 |
ထန်းရှောက်ခံရွာအနီးတဝိုက်တွင် တွေ့ရှိရသည့် သတ်ဖြတ်ခံရသူအချို့၏ အရိုးစုများ။ |
ထန်းရှောက်ခံရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု
၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့၌ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်၏ အလယ်ပိုင်းရှိ အတွင်းငှက်သေကျေးရွာအုပ်စု၊ ထန်းရှောက်ခံကျေးရွာ ခေါ် ဟွိုင်ယာစုရိ ကျေးရွာမှာ ရာနှင့်ချီသော ရွာသူရွာသား၊ ကလေး၊ လူကြီး၊ သက်ကြီးရွယ်အို၊ အမျိုးသမီး၊ ကိုယ်ဝန်ဆောင်၊ မသန်စွမ်းပါမကျန် အပြစ်မဲ့ပြည်သူများကို ရခိုင့်လက်နက်ကိုင်အဖွဲ့ (AA) က ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် သတ်ဖြတ်ခြင်း၊အမျိုးသမီးများကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် အေအေတပ်စခန်းများတွင် အမျိုးသမီးများကို လိင်ကျွန်အဖြစ် ထိန်းသိမ်းထားရှိခြင်းစသည့် ကြောက်မက်ဖွယ် ပြင်းထန်သောရာဇဝတ်မှုများကို လူသိရှင်ကြား ရက်ရက်စက်စက် ကျူးလွန်ခဲ့သည်။
ထန်းရှောက်ခံကျေးရွာ ခေါ် ဟွိုင်ယာစုရိ သည် ဘူးသီးတောင်မြို့၏ အရှေ့တောင်ဘက် ငါးကီလိုမီတာခန့်အကွာတွင် တည်ရှိသည်။ ရိုဟင်ဂျာများသာနေထိုင်ပြီး အများစုမှာ လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်ကြသည်။ ယင်းကျေးရွာကို မီတာ ၂၅၀ ခြား၍ ရွာနှစ်ရွာပိုင်းခြားထားသည်။ ကျေးရွာ၏ မြောက်ဘက်အပိုင်းရွာငယ်တွင် အိမ်ခြေ ၂၅ လုံးခန့်နှင့် တောင်ဘက်အပိုင်းတွင် အိမ်ခြေ ၂၀၀ ခန့် ရှိသည်။ စစ်ကောင်စီ၏ တပ်ရင်း ခမရ ၅၅၁ နှင့် နီးစပ်သည်။
၂၀၂၄ ခုနှစ် အစောပိုင်းလများအတွင်းက ရခိုင့်တပ်တော် (AA) သည် ဘူးသီးတောင်မြို့နယ်၏ မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် တဖြည်းဖြည်း အောင်ပွဲများရရှိလာပြီး ထန်းရှောက်ခံကျေးရွာအနီးရှိ ခမရ ၅၅၁ တပ်ရင်းနှင့် စကခ ၁၅ တပ်မသို့ ချဉ်းကပ်လာသည်။
၂၀၂၄ ခုနှစ် ဧပြီလဆန်းပိုင်းတွင် စစ်ကောင်စီ တပ်မတော်သည် မြန်မာနိုင်ငံအနှံ့အပြားမှ စစ်မှူးထမ်းဥပဒေဖြင့် လူငယ်များကို အတင်းအဓမ္မဖမ်းဆီးကာ စစ်မှူးထမ်းစေခဲ့ရာ ထိုဒေသမှာလည်း ရက္ခိုင့်တပ်တော် (AA) ကို ခုခံတိုက်ခိုက်ရန် ထန်းရှောက်ခံရွာနှင့် အနီးတဝိုက်ရွာများမှ စစ်မှူးထမ်း ၁၀၀ ခန့်ကို ဖမ်းဆီးစုစည်းခဲ့သည်။
