Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Monday, October 27, 2025

မိဟ်ရာဘ်၏ နောက်ကွယ်က ရှေးခေတ် အသံချဲ့စနစ်နည်းပညာ

 



မီဟ်ရာဘ် အသံပဲ့တင်သံပြုသော နေရာလပ်ကို မသမာသူတို့၏ စွပ်စွဲချက်များအား ချေဖျက်ခြင်း


ဗလီတွေမှာ အီမာမ်ရှေ့ဆောင်ဆရာရဲ့ အရှေ့က အခွက်ပုံစံ နေရာကြီးကို မီဟ်ရာဘ် (Mihrāb) လို့ ခေါ်ပါတယ်။ ၎င်းဟာ မွတ်စလင်မ်တွေ ဆွလာသ် ဆုတောင်းဝတ်ပြုတဲ့အခါ မျက်နှာမူရမယ့် ကမ္ဘာပေါ်က မက္ကာမြို့ရှိ ကာဗာ ဝတ်ကျောင်းတော်ရဲ့ ဦးတည်ရာ (ကစ်ဘ်လာ)ကို ညွှန်ပြပေးခြင်းဖြစ်ပြီး ဗလီရဲ့ ဒီနံရံကို ကစ်ဘ်လာ နံရံ လို့ ခေါ်ကြပါသေးတယ်။ ကစ်ဘ်လာ ဦးတည်ချက်ပြဖို့အတွက် မီဟ်ရာ ဘ်တွေ ထားရှိရခြင်းဖြစ်တယ်။

အစ္စလာမ်ဘာသာမှာ အီမာမ် (ရှေ့ဆောင်) ဟာ အဲ့ဒီ အခွက်ပုံစံနေရာ (မီဟ်ရာဘ်) ရဲ့ ရှေ့မှာ မတ်တပ်ရပ်ပြီး အဖွဲ့လိုက် ဆုတောင်းဝတ်ပြုခြင်းကို ဦးဆောင်ရပါတယ်။ ကမ္ဘာပေါ်ရှိ ဗလီအားလုံးရဲ့ မီဟ်ရာဘ်ကို ဗလီရဲ့ အတွင်းပိုင်းမှာ အထူးအလှဆင်ထားလေ့ရှိပြီး၊ ဗလီတစ်ခုနဲ့တစ်ခု ဒီဇိုင်း တည်ဆောက်ထားပုံခြင်းလည်း မတူညီကြပါဘူး။ သူ့ဒေသရဲ့ ဗိသုကာဟန်တွေနဲ့ အများအားဖြင့် တည်ဆောက်လေ့ရှိကြပါတယ်။ မြန်မာနိုင်ငံမှာလည်း ထိုနည်း၎င်းပါပဲ။ ဗလီ တစ်ခုနဲ့တစ်ခု မီဟ်ရာဘ် ဗိသုကာလက်ရာတွေ မတူကြပါ။ ဒါပေမဲ့ ဗလီရဲ့ ဝတ်ပြုဆောင်အတွင်းမှာ မီဟ်ရာဗ်က အမြင်အားဖြင့် အဓိက အာရုံစိုက်ရာနေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် လက်ရာမြှောက်တဲ့ ဗသုကာတွေနဲ့ စီခြယ်အလှဆင်ထားကြလို့ပါပဲ။

မီဟ်ရာဘ်ကို အများအားဖြင့် နံရံမှာ ခွက်ပုံစံ (အခေါင်းပေါက်) အနေနဲ့ တည်ဆောက်ထားတာကြောင့် အသံကို ပိုမိုပြန့်ကျဲစေပြီး အီမာမ်ရဲ့ အသံကို ဝတ်ပြုသူတွေဆီ ပိုမိုကြားနိုင်စေတဲ့ ပဲ့တင်သံ (Acoustic) ရရှိစေပါတယ်။ ဒါဟာ ရှေးခေတ် ဗိသုကာပညာရဲ့ အသံကို အသုံးပြုတဲ့ ပုံစံတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီလို ခွက်ပုံစံ တည်ဆောက်မှုက ခေတ်မီ မိုက်ခရိုဖုန်းတွေ မပေါ်ခင်ကတည်းက အီမာမ်ရဲ့ အသံကို ကျယ်လောင်ပြတ်သားစေဖို့ အထောက်အကူပြုခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ ဗလီတိုင်းလိုလိုမှာ မိုက်ခ်နဲ့ စပီကာကိုသာ အသုံးပြုနေကြပါပြီ။

အဓိက ပြောချင်တာက မီဟ်ရာဘ်ကို အသွင်တစ်ခုသဖွယ်ပုံဖော်ပြီး ဘာသာရေးစော်ကားမှုကို ဖော်ထုတ်ရခြင်းပါ။ ဘာလို့ အဲ့လို အခွက်ပုံစံတွေ တည်ဆောက်ထားရသလဲ ဆိုတာတွေပေါ့။ ဒါတွေသိရဖို့ ရှေးဟောင်းခေတ်ရဲ့ အသံမြှင့်တင်ခြင်း (Amplification) နည်းစနစ်ကို သိရှိနားလည်ဖို့ လိုပါတယ်။ ရှေးခေတ်လူမျိုးတွေဟာဆိုရင် နည်းပညာတွေ မရှိသေးပေမဲ့ အသံကို ပိုမိုကျယ်လောင်အောင်၊ ရှင်းလင်းအောင် ပြုလုပ်နိုင်တဲ့ နည်းပညာတွေ တီထွင်ဆန်းသစ်ခဲ့ကြတယ်။

ဂရိရုပ်ရှင်ရုံကြီးများ (Greek Amphitheaters) မှာ ဆိုရင် ဂရိလူမျိုးများ တည်ဆောက်ခဲ့သော ပြင်ပပွဲကြည့်စင်ကြီးများဟာ ဆီမီးကန့်လန့်ဖြတ် (Semicircular) ပုံစံရှိပြီး၊ ထိုင်ခုံတန်းများကို ထုံးကျောက် (Limestone) ကဲ့သို့သော မာကျောသောပစ္စည်းများဖြင့် အဆင့်ဆင့် တည်ဆောက်ထားကြပါတယ်။ ဒီပုံစံက စင်ပေါ်မှ စကားသံကို အနှောင့်အယှက်ကင်းစွာ ဖြန့်ကျက်နိုင်ပြီး ပရိသတ် ၁၄,၀၀၀ ခန့်အထိပင် စကားသံရှင်းလင်းပြတ်သားမှု (Speech Intelligibility) ကို အလွန်ကောင်းမွန်စွာ ရရှိစေပါတယ်။ Epidaurus ပြဇာတ်ရုံလည်း ယနေ့တိုင် အကောင်းဆုံး သက်သေပင်ဖြစ်တယ်။ ဘုရားရှိခိုးကျောင်းနှင့် ဗလီများမှာ ခုံးနှင့် ခွက်များ (Domes and Niches)ကို ရှေးယခင်က ဗိသုကာလက်ရာတွေအဖြစ် ထည့်သွင်း တည်ဆောက်လေ့ရှိကြတယ်။ ဘုရားရှိခိုးကျောင်းကြီးများရှိခုံးအမိုးများ (Domes)နှင့် ဗလီများရှိ မီဟ်ရတ်ကဲ့သို့သော ခွက်ပုံစံနေရာများက ပဲ့တင်သံ (Reverberation) ကို ဖန်တီးပေးပါတယ်။ ၎င်းပဲ့တင်သံက ဆရာတော် သို့မဟုတ် အီမာမ်ရဲ့ အသံကို မြှင့်တင်ပေးတာကြောင့် အဆောက်အအုံထဲက လူအများကို ကြားနိုင်စေပါတယ်။ ဒါကြောင့် အသံပြုမဲ့သူရဲ့ ရှေ့မှာ အခုံးအခွက်ပါတဲ့ နေရာလပ်တစ်ခုကို ထည့်သွင်း တည်ဆောက်ထားရခြင်းဖြစ်တယ်။ အစ္စလာမ် ဘာသာမှာတော့ စောနက တင်ပြသလို အသံပိုမိုဖြန့်ကျက်နိုင်ဖို့ တည်ဆောက်ခဲ့ကြတဲ့ ဗိသုကာလက်ရာအပြင် ၎င်းမှာ တခြားဘာအဓိပ္ပာယ်မှ မရှိပါဘူး။ ဗုဒ္ဓဘာသာဝင်လူအချို့ကတော့ ၎င်းတို့ရဲ့ တွေးထင်တဲ့ညစ်ပတ်သော ညဏ်စဉ်အတိုင်း စွပ်စွဲကြတာတွေဟာ သူတို့ရဲ့ ဘာသာရေး အဆင့်အတန်းကို ဖော်ကျူးရာရောက်ရုံကလွဲပြီး တခြားမရှိဟုသာ ပြောဆိုနိုင်ပါတော့တယ်။



(အောက်တိုဘာလ ၂၇၊ ၂၀၂၅ ​)

#အစ္စလာမ့်အကြောင်းလေ့လာစရာ 
#ယုံကြည်ခြင်းသဘောတရားများ 

Wednesday, October 1, 2025

ထန်းရှောက်ခံရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု

ထန်းရှောက်ခံရွာအနီးတဝိုက်တွင် တွေ့ရှိရသည့် သတ်ဖြတ်ခံရသူအချို့၏ အရိုးစုများ။


ထန်းရှောက်ခံရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု


၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့၌ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်၏ အလယ်ပိုင်းရှိ အတွင်းငှက်သေကျေးရွာအုပ်စု၊ ထန်းရှောက်ခံကျေးရွာ ခေါ် ဟွိုင်ယာစုရိ ကျေးရွာမှာ ရာနှင့်ချီသော  ရွာသူရွာသား၊ ကလေး၊ လူကြီး၊ သက်ကြီးရွယ်အို၊ အမျိုးသမီး၊ ကိုယ်ဝန်ဆောင်၊ မသန်စွမ်းပါမကျန် အပြစ်မဲ့ပြည်သူများကို ရခိုင့်လက်နက်ကိုင်အဖွဲ့ (AA) က ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် သတ်ဖြတ်ခြင်း၊အမျိုးသမီးများကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် အေအေတပ်စခန်းများတွင် အမျိုးသမီးများကို လိင်ကျွန်အဖြစ် ထိန်းသိမ်းထားရှိခြင်းစသည့် ကြောက်မက်ဖွယ် ပြင်းထန်သောရာဇဝတ်မှုများကို လူသိရှင်ကြား ရက်ရက်စက်စက် ကျူးလွန်ခဲ့သည်။ 

ထန်းရှောက်ခံကျေးရွာ ခေါ် ဟွိုင်ယာစုရိ သည် ဘူးသီးတောင်မြို့၏ အရှေ့တောင်ဘက် ငါးကီလိုမီတာခန့်အကွာတွင် တည်ရှိသည်။ ရိုဟင်ဂျာများသာနေထိုင်ပြီး အများစုမှာ လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်ကြသည်။ ယင်းကျေးရွာကို မီတာ ၂၅၀ ခြား၍  ရွာနှစ်ရွာပိုင်းခြားထားသည်။ ကျေးရွာ၏ မြောက်ဘက်အပိုင်းရွာငယ်တွင် အိမ်ခြေ ၂၅ လုံးခန့်နှင့် တောင်ဘက်အပိုင်းတွင် အိမ်ခြေ ၂၀၀ ခန့် ရှိသည်။ စစ်ကောင်စီ၏ တပ်ရင်း ခမရ ၅၅၁ နှင့် နီးစပ်သည်။ 

၂၀၂၄ ခုနှစ် အစောပိုင်းလများအတွင်းက ရခိုင့်တပ်တော် (AA) သည် ဘူးသီးတောင်မြို့နယ်၏ မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် တဖြည်းဖြည်း အောင်ပွဲများရရှိလာပြီး ထန်းရှောက်ခံကျေးရွာအနီးရှိ ခမရ ၅၅၁ တပ်ရင်းနှင့် စကခ ၁၅ တပ်မသို့ ချဉ်းကပ်လာသည်။


၂၀၂၄ ခုနှစ် ဧပြီလဆန်းပိုင်းတွင် စစ်ကောင်စီ တပ်မတော်သည် မြန်မာနိုင်ငံအနှံ့အပြားမှ စစ်မှူးထမ်းဥပဒေဖြင့် လူငယ်များကို အတင်းအဓမ္မဖမ်းဆီးကာ စစ်မှူးထမ်းစေခဲ့ရာ ထိုဒေသမှာလည်း ရက္ခိုင့်တပ်တော် (AA) ကို ခုခံတိုက်ခိုက်ရန် ထန်းရှောက်ခံရွာနှင့် အနီးတဝိုက်ရွာများမှ စစ်မှူးထမ်း ၁၀၀ ခန့်ကို ဖမ်းဆီးစုစည်းခဲ့သည်။ 

ဧပြီလတွင် ကျယ်ပြန့်လာသော တိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့၏ အရှေ့ဘက်ကျေးရွာများဖြစ်သော ရွက်ညိုတောင်၊ မောင်နာရွာနှင့် ကွန်တိုင်ကျေးရွာ စသည်တို့မှ ထောင်နှင့်ချီသောရွာသားများသည် ထန်းရှောက်ခံကျေးရွာနှင့် ဒါပြူချောင်းကျေးရွာ (ထန်းရှောက်ခါးကျေးရွာ၏ မြောက်ဘက် နှစ်ကီလိုမီတာအကွာ) များသို့ စစ်ဘေးရှောင်ခိုလှုံခဲ့ကြသည်။ ထန်းရှောက်ခံကျေးရွာသည် ခမရ ၅၅၁ တပ်ရင်းစခန်းနှင့် နီးစပ်ပြီး ဒါပြူချောင်းကျေးရွာသည် စစ်ကောင်စီ၏  အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် [စကခ ၁၅]နှင့် နီးစပ်သောကြောင့် AA ၏ တိုက်ခိုက်မှုမှ ပို၍ဘေးကင်းလုံခြုံမည်ဟု ရွာသားများက ယုံကြည်ခဲ့ဟန်တူသည်။


၂၀၂၄ ခုနှစ် ဧပြီလ စတုတ္ထအပတ်အတွင်း စကခ ၁၅ တပ်မနှင့် နီးစပ်သောနေရာတွင် တိုက်ပွဲများ ပြင်းထန်လာချိန်၌ ရခိုင့်တပ်တော် (AA) သည် ဒါပြူချောင်းကျေးရွာတွင် နေထိုင်သူအားလုံးကို ၎င်းကျေးရွာ၏ အနောက်တောင်ဘက် သုံးကီလိုမီတာခန့်အကွာ ဦးလှဖေကျေးရွာသို့ ပြောင်းရွှေ့ရန် အမိန့်ပေးခဲ့သည်။ 

မေလ ၁ ရက်နေ့တွင် ခမရ ၅၅၁ မှ စစ်ကောင်စီတပ်သားများသည် ထန်းရှောက်ခံကျေးရွာသို့ ရုတ်တရက်ရောက်ရှိလာပြီး စစ်မှူးထမ်းသစ်များအား ပေးထားသော လက်နက်အားလုံးကို ပြန်သိမ်းယူခဲ့သည်။ ထိုအချိန်က ခမရ ၅၅၁ စခန်းတွင် စစ်ကောင်စီတပ်သား ၁၀၀ ခန့်လောက်သာ ရှိသည်။ ယခင်တပ်စွဲခဲ့သည့် စစ်ကြောင်းများသည် ဘူးသီးတောင်မြို့သို့ ဆုတ်ခွာသွားခဲ့သည်။


မေလ ၂ ရက်နေ့ မနက်စောစောတွင် စစ်ကောင်စီတပ်သား စစ်ကြောင်းတစ်ခုသည် ရွာမြောက်ဘက်မှ ရောက်ရှိလာပြီး စစ်သား တစ်ဝက်ခန့်သည် ထန်းရှောက်ခံကျေးရွာထဲသို့ ဝင်ရောက်လာကာ ကျန်တစ်ဝက်သည် ရွာအရှေ့ဘက်ရှိ စစ်ကောင်စီ တပ်ရင်း ခမရ ၅၅၁ သို့ ဝင်ရောက်ခဲ့ကြောင်း ထန်းရှောက်ခံရွာသား မျက်မြင်သက်သေများက ထွက်ဆိုခဲ့သည်။ တိုက်ပွဲဖြစ်ပွားတော့မည့် အနေအထားဖြစ်သောကြောင့် ရွာသားများကို နေအိမ်များမှ အမြန်ဆုံးထွက်သွားရန် ထိုစစ်ကြောင်းက သတိပေးခဲ့သည်။ ထိုအခါ ရွာသားများသည် ရွာမှ မြောက်ဘက်သို့ အုပ်လိုက်စုလိုက် ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

စစ်ကောင်စီတပ်သားများထွက်သွားပြီးအချိန်အနည်းငယ်အကြာတွင် AA တပ်သားရာချီ ရွာထဲသို့ ဝုန်းဝုန်း ဝင်လာပြီး ရွာသားများကို နေအိမ်များမှ ထွက်သွားရန် အမိန့်ပေးပြန်သည်။ ထိုအခါ ရွာတွင်ကျန်ရစ်နေသည့် ရွာသားများသည် အခြားတစ်ဖက်သို့ ထွက်ပြေးခဲ့ကြသည်။ ရွာ၏အရှေ့ဘက်ရှိ လမ်းမကြီးပေါ်တွင် AA တပ်သားများက စစ်ရှောင်ထွက်ပြေးလာသော ရွာသားအုပ်စုကြီးတစ်စုကို တားဆီးပြီး ၎င်းတို့နှင့်အတူ ခိုးရှောင်ခိုးဝှက် ထွက်ပြေးလာသော စစ်ကောင်စီတပ်သားနှစ်ဦးကို လွှဲအပ်ပေးရန် ရွာသားများကို ဖျောင်းဖျပြောဆိုခဲ့သည်။

ထိုစစ်သားနှစ်ယောက်ကို အေအေက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပိတ်ဆို့ထားသော လူအုပ်ကို လွှတ်မပေးဘဲ လမ်းမပေါ်တွင် ခေါင်းငုံ့တန်းစီထိုင်စေခိုင်းသည်။  သို့နှင့် AA တပ်သားတစ်ဦး ကိုင်ထားသော စကားပြောစက်မှ "အားလုံး သတ်ပစ်လိုက်!" ဟု အမိန့်စကားကို ကြားခဲ့ရသည်ဟု အခင်းက လွှတ်မြောက်လာသော သက်သေများက ဆိုသည်။ ထိုအခါ AA တပ်သားများသည် ၎င်းတို့ရှေ့တွင် ခေါင်းငုံ့ထိုင်နေကြသော လူအုပ်ကြီးကို သနားစာနာစိတ်မဲ့ ရမ်းကားပစ်ခတ်သတ်ဖြတ်ခဲ့ကြသည်။

အသက် ၁၉ နှစ်အရွယ် ရွာသားတစ်ဦးသည် သူ၏မိခင်၊ ဖခင်နှင့် ညီအစ်ကိုမောင်နှမငယ် ငါးဦးတို့ကို သူ၏ ရှေ့မှောက်တွင် ရက်ရက်စက်စက် ပစ်သတ်ခဲ့သည်ကို ကိုယ်တွေ့မြင်ခဲ့သည်။ AA တပ်သားများက အလောင်းများအကြား ရှာဖွေစစ်ဆေးပြီး အသက်ရှင်နေသေးသူများကို ထပ်မံရှာဖွေပစ်သတ်ချိန်တွင် ၎င်းသည် မိခင်၏သွေးစွန်းနေသော ခေါင်းခြုံပုဝါကို မိမိကိုယ်၌ဖုံးအုပ်၍ အသေဟန်ဆောင်ကာ အသက်ဘေးမှ လွှတ်မြောက်လာခဲ့သည်။

