Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label ရိုးရာ. Show all posts
Showing posts with label ရိုးရာ. Show all posts

Sunday, October 29, 2023

တေလတ္တီယာ ဟော့်ရောဖားတာ (ချဉ်ပေါင်ကြော်)

တေလတီယာ ဟော့ရောဖားတာ (ချဉ်ပေါင်ရွက်ကြော်)


အာရကန်ပြည် အညာဒေသ အစားအစာတွေမှာ ဟောရောဖာတာ ခေါ်တဲ့ ချဉ်ပေါင်ရွက်ကလည်း အရေးပါလှတဲ့ ဟင်းရွက်တစ်မျိုး ဖြစ်တယ်။ တောင်သူလယ်သမားတွေဟာ စပယ်ရှယ်ထုတ်တဲ့ အစားအစာမျိုးကို မှီခိုအားကိုးလို့ ဘဝဖြတ်သန်းတာ မဟုတ်ဘူး။ မိမိတို့ သွေးချွေးရင်းပြီးတော့ ကိုယ်တိုင်ထုတ်ယူစားသောက်ရတာ ဖြစ်တယ်။ အိမ်ခြံမှာဖြစ်ဖြစ်၊ ဟင်းခင်းယာခင်းမှာဖြစ်ဖြစ် ချဉ်ပေါင်ပင်တွေတော့ စိုက်ပျိုးလေ့ရှိတယ်။ မိုးရာသီရောက်ရင် စားပွဲတိုင်းမှာ ချဉ်ပေါင်ရွက်တော့ ဟင်းပုံစံတစ်မျိုးမျိုးနဲ့ ပါမြဲပါဝင်လေ့ရှိတယ်။ ချဉ်ပေါင်ရွက်နဲ့ ပြုလုပ်တဲ့ ဟင်းတွေထဲမှ တစ်မျိုးအကြောင်းကို ဒီဆောင်းပါးမှာ ဖော်ပြသွားမှာ ဖြစ်ပါတယ်။ အဲဒါက အခြားမဟုတ်ဘူး။ ရိုဟင်ဂျာတွေရဲ့ အသည်းစွဲဖြစ်တဲ့ တေလတ္တီယာ ဟော်ရောဖာတား (သို့မဟုတ်) တေလ္လာဟော်ရောဖားတား ဖြစ်တယ်။ မြန်မာလို ပြောရရင် ချဉ်ပေါင်ကြော်ပေါ့။ 

ချဉ်ပေါင်ကြော်ဟင်းလျာတစ်ခွက်ရရှိဖို့အတွက် အဓိကတော့ ချဉ်ပေါင်ရွက်ပါပဲ။ ဒါပေမဲ့ ချဉ်ပေါင်ရွက် တစ်ခုတည်းနဲ့ မပြီးသေးဘူး။ နောက်ထပ် အရေးကြီးတဲ့ ပစ္စည်းတစ်ခုကတော့ ငရုတ်သီးကြိတ်ဖြစ်တယ်။ 



ပါဝင်ပစ္စည်းက

၁။ ချဉ်ပေါင်ရွက်

၂။ ငရုတ်သီးကြိတ်

၃။ ကြက်သွန်နီ

၄။ ကြက်သွန်ဖြူ

၅။ နနွင်း

၆။ ဆီ

၇။ ဆား 

တို့ဖြစ်ကြတယ်။


ဒီဟင်းလျာ လုပ်ရတာ လွယ်ကူသလို ပစ္စည်းတွေလည်း မိမိတို့ ယာခင်းဟင်းခင်းတွေမှ ထွက်တဲ့ပစ္စည်းတွေဖြစ်တယ်။ ပထမဆုံး ငရုတ်သီးကြိတ်၊ ကြက်သွန်၊ ဆီ၊ နနွင်းတို့ကို အိုးထဲထည့်ပြီး မီးဖိုပေါ် အနည်းငယ်ထားပါ။ အရောင်နည်းနည်း ရင့်လာပြီဆိုရင် ချဉ်ပေါင်ရွက်ကို ထည့်ပေးပါ။ ရေနည်းနည်း လောင်းထည့်ပါ။ ရေတွေ ခြောက်ခန်းသွားပြီး ချဉ်ပေါင်ရွက်တွေ ကျက်သွားပြီဆိုရင် စားလို့ရပြီ။

အဲဒီ ချဉ်ပေါင်ကြော်ကို တစ်ချို့ ပုဇွန်တွေ ထည့်ကြော်ပြီးတော့ စားတာလည်းရှိတယ်။ မျှစ်တွေ ထည့်ကြော်တာလည်းရှိတယ်။ ချဉ်ဆပ်အရသာနဲ့ တော်တော် ခံတွင်းတွေ့တာပါပဲ။ ချဥ်ပေါင်ရွက်ကို ဟင်းရည်လုပ်လို့လဲ စားကြတယ်။ အဲဒါကို ဟောရောဖာတာ ဟင်ဇီလို့ ခေါ်တယ်။ အလုပ်ပင်ပန်းလာတဲ့ လယ်သမားမိသားစုဟာ ဒီဟင်းလျာတွေ့ရင် ဒုက္ခပျောက်လို့ အားရပါးရစားကြတာပါပဲ။

ငါးဟင်းတွေမှာလည်း အချဉ်အရသာရရှိစေရန် ချဉ်ပေါင်ရွက်ကို အသုံးပြုကြတယ်။ ချဉ်ပေါင်ပင်မှရရှိတဲ့ အသီးကို အခြောက်ခံကာ သိမ်းထားလေ့ရှိတယ်။ အဲဒါကို နွေရာသီရောက်လျှင် ဖျော်ရည်အဖြစ်လည်းကောင်း၊ ဟင်းရည်အဖြစ်လည်းကောင်း၊ ထန်းလျက်နဲ့ တို့လို့ ချဉ်ယိုအဖြစ်လည်းကောင်း ပြုလုပ်ကာ သုံးဆောင်ကြလေ့ရှိပါတယ်။ 


- ရိုဟင်လေး

(၁၇- ၁၀-၂၀၂၃)




Sunday, September 10, 2023

အသုဘ အခမ်းအနား

 


အသုဘ အခမ်းအနား


သတ္တဝါဟူသမျှ သေမျိုးဖြစ်တယ်။ သက်ရှိတိုင်းဟာ သေခြင်းတရားရဲ့ အရသာကို မြည်းကြရမှာက မုချပင်တည်း။ လူတစ်ဦးဟာ မိမိရဲ့ဘဝတစ်သက်တာ ကျင်လည်ပြီး ဘဝနေဝင်သွားတဲ့အခါ အဲဒီလူကို မိမိတို့ကိုးကွယ်ရာ ဘာသာတရားနှင့် မိမိတို့လူမျိုးဓလေ့ထုံးတမ်းနဲ့အညီ ဂုဏ်သိက္ခရှိရှိ အသုဘအခမ်းအနားတွေကို ပြုလုပ်ပေးကြတယ်။ ဒီဆောင်းပါးမှာတော့ ရိုဟင်ဂျာလူမျိုးရဲ့ အသုဘအခမ်းအနားဆင်နွှဲပုံ တစိပ်တဒေသကို တင်ပြသွားမှာဖြစ်ပါတယ်။

ရိုဟင်ဂျာလူမျိုးတွင် တစ်စုံတစ်ယောက်ဆုံးပါးသွားခဲ့ရင် ထုံးစံအတိုင်း အသုဘချကြတယ်။ ရိုဟင်ဂျာအများစုဟာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်တဲ့အတွက်ကြောင့် အသုဘ စီရင်တာ၊ မြေမြှပ်သင်္ဂြိုဟ်တာတွေဟာ အစ္စလာမ်သာသနာရဲ့ ဓလေ့ထုံးတမ်းနဲ့အညီ ပြုလုပ်လေ့ရှိကြတယ်။ ဒါ့အပြင် ရိုဟင်ဂျာ ရိုးရာအစဥ်အလာအရလည်း အချို့ကိစ္စတွေကို တမူထူးခြား လုပ်ဆောင်ကြတာလည်း ရှိတယ်။ အစ္စလာမ်တရားတော်ရဲ့ မျဥ်းတံနဲ့ဆိုရင် ဘေဒါအတ် မြောက်တယ်ပေါ့။ သို့ပေမဲ့ ရိုဟင်ဂျာတွေက မိရိုးဖလားဓလေ့အနေနဲ့ လုပ်ရိုးလုပ်မြဲဖြစ်ကြတာပဲ။ ဒီမှာ ရိုဟင်ဂျာတွေရဲ့ ထုံးရိုးထုံးဟောင်းတွေကို ဦးစားပေး ဆွေးနွေးသွားမှာ ဖြစ်တယ်။

လူတစ်ဦးတစ်ယောက် ဆုံးပါးခဲ့ရင် အချိန်ကြာမဆွဲဘဲ မြန်မြန်ဆန်ဆန် ဒါဖနာခြင်းဟာ စွန္နတ်တော်တစ်ရပ် ဖြစ်တယ်။ အများအားဖြင့် ၁၂ နာရီအတွင်းမှာ ဒါဖနာပေးကြတယ်။ သေသူကို ဆွေမျိုးမိတ်သင်္ဂဟတွေက နောက်ဆုံးနှုတ်ခွန်းဆက်သဖို့အတွက် ဒီလောက်ပဲ အချိန်ရကြတယ်။ သေသူ မိုက်ယာသ်ကို ဂူစလ်ရေချိုးပေးပြီး ပိတ်စဖြူပတ်၊ ရေမွှေးဖြန်းပေးကာ အိမ်ရှေ့ခန်းတွင် သပ်သပ်ရပ်ရပ်ခင်းကျင်းထားလေ့ရှိတယ်။ အခန်းအနံ့အပြားတွင် လောင်ဘတ္တီ ခေါ် အမွှေးတိုင်တွေ ထွန်းပေးတယ်။ မိုက်ယာသ်အနီးတွင် ကုရ်အာန်ကျမ်းစာများ ရွတ်ဖတ်တယ်။ ဇီကီရ်တွေလုပ်ကြတယ်။ မိုက်ယာသ်အိမ်မှာ သို့တည်းမဟုတ် ဗလီမှာ သာအ်လိမ်းသစ်ဗီ (၇၀၀၀) စိပ်ကြတယ်။

မိုက်ယသ် ဖြစ်တဲ့နေရာတွင် တစ်ချို့ အပင်က အရေးပါလာတယ်။ ဝါး၊ ငှက်ပျော်ပင်နှင့် ဆီးပင်ပေါ့။ ငှက်ပျော်ပင် ကိုယ်တည်နဲ့ ရေချိုးစင် ပြုလုပ်ကြတယ်။ ဆီးပင်ရွက်ကို မိုက်ယသ် မျက်စိတွေမှာ အပေါ် က ဖုံးပေးလေ့ရှိတယ်။ ဝါးနဲ့ ကြမ်းတွေ ယက်လုပ်ကြတယ်။ ဒီကိစ္စတွေကို ရွာသားတွေက ဝိုင်းဝန်းလုပ်ပေးတာဖြစ်တယ်။ ငွေကြေးချမ်းသာတဲ့ မိသားစုဆိုရင် ဝါးအစား သစ်သားနဲ့ ခေါင်းကို သုံးကြတယ်။

အိမ်သို့ ရောက်လာကြတဲ့လူတွေ ခေတ္တ နားနိုင်အောင် အိမ်ရှေ့တလင်းတွင် နေရာထိုင်းခင်းတွေ စီစဥ်ပေးတယ်။ လူတွေက မိုက်ယသ်ရဲ့ ဘဝတစ်လျှောက်ပြုလုပ်ခဲ့တဲ့ ကောင်းမှုတွေအကြောင်း သတိတရ ပြောဆိုလေ့ရှိတယ်။ သွားလေသူရဲ့ မကောင်းရာ မပြောသင့်ဘူးလို့ ခံယူတယ်။

မိုက်ယာသ်ရဲ့အိမ်တွင် ဝမ်းနည်းမှုကို ဖော်ပြတဲ့အနေနဲ့ မီးဖိုချောင်မှာ မီးမထွန်းရဘူး။ အိမ်းနီးနားချင်းတွေက မိသားစုတွေအတွက် သုံးရက်တိုင်တိုင် ထမင်းဟင်းတွေပို့ပေးကြတယ်။

မိုက်ယာသ်ကို ဂျနဇာဟ် ဖတ်မယ့် အချိန်တစ်ချိန်ကို ရပ်လူကြီးတွေက တညီတညွတ် သတ်မှတ်ကာ ကြေညာပေးတယ်။ ထို ဂျနဇာဟ် အချိန်အမီ လူတွေ တအုတ်အုတ် ရောက်လာကြတယ်။ မိုက်ယာသ်ကို သတ်မှတ်ထားတဲ့အချိန်တွင် အိမ်ကနေ ဂျနဇာဟ် ဖတ်မယ့်နေရာသို့ ဟင်းရာခေါ် ထမ်းစင်ပေါ်ထင်လျက် သယ်ဆောင်သွားတယ်။ ထမ်းစင်ပေါ်တွင် ပိတ်စတစ်ခု လွှမ်းခြုံပေးလေ့ရှိတယ်။ အမျိုးသမီးဆိုရင် မဖြစ်မနေ လွှမ်းပေးရတယ်။ အမျိုးသားဆိုရင် မလွှမ်းရင်လဲ ရတယ်။ အိမ်က ထွက်တဲ့အချိန်တွင် လေးဖက်ချိုးရတယ်။ ထမ်းစင်ကို သယ်ထားတဲ့လူတွေက ခြေလှမ်း ဆယ်လှမ်းတိုင်းမှာ နေရာအလှည့်အပြောင်း လုပ်ပေးရတယ်။ အဲလို ခြေလှမ်း ၄၀ တိုင်အောင် လုပ်ပေးရတယ်။ အဲဒါကို မဏ်ဇီလ် လို့ခေါ်ကြတယ်။

ဂျနဇာဟ် ဖတ်မယ့်ကွင်းပြင်တွင် လူတွေ စုဝေးရောက်လာကြတယ်။ မိုက်ယာသ်ကို နောက်ဆုံးကြည့်ချင်တဲ့ သူတွေဆိုရင် ဂျနဇဟ်ကွင်းပြင်မှာပဲ ကြည့်ရှုခွင့်ရတယ်။ သေသူဟာ အမျိုးသမီးဆိုလျှင် ဂျနဇဟ် ကွင်းပြင်မှာ ကြည့်ခွင်မရှိပါဘူး။ ဂျနဇာ ကွင်းပြင်မှာ သေသူဟာ ဘယ်သူဘယ်ဝါဆိုတာ ရှေ့ဆုံးက တစ်ဦးဦးက ရှင်းပြပေးတယ်။ သေသူကြောင့် ကိုယ်စိတ်သောက ရောက်ခဲ့တာ ရှိခဲ့ရင် မားဖ်လုပ်ပေးရန်လည်း တက်ရောက်လာကြသူတွေကို မေတ္တာရပ်ခံတယ်။ အပေးအယူတွေ ရှိရင် ဘယ်သူဘယ်ဝါနဲ့ တွေ့ဆုံနိုင်ကြောင်းကိုလည်း တာဝန်ခံပုဂ္ဂိုလ်တစ်ဦးကို သတ်မှတ်ပေးတယ်။ ကွယ်လွန်သူဟာ အမျိုးသမီးဆိုရင် သူ့ယောက်ျားကို ခေါ်ယူကာ ဝစီကံ၊ ကာယကံ၊ မနောကံမှ ပြစ်မှားခဲ့တာရှိခဲ့ရင် စိတ်နာခဲ့တာရှိခဲ့ရင်၊ အိမ်ရှင်မတာဝန် မကျေခဲ့တာရှိခဲ့ရင် မားဖ်လုပ်ပေးရန်  တောင်းဆိုတယ်။ လူအုပ်ကြီး ရှေ့မှောက်တွင် မားဖ်လုပ်ပေးကြောင်း ယောက်ျားဖြစ်သူက စိတ်ကြည်ဖြူစွာဝန်ခံတယ်။ ဒါတွေပြီးသွားရင် ဂျနဇာဟ်ကို ရွာရှိ ဗလီရှေ့ဆောင် သို့မဟုတ် အရင်းနှီးဆုံး ဆွေမျိုးရင်းချာတစ်ဦးဦးက ဦးဆောင် ဖတ်ပေးတယ်။

ဂျာနဇာဟ် ပြီးတာနဲ့ သင်္ချိုင်းကုန်းကို ယူဆောင်သွားတယ်။ သင်္ချိုင်းကုန်းမှာ ကဗရ်ကို ရွာသားထဲက မိမိတို့စေတနာနဲ့ ဝိုင်းဝန်တူးပေးကာ ကုသိုလ်ယူကြတယ်။ ပိုက်ဆံ တစ်ပြားမှမယူကြဘူး။ ကဗရ်တူးတဲ့နည်းလည်း နှစ်မျိုးရှိတယ်။ တစ်မျိုးက ရိုးရိုး လေးထောင့်တူးတယ်။ နောက်တစ်မျိုးက လေးထောင့်တူးပြီး တွင်းထဲကနေ တစ်ခါ မိုက်ယသ် အရွယ်အစားလောက် ဘေးဖက်တူးတယ်။ အဲဒီပုံစံကို ဘီရ်ဟောလ်လို့ခေါ်တယ်။ ထို တူးထားတဲ့ ကဗရ်မှာ မိုက်ယာသ်ကို ချရန် ကွယ်လွန်သူရဲ့ အရင်းနှီးဆုံး လူ သုံးယောက် ဆင်းရတယ်။ အမျိုးသမီးဖြစ်ရင် သွေးသားအရင်းချာ မဟ်ရာမ်တွေ ဆင်းရတယ်။ မိုက်ယာသ်ချရာမှာလည်း ခေါင်းကို မြောက်ဖက်ပေးထားရတယ်။ အနောက်ဖက်(ကိဗ္ဗလာ) မျက်နှာလှည့်ပေးရတယ်။ ပြီးတော့ တာဘုသ် ခေါ် ခေါင်းတလား အုပ်ပေးတယ်။ ပြီးရင် ရောက်လာတဲ့လူတွေက တစ်ယောက်တစ်ဆုပ်စီ ဦးစွာ မြေချတယ်။ နောက်ဆုံး စုပေါင်း ဒိုအာ အမျှဝေကာ ဒါဖနာဟ် ကိစ္စပြီးမြောက်စေတယ်။  ဒီလိုနဲ့ အသုဘကိစ္စ ပြီးသွားတယ်။ ကဗရ်အမှတ်အသားအဖြစ် ကျောက်တိုင်တစ်တစ်ခုမှာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ရေးထွင်းပေးတယ်။ 