ဧပြီလတွင် ကျယ်ပြန့်လာသော တိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့၏ အရှေ့ဘက်ကျေးရွာများဖြစ်သော ရွက်ညိုတောင်၊ မောင်နာရွာနှင့် ကွန်တိုင်ကျေးရွာ စသည်တို့မှ ထောင်နှင့်ချီသောရွာသားများသည် ထန်းရှောက်ခံကျေးရွာနှင့် ဒါပြူချောင်းကျေးရွာ (ထန်းရှောက်ခါးကျေးရွာ၏ မြောက်ဘက် နှစ်ကီလိုမီတာအကွာ) များသို့ စစ်ဘေးရှောင်ခိုလှုံခဲ့ကြသည်။ ထန်းရှောက်ခံကျေးရွာသည် ခမရ ၅၅၁ တပ်ရင်းစခန်းနှင့် နီးစပ်ပြီး ဒါပြူချောင်းကျေးရွာသည် စစ်ကောင်စီ၏ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် [စကခ ၁၅]နှင့် နီးစပ်သောကြောင့် AA ၏ တိုက်ခိုက်မှုမှ ပို၍ဘေးကင်းလုံခြုံမည်ဟု ရွာသားများက ယုံကြည်ခဲ့ဟန်တူသည်။
၂၀၂၄ ခုနှစ် ဧပြီလ စတုတ္ထအပတ်အတွင်း စကခ ၁၅ တပ်မနှင့် နီးစပ်သောနေရာတွင် တိုက်ပွဲများ ပြင်းထန်လာချိန်၌ ရခိုင့်တပ်တော် (AA) သည် ဒါပြူချောင်းကျေးရွာတွင် နေထိုင်သူအားလုံးကို ၎င်းကျေးရွာ၏ အနောက်တောင်ဘက် သုံးကီလိုမီတာခန့်အကွာ ဦးလှဖေကျေးရွာသို့ ပြောင်းရွှေ့ရန် အမိန့်ပေးခဲ့သည်။
မေလ ၁ ရက်နေ့တွင် ခမရ ၅၅၁ မှ စစ်ကောင်စီတပ်သားများသည် ထန်းရှောက်ခံကျေးရွာသို့ ရုတ်တရက်ရောက်ရှိလာပြီး စစ်မှူးထမ်းသစ်များအား ပေးထားသော လက်နက်အားလုံးကို ပြန်သိမ်းယူခဲ့သည်။ ထိုအချိန်က ခမရ ၅၅၁ စခန်းတွင် စစ်ကောင်စီတပ်သား ၁၀၀ ခန့်လောက်သာ ရှိသည်။ ယခင်တပ်စွဲခဲ့သည့် စစ်ကြောင်းများသည် ဘူးသီးတောင်မြို့သို့ ဆုတ်ခွာသွားခဲ့သည်။
မေလ ၂ ရက်နေ့ မနက်စောစောတွင် စစ်ကောင်စီတပ်သား စစ်ကြောင်းတစ်ခုသည် ရွာမြောက်ဘက်မှ ရောက်ရှိလာပြီး စစ်သား တစ်ဝက်ခန့်သည် ထန်းရှောက်ခံကျေးရွာထဲသို့ ဝင်ရောက်လာကာ ကျန်တစ်ဝက်သည် ရွာအရှေ့ဘက်ရှိ စစ်ကောင်စီ တပ်ရင်း ခမရ ၅၅၁ သို့ ဝင်ရောက်ခဲ့ကြောင်း ထန်းရှောက်ခံရွာသား မျက်မြင်သက်သေများက ထွက်ဆိုခဲ့သည်။ တိုက်ပွဲဖြစ်ပွားတော့မည့် အနေအထားဖြစ်သောကြောင့် ရွာသားများကို နေအိမ်များမှ အမြန်ဆုံးထွက်သွားရန် ထိုစစ်ကြောင်းက သတိပေးခဲ့သည်။ ထိုအခါ ရွာသားများသည် ရွာမှ မြောက်ဘက်သို့ အုပ်လိုက်စုလိုက် ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
စစ်ကောင်စီတပ်သားများထွက်သွားပြီးအချိန်အနည်းငယ်အကြာတွင် AA တပ်သားရာချီ ရွာထဲသို့ ဝုန်းဝုန်း ဝင်လာပြီး ရွာသားများကို နေအိမ်များမှ ထွက်သွားရန် အမိန့်ပေးပြန်သည်။ ထိုအခါ ရွာတွင်ကျန်ရစ်နေသည့် ရွာသားများသည် အခြားတစ်ဖက်သို့ ထွက်ပြေးခဲ့ကြသည်။ ရွာ၏အရှေ့ဘက်ရှိ လမ်းမကြီးပေါ်တွင် AA တပ်သားများက စစ်ရှောင်ထွက်ပြေးလာသော ရွာသားအုပ်စုကြီးတစ်စုကို တားဆီးပြီး ၎င်းတို့နှင့်အတူ ခိုးရှောင်ခိုးဝှက် ထွက်ပြေးလာသော စစ်ကောင်စီတပ်သားနှစ်ဦးကို လွှဲအပ်ပေးရန် ရွာသားများကို ဖျောင်းဖျပြောဆိုခဲ့သည်။