ထိုအတောအတွင်း ရွာမြောက်ဘက်သို့ ထွက်ပြေးနေသည့် နောက်ထပ် ရာနှင့်ချီသောရွာသားများကို လမ်းပေါ်တွင် AA တပ်သားများက တားဆီးပြီး ထိုရွာသားများကိုလည်း အလားတူ ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ရွာ၏အနောက်ဘက်ရှိ လယ်ကွင်းများကိုဖြတ်၍ ထွက်ပြေးနေသော ရွာသားများကိုလည်း AA တပ်သားများက လိုက်လံပစ်ခတ်ခဲ့သည်။ ရွာသားများ ထွက်ပြေးနေစဉ်တွင် အေအေ တပ်သားများက ထန်းရှောက်ခံကျေးရွာရှိ အိမ်အများစု မီးရှို့ခဲ့သည်။ ရွာတောင်ပိုင်းတွင် ဗလီတစ်လုံနှင့် အိမ်သာတစ်လုံး လွှဲ၍ ကျန်အဆောင်အအုံးအားလုံး ပြာကျစေခဲ့သည်။ 

အမျိုးသမီးငယ်အချို့ကို AA တပ်သားများက ဖမ်းဆီးခဲ့ပြီး မြက်ရှည်ခင်းထဲသို့ ဆွဲငင်သွားကာ မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည်။ နောက်ပိုင်းတွင် အမျိုးသမီးတစ်ဦး၏ အလောင်းကို အဝတ်တစ်ဝက်ဗလာနှင့် မိန်းမကိုယ်မှ ဝမ်းဗိုက်အထိ ဓားဒဏ်ရာရရှိထားသည့်အနေအထားဖြင့် တွေ့ရှိခဲ့သည်။ သူမ၏ ခေါင်းဖြတ်ထားသောသားနှစ်ဦး၏ အလောင်းများကို ၎င်းအမျိုးသမီး၏ ဘေးတစ်ဖက်တစ်ချက်တွင် ပစ်ချထားသည်။

ထို့အပြင် ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားနေသည့် အမျိုးသမီးငယ် ၁၂ ဦးကို AA တပ်သားများက ဖမ်းဆီးပြီး စစ်ကောင်စီထံမှ သိမ်းပိုက်ရရှိခဲ့သော ခမရ ၅၅၁ စခန်းထဲတွင် လိင်ကျွန်အဖြစ်ထိန်းသိမ်းထားရှိခဲ့ကြောင်းလည်း မျက်မြင်သက်သေများက ဖွင့်ဟခဲ့သည်။ ၎င်းအမျိုးသမီးများအနက်မှ လေးဦးသည် သေဆုံးခဲ့ပြီဖြစ်ကြောင်း  သိရသည်။ 


လွှတ်မြောက်နိုင်ခဲ့သော ရွာသားအများစုသည် ထန်းရှောက်ခံကျေးရွာ၏ အနောက်ဘက် နှစ်ကီလိုမီတာခန့်အကွာရှိ ဦးလှဖေကျေးရွာသို့ ခိုလှုံခဲ့ကြသည်။ ထိုကျေးရွာတွင်ပင် ၎င်းတို့အား AA က ဖမ်းဆီးခဲ့ပြီး ၎င်းတို့၏ မိုဘိုင်းဖုန်းများကို စစ်ဆေးခြင်း၊ အတင်းသိမ်းဆည်းခြင်းခံခဲ့ရသည်။ ယခင်က စစ်ကောင်စီ၏ အဓမ္မစစ်မှူးထမ်းခံခဲ့ရဖူးသော လူငယ်များကိုမူ ဖမ်းဆီးခေါ်ဆောင်သွားကာ အပြီးရှင်းပစ်ခဲ့သည်။

မေလ ၂ ရက်နေ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအပြီး နှစ်ရက်ကြာပြီးနောက်  ထန်းရှောက်ခံကျေးရွာသို့ သွားပြီး အလောင်းများကို မီးရှို့ဖျောက်ဖျက်ဖို့အတွက် ကောက်ရိုးခြောက်များ စုပေးရန် ဦးလှဖေကျေးရွာမှ စစ်ဘေးရှောင်ဒုက္ခသည် ၅၀ ခန့်ကို အေအေက အတင်းအဓမ္မ ပေါ်တာဆွဲကာ စေလွှတ်ခဲ့သည်။ ကျေးရွာ၏ အနောက်မြောက်ဘက်စွန်းတွင် ပလာစတစ် တာပေါ်လင်အုပ်ထားသော  အလောင်းပုံကြီး လေးပုံကို မြင်တွေ့ခဲ့ကြောင်း၊ အလောင်းများ၏ ပုပ်သိုးအနံ့ဆိုးသည် အလွန်ပြင်းထန်စူးရှာလွန်းကြောင်း ထိုအလုပ်သမားအဖွဲ့တွင် ပါဝင်ခဲ့သူတို့က ဆိုသည်။


အဆိုပါ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအပြီး ရက်သတ္တပတ်အတွင်း ညအချိန်တွင် ထန်းရှောက်ခံရွာသို့ ခိုးရှောင်ခိုးဝှက် ပြန်ဝင်လာခဲ့ကြသော တခြားရွာသားများကလည်း ကျေးရွာအနီးတစ်ဝိုက်တွင် အလောင်းများပေကျံနေကြောင်း၊  ဗလီ၏ နောက်ဘက်တွင် အလောင်းပုံတစ်ပုံ ရှိကြောင်း၊ ရွာ၏တောင်ဘက်ရှိ ရေကန်ထဲတွင် အလောင်းအများအပြား တွေ့မြင်ခဲ့ရကြောင်း ပြောဆိုခဲ့သည်။

ဘင်္ဂလားဒေ့ချ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသော ဒုက္ခသည်အားလုံးသည် ဘူးသီးတောင်မြို့နယ်မှ ထွက်ခွာရန် ULA/AA ထံမှ စာဖြင့် ခွင့်ပြုချက်ရယူခဲ့ရသည်။ ဘာသာရေးဆရာတစ်ဦးသည် သူ၏မိသားစု ထွက်ခွာခွင့်ရရန် ဘင်္ဂလားဒေ့ရ်ှငွေ တာကာ ၂၇၅,၀၀၀ (အမေရိကန်ဒေါ်လာ ၂,၂၅၀ ခန့်) ဆက်ကြေးပေးခဲ့ရသည်။ သူတို့ ထွက်ခွာချိန်တွင် သူတို့၏ အိမ်ထောင်စုစာရင်းနှင့် မြေစာရင်းအပါအဝင် ကိုယ်ပိုင် စာရွက်စာတမ်းအထောက်အထားဟူသမျှကို AA က အတင်းအဓမ္မ လုယူခဲ့သည်။ 

ထန်းရှောက်ခံကျေးရွာတွင် တွေ့ရှိရသောအလောင်းများသည် စစ်ကောင်စီတပ်မတော်သားများ၏ အလောင်းသာဖြစ်ကြောင်း AA က မီဒီယာများကို ဗန်းပြ ထုတ်ပြန်ချေပခဲ့သော်လည်း ကိုယ်တွေ့သက်သေများ၏ ထွက်ဆိုချက် အထောက်အထားများက AA တပ်သားများသည် အထက်အရာရှိများ၏ တိုက်ရိုက်အမိန့်ဖြင့် ရိုဟင်ဂျာအရပ်သားရာနှင့်ချီ အစုလိုက်အပြုံလိုက် အကြမ်းဖက် သတ်ဖြတ်ခဲ့ကြောင်း ဖော်ပြနေသည်။ အရပ်သား ၆၀၀ ခန့် သတ်ဖြတ်ခံရကြောင်း ခန့်မှန်းခြေ သိရှိရသည်။ ထို့အပြင် AA တပ်သားများသည် ရိုဟင်ဂျာအမျိုးသမီးများနှင့် မိန်းကလေးများကို စနစ်တကျ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြောင်း ခိုင်လုံသော အထောက်အထားများက သက်သေခံနေသည်။


ထိုထန်းရှောက်ခံရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ရိုဟင်ဂျာအရေးလှုပ်ရှားသူ ရိုနေဆန်းလွင်က သြဂုတ်လ ၃ ရက်တွင် ဘူးသီးတောင်မြို့နယ်မှ အသက်ရှင်လွှတ်မြောက်လာသော ကိုယ်တွေ့သက်သေများနှင့် မေးမြန်းအင်တာဗျူးကာ ၎င်း၏လူမှုကွန်ရက်တွင် ထုတ်ပြန်ခဲ့သည်။ လူ့အခွင့်အရေးလှုပ်ရှားသူ ရှေ့နေ ရာဇီအာဆူလ်တာနာကလည်း ဘူးသီးတောင်မြို့နယ်မှ ထိုလူသတ်မှုမှ လွှတ်မြောက်လာခဲ့သော ကိုယ်တွေ့သက်သေ ရိုဟင်ဂျာ ဒုက္ခသည် ၁၉ ဦး (အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၇ ဦး) နှင့် ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းချက်များ ပြုလုပ်ကာ စက်တင်ဘာလ ၂၄ ရက်တွင် "Kill Them All" ခေါင်းစဥ်ဖြင့် အစီရင်ခံစာတစ်ခု ထုတ်ပြန်ခဲ့သည်။ ၎င်းတို့အနက် သက်သေ နှစ်ဦးသည် မေလ ၂ ရက်နေ့၌ ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် မိသားစုဝင် အဆွေအမျိုးပေါင်း ၆၀ ကျော် ဆုံးရှုံးခဲ့ရသူ ဖြစ်သည်။ 

ရခိုင့်လက်နက်ကိုင်အဖွဲ့အေအေ သည် တော်လှန်ရေး ခေါင်းစဥ်အောက်တွင် ရိုဟင်ဂျာလူမျိုးကိုပါ ရှင်းလင်းသုတ်သင်နေကြောင်း ထင်ရှားနေသည်။ 


— လူထုဝဏ္ဏ

(၁-၁၀-၂၀၂၅)

ကိုးကား

# ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲတဲ့လား| The Art Garden Rohingya

# ထန်းရှောက်ခံ အစုလိုက်သတ်ဖြတ်မှု| ရိုနေဆန်းလွင်

# ထန်းရှောက်ခံရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အစီရင်ခံစာ| Kaladan Press Network 

ထန်းရှောက်ခံရွာ အစုလိုက်အပြုံလိုက်

Kalandan Press ၏ အစီရင်ခံစာကို လိင့်ကိုနှိပ်၍ ဒေါင်းယူ ဖတ်ရှူပါ။ 






Thursday, August 28, 2025

အာဏာရှင်လမ်းကို တက်နင်းနေတဲ့ အေအေ


အာဏာရှင်လမ်းကို တက်နင်းနေတဲ့ အေအေ

"တချို့က ပြည်သူ့ကို ကာကွယ်ဖို့ တော်လှန်ကြတာမဟုတ်ဘူး။ အာဏာရှင်စနစ်ထူထောင်ဖို့ တော်လှန်ရေးကို ခုတုံးလုပ်ကြတာဖြစ်တယ်။"

— ဂျော့အိုဝဲလ် (၁၉၈၄)

စစ်အာဏာရှင်ဖြုတ်ချရေး မြန်မာ့နွေဦးတော်လှန်ရေးကြီးဟာ အတိုင်းအတာတစ်ခုအထိ ခရီးပေါက်ကပါပြီ။ မြန်မာနိုင်ငံ အနှံ့အပြားတွင် တော်လှန်ရေးအဖွဲ့အစည်းတွေက သွေးချွေးစတေး ရွံရွံချွံချွံတိုက်ခိုက်လို့ နယ်မြေတွေ အတော်များများ သိမ်းပိုက်ရရှိပါပြီ။ ဒီလောက် အောင်မြင်မှုတွေ ရလိမ့်မယ်ဆိုတာလည်း အစတုန်းက မခန့်မှန်းခဲ့ချေ။ ရုတ်တရက်ပေါ်လာခဲ့တဲ့  ၁၀၂၇ စစ်ဆင်ရေးဟာ နွေဦးတော်လှန်ရေးခရီးမှာ  အအောင်မြင်ဆုံး စစ်ဆင်ရေးလို့ လေ့လာသူတွေက မှတ်ချက်ပေးကြတယ်။ ရခိုင်ပြည်နယ်ဘက်မှာလည်း ရခိုင့်လက်နက်ကိုင်အဖွဲ့ အေအေက နယ်မြေ ၈၀ ရာခိုင်နှူန်းလောက် သိမ်းပိုက်ထားပြီဖြစ်တယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေထဲမှာ အေအေက ရှေ့ဆုံးက တာဝင်နေတယ်ဆိုရင်လည်း မမှားပါဘူး။ သူတို့က တော်လှန်ရေးအစိုးရ ဖွဲ့စည်းပြီးတော့ ထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေး တောင် အသက်သွင်းပေးတဲ့ အဆင့်ထိ ရောက်ရှိနေတာ အားလုံးအသိဖြစ်တယ်။

ဒီနေရာမှာ စဥ်းစားစရာက အေအေရဲ့ အုပ်ချုပ်မှုယန္တရားဟာ ရခိုင်ပြည်ရှိ လူမျိုးစုအားလုံးရဲ့ အခွင့်အရေး အကျုံးဝင်တဲ့ ခေတ်သစ်အုပ်ချုပ်ရေးစနစ်တစ်ခုဆီကို ဦးတည်နေသလား။ ဒါမှမဟုတ် ခေတ်ဟောင်း အာဏာရှင်တွေရဲ့ ခြေရာကိုပဲ တော်လှန်ရေးဖိနပ်နဲ့ ပြန်နင်းနေသလား မေးခွန်းထုတ်စရာဖြစ်လာတယ်။ အဲဒါကို လက်တွေ့ကျကျ လေ့လာချင်တယ်ဆိုရင် ရခိုင်ပြည်နယ်ရဲ့ လူမျိုးစုအသီးသီးနဲ့ အေအေရဲ့ ဆက်ဆံရေး၊ အာဏာခွဲဝေရေး၊ ရခိုင်ပြည်နဲ့ လူမျိုးစုအကျိုးကို အကာအကွယ်ပေးရေး စတဲ့အခြေခံအချက်တွေကို ဘက်လိုက်မှုမရှိဘဲ လေ့လာရမယ်။ အဲ့ဒီအချက်တွေကို မှတ်ကျောက်တိုက်ပြီး စစ်လိုသော် ရခိုင်ပြည်ရဲ့ ဒုတိယလူဦးရေအများဆုံးနဲ့ အဖိနှိပ်ခံရဆုံး ရိုဟင်ဂျာလူမျိုးနှင့် အေအေရဲ့ ဆက်ဆံရေးကို ကြည့်လိုက်ရင် သူတို့ရဲ့ အုပ်ချုပ်ရေးအတွေးအခေါ်တွေနဲ့ အနာဂတ်ရခိုင်ပြည်ရဲ့နိမိတ်ကို ထင်ထင်ရှားရှား တွေ့မြင်စေတယ်။ အေအေတပ်ဖွဲ့ရဲ့ မူဝါဒဟာ ဘာသာမတူတဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်လာရင် စစ်အာဏာရှင်အဆက်ဆက်က အုတ်မြစ်ချပေးခဲ့တဲ့ လမ်းစဥ်ကိုပဲ တစ်လှမ်းပြီးတစ်လှမ်း ပြန်လျှောက်နေကြတာတွေ့ရပါလိမ့်မယ်။ ဒီနေရာမှာ ပြည်တွင်းသတင်းမီဒီယာသမားတွေလည်း စကစ ရှုံးရင်ပြီးရော့ဆိုပြီး ဖြူဖြူမည်းမည်း မခွဲခြားဘဲ တဖက်သတ် အေအေဘက်ဆွဲ ရေးသားပြောဆိုနေကြတယ်။ တော်လှန်ရေးအဖွဲ့အစည်းအများစုကလည်း ရိုဟင်ဂျာနဲ့ပတ်သတ်လာရင် နှုတ်ဆိတ်နေမြဲတတ်တယ်။ ဒါက မထူးခြားဘူး။ မှန်မှန်မှားမှား အင်အားကြီးထွားလာတဲ့ အေအေကို မဆန့်ကျင်လိုတဲ့ သဘောပဲ။ နောက်ဘက်က ခံနေရတဲ့လူမျိုးက ဘာသာမတူ၊ လူမျိုးမတူကြောင့်မလို့လဲ ယူဆနိုင်တယ်။  တပြည်လုံးကိုယ်စားပြုပါတယ်လို့ဆိုတဲ့ အန်ယူဂျီကတောင် ဝင်မစွပ်ရဲဘူး။ ဒီတော့ တစ်ပြည်တစ်မင်းလို သွားနေတဲ့ အေအေရဲ့လမ်းက နောင်ခတ်မှာ ပြည်သူ့အတွက် ကောင်းကျိုးပေးမလား၊ အန္တရာယ်ဖြစ်သွားနိုင်သလား ဝေဖန်ရေးသားချိန်တန်ပြီ။ အေအေအဖွဲ့က အာဏာရှင်တို့ရဲ့ အမွေဆိုးလမ်းစဥ်ကို ဘယ်လိုနင်းနေကြသလဲ တစ်ခုပြီးတစ်ခု အကျဥ်းမျှ လေ့လာကြည့်ကြရအောင်။

ပထမဦးဆုံးပြောရရင် အင်မတန် အခြေခံကျတဲ့ လူသားတို့ရဲ့ မူလအခွင့်အရေးကို လူသိရှင်ကြား ငြင်းဆန်နေတာ တွေ့ရပါမယ်။ အေအေက ရခိုင်ပြည်တွင်း မှီတင်းနေထိုင်တဲ့ လူမျိုးစုကို လူမျိုးရေးအရ အဆင့်အတန်း ခွဲခြားဆက်ဆံခြင်း၊ ကိုယ်ပိုင်ဝိသေသအမည်ကို ငြင်းဆန်ခြင်း၊ လူမျိုးမုန်းတီးရေး ဝါဒဖြန့်ခြင်း စတဲ့ဟာတွေကို အသက်သွင်းလာတယ်။  ဒီအချက်ကို အာဏာရူး စစ်အာဏာရှင်တွေက လူမျိုးအချင်းချင်း ပဋိပက္ခတွေ ဖန်တီးနိုင်အောင် တမင်တကာ ခါးခါးသီးသီး ချမှတ်ခဲ့တဲ့ လုပ်ကြံမူဝါဒတစ်ခုဖြစ်တယ်။ လူမျိုးကြီးဝါဒကို လေပင့်ပေးလို့ တခြားလူနည်းစုတွေကို နိမ်တဲ့သီအိုရီပေါ့။ အခုလည်း အေအေက အဲဒီမိစ္ဆလမ်းဟောင်းကို ရွေးလျှောက်နေကြောင့် မြင်နေရတော့ အင်မတန် ဝမ်းနည်းစရာကောင်းတယ်။ အေအေ အင်အားနည်းချိန်ကျတော့ ရိုဟင်ဂျာလူမျိုးရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အမည်နာမကို ခေါင်းဆောင်ပိုင်းကိုယ်တိုင်က သုံးစွဲအသိအမှတ်ပြုခဲ့ကြတယ်။ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုမှာ ပါဝင်ခဲ့တဲ့ တရားခံတွေကို ဖော်ထုတ်ကာ ကမ္ဘာ့တရားခုံအထိ ရောက်အောင် ကူညီခဲ့တာ တွေ့ရတယ်။ ဒါပေမဲ့ သူတို့အင်အားကြီးလာတော့ ရိုဟင်ဂျာဆိုတဲ့နာမည်ကို ပေးမသုံးလိုဘူး။ ငြင်းဆိုနေကြတယ်။ ခေါင်းဆောင်ပိုင်းတွေ ကိုယ်တိုင်က အဘတို့ရဲ့အတွေးအခေါ်နဲ့ တခြားနာမည်အမျိုးမျိုးကို သုံးစွဲခေါ်ဝေါ်နေကြတာ တွေ့ရပါတယ်။ 

