Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, December 22, 2022

ပင်လယ်သူရဲ ဘုရင်မ ဆိုက်ယေဒါဟ် အလ်-ဟူရ်ရာ (၁၄၈၅-၁၅၆၁)




_________________________________

ရေကြောင်းသင်္ဘောတွေကို လုယက်တိုက်ခိုက်တဲ့ မိုက်ရဲရဲ ပင်လယ်ဓားပြတွေကို ဟော်လီဝုဒ်ရုပ်ရှင်ကားတွေမှာ မြင်ဖူးမှာပါ။ ဒီဆောင်းပါးမှာ ဟော်လီဝုဒ် ဓားပြဂိုဏ်းဇာတ်လမ်းလို မိမိရဲ့ဝမ်းရေးအတွက် အပြစ်မဲ့လူတွေကို တိုက်ခိုက်လုယက်တာမဟုတ်ဘဲ မိမိရဲ့အမျိုး၊ သာသနာကို နှိပ်စက်ခဲ့တဲ့ အာဏာရှင်တွေရဲ့ မတရားအုပ်ချုပ်ရေးကို ဆန်ကျင်တော်လှန်တဲ့အနေနဲ့ ရန်သူကို ပစ်မှတ်ထား ရေကြောင်းစီးနင်းတိုက်ခိုက်ခဲ့သူ ရဲရင့်ကျော်စွာ အမျိုးသမီးတစ်ဦးအကြောင်းဖြစ်ပါတယ်။

သူကား ဥရောပရေပြင်ကို နာမည်နဲ့ ထစ်ချုန်းစေခဲ့တဲ့၊ ဥရောပတိုက်သားတွေကို ကြောက်ချေးပါအောင် တုန်လှုပ်စေခဲ့တဲ့ တစ်ဦးတည်းသော မွတ်စလင်အမျိုးသမီး ပင်လယ်သူရဲ ဘုရင်မ ဆိုက်ယေဒါဟ် ဟူရ်ရာ ဖြစ်တယ်။

သူ့ နာမည်အရင်းက Sayyida al-Hurra မဟုတ်ပါဘူး။ ဒါက သူ့ကို ချီးမြှင့်ထားတဲ့ ဘွဲ့ဂုဏ်ပုဒ်တစ်ခုဖြစ်ပါတယ်။ Sayyida ကတော့ Sayyid ရဲ့ ဣတ္ထိလိင်ဖြစ်ပြီး "သခင်မ" လို့ အဓိပ္ပါယ်ရကာ အလ်-ဟူရ်ရာ ကတော့ “ချီးမြှောက်ခံရသူ” ဟု အဓိပ္ပာယ်ရတယ်။ မင်းတစ်ပါးမဟုတ်ပေမယ့် လွတ်လပ်တဲ့အာဏာကို ကိုင်စွဲထားကာ အုပ်ချုပ်သူဖြစ်တာကြောင့် ထိုခေတ် အစဉ်အလာအရ သူမကို ပေးအပ်တဲ့ဘွဲ့ဖြစ်ပါတယ်။ ဒီဂုဏ်ပုဒ်တွေနဲ့ ဘွဲ့နာမည်ကို သူမကိုရည်ညွှန်းတဲ့နာမည်အဖြစ် သမိုင်းတစ်လျှောက် သုံးစွဲခဲ့တယ်။ နာမည်အရင်းကိုတော့ အသိရနည်းပါတယ်။ အချို့ ကိုးကားချက်အရ သူ့ နာမည်အရင်းမှာ လာလ္လား အာယေရှား ဖြစ်တယ်လို့ အဆိုရှိပါတယ်။

ဆိုက်ယေဒါဟ် အလ် ဟူရ်ရာကို အင်ဒိုလူးစီးယား (Andalusia) (ယနေ့စပိန်တောင်ပိုင်း) ရှိ ဂရေနာဒါ၌ ၁၄၈၅ ခုနှစ်တွင် မွေးဖွားခဲ့တယ်။ ဖခင်မှာ အာလီ ဘင် ရာရှစ် အာလ် အာလာမီ (Ali ibn Rashid al-Alami) ဖြစ်ပြီး ကိုယ်တော်မြတ်ရဲ့ အမျိုးအနွယ်မှ ဆင်းသက်လာသူဟု အချို့သမိုင်းပညာရှင်တွေက ဆိုပါတယ်။ ဆိုက်ယေဒါဟ်ရဲ့ မိခင်မှာ ခရစ်ယာန်ဘာသာဝင်ဖွား စပိန်လူမျိုးဖြစ်ပြီး ဖာနန်ဒက်ဇ် လို့ ခေါ်တွင်ရာ နောင်အခါ အစ္စလာမ်ဘာသာသို့ ကူးပြောင်းလာပြီးနောက် ဇိုဟ်ရာ ဖာနန်ဒက်ဇ် ဟု အမည်တွင်ခဲ့တယ်။ ဆိုက်ယေဒါဟ် အသက် ၇ နှစ်အရွယ်တွင် Castile ဘုရင်မ အီဇာဘေလ္လာ (Isabella)နဲ့ သူ့ခင်ပွန်းတော် Aragon ဘုရင် ဒုတိယမြောက် ဖာဒီနန် တို့က မွတ်စလင်လက်အောက်ခံ အင်ဒလူးစီးယားကို ပြန်လည်သိမ်းပိုက်ပြီးနောက် စပိန်ကျွန်းဆွယ်မှ မွတ်စလင်တွေကို အမျိုးမျိုး ဖိနှိပ်ရက်စက်၊ အတင်းအကျပ် နှင်ထုတ်နေတဲ့အခါမှာ ဆိုက်ယေဒါဟ်ရဲ့ မိသားစုလည်း အင်ဒလူးစီးယားမှ အသက်လုထွက်ပြေးခဲ့ရတယ်။ သူမ၏ ဘဝတစ်သက်တာလုံးတွင် ဆိုက်ယေဒါဟ်ဟာ သူရဲ့ မိသားစုကို သူ့ကလေးဘဝအိမ်မှ နှင်ထုတ်ခဲ့တဲ့ လူယုတ်မိစ္ဆာတွေအပေါ် အမြဲ အငြိုးထားခဲ့တယ်။

ဆိုက်ယေဒါဟ်တို့ မိသားစုဟာ မိုရိုကိုကမ်းရိုးတန်း ကုန်းတွင်းပိုင်းရှိ ချဲဖ်ချွန်ဒေသ (Chefchaouen) တွင် အခြေချနေထိုင်ခဲ့တယ်။ အဲဒီဒေသကို ၁၄၇၁ ခုတွင် ဆိုက်ယေဒါဟ်ရဲ့ဖခင်က ဒုက္ခသည် အခြေစိုက်စခန်းအဖြစ် စတင်တည်ထောင်ခဲ့တာဖြစ်တယ်။ စပိန်မှထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေဟာ အဲဒီနေရာတွင် ဖြည်းဖြည်းချင်း အခြေချနေထိုင်လာခဲ့တယ်။ ၎င်းဒေသကို ထူးခြားတဲ့နံရံဆေးပန်းချီအရိပ်တွေကြောင့် နောင်အခါ "အပြာရောင်ပုလဲ" (The blue Pearl) ဟု လူသိများတဲ့မြို့ဖြစ်လာခဲ့တယ်။ ဒီမြို့၌ပင် သူမရဲ့ ကျန်ရှိနေတဲ့ ငယ်ဘဝကို ဖြတ်သန်းခဲ့ရတယ်။ ထင်ရှားတဲ့ပုဂ္ဂိုလ်ရဲ့ သမီးတော်အနေနဲ့ ပညာသင်ကြားခွင့်ကိုလဲ ကောင်းစွာ ရရှိခဲ့တယ်။ သူမဟာ ဘာသာစကားများ၊ ဓမ္မသတ်ပညာ၊ သင်္ချာဘာသာရပ်နဲ့ အခြားဘာသာရေးရပ်တွေကိုလည်း လေ့လာဆည်းပူးခဲ့တယ်။ သူမရဲ့ ဆရာသမားတွေထဲမှာ ယနေ့ခေတ် ဆူဖီဂိုဏ်းတွင် ဂုဏ်ပြုချီးမြှောက်ခံရတဲ့ "မာရာကဲခ်ျရဲ့ သူတော်စင် ခုနစ်ပါး" ထဲမှတစ်ပါးဖြစ်တဲ့ အဗ္ဗဒူလ္လာ အလ်-ဂါ့ဇ်ဝမ်နီလည်း ပါဝင်ပါတယ်။

အချိန်ကာလတစ်ခုကြာမြင့်ပြီးနောက် ဆိုက်ယေဒါဟ်ဟာ တီတွန်မြို့စား အဘူဟာဆောင်း အလ် မာန်ဒါရီ (Abu Hassan al-Mandari) နဲ့ ထိမ်းမြားခဲ့တယ်။ အချို့အကိုးအကားအရ သူမဟာ ၁၅၁၀ ခန့်တွင် လက်ထပ်ခဲ့တယ်လို့ သိရတယ်။ အဘူဟာဆောင်းဟာ စပိန်မှထွက်ပြေးလာခဲ့တဲ့ မျိုးနွယ်စုတစ်ခုရဲ့ အကြီးအကဲဖြစ်တယ်။ မျိုးနွယ်စုအချင်းချင်း သံတမန်ရေး ခိုင်မာစေရန် အိမ်ထောင်ပြုခဲ့ခြင်းဖြစ်တယ်။ သူတို့ဟာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာနဲ့ လက်တွဲကာ တီတွန်မြို့(Tétouan) ကို တိုးတက်အောင် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တယ်။