ဒါပေမဲ့ ကွယ်လွန်သူအတွက် မေတ္တာပို့တဲ့ ကိစ္စတွေ မဆုံးသေးဘူး။ ဒီနေရာမှာ ဖားတီယာဆိုတဲ့ စတုဒီသာ အလှူပွဲက အဓိက ပါဝင်လာတယ်။ လူသေပြီး ၄ ရက်မြောက်နေ့တွင် မိသားစုဝင်တွေက ဖားတီယာ စလုပ်ကြတယ်။ စန္ဒီထမင်းနပ်ထိုးပြီး လှူဒါန်းကြတယ်။ လူသေဆုံးပြီး ရက်လေးဆယ် တိုင်အောင် အလှူဒါနတွေ ရက်ဆက် ပြုလုပ်ကြတယ်။ ဆင်းရဲသားတွေကို ထမင်းကျွေးခြင်း၊ သုံးဆောင်စရာတွေ၊ အဝတ်အထည်တွေ လှူဒါန်းကာ ကုသိုလ်ကောင်းမှု ပြုကြတယ်။ ရက် ၄၀ မြောက်နေ့တွင် ပြန်တစ်ခါ ဖားတီယာ လုပ်ကြတယ်။ ဒီတစ်ခါတော့ ကြီးကြီးကျယ်ကျယ် လုပ်ကြတယ်။ ဖာတီးယာမှာ ဆွေမျိုးတွေ၊ ရွာသူရွာသားတွေလည်း တက်နိုင်သလောက် ထည့်ဝင်ကြတယ်။ ဆန်၊ ဆီ၊ ငရုတ်၊ သကြား၊ အုန်းသီး စသည်ဖြင့်ပေါ့။ ငွေကြေးအဆင်ပြေတဲ့ မိသားစုဆိုရင် ဆင်းရဲသားတွေကို နွားတွေ၊ ဆိတ်တွေ ချက် လူရီဖီရားမုန့်တွေ ကျွေးလှူဒါန်းကာ ကုသိုလ်ယူကြတယ်။ အိမ်တိုင်ရောက် ထမင်းထုပ်တွေ ပို့ကြတယ်။ ၆ လမြောက်နေ့တွင် ပြန်တစ်ခါ ဖာတီယာအလှူပွဲလုပ်ကြတယ်။ လူရိစ္စာန် လို့ခေါ်တဲ့ ရိုဟင်ဂျာ ၈ လမြောက်လ ၁၅ ရက်နေ့တွင် ကွယ်လွန်သူအတွက် လူရီဖီးရာမုန့် နဲ့ အသားဟင်း သို့မဟုတ် ဟာလဝါ ထိုးမုန့်တွေကို ဆင်းရဲသားတွေအား ကျွေးမွေးလှူဒါန်းလေ့ရှိတယ်။ တစ်နှစ်ပြည့်နေ့မှာ တစ်ခါ ဖာတီယာ လုပ်ကြပြန်တယ်။ ကွယ်လွန်သူအားရည်စူး၍ အခါအားလျော်စွာ ကုရ်အာန် ခသမ်ပွဲလည်း ပြုလုပ်ကာ ဟာဖဇ်လောင်းတွေကို ထမင်းကျွေးကြတယ်။ 

နောက်ဓလေ့တစ်ခုက ကွယ်လွန်သူဟာ အမျိုးသားဆိုရင် သူ့အမျိုးသမီးက ရက်လေးဆယ်လောက် အပြင်မထွက်ရဘူး။ သူ့အမျိုးသမီးဟာ အိတ်ဒေါတ် စောင့်ရတယ်။ ဆိုလိုခြင်းမှာ ၄ လနဲ့ ၁၀ ရက်အတွင်း နောက်အိမ်ထောင်မပြုရဘူး။ အမျိုးသမီး ကိုယ်ဝန်ဆောင် အနေအထားမှာဆိုရင် သားဖွားမြင်သည့်အထိ နောက်အိမ်ထောင်မပြုရဘူး။ 

ဒီလိုနဲ့ ဖာတီယားတိုင်းမှာ ရွာသူရွာသားတွေက စုပေါင်းထည့်ဝင်ကြတယ်။ ဖားတီယား အလှူပွဲတွေက အစ္စလာမ်တရားတော်ရဲ့ ဘောင်မဝင်ပေဘူး။ သို့ပေမယ့် ရိုဟင်ဂျာ ဘိုးဘွားစဥ်လာအရ ကွယ်လွန်သူအတွက်ရည်စူးလို့ ကုသိုလ်ဖြစ် ပြုလုပ်ကြတဲ့ အလှူပွဲဖြစ်ပါတယ်။


လူထုဝဏ္ဏ
(၁၀-၉-၂၀၂၃)


Wednesday, September 6, 2023

ခတ္တနာ နှင့် နားထွင်းမင်္ဂလာပွဲ

 

ခတ္တနာ နှင့် နားထွင်းမင်္ဂလာပွဲ


ခတ္တနာနှင့် နားထွင်းမင်္ဂလာကိုတော့ ဘယ်ဒေသ၊ ဘယ်လူမျိုးမဆို အိစ္စလာမ်ဘာသာဝင်တိုင်း ပြုလုပ်ကြသည်။ အိစ္စလာမ်သာသနာ၏ စွန္နတ်တော်တစ်ပါးဖြစ်သည်။ ခန္ဓာကိုယ် ကျန်းမာရေးနှင့် ရောဂါဆိုးများမှ ကာကွယ်ရန် အိစ္စလာမ်မှ ညွှန်ပြသော အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်သည်။ တစ်ချို့ဘာသာခြာများးလည်း ခတ္တနာလုပ်ကြသည်။ ကျန်းမာရေးအတွက် အထောက်အကူပြုသောကြောင့် ဖြစ်သည်။ နားထွင်းပွဲကတော့ လူမျိုးတိုင်းဘာသာတိုင်း ပြုလုပ်ကြသည်။ မိန်းကလေးများ၏ အဆင်တန်ဆာတစ်ခုပင်တည်း။ ဤဆောင်းပါးမှာ တင်ပြသွားမှာကတော့ ရိုဟင်ဂျာ ရိုးရာအစဥ်အလာအရ ခတ္တနာ နှင့် နားထွင်း မင်္ဂလာပွဲ လုပ်ပုံလုပ်နည်းပဲ ဖြစ်ပါသည်။ 

ခတ္တနာ ပြုခြင်းကား ယောက်ျားကလေးလိင်အင်္ဂါအရေပြားပိုကို ဖြတ်တောက်ခြင်းဖြစ်သည်။ ခတ္တနာကို ရိုဟင်ဂျာတို့က "မူဆလ်မာနီ" ဟုခေါ်ကြသည်။ သားယောက်ျားလေး ၅-၇ နှစ်အရွယ်ရောက်လာသောအခါ ခတ္တနာလုပ်ပေးခြင်းဟာ မိဘတို့၏ တာဝန်တစ်ခုဖြစ်သည်။ မိဘတို့က ငွေကြေး ချမ်းသာသည့်အလျောက် ခတ္တနာပွဲကို ခမ်းခမ်းနားနား ပြုလုပ်ပေးကြသည်။ ကပွဲ ရွှင်ပွဲများ ပြုလုပ်ကြသည်။ ထမင်းဖိတ်ကျွေးကြသည်။ 

ခတ္တနာလုပ်မည့်နေ့တွင် သားကို ရေမိုးချိုးပေးကာ အဝတ်အစား ကောင်းကောင်း ဝတ်ဆင်ပေးသည်။ ပန်းကုံးမာလာ ဆင်ပေးသည်။ ရွှေငွေရတနာနှင့် တန်ဆာဆင်ပေးသည်။ ခတ္တနာ ပြုရန် ခတ္တနာဆရာတစ်ယောက်ကို ဖိတ်သည်။ ခတ္တနာဆရာကို "ဟာဇီမ္မား" ဟု ခေါ်သည်။ ဆရာက ခတ္တနာပြုရန် လိုအပ်သည့် ပစ္စည်းများကို မှာသည်။ ကောက်ရိုးပြာ၊ မုန်ညှင်းဆီ၊ တစ်တွာလောက် ပိတ်စသစ်တစ်ခု စသည်တို့ကို လောင်ပန်းနှင့် ထည့်လာသည်။ နောက်လောင်ပန်းတစ်ခုမှာ ဆန်တစ်သိုက်၊ ကြက်ဥ နှစ်လုံး၊ ပရိတ်ပန်း၊ မီးခွက်သစ် တစ်ခု တို့ကို တန်ဆာဆင်ကာ တည်ထားရသည်။ ဇလုံးငယ်တစ်လုံးနှင့် ရေနွေးလည်း တည်ပေးရသည်။ 

အားလံုး အဆင့်အသင်ဖြစ်လျှင် ခတ္တနာဆရာသည် သားကို ဖာထ် ဟုခေါ်သော ခွေးခုံပြားတစ်ခုမှာ ထိုင်စေသည်။ သားကို လူတစ်ယောက်က ကျော့ဘက်ကနေ ကိုင်ထားရသည်။ နောက်တစ်ယောက်က ခြေထောက်နှစ်ဖက်ကို ကိုင်ပေးရသည်။ ခတ္တနာဆရာသည် မိမိနှင့်ပါလာသော သင်တုန်းဓါး(ကူရ်)နှင့် ညှပ်တံကို ရေနွေးဇလုံတွင် စိမ့်ထားသည်။ ပြီးနောက် ကုရ်အာန်မှ စူရာတိုအချို့ရွတ်ဖတ်ကာ ဘစ်မိလ္လာဟ်ဆိုပြီး လိင်တံအရေပြားကို ဖြတ်တောက်ပေးသည်။ အနာပေါ်တွင် ကောက်ရိုးပြာနှင့် မုန်ညှင်းဆီကို ကပ်ပေးကာ ပိတ်စနှင့် လံုလံု   ပတ်ပေးသည်။ ဤသို့ဖြင့် ခတ္တနာလုပ်သည်ကိစ္စပြီးသွားသည်။ ထို့နောက် ပွဲရွှင်ပွဲ စတင်သည်။ ထမင်းဖိတ်ကျွေးကြသည်။ ပွဲတက္လာကြသော ဆွေမျိုးမိသားစုများက လက်ဖွဲ့များယူဆောင်လာကြလေ့ရှိသည်။ 

ခတ္တနာပြုခံရသော ကလေးသည် အဆီပါသော အစာများရှောင်ရသည်။ ကြက်သွန်ရွက်ခြောက် မီးရှို့ကာ မီးခိုခံရသည်။ ၃ရက်မြောက်ေန့တွင် ပတ္တီးစည်းကို ဖြေပေးသည်။ ၇ ရက်နေ့တွင် ရေချိုးရသည်။ 

ဒုတိယ တစ်ခုကတော့ နားထွင်းပွဲဖြစ်ပါသည်။ ယင်းကိုလည်း ခတ္တနာကဲ့သို့ပင် ပျော်ပွဲရွှင်ပွဲနှင့် ခမ်းခမ်းနားနား ပြုလုပ်ကြသည်။ နားထွင်းပွဲကို "ဟာန်ဖုရား" ဟုခေါ်သည်။ သမီးမိန်းကလေးကို နားထွင်းပွဲ ပြုလုပ်ရန် အချိန်တစ်ချိန်သက်မှတ်သည်။ သမီးကို ရေမိုးချိုး အဝတ်အစားကောင်းကောင်း ဝတ်ဆင်ပေးသည်။    ပြီးနောက် ကွမ်းရွက်၊ ကွမ်းသီး၊ ထုံး၊ ဆေးရွက်နှင့် ကွမ်းရိုးတံ တို့ကို ကလပ်တစ်ခုနှင့် လှလှပပ ဆင်ယင်ထားသည်။ နောက်ကလပ်တစ်ခုမှာ အပ်၊ချည်နှင့် မုန်ညှင်းဆီ ကို ထည့်ထားရသည်။ နားထွင်းမှုကို မိသားစုထဲက သက်ကြီးတစ်ဦးက လုပ်လေ့ရှိသည်။ ဦးစွာ နားထွင်းပေးမည့် လူက ကွမ်းတစ်ယာကို မိိိမိပါးစပ်၌ ငုံ့ထားရသည်။ ကွမ်းရိုးတံနှင့် ထုံးယူကာ နားပန်နှစ်ဖက်တွင် အမှတ်အသား ချသည်။ အပ်နှင့် ထိုးဖောက်ပေးသည်။ အပ်ချည်ကို နားရွက်မှာ ချည်ထားသည်။ ဆီသုတ်ပေးသည်။ 

အနာကောင်းသည့်တိုင်အောင် ချည်ကို တဖြေးဖြေးဆွဲကာ ရွေ့ရသည်။ အနာကောင်းလာလျှင် အမေဘက်မှ အဘိုးအဘွားက ရွှေနားတောင်းပေးရသည်။ ဆွေမျိုးများကလည်း သမီးကို လက်ဆောင်များ ပေးကြသည်။ ပျော်ပွဲရွှင်ပွဲများလည်း အုတ်အုတ်သိုက်သိုက် ပြုလုပ်ကြသည်။  အချို့မိသားစုများက ဖာတီယာ အလှူပွဲ ပြုလုပ်ကြသည်။ 

ဤအခါသမယတို့က မိဘတို့အတွက် အလွန်ပျော်ရွှင်ဖွယ် အချိန်ကလေးတွေ ဖြစ်ပါသည်။ ယခင်ခေတ်က ခေတ်မီဆေးဝါးနှင့် နည်းများမရှိခဲ့သောအတွက်ကြောင့် အညာဆေးမြီးတိုများနှင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဆေးပညာတိုးတက်နေသာ ယနေ့ခေတ်မှာဆိုလျှင် ထိုကောက်ရိုးပြာ၊ မုန်ညှင်းဆီ တို့မှာ စိတ်နောက်ဖွယ်ဖြစ်နိုင်သည်။ ယခုချိန်မှာ ခတ္တနာနှင့် နားထွင်းမှုတို့ကို ဆရာဝန်နှင့် စနစ်တကျ ပြုလုပ်လေ့ရှိသည်။  

ဤနည်းဖြင့် ရိုဟင်ဂျာ ရိုးရာအစဥ်အလာအရ ခတ္တနာနှင့် နားထွင်းမင်္ဂလာပွဲကို မှတ်မှတ်ရရ ပြုလုပ်ခဲ့ကြသည်။ 


လူထုဝဏ္ဏ

(၄-၉-၂၀၂၁)


Monday, August 21, 2023

Aillá Sang Gór (Aillá sharí)


Aillár Sang Gór


Obairé...

Dukke chúkke rait fuwái, biina soore hal loi zai

Fukor beil guá fosímót zargoi batór dahá nái


Ailla giyé hál soitó, girós giyé sóñg goittó

Foror fuwa ailla boli hotó duk dito


Girós taito bor gorot, ailla taito sang gorot

Teppér teppér zóror fuçá forer sang gorot


Obairé...

Neke muke bat goijjé, Fól gasot lé fól doijjé

Foror fuwa ailla boli taalash nogore.



ဒီရှေး ရိုဟင်ဂျာတေးကျတော့ တောင်သူလယ်သမားတွေဘဝကို ဖော်ကျူးထားတဲ့ တေးဖြစ်ပါတယ်။ ဒီရုပ်သံမှ စာပိုဒ်အချို့ကိုပဲ ကောက်နုတ်ဖော်ပြထားတာဖြစ်ပါတယ်။ တောင်သူလယ်သမားတွေဘဝ ဘယ်လောက်ထိ ညှိုးငယ်စွာဖြတ်သန်းရသလဲဆိုတာကို ဖွဲ့ဆိုထားပါတယ်။ လယ်ပိုင်ရှင်နဲ့ အလုပ်သမားတွေအကြား ထက်အောက်ခွဲခြားဆက်ဆံရေးကို ထင်ဟပ်စေပါတယ်။ 

ဒီတေးတွင် တေးရှင်က လယ်ခင်းယာခင်းတွင် အလုပ်လုပ်ရတဲ့ လယ်လုပ်သားတွေက ညအချိန်ကို ခက်ခက်ခဲခဲ ကျေ်ာလွားပြီး မနက်စောစော လယ်ကွင်းထဲရောက်ရတာနဲ့ အစပြုပါတယ်။  

Dukké chukké rait fuwai, biina soore biilot zai

Fukor beil guá fosímót zargoi bat órr dahá nái

လယ်လုပ်သားတစ်ယောက်ဟာ ညအချိန်ကို ခက်ခက်ခဲခဲကျော်လွှားပြီး မနက်မိုးလင်းတာနဲ့ လယ်ကွင်းထဲ ဆက်ဆက်ရောက်ရပါတယ်။ 

အရှေ့ဖက်က နေမင်းကြီး အနောက်ဖက်ကို ရောက်နေတယ်။ ဒါပေမဲ့ ထမင်းကျတော့ မမြင်ရသေးဘူး" လို့ ညည်းညူထားပါတယ်။

ဒီစာပိုဒ်မှာ ညအချိန်ကို ဆင်းဆင်းရဲရဲ ဖြတ်ရတယ်ဆိုတာက လယ်လုပ်သားတွေဟာ နေ့အချိန်တွင် အလုပ်ပင်ပန်းတာမို့ ညကျတော့ အဆစ်တွေနာ၊ ဒူးတွေခါးတွေ ညောင်းနာနဲ့ တစ်ကိုယ်လုံး ကိုက်ခဲကာ အိပ်မရဖြစ်နေရတယ်။ တဖက်က မိမိအိမ်ကို စွန့်၍ အလုပ်ရှင်အိမ်မှာ နေရတာမို့ အိမ်ကိုလည်းလွမ်းရတယ်။ မိသားစုတွေကိုလည်းလွမ်းရတယ်။ တခြားကလေးတွေလို ကခုန်ကစားဖို့ အချိန်မရှိဘူးလေ။ ဒါနဲ့ တစ်ညလုံး ဟိုဟိုဒီဒီ စိတ်ရောက်ရင်း ညတာကို ကုန်ဆုံးရတယ်။ ဒါကို rait fuwái အိပ်ရေးပျက်လို့ သုံးနှုန်းထားတယ်။ မနက်မိုးလင်းတာနဲ့ အလုပ်ခွင်ကို သုတ်ခြေတင် ပြေးရောက်ရတယ်။ အဲဒီမှာ တနေ့ကုန် ပင်ပင်ပန်းပန်းအလုပ်လုပ်ရပြီးတော့ ထမင်းစားရတာလည်း ချိန်မမှန်ပါဘူး။ ညစောင်းမှတဲ့။  လယ်ပိုင်ရှင်က အလုပ်သမားတွေဆီက အလုပ်ပဲလိုချင်ကြတာ။ သူတို့ရဲ့ ဝမ်းရေးအကြောင်းကို ဂရုမစိုက်ဘူး။ ထမင်းပို့ချင်တဲ့အချိန် ပို့ပေါ့။ လယ်ခင်းတွင် အလုပ်လုပ်ရတဲ့ လယ်လုပ်သားတွေရဲ့ ဆင်းရဲဒုက္ခတွေကို ပေါ်လွင်အောင် ဖွဲ့ဆိုထားတယ်။ 