ပြီးတော့ ရခိုင်ပြည်ရဲ့ မူလဌာနေလူမျိုးလို သဘောမထားဘဲ စစ်အာဏာရှင်လို ဒုတိယတန်းစားလူမျိုးအဖြစ် ဆက်ဆံနေကြတာရေ၊ နိုင်ငံရေးကအစ  တော်လှန်ရေး၊ အုပ်ချုပ်ရေးကနေ ဘာမှမဆိုင်သလို မပတ်သက်သလို ဘေးဖယ်ထားတာတွေက စစ်အစိုးရနဲ့ ထပ်တူကျနေတယ်။ အောက်ခြေစစ်သားနဲ့ ရပ်ရွာတာဝန်အချို့မှာ ရိုဟင်ဂျာလူမျိုးကို သုံးနေကြတာလောက်ပဲ သိရှိရတယ်။ ဒါလည်း မလွှဲမရှောင်သာ လိုအပ်နေလို့ပါပဲ။ ရိုဟင်ဂျာတွေရဲ့ မည်သည့် နိုင်ငံရေးအဖွဲ့အစည်းနဲ့ တွေ့ဆုံဆွေနွေးစရာ မလိုဘူးလို့ ခေါင်းဆောင်ပိုင်းက ပြောဆိုလာတယ်။ ရိုဟင်ဂျာတွေရဲ့ ဆန္ဒ၊ သဘောထားတွေကို တင်ပြနိုင်ခွင့်မပေးဘဲ သူတို့စိတ်ထင်ရာ စိုင်းနေကြတဲ့မူနဲ့ သွားနေကြတယ်။ ရိုဟင်ဂျာပြည်သူတွေရဲ့ ကိုယ်ပိုင်ဆန္ဒမပါဘဲ ရိုဟင်ဂျာတွေနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေချတယ်။ သူတို့ ထားသလိုနေ၊ ခိုင်းသလိုလုပ် ဆိုတဲ့ အာဏာရှင်ပုံစံနဲ့ပေါ့။ အင်မတန် အယူသည်းတဲ့ လူမျိုးကြီးဝါဒကို ပြန်လည်အသက်သွင်းလာတော့ ရှေ့​ပြေးလမ်းက လူမျိုးပေါင်းစုံ ယှဥ်တွဲနေထိုင်နိုင်မယ့် နှင်းဆီလမ်း ဖြစ်မလာဘူးဆိုတာ မြင်ယောင်လာစေတယ်။ 

နောက်တစ်လှမ်းက ရိုဟင်ဂျာပြည်သူပိုင် လယ်မြေအိုးအိမ် ဥစ္စာပစ္စည်းများ မတရားအဓမ္မ သိမ်းပိုက်တာဖြစ်တယ်။ ဒါကလည်း စစ်အာဏာရှင်ယုတ်တို့ရဲ့ မျိုးတုံးရှင်းလင်းရေး အဓိကလက်နက်တစ်ခုဖြစ်တယ်။ သူတို့ ချမှတ်ခဲ့တဲ့ လမ်းဟောင်းပဲ။ အေအေက ထိန်းချုပ်နယ်မြေတွေမှာ မဟုတ်မမှန် အကြောင်းအမျိုးမျိုးပြလို့ ရိုဟင်ဂျာတို့ရဲ့ အိုးအိမ်များ၊ လယ်မြေ၊ ဆိုင်၊ ကန်ပိုင်စတဲ့ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်သိမ်းဆည်းနေကြတဲ့ သတင်းတွေ ဟိုကဒီက မကြာခဏ ပေါ်လာပြန်တယ်။ ဘာသာရေးအဆောက်အအုံတွေ ဖျက်ဆီးခြင်း၊ သိမ်းပိုက်ခြင်း၊ သူတို့ တပ်စွဲစခန်းချ သုံးစွဲခြင်းတွေလည်း လုပ်လာကြတာတွေ့ရတယ်။ တိုက်ပွဲတွေအတွင်းဆိုရင်လည်း သူတို့နဲ့မတည့်တဲ့ ရပ်ရွာရပ်ကွက်တွေဆို ရွာလုံးကျွတ်တန်းမီးရှို့တာလည်း ရှိတယ်။ ဘူးသီးတောင်မြို့တစ်ခုလုံးနီးပါး ရိုဟင်ဂျာရပ်ကွက်တွေကို မီးရှို့ပြာကျစေခဲ့တာက ထင်ရှားတဲ့သက်သေသာဓက တစ်ခုဖြစ်တယ်။ ရိုဟင်ဂျာတို့ရဲ့ မှီတင်းနေထိုင်ရာ ရိပ်သာတွေကို မတရားသိမ်းဆည်းခံနေရ၊ မီးရှို့ခံရလည်း သေနတ်ပြောင်းဝရှေ့ ပြောမရဲဆိုမရဲ လည်စင်းခံ နေရတာကိုး။

ပြီးတော့ ရိုဟင်ဂျာလက်နက်ကိုင် အဖွဲ့အစည်းကို အကြောင်းပြပြီး အရပ်သား ပြည်သူလူထုကို မတော်မတရား ညှည်းပမ်းနှိပ်စက်တာ၊ သတ်ဖြတ်တာ၊ ဖမ်းဆီတာ၊ ငွေညစ်တာ စတဲ့ တရားဥပဒေမဲ့ လုပ်ရပ်တွေ နေ့ရက်ဆက် ကျုးလွန်လာတယ်။ နောက်ပြန်လှည့်ကြည့်ရင် ဒါက ရိုဟင်ဂျာတို့ကို ကြောက်စိတ်ထည့်သွင်းပေးရန် စစ်အာဏာရှင်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေး လက်နက်တစ်ခုဖြစ်တယ်။ အေအေကလည်း ထိုမူဝါဒကို လက်ကိုင်ကျင့်သုံးလာနေတာဖြစ်တယ်။ ပညာတတ်လူငယ်တွေကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ လက်နက်ကိုင် အဖွဲ့အစည်းနဲ့ အဆက်အသွယ် ရှိတယ်လို့ စွပ်စွဲပြီး အမျိုးမျိုးဖိနှိပ်တဲ့ ကျုးလွန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပြစ်မှားလာနေတယ်။ မြောက်ဦး၊ ကျောက်တော၊ မောင်တော၊ ဘူးသီးတောင် စတဲ့မြို့များမှ ပညာတတ်လူငယ်များကို ဖမ်းဆီးချုပ်နှောင်ထားတာ ယနေ့အချိန်အထိပေါ့။ ပွင်းလင်းမြင်သာမှုရှိတဲ့ စစ်မှန်တဲ့တရားဥပဒေတံမျဥ်းကို ဥပေက္ခပြုပြီးတော့ ဓါးမိုးသေနတ်မိုးလို့ စိတ်ထင်ရာ စီရင်နေတဲ့ ဖြစ်ရပ်တွေ ဒုနဲ့ဒေးပါပဲ။

ဒါ့အပြင် စစ်အာဏာရှင်ရဲ့ သတင်းလွှတ်လပ်ခွင့်ကို ပိတ်ပင်တဲ့ လမ်းစဥ်ကိုလည်း အကောင်အထည်ဖော်နေတယ်။  ပြည်သူတွေရဲ့ လွတ်လပ်စွာပြောဆိုခွင့်ကိုလည်း ထိန်းချုပ်ထားတယ်။ အေအေကလည်း ပြည်သူတွေကို နှုတ်ပိတ်နေအောင် သေနတ်ပြောင်ဝ အမြဲ ချိန်းထားလေ့ရှိတယ်။ အေအေ တပ်သားတွေကျူးလွန်ခဲ့တဲ့ အမှုတစ်စုံတစ်ရာကို ပြည်သူတွေ ထွက်ဆိုလာရင် သတ်ဖြတ်အရေးယူခြင်းအထိ ခံနေရတယ်။ ဒါကတော့ စကစထက်တောင် ဆိုးဝါးလွန်နေလှပြီ။ ပြည်သူတွေက မိမိရဲ့ ခံစားချက်၊ မတရားခံရမှုတွေကို ရေငုံနှုတ်ပိတ်ကာ အေအေက ခိုင်းသလို ခေါင်းညိတ်နေရတယ်။ သူတို့ လိုချင်သလို ကဆိုရင်က၊ ရယ်ဆိုရင်ရယ် ရုပ်သံတွေရိုက်ပြ ထုတ်လွှင့်ရတယ်။ အေအေက လက်နက်ကိုင်ဂိုဏ်းလို ဘယ်နိုင်ငံတကာဥပဒေကိုမှ အရေးမစိုက်ကြဘူး။ တကယ်တော့ အဲလိုအမှုတစ်စုံတစ်ရာ ပေါ်လာပြီဆိုရင် ပွင်းလင်းမြင်သာစွာ စစ်ဆေးပြီးတော့ အပြစ်ကျူးလွန်သူတွေကို အရေးယူပြီးတော့ ဖြေရှင်းတာပဲ မှန်ကန်တဲ့ လမ်းစဥ်ပဲလေ။ အမှုတိုင်းမှာ ဘူးငြင်းလို့တော့ ဘယ်ဟုတ်ပါ့မလဲ။ အမှုတိုင်းတော့ စွပ်စွဲတာတော့ မဖြစ်နိုင်ဘူး။ အမှန်တရားတော့ ရှိမယ်။

ဒီလောက်နဲ့ မပြီးသေးဘူး။ စကစရဲ့ အဓိက ရန်ဘုံငွေရှာတဲ့ နည်းတစ်ခုက မတရား ငွေညစ်ခြင်းဖြစ်တယ်။ ဘာလုပ်လုပ် ငွေနဲ့သာ စကားပြောရတယ်။ အခုအေအေလက်နက်ကိုင်ကလည်း ဘာလုပ်လုပ် ငွေနဲ့ပဲ စကားပြောတယ်။ လူတစ်ယောက် တစ်နေရာကနေ တစ်နေရာ သွားချင်ရင် ထောက်ခံစာယူရပြန်တယ်။ ပိုက်ဆံပေါ့။  ရန်ကုန်ကို သွားချင်ရင် သိန်း ၅၀ ကျော်။ စာရွက်စာတမ်း တစ်ခုခု လုပ်ချင်ရင် တစ်သိန်းကနေ သိန်း ၁၀ အထိပဲ။ ဘင်္ဂလားကို ထွက်ပြေးလာချင်ရင် ငွေသိန်း ၂၅ လောက် သူတို့ကို ပေးမှ အဆင်ပြေတာလေ။ ထောင်သားတစ်ယောက်နဲ့ တွေ့ချင်ရင် သိန်း ၁၀ နဲ့ မလောက်ဘူး။ ဒီ အဓမ္မ ဆက်ကြေးကို အေအေက အခွန်ဆိုပြီးတော့ နာမည်လှလှတပ်ထားသေးတယ်။ အေအေရဲ့  တာဝန်ခံတွေဆို လာမယ့်နှစ်တွေမှာ ရခိုင်ပြည်ရဲ့ အချမ်းသာဆုံးစာရင်း ဝင်တော့မယ်။ (ဘင်္ဂလားနဲ့ အိန္ဒိယဘက်ကို မူးယစ်ဆေးဝါးတွေတင်ပို့နေတဲ့အကြောင်းကို သူတို့ ရန်ဘုံငွေရှာလမ်းဆိုတော့ မပြောလိုဘူး။)

နောက်တစ်ခုကတော့ ရိုးသားဖြောင့်မတ်တဲ့ သူတော်ကောင်း ဟန်ဆောင်တာပါပဲ။ စေတနာရှင်လိုလိုပေါ့။ စစ်ကောင်စီက ရိုဟင်ဂျာတွေကို တစ်ဖက်က ဖိနှိပ်စက်ရင် အခြားတစ်ဖက်က ရိုဟင်ဂျာတွေကို ကူညီနေတဲ့ဓါတ်ပုံတွေ၊ ဗီဒီယိုဖိုင့်တွေကို ဖြန့်ကာ ဝါဒမိုင်းတိုက်ဖို့ ကြိုးစားခဲ့တယ်လေ။ အခုလည်း အေအေက ထပ်တူပဲ။ တစ်ဖက်က ရိုဟင်ဂျာတွေကို ဖိနှိပ်ညှည်းပမ်းနေတယ်။ အခြားတစ်ဖက်က သူတို့ရဲ့ အစွန်းရောက်မီဒီယာတွေကို သုံးပြီး ကူညီသလို၊ ထောက်ပံ့သလိုလို ဓါတ်ပုံတေ့၊ ဗီဒီယိုတွေ ဖြန့်ဝေကြတာတွေ့ရတယ်။ မူဆလင်ရေးရာဌာနတွေ ဖွင့်လှစ်နေကြောင်း ဝါဒဖြန့်လာကြတယ်။ ပြည်သူတွေကလည်း မိမိတို့ရင်ဆိုင်နေရတဲ့ ရောင်စုံဖိနှိပ်မှုတွေကို မျိုသိပ်နေရရှာတာပေါ့။ ဆန့်ကျင်မပြောဝံ့တော့ တိတ်ဆိတ်ပဲနေရတယ်။ စကစကလည်း မြန်မာမူဆလင်၊ အိုလာမာ၊ မွတ်ဆလင်ရေးရာကောင်စီ စသည်ဖြင့် အဖွဲ့အစည်းများ ဖွင့်ပေးခဲ့တယ်ဆိုတာလည်း အလုံးအသိပဲမဟုတ်လား။ 

စစ်အာဏာရှင်တွေရဲ့ နောက်မူတစ်ခုက ပွင့်လင်းမြင်သာမှု မရှိတာဖြစ်တယ်။ အခု အေအေကလည်း ဘာလုပ်လုပ် ပွင့်လင်းမြင်သာမှု မရှိပါဘူး။ သူတို့ ဖမ်းချင်တဲ့သူကိုဖမ်း၊ သတ်ချင်တဲ့သူကိုသတ် ပြီးတော့ ဇွတ်ငြင်းဆိုမယ်၊ မဟုတ်မမှန်စွပ်စွဲတာပဲ လုပ်နေကြတယ်။ ပြည်သူတွေကို ဖမ်းခေါ်သွား၊ အချုပ်ထဲမှာသတ်၊ ပြီးတော့ လွှင့်ပစ်တဲ့အမှုလည်း မနည်းပါဘူး။

နောက်ထပ် တစ်ခုပြရရင် အတင်းအဓမ္မ ပေါ်တာဆွဲတာပါပဲ။ စကစရဲ့ နောက်ထပ် မတရားမှုတစ်ခုပေါ့။ ပြည်သူတွေ ဒီလောက် စစ်ဘေးဒုက္ခရောက်နေတဲ့အချိန်မှာ အေအေက ပေါ်တာဆွဲတာ၊ လုပ်အားတောင်းတဲ့ မူကို အသက်သွင်းလာနေကြတယ်။ စစ်ဘေးဒဏ်ကတစ်ဖက် အစားအသောက်နဲ့ ရောဂါဘယတွေလဲတစ်ခက်နဲ့ အလူးအလဲခံစားနေရတဲ့ပြည်သူတွေကို အတင်းအဓမ္မ လုပ်အားပေးခိုင်းတာ ဘယ်က တရားပါမလဲ။ သူတို့အတွက်လမ်းဖောက်ခိုင်းတာတွေ၊ သူတို့ရဲ့ အဆောက်အအုံတွေ ဆောက်ခိုင်းတာတွေ၊ သူတို့အတွက် ရိက္ခာတွေကို ဆက်ခိုင်းတာတွေ  ရက်ဆက်ပြုလုပ်နေကြတယ်။ လူအင်အားမရှိတဲ့ မိသားစုဆိုရင် ငွေကြေးနဲ့  ရှင်းရတယ်။ လစဥ်ပေးဆောင်နေရတဲ့ ဆက်ကြေးတွေအပြင် လုပ်အားမေပးနိုင်တဲ့အိမ်ဆို ငွေတစ်/နှစ်သောင်းတောင် ပေးရတယ်။ အခုဆိုရင် အဓမ္မ စစ်မှုထမ်းခိုင်းနေတဲ့ အမှုတွေလည်း ပေါ်လာပြီ။ 

နောက်ဆုံးတစ်ခုကတော့ အင်မတန် ကြောက်စရာကောင်းတဲ့ ရာဇဝတ်မှုပေါ့။ ပြည်သူတွေကို ပုရွက်ဆိတ်လို အုပ်လိုက်စုလိုက် သတ်ဖြတ်ခြင်းဖြစ်တယ်။ အေအေရဲ့ စစ်ဆင်ရေး စတင်ချိန်မှစ၍ ယနေ့အထိဆို အေအေက အပြစ်မဲ့ပြည်သူ ၁၀၀၀ လောက်ကို သတ်ဖြတ်ရှင်းလင်းခဲ့တယ်။ ဒီဂဏန်းက နည်းမယ်လို့တောင် ထင်မိတယ်။ ၂၀၂၄ ခု သြဂုတ်လ ၅ ရက်နေ့တွင် မောင်တောမြို့ နတ်မြစ်ကမ်းတွင် စစ်ပြေးရှောင်ပြည်သူ ကလေးသူငယ်၊ အမျိုးသမီးအပါအဝင် အနည်းဆုံး လူပေါင်း ၂၀၀ ကျော်ကို ဒရုန်း၊ လောင်ချာတွေနဲ့ တိုက်ခိုက်သတ်ဖြတ်ခဲ့တယ် (ရတ်ကလစ်၊ ၂၀၂၄)။ ၂၀၂၄ ခု မေလ ၂ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် ထန်းရှောက်ခံရွာမှာ သက်သက် လူပေါင်း ၆၀၀ ကျော်ကို အုပ်လိုက်စုလိုက် ရက်ရက်စက် သတ်ဖြတ်ခဲ့တယ် (ရာဇီယာဆုလ်တာနာ၊ ၂၀၂၅)။ ငကျဥ်တောက်ကျေးရွာမှာလည်း ရွာသား တစ်ဝက်ခန့် အသတ်ခံခဲ့ရတယ်။ တခြား ၅ ယောက်စု၊ ဆယ်ယောက်စု တွေပေါင်းလိုက်ရင် ၁၀၀၀ မက ကျော်သွားလိမ့်မယ်။ တခြားမြို့နယ်တွေမှာ ကျူးလွန်ခဲ့တဲ့ အရေအတွက်ကို တိတိကျကျ ထည့်နိုင်ရင်တော့ မယုံနိုင်လောက်အောင် မြင့်တက်လာနိုင်တယ်။ တခြားမြို့နယ်တွေကို ဆက်သွယ်ဖို့ မလွယ်ကူလို့သာ သတင်းမှန်တွေ ထွက်လာခြင်းမရှိတာဖြစ်တယ်။ ဒီလူသတ်မှုတွေကို ထောက်ပြဝေဖန်လာရင် နောက်နောင် မဖြစ်စေရအောင် သူတို့က အမှန်တရားကို စိစစ်ပြီး အရေးယူ မဖြေရှင်းဘဲ "ဘူး" ငြင်းကြတယ်။ သူတို့ရဲ့ ရာဇဝတ်မှုတွေကို ထောက်ပြတော့ ရိုဟင်ဂျာတွေ မကောင်းတော့ဘူး၊ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေ ဒေါ်လာစားတွေ ဖြစ်ကုန်ပြီ။ ရာဇဝတ်မှု ဆိုတာ ရာဇတ်မှုပဲ။ ရာဇဝတ်ကောင်တွေကို ခွင့်လွှတ်လိုက်ရင် ဒီထက်ကြီးမားတဲ့ ရာဇဝတ်မှုတွေ ကျုးလွန်လာမှာပဲ။ နောင်တစ်ချိန်မှာ လူမျိုးအားလုံးအတွက် အန္တရာယ်ဖြစ်လာနိုင်တယ်။ ရာဇဝတ်မှုကို အေအေက ကျူးလွန်သည်ဖြစ်စေ၊ စကစက ကျူးလွန်သည်ဖြစ်စေ၊ ရိုဟင်ဂျာလက်နက်ကိုင်က ကျုးလွန်သည်ဖြစ်စေ ဘယ်သူပဲ ကျူးလွန်သည်ဖြစ်စေ ရာဇဝတ်မှုပဲ။ အမှန်တရားကို အတင်း နှုတ်ပိတ်ခိုင်းလို့ မရဘူး။ ဘာပဲပြောပြော ယုံသွားအောင် နိုင်ငံတကာအဖွဲ့အစည်းတွေက မျိုးချစ်တွေလို လူအတွေလူပေါတွေမှ မဟုတ်ကြဘူး။ အေအေက ဒီလိုဒီလို ကျုးလွန်တယ်လို့ပြောရင် သူတို့က သေချာစိစစ်ပြီးတော့ ပြစ်မှုကျူးလွန်တာ တကယ်လေ့လာတွေ့ရှိမှ သတိပေးတာဖြစ်တယ်။