ထိုစစ်သားနှစ်ယောက်ကို အေအေက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပိတ်ဆို့ထားသော လူအုပ်ကို လွှတ်မပေးဘဲ လမ်းမပေါ်တွင် ခေါင်းငုံ့တန်းစီထိုင်စေခိုင်းသည်။ သို့နှင့် AA တပ်သားတစ်ဦး ကိုင်ထားသော စကားပြောစက်မှ "အားလုံး သတ်ပစ်လိုက်!" ဟု အမိန့်စကားကို ကြားခဲ့ရသည်ဟု အခင်းက လွှတ်မြောက်လာသော သက်သေများက ဆိုသည်။ ထိုအခါ AA တပ်သားများသည် ၎င်းတို့ရှေ့တွင် ခေါင်းငုံ့ထိုင်နေကြသော လူအုပ်ကြီးကို သနားစာနာစိတ်မဲ့ ရမ်းကားပစ်ခတ်သတ်ဖြတ်ခဲ့ကြသည်။
အသက် ၁၉ နှစ်အရွယ် ရွာသားတစ်ဦးသည် သူ၏မိခင်၊ ဖခင်နှင့် ညီအစ်ကိုမောင်နှမငယ် ငါးဦးတို့ကို သူ၏ ရှေ့မှောက်တွင် ရက်ရက်စက်စက် ပစ်သတ်ခဲ့သည်ကို ကိုယ်တွေ့မြင်ခဲ့သည်။ AA တပ်သားများက အလောင်းများအကြား ရှာဖွေစစ်ဆေးပြီး အသက်ရှင်နေသေးသူများကို ထပ်မံရှာဖွေပစ်သတ်ချိန်တွင် ၎င်းသည် မိခင်၏သွေးစွန်းနေသော ခေါင်းခြုံပုဝါကို မိမိကိုယ်၌ဖုံးအုပ်၍ အသေဟန်ဆောင်ကာ အသက်ဘေးမှ လွှတ်မြောက်လာခဲ့သည်။
ထိုအတောအတွင်း ရွာမြောက်ဘက်သို့ ထွက်ပြေးနေသည့် နောက်ထပ် ရာနှင့်ချီသောရွာသားများကို လမ်းပေါ်တွင် AA တပ်သားများက တားဆီးပြီး ထိုရွာသားများကိုလည်း အလားတူ ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ရွာ၏အနောက်ဘက်ရှိ လယ်ကွင်းများကိုဖြတ်၍ ထွက်ပြေးနေသော ရွာသားများကိုလည်း AA တပ်သားများက လိုက်လံပစ်ခတ်ခဲ့သည်။ ရွာသားများ ထွက်ပြေးနေစဉ်တွင် အေအေ တပ်သားများက ထန်းရှောက်ခံကျေးရွာရှိ အိမ်အများစု မီးရှို့ခဲ့သည်။ ရွာတောင်ပိုင်းတွင် ဗလီတစ်လုံနှင့် အိမ်သာတစ်လုံး လွှဲ၍ ကျန်အဆောင်အအုံးအားလုံး ပြာကျစေခဲ့သည်။
အမျိုးသမီးငယ်အချို့ကို AA တပ်သားများက ဖမ်းဆီးခဲ့ပြီး မြက်ရှည်ခင်းထဲသို့ ဆွဲငင်သွားကာ မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည်။ နောက်ပိုင်းတွင် အမျိုးသမီးတစ်ဦး၏ အလောင်းကို အဝတ်တစ်ဝက်ဗလာနှင့် မိန်းမကိုယ်မှ ဝမ်းဗိုက်အထိ ဓားဒဏ်ရာရရှိထားသည့်အနေအထားဖြင့် တွေ့ရှိခဲ့သည်။ သူမ၏ ခေါင်းဖြတ်ထားသောသားနှစ်ဦး၏ အလောင်းများကို ၎င်းအမျိုးသမီး၏ ဘေးတစ်ဖက်တစ်ချက်တွင် ပစ်ချထားသည်။