ချဲဖ်ချွန်မြို့လို တီတွန်မြို့ကိုလည်း ခရစ်ယာန်တွေက ပြန်လည်သိမ်းပိုက်ထားတဲ့တိုင်းပြည်မှ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေက မြို့အဖြစ် ပြောင်းလဲခဲ့တဲ့ မိုရိုကိုရဲ့ အရေးပါးတဲ့ ဆိပ်ကမ်းခံတပ်ဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာဝင်တွေရဲ့ Castile တိုင်းပြည်က ရေကြောင်းသင်္ဘောတွေကို တိုက်ခိုက်တဲ့ မွတ်စလင်ပင်လယ်တိုက်ခိုက်ရေးသမားတွေရဲ့ အခြေစိုက်ရာ စခန်းဖြစ်လာခဲ့တာကြောင့် ၁၄၀၀ ဝန်းကျင်မှာ အဲဒီခံတပ်ကို ဖျက်ဆီးခဲ့တာဖြစ်တယ်။ ၁၄၈၄ ခုတွင် ဝတ္တဆစ် ဘုရင် Muhammad Ibn Yahya က စပိန်မှထွက်ပြေးလာတဲ့  မျိုးနွယ်စုခေါင်း Abu Hassan အား အဆိုပါနေရာကို ပေးသနားခဲ့တယ်။ သူက စပိန်တို့ရဲ့ တိုက်ခိုက်မှုကို တားဆီးရန် အနီးတစ်ဝိုက်တွင် ကျုံးတွေ ထားရှိခဲ့ပြီး နံရံအတွင်း အိမ်တွေ တည်ဆောက်ခဲ့တယ်။  Grand Mosque ပလီကိုလည်း တည်ဆောက်ခဲ့တယ်။ တီတွန်မြို့ကို ခံတပ်တစ်ခုမှ ကုန်သွယ်စည်ကားတဲ့ ဆိပ်ကမ်းမြို့အနေနဲ့ ပြောင်းလဲပေးခဲ့တယ်။  ဆိုက်ယေဒါဟ်နဲ့ အဘူဟာဆောင်း တို့က ဉာဏ်အား၊ လက်ရုံးအားနဲ့ တည်ထောင်ခဲ့တဲ့ ရှေးဟောင်း တီတွန်မြို့ အဆောက်အဦတွေကို ယနေ့ UNESCO က ကမ္ဘာ့အမွေအနှစ် နေရာတစ်ခုအဖြစ် ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။  

ဆိုက်ယေဒါဟ်ရဲ့ ခင်ပွန်းက သူမကို လက်အောက်ငယ်သားတစ်ဦးသာ သဘောမထားဘဲ သာတူညီမျှတဲ့ တွဲဖက်အုပ်ချုပ်သူအဖြစ် ဆက်ဆံခဲ့တယ်။ ဆိုက်ယေဒါဟ်ဟာ မိမိခင်ပွန်းထံမှ ခေါင်းဆောင်မှုပညာတွေ များစွာ ကိုယ်တွေ့သင်ယူခွင့်ရခဲ့တယ်။ ၁၅၁၅ ခုတွင် ခင်ပွန်းကွယ်လွန်တဲ့အခါ ခေါင်းဆောင်မှုအာဏာကို ဆိုက်ယေဒါဟ်က ဆက်ခံခဲ့ပြီး တီတွန်မြို့စားမင်း ဖြစ်လာခဲ့တယ်။ အဲဒီအချိန်မှစလို့ သူဟာ “Sayyida al-Hurra, Hakimit Titwan” ဆိုတဲ့ဘွဲ့နာမကို ခံယူလိုက်တော့တယ်။ အဓိပ္ပာယ်ကား ဂုဏ်ကျက်သရေမြင့်မားတဲ့ တီတ်တွန်မြို့ဝန် ဖြစ်တယ်။ အဲဒီခေတ် အစ္စလာမ့်လူ့အဖွဲ့အစည်းတွင် အမျိုးသမီးဦးဆောင်မှုမှာ အထူးအဆန်းဖြစ်ပေမဲ့ ဩဇာအရှိန်အဝါနဲ့ ပညာအရည်အချင်းက သော့ချက်ဖြစ်ခဲ့လေတယ်။ သူဟာ မိမိရဲ့ လက်အောက်ငယ်သားတွေအတွက် အကောင်းဆုံး လမ်းစဉ်တွေ ချမှတ်အကောင်အထည်ဖော်နိုင်သရွေ့ လုံလောက်ပေတယ်။ သူမရဲ့ အစ်ကိုကလည်း ဖေ့ဇ်တိုင်းရဲ့ ဝတ္တဆစ်ဘုရင် Ahmed al-Wattasi ရဲ့ အတွင်းဝန်တစ်ဦးဖြစ်ရာကနေ သူမအတွက် ပို၍ အထောက်အကူဖြစ်ခဲ့လေတယ်။

ဆိုက်ယေဒါဟ် ဟာ သူ့မိသားစုအား နေအိမ်မှ နှင်ထုတ်ခဲ့တဲ့ အီဇာဘိလ္လာဘုရင်မ နဲ့ ဖာဒီနန်ဘုရင် တို့ကို ဘယ်အခါမှ မမေ့ခဲ့ချေ။ အာဏာရှင်ရန်သူတွေကို ထိရောက်ရောက် အပြစ်ပေးကာ မိမိတို့နိုင်ငံကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရန် သူသန္ဓိဋ္ဌာန်ချခဲ့တယ်။ တစ်ချိန်တည်းမှာပင် သူဟာ ငွေကြေးရှာနိုင်တဲ့လမ်းကြောင်း ဖော်ထုတ်ပြီး သူ့မြို့ကို ကြွယ်ဝစေဖို့အတွက် အမြဲကြိုးပမ်းခဲ့တယ်။ သူရဲ့အိပ်မက်ကို အကောင်အထည်ဖော်ရန် နည်းလမ်းကောင်း ရှာကြံထုတ်လေ့ရှိတယ်။ တီတွန်မြို့ဟာ ယခင်က ပင်လယ်ဓားပြတွေ အခြေစိုက်စခန်းဖြစ်ခဲ့တယ်။ နောက်တစ်ကြိမ်လည်း ဖြစ်အောင်လုပ်လိုက်ရင် မကောင်းဘူးလားဆိုတဲ့ အကြံအစည်ကို စိတ်ထဲစွဲကာ ဆိုက်ယေဒါဟ်က မြေထဲပင်လယ် ပင်လယ်ဓားပြတွေရဲ့ ဩဇာအရှိဆုံး ခေါင်းဆောင် ဘာဘာရိုဆာ (ခ) အိုရူစ် ရီစ် (Oruç Reis) နဲ့ မဟာမိတ်ဖွဲ့ဖို့ စီစဉ်ရန် သံတမန်စေလွှတ်ခဲ့တယ်။

အိုရူစ် ရီစ် ဟာ တူရုက်လူမျိုးနဲ့ ဂရိလူမျိုးတို့မှ ဖွေးဖွားလာတဲ့ လစ်ဘိုစ်ကျွန်းမှ သာမန်သင်္ဘောသားတစ်ဦးဖြစ်တယ်။ အစတွင် သူဟာ သင်္ဘောကုန်သည်တစ်ဦးဖြစ်ခဲ့ပေမဲ့ Knights Hospitaller ပင်လယ်ဓားပြတို့ရဲ့ ပင်လယ်တွင်းစီးနင်းမှုတွင် သူရဲ့ အစ်ကိုတစ်ဦးသေဆုံးခံရပြီး သူလည်းဖမ်းဆီးခံခဲ့ရလေတယ်။ သူ့အစ်ကို နောက်တစ်ယောက်က အချိန်မီကယ်တင်လိုက်ရာမှ လွှတ်မြှောက်ခွင့်ရခဲ့တယ်။ အဲဒီအချိန်မှစလို့ သူဟာ ကလဲ့စားချေရန်နဲ့ မွတ်စလင်တွေကို ဖိနှိပ်ရက်စက်နေတဲ့တိုင်းပြည်တွေကို တိုက်ခိုက် သင်ခန်းစာပေးရန် ရည်ရွယ်ချက်ဖြင့် ပင်လယ်ဓားပြတစ်ဦးဖြစ်လာခဲ့တယ်။ အိုရူစ် ရီစ် ဟာ ယနေ့ခတ် တူနီးရှားကမ်းလွန်ရှိ Djerba ကျွန်းပေါ်တွင် အခြေစိုက်ပြီး ခရစ်ယာန်ဘာသာဝင် ပါပလ်တိုင်းပြည်ပိုင် သင်္ဘောများကို အဓိက စီးနင်းခြင်းတွေ ပြုလုပ်ကြတယ်။

၁၅၀၄-၁၅၁၀ အကြားတွင် အိဘေးရီးယန်ကျွန်းဆွယ်ရှိ လူနည်းစုများကို ဘာသာရေးအရ နှိပ်စက်ညှဉ်းပန်းမှု ပြင်းထန်လာသဖြင့် စပိန်မှ အာဖရိကသို့ ဒုက္ခသည်တွေကို အိုရူစ်ရဲ့ ကူးတို့သင်္ဘောတွေနဲ့ ပို့ဆောင်ကူညီပေးခဲ့တဲ့အတွက်ကြောင့် ဆိုက်ယေဒါဟ် နဲ့ သူ့လူတွေက အိုရူစ်ရီစ် ကို စိတ်သဘောထားကောင်း ထားရှိရန် အကြောင်းပြချက်ရှိပြီးသားဖြစ်ပေတယ်။ ဒီ ပရဟိတလုပ်ရပ်ကြောင့် သူဟာ ဘာသာအိုရူစ်(အဘတော်အိုရူစ်) ဆိုတဲ့ ချစ်စနိုး နာမည်ထူးကို ရရှိခဲ့တယ်။ အနောက်တိုင်းသားတွေက အီတလီဘာသာစကားဖြင့် ဘာဘာရိုဆာ (မုတ်ဆိတ်နီ) လို့ လူသိများကြတယ်။ သူ့ရဲ့ အခြားနာမည် "ငွေလက်" (Gümü? Kol)ကိုတော့ ၁၅၁၂ ခုတွင် စပိန်ကိုလိုနီနယ်ချဲ့တွေကို အာဖရိကကနေ နှင်ထုတ်ဖို့ တိုက်ခိုက်တဲ့ တိုက်ပွဲမှာ လက်တစ်ဖက်ဆုံးရှုံးသွားပြီးနောက် သတ္တူငွေလက်အတု အစားထိုးရာမှ နာမည်ရရှိသွားတာဖြစ်တယ်။