ရခိုင်ပြည်လွှတ်မြောက်ရေးဆိုတာ ရခိုင်ပြည်မှာနေထိုင်တဲ့ လူမျိုးပေါင်းစုံဘာသာပေါင်းစုံရဲ့ ဘုံရည်မှန်းချက်တစ်ခုဖြစ်တယ်။ အာဏာရှင်ကို ဆန့်ကျင်တဲ့ ဒီတော်လှန်ရေးကို အားလုံးက တခဲနက် ကြိုဆိုတယ်။ ရိုဟင်ဂျာတွေက အေအေကို မုန်းတာမဟုတ်ဘူး။ တော်လှန်ရေးသမားတိုင်းကို ထောက်ခံအားပေးကြတယ်။ တကယ်တော့ လမ်းမှားပေါ်ရောက်လို့ ရာဇဝတ်မှုတွေ လက်လွှတ်ကျူးလွန်နေတာကိုပဲ ရိုဟင်ဂျာတွေက ဝေဖန်ထောက်ပြနေကြတာဖြစ်တယ်။ စစ်ပွဲဖြစ်နေတဲ့ ဒေသတစ်ခုမှာ ထိခိုက်မှုတွေ၊ ဆုံးရှုံးမှုတွေ အနည်းနဲ့အများဖြစ်တာတော့ နားလည်ပေးရမယ်။ ဒါပေမဲ့ ရည်ရွယ်ချက်ရှိရှိ ရာဇဝတ်မှုတွေ ကြီးကြီးမားမား ကျူးလွန်တာကိုတော့ ဘယ်သည်းခံနိုင်ပါ့မလဲ။ အာဏာရှင်ဟောင်းဆီက အာဏာရှင်သစ်ဆီကို အာဏာလက်လွဲပြောင်းယူတာကိုတော့ ဘယ်သူမှ လိုလားမှာမဟုတ်ပါဘူး။

ရခိုင်ပြည်ကို အာရက္ခပြည်လို့ ပြောင်းသုံးတာက လူမျိုးပေါင်းစုံ စုစည်းပါဝင်နိုင်မှုကိုဆောင်တဲ့ လက္ခဏာတစ်ရပ်လို့ ယူဆပါတယ်။ ထိုအတူ စစ်အာဏာရှင်ရဲ့ မူဟောင်းလမ်းစဥ်တွေကို နင်းချေပစ်ပြီး လူမျိုးအားလုံးပါဝင်နိုင်တဲ့ နိုင်ငံတကာ စံချိန်စံနှုန်းနဲ့အညီ လမ်းသစ်ဖောက်ဖို့လည်း အင်မတန်အရေးကြီးပါတယ်။ လူမျိုးပေါင်းစုံ သာယာအေးချမ်းစွာ နေထိုင်နိုင်တဲ့ ပြည်တစ်ခု ထူထောင်နိုင်မှ အသက်ပေါင်းများစွာ စတေးရခြင်းရဲ့ အကျိုးနပ်မှာ ဖြစ်တယ်။ နယ်မြေအချို့ ထိန်းသိမ်းထားနိုင်ရုံနဲ့ လွှတ်မြောက်ရာမရောက်ဘူး။ ပြည်သူအားလုံးရဲ့ ညီညွတ်မှု၊ စုစည်းပါဝင်မှု၊ ဘုံရပ်တည်မှုက အဓိကဖြစ်တယ်။ တော်လှန်ရေးမှာသုံးတဲ့ ကျည်ဆံတစ်ချောင်းစီဟာ ပြည်သူကို ကာကွယ်ဖို့အတွက်ပဲဖြစ်စေရမယ်။ ပြည်သူကို ဖိနှိပ်ဖို့အတွက်မဖြစ်စေရဘူး။ အချိန်မီ မပြုပြင်ရင် ကိုယ်အချင်းချင်း ပြန်တိုက်လို့ စစ်ပွဲအသက် အဓွန့်ရှည်လို့ ပြည်သူတွေ စစ်ဆင်းရဲဒဏ်ကနေ ထွက်ဖောက်တောင် ရမှာမဟုတ်ဘူး။  အာရကန်ပြည် အေးချမ်းသာယာပါစေ။

လူထုဝဏ္ဏ
(28-8-2025)


ကိုးကား

Ratcliffe. R. (2024, August 12). "Children                       among up to 200 Rohingya killed in.                       Myanmar.                  drone attack". The.                 Gaurdian. 
        https://share.google/v6t2I8DMpXKle3hVv


Sultana. R. (2025, September 24). "Kill Them              All". Kaladan Press Network.
         https://kaladanpress.org/killl-them-all/

Friday, May 24, 2024

အေအေ လော်ဘီ ရှိူဗင်ဝါဒီများသို့


အေအေ လော်ဘီ ရှိူဗင်ဝါဒီများသို့

ဆောင်းပါးခေါင်းစဉ် မြင်လိုက်ရင်ပဲ မြန်မာ့မျိုးချစ်တွေ နှာခေါင်းရှုံ့ချင်မလား မပြောတတ်ဘူး။ မင်းတို့ဟာကလဲ အင်္ဂလိပ်စကားကို တိုက်ရိုက်မွေးစားထားတာချည်းပါလားလို့ ဆိုချင်ဆို။ မတတ်နိုင်ဘူး။ စစ်ရေး အောင်ပွဲတွေ ရလာတဲ့ အေအေကို မှားမှားမှန်မှန် မျက်စိမှိတ်ထောက်ခံလိုက်မဟဲ့ ဆိုသူတွေ၊ ရိုးတွင်းခြင်ဆီအထိ မဟာလူမျိုးကြီးဝါဒ စိမ့်ဝင်နေသူတွေကို ဒီလိုပဲ လိပ်မူရလိမ့်မယ်။ လူမျိုးကြီးဝါဒလို့ ပြောလိုက်ရင် ဗမာလူမျိုးကြီးဝါဒတမျိုးပဲ ရှိနေတယ်လို့ မထင်လိုက်နဲ့။ 

ရိုဟင်ဂျာကို ရိုဟင်ဂျာလို့တောင် မခေါ်နိုင်ရှာတဲ့ အေအေ ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်မှာ မဟာရခိုင် လူမျိုးကြီးဝါဒ တင်းပြည့်ကျပ်ပြည့် ရှိနေတာပဲ မဟုတ်လား။ ဒါလဲ ရှိူဗင်ဝါဒ တမျိုးပါပဲ။ အေအေရဲ့ ရက္ခိတ လမ်းစဉ်ကို ဆန်းစစ်ကြည့်ရင် ရှိူဗင်နစ်(စ်) အတွေးအခေါ်တွေ လွှမ်းမိုးနေတာ အထင်အရှား တွေ့ရမယ်။ 

ဒါတွေ ဘာ့လို့ ပြောနေရသလဲ။ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့မှာ ဘူးသီးတောင်မြို့ကို အေအေက အလုံးစုံ ထိန်းချုပ်လိုက်ပြီလို့ ကြေညာခဲ့တယ်။ တချိန်တည်းမှာပဲ ဘူးသီးတောင်မြို့လဲ ပြာကျသွားခဲ့ပြီ။ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အိုးမဲ့အိမ်မဲ့ ထွက်ပြေးနေရတယ်။ ထွက်ပြေးနေရတယ် ဆိုသော်ငြား တကယ့်တကယ်ကျ ပြေးစရာမြေ မရှိပါဘူး။ အရေအတွက် အတိအကျ မသိနိုင်တဲ့ ရိုဟင်ဂျာတွေ အသတ်ခံရ၊ လုယက်ခံခဲ့ရတယ်။ 

ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ ဒေသမို့ အများပြည်သူအနေနဲ့ ဒီဖြစ်စဉ်တွေကို ရေရေရာရာ မသိနိုင်ဘူး။ ဒါ့ကြောင့်မို့ အငြင်းပွားသံတွေ ပိုကျယ်လောင်လာခဲ့တယ်။ အေအေဘက်က သူတို့လုပ်တာ မဟုတ်ဘူးလို့ ငြင်းတယ်။ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ ဘူးသီးတောင်မြို့ မီးလောင် ပြာကျသွားခဲ့တာလို့ ဆိုထားတယ်။ 

သို့သော် ဒေသခံ မျက်မြင်သက်သေတွေ၊ ဂြိုဟ်တုဓာတ်ပုံတွေရဲ့ ထွက်ဆိုချက်ကတော့ အေအေကို လက်ညှိုးထိုးနေတယ်။ အမှန်တရားကို ကြာကြာဖုံးထားလို့ မရပါဘူး။ တကယ်လို့သာ အေအေဘက်က မကျူးလွန်ခဲ့ရိုးမှန်ရင် လွတ်လပ်အမှီအခိုကင်းတဲ့ စုံစမ်းစစ်ရေးကို ဘာကြောက်စရာလိုသလဲ။ အခုလို ဘူးကွယ်ငြင်းပြီး စစ်ကောင်စီနဲ့ ပုလင်းတူဗူးဆို့တွေလို့ စွပ်စွဲနေစရာ မလိုပါဘူး။ အေအေ အပြည့်အဝ ထိန်းချုပ်ထားတဲ့ အရပ်ဒေသမှာ ခိုလှုံနေတယ် (ဝါ) အေအေက ကယ်တင်ထားရပါတယ်ဆိုတဲ့ ရိုဟင်ဂျာတွေကို လွတ်လပ်စွာ အသံထွက်ခွင့်၊ ပြောဆိုခွင့် ပေးရဲရမယ်။ 

မြို့လုံးကျွတ် မီးရှို့ခံထားရသူ၊ အသက်အိုးအိမ် ဆုံးရှုံးထားရသူ အဖိနှိပ်ခံ လူမျိုးစုတခုဘက်က ရပ်တည်ပေးသူတွေကို ဝါးလုံးရှည်သိမ်းရမ်းပြီး အနောက်အလိုတော်ရိတွေ၊ စစ်ကောင်စီ ဘက်တော်သားတွေလို့ စွပ်စွဲပုတ်ခတ်နေသူ အေအေ လော်ဘီ ရှိူဗင်ဝါဒီတွေကို မေးရလိမ့်မယ်။ အေအေက ဘူးခါလိုက်ရုံနဲ့ပဲ အေအေ မကျူးလွန်ခဲ့ပါဘူးလို့ ဘာ့ကြောင့် မျက်စိမှိတ် အော်ရဲတာလဲ။ အေအေ ကျူးလွန်ခဲ့ပါတယ်လို့ ပြောနေသူတွေက အကြောင်းမဲ့၊ အထောက်အထားမဲ့ စွပ်စွဲနေတာ မဟုတ်ဘူး။ ဒီတော့ အေအေ လော်ဘီတွေအနေနဲ့ ကိုယ့်လူကိုယ် ယုံတယ်ဆိုရင် လွတ်လပ်အမှီအခိုကင်းတဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ ပေါ်ထွက်လာရေး၊ ကျူးလွန်ခံထားရသူ ရိုဟင်ဂျာတွေကိုယ်တိုင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရရှိရေးကို ပြတ်ပြတ်သားသား တောင်းဆိုပေးသင့်တယ် မဟုတ်လား။ ခင်ဗျားတို့ မျက်စိမှိတ်အော်နေသလို အေအေ မကျူးလွန်ခဲ့ဘူးဆိုရင်လဲ မကျူးလွန်ကြောင်း သက်သေနဲ့တကွ ပြနိုင်သလို အေအေရဲ့ ဂုဏ်တောင် တက်သွားနိုင်သေးတယ်။ အဲသလို မဟုတ်ရင်တော့ ခင်ဗျားတို့ဟာ အေအေရဲ့ စစ်အင်အားကိုကြည့်ပြီး မျက်စိမှိတ်ထောက်ခံနေတဲ့ လူယုတ်မာတွေပဲ ဖြစ်လိမ့်မယ်။ 

လူယုတ်မာတွေလို့ ပြောတာ မနာပါနဲ့။ မြို့လုံးကျွတ် မီးရှို့ဖျက်စီးခံထားရသူ၊ အသက်အိုးအိမ် ဆုံးရှုံးထားသူ၊ ဂျီနိုဆိုက် ကျူးလွန်ခံထားရသူ လူမျိုးစုတစုကိုတောင် မစာမနာ ပြောနေကြသေးတာပဲ၊ ကိုယ့်အလှည့်ကျမှ လူယုတ်မာလို့ အပြောခံရတာ မနာသင့်ပါဘူး။ 

အေအေက စစ်ပြေး ဒုက္ခသည် ရိုဟင်ဂျာတချို့ကို ခိုလှုံခွင့် ပေးထားတာပဲ၊ ရိုဟင်ဂျာတွေရဲ့ အိုးအိမ်ကို မီးရှို့ဖျက်စီးတာမျိုး လုပ်မှာမဟုတ်ဘူးလို့ ဆိုကြတယ်။ ခေတ်အဆက်ဆက်က မြန်မာ စစ်တပ်လဲ လူထု အကျိုးပြု ပုံရိပ်တွေ ထုတ်ပြခဲ့တာပဲ။ ဒါပေမယ့် ပြည်သူလူထုကို ပြန်သတ်ခဲ့တာပဲ မဟုတ်လား။ ဒါ့ကြောင့် ရိုဟင်ဂျာ ကယ်ဆယ်ရေး ပုံရိပ်လေး ထုတ်ပြပြီး အေအေမှာ လူမျိုးကြီးဝါဒ မရှိဘူး၊ ရိုဟင်ဂျာတွေအပေါ် စစ်ရာဇဝတ်မှုတွေ မကျူးလွန်ပါဘူးလို့ ပြောရင် မြန်မာပေါကား ဆန်လွန်းပါတယ်။ 

အေအေ ပြောခွင့်ရ ခိုင်သုခ နရဉ္ဇရာမှာ ပြောသွားတာလေးကလဲ ‘သင်း’သဗျ။ လူ့အခွင့်အရေးလို့ ပြောရင် လူမျိုးတမျိုးတည်းကိုချည်း ကွက်မပြောပါနဲ့၊ ကျနော်တို့ နိုင်ငံသားအားလုံးရဲ့ အခွင့်အရေးကို ပြောပါတဲ့။ သူတို့ကို ခွဲခြားခွဲခြား မလုပ်ပါနဲ့တဲ့။ ‘တယ်ဆိုတဲ့ စာပဲ’။ 

ခိုင်သုခကို ပြန်မေးရမယ်။ ရွှေတောင်ကြားက မြန်မာတယောက်နဲ့ မောင်တောက ရခိုင်တယောက်ကို ညီမျှခြင်းချပြီး လူ့အခွင့်အရေးစကားပြောရင် ခိုင်သုခ လက်ခံနိုင်မလား။ စစ်တွေမြို့နဲ့ အနီးအနားဒေသမှာ အတူနေကြတဲ့ ရခိုင်နဲ့ ရိုဟင်ဂျာတောင် အခြေအနေချင်း တခြားစီပဲ။ မယုံရင် မိုခါကို ပြန်ကြည့်။ မိုခါမှာ စစ်တွေမြို့ပေါ်က မြန်မာတွေ၊ ရခိုင်တွေ၊ နိုင်ငံခြားသားတွေ ဘယ့်နှယောက် သေခဲ့လဲ။ စစ်တွေအနီးအနား ရွာတွေ၊ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေ ဘယ့်နှယောက် သေခဲ့လဲ။ ဒါတွေ ဘာ့လို့ မတူတာလဲ။ အဖြေက ရှင်းတယ်။ အခြေအနေချင်း မတူလို့ပေါ့။ ဒါဆိုရင် အခြေခံချင်း မတူတာကို ညီမျှခြင်းချပြီး abstract ဆန်ဆန် ပြောတာဟာ စကားကပ်ပြောတာပဲ။ 

ရိုဟင်ဂျာတွေကို racial segregation လုပ်ထားပြီး စစ်တွေမြို့ပေါ်လောက်ကို သွားလာခွင့် မပေးခဲ့ဘူး။ ဒီအခြေအနေကို တိုက်ဖျက်ပြောင်းလဲပစ်ဖို့ ရခိုင်လူထုကြား လှုံ့ဆော်စည်းရုံးတာမျိုး အေအေ အပါအဝင် ဘယ်ရခိုင်နိုင်ငံရေး အဖွဲ့အစည်းက လုပ်ခဲ့ဖူးလဲ။ ဒါ အနိမ့်ဆုံး လုပ်သင့်တဲ့ လုပ်ငန်းစဉ်တရပ်ကို နမူနာ ထောက်ပြတာ။ အနိမ့်ဆုံး ဒီလောက်လေးမှ မလုပ်ခဲ့ဖူးဘဲ ‘မင်းတို့က ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးချည်း ပြောနေတာပဲ’လို့ အော်ရင် အတော်ကြောင်သူတော်ဆန်တာပဲ။ အနိမ့်ဆုံးအဆင့် ဒီလောက်ကလေးမှ အသံမထွက်ခဲ့ဖူးဘဲ လူမျိုးစုနှစ်ခုကြား သွေးစည်းညီညွတ်မှု ဘယ်လို ရှိလာနိုင်မလဲ။ မယုံကြည်မှုတွေ ဘယ်လို ချေဖျက်နိုင်မလဲ။ 

စစ်တွေက အေအေ ထိန်းချုပ်မှုအောက် မရောက်သေးတဲ့မြို့မို့ အဲသလို မဝေဖန်နဲ့လို့ စောဒကတက်ချင်သေးလား။ ရပါတယ်။ အေအေ အပြည့်အဝ ထိန်းချုပ်ထားတဲ့ မြေပုံကို နမူနာပေးမယ်။ မြေပုံက ရိုဟင်ဂျာတွေ လွတ်လပ်စွာ သွားလာခွင့် ရပြီလား။ မြို့ပြင် ပင်လယ်စပ် တောင်ကုန်းဘေးက ဝက်အိုင်တောထဲ မောင်းထုတ်ခံထားရတဲ့ ရိုဟင်ဂျာ မူဆလင်တွေ မြေပုံမြို့ထဲ ဝင်ခွင့်ရပြီလား။ အေအေနဲ့ သူ့လော်ဘီတွေ သက်သေအထောက်အထားနဲ့တကွ ဖြေရမယ့် မေးခွန်းတွေမို့ စာရှုသူများ သိချင်ရင် သူတို့ကိုသာ မေးကြပေတော့။ ဒါမှသာ ‘အေအေဟာ ရိုဟင်ဂျာတွေရဲ့ မိတ်ဆွေအစစ်၊ ရိုဟင်ဂျာတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ဖျက်စီးသူ မဟုတ်’ ဆိုတဲ့ သူတို့ narrative နဲ့ ရှေ့နောက်ညီမယ်။ 

ဒီမြေပြင် ပကတိ အချက်အလက်တွေကို ခိုင်သုခ အင်တာဗျူးတွေ၊ ထွန်းမြတ်နိုင် အင်တာဗျူးတွေမှာ မိတ်ဆွေတို့ ကြားဖူးပါသလား။ မကြားဖူးဘူးဆိုရင် သူတို့ဘာ့ကြောင့် အသံတိတ်နေတာလဲ။ ဒီအချက်တွေ ထည့်မပြောဘဲ အကြမ်းဖက်လိုသော အစွန်းရောက် မူဆလင် လူငယ်တွေလို့ အေအေရဲ့ ကြေညာချက်မှာ ဘာ့ကြောင့် စွပ်စွဲထားသလဲ။ 