ထို့အပြင် ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားနေသည့် အမျိုးသမီးငယ် ၁၂ ဦးကို AA တပ်သားများက ဖမ်းဆီးပြီး စစ်ကောင်စီထံမှ သိမ်းပိုက်ရရှိခဲ့သော ခမရ ၅၅၁ စခန်းထဲတွင် လိင်ကျွန်အဖြစ်ထိန်းသိမ်းထားရှိခဲ့ကြောင်းလည်း မျက်မြင်သက်သေများက ဖွင့်ဟခဲ့သည်။ ၎င်းအမျိုးသမီးများအနက်မှ လေးဦးသည် သေဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။
လွှတ်မြောက်နိုင်ခဲ့သော ရွာသားအများစုသည် ထန်းရှောက်ခံကျေးရွာ၏ အနောက်ဘက် နှစ်ကီလိုမီတာခန့်အကွာရှိ ဦးလှဖေကျေးရွာသို့ ခိုလှုံခဲ့ကြသည်။ ထိုကျေးရွာတွင်ပင် ၎င်းတို့အား AA က ဖမ်းဆီးခဲ့ပြီး ၎င်းတို့၏ မိုဘိုင်းဖုန်းများကို စစ်ဆေးခြင်း၊ အတင်းသိမ်းဆည်းခြင်းခံခဲ့ရသည်။ ယခင်က စစ်ကောင်စီ၏ အဓမ္မစစ်မှူးထမ်းခံခဲ့ရဖူးသော လူငယ်များကိုမူ ဖမ်းဆီးခေါ်ဆောင်သွားကာ အပြီးရှင်းပစ်ခဲ့သည်။
မေလ ၂ ရက်နေ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအပြီး နှစ်ရက်ကြာပြီးနောက် ထန်းရှောက်ခံကျေးရွာသို့ သွားပြီး အလောင်းများကို မီးရှို့ဖျောက်ဖျက်ဖို့အတွက် ကောက်ရိုးခြောက်များ စုပေးရန် ဦးလှဖေကျေးရွာမှ စစ်ဘေးရှောင်ဒုက္ခသည် ၅၀ ခန့်ကို အေအေက အတင်းအဓမ္မ ပေါ်တာဆွဲကာ စေလွှတ်ခဲ့သည်။ ကျေးရွာ၏ အနောက်မြောက်ဘက်စွန်းတွင် ပလာစတစ် တာပေါ်လင်အုပ်ထားသော အလောင်းပုံကြီး လေးပုံကို မြင်တွေ့ခဲ့ကြောင်း၊ အလောင်းများ၏ ပုပ်သိုးအနံ့ဆိုးသည် အလွန်ပြင်းထန်စူးရှာလွန်းကြောင်း ထိုအလုပ်သမားအဖွဲ့တွင် ပါဝင်ခဲ့သူတို့က ဆိုသည်။
အဆိုပါ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအပြီး ရက်သတ္တပတ်အတွင်း ညအချိန်တွင် ထန်းရှောက်ခံရွာသို့ ခိုးရှောင်ခိုးဝှက် ပြန်ဝင်လာခဲ့ကြသော တခြားရွာသားများကလည်း ကျေးရွာအနီးတစ်ဝိုက်တွင် အလောင်းများပေကျံနေကြောင်း၊ ဗလီ၏ နောက်ဘက်တွင် အလောင်းပုံတစ်ပုံ ရှိကြောင်း၊ ရွာ၏တောင်ဘက်ရှိ ရေကန်ထဲတွင် အလောင်းအများအပြား တွေ့မြင်ခဲ့ရကြောင်း ပြောဆိုခဲ့သည်။
ဘင်္ဂလားဒေ့ချ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသော ဒုက္ခသည်အားလုံးသည် ဘူးသီးတောင်မြို့နယ်မှ ထွက်ခွာရန် ULA/AA ထံမှ စာဖြင့် ခွင့်ပြုချက်ရယူခဲ့ရသည်။ ဘာသာရေးဆရာတစ်ဦးသည် သူ၏မိသားစု ထွက်ခွာခွင့်ရရန် ဘင်္ဂလားဒေ့ရ်ှငွေ တာကာ ၂၇၅,၀၀၀ (အမေရိကန်ဒေါ်လာ ၂,၂၅၀ ခန့်) ဆက်ကြေးပေးခဲ့ရသည်။ သူတို့ ထွက်ခွာချိန်တွင် သူတို့၏ အိမ်ထောင်စုစာရင်းနှင့် မြေစာရင်းအပါအဝင် ကိုယ်ပိုင် စာရွက်စာတမ်းအထောက်အထားဟူသမျှကို AA က အတင်းအဓမ္မ လုယူခဲ့သည်။