သူတို့ မဟာမိတ်ဖွဲ့စည်းရာမှာ Oruç Reis ဟာ မြေထဲပင်လယ်အရှေ့ဘက်ခြမ်းကို ချုပ်ကိုင်ရန်နဲ့ ဆိုက်ယေဒါဟ် ဟာ ပင်လယ်အနောက်ဘက်ခြမ်းကို ထိန်းချုပ်ရန် သဘောတူညီခဲ့တယ်။ ဆိုက်ယေဒါဟ်ဟာ ရေကြောင်းတော်လှန်ရေးကို အလံမလဲ၊ ဒူးမထောက် ချီတက်ခဲ့တယ်။ ဆိုက်ယေဒါဟ်ကြောင့် ပေါ်တူဂီကုန်သည်တွေ အိပ်ရေးပျက် ကြောက်တုန်တုန် ကူးလူးဖြတ်သန်းခဲ့ရတယ်။ စီးနင်းမှုဒဏ်ကိုလည်း ပက်ပက်စက်စက် ခံခဲ့ရတယ်။ သူဟာ စပိန်နဲ့ပေါ်တူဂီတွေရဲ့ အမုန်းတီးဆုံးနဲ့ အကြောက်ရဆုံး ရန်သူဖြစ်လာခဲ့တယ်။ စပိန်သမိုင်းပညာရှင် Germán Vázsquez Chamorro ရဲ့ အဆိုအရ ပေါ်တူဂီလူမျိုးတွေက “သူမကို သင်္ဘောရွက်တိုင်နဲ့ ကြိုးဆွဲချတာတွေ့မြင်နိုင်စေရန် ဘုရားသခင်ထံတော်၌ ဆုတောင်းလေ့ရှိတယ်။" သူမရဲ့ ပါးနပ်တဲ့ ဦးဆောင်မှု၊ စီမံခန့်ခွဲမှုတွေကြောင့် စပိန်နဲ့ပေါ်တူဂီ အသွားအလား ကပ်စေခဲ့တယ်။ သူမ ဖမ်းဆီးရရှိတဲ့ ပေါ်တူဂီနဲ့ စပိန်သင်္ဘောသားတွေကို ကျွန်အဖြစ်ပြန်ရောင်းချတယ်။ စပိန်အာဏာရှင်တွေက မွတ်စလင်တွေကို ဖမ်းဆီးပြီး ကျွန်အဖြစ်ရောင်းချတဲ့ဈေးမှာပဲ စပိန်နဲ့ ပေါ်တူဂီသုံ့ပန်းတွေကို ရောင်းချကာ ကလဲ့စားချေခဲ့တယ်။ ပေါ်တူဂီဘုရင်ခံရဲ့ ကတော် ကအစ အခြားထင်ရှားတဲ့ ပုဂ္ဂိုလ်တွေကို ဖမ်းဆီးကာ အဲဒီကျွန်ဈေးမှာပင် ကျွန်အဖြစ်တင်တာ ပြန်ပေးရွေးဖိုးကို စေ့စပ်ညှိနှိုင်းတယ်။ ဒီစေ့စပ်ညှိနှိုင်းမှုမှာ အဓိကကျတဲ့ ဖေ့ဇ်တရားရုံးရဲ့ ပေါ်တူဂီသံအမတ်က “နေရာတိုင်းမှာ ရန်လိုပြီး စိတ်ဆိုးဒေါမာန်များလွန်းတဲ့မိန်းမ” လို့ ပြောဖူးချက်က မှတ်သားဖွယ်လေးတစ်ခုဖြစ်တယ်။

Algiers ကို နယ်ချဲ့စပိန်တို့လက်မှ သိမ်းပိုက်တဲ့ တိုက်ပွဲမှာ အိုရူစ်ရီစ် ကျဆုံးခဲ့လေတယ်။ Algiers ကိုတော့ သိမ်းပိုက်နိုင်ခဲ့တယ်။ သူ့ညီ ဟိဇီရ် ရီစ်က သူ့ရာထူးကို ဆက်ခံခဲ့ပြီး ဒုတိယ ဘာဘာရိုဆာ ဖြစ်လာခဲ့တယ်။ အော်တိုမန်အင်ပါယာနဲ့ မဟာမိတ်ဖွဲ့လိုက်ရာမှ ဒီလိုကြီးမားတဲ့အောင်မြင်မှုတွေရရှိခဲ့တာဖြစ်တယ်။ အော်တိုမန်ဘုရင်မင်းမြတ် ဆူလေမာန်က ဟိဇီရ် ရီစ်ကို Hayreddin ဘွဲ့ကိုချီးမြှင့်ကာ သူရဲ့ မြေထဲပင်လယ်ရေတပ်ဗိုလ်ချုပ်ကြီးအဖြစ်ခန့်အပ်ခဲ့တယ်။ Algiers ရဲ့ ဘုရင်ခံ (Pasha) အဖြစ်လည်း မင်းကောင်းမင်းမြတ်ဆန်ဆန် အုပ်ချုပ်ခဲ့တယ်။

ဆိုက်ယေဒါဟ် က ဟိုက်ရေဒ္ဒိန်းနဲ့ မဟာမိတ်ဆက်လက်ခိုင်မာစေပြီး  သူမရဲ့ရေတပ်ဟာ မြေထဲပင်လယ်အနောက်ဘက်တွင် ဆက်လက် လှုပ်ရှားခဲ့တယ်။ အော်တိုမန်နဲ့ ပြင်သစ်တို့ မဟာမိတ် ဖြစ်လာတဲ့အခါ ဆိုက်ယေဒါဟ်ရဲ့ ရန်သူဖြစ်တဲ့ Iberian ကျွန်းဆွယ်နိုင်ငံတွေကို ပို၍အထီးကျန်ဖြစ်စေခဲ့တယ်။ သူမဟာ နောက်ဆယ်စုနှစ်တိုင်တိုင် ရန်သူရဲ့ ရေကြောင်းယာဉ်တွေကို အနှောင့်အယှက်ပေးရာတွင် လက်မနှေးခဲ့ချေ။ နောက်ဆုံးတွင် ပင်လယ်တိုက်ခိုက်တော်လှန်ရးရဲ့ ဩဇာအရှိဆုံးသို့ ရောက်ရှိသွားခဲ့တယ်။ ၁၅၄၀ ခုနှစ်တွင် Gibraltar မြို့ကို ဝင်ရောက်စီးနင်းခဲ့တယ်။ Gibraltar တွင် ကျွန်အဖြစ်ဖမ်းဆီးထားတဲ့ မွတ်စလင်အကျဉ်းသားတွေကို လွှတ်မြောက်အောင် ကူညီပေးကာ Algiers သို့ ခိုလှုံစေခဲ့တယ်။

အနောက်တိုင်းအကိုးအကားတွေအရ နယ်ချဲ့တွေကို မောင်းထုတ်ရာတွင် ကြီးမားတဲ့ အောင်မြင်မှုရရှိခဲ့တယ်။ ဒီလို အောင်မြင်မှုတွေက ကောင်းကင်ဘုံမှ အကူအညီရဲ့ နိမိတ်လက္ခဏာဖြစ်တယ်လို့ ချီးကျူးခံရတယ်။ တစ်ဖက်တွင်မူ တူရုက် ကျွန်အများအပြားကို လွှတ်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ဝန်မခံဘဲ မနေနိုင်ကြချေ။ အပြန်အလှန်အားဖြင့် သုံ့ပန်းအများအပြားကိုလည်း ဖမ်းဆီးကာ အော်တိုမန်တို့ရဲ့ ကျွန်ဖြစ်စေနိုင်ခဲ့တယ်။ အဲလို သမိုင်းမှတ်တမ်းဝင်စီးနင်းမှုတွေကို အောင်အောင်မြင်မြင် အပိုင်စီးနိုင်ခဲ့တယ်။

မြေထဲပင်လယ်အနောက်ဘက်ရှိ “ဘာဘာရီပင်လယ်ဓားပြများ” ကို အုပ်စိုးချိန်တွင် ဆိုက်ယေဒါဟ် ကို အာဖရိကမြောက်ပိုင်းရှိ မွတ်စ်လင်အာဏာရှင် တစ်ဦးအနေနဲ့ ထည့်သွင်းစဉ်းစားလောက်အောင် ဩဇာလွှမ်းမိုးလာခဲ့တယ်။ ဆိုက်ယေဒါဟ်ကို  မော်ရိုကိုနိုင်ငံ ဝတ္တဆစ် မင်းဆက် Ahmed al Wattassi ဘုရင်က လက်ထပ်ရန် ကမ်းလှမ်းတဲ့အခါ သံတမန်ရေးကြံ့ခိုင်စေအောင် ကမ်းလှမ်းချက်ကို လက်ခံခဲ့တယ်။ ဒါပေမဲ့ မိမိမြို့ကိုတော့ မစွန့်ခဲ့ချေ။ Ahmad el Outassi မင်းက မိဖုရားတင်မြှောက်ပွဲကို နန်းတော်၌ မကျင်းပနိုင်ဘဲ တီတွန်မြို့မှာပင် ကျင်းပခဲ့ရတယ်။ တိုင်းပြည်တစ်ခုရဲ့ အရှင်သခင်မင်းကြီးက မြို့ပြအုပ်ချုပ်သူတစ်ဦးကို မယုံနိုင်လောက်အောင် အသာပေးနေခြင်းက သူမရဲ့ အရှိန်အဝါ ပေါ်လွင်စေတယ်။ နောက်ပိုင်းတွင် သူတို့နှစ်ဦးဟာ သူ့နန်းနဲ့သူ အသီးသီးနေထိုင်ကြသဖြင့် ဒီလက်ထပ်မှုကတော့ သံတမန်ရေးအကြောင်းပြချက်သာ ဖြစ်ပုံရတယ်။ အဲဒီအခါ တီတွန်မြို့စားမင်း ဆိုက်ယေဒါဟ်မှ မိဖုရား ဆိုက်ယေဒါ အလ် ဟူရ်ရာ ဖြစ်လာခဲ့တယ်။