ဒုတိယ စာပိုဒ်မှာတော့…

Ailla giyé hal soitó, girós giyé sóñg goittó

Foror fuwa ailla boli hotó duk dito


လယ်အလုပ်သမားဟာ လယ်ထွန်ဖို့ အလုပ်ခွင်ဆင်းနေတဲ့အချိန်မှာ ပိုင်ရှင်က သူတို့ကို စောင့်ကြည့်ဖို့အတွက် ရောက်လာကြတယ်။ မိမိရဲ့ သွေးသားမဟုတ်တဲ့အတွက်ကြောင့် အလုပ်ကို ဖိဖိစီးစီးခိုင်းစေတယ်။ 


ဆိုလိုတာက အလုပ်သမားတွေ လယ်ထဲဆင်းပြီး ထွန်ယက်နေချိန်တွင်  အထက်က ပိုင်ရှင်ရဲ့ ဖိအားကလည်း ထမ်းရွက်နေရတယ်။ မိမိရဲ့ သွေးသား မဟုတ်တာကြောင့် စာနာထောက်ထားမှုဆိုလို့ တစ်စုံတစ်ရာ မထားဘဲ စိတ်လိုရာ ခိုင်းစေတယ်။ အလုပ်သမားတွေ ပင်ပန်းနေသလား၊ ဗိုက်ဆာနေသလား ထောက်ထားမှုမရှိဘူးပေါ့။


တတိယအပိုဒ်မှာတော့…

Girós taito bor górot, ailla taito sang górot

Teppér teppér zóror fuçá forer sang górot


လယ်ပိုင်ရှင်က အိမ်ကြီးကြီးမှာ နေပြီးတော့ အလုပ်သမားတွေကိုကျတော့ တဲအိမ်မှာပဲ နေစေတယ်။ တဲခေါင်းမိုးမှ မိုးယိုလို့ အိပ်ရေးပျက်ရတယ်။  

ဒီစာပိုဒ်က လယ်အလုပ်သမားတွေရဲ့ ဘဝသနားဖွယ်ရာတွေရပါတယ်။ လယ်ပိုင်ရှင်က အမိုးအကာ ကောင်းမွန်ခိုင်မာတဲ့ အိမ်ကြီးကြီးမှာ နေပြီးတော့ လယ်လုပ်သားတွေကိုကျတော့ တဲအိမ်တွေမှာနေစေတယ်။ သူ့အိမ်ရဲ့ ဝရန်တာလောက်မှာတောင် နေခွင့်မပြုဘူး။ ခွဲခြားဆက်ဆံကြတယ်။ လယ်လုပ်သားတွေကို ပေးထားတဲ့တဲအိမ်ကလည်း အမိုးအကာ မလုံခြုံပါဘူး။ မိုးရွာရင် အိမ်ထဲ မိုးယိုကျတယ်။ တစ်နေ့ကုန် လယ်၌ ပင်ပန်းအလုပ်လုပ်နေရတဲ့ လယ်လုပ်သားတွေ ညအခါတောင် ချမ်းသာခွင့်မရဘူး။ ဒုက္ခခံရပြန်တော့တယ်။ 

နောက်ဆုံးအပိုဒ်ကတော့ …


Neke muke bat goijjé, Fól gasot lé fól doijjé

Foror fuwa ailla boli taalash nogore.


လယ်ပိုင်ရှင် မိသားစုမှာ သမီးသမက်လာလည်တဲ့အခါ စားပွဲတွေ ခမ်းခမ်းနားနား လုပ်လေ့ရှိတယ်။ ယာခင်းမှာလည်း သစ်လွင်စ အသီးအနှံတွေ ထွက်လာတယ်။  ဒါပေမဲ့ သူတပါး သားဖြစ်တဲ့ လယ်လုပ်သားကို အဲဒီ စားပွဲရွှင်ပွဲတွေမှာ သတိမရကြဘူး။ 


ဒီစာပိုဒ်မှာ ဆင်းရဲလယ်လုပ်သား ရင်ဖွင့်ထားတာက သူတို့ရဲ့ လုပ်အားမှ ဖြစ်ထွန်းလာတဲ့ အသီးအနှံ့တွေကို သစ်လွင်စ သုံးဆောင်ဖျော်ဖြေချိန်တွင် သူတို့ကို သတိမရကြဘူး။ လယ်ပိုင်ရှင်မိသားစုပဲ ဖျော်ဖြေကြတာတယ်။ လယ်ယာမှ အသီးအနံ့စထွက်လာတဲ့အခါ လယ်သမားမိသားစုတွေ ပျော်ပွဲရွှင်ပွဲ၊ မုန့်၊ ထမင်းဖိတ်ကျွေး ပြုလုပ်တဲ့ ဓလေ့ရှိတယ်။ အဲဒီ ပျော်ပွဲရွှင်ပွဲတွေမှာ လယ်လုပ်သားတွေ ပါဝင်ခွင့်မရှိဘူး။ ဆင်းရဲသား လယ်လုပ်သားတွေဟာ သစ္စာရှိရှိ မိမိတာဝန်ကို ကျေပွန်ကြပေမဲ့ လယ်ရှင်သူဌေးတွေကသာ ချမ်းသာခွင့်ကို ပိုင်ဆိုင်ထားတယ်လို့ တညည်းတညူဖွင့်ဆိုထားတာ ဖြစ်ပါတယ်။


ဤအိုက်လ္လာရ် ဆင်ဂေါ်ရ် တေးကဗျာတွင် ဆင်းရဲသား လယ်လုပ်သားတို့ရဲ့ သနားဖွယ်ကောင်းသောဘဝနဲ့ ရိုးရှင်းတဲ့ စိတ်ဓာတ်အပြင် အာရကန်ပြည်ရဲ့ ရိုးရာဓလေ့ကို ကြည်လင်ပြတ်သားစွာ တွေ့မြင်ရပါတယ်။



_လူထုဝဏ္ဏ

(၂၀-၈-၂၀၂၃)





Sunday, June 25, 2023

ရှေးစကားရွှေအလား (၉)

 


ရှေးစကားရွှေအလား (၉)


Fañs khora ye Morot, fañs khora ye Miyala

Háñzi finí beçi, thonthon mónthon beça.


ဤ တိုတောင်းသည့် ရှေးဆိုရိုးလင်္ကာသည် အလွန်တန်ဖိုးရှိသော ရိုဟင်ဂျာတို့၏ အစဉ်အလာ ရိုးရာဝတ်စားဆင်ယင်ပုံနှင့် အမျိုးသား၊ အမျိုးသမီးတို့၏ ဂုဏ်ကိုဖော်ကြူးထားခြင်းဖြစ်သည်။ လင်္ကာတိုက်ရိုက်အဓိပ္ပာယ်ကား

" အဝတ်အင်္ဂါ (၅) ခုနှင့် အမျိုးသား၊ အဝတ်အင်္ဂါ (၅) ခုနှင့် အမျိုးသမီး၊ လှပဆင်ယင် အမျိုးသမီး ကျက်သရေဆောင်၊ ထွားထွားကျိုင်းကျိုင်း အရပ်အမောင်းကောင်း ယောက်ျားမြတ်သည်ပင်" ဟူ၍ ဖြစ်သည်။

ဝတ်စားဆင်ယင်ပုံနှင့် ပတ်သတ်၍ ရိုဟင်ဂျာတို့က Fañs khora ဟု သုံးကြသည်။ အဝတ်အစား အင်္ဂါရပ် ငါးခု ဆိုလိုခြင်းဖြစ်သည်။ အမျိုးသားရော အမျိုးသမီးပါ အဝတ်အစားမှာ အင်္ဂါရပ် ငါးခုစီ ရှိသည်။ ရှေးရိုးစဉ်လာ ရိုဟင်ဂျာရိုးရာအဝတ်အစားဆိုလျှင် ဤအင်္ဂါရပ် ၅ ခုနှင့် ပြည့်စုံရမည်။ 

အမျိုးသားများ၏ အဝတ်အစား အင်္ဂါရပ်ငါးခုမှာ 

၁) အင်္ကျင်္ီ (ဘာဇူ)၊ 

၂) ပုဆိုး (ဟိုင်းလော့)၊ 

၃) ဦးထုပ် (တိက္ကာ)၊ 

၄) ခေါင်းပေါင်း  (ဖော်ရီ)၊ 

၅) အပြင်ခံအင်္ကျီ (ဆော့ဒေါရီယား) တို့ဖြစ်ကြသည်။ 

အမျိုးသမီးများ၏ အဝတ်အစား အင်္ဂါရပ် ငါးခုမှာ 

၁) အင်္ကျီ(ဆူလိ)၊ 

၂) ထဘီ (ထားမီ)၊ 

၃) ရင်ဖုံးချာ (ဘုခ်ဘောန်)၊ 

၄) ခေါင်းခြုံပုဝါ (နုမ္မာလ်)၊ 

၅) တဘက် (ဆာဒ္ဒေါရ်)တို့ဖြစ်ကြသည်။ 

ယနေ့ခေတ်တွင် ဆာဒ္ဒေါရ် အစား ဘိုရ်ခါ ဝတ်ဆင်ကြသည်။ ဘုခ်ဘောန် အသုံးက ပျောက်ကွယ်သွားသည်။ ခေတ်အလျောက် အပြောင်းအလဲများ ရှိနေသော်လည်း Fañs Khora စကားအသုံးက ရှိနေဆဲဖြစ်သည်။ ရိုဟင်ဂျာမင်္ဂလာဆောင်ပွဲများမှာ သတို့သားမိဘက သတိုးသမီးကိုလည်းကောင်း၊ သတို့သမီးမိဘက သတို့သမီးကိုလည်းကောင်း အပြန်အလှန် Fañs khora ပေးရလေ့ရှိသည်။ 

ထိုကဲ့သို့ အဝတ်အစား ပြည့်ပြည့်စုံစုံ ဝတ်ဆင်ကာ အလှအပအဆောင်အယောင်ကြောင့် ကျက်သရေရှိသော မိန်းမ(ကတော်) ဖြစ်လာကြောင်း၊ အမျိုးသားများသည် အဝတ်အစား ပြည့်စုံရသည့်အပြင် အရပ်အမောင်း ထွားထွားကျိုင်းကျိုင်းဖြင့် ယောက်ျားကောင်း ဖြစ်လာကြောင်း ရှေးရိုဟင်ဂျာတို့၏ သဘောထားအမြင်ကို လင်္ကာတစ်ပိုဒ်ဖြင့် သီကုံးထားခြင်းဖြစ်သည်။ 

ရှေးရိုးစဉ်လာ ရိုဟင်ဂျာ အမွေအနှစ်များကို ရှာဖွေဖော်ထုတ်၍ ရိုဟင်ဂျာ စာပေယဉ်ကျေးမှုအနုပညာတို့ကို ထိန်းသိမ်းကြပါစို့။ (ရိုဟင်ဂျာရိုးရာဝတ်စားဆင်ပုံကို အောက်ပါဆောင်းပါးတွင် အသေးစိတ် ဖတ်ရှူလေ့လာနိုင်ပါသည်)

- ရိုဟင်လေ

(၂၆ - ၆ - ၂၀၂၃)

Click Here to Read ရိုဟင်ဂျာဝတ်စားဆင်ယင်ပုံ


Thursday, December 15, 2022

ရှေးစကားရွှေအလား (၈)

 


ရှေးစကားရွှေအလား (၈)


"Andañg, Kalung, Baassóra, 
guli mairle tóttorá."


ဒီလင်္ကာဟာ လွတ်လပ်ပြီးခေတ်တွင် ပေါ်ပေါက်ခဲ့တဲ့ တေးတစ်ပုဒ်ရဲ့ အပိုင်းအစတစ်ခုဖြစ်ပါတယ်။ ဗမာပြည် လွတ်လပ်ရေးရသွားပြီးနောက် ရိုဟင်ဂျာတွေဟာ မိမိတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးကို မျှမျှတတ မရရှိခဲ့တဲ့အတွက် လက်နက်စွဲကိုင်တော်လှန်ခြင်း လမ်းစဉ်ကို စတင်လိုက်လေတယ်။ ဒီနေရာမှာ ကုလားတွေ လက်နက်စွဲကိုင် တော်လှန်တယ်လို့ ကြားရုံနဲ့ ဟာ… ဒီကောင်တွေဟာ အကြမ်းဖက်သမားပဲ၊ တိုင်းရင်းသားတွေကို သောင်းကျန်းနေခဲ့တာပဲလို့ တချို့မျက်စိတစ်ဖက်ကန်းတွေက ပြေးမြင်ကြတယ်။ တကယ်တော့ ဘယ်လူမျိုး၊ ဘယ် ဘာသာပင်ဖြစ်စေ မိမိတို့အမှန်တကယ် ရသင့်တဲ့အခွင့်အရေးတွေကို နှုတ်နဲ့စာနဲ့ လွယ်လွယ်လေးတောင်းဆိုလို့ မရရှိခဲ့ရင် ရရာဖက်ကနေ တော်လှန်တာက မွန်မြတ်တဲ့အာဇာနည်သူရဲကောင်း လုပ်ရပ်ဖြစ်တယ်။ မဖြစ်မနေလုပ်ရမယ့် နိုင်ငံသားတစ်ဦးချင်းစီရဲ့ တာဝန်တစ်ခုလည်းဖြစ်တယ်။ ဒါကို ဘုမသိဘမသိဘဲ မုတ်ဆိတ် မြင်လိုက်ရုံနဲ့ နာလန်ပိန်းတွေလို အကြမ်းဖက်သမား၊ နယ်ချဲ့သမားလို့ သမုတ်ခြင်းက ကိုယ်ချင်းစာတရားမရှိတဲ့၊ အဓမ္မတရားကို ကိုးကွယ်တတ်တဲ့ မျက်စိတစ်ဖက်ကန်းတွေရဲ့ ဖွင့်ဆိုချက်ပါပဲ။ 

ကဲ… ရိုဟင်ဂျာတွေ တန်းတူအခွင့်အရေးအတွက် ဒီလို လက်နက်စွဲကိုင် တော်လှန်လာတဲ့ကာလတလျှောက် ခေါင်းဆောင်အမျိုးမျိုး ပေါ်ပေါက်ခဲ့တယ်။ အဲဒီထဲက ဗိုလ်ကာဆိမ့်ဆိုတဲ့ ခေါင်းဆောင်တစ်ဦးက အတော့်ကို ထင်ရှားခဲ့တယ်။ အင်အားတွေလဲ တော်တော် တောင့်တင်းရှိခဲ့တယ်။ တစ်ဖက်က ကြမ်းကြုတ်တဲ့ နာမည်ဆိုးနဲ့လည်း လူသိများကြတယ်။ သူ့ခေတ်မှာ မယုဒေသကို ယခင် တော်လှန်ရေးသမားတွေထက် တိုးချဲ့ထိန်းချုပ်နိုင်ခဲ့ပြီး ၈ နှစ်တိုင်တိုင် ဩဇာလွှမ်းမိုးနိုင်ခဲ့တယ်လို့ ဆိုကြတယ်။ ဗမာခြေကျင်တပ်နဲ့ ရေတပ်တို့ရဲ့ အကြိမ်ကြိမ် ထိုးစစ်ဆင်မှုကြောင့် နောက်ဆုံးတွင် အင်အားပျက်ပျော့လာကာ တစ်ဖက်နိုင်ငံသို့ ခိုလှုံခဲ့လေတယ်။ 

ဒီလင်္ကာကား အဲဒီ ကာဆိမ့်ခေတ်က ဆိုရိုးဖြစ်တယ်။ ဒီဟာက ဗိုလ်ကာဆိမ့်ရဲ့ ဩဇာအာဏာနဲ့ ရဲရင့်မှုကို ဖော်ပြတဲ့ အဖွဲ့လည်းဖစ်တယ်။ ဒီမှာ Añgdañg, Kalung, Baassóra တွေဟာ ကျေးရွာနာမည်တွေဖြစ်တယ်။ ဗိုလ်ကာဆိမ့် လှုပ်ရှားခဲ့တဲ့ ဧရိယာတွေပေါ့။ guli ကျတော့ သေနတ်၊ mairle က ပစ်ရင်၊ tóttora ကတော့ တုန်ခါသွားတတ်တယ်။ ဆိုလိုတာက ဗိုလ်ကာဆိမ့် သေနတ်ပစ်ရင် အင်းဒင်၊ ကလုန်း၊ ဘာစ္စာရာ ထိ လှုပ်ခါတတ်တယ်။ 

တချို့က ဆိုကြတယ်။ ဗိုလ်ကာဆိမ့်ရဲ့ သေနတ်ပစ်သံမှာ ကာဆိမ့်…ကာဆိမ့်… လို့ အသံပါလာတတ်တယ်။ ဒီစကားတွေဟာ ဒေသခံတွေက ဗိုလ်ကာဆိမ့် ကို ကြောက်ရွံ့လို့ ပြောဆိုခဲ့တဲ့ စကားတွေဖြစ်တယ်။ ကာဆိမ့်ရဲ့ ကြမ်းကြုတ်မှုကြောင့် ဒေသခံတွေရဲ့ စိတ်ထဲ အကြောက်တရား ဖြစ်လာခဲ့တယ်လို့ ခန့်မှန်းနိုင်တယ်။ တဖက်က သူရဲ့ ရဲရင့်မှုကို ဖော်ကျူးတဲ့ ဆိုရိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

