Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, March 15, 2022

သတို႔သား ရေချိုးသင်္ကြန်ယင်ပွဲမင်္ဂလာ

 


သတို႔သား ရေချိုးသင်္ကြန်ယင်ပွဲမင်္ဂလာ

ရိုဟင်ဂျာ ရိုးရာထိမ်းမြှားမင်္ဂလာဆောင်ပွဲသည် ကိုယ်ပိုင်ရိုးရာဓလေ့များနှင့် အထူးခမ်းနားလှသည်။ ရှေးဓလေ့ထုံးတမ်းများလည်း ကျယ်ပြောလှသည်။ ရှေးခေတ်ကပင် လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့သော ဓလေ့များအနက် မင်္ဂလာဆောင်ပွဲအကြို သတို႔သား ရေချိုးပွဲမင်္ဂလာကို ကျင်းပလေ့ရှိသည်။ သာမန်ရေချိုးပေးရုံနဲ့ မဟုတ်ဘဲ အစဉ်အလာဓလေ့များကိုလည်း မြတ်မြတ်နိုးနိုးပြုလုပ်လေ့ရှိသည်။ ရိုးရာ ရေချိုးသင်္ကြန်ယင်သီချင်း အစ အခြားထုံးထမ်းများကို စနစ်တကျ ပြုလုပ်ကြသည်ကို အောက်ပါ ရုပ်သံဖိုင်၌ အသေးစိတ် ရိုက်ကူးမှတ်တမ်းတင်ထားသည်။ ဤပို့စ်သည် ရိုဟင်ဂျာရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းလိုသည့်အပြင် ရိုဟင်ဂျာဓလေ့ထုံးစံ အစဉ်အလာတို့ကို လေ့လာနေသော သူတို့အတွက် တစ်ထောင့်တစ်နေရာက အသုံးဝင်ပါလိမ့်မည်ဟု ယုံကြည်ပါသည်။

ရိုဟင်ဂျာ မင်္ဂလာဆောင်ပွဲအကြို သတို႔သားရေချိုးသင်္ကြန်ယင်ပွဲကို ရွာဦး  ရေကန်၊ ချောင်းမြောင်းရှိသော တစ်နေရာ သို့မဟုတ် အိမ်အပြင်ဘက် တစ်နေရာတွင် ငယ်ဖော်သူငယ်ချင်းများက ဦးဆောင်ပြုလုပ်လေ့ရှိသည်။ မိဘများမှ ဦးစွာခွင့်ပြုချက်ယူပြီး စတင်လေ့ရှိသည်။ ရေအိုးမှအစ ရေချိုးသင်္ကြန်ယင်ရာတွင် လိုအပ်သော ပစ္စည်းများအားလုံးသည် သစ်လွင်သော ပစ္စည်းများဖြစ်ရသည်။ ရေကို အိုးနှင့်ထည့်ယူကာ အိုးဝတွင် ပန်းမန်များနှင့် သရက်ခိုင်နုများ၊ သပြေခိုင်များဖြင့် ဖုံးအုပ်ထားရသည်။ ရေအိုများ မကိန်းနှင့် ဖြည့်ရသည်။ ၃ အိုး- ၅ အိုး- ၇ အိုး စသည်ဖြင့်။ မွေးနံသာ၊ ဆပ်ပြာ၊ နနွင်း၊ အဝတ်အစားအသစ်များကို လောင်ပန်းတစ်ခုနှင့် ထည့်ယူကာ ပန်းမန်နံသာတို့နှင့် ဆင်ယင်ထားရသည်။ အခြား လောင်ပန်းကြီးတစ်ခုတွင် ဆန်၊ ကြက်ဥ၊ နတ်ပေါက်ပန်း၊ ကွမ်းရွက်၊ ကွမ်းသီး၊ မီးတိုင်တို့နှင့် ဆင်ယင်ရသည်။ နတ်တို့၏ ပယောဂမှ ကာကွယ်ရန် ရည်ရွယ်သည်။ 

