွဲ့စည်းပြီး ဒီလူတွေဟာ နိုင်ငံခြားသားတွေ၊ နယ်မြေလုနေတာ ဆိုတဲ့ ဝါဒမှိုင်းတိုက်ပေးခဲ့တယ်။ အစအစမှာတော့ ကုလား၊ ရခိုင်ကုလား ဆိုပြီး နှိပ်ကွပ်ခဲ့ရာ စစ်တကောင်းသား၊ ခေါတော ဆိုလို့တစ်မျိုး၊ နောက်ပိုင်းမှာ ဘင်္ဂလီ မှ ဘင်္ဂလီကုလား မှ ခိုးဝင်ဘင်္ဂလီ အထိ အောက်ကျစေတဲ့ နာမည်တွေ အဆင့်ဆင့် သုံးလာခဲ့တယ်။ ဒီလို ယုတ်မာတဲ့နည်းနဲ့ ယခင်အစိုးရ ခေါင်းဆောင်တွေက သွေးချွေးကုန်ခမ်း ကြိုးပမ်းဖြေရှင်းပေးခဲ့တဲ့ ရိုဟင်ဂျာအရေးကို တဖန်မီးစလောင်စေခဲ့သတဲ့။

ဒီနေရာမှာ စွပ်စွဲချက်တစ်ချက်နှစ်ချက်ကို သံသယကင်းအောင် ထောက်ပြပေးချင်တယ်။ ပထမအချက်က အာဏာရှင်နေဝင်းရဲ့ ယုတ်မာမှုတွေကို တစ်ချို့ မွတ်စလင်မုန်းတီးတဲ့ အစွန်းရောက်မျိုးချစ်တွေက ကျေးဇူးတင်ကြတယ်။ အမျိုးကို ကယ်တင်ပေးတယ်လို့ ယူဆကြတယ်။ ဝမ်းနည်းစရာ။ တကယ်တော့ မျိုးချစ်တစ်ဖက်ကန်းတွေမှာ မြင်နိုင်စွမ်း အားနည်းနေတာဖြစ်တယ်။

တကယ်လို့ ရိုဟင်ဂျာတွေကို ဒီပြည်ဖွား မဟုတ်လို့ အာဏာရှင်အုပ်စုက နင်ထုတ်ချင်တာဆိုရင် ၁၉၇၈ ခုမှာ မတရားနှိပ်စက်မှုကြောင့် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်ခေါ်လာစရာအကြောင်းမရှိဘူးလေ။ ကိုယ့်ပြည်က မဟုတ်တဲ့ လူတစ်စုကို ဘယ်နိုင်ငံတကာ စကားမှနားမထောင်တဲ့ အာဏာရှင်က အလကားခေါ်လာမှာ မဟုတ်ဘူး။ အဲ့တုန်းကလဲ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေနဲ့ပဲ လက်ခံခဲ့တာကိုး။ စစ်ခေါင်းဆောင် ဗိုလ်ခင်ညွှန့် ကိုယ်တိုင် သူ့စာအုပ် ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘဝ အထွေထွေ" မှာ ဝန်ခံရေးသားခဲ့တယ်။ အာဏာရှင်ရဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူလူထုရဲ့ အာရုံလွဲရန် တိုင်းပြည် မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်ကာ အာဏာချုပ်ကိုင်ထားရေးသာ အဓိက ဖြစ်တယ်။ ဒါကို နားမလည်မိလို့ စစ်အုပ်စုရဲ့ အဓမ္မ အာဏာသိမ်းမှုကို မြန်မာပြည်သူတွေက ထပ်တလဲလဲ ခံနေရတာဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ ဓါးစားခံဖြစ်နေရတာမဟုတ်လား။ ထောင်နဲ့ မြေကြီး နေရာမလပ် ဖြစ်နေတယ်။

ဒုတိယအချက်က မျိုးချစ်တွေ ဂျင်းထည့်တဲ့ အစ္စလာမစ်နိုင်ငံအဖြစ်နဲ့ ခွဲထွက်ရေး ဖြစ်တယ်။ တကယ်လို့ ရိုဟင်ဂျာ လက်နက်ကိုင်တွေက ခွဲထွက်ဖို့ တော်လှန်တာ ဖြစ်မယ်ဆိုခဲ့ရင် အလင်းပြန်ဝင်စရာ အကြောင်း မရှိပါဘူး။ ဘယ်လို အခွင့်အရေးတွေ ပေးပေး အလုံးအရင်း လက်နက်ချမှာတော့ မဟုတ်ဘူးလေ။ မတရားမှုကို တွန်းလှန်တော်လှန်ဖို့အတွက်သာ လက်နက်ကိုင်ကြတာဖြစ်လို့ တန်းတူညီမျှမှု ရရှိသွားတဲ့အခါ တန်းအလင်းဝင်ကြတာပဲ မဟုတ်ပါလော့။