အများအကျိုးအတွက် လက်နက်ကိုင် တော်လှန်တယ် ဆိုတာနဲ့ အမျိုးမျိုးအပြားပြား အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရတတ်တယ်။ ဒီမှာ အောင်မြင်တဲ့အရွေ့နဲ့ ရှေ့ဆက်နိုင်ခြင်းက တော်လှန်ရေးအောင်ပွဲရဲ့ နိမ်ိတ်ဖြစ်တယ်။ အာဏာအားကိုး အတ္တဆန်ခေါင်းမာတဲ့ ဆုံးဖြတ်ချက်တွေက တော်လှန်ရေးကို နေဝင်မီးငြိမ်းစေတယ်။ အဲလို အကျပ်အတည်းတွေကို ပညာသားပါပါ၊ စည်းစနစ်ကျကျ ကျော်လွှားနိုင်တဲ့ နည်းဗျူဟာဆိုတာ ခေါင်းဆောင်ပိုင်းတွေမှာ မဖြစ်မနေ ရှိသင့်တယ်။ အကျိုးဆောင် လက်တွေ့ကျတဲ့ဗျူဟာနဲ့ မကျော်လွှားတတ်ဘူးဆိုရင် ကိုယ့်အမျိုးကို ကယ်တင်ဖို့ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းဟာ ကိုယ့်အမျိုးအပေါ် ပြန်အန္တရာယ်ဖြစ်သွားတတ်တယ်။ ဗိုလ်ကာဆိမ့်အဖွဲ့ကလည်း ဘဏ္ဍရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲ့ဒီ အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ သူက နည်းလမ်းကောင်းတွေ မချမှတ်ဘဲ ဒေသခံတွေဖက် ဦးလှည့်ခဲ့တယ်။ ဒေသခံတွေထံမှ ဆက်ကြေးတွေ ရိက္ခာတွေ မရရအောင် ကောက်ခံတယ်။ ငြင်းတဲ့သူ၊ ဆန့်ကျင်တဲ့သူတွေကို ပြစ်ဒဏ်အမျိုးမျိုး ခတ်တယ်။ ဒါနဲ့ တဖြေးဖြေး ညှည်းပမ်းမှုလည်း များလာတော့ ဒေသခံတွေရဲ့ ထောက်ခံမှုလည်း လျော့နည်းသွားတယ်။ နောက်ဆုံး ဒေသခံတွေနဲ့ အာဏာပိုင်တွေ ပူးပေါင်းပြီးတော့ မောင်းထုတ်လိုက်ခြင်းခံရလေတယ်။

သူဆုံးသွားတာ နှစ်ပေါင်းများစွာ ကြာပေမယ့် သူ့ရဲ့ လုပ်သွားတဲ့ခြေရာတွေဟာ ရိုဟင်ဂျာတော်လှန်ရေးသမိုင်းစာမျက်နှာမည်းအဖြစ် ယနေ့ထက်ထိ ကျန်ရစ်နေဆဲ။ "လူသေသော်လည်း နာမည်မသေ။" ပြောမှတ်စကားရှိပေမဲ့ နာမည်ကောင်းနဲ့ ဂုဏ်ယူစရာဖြစ်ချင်သလား ဒါမှမဟုတ် နာမည်ဆိုးနဲ့ နှာခေါင်းရွံ့စရာ ဖြစ်ချင်သလား။ ဒီစိတ်ဓာတ်က အခရာပါပဲ။ 


(ရိုဟင်လေး)

စက်တင်ဘာ ၂၂၊ ၂၀၂၀။


#Burá_burír_hotá

Sunday, October 30, 2022

အာရကန်ပြည်ရဲ့ မတူကွဲပြားမှုကြားက သဟဇာတ အစဉ်အလာ

 


အာရကန်ပြည်ရဲ့ မတူကွဲပြားမှုကြားက သဟဇာတ အစဉ်အလာ 

———————————————————-

ရခိုင်ပြည်ရဲ့အလှ မတူကွဲပြားတဲ့လူမျိုးတွေရဲ့ ကြည်နူးဖွယ်ကောင်းတဲ့ သဟဇာတ ညီညွတ်မှုအလှကို ဆရာဦးကျော်မောင်ရဲ့ အမှတ်တရကနေ  ခံစားကြည့်ရအောင် ....

ဆရာဦးကျော်မောင်ဟာ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မြောင်းဘွေမှာ ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်နေတုန်း ၁၉၈၄ ခုလောက်က ကိုယ်တွေ့မြင်ဖူးခဲ့တဲ့ ရခိုင်ပြည်သူအချင်းချင်း စည်းလုံးညီညွှတ်မှုမြင်ကွင်း အခိုက်အတန့်လေးတစ်ခုကို မှတ်မှတ်ရရ စိတ်ဝင်စားဖွယ် ရင်ဖွင့်ထားပါတယ်။ ထိုမြင်ကွင်းက ပြားချောင်းဆရာတော် ဘုန်းကြီးပျံပွဲဖြစ်ပါတယ်။ 

ထိုဘုန်းကြီးပျံပွဲမှာ တက်ရောက်လာကြတဲ့ ပရိသတ်တွေဟာ ဗုဒ္ဓဘာသာဝင်သာ မဟုတ်ပါဘူး။ ဌာနေ အိစ္စလာမ်ဘာသာဝင်တွေကိုလည်း အတူတကွ ပူးပေါင်းပါဝင်နေကြောင်း တွေ့ရှိခဲ့တယ်။ ဘုန်းကြီးပျံပွဲ ကျင်းပတဲ့ကော်မတီစာရင်းမှာလည်း မွတ်စလင်နာမည်တွေ တန်းစီလို့ရှိနေတာကို တွေ့ခဲ့တယ်။

ဘုန်းကြီးပျံပွဲတော်မှာ ပျော်ပွဲအဖြစ်ကျင်းပခဲ့တဲ့ ကျင်ပွဲမှာလည်း ရခိုင်ကျင်ပွဲနဲ့ မွတ်စလင်ကျင်ပွဲ ဟူ၍ နှစ်မျိုးကျင်းပကြောင်း ဖော်ပြထားပါတယ်။ 

အလှူစာရင်းတွေမှာလည်း မွတ်စလင်တွေ အများအပြား ပါဝင်နေကြောင်း ရင်ဖွင့်ထားတယ်။

ဆရာက အကြောင်းစုံကို ပွဲတော်ကျင်းပရေးကော်မတီဝင် တစ်ဦးဆီမှ မေးမြန်းစုံစမ်းတဲ့အခါ ထိုနယ်တဝိုက်တွင် ယခင်က စာသင်ကျောင်းများ မရှိခဲ့ကြောင်း၊ ပြားချောင်ဆရာတော်က ရခိုင်ရွာနဲ့ မွတ်စလင်ရွာတွေမှ ကလေးတွေကို စာသင်ပြခဲ့ကြောင်း၊ ယခု အနီးအနားရွာရှိ ရပ်လူကြီးတွေမှာ ဆရာတော်ရဲ့ တပည့်တွေဖြစ်ကြောင်း၊ ပြာချောင်းဆရာတော်ရဲ့ စေတနာနဲ့ မေတ္တာတရားတွေကို သိရှိခွင့်ရခဲ့တယ်။ 

ဒါ့အပြင် အိမ်နီးနားချင်း ရွာရှိ အလှူပွဲ၊ ရှင်ပြုပွဲ၊ သမက်တက်ပွဲတွေမှာလည်း မွတ်ဆလင်နဲ့ ရခိုင်လူမျိုး အပြန်အလှန် တက်ရာက်အားပေးကြတဲ့ ဓလေ့ ရှိနေဆဲဖြစ်တယ်။ အလှူများလည်း သက်ရှိသက်မဲ့ ပစ္စည်းတွေနဲ့ ရက်ရက်ရောရော ထည့်ဝင်ကြကြောင်း၊ ရခိုင်-မွတ်စလင် စည်းလုံး ညီညွှတ်မှု၊ သင့်သင့်မြတ်မြတ်နေထိုင်မှုကို ဆရာက ကိုယ်တွေ့ မြင်ဖူးခဲ့ကြောင်း ဖော်ပြထားတယ်။

ရခိုင်ပြည်သူတွေဟာ ဘာသာရေး၊ လူမျိုးရေး မခွဲခြားဘဲ အချင်းချင်း ညီညီညွတ်ညွတ် နေထိုင်လာခဲ့တဲ့ အစဉ်အလာတစ်ခုကို ဆရာဦးကျော်မောင်ရဲ့ ကိုယ်တွေ့မှ ကြည်နူးဖွယ်ကောင်းအောင် တွေ့ရှိရပါတယ်။ 

ဆရာဦးကျော်မောင်ရဲ့ ရခိုင်စကားနဲ့ ဖော်ပြထားတဲ့ ကိုယ်တွေ့ ဖော်ပြချက်တွေမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ 

 " တပ်တော်က သဟဇာတဖြစ်တေ လူ့အဖွဲ့အစည်းဖြစ်ချင်ရေ။ မှတ်မိရေ အတွေ့အကြုံချေ တခုတင်ပြပါမေ။

မြောက်ဦးမြို့နယ်မြောင်းဘွေမှာ စာပြခခါ ၁၉၈၄ ခု လောက်က မင်းပြားပြားချောင်းဆရာတော်ကြီး ဘုန်းကြီးပျံပွဲကိုလားခီပါရေ။ ဘုန်းကြီးပျံပွဲမှာ ဆရာတော်ရုပ်ကလပ်ထားရေ မဏ္ဍပ်ကို ရောက်တေခါ မဏ္ဍပ်ထဲမှာ မူဆလင်ယောက်ျား၊ မမာ့တစ်စုကိုလည်း ထိုင်လို့တွိလို့ ထူးထူးဆန်းဆန်းဖြစ်နိန်ပါရေ။ ဘုန်းကြီးပျံပွဲစွာ ဗုဒ္ဓဘာသာပွဲလို့သိထားလို့ပါ။ 

တည်းခိုရေမဏ္ဍပ်ရောက်လို့ ပွဲတော်ကျင်းပရေးကော်မတီစာရင်း ဖတ်ရခါ ကော်မတီစာရင်းမှာ မူဆလင်နာမည်ထိပါနိန်ပါရေ။

ပွဲတော်မှာ ကျင်ပွဲလေ့ ပါပါရေ။ ကျင်ပွဲလေ့ ရခိုင်ကျင်၊ ကဠားကျင်၂ မျိုး ပါပါရေ။ ပွဲတော်နောက်ဆုံးနိန်မှာ ပိုလို့ထူဆန်းနိန်ပါရေ။

ဒုံးတိုက်ဖို့ ဒုံးသီးအလှုသျှင်စာရင်းကြော်ငြာခါ မူဆလင်နာမည်ထိတန်းသီ ဗြတ်ပါပါရေ။

မြောင်းဘွေက ပွဲတော်ကျင်းပရေးကော်မတီဝင်အခင်ကြီးကို မိန်းကြည့်ခါ ပျောက်ကျားခေတ်က ယင်းနယ်မှာ အစိုးရ ကျောင်းမဟိခါ-

ဆရာတော်က ကျောင်းထောင်ပီးပါရေ။ အနားမှာဟိရေ ရခိုင်ရွာ၊ မူဆလင်ရွာတိက အချေတိကို စာသင်ပီးပါရေ။ မူဆလင်ရွာတိက လူကြီးတိရေ ယင်းကျောင်းထွက်ထိဖြစ်လို့ သူရို့ဆရာကြီး ပြားချောင်ဆရာတော်ကြီး ဈာပနမှာ ပါဝင်ကတ်စွာပါလတ်။

ယင်းအချိန်က မူဆလင်ရွာတိမှာ အလှူ၊ သမက်တက်ဟိကေ ရခိုင်ရွာတိက လားကတ် တေ။ အချို့ခင်မင်လူတိ နွားတိ လက်ဖွဲ့ရေ။

ရခိုင်ရွာမှာ သမက်တက်၊ သျှင်ပြုကိုလေ့ မူဆလင်ရွာက လာရေ။သျှင်ပြုကိုလေ့ ဘာသာရေးအနေနန့်မဟုတ်ဘဲ အလှုပွဲအနေနန့် လာပြီးကေ အလှုတိ ထည့်ဝင်ကတ်တေ။

ယင်းပိုင် သဟဇာတဖြစ်ခရေ အခ်ျိန်လေ့ ဟိဖူးခရေလို့ သိရရေ။"

— ဆရာဦးကျော်မောင်၏ ဖေစ်ဘုခ်ပို့စ်ကို ကိုးကား ဖော်ပြထားသည်။ 

အထက်ဖော်ပြထားသလို လူမျိုးကွဲ၊ ဘာသာကွဲ အချင်းချင်း သဟဇာတတွေ အမြဲနေခဲ့တာပဲ။ ဘယ်လိုပင် ကြီးမားတဲ့ပြဿနာတွေ ဖြစ်စေကာမူ အချိန်တစ်ချိန်ကျရင် ပြန်လည်သင့်မြတ်ကြတာပါပဲ။

ရခိုင်ပြည်တွင် ရှေးခေတ်အဆက်ဆက်ကပင် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ တစ်မြေနေ၊ တစ်ရေသောက် အတူတကွ နေထိုင်လာကြတာကို အငြင်းပွားစရာမလိုပါဘူး။ အငြင်းပွားသူက အရူးထလုပ်ချင်သူသာဖြစ်ပေလိမ့်မယ်။ ထိုသို့ အတူတကွ နေထိုင်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ ကြားခံနယ်က သဟဇာတ ဖြစ်ပါတယ်။ ဆိုလိုချင်တာက ဘာသာကွဲအချင်းချင်း စည်းလုံးညီညွတ်မှု ရှိခဲ့လို့သာ ထိုသို့ သင့်သင့်မြတ်မြတ်နေထိုင်လာနိုင်ခြင်းဖြစ်ပါတယ်။ အထက်ပါကိုးကားချက်က နမူနာတစ်ခုလောက်သာ တင်ပြပေးတာဖြစ်ပါတယ်။ 

 ဒီလို ဘာသာကွဲလူမျိုးကွဲ အကြား ညီညွှတ်မှုကို မရှုဆိတ်နိုင်သူ မျိုးချစ်အမည်ခံ လူယုတ်မိစ္ဆာအချို့ ခေတ်ကာလအလျောက် ပေါ်ပေါက်လာကာ တည်ငြိမ်အေးချမ်းနေတဲ့ ကျနော်တို့ ရခိုင်ပြည်အလှတရားကို ရိုက်ချိုးဖျက်ဆီးနေခြင်းဖြစ်ပါတယ်။ ထိုလူယုတ် ငရဲသားကောင်တွေရဲ့ မှိုင်းတိုက်မှု ပယောဂကြောင့် ပြည်သူ အချင်းချင်း ပဋ္ဋိပက္ခတွေ ကာလရှည်ရင်ဆိုင်လာရကာ သွေးချောင်းစီးနေရခြင်းပင်ဖြစ်ပါတယ်။ 

ကျနော်တို့ဟာ အဖျက်သမား ဂျင်းကောင်တွေရဲ့ ကျော့ကွင်းကို သတိဆင်ခြင်တုံးတရားရှိရှိ ရှောင်ကြဉ်လို့ လူလူချင်း အတူတူ သဘောထားကာ စည်းလုံးမှု ရေသောက်မြစ်ကို ပြန်လည်နှစ်မာခိုင်မြဲအောင် လက်တွဲဆောင်ရွက်ကြပါစို့။ 


လူထုဝဏ္ဏ

(13-9-2022)



Tuesday, October 4, 2022

၁၂။ လာရုဒေါလာမုန့် (Laçuddola)

 


၁၂။ လာရုဒေါလာမုန့် (Laçuddola)


✏✏✏✏✏✏✏✏
ရေးသား           📝 ရိုဟင်လေး|
အမျိုးအစား 🎍 ရိုဟင်ဂျာ ရိုးရာအစားအစာ [Rohingya Traditional Foods]|


"Noiya dhulár roñg noiya, háñlá háñlí gór furaiyá|
Noróinná háñlír keñlot fuwa, fuwar hátot diyé Laçuddola|
Dhulár fatót durúskurá, berár chértú háñcer háhá."