သတို႔သားလောင်းကို ခုံပြားငယ်တစ်ခုတွင် အနောက်ဘက်ကို မျက်နှာမူ၍ ထိုင်စေသည်။ ရေချိုးပေးရာအရပ်သည် အရှေ့တောင်အရပ် (Oinor Kuna) မဖြစ်စေရ။ သတိုးသားလောင်းက Bismillah ရွတ်ဆိုပြီး ဦးစွာ မိမိကိုယ်တိုင် မျက်နှာသစ်ရသည်။ လက်တောင်တံဆစ်ထိ၊ ခြေမျက်စိအထိ ဆေးကြောရသည်။ ဝဇူပြုခြင်းပင်ဖြစ်သည်။ ရေချိုးပေးချိန်တွင် သတို႔သားလောင်း၏ ကိုယ်တွင် ဆတရ်(ချက်မှ ဒူးဆစ်အောက်) မလုံသော အဝတ်အစားများမရှိစေရ။ ဆိုလိုသည်မှာ ဒူးပေါ်သော အဝတ်အစားမဝတ်ရ။ သူငယ်ချင်း တစ်ယောက်က ညာဘက်မှ စတင်ရေဖြန်းပေးသည်။ နောက်တစ်ယောက်က ဘယ်မှ ရေဖြန်းပေးသည်။ ထိုပွဲတွင် ရောက်ရှိနေသော သူငယ်ချင်း၊ ညီကို တို့ကလည်း ရေတစ်ဖလားစီ လောင်းပေးလေ့ရှိသည်။ ဤသို့ဖြင့် သင်္ကြန်ယင်ကြသည်။

ရေချိုးပြီးသောအခါ ရိုဟင်ဂျာရိုးရာ အဝတ်အစားနှင့် လိုက်ဖက်သော သတို႔သားအဆောင်အယောင်တို့ကို ဝတ်ဆင်ပေးကြသည်။ ဤနေရာတွင်လည်း သူငယ်ချင်းများကပင် ဝိုင်းကူ တန်ဆာဆင်ပေးကြသည်။ နံသာကုမံတို့ကို ကြိုင်သင်းအောင် လိမ်းပေးသည်။ သတို႔သားလောင်း ရေချိုးခဲ့သော အဝတ်အစားအစိုအစွတ်ကို တူမလေးများက လျှော်ပေးလေ့ရှိသည်။ ထိုအဝတ်အစား လျှော်ပွက်သူတို့ကို သတို႔သားလောင်းက သူတို့ ကျေနပ်သော ဆုငွေလက်ဆောင်ပေးရသည်။ 

ဤပွဲတွင် အရွယ်ရောက်မိန်းကလေးများ လာရောက်ကြည့်ရှူခွင့်မရှိချေ။ သူတို့သားလောင်းရေချိုးနေစဉ် သူငယ်ချင်းအချို့က သင်္ကြန်ယင်မင်္ဂလာတေးကို တစ်ညံညံ ရွတ်ဆိုလေ့ရှိသည်။ ဗုံ၊ လင်းကွင်းတို့ကိုလည်း တီးခတ်ကြသည်။ လူငယ်တို့ဘာဝအလျှောက် သတို႔သားကို အမျိုးမျိုး နောက်ပြောင်တတ်ကြသည်။ တေးများကိုလည်း မိဘနှင့် အိမ်သူအိမ်သားတို့ကို လွမ်းဆွတ်ဖွယ်ရာ စကားများ၊ သမီးရည်းစားနောက်တောက်နောက်တီး ရယ်ပြုံးဖွယ်စကားလုံးများနှင့် ဖွဲ့ဆိုကြသည်။ သတိုးသားလောင်းလည်း ငိုတလှည့်ပြုံးတလှည့်နှင့် ကြည်နူးဖွယ်ကောင်းသော မြင်ကွင်း ဖြစ်ပေါ်လာသည်။ ရွာရှိကလေးသူငယ်တို့က ဝန်းရံလို့ ပျော်ရွှင်ဖွယ်ကောင်းကောင်းသော ရိုးရာပွဲတစ်ခုဖြစ်ပေသည်။


လူထုဝဏ္ဏ

(၁၂-၁-၂၀၂၂)


မှတ်ချက်။        ။ ဤရုပ်သံကို ကျောက်တော်၌ ရိုက်ကူးထားခြင်းဖြစ်သည်။ အခြားဝပ်ဆိုက်တစ်ခုမှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။



No comments:

Post a Comment