နောက်တစ်ချက်က ဦးနုက မဲနိုင်ဖို့အတွက် အရှေ့ပါကစ္စတန်က ခေါ်လာတဲ့လူလို့ ပုဇွန်ဦးနှောက်နဲ့ မျိုးချစ်အချို့က စွပ်စွဲတာလည်း တွေ့ရတယ်။ ယုတ္တိမရှိတဲ့စကားပါပဲ။ ဒီနိုင်ငံအတွက် ဦးနုရဲ့ပေးဆပ်မှုလည်း မနည်းလှဘူး။ အဲဒီလို ခေါင်းဆောင်ကြီးတစ်ယောက်က မဲလိုချင်လို့ တိုင်းပြည်ကို သစ္စာဖောက်မှာဆိုတာ ဘယ်လိုနည်းနဲ့မှ ယုံနိုင်စရာမဟုတ်ပါဘူး။ ယုတ္တိရှိရှိ စဥ်းစားကြည့်ရင်လည်း အဖြေက ပေါ်လွင်ပါတယ်။ မေယုဒေသမှာ ဘယ်ခေတ်က ကြည့်ကြည့် ရခိုင်လူဦးရေက လက်တစ်ဆုပ်စာလောက်ပဲ ရှိတာကိုး။ ဘယ်ရွေးကောက်ပွဲလုပ်လုပ် မူစလင်တွေ ထောက်ခံတဲ့အုပ်စုကပဲ အနိုင်ရမှာလေ။ အဲဒီမှာ လူသွင်းပြီးတော့ အနိုင်ရကောင်းလား။ ဆင်ဆင်ခြင်ခြင် စွပ်စွဲကြပါ မျိုးချစ်ရာ။

ဆက်လက်ပြီးတော့ အာဏာရှင်နေဝင်းရဲ့ ရိုဟင်ဂျာ ချေမုန်းရေး စီမံကိန်းကို နောက်တက်လာခဲ့တဲ့ စစ်ခေါင်းကြီးတွေက သစ္စာရှိရှိ လက်ဆင့်ကမ်း အကောင်အထည်ဖော်ပေးခဲ့တယ်။ ပြည်သူ့ကို အမှန်တရားအမှောင်ချပြီး ဂျင်းချိုချိုနဲ့ နိုးဆွခဲ့တယ်။ ပညာတတ်၊ ပညာမဲ့၊ ဆင်းရဲချမ်းသား လူတန်းစားအလွှာအားလုံး စစ်ဂျင်းမိခံရကာ ရိုဟင်ဂျာတွေရဲ့ ဘဝကို ဝိုင်းဝန်းမောင်းခတ် ရိုက်ချိုးခဲ့လေတယ်။ ဘယ်လောက်အထိ ယုတ်မာလာခဲ့သလဲဆိုရင် တိရိစ္ဆာန် သန်းခေါင်စာရင်းတောင် ကောက်ယူသေးတယ်။ လူမျိုးရေးဘာသာရေး ပဋိပက္ခတွေ တရစပ် ဖြစ်ပေါ်လာအောင် လုံ့ဆော်ခဲ့တယ်။ ၂၀၁၇ ခုမှာ လူမျိုးတုံးသတ်ဖြတ်မှုအထိတောင် လက်လွန်ခဲ့တယ်။ အေးချမ်းသာယာတဲ့ ရခိုင်ပြည်ကြီး ပြန်လည်ငရဲဘုံဖြစ်လာခဲ့တယ်။ ဒါက စစ်အုပ်စုနဲ့ စစ်ကျွန်သပေါက်တို့ရဲ့ ကျေးဇူးကြောင့်ပဲလေ။

အချုပ်အနေနဲ့ ရိုဟင်ဂျာအရေးဟာ ကိုလိုနီခေတ်ကပင် အမြစ်တွယ်လာခဲ့တာတော့ မဟုတ်ပါဘူး။ စစ်အာဏာရှင်တွေက ပျိုးလိုက်တဲ့ ဂျင်းစေ့ရဲ့ ကျေးဇူးကြောင့်သာ အပင်ကြီး ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီပြသနာ ဖြေရှင်းဖို့ဆိုရင် ဘာသာရေး၊ လူမျိုးရေးကို ဘေးဖယ်ထားပြီးတော့ လူသားဆန်ဖို့က အရေးကြီးတယ်။ လူကိုလူလို မြင်ပြီးတော့ ယခင်အစိုးရရဲ့ နည်းဗျူဟာတွေကို စနစ်တကျ ကျင့်သုံးမယ်ဆိုရင် ရခိုင်ပြည်မှာ ငြိမ်းချမ်းရေးရောင်နီ ပြန်လည်ပျိုးပါလိမ့်မယ်သတဲ့။


လူထုဝဏ္ဏ
(၁၃-၇-၂၀၂၃)

ကိုးကား

- ပြည်ထဲရေးဌာနပြန်ထမ်းစာ ၁၉၄၉၊ ဇူလိုင်လ ၃၀ရက်။

- နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု၏ အသံလွင့်မိန့်ခွန်း။

- တပ်မတော်ခေတ်ရေးစာစောင် အတွဲ ၁၂၊ အမှတ် (၆)။

- အေအက်ဖ်ကေ ဂျီလာဏီ၊  အာရကန်ပြည်၏ ရိုဟင်ဂျာလူမျိုး။

- ခင်ညွှန့် ၊ ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘဝ အထွေထွေ။

- နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး၏ မိန့်ခွန်း။

- နှစ် ၃၀ မြန်မာ့အသံ ၊ ဦးကျော်ညိန်း (မာတလိ)၊ စာမျက်နှာ ၇၁။