(-Osin Cayer)

ဒီလင်္ကာပိုဒ်ကို အာရ်ကန်ပြည်ရှိ ရိုဟင်ဂျာတိုင်း ကြားဖူးမယ်လို့ ယူဆပါတယ်။ မင်္ဂလာပွဲနဲ့ ပတ်သက်တဲ့ ရှေးလင်္ကာတစ်ပိုဒ် ဖြစ်တယ်။ ကလေးတွေ ကစားတဲ့အချိန်တွင် ရွတ်ဆိုဆော့ကြလေ့ရှိတယ်။ ဒီလင်္ကာမှာ  ကလေးလက်မှာ လာရုဒေါလာမုန့် ပေးထားတယ်လို့ စပ်ဆိုထားတယ်။ ဒါကို လေ့လာကြည့်လျှင် လာရုေဒါလာမုန့်ဟာ ရှေးခေတ်ကတည်းကပင် ထင်ရှားတာခန့်မှန်းနိုင်တယ်။ ဒီဆောင်းပါးမှာ အဲဒီလာရုဒေါလာမုန့်အကြောင်းကို ဖော်ပြသွားမှာ ဖြစ်တယ်။ 

"လာရုဒေါလာ" (Laruddola) မုန့်ဟာ ထင်ရှားတဲ့ ရိုဟင်ဂျာရိုးရာမုန့်ထဲမှ တစ်မျိုးဖြစ်တယ်။ ရာသီမရွေး သုံးဆောင်နိုင်တဲ့ မုန့်တစ်မျိုးလဲဖြစ်တယ်။ အများအားဖြင့် ရက်ကြီးခါကြီး ပွဲရက်သဘင်တွင် ပြုလုပ်ကျွေးမွေးဧည့်ခံကြတယ်။ အထူးသဖြင့် ဆောင်းရာသီတွင် ပြုလုပ်စားသုံးကြလေ့ရှိတယ်။ လာရုဒေါလာ ရဲ့ အဓိပ္ပါယ်မှာ "လုံးဝန်းတဲ့မုန့်" ဖြစ်တယ်။ လာရု ဟာ ဟင်န္ဒီဘာသာစကား Laddu မှ ဆင်းသက်လာပြီး အလုံးငယ်လို့ အဓိပ္ပါယ်ရတယ်။ ဒေါလာကတော့ ရိုဟင်ဂျာစကား အလုံး၊ အခဲ ဟု အဓိပ္ပါယ်ရသည်။ နာမ်နှစ်ခုကို ပေါင်းစပ်ထားသော ပေါင်းစပ်နာမ် ဖြစ်တယ်။

လာရုဒေါလာမုန့် ဟာ ချိုမြိန်တဲ့မုန့် တစ်မျိုးဖြစ်တယ်။ လာရုဒေါလာမုန့်ကို ပေါက်ပေါက်နှင့်သော်လည်းကောင်း၊ မုန့်ဆမ်းဖက်နှင့်သော်လည်းကောင်း ပြုလုပ်ခဲ့ကြတယ်။ ပြုလုပ်ပုံပြုလုပ်နည်းက အလွန်လွယ်ကူလှတယ်။ အိမ်တွင် ပစ္စည်းတွေအသင့်ရှိရုံနဲ့ မည်သူမဆို လွယ်လွယ်ကူကူ ပြုလုပ်နိုင်တယ်။ ပြုလုပ်ရာတွင် လိုအပ်သော ပစ္စည်းများမှာ ဒေသထွက်ပစ္စည်းများသာ အဓိကသုံးကြတယ်။ 

ပါဝင်ပစ္စည်းများ

၁) လူး (ဂျူဝါရီ)
၂) မုန့်ဆမ်း (ဆုန်ရာ) 
၃) ဆန် (ဟော့ရောအိ)
၄) နှမ်း (ဂေါ့ချာ)
၅) ထန်းလျက်/ သကြား (ထန်းညာမီရာ)
၆) ဆား (နူံ)
၇) အုန်းသီး (နာဂျောလ်)
၈) ဆီ/ထောပတ် (တေလ်)
၉) မြေပဲ (ဘာဒါမ်)

တို့ ပါဝင်ကြတယ်။


ပြုလုပ်ပုံပြုလုပ်နည်း

လာရုဒေါလာမုန့်ကို ပါဝင်ပစ္စည်း အမျိုးမျိုးဖြင့် ပြုလုပ်လေ့ရှိကြသည်။ ဤနေရာတွင် အခြေခံပြုလုပ်ပုံတစ်မျိုးကို မိတ်ဆက်ပေးသွားမှာဖြစ်တယ်။

လာရုဒေါလာမုန့် ပြုလုပ်တော့မယ်ဆိုလျှင် ဦးစွာအထက်ဖော်ပြပါ ပါဝင်ပစ္စည်းများကို စုဆောင်းရတယ်။ ပထမဆုံး လူးဆံကို ဖောက်ပြီးတော့ ပေါက်ပေါက် ခေါ် ဟိုအိ လုပ်ယူရတယ်။ ပြီးတော့ မြေပဲ၊ ဆန်၊ နှမ်း၊ အုန်းသီးခြစ်တွေကို ညိုရောင်သန်းလာတဲ့အထိ လှော်ရတယ်။ အဲဒါတွေကို ကြေမွသွားအောင် ထောင်းပေးရတယ်။ လုံးဝ အမှုန့်ဖြစ်သွားအောင်တော့မဟုတ်ဘူး၊ အဆံအစိတ် ဖြစ်အောင်ပေါ့။ ပြီးရင် ဆီနဲ့ ထန်းလျက်ကို အရည်ပျော်အောင် ကျိုရတယ်။ ပြီးတော့ မုန့်ဆမ်းကို သေချာဆေးကြောပြီးတော့ ရေညစ်ဆယ်ယူရတယ်။ အားလုံး အဆင်သင့် ဖြစ်ပြီးဆိုရင် နောက်တစ်ဆင့် ဆက်ရတယ်။ 

သတိထားရမှာက အုန်းသီးကို အဆံသေးသေးလေး ရအောင် ခြစ်ပေးရတယ်။ မြေပဲနှင့် ဆန်ကိုလည်း အစိတ်စိတ်ကွဲအောင် ထောင်းပေးရတယ်။

အဆင့်အသင့်လုပ်ထားတဲ့ ပစ္စည်းတွေကို လောင်ပန်းကြီးတစ်ခုတွင် အချိုးအကျညီအောင် ထည့်လို့ အားလုံးသမသွားအောင် ရောနှောရတယ်။ နည်းနည်း အေးသွားလျှင် အဖတ်တွေကို လက်နဲ့ဆုပ်ပြီးတော့ လက်တစ်ဆုပ်စာ လုံးဝန်းတဲ့ပုံသဏ္ဌာန်ရအောင် ပြုလုပ်ပေးရတယ်။  ဒါဆို အလုံးလှလှနဲ့ အလွန်အရသာကောင်းလို့ ရင်မြူးစေတဲ့ လာရုဒေါလာမုန့် ရသွားပါပြီ။

********

(မူလပုံကိုပြောင်းလဲထားသည်)


Tuesday, September 13, 2022

၁၁။ ဆီတောလ်ဖီရား (Sitol Fiçá)

 


၁၁။ ဆီတောလ်ဖီရား 

ရေးသား- ရိုဟင်လေး
အမျိုးအစား- ရိုဟင်ဂျာရိုးရာအစားအစာ

ဆီတောလ်ဖီရာ့ ဟာ ရိုဟင်ဂျာတွေ သုံးဆောင်လေ့ရှိတဲ့ မုန့်တွေထဲမှာ တစ်မျိးအပါအဝင်ဖြစ်တယ်။ ဆောင်းရာသီနဲ့ မိုးရာသီတွေမှာပြုလုပ်သုံးဆောင်တာ တွေ့ရတယ်။ စရိတ်အသက်သာဆုံးနှင့် ပြုလုပ်ရအလွယ်ဆုံး မုန့်တစ်မျိုးလည်း ဖြစ်ပါတယ်။ ဆီတောလ် အဓိပ္ပာယ်က အေးချမ်းသော၊ ဖီရာ့ က မုန့် ဖြစ်တယ်။ ဆောင်းရာသီမှာ ပြုလုပ်တဲ့မုန့်၊ အေးချမ်းဖွယ်ရာ မုန့်ဟု အဓိပ္ပာယ်ကောက်နိုင်တယ်။ 


ဆီတောလ်ဖီရား ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေက

  • ဆန်မှုန့်
  • အုန်းသီး
  • ဆား 
ဒါ့အပြင် ဆီအနည်းငယ်လည်း လိုပါတယ်။ ဆီကျတော့ မုန့်မှာ ထည့်ရတာမဟုတ်ဘဲ ကြော်ပြားမှာ မုန့်ကပ်မသွားအောင် နည်းနည်းသုပ်ပေးရတာ ဖြစ်တယ်။

ပြုလုပ်ပုံ

ဆန်မှုန့်ကို ရေနဲ့ ဆားရောပြီးတော့ ကောင်းကောင်းသမရတယ်။ အကျိတ်အခဲတွေ လုံးဝမရှိစေရဘူး။ ခပ်စေးစေး မုန့်ဖတ်ရည်တစ်မျိုး ဖြစ်လာမယ်။ မုန့်ဖတ်ဆော်ဒါ ထည့်ချင်ရင်ထည့်ပါ့။ ပိုပျော့အိလာအောင်ပေါ့။ မထည့်ရင်လဲ ပြဿနာမရှိဘူး။ ပြီးရင် မုန့်ဖတ်ဇလုံးကို အဖုံးဖုံးပြီးတော့ တစ်နာရီ၊ နာရီဝက်လောက် စိမ့်ထားပါ။ ဒါနဲ့ မီးလတ်လတ်မွေးပါ။ ကြော်ပြားတင်ပေးပါ။ ပူလာပြီဆိုရင် ဆီနည်းနည်း သုပ်ပေးပါ။ မုန့်ပြား ကပ်မသွားအောင်ပေါ့။ အားလုံးအဆင်အသင့် ဖြစ်ပြီဆိုရင် မုန့်ဖတ်ရည်ကို ဇွန်းကြီးနဲ့ တစ်ဇွန်းစီ ကြော်ပြားမှာ ချပေးပါ။ အဖတ်မာလာရင် ကျက်ပြီ။ ပြီးတော့ အုန်းခြစ်တွေကျဲပြီးတော့ စားလို့ရပါပြီ။ အများအားဖြင့် ထန်းရည်၊ အုန်းရည်တွေနဲ့ တို့စားကြတယ်။






Monday, May 16, 2022

ဆော့မာ့ဂ်ျစနစ်နှင့် ဗီယာရ် ဓလေ့

Biyar drawing by RohangKing


 ဆော့မာ့ဂ်ျစနစ်နှင့် ဗီယာရ် ဓလေ့ 


ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းသည် ရှေးပဝေသဏီကပင် ခေတ်အလျောက် တစည်းတရုံးတည်း နေထိုင်လာကြသည်မှာ သူတို့၏ ယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများကို လေ့လာခြင်းဖြင့် သိသာထင်ရှားစေသည်။ လူနည်းစုတစ်စု အဓွန့်ရှည်နေထိုင်နိုင်ရေးအတွက် စည်းစနစ်များသည် အခရာ ဖြစ်လေသည်။ ထိုစည်းစနစ်များသည် လက်ဆင့်ကမ်း ထိန်းသိမ်းလာခြင်းဖြင့် ထိုအုပ်စု၏ ဝိသေသလက္ခဏာအဖြစ် လူသိများလာကြသည်။ ဤဆောင်းပါးတွင် ရိုဟင်ဂျာတို့၏ ရိုးရာဓလေ့တစ်ခုဖြစ်သော ဗီယာရ် ဓလေ့ အကြောင်းကို လေ့လာသူတို့ အသုံးဝင်အရာရောက်အောင် အကျယ်တဝင့် ရှင်းလင်းတင်ပြပါမည်။ 


ဗီယာရ် အကြောင်းကို ဖော်ပြမည်ဆိုလျှင် ဦးစွာပထမ ဆောမာ့ဂ်ျ အကြောင်းကို ဖော်ပြရပါမည်။ ရိုဟင်ဂျာတို့သည် ရေကြည်ရာမြက်နုရာ အုပ်စုအလိုက် ရွာတည်၍ နေထိုင်ကြရာတွင် အချင်းချင်း ညီညွတ်မှု၊ စည်းလုံးမှု ရှိစေရန် ဆောမာဂ်ျ ဟူသော လူနေမှုစနစ်တစ်ခုကို ကျင့်သုံးလာခဲ့ကြသည်။ ဆောမာ့ဂ်ျသည် တစ်စုတစ်ပေါင်း တစ်နေရာတည်း၌ နေထိုင်သော ရွာသူရွာသားများကို ကြီးကြပ်ထိန်းသိမ်းရေးနှင့် ရပ်ရွာအကျိုးသယ်ပိုးရေး၊ တည်ငြိမ်အေးချမ်းရေးတို့ကို ဆောင်ရွက်ပေးသော စည်းစနစ်တစ်ခုပင်ဖြစ်ပါသည်။ ယနေ့ခေတ်နှင့် နှိုင်းစား၍ ဥပမာပြရလျှင် ကျေးရွာအုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ဆော့မာ့ဂ်ျ ဟူသော စကား၏ အဓိပ္ပာယ်မှာ လူမှုအဖွဲ့အစည်း၊ လူ့အသိုင်းအဝိုင်း ဟု အဓိပ္ပာယ်ရသည်။ ဆောမာဂ်ျစနစ်ကို ကျင့်သုံးသောအခါ ဦးစွာ ဆောမာဂ်ျ ကော်မတီကို ရွာသူရွာသားများ၏ လွတ်လပ်သော သဘောဆန္ဒအရ ရွေးချယ်တင်မြောက်ကြရသည်။ သူတို့၏ လုပ်ငန်းဆောင်တာများကို သီခြားရုံး၊ အဆောက်အဦးများမှ လုပ်ဆောင်ကျေပွန်သည် မဟုတ်ဘဲ ကျေးရွာဗလီကို ဗဟိုဌာနပြု၍ နာရေးသာရေး အရေးကိစ္စအဝဝကို ဆောင်ရွက်ခြင်းဖြစ်သည်။ ဆောမာ့ဂ်ျ အဖွဲ့၏ အပတ်စဉ်၊ လစဉ် ပုံမှန်အစည်းအဝေးများ၊ အရေးပေါ် အစည်းအဝေးများမှ အရာကိစ္စဟူသမျှကို တစ်ညီတစ်ညွတ်တည်း  ဆုံးဖြတ်ကြသည်။ ဆောမာဂ်ျကော်မတီ အဖွဲ့ဝင်များကို ဆော့မာဂျီ မာနုခ်ျ ဟု ခေါ်ကြသည်။ ဆောမာဂ်ျကော်မတီကို ဦးဆောင် ပဲ့ကိုင်သော ခေါင်းဆောင်တစ်ဦးခန့်ရသည်။ ၎င်းကို ဆော့ဒ္ဒါရ် ဟုခေါ်သည်။ ဆော့ဒ္ဒါရ်သည် သတ်မှတ်ထားသော အချိန်ကာလအတွင်း ရွာ၏ ဩဇာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်လေသည်။ ဗလီရှေ့ဆောင်အီမာမ်သည် ရွေးကောက်စရာမလိုဘဲ တိုက်ရိုက် ဆော့မာဂ်ျ ကော်မတီဝင် ဥပဒေရေးရာမှူးဖြစ်လာသည်။ ဓမ္မသတ်ရေးရာ ဆုံးဖြတ်ချများကို အိစ္စလာမ်တရားတော်နှင့်အညီ ဆုံးဖြတ်ကြသည်။ ဆော့မာ့ဂ်ျကော်မတီ၏ သတ်မှတ်ထားသော သက်တမ်းကုန်ဆုံးခဲ့လျှင်ရှေ့ဆောင်အီမာမ်က ဦးဆောင်၍ လွတ်လပ်သော ရွေးကောက်ပွဲကျင်းပကာ အသစ်ပြန်လည်ဖွဲ့စည်းရသည်။ ဆော့ဒ္ဒာရ်သည် အကြိမ်အကန့်အသတ်မရှိ ရွေးကောက်ခံနိုင်သည်။ ရွာသူရွာသားတို့၏ ထောက်ခံမှုရှိလျှင် အကြိမ်ကြိမ် တာဝန်ထမ်းဆောင်နိုင်သည်။ 

ဆော့မာ့ဂ်ျအဖွဲ့သည် ရွာ၌ ဖြစ်ပေါ်လာသော သာရေးနာရေး အပြင် အခင်းကြီးငယ်များကို ဆော့မာဂ်ျအဖွဲ့က ဘက်မလိုက်ဘဲ ညှိနှိုင်းဖြေရှင်းပေးသည်။ ပြဿနာဖြေရှင်းရာတွင် အပြစ်ရှိသူကို အကြီးဆုံး ပြစ်ဒဏ်အဖြစ် ရွာနှင်ဒဏ်ပေးခြင်း၊ ကြိမ်ဒဏ်ပေးခြင်း အခွင့်အဏာရှိသည်။ ရွာသူရွာသား အားလုံးနှင့်သက်ဆိုင်သော ကျောင်း၊ ဗလီ၊ ဇရပ်၊ ကန်၊ လမ်း စသည်တို့ကို ဆော့မာဂ်ျအဖွဲ့က တိုက်ရိုက် ကြီးကြပ်စောင့်ရှောက်ရသည်။ 

မိမိတို့ ရွာ၌ကျရောက်လာသော ဘေးဆိုးတစ်စုံတစ်ရာကိုလည်း ဆော့မာဂ်ျအဖွဲ့၏ ဦးဆောင်မှုဖြင့် ရွာသူရွာသားအားလုံးက စုပေါင်းဖယ်ချကြသည်။ ရွာ၌ပြုလုပ်လေ့ရှိသော အခါသာမယပွဲများ၊ မင်္ဂလာဆောင်စသော ပျော်ပွဲရွှင်ပွဲများ၊ ဘာသာရေး ပွဲတော်များ၊ အလှူပွဲတော်များ စသည်တို့ကိုလည်း ဆော့မာဂ်ျအဖွဲ့၏ ဦးဆောင်ညွှန်ကြားမှုဖြင့် သတ်မှတ်ထားသော စံနှုန်းစည်းမျဉ်းများနှင့်အညီ ပြုလုပ်ရသည်။ ကျူးလွန်ပျက်ကွက်ပါက ဆော့မာဂ်ျအဖွဲ့၏ မာန်ဒေါသနှင့် ရင်ဆိုင်ရပါမည်။ ရွာသူရွာသားများထဲတွင် အကျင့်ပျက်၊ အရက်သေစာသမား၊ မူးယစ်ဆေးဝါး သုံးစွဲသူ သို့မဟုတ် ရောင်းဝယ်သူ၊ အခြားခြားသော အကုသိုလ် အပြစ်ထိုက် အလုပ်များ လုပ်ဆာင်သူများကို ဆော့မာဂ်ျအဖွဲ့မှ ခေါ်ယူဆုံးမခွင့်ရှိသည်။ အကြိမ်ကြိမ် ဆုံးမ၍ မလိုက်လျော၊ နာမခံသူများကို ထိုရွာ၏ ဆော့မာ့ဂ်ျအသိုင်းအဝိုင်းမှ ထုတ်ပယ်၍သော်လည်းကောင်း၊ ရွာမှနှင်ထုတ်၍သော်လည်းကောင်း ဒဏ်ခတ်အရေးယူကြသည်။ ဆောမာဂ်ျအသိုင်းအဝိုင်းမှ ထုတ်ပယ်သည်ဆိုသည်မှာ နေထိုင်ရမလွယ်ကူလှချေ။ ထိုသူသည် လုံးဝအထီးကျန် ဖြစ်နေလိမ့်မည်။ အခြားရွာသူရွာသားများက အဆိုပါသူနှင့် ရင်းရင်းနှီးနှီး ဆက်ဆံမည်မဟုတ်ချေ။ ရွာ၏မည်သည့် အရေးအရာ၌မဆို အဆိုပါသူ၏ အထောက်အပံ့၊ အကြံဉာဏ်စသည်တို့ကို  လက်ခံမည် မဟုတ်ချေ။ လူများ၏ ကဲ့ရဲ့ရှုတ်ချခြင်းကို ခံရပေလိမ့်မည်။ ဆော့မာ့ဂ်ျအဖွဲ့၏ မည်သည့်အကူအညီ၊ အထောက်အပံ့ကိုမှ သူ ရရှိမည်မဟုတ်ချေ။ 