Sayyida al-Hurra ဟာ တီတွန်မြို့ရဲ့ အုပ်ချုပ်သူအဖြစ် နောက်ထပ် အနှစ်သုံးဆယ်ကျော်ကျော် စိုးစံခဲ့၍ ၁၅၄၂ ခုတွင် သူရဲ့အာဏာစက်အလင်း နေဝင်သွားခဲ့တယ်။ ပေါ်တူဂီနဲ့ စစ်မျက်နှာဖွင့်ပြီး မြို့တွင်း ကုန်သွယ်ရေး မတည်မငြိမ်ဖြစ်ခဲ့တဲ့အခါ သူ့ကို ခေါင်းဆောင်နေရာကနေ ဖြုတ်ချဖို့ ကြံစည်လာခဲ့တယ်။ ဆိုက်ယီဒါဟ်ရဲ့ သမက် Ahmed al-Hassan al-Mandari က ဝတ္တစီမင်းရဲ့ ရန်သူတွေနဲ့ လက်တွဲခဲ့တယ်။ အဲဒီအချိန်က ဝတ္တဆီဒ်တွေရဲ့ အင်အား ဆုတ်ယုတ်လာနေပြီး ဆာဒီစ်မျိုးနွယ်စုတွေအားကောင်းလာနေချိန်ဖြစ်တယ်။ ဆာဒီစ်တွေဟာ မော်ရိုကိုနိုင်ငံတောင်ပိုင်းမှ မြင့်မြတ်တဲ့မျိုးနွယ်စုတစ်စုဖြစ်ပြီး စူလတန်ကို ပုန်ကန်နိုင်လောက်အောင် အားကောင်းလာကာ မော်ရိုကို၏ လွတ်လပ်ရေးကို အသိအမှတ်ပြုရန် အတင်းအကြပ် တွန်းအားပေးလာခဲ့တယ်။ ပေါ်တူဂီတို့ကလည်း ဆိုက်ယေဒါဟ်နဲ့ ဝတ္တစီမင်းတို့ကို နန်းချရန် ဆာဒီစ်မျိုးနွယ်စုကို နောက်ထောက်ပံ့ပိုးကူညီနေတယ်။ ဆာဒီစ်တွေကို တိုင်းပြည်ရဲ့ ကယ်တင်ရှင်တွေအဖြစ် ရပ်တည်နိုင်ရန် အခွင့်အလမ်းပေးခဲ့ပြီး (၁၅)နှစ်အတွင်း တိုင်းပြည်ကို သိမ်းပိုက်မယ့်လမ်းစဉ်ကို ချမှတ်ပေးခဲ့တယ်။ ပေါ်တူဂီနဲ့ ဆာဒီစ်တို့ရဲ့ ပံ့ပိုးကူညီမှုဖြင့် Ahmed Hassan mandari က ဆိုက်ယေဒါဟ်ကို နန်းချခဲ့ပြီး ချေဖ်ချွန်ဒေသရှိ  ကလေးဘဝအိမ်တွင် အနားယူစေတယ်။ သူဟာ အဲဒီမြို့တွင် နောက်ထပ် အနှစ်(၂၀)ခန့် အသက်ရှင်ခဲ့ပြီး ၁၅၆၁ ခုမှာ ကွယ်လွန်သွားရှာခဲ့တယ်။

မိဖုရား ဆိုက်ယေဒါ ဟာ အာဏာ လက်လွှတ်ခဲ့ရရင်လည်း သူမရဲ့ ဩဇာအာဏာ ပဲ့တင်သံကို ကာလအတော်ကြာအောင် ကြားနေရဆဲဖြစ်တယ်။ ၁၅၆၅ ခုတွင် ပေါ်တူဂီတို့က ၎င်းတို့၏ ဆိပ်ကမ်းကို ဖျက်ဆီးခဲ့တဲ့တိုင်အောင် သူတို့ရဲ့ ပင်လယ်စီးနင်းတော်လှန်ရေးကို မရရအောင် ဆက်လက် ထိန်းသိမ်းခဲ့တယ်။ မြေထဲပင်လယ် ပင်လယ်ဓားပြမှုမှာ ၁၉ ရာစုအထိ ကြီးမားတဲ့ ပြဿနာတစ်ခုအဖြစ် ဆက်ရှိနေခဲ့တယ်။ ဆိုက်ယေဒါဟ်ဟာ "Al Hurra" ဘွဲ့ကိုခံယူထားတဲ့ နောက်ဆုံးမှတ်တမ်းတင် အမျိုးသမီးအုပ်ချုပ်သူဖြစ်တယ်။ မော်ရိုကိုရဲ့ ပင်လယ်သူရဲ ဓားပြဘုရင်မ ဆိုက်ယေဒါဟ် အလ် ဟူရ်ရာဟာ ရဲရင့်တဲ့သူရဲကောင်း တစ်ဦးအနေနဲ့ သမိုင်းစာမျက်နှာတွင် ထာဝရ ထွန်းပြောင်နေဦးမယ်ဖြစ်ပါသတဲ့။

#လူထုဝဏ
(၁၀-၁၂-၂၀၂၂)

#Sayyida_al_Hurra
#A_great_warrior_in_Islamic_history
#Barbarossa
www.rohangking.blogspot.com

Wednesday, December 21, 2022

ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးတိုက်ပွဲနှင့် မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်

 


ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးတိုက်ပွဲနှင့် မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်

—————————————————————

၁၉၇၁ ခု၊ ဒီဇင်ဘာလ ၁၆ ရက်မှာ ယခင်က အရှေ့ပါကစ္စတန်လို့ ခေါ်ခဲ့တဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံဟာ လွတ်လပ်ရေး ရရှိခဲ့တယ်။ ယနေ့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံဟာ ၅၁ ကြိမ်မြောက် လွတ်လပ်ရေးအောင်ပွဲကို ကျင်းပနေတယ်။ ဘင်္ဂါလားဒေ့ရ်ှဟာ ပါကစ္စတန်ကနေ ခွဲထွက်ခဲ့တဲ့ လွတ်လပ်ရေးတိုက်ပွဲကာလမှာ ကမ္ဘာ့နိုင်ငံအသီးသီးက မိမိတို့ရဲ့ အကျိုးစီးပွားနဲ့ နိုင်ငံခြားရေး ပေါ်လစီအရ ပါကစ္စတန်ဘက်က၎င်း၊ ဘင်္ဂါလားဒေ့ရ်ှဘက်က၎င်း အသီးသီးရပ်တည်ခဲ့ကြတယ်။ စစ်ပွဲအတွင်း အိမ်နီးနားချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ဗမာပြည်ဘက်သို့ ထွက်ပြေးခိုလှုံလာခဲ့တဲ့ ဒုက္ခသည်လည်း ၁၀ သန်းကျော် ရှိခဲ့တယ်။ မြန်မာဘက်ကို ၃-၄ သိန်းခန့်နဲ့ အိန္ဒိယဘက်မှာ ၉ သန်းကျော် ခိုလှုံလာခဲ့တယ်။


သူတို့ရဲ့ လွတ်လပ်ရေးတိုက်ပွဲကာလမှာ အိမ်နီးချင်း ဗမာပြည်နဲ့ ရခိုင်မွတ်စလင် ရိုဟင်ဂျာတွေက ဘယ်ဖက်ကနေ ထောက်ခံသွားသလဲ ဆိုတာကို လိုရင်း ဖော်ပြသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဗမာပြည်ကိုရောက်ရှိလာတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ ဗမာပြည်တွင် ကျန်ရစ်နေထိုင်ခဲ့တယ်ဆိုတဲ့ မျိုးချစ်တွေရဲ့ စွပ်စွဲချက်လည်း ဘယ်လောက်အထိ မှန်ကန်သလဲ၊ ဘယ်လို ဘယ်လိုဂျင်းတွေ ထည့်သွားတာကိုလဲ ဒီဆောင်းပါးကနေ ထင်ယောင်ထင်မှား မရှိအောင် သဘောပေါက်သွားမှာ ဖြစ်တယ်။


ဦးစွာ အဲဒီ ၁၉၇၁ ခု အရှေ့ဘင်္ဂါလား-ပါကစ္စတန်တိုက်ပွဲမှာ တို့ဗမာပြည်က ဘယ်ဘက်ကရပ်တည်ခဲ့သလဲ။ တိုတိုတောင်းတောင်း ပြောရရင် ဗမာပြည်ဟာ ဘင်္ဂလားဘက်ကနေ ရပ်တည်ခဲ့ခြင်း မရှိချေ။ ဗမာပြည်ဟာ ပါကစ္စတန်နဲ့ သံတမန်ဆက်ဆံရေးကောင်းနေချိန်ဖြစ်တယ်။ ကြားနေအဖြစ်နေခဲ့တယ်လို့ ဆိုပေမယ့် ပါကစ္စတန်ဘက်ကနေ အသာပေးရပ်တည်သွားခဲ့တာကို တွေ့ရပါတယ်။


ဗမာပြည်မှာ အာဏာရှင်ဗိုလ်နေဝင်းက မတရားအာဏာ ဆုပ်ကိုင်ထားတဲ့ မဆလခေတ်ဖြစ်တယ်။ အရှေ့ဘင်္ဂါလား-ပါကစ္စတန်စစ်ပွဲမှာ အိမ်နီးချင်း အိန္ဒိယနိုင်ငံက လူအား၊ လက်နက်အား အလုံးအရင်း ထောက်ပံ့ခြင်းဖြင့် အရှေ့ဘင်္ဂါလားကို ထောက်ခံကူညီခဲ့တယ်။ အိန္ဒိယက သူတို့ရဲ့ လေပိုင်နက်ကို ပါကစ္စတန်အတွက် ကန့်သတ်လိုက်တဲ့အခါ ဗမာပြည်ဟာ ပါကစ္စတန်တပ်ဖွဲ့တွေရဲ့ စစ်ရေးထောက်ကူလမ်းကြောင်းဖြစ်လာခဲ့တယ်။ ပါကစ္စတန်က စစ်သားတွေ၊ လက်နက်ခဲယမ်းတွေဟာ ဗမာပြည်မှတဆင့် စစ်မြေပြင်သို့ ပို့ဆောင်လေ့ရှိတယ်။ ဗမာပြည်နဲ့ သီရိလင်္ကာနိုင်ငံတွေမှာ ပါကစ္စတန်ရဲ့လေကြောင်းယာဉ်တွေ လောင်စာဆီဖြည့်ရန် ဆင်းနားခွင့်ရခဲ့တယ်။ စစ်ပွဲပြီးဆုံးခါနီးတွင် ပါကစ္စတန်ထိပ်တန်းအရာရှိတွေဟာ ဗမာပြည်သို့ ထွက်ပြေး ခိုလှုံခဲ့ကြတယ်။  ဗိုလ်ချုပ်ကြီး နာဇီယာ အပါအဝင် စစ်တပ်အကြီးအကဲနဲ့ မိသားစုတွေ ၂၀၀ ကျော်ဟာ ရဟတ်ယာဉ်တွေနဲ့ စစ်တွေမြို့သို့  ညချင်းထွက်ပြေးလာကြတယ်။  ဗမာအစိုးရက သူတို့ကို ပါကစ္စတန်သို့ ဘေးမဲ့ပြန်နိုင်အောင် ကူညီပေးခဲ့တာက အားလုံးအသိဖြစ်တယ်။ ဒါတွေကို လေ့လာခြင်းဖြင့် ဗမာပြည်ဟာ ပါကစ္စတန်နဲ့ အတူ ရပ်တည်ခဲ့ကြောင်း ပေါ်လွင်ပါတယ်။