ထန်းရှောက်ခံကျေးရွာတွင် တွေ့ရှိရသောအလောင်းများသည် စစ်ကောင်စီတပ်မတော်သားများ၏ အလောင်းသာဖြစ်ကြောင်း AA က မီဒီယာများကို ဗန်းပြ ထုတ်ပြန်ချေပခဲ့သော်လည်း ကိုယ်တွေ့သက်သေများ၏ ထွက်ဆိုချက် အထောက်အထားများက AA တပ်သားများသည် အထက်အရာရှိများ၏ တိုက်ရိုက်အမိန့်ဖြင့် ရိုဟင်ဂျာအရပ်သားရာနှင့်ချီ အစုလိုက်အပြုံလိုက် အကြမ်းဖက် သတ်ဖြတ်ခဲ့ကြောင်း ဖော်ပြနေသည်။ အရပ်သား ၆၀၀ ခန့် သတ်ဖြတ်ခံရကြောင်း ခန့်မှန်းခြေ သိရှိရသည်။ ထို့အပြင် AA တပ်သားများသည် ရိုဟင်ဂျာအမျိုးသမီးများနှင့် မိန်းကလေးများကို စနစ်တကျ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြောင်း ခိုင်လုံသော အထောက်အထားများက သက်သေခံနေသည်။
ထိုထန်းရှောက်ခံရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ရိုဟင်ဂျာအရေးလှုပ်ရှားသူ ရိုနေဆန်းလွင်က သြဂုတ်လ ၃ ရက်တွင် ဘူးသီးတောင်မြို့နယ်မှ အသက်ရှင်လွှတ်မြောက်လာသော ကိုယ်တွေ့သက်သေများနှင့် မေးမြန်းအင်တာဗျူးကာ ၎င်း၏လူမှုကွန်ရက်တွင် ထုတ်ပြန်ခဲ့သည်။ လူ့အခွင့်အရေးလှုပ်ရှားသူ ရှေ့နေ ရာဇီအာဆူလ်တာနာကလည်း ဘူးသီးတောင်မြို့နယ်မှ ထိုလူသတ်မှုမှ လွှတ်မြောက်လာခဲ့သော ကိုယ်တွေ့သက်သေ ရိုဟင်ဂျာ ဒုက္ခသည် ၁၉ ဦး (အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၇ ဦး) နှင့် ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းချက်များ ပြုလုပ်ကာ စက်တင်ဘာလ ၂၄ ရက်တွင် "Kill Them All" ခေါင်းစဥ်ဖြင့် အစီရင်ခံစာတစ်ခု ထုတ်ပြန်ခဲ့သည်။ ၎င်းတို့အနက် သက်သေ နှစ်ဦးသည် မေလ ၂ ရက်နေ့၌ ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် မိသားစုဝင် အဆွေအမျိုးပေါင်း ၆၀ ကျော် ဆုံးရှုံးခဲ့ရသူ ဖြစ်သည်။
ရခိုင့်လက်နက်ကိုင်အဖွဲ့အေအေ သည် တော်လှန်ရေး ခေါင်းစဥ်အောက်တွင် ရိုဟင်ဂျာလူမျိုးကိုပါ ရှင်းလင်းသုတ်သင်နေကြောင်း ထင်ရှားနေသည်။
— လူထုဝဏ္ဏ
(၁-၁၀-၂၀၂၅)
ကိုးကား
# ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲတဲ့လား| The Art Garden Rohingya
# ထန်းရှောက်ခံ အစုလိုက်သတ်ဖြတ်မှု| ရိုနေဆန်းလွင်
# ထန်းရှောက်ခံရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အစီရင်ခံစာ| Kaladan Press Network
Kalandan Press ၏ အစီရင်ခံစာကို လိင့်ကိုနှိပ်၍ ဒေါင်းယူ ဖတ်ရှူပါ။
No comments:
Post a Comment