ဆောမာ့ဂ်ျသည် ရွာသူရွာသားများကို တန်းတူအခွင့်အရေး ပေးသည်။ ဆင်းရဲ၊ ချမ်းသာ ဟူ၍ ခွဲခြားမှု မရှိချေ။ ဆင်းရဲသားများကို ဆောမာဂ်ျအဖွဲ့၏ ဦးဆောင်မှုဖြင့် ကူညီထောက်ပံ့ကြသည်။ သားသမီးများ အိမ်ထောင်ပြုရာတွင်လည်းကောင်း၊ အခြားအိမ်ထောင်ရေးကိစ္စများ၊ စားရေးသောက်ရေး၊ နေထိုင်ရေး၊ သာရေးနာရေး ကိစ္စအဝဝတွင် ဆာမာဂ်ျအဖွဲ့၏ ဦးဆောင်မှုဖြင့် ရွာသားများ ဝိုင်းဝန်းကာ ရိုင်းပင်းကူညီပေးကြသည်။ ကုရ်ဘာန်ပွဲတော် ရောက်လျှင် ကုရ်ဘာနီပြုလုပ်သော အိမ်တိုင်းမှ ကုရ်ဘာနီအသား သုံးပုံတစ်ပုံကို ဆော့မာ့ဂ်ျအဖွဲ့ထံ ပို့ဆောင်ရသည်။ ဆော့မာဂ်ျအဖွဲ့သည် လက်ခံရရှိထားသော ကုရ်ဘာနီအသားများကို အညီအမျှ ဝေစုခွဲကာ ရွာ၌ ရှိသမျှ ဆင်းရဲချမ်းသာမရွေး အိမ်တိုင်းအိမ်တိုင်း၌  ပြန်လည်ပို့ဆောင်ပေးသည်။ ဤသည်မှာ စည်းလုံးညီညွတ်မှုကို ဖြစ်စေသည့်အပြင် မရှိဆင်းရဲသားတို့ကိုလည်း ကူညီထောက်ပံ့ခြင်းလည်း ဖြစ်သည်။ 

ထိုသို့ ရွာသားများက လုပ်အားဖြင့် အခမဲ့ ဝိုင်းဝန်းကူညီသည်ကို ဗီယာရ် ဟုခေါ်သည်။ "ဘွိက်တောန် အောရ် တုအရော ဗီယာရ်ဇောန် ဘာလာ" ဟူသော ရိုဟင်ဂျာစကားပုံသည် ဤဓလေ့မှ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ခန့်မှန်းရသည်။ ဥပမာ- ရွာ၌ အိမ်တစ်အိမ် ပြုပြင်ဆောက်လုပ်ရသည်ဆိုလျှင် တစ်ရွာတည်းနေ အခြားရွာသူများ တစ်အိမ်က လူတစ်ယောက်စီ စုပေါင်းစုဝေး ရောက်လာကာ အခမဲ့ ကူညီပေးကြသည်။ ထိုသို့ရောက်လာသည်ကို ဗီယာရ် သွားသည်၊ ဗီယာရ်ခေါ်သည်ဟု သုံးနှုန်းသည်။ ဗီယာရ် ၏ အဓိပ္ပာယ်မှာ "အခမဲ့ လုပ်အားပေး ကူညီခြင်း"ဟု အဓိပ္ပာယ်ရသည်။  တစ်စုံတစ်ရာ အကူအညီလိုအပ်လာလျှင် ဦးစွာ ဆော့မာဂ်ျအဖွဲ့သို့ တင်ပြရသည်။ ဆော့မာ့ဂ်ျအဖွဲ့ ရွာ၌ မောင်းခတ်ကြော်ငြာကာ ဗီယာရ် ရက်သတ်မှတ်ကာ ဗီယာရ်အဖွဲ့ စီစဉ်ပေးသည်။ ရောက်လာသော ဗီယာရ်အဖွဲ့ကို အိမ်ရှင်က တတ်နိုင်သလောက်နဲ့ ထမင်း၊ ကောက်ညှင်း၊ ရေနွေးကြမ်း၊ လက်ဖက်ရည်၊ ကွမ်း၊ ဆေးလိပ် စသည်တို့ဖြင့် ဧည့်ခံကြသည်။ အင်မတန်ကြည်နူးဖွယ်ကောင်းသော ဓလေ့တစ်ခုဖြစ်သည်။ ရွာသားများစုပေါင်း၍ ပျော်ပျော်ရွှင်ရွှင်နှင့် လုပ်အားပေးခြင်းဖြင့် တစ်ပတ်စာအလုပ်သည် တစ်ရက်တည်းနဲ့ ပြီးဆုံးစေသည်။ အကုန်အကျလည်း သက်သာသည်။ အချင်းချင်း ချစ်ခင်ရင်းနှီးမှုလည်း တိုးပွားခိုင်မာလာစေသည်။ 

အခြားလုပ်ငန်းများဖြစ်သော လယ်ယာစိုက်ပျိုးရေး၊ စပါးရိတ်သိမ်း စသည်တို့တွင်လည်း ဤနည်းဖြင့် လုပ်အားပေးကြသည်။ လယ်ယာစိုက်ပျိုးရေးတွင် အိမ်တိုင်းတိုင်းမှ သွားရသည်မဟုတ်ဘဲ လယ်ယာစိုက်ပျိုးလေ့ရှိသော အိမ်တိုင်းမှ တစ်ယောက်စီစုပေါင်းအဖွဲ့ကာ သွားရောက်ကူညီကြသည်။ ဤအဖွဲ့ကို "ဖာလာဒိုက်" ဟုခေါ်သည်။ 

ဗမာပြည်လွတ်လပ်ရေး ရသည့်အချိန်မှစ၍ ဆော့မာ့ဂ်ျစနစ်သည် တဖြေးဖြေး ပျောက်ကွယ်လာလေသည်။ အကြောင်းမှာ အစိုးရက ရပ်ရွာအုပ်ချုပ်ရေးစနစ်များကို အခိုင်အမာ ကျင့်သုံးလာသောအခါ ရွာသူရွာသားများ၏ အစဉ်အလာအရ ကျင့်သုံးသော ဆော့မာဂ်ျစနစ်၏ ရပိုင်ခွင့်အာဏာ၊ ဥပဒေစိုးမိုးရေး စသည်တို့ အားပျော့လာလေသည်။ ထိုမှ တဖြည်းဖြည်း ပျောက်ကွယ်လုဆဲဖြစ်လာသည်။ သို့သော် အချို့ကျေးလက်ဒေသများတွင် အစဉ်အလာအရ ထိန်းသိမ်းလျက် ဆော့မာဂ်ျစနစ်ကို ကျင့်သုံးနေဆဲဖြစ်ပါသည်။ 

ဤသို့ဖြင့် ရှေးခေတ် ရိုဟင်ဂျာတို့သည် ဥမကွဲသိုက်မပျက် အချင်းချင်း ရိုင်းပင်းကူညီမှုဖြင့် ငြိမ်းငြိမ်းချမ်းချမ်း စနစ်တကျ နေထိုင်လာခဲ့ကြသည်။ ထိုခေတ်ရိုဟင်ဂျာတို့၏ လူနေမှုအဆင့်အတန်းသည်လည်း သပ်သပ်ရပ်ရပ် ရှိခဲ့ကြောင်း ပေါ်လွင်စေသည်။ ဆော့မာ့ဂ်ျစနစ် ကျင့်သုံးသောရွာသည် စည်းလုံးညီညွတ်ကြသည်။ တည်ငြိမ်အေးချမ်းသည်။ နေထိုင်စရာအိမ်မဲ့ မရှိသလောက်၊ ငတ်မွတ်သူ မရှိသလောက်၊ အဝတ်မလုံသူ မရှိသလောက် ဖြစ်သည့် ဘုံစနစ်တစ်ခုဖြစ်ပေသည်။ ဆော့မာ့ဂ်ျစနစ်ကို အာရကန်ပြည် အနံ့အပြား အချို့ရွာများတွင် ယနေ့တိုင် တွေ့ရှိရပေသတည်း။ 


— လူထုဝဏ္ဏ 

(3-5-2022)


Saturday, April 23, 2022

ရှေးကျသော ရိုဟင်ဂျာရိုးရာ အကများ



ရှေးကျသော ရိုဟင်ဂျာရိုးရာ အကများ

လူမျိုးတိုင်းသည် ကိုယ်ပိုင်အတီးအမှုတ်၊ ကိုယ်ပိုင်အဆို အကများကို ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေအောင် မိမိဟန်နှင့် ဖန်တီးကာ အားလပ်ချိန်ကလေးများကို ဖျော်ဖြေကြသည်။ ထို့အတူ ရိုဟင်ဂျာလူမျိုးကလဲ မိမိတို့၏ ကိုယ်ပိုင် အတီးအမှုတ်၊ ကိုယ်ပိုင် အဆိုအကတို့ကို ရှေးအခါကပင် ဖန်တီးကာ ဖျော်ဖြေလာခဲ့ကြ သည်။ ဤဆောင်းပါးတွင် ရှုချင်စဖွယ်ကောင်းသော ရိုးရာအကများ အကြောင်းကို လက်လှမ်းမီသမျှ လေ့လာတင်ပြပေးပါသည်။  

ရိုဟင်ဂျာဘာသာစကားတွင် အကကို "နာစာ။ နာစ်။" ဟု ခေါ်သည်။ ကပြသူ ကချေသည်ကို "နာတ်ထွာ" ဟုခေါ်ကြသည်။ နာတ်ထွာ မှာ "နစ်ဝါလာ"၊ "နာစ်စွာ"၊ "နတ်တြိ"မှ ဆင်းသက်လာသော စကားလုံးဖြစ်သည်။ ရိုဟင်ဂျာအကများသည် ကကွက်၊ ကဟန်များ အပေါ် အခြေခံထားသည်။ ကဟန်မှာ တမူထူးခြားသည်။ ဆန်းကြယ်သည်။ အိစ္စလာမ်ဘာသာ ထွန်းကားလာခဲ့သည့် နောက်ပိုင်းတွင် အတီးအမှုတ်၊ အဆိုအကတို့ကို ဘာသာရေး ရှုထောင့်မှ ရွံ့စရာအဖြစ် ရှူမြင်ခဲ့ကြသည်။ အမျိုးသား၊ အမျိုးသမီး ရော၍ စင်တစ်စင်ပေါ်တွင် ကသည့်ပုံစံမျိုးကိုတော့ လုံးဝလုံးဝ တားမြစ်ခဲ့ကြသည်။ အမျိုးသားများသည် အမျိုးသားချင်း ကပြသည်။ အမျိုးသမီးများသည် အမျိုးသမီးချင်း ကပြသည်။ ရိုဟင်ဂျာတို့သည် အမျိုးသမီးနေရာတွင် အမျိုးသားများကို မိန်းကလေး အဝတ်အစား၊ အဆောင်အယောင် ဝတ်စေပြီး ကပြစေသည်။ ထိုသို့ အမျိုးသမီး အယောင်ဆောင်စေသော ကချေသည်တို့ကိုလည်း နာတ်ထွာ ဟု ခေါ်ကြသည်။ ထိုမှတဆင့် နာတ်ထွာနာစ် ဆိုသော အကတစ်မျိုး ပေါ်ပေါက်လာခဲ့သည်။ ထို နာတ္တဝါအကတွင် ကဟန် အမျိုးမျိုး ရောနှောပါတတ်သည်။ နာတ္တဝါအကသည် အင်္ဂလိပ် ခေတ်နောက်ပိုင်းတွင် အလွန်ခေတ်စားခဲ့သည်။ ယနေ့တိုင် တွေ့နေရဆဲဖြစ်ပါသည်။   

ရိုဟင်ဂျာရိုးရာယဉ်ကျေးမှုတွင် အဟန့်အတား အမျိုးမျိုးကြောင့် တေးဂီတနှင့် အဆိုအကဘက်၌ အားပျော့သွားခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ တေးဂီတနှင့် အကပဒေသာသည် ရှက်ရွံ့စရာ ဟုသတ်မှတ်ခံခဲ့ရသောကြားကနေ အတိုင်းအတာ တစ်ခုအထိ ထိုးဖောက်ဖြတ်သန်း ရှင်သန်လာခဲ့သည်။ ကိုလိုနီခေတ်တွင် ရိုဟင်ဂျာ ဇာတ်သဘင်အထိ တိုးတက်ခဲ့ပေသည်။  (ရိုဟင်ဂျာ ဇာတ်သဘင် အကြောင်းကို နောက်ဆောင်းပါး တစ်ပုဒ်တွင် သီးခြားဖော်ပြပါမည်။) 

ယနေ့ ရုပ်ရှင်၊ ဆိုရှယ်မီဒီယာမှတဆင့် တိုင်းတစ်ပါးယဉ်ကျေးမှုများ ရောနှောလာသည့်အလျောက် ရှေးအဆိုအကတို့တွင်လည်း အရောအနှော ထူထပ်လာလေသည်။ ယနေ့ခေတ်မျိုးဆက်သစ်တို့သည် မိမိတို့၏ ကိုယ်ပိုင် အတီးအမှုတ် အဆိုအကတို့ကို ခွဲခြား၍ မရနိုင်သည့်အဆင့်အထိ ရောက်ရှိနေပြီ။ အလွန်စိုးရိမ်စရာပင်။ သို့ဖြစ်၍ ပျောက်လုနီးပါးဖြစ်နေသော မိမိတို့ ယဉ်ကျေးမှုကို ကိုယ်အား၊ ဉာဏ်အား ရင်းကာ ပြန်လည်ဖော်ထုတ်၍ မျိုးဆက်သစ်ကို လက်ဆင့်ကမ်းရန်တာဝန်မှာ ရိုဟင်ဂျာတိုင်း၏ တာဝန်ဖြစ်ပေသည်။ 

စကားမစပ် ထိုသို့ရှေးအခါကပင် ကပြဖျော်ဖြေလာခဲ့သော အကအမျိုးအမျိုးထဲမှ ယနေ့တိုင် တွေ့ရှိရသော ရှေးကျသည့် အကလေးမျိုးကို လေ့လာတင်ပြပေးပါမည်။ ထို ယနေ့တိုင်တွေ့ရှိရသော အက လေးမျိုးမှာ-  

        (၁) ဂုလ်တာစ်

        (၂) ဒေါရ်ဗေချီနာစ်

        (၃) အာရော်ခ်ျချားနာစ်

        (၄) ဂါဆာ့ရ်နာစ်

တို့ဖြစ်ကြသည်။ (အထက်ဖော်ပြပါအက အမျိုးအမည်များသည် အာရကန်ပြည်ရှိ ဒေသတစ်ခုနှင့်တစ်ခု ကွဲလွဲမှုရှိသည်။ စာရေးသူသည် လူကြီးမိဘများနှင့် လေ့လာတိုင်ပင်ရာတွင် အများအားဖြင့် ခေါ်လေ့ရှိသည့် နာမည်များကို ထည့်သွင်းဖော်ပြ ထားခြင်းဖြစ်ပါသည်။)

(၁) ဂုလ်တာစ်    

ဂုလ်တာစ် အကကို ဂုလ်နာစ်ဟုလည်းခေါ်ကြသည်။ ဂုလ်တာစ်သည် မြေပြင်ပြန့်ပြန့်၊ တလင်းပြင် မြေဝိုင်း၌ ကသော အကတစ်မျိုးဖြစ်သည်။ အလွန်ရှေးကျသော အကဟူ၍လည်း လေ့လာသူတို့က ခန့်မှန်းကြသည်။ "နာစီနော်ဇိုင်လေ့ ဥရာန်ဘေဟာံ" (အက မတတ်၊ တလင်းပြစ်တင်) ဟူသော ရိုဟင်ဂျာ စကားပုံသည် ဤအကမှ တင်စားပြောဆိုသည်ဟု သက်ကြီးတို့က ဆိုစမှတ် ပြုကြသည်။ ဂုလ်တာစ်ကို တစ်ယောက်ချင်း သော်လည်းကောင်း၊ နှစ်ယောက်သုံးယောက်သော်လည်းကောင်း ကနိုင်သည်။ အကနည်းမှာ ပါးစပ်တွင် ဘာဂျာကဲ့သို့ လေမှုတ်တူရိယာတစ်မျိုးကို တီးမှုတ် ကြူလျက်၊ လက်တစ်ဖက်ဖြင့် ပုဆိုးအောက်နားကိုကိုင်ကာ ကိုယ်လုံးကို ရစ်ပတ်ကရသည်။ ခြေနှင့်လက် ဟန်ကျအောင် ဝှေ့ယမ်းလှုပ်ရှားရသည်။ ခြေ၊ ခါး၊ ပုခုံး၊ ခေါင်းတို့ကိုလည်း သူဟန်နဲ့သူ လှုပ်ရှားပြရသည်။ ကြား၌ ဂျီလည်သလို တစ်ခါတစ်ခါ လည်ပတ်ရသည်။ ပါးစပ်က တေးလုံးကို မရပ်တန့်စေရ။ ပါးစပ်က တူရိယာသံစဉ်သည် ကပြသူ၏ အကအရှိန်ကို အတိုးအနိမ့် ဖြစ်စေသည်။ 

အောက်ပါတေးချင်းအပိုဒ်တွင် ဂုလ်တာစ်အက၏ဟန် တစိတ်တစ်ပိုင်းကို ဖော်ကျူးထားသည်။ 

“Hainlog ór matá háte dóri

Gulhái hái naser koñl lari

Mukot súrder baitar bací.

Dán forer né soil forer

Gultas nasar tiyañra báñgér.”