ဒါ့အပြင် ၁၉၇၁ ခု၊ ဇူလိုင်လ ၂ ရက်နေ့ အိန္ဒိယပါလီမန် အစည်းအဝေးမှာ ဗမာပြည်ဟာ ဒီဘင်္ဂလားလွတ်လပ်ရေးကြိုပမ်းမှုတွင် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရ်ှတို့ရဲ့ မဟာမိတ်အဖြစ် ရပ်တည်တာ မရှိခဲ့ကြောင်း ပေါ်ပေါ်ထင်ထင် ဖော်ပြခဲ့တယ်။ ၁၉၇၁ ခု၊ ဇူလိုင်လ ၃၁ ရက်နေ့ အနောက်ဘင်္ဂေါ (အိန္ဒိယ) ညီလာခံတွင် ဘင်္ဂါလားမှ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို အိန္ဒိယက ဒုက္ခသည်အဖြစ် အသိအမှတ်ပြုသလို ဗမာပြည်က အသိအမှတ်မပြုခဲ့ကြောင်း ဝေဖန်ဆွေးနွေးခဲ့တယ်။ ၁၉၇၁ ခု ဒီဇင်ဘာလတွင် မြန်မာ-အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတွင် ဗိုလ်နေဝင်းစစ်တပ်က တိုက်ပွဲအချို့ဖြစ်ပွားစေပြီး ကမ္ဘာ့အာရုံ လွဲစေခဲ့တယ်လို့ သမိုင်းပညာရှင်တွေက ကောက်ချချခဲ့တယ်။


၁၉၇၁ ခု ဇွန်လတွင် ပြည်ပရောက်ဘင်္ဂလားဒေ့ရ်ှအစိုးရက ဘင်္ဂလားဒေ့ရ်ှမှ လူဦးရေ ၅၀,၀၀၀ ခန့် မြန်မာနိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ကြောင်း အဲဒီထဲမှ ၂၀,၀၀၀ ခန့်မှာ ဌာနေတိုင်းရင်းသားလူနည်းစုများဖြစ်ကြောင်း ထုတ်ပြန်ခဲ့တယ်။ ဗမာပြည်ရဲ့ တချို့အကိုးအကားအရ ဒုက္ခသည် ၅၀၀,၀၀၀ ခန့်လို့ ဖော်ပြတာတွေ့ရတယ်။ ဒီနေရာမှာ ဌာနေတိုင်းရင်းသားဆိုတာက မောဂ်လူမျိုးစတဲ့ လူနည်းစုကို ရည်ညွှန်းတာဖြစ်ပါတယ်။ ဧပြီလ ၂၀ ရက်နေ့ ရခိုင်ပြည်နယ်၊ ဘော်လီဘာဇား (ယနေ့ ကြိမ်ချောင်း)မှာ ဗမာအရာရှိတွေနဲ့ ဘင်္ဂါလား ရွေးကောက်ခံ ကိုယ်စားလှယ်တချို့ အဲဒီ စစ်ပြေးဒုက္ခသည်အရေးနဲ့ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့တယ်။ ဗမာအစိုးရက အရှေ့ပါကစ္စတန်မှ ထွက်ပြေးလာသူတွေကို ဒုက္ခသည်စခန်းတွေမှာသာ ယာယီနေထိုင်ခွင့်ပေးပေမယ့် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ လုံခြုံရေးကို ထောက်ပံ့နိုင်မှာမဟုတ်ကြောင်း တာဝန်ရှိသူတွေက ခပ်တည့်တည့် ငြင်းဆိုခဲ့တယ်။ ပါကစ္စတန်ကို ဆန့်ကျင်ရာရောက်တဲ့ ဘာကိုမှ လုပ်မပေးနိုင်ဘူးလို့ မိမိတို့ရပ်တည်ချက်ကို ထုတ်ပြခဲ့တယ်။ ဗမာပြည်က ဘင်္ဂါလားမှ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို ပေါ်ပေါ်ထင်ထင် စာနာမှု မပြခဲ့တာက ထင်ရှားပါတယ်။ ဒုက္ခသည်တွေနဲ့ ကြပ်ကြပ်တည်းတည်း ဆက်ဆံခဲ့တယ်။ ပြီးတော့ ဒုက္ခသည်တချို့ကိုလည်း ပါကစ္စတန် ဆန့်ကျင်ရေး ပူးပေါင်းကြံစည်မှုဖြင့် ဖမ်းဆီးကာ ပါကစ္စတန်တပ်ဖွဲ့ထံ လွှဲအပ်ပေးခဲ့တယ်လို့လဲ သူတို့ရဲ့ တချို့မှတ်တမ်းတွေမှာ တွေ့ရတယ်။ ဒီလောက်ဆို ဗမာပြည်ရဲ့ ထောက်ခံမှုက ဘယ်ဖက်တိမ်းစောင်းနေသလဲဆိုတာ သဘောပေါက်သွားပြီးလို့ ထင်ပါတယ်။


အဲဒီ ဘင်္ဂလားစစ်ပွဲအတွင်း ဘင်္ဂါလီဒုက္ခသည်တွေဟာ အာရကန်မွတ်စလင် ရိုဟင်ဂျာ အများစု ပျံ့နှံ့နေထိုင်တဲ့ ရခိုင်ပြည်ကို ခိုလှုံကြတာ ဆိုတော့ ရိုဟင်ဂျာတို့ရဲ့ အခန်းကဏ္ဍကို ဖော်ပြရန် ထိုက်တန်လောက်ပြီ။ အဲဒီတုန်းက ပါကစ္စတန်နိုင်ငံဟာ ရိုဟင်ဂျာလက်နက်ကိုင်တော်လှန်ရေးကို ထောက်ခံတဲ့ နိုင်ငံတစ်ခုဟု ကောလာဟလသတင်းပျံ့နေချိန်ဖြစ်တယ်။ ဒီတော့ ရိုဟင်ဂျာတွေကလဲ ဘင်္ဂလားဒေ့ရှ် ခွဲထွက်ရေးတိုက်ပွဲကို ဆန့်ကျင်ပြီး ပါကစ္စတန်ကို ထောက်ခံနိုင်ခြေများတယ်။ ရိုဟင်ဂျာတွေက ဗလီဝတ်ပြုကျောင်းတွေမှာ ပါကစ္စတန်အတွက် အထူးဝတ်ပြုဆုတောင်းပွဲတွေတောင် ပြုလုပ်ခဲ့ကြတယ်လို့ တချို့က ဆိုကြတယ်။ စစ်တွေသို့ ထွက်ပြေးလာတဲ့ စစ်ထိပ်တန်းအရာရှိတွေနဲ့ မိသားစုဝင် စုစုပေါင်း ၂၀၀ ကျော်ကို စစ်တွေက ဒေသခံမွတ်စလင်တွေက၎င်း၊ ရန်ကုန်ရှိ ဒေသခံမွတ်စလင်တွေက၎င်း ဧည့်သည်ကျင့်ဝတ်နဲ့အညီ ဧည့်ဝတ်ကျေပွန်ခဲ့ကြောင်း  ဗိုလ်ချုပ် မိုဟာမတ် အာဇမ် ရေးသားခဲ့တဲ့ Pakistan Army Aviation Escape Story From East Pakistan ကိုယ့်တွေ့မှတ်တမ်းစာအုပ်တွင် အတိအလင်းဖော်ပြထားတယ်။ ဒေသခံရိုဟင်ဂျာတွေက ဘင်္ဂါလီဒုက္ခသည်တွေကို နှိပ်ကွပ်ပြီး ဒုက္ခသည်စခန်းရှိ ခေါင်းဆောင်ပိုင်း ပုဂ္ဂိုလ်တွေကို ဗမာနဲ့ ပါကစ္စတန်တပ်တွေဆီ လွှဲပြောင်းပေးတာလေ့ရှိတယ်လို့ နေရပ်ပြန် ဘင်္ဂါလီတွေက ယနေ့ထိ စွပ်စွဲကြတယ်။ "သူတို့က ငါတို့ရဲ့ 'Mukti Force (လွှတ်မြောက်ရေး တပ်မတော်) ကို 'Murti Force' (ရုပ်ထုတပ်မတော်) လို့ ပြောင်လှောင်ကြတယ်။" စတဲ့ စွပ်စွဲချက်တွေ တစ်ချို့ ဘင်္ဂါလားဒေ့ရှ် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း စာမျက်နှာတွင် ဖော်ပြထားတာ တွေ့ရတယ်။ ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးတိုက်ပွဲကို ထောက်ခံတဲ့လူ၊ ဒုက္ခသည်တွေကို စာနာတဲ့လူ လုံးဝမရှိဘူးလို့ မပြောလိုပါဘူး။ ရှိတော့ရှိနိုင်တယ်။ ဒါပေမဲ့ ပါကစ္စတန်ဘက်က အများစုပါပဲ။ ဒီလို ဗမာအစိုးရနဲ့ ရိုဟင်ဂျာလူမျိုး နှစ်ရပ်လုံးက ပူးပေါင်းဖိနှိပ် ရန်လိုတဲ့ပတ်ဝန်းကျင်မှာ ဒီဘင်္ဂါလီဒုက္ခသည်တွေဟာ ရေရှည်နေထိုင်ဖို့ စိတ်ကူးတောင် ပေါ်မှာ မဟုတ်ဘူးလို့ ထင်မိတယ်။ နောက်ပိုင်းမှာတော့ ပါကစ္စတန်လိုလားသူ ပါကစ္စတာနီဘင်္ဂါလီ ထောင်ဂဏန်းကျော်ဟာ ဘင်္ဂလားဒေ့ရ်ှမှာ နှိပ်စက်အရေးယူခံရမှာကို စိုးရိမ်လို့ ဒုက္ခသည်အဖြစ် ရခိုင်တွင် ကျန်ရစ်နေတယ်လို့ နေဝင်းအစိုးရက ထုတ်ပြန်ခဲ့တယ်။ ဒါကိုလည်း နောင်တွင် ဗိုလ်နေဝင်းက နှစ်နိုင်ငံညှိနှိုင်းမှုဖြင့် နေရပ်ပြန်ပို့ကာ ပါးပါးနပ်နပ် ဖြေရှင်းခဲ့တယ်။