၂၀၂၄ ခုနှစ်၊ မေလ (၂၀)ရက်နေ့ထုတ် အေအေရဲ့ ကြေညာချက်မှာ ‘အကြမ်းဖက်လိုသော အစွန်းရောက် မူဆလင် လူငယ်အရေအတွက် အများအပြားအား အကြမ်းဖက်သင်တန်းများပေးကာ လက်နက်တပ်ဆင်ပေးခြင်း၊ လက်ရှိ ဖြစ်ပွားနေသော အာရက္ခဒေသ တိုက်ပွဲများအတွင်း အသုံးပြုခြင်း’ လို့ စွပ်စွဲထားတယ်။ 


အာဏာသိမ်း မင်းအောင်လှိုင် စစ်တပ်က စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြီး နေရာအသီးသီးက လူငယ်တွေကို အတင်းအကြပ် စစ်တပ်ထဲဆွဲသွင်းနေတာ အားလုံးအသိပဲ။ အဲသလိုပဲ ပြေးစရာမြေမရှိ၊ ထွက်ပေါက်မဲ့နေတဲ့ ရိုဟင်ဂျာတွေကိုလဲ အတင်းအကြပ် စစ်ထဲဆွဲသွင်း၊ ရက်တိုစစ်သင်တန်းပေး၊ မီးကျိုးမောင်းပျက် သေနတ်လောက် ပေးပြီး အသေခံ တိုက်ခိုင်းနေတာလဲ အားလုံး အမြင်ပဲ။ မမြင်သေးရင် အေအေ လက်ထဲ စစ်သုံ့ပန်းဖြစ်သွားတဲ့ ရိုဟင်ဂျာတွေ၊ စစ်ပြေးပြီး ဘင်္ဂလားဒေ့ရ်ှရောက်သွားတဲ့ ရိုဟင်ဂျာတွေကို ကြည့်ပါ။ ဒီလူတွေကို forced conscription အလုပ်ခံထားရသူတွေလို့ အေအေ ခေါင်းဆောင်တွေက မြင်ပုံမရဘူး။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုယ်တိုင် လှောင်ပြောင်ခဲ့သေးတယ် မဟုတ်လား။ ဒါတင် အားမရသေးဘဲ၊ အဖွဲ့အစည်း ထုတ်ပြန်ချက်ထဲမှာပါ ‘အကြမ်းဖက်လိုသော အစွန်းရောက်တွေ’အဖြစ် စွပ်စွဲထားတာ။ 

အဲသလို စွပ်စွဲ၊ ဘင်္ဂါလီ စစ်သွေးကြွတွေလို့ တံဆိပ်ကပ်ပြီးမှ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းဖြစ်အောင် စစ်ကောင်စီဘက်က ကြိုးပမ်းနေတယ်လို့ ဆိုပြန်တယ်။ စစ်ကောင်စီဘက်က ကြိုးပမ်းနေမှန်း သိသာထင်ရှားပါတယ်။ စစ်ကောင်စီ ထိန်းချုပ်မှုအောက်က ရိုဟင်ဂျာ ဆန္ဒပြပွဲတွေ၊ forced conscription လုပ်ရပ်တွေကို သက်သေအနေနဲ့ ဆွဲထုတ်လို့ရတယ်။ ဒါပေမယ့် အေအေရဲ့ သဘောထားနဲ့ လုပ်ရပ်တွေကရော လူမျိုးစုနှစ်ခုကြား ချစ်ကြည်မှု ပိုတိုးစေမယ့် အရာတွေလား။ 

RSO, ARSA, ARA တို့ကို ဖော်ပြပြီး ကျန်ရိုဟင်ဂျာ လူငယ်တွေကို အခုလို စွပ်စွဲလိုက်တဲ့ အေအေရဲ့ လုပ်ရပ်က ဟမတ်(စ်)တွေကို လက်ညှိုးထိုးပြီး ပါလက်စတိုင်းတွေကို လူမျိုးတုန်းသတ်ဖြတ်နေတဲ့ ဇိုင်ယင်နစ်(စ်) အစ္စရေး နိုင်ငံတော်နဲ့ သွားတူနေတယ်။ 

ဒီဆောင်းပါးမှာ အေအေ လော်ဘီတွေကို နာမည်တပ်ပြီး တဦးချင်းဝေဖန်တာမျိုး မလုပ်လိုဘူး။ ဒါပေမယ့် ရခိုင်သတင်းထောက်တဦး လူလည်လုပ် မေးခွန်းထုတ်ထားတာတော့ နည်းနည်းထည့်ပြောချင်တယ်။ ရခိုင် သတင်းထောက်ဆိုလို့ ရခိုင်စစ်မြေပြင်မှာ ဒုက္ခခံနေရသူ မဟုတ်ပါဘူး။ အနောက်နိုင်ငံတခုမှာ ဘေးကင်းကင်းနဲ့ နေနေရသူပါ။ ဒီတော့ အဖိနှိပ်ခံ ကိုရခိုင်လေးကို မဟာမြန်မာကြီးက မစာမနာ ပြောနေတယ်လို့ လာမစွပ်စွဲလေနဲ့။ သူမေးတာက ရိုဟင်ဂျာတွေ ဘယ်သူ့ ဦးဆောင်မှုနောက် လိုက်မှာလဲ၊ ရိုဟင်ဂျာတွေကို ဘယ်အဖွဲ့အစည်းက ကိုယ်စားပြု စကားပြောမှာလဲတဲ့။ 

မုန်တိုင်းတိုက်လို့တောင် ပြေးခိုစရာ မြေမရှိတဲ့ လူမျိုးစုတခု၊ မြို့လုံးကျွတ် မီးရှို့သတ်ဖြတ်ခံရချိန်မှာတောင် လက်သည်မပေါ်တဲ့ လူမျိုးစုတခု။ သူတို့ နစ်နာချက်တွေကို ပီပီမြည်မြည် အသံထွက်ခွင့်မရလို့ စာနာသူတွေက အသံထုတ်ပေးပြန်တော့ စစ်ကောင်စီနဲ့ ပေးစားသူကပေးစား၊ အနောက်အုပ်စု အလိုတော်ရိလို့ စွပ်စွဲသူက စွပ်စွဲ။ အဲသလို လူမျိုးစုတခုမှာ လွတ်လပ်စွာ အသံထွက်ခွင့်၊ သွားလွာခွင့် နတ္ထိ၊ နေရတော့ ဝက်လူးအိုင်သာသာ ဒုက္ခသည်စခန်းတွေမှာ။ အဲသလို လူမျိုးစုတခုကို နိုင်ငံရေးအရ ကိုယ်စားပြု အဖွဲ့အစည်းတခု ပီပီပြင်ပြင် ရှိပြီလား၊ မရှိရင် အေအေ ခေါင်းဆောင်ကို မင်းတို့ လက်ခံနိုင်သလားလို့ မေးတာလောက် လူလည်ကျတာ ရှိဦးမလား။ တနည်းပြောရရင် အငုံ့စိတ်ထဲ ကိန်းအောင်းနေတဲ့ ရှိူဗင်ဝါဒကို လှစ်ဟပြလိုက်တာပဲ။ ရိုဟင်ဂျာတွေကို အဲသလို မေးရအောင် သူတို့တတွေ အသက်ရှင်ရပ်တည်နိုင်ရေး အနိမ့်ဆုံး အဆင့် လိုအပ်ချက်တွေလောက်ကို နိုင်ငံရေးအရ ဘယ့်လောက်များ အသံထွက်ပြောခဲ့ဖူးလဲလို့ အဲဒီရခိုင်သတင်းထောက်ကို ပြန်မေးရလိမ့်မယ်။ ခြေနှစ်ဖက်ပြတ်နေသူ ရှေ့သွားပြီး မင်းနဲ့ငါ စက်ဘီးပြိုင်စီးရအောင် မင်း စက်ဘီးပေါ် အရင်တက်ပြစမ်းလို့ မျက်နှာပြောင်တိုက် ပြောနေသလိုပဲ။ 

အေအေ လော်ဘီ ရှိူဗင်ဝါဒီ ဗားရှင်းတမျိုးကျ တော်လှန်ရေး မျက်နှာဖုံးကလေးနဲ့ဗျ။ ဒီအုပ်စုကလဲ မနည်းလှဘူး။ ဒီကနေ့အချိန်မှာ အားလုံးရဲ့ ဘုံရန်သူဟာ စစ်အုပ်စုပဲတဲ့။ ဒီအချိန်မှာ စစ်အုပ်စုကို အထိနာအောင် တိုက်နေတဲ့ အေအေကို မျက်မာန်တော်ရှအောင် သွားမလုပ်ရဘူး။ သွားလုပ်သူတွေဟာ အလကားနေရင်း အာချောင်ပြီး စစ်ကောင်စီ အားပေး လုပ်ရာကျသတဲ့။ ဒါ့ကြောင့် သူတို့က ရိုဟင်ဂျာအရေး ပြောသူတိုင်းကို ‘သခွပ်ပင်က မီးတကျည်ကျည်’ လုပ်သလို ပုတ်ခတ်လေ့ရှိတယ်။ 

သူတို့ စွပ်စွဲချက်ကို တချက် ဆန်းစစ်ကြည့်ရအောင်။ အဖိနှိပ်ခံ လူထုတရပ်လုံးရဲ့ ဘုံရန်သူဟာ စစ်အာဏာရှင်စနစ်ဆိုတာ ငြင်းစရာမရှိဘူး။ အဲဒါကြောင့်ပဲ အေအေက မြို့လုံးကျွတ် မီးရှို့လဲ ပါးစပ်ပိတ်နေရမယ်ဆိုတာ ဘာဆိုင်သလဲ ပြန်မေးရမယ်။ မြို့တမြို့ကို သိမ်းနိုင်ပြီဆိုရင် ဘာ့ကြောင့် မီးရှို့ဖို့ လိုအပ်တာလဲ။ မြို့ကို မီးရှို့လိုက်လို့ တော်လှန်ရေးအတွက် ဘာအကျိုးရှိသလဲ။ တကယ်တော့ အဲဒီလော်ဘီတွေ အော်နေတာ တော်လှန်ရေးအတွက် မဟုတ်ပါဘူး။ စစ်အင်အားကြီးသူတွေလုပ်တဲ့ လုပ်ရပ်မို့ တော်လှန်ရေးနာမည်တပ် ဖုံးဖိပေးနည်းတမျိုးပါပဲ။ သူတို့စိတ်ထဲ ကိန်းအောင်းနေတဲ့ ရိုဟင်ဂျာ မုန်းတီးရေး အခံကြောင့်လဲ အခုလို ပြောတာ ဖြစ်လိမ့်မယ်။ မြင့်မြတ်သော တော်လှန်ရေးကြီးမှာ ဒီရိုဟင်ဂျာတွေအရေးက တဒုက္ခလို့ သူတို့တွေးနေပုံပဲ။ သူတို့မတွေးရဲတာက ရန်သူထွက်ပြေးသွားတဲ့ မြို့တမြို့ကို ဘာ့ကြောင့် မီးရှို့တာလဲ ဆိုတဲ့ မေးခွန်း။ 


ဒီလိုပြောရင် အေအေက မြို့လုံးကျွတ် မီးရှို့တာ မဟုတ်ပါဘူးလို့ တွင်တွင်ငြင်းဦးမှာပဲ။ ဒါဆိုရင်တော့ မဟုတ်ပါဘူးလို့ ဘူးခါနေသူတွေကို အပေါ်မှာ မေးခွန်းထုတ်ထားတာသာ ပြန်ဖတ်ကြည့်။ ဟုတ်နေရင် ဘယ်လိုလုပ်မှာလဲလို့ သူတို့တခါမှ မစဉ်းမိဘူးလား။ 

ရိုအရေး တက်ကြွသူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ စသဖြင့် လက်ညှိုးမျိုးစုံထိုး တံဆိပ်မျိုးစုံကပ် ပြောချင်ရာ ပြောလို့ရပေမယ့် ဘူးသီးတောင်မြို့ ပြာကျသွားပြီး အသတ်ခံရသူ၊ လုယက်ခံရသူတွေလဲ ရှိခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ ဘယ်အကြောင်းပြချက်နဲ့မှ ဖုံးကွယ်လို့ မရပါဘူး။ အဲသလိုပဲ အခုချိန်မှာ သက်သေအစုံအလင် ထွက်မလာသေးပေမယ့် တချိန်ချိန်မှာ မျက်မြင် သက်သေတွေ၊ ရုပ်သံအထောက်အထား၊ ဓာတ်ပုံ အထောက်အထားတွေ၊ မြေပြင်အထောက်အထားတွေ ပေါ်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် ဘယ်သူမှ ဖုံးကွယ်လို့ ရမှာမဟုတ်ဘူး။ ၂၀၁၇ ဆိုတာ ဘာမှမဝေးသေးပါဘူး။ အဲဒီတုန်းကလဲ အခု ခိုင်သုခတို့ပြောသလို ရိုဟင်ဂျာတွေ ကိုယ့်အိမ်ကိုယ် မီးရှို့ထွက်ပြေးသွားကြတာပဲလို့ ပြောခဲ့ကြတယ်၊ ရေးခဲ့ကြတယ် မဟုတ်လား။ နောက်မကြာခင် အဖြစ်မှန်ပေါ်တာပါပဲ။ သမိုင်းကို ကြာကြာလိမ်လို့ မရစကောင်း။ 

အန်းဂယ်(လ်စ်) စကားနဲ့ပဲ ဒီဆောင်းပါးကို နိဂုံးချုပ်ချင်တယ် - 

“A people which oppresses another cannot emancipate itself. The power which it uses to suppress the other finally always turns against itself.” [Frederick Engels 1874]

- သူရိန်မွန်



ပုံစာ။  ။ မေလ ၁၇ နှင့် ၁၈ ရက်နေ့တွင် မြင်တွေ့ရသော ဘူးသီးတောင်မြို့၏ ဂြိုဟ်တုမှတ်တမ်းဓာတ်ပုံများ [Images©2024 Maxar Technologies, accessed via CNN news]

(Revolutionary Marxism Pageမှ ကူးယူဖော်ပြသည်)


Saturday, April 27, 2024

ပြည်သူ့စစ်နှင့် ရိုဟင်ဂျာသတ်ဖြတ်မှု

 


ပြည်သူ့စစ်နှင့် ရိုဟင်ဂျာသတ်ဖြတ်မှု

၂၀၁၆ ခု နိုဝင်ဘာမှာ မြန်မာစစ်တပ်က ရခိုင်ပြည်သူ့စစ်သင်တန်းကို စစ်တွေမှာ စတင်ခဲ့တယ်။ ပြည်သူ့စစ်အင်အား ၁၀၀ စီကို တပ်ခွဲတခွဲပုံစံဖွဲ့စည်းပေးပြီး ၁၆ ပတ်ကြာ စစ်သင်တန်းပေးခဲ့တယ်။

ရခိုင်မြောက်ပိုင်းက ပြည်သူ့စစ်တွေကို စစ်တွေထိ တကူးတကခေါ်ပြီး စစ်သင်တန်းပေးတာ။  ရခိုင်ပြည်သူ့စစ်တွေဟာ ဌာနေပြည်သူ့စစ်ပုံစံထက် ကျော်လွန်ပြီး ခြေလျင်တပ်သားသစ် အဆင့် လေ့ကျင့်မှုတွေ ရရှိခဲ့ကြတာဖြစ်တယ်။ မြန်မာစစ်တပ်ဟာ ဒီလိုရခိုင်ပြည်သူ့စစ်အဖွဲ့တွေ တောက်လျှောက်ဖွဲ့စည်းလေ့ကျင့်ပေးခဲ့တာ ၂၀၁၈ နှစ်ဆန်းကိုရောက်တော့ ပြည်သူ့စစ်အဖွဲ့ပေါင်း ၃၀ ကျော်ရှိသွားခဲ့ပြီ။ ဒီရခိုင်ပြည်သူ့စစ်တွေအကြောင်းက ပုန်းလျှိုးကွယ်လျှိုးကိစ္စမဟုတ်ဘူး _ အမျိုးသားလွှတ်တော်မှာ ဗိုလ်ချုပ်အောင်စိုးက တနိုင်ငံလုံးအသိဖြေကြားပေးခဲ့တဲ့ကိစ္စ။


ဒီရခိုင်ပြည်သူ့စစ်တွေဘာလုပ်ခဲ့လဲ သိချင်ရင် ရိုဟင်ဂျာဂျင်နိုဆိုဒ်နဲ့ ပတ်သတ်သမျှ နိုင်ငံတကာရာဇဝတ်အစီရင်ခံစာတွေကိုသာဖတ်ကြည့်။ ရိုဟင်ဂျာရွာတရွာကို စီးနင်းဖျက်ဆီးသတ်ဖြတ်တာတွေလုပ်တော့မယ်ဆိုရင် စစ်တပ် + နယ်ခြားစောင့်ရဲ + ရခိုင်ပြည်သူ့စစ် တွဲဖက်ပီး စစ်ကြောင်းထိုးလေ့ရှိတယ်။ တခါတရံ စစ်တပ်က ဘေးကနေ လုံခြုံရေးရံပေးထားပီး ရခိုင်ပြည်သူ့စစ်တွေကို စိတ်ကြိုက်သောင်းကျန်းဖျက်ဆီးခွင့်ပေးခဲ့တယ်။ အကောင်းနဲ့ ပေးတာမဟုတ်ဘူး _ တချိန်ချိန် နိုင်ငံတကာရာဇဝတ်မှုနဲ့ ညှိရင် စစ်တပ်က လုပ်တာမဟုတ် / ရခိုင်တွေက လုပ်တာပါလို့ အကွက်ဆင်ထိုးချဖို့။ သူတို့ဒီအကွက်က အလုပ်မဖြစ်ပါဘူး။ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်ရာမှာ စစ်တပ်က အဓိက တာဝန်ရှိတယ်ဆိုတာ နိုင်ငံတကာရာဇဝတ်စုံစမ်းရေးအဖွဲ့တိုင်းက မှတ်တမ်းပြုပီးသားပါ။ ဒါပေမဲ့ ရခိုင်ပြည်သူ့စစ်တွေလည်း လူသတ် မီးရှို့ မုဒိမ်းကျင့်ရာမှာ ပါဝင်ခဲ့တာကလည်း အတိုင်းအဆ မနည်းခဲ့ကြောင်း အဲဒီမှတ်တမ်းတွေမှာ ပါပါတယ်။ 

ရခိုင်ပြည်သူ့စစ်တွေ ဘာဖြစ်သွားလဲ က စိတ်ဝင်စားဖို့ကောင်းပါတယ်။ ၂၀၁၈ မှာ အင်အားထောင်ဂဏန်းရှိတဲ့ ရခိုင်ပြည်သူ့စစ်တွေ  ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားတယ်။ ပြီးတော့ ရခိုင်ပြည်နယ်မှာ AA တပ်မတော်ကြီး ရုတ်တရတ် အင်ကြီးအားကြီး ပေါ်ထွက်လာတယ်။

၂၀၁၆ /၂၀၁၇ ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့ ဘူးသီးတောင်နဲ့ မောင်တောမှာ ရခိုင်နဲ့ ရိုဟင်ဂျာအကြား ယုံကြည်မှု ပျက်ယွင်းမှုက တခြားဒေသတွေလို လွယ်လွယ်နဲ့ပြန်တည်ဆောက်ဖို့ ခက်တာကို မြင်စေချင်တယ်။ 

စစ်တပ်နဲ့ပူးပေါင်းတဲ့ရိုဟင်ဂျာတချို့ရဲ့လုပ်ရပ်က မှန်ကန်တဲ့လုပ်ရပ်မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ဘာလို့ ဒီလမ်းကို ရွေးလဲဆိုတာကို နားလည်ဖို့တော့လိုတယ်။ 

ဒါမှ ကိစ္စကို အဆင်ပြေအောင်ရှင်းနိုင်မယ်။ ကိစ္စကို ဖြေရှင်းချင်တာမဟုတ်ဘဲ လူတွေကို ရှင်းထုတ်ချင်တာဆိုရင်တော့ ဒါတွေကို ခေါက်ထားပြီးပြောဆိုနေမှာပဲ။ 

နဲနဲမြင်အောင်ပြောရရင် နိုင်ငံတကာအသိုင်းအဝိုင်းက စစ်တပ်ထဲအသွင်းခံရတဲ့ရိုဟင်ဂျာတွေကို အပြစ်မတင်ဘဲ AA ကိုကျမှ ဘာကိစ္စ အသံတအားထွက်တယ်ထင်လဲ ? သူတို့က ကျနော်ပြောတဲ့အချက်တွေကို ခေါက်မထားဘူး။ နောက်ပြီးတော့ ရိုဟင်ဂျာတွေရဲ့ ကျဉ်းထဲကြပ်ထဲက အခြေအနေကို နားလည်ပေးတယ်။ 

ဥပမာ _ အမေရိကန်တွေကိုကြည့်။ အမေရိကန်တွေ ဂျပန်နဲ့ စစ်အကြီးအကျယ်တိုက်ခဲ့ဖူးတယ်။ ဂျပန်နဲ့ပေါင်းပီး အမေရိကန်ကိုတိုက်တဲ့ ကိုရီးယားစစ်သား ၂ သိန်းကျော်ရှိတယ်။ ကိုရီးယားကို ဂျပန်က ၁၉၁၀ ကတည်းက ကျွန်ပြုအုပ်ချုပ်ခဲ့တယ်။ ကိုရီးယားအမျိုးသမီး သိန်းနဲ့ချီ လိင်ကျွန်အပြုခံရတယ်။ ဂျပန်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ကမ်းကုန်တယ်။ ဒါပေမဲ့ ကိုရီးယားစစ်သား ၂ သိန်းကျော်က ဂျပန်ဘက်စစ်ဝင်တိုက်ပေးတယ် / ဂျပန်အတွက်စစ်တိုက်ပေးတာကောင်းလွန်းပြီး ဗိုလ်ချုပ်အဆင့်ရောက်သွားတဲ့ ကိုရီးယားတွေတောင်ရှိတယ်။ ဘာ့ကြောင့်လဲ ?