ဤတေးချင်းတွင် ဂုလ်တာစ်ကဟန်အပြင် ရှေးခေတ် သဘင်၏ မြင်ကွင်းတစ်ခုကို တွေ့ရှိရသည်။ "Dan forer né soil forer| Gultas nasar tiyañra báñgér." ဤအပိုဒ်သည် ကပွဲကြည့်ရှုရန်ရောက်လာကြသော ဆင်းရဲသား လယ်သမား ပရိတ်သတ်များက ကချေသည်များကို ငွေကြွေးစေ့အစား ဆန်၊ စပါးများ တောင်းလိုက်အိတ်လိုက် ချီးမြှင့်ကြသည့်ဓလေ့ကို တွေ့ရပါသည်။ တစ်ချို့ကမူ ဤအပိုဒ်ကို အခြားအဓိပ္ပာယ် ယူကြသည်။ ဂုလ်တာစ်အက၏အဓိက ကကွက်ဖြစ်သော တစ်ကိုယ်လုံးကို အူရစ်လည်ပတ်ရာတွင် ကြိတ်ဆုံနှင့် တင်စား၍ ဟန်ချက်ညီ၊ မညီ သရော်ပြောဆိုသော နောက်တိုးစကားဟု ဆိုကြသည်။ Baita ဆိုသော ရှေးတူရိယာတစ်မျိုးကို ဖော်ပြထားသည်။ ဘိုက်တာကို လေ့လာကြည့်သောအခါ ဝါးခြမ်း နှစ်ခုကြားတွင် အရွက်ထည့်၍ပြုလုပ်သော လေမှုတ်တူရိယာတစ်မျိုးဖြစ်ကြောင်း သိရသည်။

ဂုလ်တာစ်အကကို အညာဒေသ ဇာတ်ပွဲများ၊ ပျော်ရေး ရွှင်ရေးများတွင် အများအားဖြင့် တွေ့ရှိရသည်။

(၂) ဒေါရ်ဗေချီနာစ် 

ဒေါရ်ဗေချီနာစ် အကသည် ပီရ်သူတော်စင်တို့ ခေတ်တွင် ပေါ်ထွန်းခဲ့သော အကတစ်မျိုးဖြစ်သည်။ ပီရ်သူတော်စင်တို့ ဇီကီးရ် အားထုတ်ရာတွင် ဇီကီရ်ရွတ်ဆိုရင်း ကိုယ်ခန္ဓာကို လှုပ်ရှားရာတွင် ကဟန်တစ်မျိုး ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဤအကကို အစတွင် ဘာသာရေးပွဲတော်များ၊ အလှူပွဲများတွင် ကပြလေ့ရှိပြီး ဘာသာရေး ကောင်းမှုတစ်ခုအဖြစ်ယူဆကာ ပြုလုပ်လေ့ရှိခဲ့သည်။  နောက်ပိုင်းတွင် တဖြည်းဖြည်းကူးစက်သွားကာ အခြားပွဲတော်များဖြစ်သော မင်္ဂလာပွဲ၊ ခတ္တနာပွဲတို့တွင်လည်း ခေတ်စားလာခဲ့သည်။ ဒေါရ်ဗေချီနာစ် အကကို အနည်းဆုံးလူငါးယောက်စု၍ ကရသည်။ ကဟန်မှာ အဖွဲ့ဝင်လူတို့သည် စက်ဝန်းသဏ္ဌာန် ဝိုင်း၍ရပ်ကာ တစ်ညီ တစ်ညွတ်တည်း လက်ဆန်း၊ လက်မြောက်၊ လက်ဆုတ်၊ ခြေရှေ့တိုး၊ ခြေနောက်ဆုတ်၊ ထိုင်၊ ထ ပထမနည်းအတိုင်း ပြန်စရင်း အုပ်စုလိုက် တရွေ့ရွေ့ ဝိုင်းဝန်းလည်ပတ်ရသည်။ အကတစ်ပွဲ၏ အချိန် အတိုင်းအတာသည် သူတို့သီဆိုသော တေး သို့မဟုတ် ဓမ္မတေး၏ အချိန်ပေါ်မူတည်သည်။ ပီရ်သူတော်စင်ခေတ် ကုန်သွားသော်လည်း ဒေါရ်ဗေချီနာစ် အကမှာမူ ရိုဟင်ဂျာရိုးရာ တစ်ခုအဖြစ် ကျန်ရှိခဲ့လေသည်။ 

"Ruur chánto zikír maarfót

Darvechi goré ton hórkot"

ဤလင်္ကာပိုဒ်သည် ဒေါ်ရ်ဗေချီအကနှင့် ကိုယ်ခန္ဓာ လှုပ်ရှားကာ ဇီကီးရ် ရွတ်ဆိုခြင်းဖြင့် စိတ်ဝိညာဉ်၏ တည်ငြိမ် အေးချမ်းခြင်းကို ဖြစ်စေပါသည်ဟု ဆိုလိုသည်။ 

ဤအကကို စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသောဒေသများတွင် ယနေ့တိုင် တွေ့ရှိရသည်။ 

(၃) အာရော်ခ်ျချားနာစ်

အာရော်ခ်ျချားနာစ်အကမှာ စစ်သည်တော်၊ စစ်မှုထမ်းများ ကပြသော ဓားအက တစ်မျိုးဖြစ်သည်။ စိတ်ထဲတွင် ရဲသွေးတက်လာသည်မျိုးခံစားရသည်ဟု ဆိုသည်။ တစ်ချို့နေရာတွင် ကာမန်ချီအကဟုလည်း ခေါ်သည်။ ရှေ့အခါက နန်းတွင်း၌ စစ်ထွက်ရာတွင်လည်းကောင်း၊ အောင်ပွဲခံရတွင်လည်းကောင်း အများအားဖြင့် ကကြသည်ဟုဆိုသည်။ နောက်ပိုင်းတွင် နန်းတွင်းမှတဆင့် မြို့ပြ၊ ကျေးလက်တောရွာများအထိ ခေတ်စားလာခြင်းဖြစ်သည်။ ကဟန်မှာ ငှက်ကြီးတောင်ဓားရှည်ကို ဆုပ်ကိုင်၍ကရသည်။ အုပ်စုလိုက်ကနိုင်သလို တစ်ယောက်တည်းလည်း ကပြပျော်ဖြေနိုင်သည်။ ခြေတစ်ဖက်ကို ရှေ့တစ်လှည့်၊ နောက်တစ်လှည့် ခုန်ပေါက်ရွေ့ရသည်။ ခြေရွေ့ရာတွင် ကိုယ်လက် ခန္ဓာကိုပါ ဟန်ချညီညီ ရွေ့ရသည်။ ဓားကို မြောက်ထောင် ကိုင်ထားရသည်။ တဖန် ဝင့်သည့်ဟန်၊ ဆောင့်သည့်ဟန်များဖြင့် ကရသည်။ အင်မတန်ထူးဆန်းသော ဟန်ရေးပြ အကမျိုးပင် ဖြစ်သည်။ 

အာရော်ခ်ျချားနာစ်မှာ အာရဗ်ရှားဟုခေါ်သော ရှားရှူဂျာ မင်းသားနှင့်အပေါင်းအဖော်တို့ အာရကန်ပြည်သို့ ခိုလှုံလာခဲ့သောအခါ သူတို့နှင့်အတူပါလာသော အကတစ်မျိုးဖြစ်ဟန်တူသည်။ ယခုအခါ အာရကန်ပြည်အနှံ့အပြား၌ ပျော်ပွဲရွှင်ပွဲများတွင် တွေ့ရပါသည်။ (စာရေးသူငယ်စဉ်က မောင်တောကျေးရွာတစ်ရွာ၌ မင်္ဂလာပွဲတစ်ပွဲတွင် ကိုယ်တိုင်တွေ့မြင်ဖူးသည်။) 

(၄) ဂါဆာ့နာစ်                               

ဂါဆာ့နာစ်မှာ နတ်အက တစ်မျိုးဖြစ်သည်။ အများအားဖြင့် အောက်လမ်းဆရာ၊ ပယောဂဆရာများက နတ်ပူးသော ဝေဒနာရှင်များကို ရောဂါကုသသည့်အခါ ဤအကကို တွေ့ရှိရသည်။ ပယောကဂဆရာသည် နတ်ကိုခေါ်ယူ ရောဂါကုသရန် Añth ခေါ်သော ကပွဲတစ်ပွဲကို ဆင်နွှဲလေ့ရှိသည်။ ထိုပွဲတွင် ဆရာဖြစ်သူက ပရိသပိတ်ထောင်ကာ မန္တယာများရွတ်ဖတ်လျက် ဗုံတီးခတ်သည်။ Gasa ဟုခေါ်သော ပယောဂဆရာ၏ တပည့် တစ်ယောက်က ထ ကရသည်။ ကဟန်မှာ လက်နှစ်ဖက်အုပ်ချီကာ တဆတ်ဆတ် တုန်ခါလျက် တစ်ကိုယ်လုံး ယိုင်လဲ ရစ်ပတ်ကာ အကကို အစချီရသည်။ တဖြေးဖြေး လက်ဆန့်၊ လက်လည် စသည်ဖြင့် ခုန်ပေါက်လှုပ်ရှားရသည်။ ကိုယ်လက်တုန်ခါမှုက ကကြိုးတေးလုံးနှင့် တိုက်ရိုက်အချိုးကျသည်။ တစ်ခါတလီ ဟန်ချမညီဖြစ်တတ်သည်။ 

ဤအကသည် စိတ်ကိုအင်မတန် လှုပ်ရှားစေသည်။ ဂါဆာ့နာစ်သည် ပယောဂဆရာ၏ မန္တယာကြောင့် အလိုအလျောက် ကဟန်ဖြစ်လာသည်ဟု ဆိုကြသည်။ ဤကဟန်ကို ဂုလ်တာစ် အကတွင်လည်း တစ်ခါတစ်လေ ရောထွေး တွေ့ရတတ်သည်။ ပယောကဆရာ၏ အင်းဌ်ပွဲ ရှိလျှင် ဤအကကို မုချပင် တွေ့ရမည် ဖြစ်ပါသည်။ 

         ရိုဟင်ဂျာစာပေ ရိုးရာယဉ်ကျေးမှုအနုပညာတို့ကိုသည် ကမ္ဘာတည်သရွေ့ တည်တံ့ပါစေ။ ©© 

         — လူထုဝဏ္ဏ 

            (၁၃-၂-၂၀၂၁)

(စာဖတ်သူပရိသတ်တို့သည် ရှေးရိုးရာယဉ်ကျေးမှု အနုပညာနှင့်ပတ်သတ်၍ တစ်စုံတစ်ရာ သိရှိပါက စာရေးသူ၏ ပေ့ခ်ျတွင်လည်းကောင်း၊ စာရေးသူနှင့်တိုက်ရိုက်သော်လည်းကောင်း မျှဝေ၍ ရိုဟင်ဂျာစာပေ အနုပညာ ဖော်ထုတ်ရာတွင် တစ်ဖက်တစ်လမ်းက ကူညီပံ့ပိုးပါရန် မေတ္တာရပ်ခံအပ်ပါသည်။)  


Tuesday, March 29, 2022

၁၀။ ဂူရာဖီရား [Gura Fira]


 ၁၀။ ဂူရာဖီရား [Gura Fira]

ရေးသူ-       ရိုဟင်လေး



မုန့်ပဲသရေစာနဲ့ ဝေဆာနေတဲ့ ရိုဟင်ဂျာလူမျိုးတို့ရဲ့ အစားအစာတွေမှာ ဂူရာဖီရားကလည်း လူတိုင်းကြိုက် အသည်းစွဲမုန့်တစ်မျိုးဖြစ်တယ်။ ဂူရာဖီရာကတော့ မုန့်လက်ဆောင်းနဲ့ ခပ်ဆင်ဆင်တူတယ်။ ဒါပေမဲ့ လုပ်ပုံလုပ်နည်းတော့ မတူပါဘူး။ မုန့်အဖတ်တွေ အသေးစားလေးမျိုးဖြစ်တာမို့ ဂူရာဖီရားလို့ နာမည်တွင်လာတာ ဖြစ်တယ်။ မုန့်အဖတ်တွေကို သကြားရည်ထဲနစ်ကာ စားရတဲ့ မုန့်ချိုတစ်မျိုးဖြစ်တယ်။ ဒီမုန့်ကို ရာသီမရွေးစားနိုင်တယ်။ ပျော်ပွဲရွှင်ပွဲတွေမှာလည်း လုပ်စားကြတယ်။ ဆမိုက်မုန့် မပေါ်သေးမီကာလတွင် အီးဒ်ပွဲတော်၌ ဂူရာဖီရားကို အဓိက ပြုလုပ်သုံးဆောင်လေ့ရှိကြသည်။


ဂူရာဖီရား လုပ်ပုံလုပ်နည်း အဆင့်ဆင့်ကို ဆွေးနွေးကြရအောင်။ ဂူရာဖီရား လုပ်တော့မယ်ဆိုရင် လိုအပ်တဲ့ပစ္စည်းတွေကတော့-

၁) ဆန်မှုန့်ညက် 

၂) သကြား

၃) အုန်းသီး

၎) မြေပဲ

၅) နို့

၆) ဆား

၇) စမုန်စပါး

၈) ရေ

စတာတွေ ဦးစွာ စုဆောင်းရတယ်။ အခြေခံကုန်ကြမ်းတွေ အဆင့်အသင့် ဖြစ်နေပြီဆိုရင် တစ်ဆင့်စီ ပြင်ဆင်ရတယ်။ ဆန်မှုန့်ရအောင် အရင်လုပ်ရမယ်။ ဆန်ကို ဒဲန်း ခေါ်တဲ့ ခြေနှင်းမောင်းနဲ့ဖြစ်စေ၊ ဆုံနဲ့ဖြစ်စေ ထောင်းပြီးတော့ ဆန်မှုန့်လုပ်ရတယ်။ ယခုခေတ်မှာဆိုရင် အဲ့လောက် အားကုန်ပင်ပန်းစရာ မလိုတော့ဘူး။ ကြိတ်စက်တွေနဲ့ အလွယ်တကူ လုပ်ယူလို့ ရတာကိုး။ ဆန်မှုန့်မှာ ကောက်ညှင်းဆန်မှုန့် နည်းနည်းရောပေးလိုက်ရင် ပိုပြီးတော့ ကောင်းတာပေါ့။ စားရတာ အရသာပိုရှိတယ်။ ဆန်မှုန့်ရပြီဆိုရင် ရေနွေးထည်ရတယ်။ ကဲ ရေနွေးဆူလာပြီးဆိုရင် ဆန်မှုန့်တွေကို အနည်းငယ်စီ ထည့်လိုက်တော့။ ဆန်မှုန့်အနည်းထည့် မွေလိုက်၊ ထပ်ထည့် မွေလိုက်.. ဒီလိုနဲ့ ဆန်မှုန့်တွေ စေးကပ်လာအောင် မွေပေးရတယ်။ ဆားလည်း အစပ်တည့်သလောက် ထည့်ပေးရတယ်။ အဲဒီ ဆန်မှုန့်တွေကို အကျိတ်အခဲမရှိစေအောင် ပွတ်သပ်ပေးရတယ်။ ဒီလို ဖိသပ်ပေးရင်းနဲ့ အဆံအခဲမရှိ ပျော့ပျောင်းလာပြီဆိုရင် "ဟိုင်" ရလာပြီပေါ့။ 

ဟိုင်ကိုတစ်ခါ လက်ကလေးနဲ့ ပွတ်သပ်လိမ့်ပြီးတော့ အချောင်းရှည်ရှည်ဆွဲပေးရတယ်။ လက်နဲ့ ကပ်မသွားအောင် ဆန်မှုန့်ခြောက် ကိုင်ပေးရတာပေါ့။ ဖြည်းဖြည်းလေး လိမ့်လည်ပြီးတော့ အချောင်းကလေး ပုံစံဖြစ်လာအောင် လုပ်ရတယ်။ အဲ့ဒါကို တစ်ခါ တစ်လေက်မလောက်စီ စိပ်ပေးရတယ်။ ဓားနဲ့ စိပ်လို့တော့ မရဘူးနော်။ အဖတ်တွေ အစွန်းနှစ်ဖက်ချွန်လာအောင် လက်ဝါးနဲ့ တလိမ့်လိမ့် စိပ်ပေးရတာပေါ့။ အချောင်းကို လက်အောက်မှာထား၊ နည်းနည်းဖိရင်း ရှေ့ကိုတွန်းရုန်းလိုက်ရင် အစွန်းနှစ်ဖက်ချွန်းတဲ့ မုန့်ဖတ်ရလာမယ်။ (ပုံမှာ မြင်ရတဲ့အတိုင်းပေါ့) မုန့်ဖတ်စိမ်းတွေ ရသွားပြီးဆိုရင် အပေါင်ခံရတယ်။ မှုန့်ဖတ်ကျက်လာရင် ပြီးသွားပြီ။ အအေးခံထားလိုက်တော့။ နောက်အဆင့်တွေ ဆက်လုပ်ရအောင်…



နောက်တဆင့်မှာ သကြားရည် (ရာပ်) လုပ်ရမှာပေါ့။ သကြားရည်ကို ထန်းလျက်နဲ့ပဲ လုပ်ကြတယ်။ ထန်းလျက်ကို ရေအချိုးအဆညီအောင်ထည့်ပြီတော့ ကျိုပေးရမယ်။ ထန်းလျက်တွေ အရည်ဖြစ်ကုန်ပြီ ဆိုရင် ထန်းလျက်ရည်ကိုသေချာ စစ်ပေးလိုက်။  နွားနို့ထည့်ပေးရတယ်။ နွားနို့လည်း မိမိလုပ်တဲ့ မုန့်ဖတ်ပမာဏကိုကြည့်ပြီးတော့ လိုသလောက် ထည့်ပေးရတယ်။ ဒီမှာ သတိထားရမယ့်ဟာက မုန့်တွေ အရည်ထဲ လုံးဝနစ်မြုပ်သွားနိုင်အောင် အရည်ထည့်ရမယ်။ ပြီးတော့ ဆားနည်းနည်း ခပ်ထည့်၊ စမုန်စပါး နည်းနည်းထည့်လိုက်တော့။ အများကြီးတော့ မထည့်လိုက်နဲ့ အရည်ခါးသွားနိုင်တယ်။ မြေပဲ လှော်ထားတဲ့ဟာကိုထည့်။ မီးအေးအေးနဲ့ ခဏတင်ထားမယ်။ မုန့်ဖတ်တွေ အကုန်လုံး သကြားရည်ထဲ ထည့်လိုက်ပေါ့။ မုန့်ဖတ်တွေ ၅ မိနစ်လောက် မီးပေါ်တင်ထားရတယ်။ ကျက်သွားပြီးဆိုရင် မုန့်အသင့်ဖြစ်နေပြီ။ 



မုန့်အရသာကို ကဲလွန်စေအောင် အုန်းသီးခြစ်တွေ ကျဲပေးရတယ်။ မိမိစီစဉ်ထားတဲ့ အုန်းသီးကို ကြိုတင်ခြစ်ထားရတယ်။ ခြစ်ထားတဲ့ အုန်းဆံတွေကို မုန့်ခွက်ထဲမှာ ကျဲထည့်လိုက်ပေါ့။ အုန်းဆံတွေကို တစ်ခါတည်း အိုးထဲ ထည့်ရောနိုင်သလို မှုန့်ခွက်မှာလည်း ကျဲထည့်နိုင်တယ်။ ကြည့်ရတာကောင်းသလို စားရတာ ပိုကောင်းတာတော့ပေါ့။ အုန်းရေကို သကြားရည်မှာ ရော့ထည့်ရင် ပိုကောင်းတယ်။ အားလုံး အဆင်အသင့် ဖြစ်ပြီးဆိုရင် မိသားစုနဲ့ ဝိုင်းထိုင်စားကြပေါ့။ ရိုဟင်ဂျာရိုးရာအစားအစား ဂူရာဖီရားရဲ့ အရသာကို မြိန်းကြည့်လိုက်တော့။  