ဗိုလ်နေဝင်းအစိုးရက ဒုက္ခသည်များ ခိုလှုံလာသည်နှင့်တပြိုက်နက် တိတိကျကျ စာရင်းကောက်ယူတယ်။ အများပြည်သူပိုင် နေရာဖြစ်တဲ့ ကျောင်း၊ ဆေးရုံစတဲ့ နေရာတွေမှာ နေရာချပေးတယ်။ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ်တစ်ဝိုက်တွင် ဒုက္ခသည်များကို ဒေသခံတွေရဲ့ အိမ်ခြံလွှတ်၌ နေရာချမပေးရန်၊ အစိုးရဒုက္ခသည်စာရင်းတွင် ပါဝင်ခြင်းမရှိတဲ့ တစ်ဖက်နိုင်ငံက ဘင်္ဂါလီတွေ တွေ့ရှိပါက သက်ဆိုင်ရာသို့ အမြန်ဆုံး သတင်းပို့ရန်၊ ပျက်ကွက်ကျူးလွန်ပါက ပြင်းပြင်းထန်ထန် အရေးယူခံရမှာ ဖြစ်ကြောင်း ဒေသိယအမိန့်ထုတ်ပြန်ထားတယ်။ နယ်စပ်တလျှောက် စစ်ကြောင်းလှုပ်ရှားမှုများကို တိုးချဲ့ပြုလုပ်ကာ နယ်စပ်ကို ၂၄ နာရီ စောင့်ကြပ်ခဲ့တယ်။ တောင်ပြိုဘက်ကနေ အဲလို နေရာချပေးခဲ့တဲ့အတွက် ဒေသခံအချို့ အရေးယူ ထောင်ကျခံခဲ့ရတာလည်းရှိတယ်လို့ သိရတယ်။ အဲမှာ အာလောမ်ရဲ့ ဖခင်တစ်ယောက်ကလည်း ဘင်္ဂါလီဒုက္ခသည်အချို့ကို မိမိရဲ့ ခြံလွှတ်တလင်းတွင် တဲထိုးယာယီနေထိုင်ခွင့်ပေးခဲ့တဲ့အတွက် အလုပ်ကြမ်းနဲ့ ထောင်တစ်နှစ်ကျော် ပြစ်ဒဏ်ခံဖူးတယ်လို့ အာလောမ်က ဆိုတယ်။


ဘင်္ဂလားဒေ့ရ်ှက လွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်သွားပြီ။ ဒါပေမဲ့ ပြည်တွင်းစစ်ပွဲ အငွေ့အသက်တော့ ဘင်္ဂလားမြေပြင်မှာ ရှိနေဆဲပါပဲ။ ပါကစ္စတန်တပ်မတော်ရဲ့ အကြွင်းအကျန်စစ်သားအချို့ဟာ စစ်တကောင်း တောင်တန်းဒေသရှိ လူမျိုးစုတွေနဲ့ပူးပေါင်းပြီး တောထူထပ်ရာ မြန်မာ-ဘင်္ဂလားဒေ့ရ်ှနယ်စပ်ကတဆင့် အသစ်တက်လာတဲ့ ဘင်္ဂလားဒေ့ရ်ှအစိုးရကို ဆက်လက်တိုက်ခိုက်ခဲ့တယ်။ သိပ်မပြင်းထန်တဲ့ ဒီတိုက်ပွဲတွေဟာ (၂)နှစ်ကျော်ကြာ ဆက်လက်ဖြစ်ပွားခဲ့တယ်။ "ပါကစ္စတန်နဲ့ လူမျိုးစု ပူးပေါင်းတပ်ဖွဲ့တွေက ဗိုလ်နေဝင်းစစ်တပ်ရဲ့ အပြန်အလှန်နားလည်သည်းခံခြင်းမရှိဘဲ မြန်မာပြည်ရဲ့ပိုင်နက်အသုံးပြုပြီး ဒီလို ကာလကြာရှည်စွာ ဆက်လက်တိုက်ပွဲဝင်နိုင်မှာကား မဖြစ်နိုင်သလိုပဲ" ဟု သမိုင်းဆောင်းပါးရေး ဘင်္ဂါလီစာရေးဆရာတစ်ဦးက သူရဲ့ ထင်မြင်ယူဆချက် မျှဝေခဲ့တာ တွေ့ရပါတယ်။"


ဒီမှာ စိတ်ဝင်စားစရာကောင်းတာက ဘင်္ဂါလားဒေ့ရ်ှအောင်ပွဲခံပြီး တစ်လအတွင်းမှာပဲ ဗမာပြည်က ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို အသိအမှတ်ပြုခဲ့တယ်။ ဒီလို အသိအမှတ်ပြုခြင်းရဲ့ နောက်ကွယ်က ဗိုလ်နေဝင်းရဲ့ ပါးနပ်မှုရှိတယ်။ အဲဒါက စစ်ပြေး ခိုလှုံလာတဲ့ ဒုက္ခသည်ကိစ္စကို နှစ်နိုင်ငံပူးပေါင်းကာ အမြန်ဆုံး ဖြေရှင်းရေးဖြစ်တယ်။ ပြီးတော့ အဓမ္မအာဏာသိမ်းကာ ထိန်းချုပ်ထားတဲ့ ဗမာပြည်မှာ ဒုက္ခသည်အရေးနဲ့ညှိပြီး နိုင်ငံတကာစိတ်ဝင်စားမှု ပိုမလာအောင် မြန်မြန် ရုန်းလာခြင်းဖြစ်တယ်။ ဗိုလ်နေဝင်းက ကုလသမဂ္ဂ လူသားချင်းစနာထောက်ပံ့တဲ့ အဖွဲ့အစည်းတွေ တိုင်းပြည်ထဲ အဝင်မခံစေချင်တဲ့အတွက်ကြောင့် ချက်ချင်း အသိအမှတ်ပြုလိုက်တာက ပေါ်လွင်ပါတယ်။ ဗိုလ်နေဝင်းက အသစ်တက်လာတဲ့ ဘင်္ဂလားအစိုးရနဲ့ အချိန်မီ ညှိနှိုင်းပြီး စစ်ပြေးဒုက္ခသည်တွေကို တောင်ပြို၊ မောင်တော မှတဆင့် ဘင်္ဂလားအစိုးရအား လွှဲအပ်ပေးခဲ့တယ်။ တောင်ပြိုဒုက္ခသည်လွှဲပြောင်းပေးရေးစခန်းမှ ဒုက္ခသည်တွေကို ရှေ့နေမောန်တာစ် ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များ ပြန်လည်လက်ခံရေးအဖွဲ့က လက်ခံခဲ့တယ်လို့ဆိုတယ်။ ဗမာဘက်ကတော့ ဘယ်သူဦးဆောင်ခဲ့တာ တိတိကျကျ မသိရချေ။ ဒါနဲ့ ဘင်္ဂလီဒုက္ခသည်အရေး ပြေလည်သွားခဲ့ပါပြီ။


၁၉၇၄ ခု ဧပြီလတွင် ဗိုလ်နေဝင်းဟာ ဘင်္ဂလားဒေ့ရ်ှကို ၄ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ပြီး ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးခေါင်းဆောင် ဘင်္ဂေါဘောန္ဒူ ချဲ့ခ်မူဂျီဘူရ်ရာဟာမာန် အပါအဝင် အစိုးရအကြီးအကဲတွေနဲ့ တွေ့ဆုံကာ သံတမန်ဆက်ဆံရေး ရေရှယ်ခိုင်မာအောင်နဲ့ နှစ်နိုင်ငံအကျိုးစီးပွားဖြစ်စေအောင် မိတ်ဖက်လက်ကမ်းလှမ်းရန် ရောက်လာခြင်းဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့တယ်။

ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းတာကတော့ ထိုနှစ် ၁၉၇၄ ခုမှာပဲ ဗိုလ်နေဝင်းဟာ ပါကစ္စတန်နိုင်ငံသို့ သွားရောက်လည်ပတ်စဉ် ဘင်္ဂလားဒေ့ရ်ှနိုင်ငံအား ချက်ချင်းအသိအမှတ်ပြုမှုအတွက် ဆင်ခြင်ပေးချက်တွေနဲ့ တောင်းပန်ခဲ့တယ်။


ဒါနဲ့ ဘင်္ဂလားလွတ်လပ်ရေးတိုက်ပွဲမှာ ဗမာအစိုးရနဲ့  ရိုဟင်ဂျာလူမျိုးတွေဟာ ပါကစ္စတန်ကို ထောက်ခံခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရ်ှအောင်ပွဲခံတဲ့အခါ ဗမာအစိုးရက ဘက်ပြောင်းပြီး ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို အသိအမှတ်ပြုကာ စစ်ပြေးဒုက္ခသည်ကို နှစ်နိုင်ငံအစိုးရအစီအစဉ်ဖြင့် နေရပ်ပြန်ပို့ဆောင်ခဲ့ကြောင်း လက်လှမ်းမီသမျှ ခိုင်လုံတဲ့ အကိုးအကားတွေနဲ့ တင်ပြပေးလိုက်ပါတယ်။


—လူထုဝဏ္ဏ

(၁၆-၁၂-၂၀၂၂)


ကိုးကား-

http://www.burmalibrary.org/docs3/challenges_to_democratization_in_burma_chapter2.pdf

https://m.facebook.com/combataviationhistoryofpakistan/photos/a.1462389717343806/1668346133414829/?type=3

https://www.daily-sun.com/post/477687/Burmese-President%E2%80%99s-Visit-to-Bangladesh

#VictoryDayOfBangladesh
#Rohingya
#NeWin

Thursday, December 15, 2022

ရှေးစကားရွှေအလား (၈)

 


ရှေးစကားရွှေအလား (၈)


"Andañg, Kalung, Baassóra, 
guli mairle tóttorá."