ရွေးချယ်ခွင့်မရှိတဲ့ပြဿနာ! လှုပ်မရအောင် အုပ်ချုပ်ခံရတဲ့လူမျိုးတွေမှာ ဒါမျိုးတွေကြုံရတယ်။ ကမ္ဘာပတ်ပြီး ဆရာကြီးလုပ်နေတဲ့အမေရိကန်က ဒါမျိုးဖြစ်စဉ်တွေ သိထားပီးသား။ ဒီလိုမျိုးဖြစ်စဉ်တွေကို အကြောင်းပြုပြီး လှုပ်မရတဲ့လူမျိုးကို အပိုင်နှိပ်ကွပ်ဖို့ လုပ်တတ်တာတွေကိုလည်း သိပြီးသားမို့ ရိုဟင်ဂျာတွေခံရမှ အသံက စီခနဲ ထွက်လာတယ်ဖြစ်ရော။ 



သင်တို့တွင်တာဝန်ရှိသည်

------------------

နောက်ခံအကြောင်းရင်းတွေထဲက တခုကို မြင်သာအောင်ရေးပေးတဲ့ သဘောပါ။ စစ်တပ်နဲ့ ပူးပေါင်းတာကတော့ ရိုဟင်ဂျာတွေအတွက် မှန်ကန်တဲ့လုပ်ရပ် လုံးဝမဟုတ်ဘူးဆိုတာ ရိုဟင်ဂျာတိုင်း သတိချပ်စေချင်တယ်ဗျာ။

ရိုဟင်ဂျာနယ်မြေ ရဖို့လိုတယ်။ နှစ်ဘယ်လောက်ကြာကြာ ဒါကို လုပ်ယူရမယ်။ ဒါပေမဲ့ နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ ညှိစွန်းပြီး ကိုယ့်လူမျိုးနာမည်ပျက်အောင် မလုပ်မိဖို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတိုင်းမှာ အရေးတကြီး တာဝန်ရှိတယ်။ ကိုယ်လုပ်နေတာ အဲ့ဒီလမ်းကြောပေါ်ရောက်နေပြီလား ပြန်ဆန်းစစ်ဖို့ လိုတယ်။ 

( ဗမာလူမျိုးဘော်ဒါတွေကိုတော့ အားနာတယ်။ ကိုယ်လည်း ဗမာသွေး အစိတ်သားလောက်ပါတယ်။)

နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ညိစွန်းပြီး ကမ္ဘာမှာ ဗမာလူမျိုးတွေ ရခိုင်လူမျိုးတွေ နာမည်ပျက်သလိုမျိုး ရိုဟင်ဂျာတွေ နာမည်ပျက်တာမျိုး မဖြစ်ဖို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတိုင်းမှာ ကြီးကြီးမားမား   တာဝန်ရှိနေပြီ။

ကျုပ်တို့ အသက်အိုးအိမ်တွေ ဆုံးရှုံးရပြီးပြီ။ ဂုဏ်သိက္ခာတော့ အဆုံးရှုံးမခံနိုင်ဘူး။



KyawHlaOo


Tuesday, April 2, 2024

Zaruri Amól

 


Zaruri Amól

Modot deki Allah ye dede, lekin kucíc añrártún gorá foribó. Inqilab hodé gasór am noo, fagi zórí foritó. Añrártún zóri forefán goráforibóu.

Añárár mujahid okkól beggún mili Bormár zalem hokúmótoré zodi hámlá chúru gorí de, Allahr modote añárár hóq wafes faite bichí din nolaibóu..


O mujahid baiyain okkól, ekká gairot gorí báfiso. Añárá 1942 ot lótí háñtiyar dorónór baade yó ajja 13 bosórjá fuwá ye añárár matár uottún urí bak deer.


Ehón koumor asól dorhari amól oildé watanót zai zalem hókumótoré fáná gorat hissá loon. Añrár nizor watoní hóq, mirasi hóq wafes loon. Añrár asól Moksút yianór muuntú haar za'atí duchmoni sátár doillá. 

O báiyain... Be-usúlí ar hotó goríbá? Usúl hodé doñr hotá. Be-usúlí gorónor duwara ajjá añárár Inqelab oré gair koume fatta yó noder nóní. 13 bosórjjá fuwa ye óddó añára ré añárár watonót hórkót nogorí bollá elaniya máná gorí farer de nóni. "Loo zar, dech tar" burá-burír hotá asé nóní.

Añárá báiye baiyé mara-mari didi nize yó hálak oi zairgoidé nóní. Nize hálak oun maáni qoum ó hálak oizon nóni. Óiye... Mara-mari fisé diyo. "Uite gom, ite hóráf" ittar ekká ar no tuaiyó. Age asól moksút tán fura goró. Nizor za'atí duchmoniré ek díkká rakí, agé nizor asól duchmon zalem kaafér oré hálák gorí.


O báiyain... goittó sailé beggún gorí faré. Ek tonzim óttún ek chót, ek chót bonduk tákilé oddó 4-5 chót háñtiyar oibo. Ek chót, ek chót jawan tákilé oddó 4-5 chót jawanor choinnó boni bo. Niyot, Niyom, Usúl arde Insáf oré sóyi gorí añrá zodí watón ót lamilé kamiyabi zaibo horé. 


Zulúm hardé koumor waasté 

biggun mili zaigoi ek abase.

Kempot hokúmot chúrídi,

Watonót inqalab chúrugorí.

Nizor duchmonir fisé goijjo insáf

Beil tákité zalem kaférór lo hísáf.


#RK

(3-4-2024)


#ARSA

#RSO

#ARA

#IMA

Sunday, September 10, 2023

အသုဘ အခမ်းအနား

 


အသုဘ အခမ်းအနား


သတ္တဝါဟူသမျှ သေမျိုးဖြစ်တယ်။ သက်ရှိတိုင်းဟာ သေခြင်းတရားရဲ့ အရသာကို မြည်းကြရမှာက မုချပင်တည်း။ လူတစ်ဦးဟာ မိမိရဲ့ဘဝတစ်သက်တာ ကျင်လည်ပြီး ဘဝနေဝင်သွားတဲ့အခါ အဲဒီလူကို မိမိတို့ကိုးကွယ်ရာ ဘာသာတရားနှင့် မိမိတို့လူမျိုးဓလေ့ထုံးတမ်းနဲ့အညီ ဂုဏ်သိက္ခရှိရှိ အသုဘအခမ်းအနားတွေကို ပြုလုပ်ပေးကြတယ်။ ဒီဆောင်းပါးမှာတော့ ရိုဟင်ဂျာလူမျိုးရဲ့ အသုဘအခမ်းအနားဆင်နွှဲပုံ တစိပ်တဒေသကို တင်ပြသွားမှာဖြစ်ပါတယ်။

ရိုဟင်ဂျာလူမျိုးတွင် တစ်စုံတစ်ယောက်ဆုံးပါးသွားခဲ့ရင် ထုံးစံအတိုင်း အသုဘချကြတယ်။ ရိုဟင်ဂျာအများစုဟာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်တဲ့အတွက်ကြောင့် အသုဘ စီရင်တာ၊ မြေမြှပ်သင်္ဂြိုဟ်တာတွေဟာ အစ္စလာမ်သာသနာရဲ့ ဓလေ့ထုံးတမ်းနဲ့အညီ ပြုလုပ်လေ့ရှိကြတယ်။ ဒါ့အပြင် ရိုဟင်ဂျာ ရိုးရာအစဥ်အလာအရလည်း အချို့ကိစ္စတွေကို တမူထူးခြား လုပ်ဆောင်ကြတာလည်း ရှိတယ်။ အစ္စလာမ်တရားတော်ရဲ့ မျဥ်းတံနဲ့ဆိုရင် ဘေဒါအတ် မြောက်တယ်ပေါ့။ သို့ပေမဲ့ ရိုဟင်ဂျာတွေက မိရိုးဖလားဓလေ့အနေနဲ့ လုပ်ရိုးလုပ်မြဲဖြစ်ကြတာပဲ။ ဒီမှာ ရိုဟင်ဂျာတွေရဲ့ ထုံးရိုးထုံးဟောင်းတွေကို ဦးစားပေး ဆွေးနွေးသွားမှာ ဖြစ်တယ်။

လူတစ်ဦးတစ်ယောက် ဆုံးပါးခဲ့ရင် အချိန်ကြာမဆွဲဘဲ မြန်မြန်ဆန်ဆန် ဒါဖနာခြင်းဟာ စွန္နတ်တော်တစ်ရပ် ဖြစ်တယ်။ အများအားဖြင့် ၁၂ နာရီအတွင်းမှာ ဒါဖနာပေးကြတယ်။ သေသူကို ဆွေမျိုးမိတ်သင်္ဂဟတွေက နောက်ဆုံးနှုတ်ခွန်းဆက်သဖို့အတွက် ဒီလောက်ပဲ အချိန်ရကြတယ်။ သေသူ မိုက်ယာသ်ကို ဂူစလ်ရေချိုးပေးပြီး ပိတ်စဖြူပတ်၊ ရေမွှေးဖြန်းပေးကာ အိမ်ရှေ့ခန်းတွင် သပ်သပ်ရပ်ရပ်ခင်းကျင်းထားလေ့ရှိတယ်။ အခန်းအနံ့အပြားတွင် လောင်ဘတ္တီ ခေါ် အမွှေးတိုင်တွေ ထွန်းပေးတယ်။ မိုက်ယာသ်အနီးတွင် ကုရ်အာန်ကျမ်းစာများ ရွတ်ဖတ်တယ်။ ဇီကီရ်တွေလုပ်ကြတယ်။ မိုက်ယာသ်အိမ်မှာ သို့တည်းမဟုတ် ဗလီမှာ သာအ်လိမ်းသစ်ဗီ (၇၀၀၀) စိပ်ကြတယ်။

မိုက်ယသ် ဖြစ်တဲ့နေရာတွင် တစ်ချို့ အပင်က အရေးပါလာတယ်။ ဝါး၊ ငှက်ပျော်ပင်နှင့် ဆီးပင်ပေါ့။ ငှက်ပျော်ပင် ကိုယ်တည်နဲ့ ရေချိုးစင် ပြုလုပ်ကြတယ်။ ဆီးပင်ရွက်ကို မိုက်ယသ် မျက်စိတွေမှာ အပေါ် က ဖုံးပေးလေ့ရှိတယ်။ ဝါးနဲ့ ကြမ်းတွေ ယက်လုပ်ကြတယ်။ ဒီကိစ္စတွေကို ရွာသားတွေက ဝိုင်းဝန်းလုပ်ပေးတာဖြစ်တယ်။ ငွေကြေးချမ်းသာတဲ့ မိသားစုဆိုရင် ဝါးအစား သစ်သားနဲ့ ခေါင်းကို သုံးကြတယ်။

အိမ်သို့ ရောက်လာကြတဲ့လူတွေ ခေတ္တ နားနိုင်အောင် အိမ်ရှေ့တလင်းတွင် နေရာထိုင်းခင်းတွေ စီစဥ်ပေးတယ်။ လူတွေက မိုက်ယသ်ရဲ့ ဘဝတစ်လျှောက်ပြုလုပ်ခဲ့တဲ့ ကောင်းမှုတွေအကြောင်း သတိတရ ပြောဆိုလေ့ရှိတယ်။ သွားလေသူရဲ့ မကောင်းရာ မပြောသင့်ဘူးလို့ ခံယူတယ်။

မိုက်ယာသ်ရဲ့အိမ်တွင် ဝမ်းနည်းမှုကို ဖော်ပြတဲ့အနေနဲ့ မီးဖိုချောင်မှာ မီးမထွန်းရဘူး။ အိမ်းနီးနားချင်းတွေက မိသားစုတွေအတွက် သုံးရက်တိုင်တိုင် ထမင်းဟင်းတွေပို့ပေးကြတယ်။

မိုက်ယာသ်ကို ဂျနဇာဟ် ဖတ်မယ့် အချိန်တစ်ချိန်ကို ရပ်လူကြီးတွေက တညီတညွတ် သတ်မှတ်ကာ ကြေညာပေးတယ်။ ထို ဂျနဇာဟ် အချိန်အမီ လူတွေ တအုတ်အုတ် ရောက်လာကြတယ်။ မိုက်ယာသ်ကို သတ်မှတ်ထားတဲ့အချိန်တွင် အိမ်ကနေ ဂျနဇာဟ် ဖတ်မယ့်နေရာသို့ ဟင်းရာခေါ် ထမ်းစင်ပေါ်ထင်လျက် သယ်ဆောင်သွားတယ်။ ထမ်းစင်ပေါ်တွင် ပိတ်စတစ်ခု လွှမ်းခြုံပေးလေ့ရှိတယ်။ အမျိုးသမီးဆိုရင် မဖြစ်မနေ လွှမ်းပေးရတယ်။ အမျိုးသားဆိုရင် မလွှမ်းရင်လဲ ရတယ်။ အိမ်က ထွက်တဲ့အချိန်တွင် လေးဖက်ချိုးရတယ်။ ထမ်းစင်ကို သယ်ထားတဲ့လူတွေက ခြေလှမ်း ဆယ်လှမ်းတိုင်းမှာ နေရာအလှည့်အပြောင်း လုပ်ပေးရတယ်။ အဲလို ခြေလှမ်း ၄၀ တိုင်အောင် လုပ်ပေးရတယ်။ အဲဒါကို မဏ်ဇီလ် လို့ခေါ်ကြတယ်။

ဂျနဇာဟ် ဖတ်မယ့်ကွင်းပြင်တွင် လူတွေ စုဝေးရောက်လာကြတယ်။ မိုက်ယာသ်ကို နောက်ဆုံးကြည့်ချင်တဲ့ သူတွေဆိုရင် ဂျနဇဟ်ကွင်းပြင်မှာပဲ ကြည့်ရှုခွင့်ရတယ်။ သေသူဟာ အမျိုးသမီးဆိုလျှင် ဂျနဇဟ် ကွင်းပြင်မှာ ကြည့်ခွင်မရှိပါဘူး။ ဂျနဇာ ကွင်းပြင်မှာ သေသူဟာ ဘယ်သူဘယ်ဝါဆိုတာ ရှေ့ဆုံးက တစ်ဦးဦးက ရှင်းပြပေးတယ်။ သေသူကြောင့် ကိုယ်စိတ်သောက ရောက်ခဲ့တာ ရှိခဲ့ရင် မားဖ်လုပ်ပေးရန်လည်း တက်ရောက်လာကြသူတွေကို မေတ္တာရပ်ခံတယ်။ အပေးအယူတွေ ရှိရင် ဘယ်သူဘယ်ဝါနဲ့ တွေ့ဆုံနိုင်ကြောင်းကိုလည်း တာဝန်ခံပုဂ္ဂိုလ်တစ်ဦးကို သတ်မှတ်ပေးတယ်။ ကွယ်လွန်သူဟာ အမျိုးသမီးဆိုရင် သူ့ယောက်ျားကို ခေါ်ယူကာ ဝစီကံ၊ ကာယကံ၊ မနောကံမှ ပြစ်မှားခဲ့တာရှိခဲ့ရင် စိတ်နာခဲ့တာရှိခဲ့ရင်၊ အိမ်ရှင်မတာဝန် မကျေခဲ့တာရှိခဲ့ရင် မားဖ်လုပ်ပေးရန်  တောင်းဆိုတယ်။ လူအုပ်ကြီး ရှေ့မှောက်တွင် မားဖ်လုပ်ပေးကြောင်း ယောက်ျားဖြစ်သူက စိတ်ကြည်ဖြူစွာဝန်ခံတယ်။ ဒါတွေပြီးသွားရင် ဂျနဇာဟ်ကို ရွာရှိ ဗလီရှေ့ဆောင် သို့မဟုတ် အရင်းနှီးဆုံး ဆွေမျိုးရင်းချာတစ်ဦးဦးက ဦးဆောင် ဖတ်ပေးတယ်။

ဂျာနဇာဟ် ပြီးတာနဲ့ သင်္ချိုင်းကုန်းကို ယူဆောင်သွားတယ်။ သင်္ချိုင်းကုန်းမှာ ကဗရ်ကို ရွာသားထဲက မိမိတို့စေတနာနဲ့ ဝိုင်းဝန်တူးပေးကာ ကုသိုလ်ယူကြတယ်။ ပိုက်ဆံ တစ်ပြားမှမယူကြဘူး။ ကဗရ်တူးတဲ့နည်းလည်း နှစ်မျိုးရှိတယ်။ တစ်မျိုးက ရိုးရိုး လေးထောင့်တူးတယ်။ နောက်တစ်မျိုးက လေးထောင့်တူးပြီး တွင်းထဲကနေ တစ်ခါ မိုက်ယသ် အရွယ်အစားလောက် ဘေးဖက်တူးတယ်။ အဲဒီပုံစံကို ဘီရ်ဟောလ်လို့ခေါ်တယ်။ ထို တူးထားတဲ့ ကဗရ်မှာ မိုက်ယာသ်ကို ချရန် ကွယ်လွန်သူရဲ့ အရင်းနှီးဆုံး လူ သုံးယောက် ဆင်းရတယ်။ အမျိုးသမီးဖြစ်ရင် သွေးသားအရင်းချာ မဟ်ရာမ်တွေ ဆင်းရတယ်။ မိုက်ယာသ်ချရာမှာလည်း ခေါင်းကို မြောက်ဖက်ပေးထားရတယ်။ အနောက်ဖက်(ကိဗ္ဗလာ) မျက်နှာလှည့်ပေးရတယ်။ ပြီးတော့ တာဘုသ် ခေါ် ခေါင်းတလား အုပ်ပေးတယ်။ ပြီးရင် ရောက်လာတဲ့လူတွေက တစ်ယောက်တစ်ဆုပ်စီ ဦးစွာ မြေချတယ်။ နောက်ဆုံး စုပေါင်း ဒိုအာ အမျှဝေကာ ဒါဖနာဟ် ကိစ္စပြီးမြောက်စေတယ်။  ဒီလိုနဲ့ အသုဘကိစ္စ ပြီးသွားတယ်။ ကဗရ်အမှတ်အသားအဖြစ် ကျောက်တိုင်တစ်တစ်ခုမှာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ရေးထွင်းပေးတယ်။ 