— ရိုဟင်လေး

၂၂-၃-၂၀၂၂

Tuesday, March 15, 2022

သတို့သား ရေချိုးသင်္ကြန်ယင်ပွဲမင်္ဂလာ

 


သတို့သား ရေချိုးသင်္ကြန်ယင်ပွဲမင်္ဂလာ

ရိုဟင်ဂျာ ရိုးရာထိမ်းမြှားမင်္ဂလာဆောင်ပွဲသည် ကိုယ်ပိုင်ရိုးရာဓလေ့များနှင့် အထူးခမ်းနားလှသည်။ ရှေးဓလေ့ထုံးတမ်းများလည်း ကျယ်ပြောလှသည်။ ရှေးခေတ်ကပင် လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့သော ဓလေ့များအနက် မင်္ဂလာဆောင်ပွဲအကြို သတို႔သား ရေချိုးပွဲမင်္ဂလာကို ကျင်းပလေ့ရှိသည်။ သာမန်ရေချိုးပေးရုံနဲ့ မဟုတ်ဘဲ အစဉ်အလာဓလေ့များကိုလည်း မြတ်မြတ်နိုးနိုးပြုလုပ်လေ့ရှိသည်။ ရိုးရာ ရေချိုးသင်္ကြန်ယင်သီချင်း အစ အခြားထုံးထမ်းများကို စနစ်တကျ ပြုလုပ်ကြသည်ကို အောက်ပါ ရုပ်သံဖိုင်၌ အသေးစိတ် ရိုက်ကူးမှတ်တမ်းတင်ထားသည်။ ဤပို့စ်သည် ရိုဟင်ဂျာရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းလိုသည့်အပြင် ရိုဟင်ဂျာဓလေ့ထုံးစံ အစဉ်အလာတို့ကို လေ့လာနေသော သူတို့အတွက် တစ်ထောင့်တစ်နေရာက အသုံးဝင်ပါလိမ့်မည်ဟု ယုံကြည်ပါသည်။

ရိုဟင်ဂျာ မင်္ဂလာဆောင်ပွဲအကြို သတို႔သားရေချိုးသင်္ကြန်ယင်ပွဲကို ရွာဦး  ရေကန်၊ ချောင်းမြောင်းရှိသော တစ်နေရာ သို့မဟုတ် အိမ်အပြင်ဘက် တစ်နေရာတွင် ငယ်ဖော်သူငယ်ချင်းများက ဦးဆောင်ပြုလုပ်လေ့ရှိသည်။ မိဘများမှ ဦးစွာခွင့်ပြုချက်ယူပြီး စတင်လေ့ရှိသည်။ ရေအိုးမှအစ ရေချိုးသင်္ကြန်ယင်ရာတွင် လိုအပ်သော ပစ္စည်းများအားလုံးသည် သစ်လွင်သော ပစ္စည်းများဖြစ်ရသည်။ ရေကို အိုးနှင့်ထည့်ယူကာ အိုးဝတွင် ပန်းမန်များနှင့် သရက်ခိုင်နုများ၊ သပြေခိုင်များဖြင့် ဖုံးအုပ်ထားရသည်။ ရေအိုများ မကိန်းနှင့် ဖြည့်ရသည်။ ၃ အိုး- ၅ အိုး- ၇ အိုး စသည်ဖြင့်။ မွေးနံသာ၊ ဆပ်ပြာ၊ နနွင်း၊ အဝတ်အစားအသစ်များကို လောင်ပန်းတစ်ခုနှင့် ထည့်ယူကာ ပန်းမန်နံသာတို့နှင့် ဆင်ယင်ထားရသည်။ အခြား လောင်ပန်းကြီးတစ်ခုတွင် ဆန်၊ ကြက်ဥ၊ နတ်ပေါက်ပန်း၊ ကွမ်းရွက်၊ ကွမ်းသီး၊ မီးတိုင်တို့နှင့် ဆင်ယင်ရသည်။ နတ်တို့၏ ပယောဂမှ ကာကွယ်ရန် ရည်ရွယ်သည်။ 

သတို႔သားလောင်းကို ခုံပြားငယ်တစ်ခုတွင် အနောက်ဘက်ကို မျက်နှာမူ၍ ထိုင်စေသည်။ ရေချိုးပေးရာအရပ်သည် အရှေ့တောင်အရပ် (Oinor Kuna) မဖြစ်စေရ။ သတိုးသားလောင်းက Bismillah ရွတ်ဆိုပြီး ဦးစွာ မိမိကိုယ်တိုင် မျက်နှာသစ်ရသည်။ လက်တောင်တံဆစ်ထိ၊ ခြေမျက်စိအထိ ဆေးကြောရသည်။ ဝဇူပြုခြင်းပင်ဖြစ်သည်။ ရေချိုးပေးချိန်တွင် သတို႔သားလောင်း၏ ကိုယ်တွင် ဆတရ်(ချက်မှ ဒူးဆစ်အောက်) မလုံသော အဝတ်အစားများမရှိစေရ။ ဆိုလိုသည်မှာ ဒူးပေါ်သော အဝတ်အစားမဝတ်ရ။ သူငယ်ချင်း တစ်ယောက်က ညာဘက်မှ စတင်ရေဖြန်းပေးသည်။ နောက်တစ်ယောက်က ဘယ်မှ ရေဖြန်းပေးသည်။ ထိုပွဲတွင် ရောက်ရှိနေသော သူငယ်ချင်း၊ ညီကို တို့ကလည်း ရေတစ်ဖလားစီ လောင်းပေးလေ့ရှိသည်။ ဤသို့ဖြင့် သင်္ကြန်ယင်ကြသည်။

ရေချိုးပြီးသောအခါ ရိုဟင်ဂျာရိုးရာ အဝတ်အစားနှင့် လိုက်ဖက်သော သတို႔သားအဆောင်အယောင်တို့ကို ဝတ်ဆင်ပေးကြသည်။ ဤနေရာတွင်လည်း သူငယ်ချင်းများကပင် ဝိုင်းကူ တန်ဆာဆင်ပေးကြသည်။ နံသာကုမံတို့ကို ကြိုင်သင်းအောင် လိမ်းပေးသည်။ သတို႔သားလောင်း ရေချိုးခဲ့သော အဝတ်အစားအစိုအစွတ်ကို တူမလေးများက လျှော်ပေးလေ့ရှိသည်။ ထိုအဝတ်အစား လျှော်ပွက်သူတို့ကို သတို႔သားလောင်းက သူတို့ ကျေနပ်သော ဆုငွေလက်ဆောင်ပေးရသည်။ 

ဤပွဲတွင် အရွယ်ရောက်မိန်းကလေးများ လာရောက်ကြည့်ရှူခွင့်မရှိချေ။ သူတို့သားလောင်းရေချိုးနေစဉ် သူငယ်ချင်းအချို့က သင်္ကြန်ယင်မင်္ဂလာတေးကို တစ်ညံညံ ရွတ်ဆိုလေ့ရှိသည်။ ဗုံ၊ လင်းကွင်းတို့ကိုလည်း တီးခတ်ကြသည်။ လူငယ်တို့ဘာဝအလျှောက် သတို႔သားကို အမျိုးမျိုး နောက်ပြောင်တတ်ကြသည်။ တေးများကိုလည်း မိဘနှင့် အိမ်သူအိမ်သားတို့ကို လွမ်းဆွတ်ဖွယ်ရာ စကားများ၊ သမီးရည်းစားနောက်တောက်နောက်တီး ရယ်ပြုံးဖွယ်စကားလုံးများနှင့် ဖွဲ့ဆိုကြသည်။ သတိုးသားလောင်းလည်း ငိုတလှည့်ပြုံးတလှည့်နှင့် ကြည်နူးဖွယ်ကောင်းသော မြင်ကွင်း ဖြစ်ပေါ်လာသည်။ ရွာရှိကလေးသူငယ်တို့က ဝန်းရံလို့ ပျော်ရွှင်ဖွယ်ကောင်းကောင်းသော ရိုးရာပွဲတစ်ခုဖြစ်ပေသည်။


လူထုဝဏ္ဏ

(၁၂-၁-၂၀၂၂)


မှတ်ချက်။        ။ ဤရုပ်သံကို ကျောက်တော်၌ ရိုက်ကူးထားခြင်းဖြစ်သည်။ အခြားဝပ်ဆိုက်တစ်ခုမှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။



Wednesday, January 19, 2022

သြော်လီ ရိုဟင်ဂျာသားချော့တေး



 ရိုဟင်ဂျာသားချော့တေး 

လူမျိုးတိုင်းမှာ သူ့နည်းသူဟန်နဲ့ သားချော့တေး ဆိုတာရှိတယ်။ ကလေးတွေရှိတော့ ကလေးတွေကို ချော့သိပ်ရတာကိုး။ ဒါနဲ့ မိခင်တွေက သားလေး နားဝင်ချိုအောင်၊ လိမ္မာလာအောင် စကားတွေဖွဲ့ကာ တေးသီချင်းပုံစံနဲ့ ဆိုပြရတယ်။ ဒီကနေ သားချော့တေးဖြစ်လာတာပေါ့။ သားချော့တေးကို မူလဖန်တီးတဲ့ ကလောင်ရှင်မှာ မိခင်တွေပဲဖြစ်ပါတယ်။ သားချော့တေးဟာ အပြောသာရှိတဲ့ တေးဖြစ်ပါတယ်။ နောက်မှ မိမိတို့ရဲ့ အစဉ်အလာ ဓလေ့ထုံးစံတွေကို ထိန်းသိမ်းရန် စာတွေနဲ့ မှတ်တမ်းတင် ထိန်းသိမ်းလာကြတာ ဖြစ်ပါတယ်။


ဒီဆောင်းပါးမှာ ရိုဟင်ဂျာသားချော့တေးကို မိတ်ဆက်ပေးပါမယ်။ သားချော့တေးကို ရိုဟင်ဂျာတွေက အော်လီလို့ခေါ်ပါတယ်။ အော်လီရဲ့ တိုက်ရိုက်အဓိပ္ပာယ်မှာ "သိပ်ချော့ခြင်း"ဖြစ်တယ်။ သားကို သိပ်ချော့တာကို အော်လီဒေ လို့ ခေါ်ကြတယ်။ ဒီ ဪလီသားချော့တေးကတော့ အညာဖြစ်ဖြစ်၊ မြို့ပြဖြစ်ဖြစ် သားလေးမီးလေးတွေ ရှိရင် ဆိုကြတာပဲ။ တစ်ခုထူးခြားတာက ဒီဪလီသားချော့တေးကို နှုတ်တက်ဆောင်ပြီးတော့ ရွတ်ဆိုစရာမလိုပါဘူး။ ငယ်ငယ်တုန်းက ကိုယ့်မိခင်က ညီငယ်နှမငယ်တွေကို သိပ်ချော့တဲ့အခါ ကြားရာကနေ တတ်လာကြတာပဲ။ မိမိကိုယ်တိုင် မိခင်လောင်းဘဝ ရောက်တဲ့အခါမှာတော့ ဟော့ဒီ မှတ်မိသလောက်ကို ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင် တခြားစကားအဖွဲ့တွေနဲ့ ဆက်ပြီးတော့ ဆိုပြတာဖြစ်ပါတယ်။ အများအားဖြင့်    အတွေးထဲရောက်တာကို ကောက်ဆိုပြလိုက်တတ်တယ်။


Taa Taa, Taa Taa


Taa Taa, Taa Taa

Nanarór barit zaa

Naniye diyé Hoñla mula

Duwarot bocí háa

Nanaye dilé lorir gúta

Híkai híkai háa


Tor nanattú tiyan foicá

Hoduun asé saa.

- Osin , Oli


မြန်မာဘာသာပြန်

တာတာ တာတာ

တာတာ  တာတာ

ဖိုးဖိုးအိမ်ကို အလည်သွား

ဖွားဖွားပေးတဲ့ ပေါက်ပေါက်ဆုပ်တွေ

အိမ်ပေါက်ဝမှာ ထိုင်လို့စား။

 

ဖိုးဖိုးက တောင်ဝှေးနဲ့တို့

တရှိုက်ရှိုက်ငိုရင်း အဝစား။


ဖိုးဖိုးမှာ ပိုက်ဆံအကြွေစေ့

ဘယ်လောက်များလဲ ကြည့်ပါလား။


ဒီသားချော့တေးရဲ့ ဖွဲ့ဆိုပုံကလည်း ပုံသေကျတယ်။ တစ်ချို့ကျတော့ ပုံမမှန်တာလည်း တွေ့ရတယ်။ အထူးသဖြင့် ရှေးကျတဲ့ သားချော့တေးတွေဟာ ပုံသေကာရန်နဲ့ ဖွဲ့ဆိုလေ့ရှိပါတယ်။ အင်္ဂါရပ်ကတော့ ချော့မော့ညင်သာတဲ့ မြည်သံတစ်သံနဲ့ အစချီရတယ်။ ဒါကတော့ မဖြစ်မနေပါရတဲ့ အချက်ပဲ။ ရှေးသားချော့တေးတွေမှာ ပါဝင်လေ့ရှိတဲ့ စာသားအင်္ဂါရပ် သုံးချက်တွေ့ရတယ်။ သူတို့က သားသမီးတွေ စကားကြွယ်ပြီး လိမ္မာလာအောင် အဓိကထား ထည့်သွင်းပေးတာပေါ့။ ကာရန်ချိတ်တယ်။ အသွား နားဝင်ချိုတယ်။ ပညာသားလည်းပါတယ်။ 

အခုလေ့လာနေတဲ့သားချော့တေးမှာလည်း စကားလုံး ၄-၃ နဲ့ သပ်သပ်ရပ်ရပ် ကာရန်ချိတ်ထားတာ တွေ့ရပါမယ်။ အပိုဒ်တိုင်းရဲ့ ပိုဒ်ဆုံးကာရန်လည်း တူတယ်။ အသွားလည်း ချော့တာပေါ့။ 

ဒီတေးကဗျာရဲ့ ဆိုပုံကတော့ ငိုကြွေးပူဆာနေတဲ့ ရင်သွေးငယ်ကို အငိုတိတ်အောင် သိပ်ချော့ပေးနေတာပေါ့။ ဒီသားချော့တေးဆိုနေတုန်းမှာ အမေဖြစ်သူက ရင်သွေးငယ်ရဲ့လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး တာတာ၊ တာတာ မြည်သံပြုရင်း လက်ခုပ်တီးတဲ့သဏ္ဍာန် လုပ်ရပါတယ်။ ခပ်ပျော့ပျော့ပေါ့နော်။ စာသားမှာတော့ အဘိုးအဘွားအိမ်ကို အလည်အပတ်သွားတာ၊ ထန်းလျက်ရည်နဲ့ လုပ်ထားတဲ့ စားစရာတွေစားတာ၊ ရင်သွေးငယ်ကို သွေးဆောင်ကာ ပညာဘက်ကို ယိမ်းယိုင်အောင်လုပ်တာ စတာတွေကို စိတ်ဝင်းစားဖွယ်တွေ့ရတယ်။ ပြီးတော့ အဘိုးအိုနဲ့ မြေး ယုယုယယ ချစ်စဖွယ် စတာနောက်တာ သဘာဝကိုလဲတွေ့ရတယ်။ 

မြေးတွေအပေါ်ထားရှိတဲ့ အဘိုးအဘွားရဲ့ မေတ္တာတရားက အင်မတန် ကြည်နူးဖွယ်ရာကောင်းလှတယ်။ Natir lá Háñti móré ဆိုရိုးအတိုင်း တစ်ယောက်ကိုတစ်ယောက် အသည်းခိုက်အောင် ချစ်ခင်ကြတယ်။ ဒီတော့ ဒီအဘိုးအဘွားအိမ် အလည်သွားတယ်ဆိုတာ ရင်ခုန်စရာ အခါသမယတစ်ခုပါပဲ။ အဘိုးအိမ်ကို အလည်သွားပါ့မယ် လို့ ဒီသားချော့တေးက ဆိုပါတယ်။ အဘွားက ထုတ်ကျွေးမယ့် ပေါက်ပေါက်ဆုပ်တွေလဲ အဝစားရမှာပေါ့။ ဒီီီနေရာမှာတော့ အဲ့ဒီခေတ်က Hoñlá mulá ဆိိုတဲ့ ထင်ရှားတဲ့ ပေါက်ဆုပ်မုန့်ကို တွေ့ရတယ်။ ထန်းလျက်နဲ့ ပေါက်ပေါက်ကို ဆုပ်ပြီးတော့လုပ်တဲ့ မုန့်ချိုမို့ ကလေးတွေရဲ့ အသည်းစွဲပေါ့။ 

ဖိုးဖိုးမှာ ကြွေပြားစေ့ ဘယ်လောက်များလဲ ကြည့်ခိုင်းတာက ရင်သွေးငယ်ကို ပညာလဲသင်ပေးနေတာလို့ ယူဆနိုင်ပါတယ်။ မိခင်ဖြစ်သူက ကြွေးစေ့တွေနဲ့ ရင်သွေးငယ်ကို တစ်၊ နှစ်၊ သုံး၊ လေး ... စသည်ဖြင့် လက်ချိုးရေတွက်ပြလေ့ရှိတယ်။ ပြီးတော့ ပြန်မေးတယ်။ ရင်သွေးက သုံး ဒါမှမဟုတ် လေး စသည်ဖြင့် ပြန်ဖြေတာပေါ့။ မမှတ်မိရင် မိခင်ဖြစ်သူက ပြန်အတွက်ပေါ်ပေးတယ်။ ဒါနဲ့ သားအမိ ပျော်ရွှင်ဖွယ်ရာ စကားတမ်းတစ်ပွဲလဲ ဖန်တီးလိုက်တာပါပဲ။ 

ဒီတေးဟာ ရှေးကျတဲ့တေးတစ်ပုဒ်ဆိုတာ ထင်ရှားတယ်။ ငွေစက္ကူတွေမပေါ်ခင် ပြားစေ့ သုံးတဲ့ခေတ်ကလို့ ဆိုနိုင်ပါတယ်။ ရှေးအညာဒေသရဲ့ ပတ်ဝန်းကျင်အခြေအနေ၊ လူနေမူအဆင့်အတန်း၊ လူတို့ရဲ့ စိတ်နေစိတ်ထားတွေကိုလဲ တွေ့ရပါတယ်။


Poem reference : The Art Garden Rohingya