ဒီလင်္ကာဟာ လွတ်လပ်ပြီးခေတ်တွင် ပေါ်ပေါက်ခဲ့တဲ့ တေးတစ်ပုဒ်ရဲ့ အပိုင်းအစတစ်ခုဖြစ်ပါတယ်။ ဗမာပြည် လွတ်လပ်ရေးရသွားပြီးနောက် ရိုဟင်ဂျာတွေဟာ မိမိတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးကို မျှမျှတတ မရရှိခဲ့တဲ့အတွက် လက်နက်စွဲကိုင်တော်လှန်ခြင်း လမ်းစဉ်ကို စတင်လိုက်လေတယ်။ ဒီနေရာမှာ ကုလားတွေ လက်နက်စွဲကိုင် တော်လှန်တယ်လို့ ကြားရုံနဲ့ ဟာ… ဒီကောင်တွေဟာ အကြမ်းဖက်သမားပဲ၊ တိုင်းရင်းသားတွေကို သောင်းကျန်းနေခဲ့တာပဲလို့ တချို့မျက်စိတစ်ဖက်ကန်းတွေက ပြေးမြင်ကြတယ်။ တကယ်တော့ ဘယ်လူမျိုး၊ ဘယ် ဘာသာပင်ဖြစ်စေ မိမိတို့အမှန်တကယ် ရသင့်တဲ့အခွင့်အရေးတွေကို နှုတ်နဲ့စာနဲ့ လွယ်လွယ်လေးတောင်းဆိုလို့ မရရှိခဲ့ရင် ရရာဖက်ကနေ တော်လှန်တာက မွန်မြတ်တဲ့အာဇာနည်သူရဲကောင်း လုပ်ရပ်ဖြစ်တယ်။ မဖြစ်မနေလုပ်ရမယ့် နိုင်ငံသားတစ်ဦးချင်းစီရဲ့ တာဝန်တစ်ခုလည်းဖြစ်တယ်။ ဒါကို ဘုမသိဘမသိဘဲ မုတ်ဆိတ် မြင်လိုက်ရုံနဲ့ နာလန်ပိန်းတွေလို အကြမ်းဖက်သမား၊ နယ်ချဲ့သမားလို့ သမုတ်ခြင်းက ကိုယ်ချင်းစာတရားမရှိတဲ့၊ အဓမ္မတရားကို ကိုးကွယ်တတ်တဲ့ မျက်စိတစ်ဖက်ကန်းတွေရဲ့ ဖွင့်ဆိုချက်ပါပဲ။ 

ကဲ… ရိုဟင်ဂျာတွေ တန်းတူအခွင့်အရေးအတွက် ဒီလို လက်နက်စွဲကိုင် တော်လှန်လာတဲ့ကာလတလျှောက် ခေါင်းဆောင်အမျိုးမျိုး ပေါ်ပေါက်ခဲ့တယ်။ အဲဒီထဲက ဗိုလ်ကာဆိမ့်ဆိုတဲ့ ခေါင်းဆောင်တစ်ဦးက အတော့်ကို ထင်ရှားခဲ့တယ်။ အင်အားတွေလဲ တော်တော် တောင့်တင်းရှိခဲ့တယ်။ တစ်ဖက်က ကြမ်းကြုတ်တဲ့ နာမည်ဆိုးနဲ့လည်း လူသိများကြတယ်။ သူ့ခေတ်မှာ မယုဒေသကို ယခင် တော်လှန်ရေးသမားတွေထက် တိုးချဲ့ထိန်းချုပ်နိုင်ခဲ့ပြီး ၈ နှစ်တိုင်တိုင် ဩဇာလွှမ်းမိုးနိုင်ခဲ့တယ်လို့ ဆိုကြတယ်။ ဗမာခြေကျင်တပ်နဲ့ ရေတပ်တို့ရဲ့ အကြိမ်ကြိမ် ထိုးစစ်ဆင်မှုကြောင့် နောက်ဆုံးတွင် အင်အားပျက်ပျော့လာကာ တစ်ဖက်နိုင်ငံသို့ ခိုလှုံခဲ့လေတယ်။ 

ဒီလင်္ကာကား အဲဒီ ကာဆိမ့်ခေတ်က ဆိုရိုးဖြစ်တယ်။ ဒီဟာက ဗိုလ်ကာဆိမ့်ရဲ့ ဩဇာအာဏာနဲ့ ရဲရင့်မှုကို ဖော်ပြတဲ့ အဖွဲ့လည်းဖစ်တယ်။ ဒီမှာ Añgdañg, Kalung, Baassóra တွေဟာ ကျေးရွာနာမည်တွေဖြစ်တယ်။ ဗိုလ်ကာဆိမ့် လှုပ်ရှားခဲ့တဲ့ ဧရိယာတွေပေါ့။ guli ကျတော့ သေနတ်၊ mairle က ပစ်ရင်၊ tóttora ကတော့ တုန်ခါသွားတတ်တယ်။ ဆိုလိုတာက ဗိုလ်ကာဆိမ့် သေနတ်ပစ်ရင် အင်းဒင်၊ ကလုန်း၊ ဘာစ္စာရာ ထိ လှုပ်ခါတတ်တယ်။ 

တချို့က ဆိုကြတယ်။ ဗိုလ်ကာဆိမ့်ရဲ့ သေနတ်ပစ်သံမှာ ကာဆိမ့်…ကာဆိမ့်… လို့ အသံပါလာတတ်တယ်။ ဒီစကားတွေဟာ ဒေသခံတွေက ဗိုလ်ကာဆိမ့် ကို ကြောက်ရွံ့လို့ ပြောဆိုခဲ့တဲ့ စကားတွေဖြစ်တယ်။ ကာဆိမ့်ရဲ့ ကြမ်းကြုတ်မှုကြောင့် ဒေသခံတွေရဲ့ စိတ်ထဲ အကြောက်တရား ဖြစ်လာခဲ့တယ်လို့ ခန့်မှန်းနိုင်တယ်။ တဖက်က သူရဲ့ ရဲရင့်မှုကို ဖော်ကျူးတဲ့ ဆိုရိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

အများအကျိုးအတွက် လက်နက်ကိုင် တော်လှန်တယ် ဆိုတာနဲ့ အမျိုးမျိုးအပြားပြား အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရတတ်တယ်။ ဒီမှာ အောင်မြင်တဲ့အရွေ့နဲ့ ရှေ့ဆက်နိုင်ခြင်းက တော်လှန်ရေးအောင်ပွဲရဲ့ နိမ်ိတ်ဖြစ်တယ်။ အာဏာအားကိုး အတ္တဆန်ခေါင်းမာတဲ့ ဆုံးဖြတ်ချက်တွေက တော်လှန်ရေးကို နေဝင်မီးငြိမ်းစေတယ်။ အဲလို အကျပ်အတည်းတွေကို ပညာသားပါပါ၊ စည်းစနစ်ကျကျ ကျော်လွှားနိုင်တဲ့ နည်းဗျူဟာဆိုတာ ခေါင်းဆောင်ပိုင်းတွေမှာ မဖြစ်မနေ ရှိသင့်တယ်။ အကျိုးဆောင် လက်တွေ့ကျတဲ့ဗျူဟာနဲ့ မကျော်လွှားတတ်ဘူးဆိုရင် ကိုယ့်အမျိုးကို ကယ်တင်ဖို့ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းဟာ ကိုယ့်အမျိုးအပေါ် ပြန်အန္တရာယ်ဖြစ်သွားတတ်တယ်။ ဗိုလ်ကာဆိမ့်အဖွဲ့ကလည်း ဘဏ္ဍရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲ့ဒီ အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ သူက နည်းလမ်းကောင်းတွေ မချမှတ်ဘဲ ဒေသခံတွေဖက် ဦးလှည့်ခဲ့တယ်။ ဒေသခံတွေထံမှ ဆက်ကြေးတွေ ရိက္ခာတွေ မရရအောင် ကောက်ခံတယ်။ ငြင်းတဲ့သူ၊ ဆန့်ကျင်တဲ့သူတွေကို ပြစ်ဒဏ်အမျိုးမျိုး ခတ်တယ်။ ဒါနဲ့ တဖြေးဖြေး ညှည်းပမ်းမှုလည်း များလာတော့ ဒေသခံတွေရဲ့ ထောက်ခံမှုလည်း လျော့နည်းသွားတယ်။ နောက်ဆုံး ဒေသခံတွေနဲ့ အာဏာပိုင်တွေ ပူးပေါင်းပြီးတော့ မောင်းထုတ်လိုက်ခြင်းခံရလေတယ်။

သူဆုံးသွားတာ နှစ်ပေါင်းများစွာ ကြာပေမယ့် သူ့ရဲ့ လုပ်သွားတဲ့ခြေရာတွေဟာ ရိုဟင်ဂျာတော်လှန်ရေးသမိုင်းစာမျက်နှာမည်းအဖြစ် ယနေ့ထက်ထိ ကျန်ရစ်နေဆဲ။ "လူသေသော်လည်း နာမည်မသေ။" ပြောမှတ်စကားရှိပေမဲ့ နာမည်ကောင်းနဲ့ ဂုဏ်ယူစရာဖြစ်ချင်သလား ဒါမှမဟုတ် နာမည်ဆိုးနဲ့ နှာခေါင်းရွံ့စရာ ဖြစ်ချင်သလား။ ဒီစိတ်ဓာတ်က အခရာပါပဲ။ 


(ရိုဟင်လေး)

စက်တင်ဘာ ၂၂၊ ၂၀၂၀။


#Burá_burír_hotá

Monday, December 5, 2022

ရိုဟင်ဂျာ ၁၃ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အလောင်းများကို စွန့်ပစ်ခဲ့



ရိုဟင်ဂျာ ၁၃ ဦးကို  စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အလောင်းများကို စွန့်ပစ်ခဲ့၊ အလောင်းများတွင် ညှဉ်းပန်း နှိပ်စက်ခံထားရသည့် ဒဏ်ရာဒဏ်ချက်များစွာ ရှိနေ


ရန်ကုန်၊ ဒီဇင်ဘာ ၅

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်နှင့်မင်္ဂလာဒုံမြို့နယ် အစပ်၊ ရွှေနံ့သာနှင့် ငွေနံ့ သာ ကျေးရွာ အကြား  လမ်းဘေးတစ်နေရာတွင် ရိုဟင်ဂျာ လူငယ် ၁၃ ဦး၏ သေ ဆုံးနေသော အလောင်းများကို ယနေ့ တွေ့ရှိရပြီး အဆိုပါ ရိုဟင်ဂျာ ၁၃ ဦးကို နိုဝင်ဘာလနှောင်းပိုင်းတွင် စစ်တပ်က ဖမ်းဆီးခဲ့ကာ ဒီဇင်ဘာ ၄ ရက်နေ့ ညပိုင်းတွင် သတ်ဖြတ် အလောင်းများကို စွန့်ပစ်ခဲ့ကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က အတည်ပြု ပြောဆိုသည်။