ဒါပေမဲ့ ကွယ်လွန်သူအတွက် မေတ္တာပို့တဲ့ ကိစ္စတွေ မဆုံးသေးဘူး။ ဒီနေရာမှာ ဖားတီယာဆိုတဲ့ စတုဒီသာ အလှူပွဲက အဓိက ပါဝင်လာတယ်။ လူသေပြီး ၄ ရက်မြောက်နေ့တွင် မိသားစုဝင်တွေက ဖားတီယာ စလုပ်ကြတယ်။ စန္ဒီထမင်းနပ်ထိုးပြီး လှူဒါန်းကြတယ်။ လူသေဆုံးပြီး ရက်လေးဆယ် တိုင်အောင် အလှူဒါနတွေ ရက်ဆက် ပြုလုပ်ကြတယ်။ ဆင်းရဲသားတွေကို ထမင်းကျွေးခြင်း၊ သုံးဆောင်စရာတွေ၊ အဝတ်အထည်တွေ လှူဒါန်းကာ ကုသိုလ်ကောင်းမှု ပြုကြတယ်။ ရက် ၄၀ မြောက်နေ့တွင် ပြန်တစ်ခါ ဖားတီယာ လုပ်ကြတယ်။ ဒီတစ်ခါတော့ ကြီးကြီးကျယ်ကျယ် လုပ်ကြတယ်။ ဖာတီးယာမှာ ဆွေမျိုးတွေ၊ ရွာသူရွာသားတွေလည်း တက်နိုင်သလောက် ထည့်ဝင်ကြတယ်။ ဆန်၊ ဆီ၊ ငရုတ်၊ သကြား၊ အုန်းသီး စသည်ဖြင့်ပေါ့။ ငွေကြေးအဆင်ပြေတဲ့ မိသားစုဆိုရင် ဆင်းရဲသားတွေကို နွားတွေ၊ ဆိတ်တွေ ချက် လူရီဖီရားမုန့်တွေ ကျွေးလှူဒါန်းကာ ကုသိုလ်ယူကြတယ်။ အိမ်တိုင်ရောက် ထမင်းထုပ်တွေ ပို့ကြတယ်။ ၆ လမြောက်နေ့တွင် ပြန်တစ်ခါ ဖာတီယာအလှူပွဲလုပ်ကြတယ်။ လူရိစ္စာန် လို့ခေါ်တဲ့ ရိုဟင်ဂျာ ၈ လမြောက်လ ၁၅ ရက်နေ့တွင် ကွယ်လွန်သူအတွက် လူရီဖီးရာမုန့် နဲ့ အသားဟင်း သို့မဟုတ် ဟာလဝါ ထိုးမုန့်တွေကို ဆင်းရဲသားတွေအား ကျွေးမွေးလှူဒါန်းလေ့ရှိတယ်။ တစ်နှစ်ပြည့်နေ့မှာ တစ်ခါ ဖာတီယာ လုပ်ကြပြန်တယ်။ ကွယ်လွန်သူအားရည်စူး၍ အခါအားလျော်စွာ ကုရ်အာန် ခသမ်ပွဲလည်း ပြုလုပ်ကာ ဟာဖဇ်လောင်းတွေကို ထမင်းကျွေးကြတယ်။ 

နောက်ဓလေ့တစ်ခုက ကွယ်လွန်သူဟာ အမျိုးသားဆိုရင် သူ့အမျိုးသမီးက ရက်လေးဆယ်လောက် အပြင်မထွက်ရဘူး။ သူ့အမျိုးသမီးဟာ အိတ်ဒေါတ် စောင့်ရတယ်။ ဆိုလိုခြင်းမှာ ၄ လနဲ့ ၁၀ ရက်အတွင်း နောက်အိမ်ထောင်မပြုရဘူး။ အမျိုးသမီး ကိုယ်ဝန်ဆောင် အနေအထားမှာဆိုရင် သားဖွားမြင်သည့်အထိ နောက်အိမ်ထောင်မပြုရဘူး။ 

ဒီလိုနဲ့ ဖာတီယားတိုင်းမှာ ရွာသူရွာသားတွေက စုပေါင်းထည့်ဝင်ကြတယ်။ ဖားတီယား အလှူပွဲတွေက အစ္စလာမ်တရားတော်ရဲ့ ဘောင်မဝင်ပေဘူး။ သို့ပေမယ့် ရိုဟင်ဂျာ ဘိုးဘွားစဥ်လာအရ ကွယ်လွန်သူအတွက်ရည်စူးလို့ ကုသိုလ်ဖြစ် ပြုလုပ်ကြတဲ့ အလှူပွဲဖြစ်ပါတယ်။


လူထုဝဏ္ဏ
(၁၀-၉-၂၀၂၃)


Tuesday, August 29, 2023

ဦးနုအစိုးရက ရိုဟင်ဂျာအရေးကို ဘယ်လိုဖြေရှင်းခဲ့သလဲ

 

ဦးနုအစိုးရက ရိုဟင်ဂျာအရေးကို ဘယ်လိုဖြေရှင်းခဲ့သလဲ 


" ဒီပြသနာကို ၁၈ လအတွင်း ဖြေရှင်းပေးဖို့ ကျမတို့ကို မျှော်လင့်တာက နည်းနည်း ယုတ္တိမတန်ပါဘူး။ .... ရခိုင်ပြည်နယ်က ဒီအရေးဟာ ဆယ်စုနှစ်များစွာကတည်းက ရှိလာခဲ့တာပါ။ ကိုလိုနီခေတ်မတိုင်ခင်ကပင် ဒီပြသနာ ရှိနေတယ်။ .... "

အထက်ပါစကားဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ပြောကြားခဲ့တဲ့ Asian News International နဲ့ အင်တာဗျူးတစ်ခုကနေ ကောက်နုတ်ထားခြင်းဖြစ်ပါတယ်။။ 

ဒေါ်စု ပြောလိုတာက ဒီရိုဟင်ဂျာအရေးဟာ ကိုလိုနီခေတ်မတိုင်ခင်ကပင် ရှိလာခဲ့တဲ့ ပြဿနာဖြစ်တယ်။ ယခင်အစိုးရတွေက မဖြေရှင်းပေးခဲ့လို့ ယနေ့ထိ သက်ဆိုးရှည်လာတာ…လို့ ယခင်အစိုးရတွေကို အပြစ်တင်ပုံချတာပဲ ယူဆတယ်။ တကယ်တမ်းတော့ ဒေါ်စုရဲ့ ဒီမှတ်ချက်စကားက ကျပ်ပြည့် မှန်ကန်မှုမရှိဘူးဗျာ။ စစ်အာဏာရှင်တွေကို အကာအကွယ်ပေးနေသလို ဖြစ်နေတယ်။ ရိုဟင်ဂျာတွေကို မတရားနှိပ်စက်ချုပ်ချယ်နေတဲ့ပြဿနာက တကြော့ပြန်ဖြစ်လာတဲ့ ပြဿနာဖြစ်တယ်။ အရင်က ရခိုင်ပြည်အရေးကို နိုင်ငံတော်အဆင့်  မျှမျှတတဖြေရှင်းပေးခဲ့တဲ့ အစိုးရလဲ ရှိခဲ့တယ်ဆိုတာ ဒေါ်စုကြည် မေ့လျော့နေသလို ထင်ရပါတယ်။ အဲ့ဒီခေတ်က ခေါင်းဆောင်တွေရဲ့ ကြိုးပမ်းဖြေရှင်းပေးမှုကြောင့် ရခိုင်ပြည်နယ်ရဲ့ ပဋိပက္ခဟာ လုံးဝဖြေရှင်းသွားခဲ့ပြီး ရခိုင်ပြည်ဟာ နိဗ္ဗာန်လောကလို အေးချမ်းသာယာသွားခဲ့ဖူးတယ်။ အဲဒါကို စာဖတ်ပရိသတ်တွေသိအောင် နည်းနည်းတင်ပြပါရစေ။ 

မြန်မာပြည် လွတ်လပ်ရေးရရှိခဲ့တဲ့အခါ လွတ်လပ်ရေးကြေညာစာတမ်းမှာ ဒီဗမာပြည်ဟာ လူတစ်စုတစ်ယောက်ရဲ့ အမွေဆိုင်ပစ္စည်း မဟုတ်ကြောင်း၊ ဒီပြည်အတွင်း မှီတင်းနေထိုင်တဲ့ ပြည်သူပြည်သားတို့ရဲ့ စုပေါင်းမြေဖြစ်ကြောင်း၊ တောင်တန်း မြေပြန့် မခွဲခြားဘဲ အားလုံးခွင့်တူတန်းတူညီမျှဖြစ်ကြောင်း ကြေညာခဲ့တယ်လေ။ ဒါပေမဲ့ နောက်ပိုင်းကာလမှာ ဘာသာရေးနဲ့ ရုပ်ရည်အသားအရောင်ကို အခြေခံ၍  ခွဲခြားအုပ်ချုပ်မှုတွေရှိလာခဲ့တယ်။ ၁၉၄၉ ခု ရခိုင်အများစုနဲ့ ဖွဲ့စည်းထားတဲ့ နယ်စပ်စောင့်တပ် BTF (စစ်ဝန်ထမ်း)ကို ဖွဲ့စည်းပြီး နယ်စပ်ဒေသကို ထိန်းသိမ်းလာတဲ့အခါ ရခိုင်ပြည်မှာ ယခင် လူမျိုးရေးပဋိပက္ခ (၁၉၄၂) အငွေ့အသက်ကြောင့် နယ်စပ်စောင့်တပ်က ရိုဟင်ဂျာတွေကို ခွဲခြားဆက်ဆံ ညှဥ်းပမ်းနှိပ်စက်လာခဲ့ကြတယ်။ နိုင်ကျင့်မှုတွေ၊ မတရားဖမ်းဆီးမှုတွေ၊ သတ်ဖြတ်မှုတွေ၊ မုဒိမ်းမှုတွေ၊ နှိပ်စက်မှုတွေ တဖြေးဖြေး အရှိန်မြင့်လာခဲ့တယ်။ ဘာသာရေးကို အကြောင်းပြု၍ အစိုးရက ရခိုင်နဲ့ ရိုဟင်ဂျာကို တန်းတူသဘောမထားဘဲ ခွဲခွဲခြားခြား ဆက်ဆံလာတဲ့အခါ ရိုဟင်ဂျာအမျိုးသားအချို့က မခံမရပ်နိုင်ဘဲ ရရာလက်နက်ဆွဲကိုင်ကာ တော်လှန်ခဲ့ကြတယ်။ မတရား ဖိနှိပ်မှုများလာရင် ဆန့်ကျင်တော်လှန်ရေးက ရှိစမြဲပဲ။ ဒါက ဓမ္မတာတစ်ခုဖြစ်တယ်။ 

မတရားမှုကို ဆန့်ကျင်တဲ့ ရိုဟင်ဂျာအမျိုးသားလက်နက်ကိုင် တော်လှန်ရေးဟာ အစိုးရအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာခဲ့တယ်။ ဦးနုအစိုးရက တပ်မတော်အင်အားနဲ့ ပြန်တိုက်ချေတယ်။ အောင်မြင်မှုတော့ ရရှိခဲ့တယ်။ ဒါပေမဲ့ အမြစ်ပြတ်သွားအောင် လုပ်ဖို့က မလွယ်ဘူး။ တစ်ဘက်က နှိမ်နင်းရင် တခြားတစ်ဘက်က ပြောက်ကျားတိုက်ပွဲတွေ ပြန်ပေါ်လာတော့တယ်။ ဒါ့အပြင် ရခိုင်ပြည်ရဲ့ အဓိကလူမျိုးစုနှစ်စုဖြစ်တဲ့ ရခိုင်နှင့် ရိုဟင်ဂျာ အကြားသင့်မြတ်မှုမရှိတာကလဲ အခါမသင့် ပဋိပက္ခတွေ ဖြစ်ပေါ်လာနိုင်စရာရှိတယ်။ ပုစိပုစိ ပြသနာတွေ အနည်းအများ ဖြစ်တာလည်း ရှိခဲ့တယ်။ 

အဲဒီတုန်းက နောက်ပြသနာတစ်ချက်က ရခိုင်အမျိုးသားတွေက သီးခြားပြည်နယ်လိုချင်ကြတယ်။ အစိုးရက ရခိုင်နဲ့ ဗမာ တစ်မျိုးတည်း၊ သီးခြားပြည်နယ် ပေးစရာမလိုဘူး၊ အချင်းချင်း စိတ်ဝမ်းမကွဲချင်ဘူးလို့ တုန့်ပြန်ကြတယ်။ အဲဒါကို ရိုဟင်ဂျာတွေကလည်း စိုးရိမ်ကြတာပေါ့။ လူမျိုးတစ်စုကို အမည်စွဲ၍ ရခိုင်ပြည်နယ်လို့ သီးခြားအမည်တွင်ပေးလိုက်ရင် ရိုဟင်ဂျာတွေက မတရားခံရမယ်။ ခွဲခြားနှိပ်စက်လာမယ်။ အနိုင်ကျင့်ခံရမယ်။ ဒါနဲ့ ရိုဟင်ဂျာတွေက ပြည်မနဲ့ပဲ ပေါင်းနေချင်ကြတယ်။ ဒါက အစိုးရအတွက်တော့ ခေါင်းခဲတဲ့ နောက်ထပ် စိန်ခေါ်မှုတစ်ခုပေါ့။ 

ဒီတော့ ဦးနုအစိုးရက ရခိုင်ပြည်အရေးမှာ အချက်သုံးချက်တွေ့လာတယ်။

(၁) လူမျိုးစု နှစ်စုအချင်းချင်း သင့်မြတ်မှု မရှိခြင်း

(၂) လက်နက်ကိုင်အဖွဲ့များ အုံကြွလာခြင်း

(၃) သီးခြားပြည်နယ် တောင်းဆိုမှုအပေါ် သဘောထားကွဲပြားခြင်း

စတဲ့ဟာတွေ ဖြစ်တယ်။ 

ဦးနုအစိုးရက အချိန်ဆွဲပြီး စုံစမ်းရေးကော်မရှင်တွေ အမျိုးမျိုးဖွဲ့စည်းကာ ပြဿနာရဲ့ ထိရောက်တဲ့အဖြေတစ်ခု ရှာဖွေဖို့ ကြိုးစားလာခဲ့တယ်။ လွှတ်တော်ထဲမှာ အချေအတင်ဆွေးနွေးကြတယ်။ ၁၉၄၉ ခု ဇူလိုင်လ ၃၀ ရက်မှာ ရခိုင်တိုင်းမင်းကြီးကို သဘာပတိအဖြစ်ထား၍ ရခိုင်အမျိုးသား ၃ ဦးနဲ့ ရိုဟင်ဂျာအမျိုးသား ၃ ဦး ပါဝင်တဲ့ စုံစမ်းရေး ကော်မရှင်ကို ဖွဲ့စည်းပြီးတော့ ကွင်းဆင်းလေ့လာစေခဲ့တယ်။ ၁၉၅၀ ပြည့်နှစ်၊ မတ်လ ၁၀ ရက်နေ့မှာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု ကိုယ်တိုင်လည်း ရခိုင်ပြည်မြောက်ပိုင်းသို့ ခရီးထွက်ကာ လေ့လာခဲ့တယ်။ နှစ်ဖက်အသိုင်းအဝိုင်း လူကြီးမိဘတွေနဲ့ တွေဆုံခဲ့တယ်။ ဒါတွေကနေ တစ်ဖက်နဲ့တစ်ဖက် အယုံအကြည် ကင်းမဲ့နေခြင်း၊ ခွဲခြားဆက်ဆံရေး အားသန်နေခြင်း၊ တန်းတူအခွင့်အရေး မျှတမှုမရှိခြင်းတို့ဟာ ပြဿနာရဲ့ မူလဇာတ်မြစ်ဆိုတာ တွေ့ရှိလာတော့တယ်။  

ဒီနေရာမှာ တစ်ခု သိထားရမှာက အဲဒီတုန်းက အခုလို ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားအခွင့်အရေးကို ရုတ်သိမ်းမခံရသေးဘူး။ ဘယ်တိုင်းရင်းသားအုပ်စုကမှ ရိုဟင်ဂျာတွေကို နိုင်ငံခြားသားလို့ မယူဆခဲ့ကြဘူး။  နိုင်ငံသား ရုတ်သိမ်းခံရတာက စစ်အာဏာရှင်အစိုးရ လက်ထက်ကဖြစ်တယ်။   

ကဲ့... ဒါနဲ့ ဦးနုအစိုးရရဲ့ ပထမခြေလှမ်းအဖြစ် ရိုဟင်ဂျာတွေကို မြန်မာ့ပြည်ထောင်စုသား တိုင်းရင်းသား တစ်စုအနေနဲ့ တန်းတူအခွင့်အရေးတွေ မပိုမေလျာ့ အတူတူခံစားခွင့်ရှိကြောင်း ကြေညာခဲ့တယ်။ ၁၉၅၄ ခု စက်တင်ဘာလ ၂၅ ရက် ညနေ ၈ နာရီ နိုင်ငံတော်အသံလွင့်ဌာနမှ ဝန်ကြီးချုပ်ဦးနုက "....စစ်တွေခရိုင်အတွင်း နေထိုင်ကြတဲ့ ပြည်ထောင်စုသားများမှာ များသောအားဖြင့် ရိုဟင်ဂျာအမျိုးသားများဖြစ်ကြပြီး မွတ်စလင်(မ်) များ ဖြစ်ကြပါတယ်" လို့ သူတို့ရဲ့အခွင့်အရေးဆိုင်ရာ မိန်းခွန်းပြောကြားခဲ့တယ်။

အလားတူ ၁၉၅၉ ခု အောက်တိုဘာလ ၃-၄ ရက်တွင် နိုင်ငံတော်ဒုဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဦးဘဆွေကလည်း "ကချင်၊ ကရင်၊ ကယား၊ ရှမ်း၊ မွန်၊ ချင်း၊ ရခိုင် ကဲ့သို့ပင် ရိုဟင်ဂျာလူမျိုးများသည်လည်း တိုင်းရင်းသားလူမျိုးတစ်မျိုး ဖြစ်ကြသည်" လို့ ရိုဟင်ဂျာလူမျိုး၏ အခွင့်အရေးဆိုင်ရာ မိန့်ခွန်းပြောကြားခဲ့တယ်။ ဒီခြေလှမ်းက ရခိုင်ပြည်ရဲ့ ပူခြိုက်ခြိုက်အခြေအနေမှာ လေပြည်ယူဆောင်လာခဲ့တယ်။

ဒုတိယခြေလှမ်းအနေနဲ့ ၁၉၆၁ ခု မေလ ၁ ရက်နေ့မှာ အစိုးရကဘိနက်ရဲ့ တညီတညွတ် ဆုံးဖြတ်ချက်အရ ရိုဟင်ဂျာအများစု နေထိုင်တဲ့မယု​ဒေသကို ဗဟိုအစိုးရက တိုက်ရိုက်အုပ်ချုပ်တဲ့ မေယုနယ်ခြားခရိုင်အဖြစ် သတ်မှတ်ပေးခဲ့တယ်။ ပြီးတော့ တိုင်းရင်းသားတစ်စုအနေနဲ့  ရထိုက်ရသင့်တဲ့ အခွင့်အရေးတွေမှာ ချွက်ယွင်းနေတဲ့ဟာတွေကို ပြည့်ပြည့်စုံစုံ ဖြည့်ဆည်းပေးခဲ့တယ်။ ကျောင်းသုံးပြဌာန်းစာအုပ်တွေမှာ ဖော်ပြခြင်း၊ စွယ်စုံကျမ်းမှာ ဖော်ပြခြင်း(၁၉၆၄)၊ ၁၉၆၁ ခုနှစ် မေလ ၁၅ ရက်မှာ ရိုဟင်ဂျာဘာသာစကားနဲ့  ဗမာ့အသံကနေ ရေဒီယိုအသံလွင့်ခြင်း၊ အစိုးရလက်နက်ကိုင်အဖွဲ့အစည်းတွေမှာ တန်းတူညီမျှ အလုပ်ခန့်ခြင်း၊ ပြည်ထောင်စုနေ့အခမ်းအနားတွေမှာ တက်ရောက်ခွင့်ပေးခြင်း၊ ရိုဟင်ဂျာ ရိုးရာယဥ်ကျေးမှုတွေကို အမြတ်တနိုးပြသခွင့်ပေးခြင်း စတဲ့ အခွင့်အရေးတွေကို ဘယ်ကန့်ကွက်မှုတစ်မတ်တစ်စေ့မှ မရှိဘဲ တညီတညွတ်တည်း ဖော်ဆောင်ပေးခဲ့ကြတယ်။ 

အစိုးရရဲ့ ဒီဗျူဟာကျကျဖြေရှင်းချက်က ဘယ်လောက်အထိ ထိရောက်ခဲ့သလဲဆိုရင် မီးတဟုန်းဟုန်း တောက်နေတဲ့ ရခိုင်ပြည်ကြီးဟာ ငြိမ်သက်သွားပြီးတော့ လုံးဝအေးချမ်းသာယာ သွားခဲ့တယ်။ ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့ (မူဂျာဟစ် = စစ်သူရဲ )တွေမှာလဲ လက်နက်ကိုင်ထားစရာ အကြောင်းမရှိတော့ဘူး။ တိုင်းပြည်က အေးချမ်းသွားပြီလေ။ ဒီတော့ လက်နက်ကိုင်အဖွဲ့တွေကလည်း ၁၉၆၁ ခု ဇူလိုင်လ ၄ ရက်မှာ တစ်သုတ်၊ ၁၉၆၁ ခု နိုဝင်ဘာလ ၁၅ ရက်မှာတစ်သုတ် ဦးစီးချုပ်ဗိုလ်မှူးချုပ်အောင်ကြီး၊ ဒုဗိုလ်မှူးကြီးကျော်စိုး၊ ရခိုင်တပ်ပေါင်းစုမှူးချုပ် ဒုဗိုလ်မှူးကြီးရဲခေါင်နဲ့ ဒုတပ်ရင်းမှူးဗိုလ်မှူးအံ့ကြွယ်၊ ဗိုလ်မှူးကြီး စောမြင့်၊ ဗိုလ်မှူးကြီ သန်းဖေစတဲ့ တပ်မတော်အရာရှိကြီးတွေလက်အောက်တွင် အေးအေးချမ်းချမ်း လက်နက်ချကာ အလင်းဝင်လာခဲ့ကြတယ်။ လက်နက်ချအခမ်းအနားတွေကို အုတ်အုတ်ကြားကြား ကျင်းပခဲ့တယ်။ လက်နက်ကိုင်အဖွဲ့လည်း မရှိတော့ဘူး။ စစ်ပွဲစစ်မက်တွေလည်း နိဂုံးချုပ်ခဲ့လေပြီ။ အနောက်ဝေဟင်ကောင်းကင်မှာ လေပြည်တွေ သန်းလာခဲ့တယ်။ တပ်မတော်ရဲ့ မြဝတီမဂ္ဂဇင်း၊ ခေတ်ရေးစာစောင်၊ မြန်မာ့အလင်း၊ ကြေးမုံသတင်းစာတွေမှာ "မေယုနယ်မှာလေ ဘယ်လိုအခြေ ရှိပါလိမ့်"၊ "မေယုနယ်ခြားခရိုင် အေးချမ်းလေပြီ" စတဲ့ ဆောင်းပါးတွေ၊ ဗိုလ်ချုပ်အောင်ကြီးက "ကျွန်တော်ဖြေရှင်းခဲ့ရသော ရိုဟင်ဂျာပြသနာ" စတဲ့အောင်ပွဲခံ ဆောင်းပါးတွေ၊ မောင်သံလွင်ရဲ့ "ရခိုင်ကုလား သို့မဟုတ် ရိုဝန်ဂါ"(၁၉၆၀) စတဲ့ဆောင်းပါးတွေ မြန်မာ့စာနယ်ဇင်းစာမျက်နှာတွေမှာ ဝေဆာလာခဲ့တယ်။  ဒီလိုနည်းနဲ့ ဦးနုအစိုးရနဲ့ ခေါင်းဆောင်ကြီးတွေက ရိုဟင်ဂျာအရေးကို ဥပဒေဘောင်အတွင်းကနေ အောင်အောင်မြင်မြင် စနစ်တကျ ဖြေရှင်းပေးခဲ့တယ်။

ဒီငြိမ်သက်ပြေလည်ခဲ့တဲ့ ပြနာ ဘယ်လိုပြန်ပေါ်လာသလဲဆိုရင် ကြိုးကိုင်ရှင် စစ်အုပ်စုရဲ့ ကျေးဇူးကြောင့်ပေါ့။

အာဏာရှင်ဗိုလ်နေဝင်းက တိုင်းပြည်အာဏာကို မတရားသိမ်းလိုက်တဲ့အခါ အာဏာအဓွန့်ရှည် တည်မြဲရေးအတွက် လမ်းစတွေ စဥ်းစားလာတယ်။ မတရားတဲ့အာဏာ ချုပ်ကိုင်ထားဖို့အတွက် တိုင်းပြည်ကို မတည်မငြိမ်ဖြစ်အောင်တော့ လုပ်ရမှာလေ။ သွေးခွဲအုပ်ချုပ်ရေးက ထိရောက်တယ်။ လွှတ်တော်အမတ်တွေ၊ ဝန်ကြီးတွေကို လိုက်လံဖမ်းဆီး ထောင်ချတယ်။ သူက လူမျိုးရေးဘာသာရေးကို အခြေခံတဲ့ အင်မတန် ထိရှလွယ်တဲ့ အနာဟောင်းကို ဆားခတ်လာခဲ့တယ်။ အေးချမ်းနေတဲ့ ရခိုင်ပြည်နယ်ကို ပြန်လည် အမုန်းလှိုင်း ခတ်ပေးတယ်။ ရိုဟင်ဂျာတွေကို ပစ်မှတ်ထား နှိပ်စက်လာခဲ့တယ်။ ရခိုင်-ရိုဟင်ဂျာ သဟဇာတကို ပျက်ပယ်သွားအောင်၊ အချင်းချင်းအမုန်းအာဃာတာပွားလာအောင် လုပ်ကြံသမိုင်း ဂျင်းပုပ်တွေနဲ့ ပြန်လည်အသက်သွင်းပေးခဲ့တယ်။ ရိုဟင်ဂျာကို သတ်မှတ်ပေးခဲ့တဲ့ မေယုနယ်ခြားခရိုင် အုပ်ချုပ်ရေးကို ပြန်လည်ရုတ်သိမ်းခဲ့တယ်။ ချက်ချင်းတူး ချက်ချင်းသောက် သလိုတော့ မဟုတ်ဘူး။ အချိန်ကြာဆွဲ စီမံကိန်းတွေ စနစ်တကျချမှတ်ပြီးတော့ နည်းဗျူဟာမျိုးစုံနဲ့ ဖိနှိပ်လာခဲ့တယ်။ ၁၉၇၈ မတိုင်ခင်မှာ သူကတောင် ရိုဟင်ဂျာတွေကို နိုင်ငံခြားသားလို့ မယူဆခဲ့ဘူး။ ရိုဟင်ဂျာ ဆိုတဲ့နာမည်လည်း ပြဿနာ မရှိခဲ့ဘူး။ အဲ့ဒါကြောင့် ၁၉၇၈ ခု ဒုက္ခသည်များ ပြန်လည်လက်ခံရာတွင် လက်ခံရေးပုံစံမှာ လူမျိုးနာမည်ကို ရိုဟင်ဂျာလို့ အတိအလင်း ဖော်ပြထားခဲ့တယ်။ လူမျိုးရေးဘာသာရေးဖက်ကိုပဲ မီးမွေးလေပင့်ပေးခဲ့တာလောက်ပါပဲ။ ကုလားကို နှိမ်နေတာဆိုတော့ ဒီစီမံကိန်းမှာ သူ့ရဲ့ ဂျင်းမိတဲ့ ပြည်သူတွေလည်း ရှိခဲ့ရာ ထောက်ခံအားပေးမှုလည်း ရရှိခဲ့တာပေါ့။ ဆက်လက်၍ မတရားဥပဒေအမျိုးမျိုးဖွဲ့ပြီး ရိုဟင်ဂျာတွေရဲ့ တရားဝင်ရရှိခဲ့တဲ့ တိုင်းရင်းသား အခွင့်အရေးတွေကို တစ်ဆင့်ပြီးတစ်ဆင့်၊ တစ်ခုပြီးတစ်ခု အာဏာရှင်ယုတ်ဆန်ဆန် မတရားပြန်လည်လုယူခဲ့တယ်။ လူမျိုးစုစာရင်း ၁၃၅ မျိုးလို့ ကိုယ့်မြင်းကိုယ်စိုင်းသလို သူတို့စိတ်လိုရာပြုစုပြဌာန်းပြီး ရိုဟင်ဂျာလူမျိုးကို ဖယ်ထုတ်ခဲ့တယ်။ အမျိုးသားရေးမျိုးချစ်တုတ်ကို အသုံးပြုပြီး ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲအောင် ကလိမ်ကကျစ် ဝါဒဖြန့်ခဲ့တယ်။ ၁၉၈၂ ဥပဒေကို ဖွဲ့စည်းပြီး ဒီလူတွေဟာ နိုင်ငံခြားသားတွေ၊ နယ်မြေလုနေတာ ဆိုတဲ့ ဝါဒမှိုင်းတိုက်ပေးခဲ့တယ်။ အစအစမှာတော့ ကုလား၊ ရခိုင်ကုလား ဆိုပြီး နှိပ်ကွပ်ခဲ့ရာ စစ်တကောင်းသား၊ ခေါတော ဆိုလို့တစ်မျိုး၊ နောက်ပိုင်းမှာ ဘင်္ဂလီ မှ ဘင်္ဂလီကုလား မှ ခိုးဝင်ဘင်္ဂလီ အထိ အောက်ကျစေတဲ့ နာမည်တွေ အဆင့်ဆင့် သုံးလာခဲ့တယ်။ ဒီလို ယုတ်မာတဲ့နည်းနဲ့ ယခင်အစိုးရ ခေါင်းဆောင်တွေက သွေးချွေးကုန်ခမ်း ကြိုးပမ်းဖြေရှင်းပေးခဲ့တဲ့ ရိုဟင်ဂျာအရေးကို တဖန်မီးစလောင်စေခဲ့သတဲ့။

ဒီနေရာမှာ စွပ်စွဲချက်တစ်ချက်နှစ်ချက်ကို သံသယကင်းအောင် ထောက်ပြပေးချင်တယ်။ ပထမအချက်က အာဏာရှင်နေဝင်းရဲ့ ယုတ်မာမှုတွေကို တစ်ချို့ မွတ်စလင်မုန်းတီးတဲ့ အစွန်းရောက်မျိုးချစ်တွေက ကျေးဇူးတင်ကြတယ်။ အမျိုးကို ကယ်တင်ပေးတယ်လို့ ယူဆကြတယ်။ ဝမ်းနည်းစရာ။ တကယ်တော့ မျိုးချစ်တစ်ဖက်ကန်းတွေမှာ မြင်နိုင်စွမ်း အားနည်းနေတာဖြစ်တယ်။

တကယ်လို့ ရိုဟင်ဂျာတွေကို ဒီပြည်ဖွား မဟုတ်လို့ အာဏာရှင်အုပ်စုက နင်ထုတ်ချင်တာဆိုရင် ၁၉၇၈ ခုမှာ မတရားနှိပ်စက်မှုကြောင့် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်ခေါ်လာစရာအကြောင်းမရှိဘူးလေ။ ကိုယ့်ပြည်က မဟုတ်တဲ့ လူတစ်စုကို ဘယ်နိုင်ငံတကာ စကားမှနားမထောင်တဲ့ အာဏာရှင်က အလကားခေါ်လာမှာ မဟုတ်ဘူး။ အဲ့တုန်းကလဲ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေနဲ့ပဲ လက်ခံခဲ့တာကိုး။ စစ်ခေါင်းဆောင် ဗိုလ်ခင်ညွှန့် ကိုယ်တိုင် သူ့စာအုပ် ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘဝ အထွေထွေ" မှာ ဝန်ခံရေးသားခဲ့တယ်။ အာဏာရှင်ရဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူလူထုရဲ့ အာရုံလွဲရန် တိုင်းပြည် မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်ကာ အာဏာချုပ်ကိုင်ထားရေးသာ အဓိက ဖြစ်တယ်။ ဒါကို နားမလည်မိလို့ စစ်အုပ်စုရဲ့ အဓမ္မ အာဏာသိမ်းမှုကို မြန်မာပြည်သူတွေက ထပ်တလဲလဲ ခံနေရတာဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ ဓါးစားခံဖြစ်နေရတာမဟုတ်လား။ ထောင်နဲ့ မြေကြီး နေရာမလပ် ဖြစ်နေတယ်။

ဒုတိယအချက်က မျိုးချစ်တွေ ဂျင်းထည့်တဲ့ အစ္စလာမစ်နိုင်ငံအဖြစ်နဲ့ ခွဲထွက်ရေး ဖြစ်တယ်။ တကယ်လို့ ရိုဟင်ဂျာ လက်နက်ကိုင်တွေက ခွဲထွက်ဖို့ တော်လှန်တာ ဖြစ်မယ်ဆိုခဲ့ရင် အလင်းပြန်ဝင်စရာ အကြောင်း မရှိပါဘူး။ ဘယ်လို အခွင့်အရေးတွေ ပေးပေး အလုံးအရင်း လက်နက်ချမှာတော့ မဟုတ်ဘူးလေ။ မတရားမှုကို တွန်းလှန်တော်လှန်ဖို့အတွက်သာ လက်နက်ကိုင်ကြတာဖြစ်လို့ တန်းတူညီမျှမှု ရရှိသွားတဲ့အခါ တန်းအလင်းဝင်ကြတာပဲ မဟုတ်ပါလော့။

နောက်တစ်ချက်က ဦးနုက မဲနိုင်ဖို့အတွက် အရှေ့ပါကစ္စတန်က ခေါ်လာတဲ့လူလို့ ပုဇွန်ဦးနှောက်နဲ့ မျိုးချစ်အချို့က စွပ်စွဲတာလည်း တွေ့ရတယ်။ ယုတ္တိမရှိတဲ့စကားပါပဲ။ ဒီနိုင်ငံအတွက် ဦးနုရဲ့ပေးဆပ်မှုလည်း မနည်းလှဘူး။ အဲဒီလို ခေါင်းဆောင်ကြီးတစ်ယောက်က မဲလိုချင်လို့ တိုင်းပြည်ကို သစ္စာဖောက်မှာဆိုတာ ဘယ်လိုနည်းနဲ့မှ ယုံနိုင်စရာမဟုတ်ပါဘူး။ ယုတ္တိရှိရှိ စဥ်းစားကြည့်ရင်လည်း အဖြေက ပေါ်လွင်ပါတယ်။ မေယုဒေသမှာ ဘယ်ခေတ်က ကြည့်ကြည့် ရခိုင်လူဦးရေက လက်တစ်ဆုပ်စာလောက်ပဲ ရှိတာကိုး။ ဘယ်ရွေးကောက်ပွဲလုပ်လုပ် မူစလင်တွေ ထောက်ခံတဲ့အုပ်စုကပဲ အနိုင်ရမှာလေ။ အဲဒီမှာ လူသွင်းပြီးတော့ အနိုင်ရကောင်းလား။ ဆင်ဆင်ခြင်ခြင် စွပ်စွဲကြပါ မျိုးချစ်ရာ။

ဆက်လက်ပြီးတော့ အာဏာရှင်နေဝင်းရဲ့ ရိုဟင်ဂျာ ချေမုန်းရေး စီမံကိန်းကို နောက်တက်လာခဲ့တဲ့ စစ်ခေါင်းကြီးတွေက သစ္စာရှိရှိ လက်ဆင့်ကမ်း အကောင်အထည်ဖော်ပေးခဲ့တယ်။ ပြည်သူ့ကို အမှန်တရားအမှောင်ချပြီး ဂျင်းချိုချိုနဲ့ နိုးဆွခဲ့တယ်။ ပညာတတ်၊ ပညာမဲ့၊ ဆင်းရဲချမ်းသား လူတန်းစားအလွှာအားလုံး စစ်ဂျင်းမိခံရကာ ရိုဟင်ဂျာတွေရဲ့ ဘဝကို ဝိုင်းဝန်းမောင်းခတ် ရိုက်ချိုးခဲ့လေတယ်။ ဘယ်လောက်အထိ ယုတ်မာလာခဲ့သလဲဆိုရင် တိရိစ္ဆာန် သန်းခေါင်စာရင်းတောင် ကောက်ယူသေးတယ်။ လူမျိုးရေးဘာသာရေး ပဋိပက္ခတွေ တရစပ် ဖြစ်ပေါ်လာအောင် လုံ့ဆော်ခဲ့တယ်။ ၂၀၁၇ ခုမှာ လူမျိုးတုံးသတ်ဖြတ်မှုအထိတောင် လက်လွန်ခဲ့တယ်။ အေးချမ်းသာယာတဲ့ ရခိုင်ပြည်ကြီး ပြန်လည်ငရဲဘုံဖြစ်လာခဲ့တယ်။ ဒါက စစ်အုပ်စုနဲ့ စစ်ကျွန်သပေါက်တို့ရဲ့ ကျေးဇူးကြောင့်ပဲလေ။

အချုပ်အနေနဲ့ ရိုဟင်ဂျာအရေးဟာ ကိုလိုနီခေတ်ကပင် အမြစ်တွယ်လာခဲ့တာတော့ မဟုတ်ပါဘူး။ စစ်အာဏာရှင်တွေက ပျိုးလိုက်တဲ့ ဂျင်းစေ့ရဲ့ ကျေးဇူးကြောင့်သာ အပင်ကြီး ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီပြသနာ ဖြေရှင်းဖို့ဆိုရင် ဘာသာရေး၊ လူမျိုးရေးကို ဘေးဖယ်ထားပြီးတော့ လူသားဆန်ဖို့က အရေးကြီးတယ်။ လူကိုလူလို မြင်ပြီးတော့ ယခင်အစိုးရရဲ့ နည်းဗျူဟာတွေကို စနစ်တကျ ကျင့်သုံးမယ်ဆိုရင် ရခိုင်ပြည်မှာ ငြိမ်းချမ်းရေးရောင်နီ ပြန်လည်ပျိုးပါလိမ့်မယ်သတဲ့။


လူထုဝဏ္ဏ
(၁၃-၇-၂၀၂၃)

ကိုးကား

- ပြည်ထဲရေးဌာနပြန်ထမ်းစာ ၁၉၄၉၊ ဇူလိုင်လ ၃၀ရက်။

- နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု၏ အသံလွင့်မိန့်ခွန်း။

- တပ်မတော်ခေတ်ရေးစာစောင် အတွဲ ၁၂၊ အမှတ် (၆)။

- အေအက်ဖ်ကေ ဂျီလာဏီ၊  အာရကန်ပြည်၏ ရိုဟင်ဂျာလူမျိုး။

- ခင်ညွှန့် ၊ ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘဝ အထွေထွေ။

- နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး၏ မိန့်ခွန်း။

- နှစ် ၃၀ မြန်မာ့အသံ ၊ ဦးကျော်ညိန်း (မာတလိ)၊ စာမျက်နှာ ၇၁။