နိုဝင်ဘာလနှောင်ပိုင်းတွင် လှည်းကူးမြို့နယ်အတွင်း ဝင်လာသည့် ရိုဟင်ဂျာ များကို စစ်တပ်၊ ရဲနှင့် ပျူစော ထီး ပူးပေါင်းအဖွဲ့များက ဖမ်းဆီး ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၄ ရက်နေ့ ညပိုင်းတွင် ရိုဟင်ဂျာ ၁၃ ဦးကို စစ်တပ်က ညှဉ်း ပန်းနှိပ်စက် သတ်ဖြတ်ကာ အလောင်းများကို စစ်တပ်က စွန့်ပစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်က ရရှိထားသော ဓာတ်ပုံမှတ်တမ်းများတွင် ရိုဟင်ဂျာလူငယ် ၁၃ ဦး၏ အလောင်းများအနက်မှ အလောင်းတချို့၏ မျက်နှာများတွင် သွေးသံ ရဲရဲ ရှိနေပြီး သေဆုံးနေသော လူငယ်တစ်ဦး၏ ခြေထောက်တွင် ရိုက်နှက်ခံထားရသဖြင့် သွေးအလိမ်းလိမ်းဖြင့် ညိုမဲနေ သည် ကို  မြင်တွေ့ရသည်။

တချို့သော အလောင်းများတွင် ဗိုက်ကို ဓားဖြင့် ထိုးထားသော ဒဏ်ရာ ဒဏ်ချက်များမြင်တွေ့ရသည်။

ထိုအလောင်းများကို သွားရောက် ကြည့်ရှုခွင့်ရခဲ့သူ မျက်မြင်သက်သေတစ်ဦးကမူ အလောင်းများ၏ ကျောကုန်းတွင် မီးလောင်ဒဏ်ရာများ တွေ့ရပြီး စစ်ဖိနပ်များဖြင့် တက်နင်းထားမှုများကို မြင်တွေ့ ရကြောင်း ပြောဆိုသည်။

စစ်ကောင်စီဘက်က ရိုဟင်ဂျာ ၁၃ ဦးသည် အောက်ဆီဂျင်ပြတ်၍ သေဆုံးသော အလောင်းများ ဖြစ်သည်ဆိုသော ဝါဒဖြန့်သတင်းများကို ဖြန့်ချိခဲ့သော်လည်း ရန်ကုန်ခေတ်သစ်၏ သီးခြား စုံစမ်းချက်များ၊ ဓာတ်ပုံ သက်သေအထောက်အထားများ၊ မျက်မြင်သွားကြည့်သူများ၏ အဆိုအရ ရိုဟင်ဂျာလူငယ် ၁၃ ဦး သည် စစ်တပ်၏ ဖမ်းဆီး သတ်ဖြတ်မှု ခံရခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ပြီ ဖြစ်သည်။


သတင်း- ခေတ်သစ်မီဒီယာ



Tuesday, November 15, 2022

ရိုဟင်ဂျာကိုယ်စားလှယ် ၁၀ဦး ပြည်ထောင်စုနေ့တက်ခွင့်ပြုရန် ပန်ကြားခြင်း

 


ရိုဟင်ဂျာကိုယ်စားလှယ် ၁၀ဦး ပြည်ထောင်စုနေ့တက်ခွင့်ပြုရန် ပန်ကြားခြင်း



ရန်ကုန် ဇန်နဝါရီလ ၉၊

ပြည်ထောင်စု မြန်မာနိုင်ငံ ရိုဟင်ဂျာ အမျိုးသား ညီညွတ်ရေး (ရမည) အဖွဲ့ဌာနချုပ်က ပြည်ထောင်စုသား အချင်းချင်း သွေးစည်းညီညွတ်ရေး၊ ချစ်ကြည်ရေး၊  ဘာသာပေါင်းစုံပေါင်းသင်းဆက်ဆံ နေထိုင်ရေး၊ လူမျိုး ပေါင်းစုံ ချစ်ကြည်ရေး၊ တဦးနှင့်တဦး နားလည်ချစ်ခင်မှုရရှိရေးနှင့် ပြည်ထောင်စုကြီး၏အကျိုးကို သစ္စာရှိစွာဖြင့် ထိန်းသိမ်းနိုင်ရေးတို့ကိုရည်ရွယ်၍ ပြည်ထောင်စု တခုလုံး၏ အကျိုးကို မျှော်ကိုးကာ ယခု ၁၉၆၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် မန္တလေးမြို့၌ ကျင်းပပြုလုပ်မည့် (၁၇) ကြိမ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပွဲသဘင်ကြီးသို့ အခြား လူမျိုးစုများနည်းတူ ရိုဟင်ဂျာလူမျိုးစုမှလည်း ကိုယ်စားလှယ် (၁၀) ဦးခန့် ဖိတ်ခေါ်ေစလိုကြောင်း။ 

မေယုခရိုင်မှ ကိုယ်စားလှယ် (၁၀) ဦးကို ဖိတ်ခေါ်ရန် မတတ်နိုင်ပါက မိမိတို့ ဌာနချုပ်မှတဆင့် ရန်ကုန်မြို့မှ ကိုယ်စားလှယ် (၅) ဦးကို ဖိတ်ခေါပြီး ကျန် (၅) ဦးကို မေ ယုခရိုင်မှ ဖိတ်ခေါ်စေလိုကြောင်း၊ ရန်ကုန်မြို့မှ တက် ရောက် ပါဝင်မည့် ကိုယ်စားလှယ်(၅) ဦး၏ အသုံးစရိတ် များကို ဤဌာနချုပ်မှ တာဝန်ယူမည်ဖြစ်ကြောင်းဖြင့် ယ နေ့ပြည်ထောင်စုမြန်မာနိုင်ငံ ရိုဟင်ဂျာ အမျိုးသားညီညွတ်ရေး (ရမည) အဖွဲ့ဌာနချုပ်က တော်လှန်ရေးအစိုးရ ယဉ်ကျေးမှုဌာနတာဝန်ခံ ဗိုလ်မှူးကြီး စောမြင့်ထံသို့ ယနေ့ ပန်ကြားလွှာတစောင် ပေးပို့လိုက်ကြောင်း သိရှိရ၏။

(မူရင်းသတင်းစာအတိုင်း ကူးယူဖော်ပြထားသည်။)


ကိုးကား-

တော်လှန်ရေးကောင်စီခေတ်၊ လုပ်သားသတင်းစာ (၁၀-၁-၁၉၆၄)မှ မန္တလေးမြို့တွင် ကျင်းပမည့် (၁၇) ကြိမ်မြောက် ပြည်ထောင်စုနေ့သို့ ရိုဟင်ဂျာကိုယ်စားလှယ် တက်ခွင့် တောင်းဆိုသည့်သတင်း။ 


Sunday, October 30, 2022

အာရကန်ပြည်ရဲ့ မတူကွဲပြားမှုကြားက သဟဇာတ အစဉ်အလာ

 


အာရကန်ပြည်ရဲ့ မတူကွဲပြားမှုကြားက သဟဇာတ အစဉ်အလာ 

———————————————————-

ရခိုင်ပြည်ရဲ့အလှ မတူကွဲပြားတဲ့လူမျိုးတွေရဲ့ ကြည်နူးဖွယ်ကောင်းတဲ့ သဟဇာတ ညီညွတ်မှုအလှကို ဆရာဦးကျော်မောင်ရဲ့ အမှတ်တရကနေ  ခံစားကြည့်ရအောင် ....

ဆရာဦးကျော်မောင်ဟာ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မြောင်းဘွေမှာ ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်နေတုန်း ၁၉၈၄ ခုလောက်က ကိုယ်တွေ့မြင်ဖူးခဲ့တဲ့ ရခိုင်ပြည်သူအချင်းချင်း စည်းလုံးညီညွှတ်မှုမြင်ကွင်း အခိုက်အတန့်လေးတစ်ခုကို မှတ်မှတ်ရရ စိတ်ဝင်စားဖွယ် ရင်ဖွင့်ထားပါတယ်။ ထိုမြင်ကွင်းက ပြားချောင်းဆရာတော် ဘုန်းကြီးပျံပွဲဖြစ်ပါတယ်။ 

ထိုဘုန်းကြီးပျံပွဲမှာ တက်ရောက်လာကြတဲ့ ပရိသတ်တွေဟာ ဗုဒ္ဓဘာသာဝင်သာ မဟုတ်ပါဘူး။ ဌာနေ အိစ္စလာမ်ဘာသာဝင်တွေကိုလည်း အတူတကွ ပူးပေါင်းပါဝင်နေကြောင်း တွေ့ရှိခဲ့တယ်။ ဘုန်းကြီးပျံပွဲ ကျင်းပတဲ့ကော်မတီစာရင်းမှာလည်း မွတ်စလင်နာမည်တွေ တန်းစီလို့ရှိနေတာကို တွေ့ခဲ့တယ်။

ဘုန်းကြီးပျံပွဲတော်မှာ ပျော်ပွဲအဖြစ်ကျင်းပခဲ့တဲ့ ကျင်ပွဲမှာလည်း ရခိုင်ကျင်ပွဲနဲ့ မွတ်စလင်ကျင်ပွဲ ဟူ၍ နှစ်မျိုးကျင်းပကြောင်း ဖော်ပြထားပါတယ်။ 

အလှူစာရင်းတွေမှာလည်း မွတ်စလင်တွေ အများအပြား ပါဝင်နေကြောင်း ရင်ဖွင့်ထားတယ်။

ဆရာက အကြောင်းစုံကို ပွဲတော်ကျင်းပရေးကော်မတီဝင် တစ်ဦးဆီမှ မေးမြန်းစုံစမ်းတဲ့အခါ ထိုနယ်တဝိုက်တွင် ယခင်က စာသင်ကျောင်းများ မရှိခဲ့ကြောင်း၊ ပြားချောင်ဆရာတော်က ရခိုင်ရွာနဲ့ မွတ်စလင်ရွာတွေမှ ကလေးတွေကို စာသင်ပြခဲ့ကြောင်း၊ ယခု အနီးအနားရွာရှိ ရပ်လူကြီးတွေမှာ ဆရာတော်ရဲ့ တပည့်တွေဖြစ်ကြောင်း၊ ပြာချောင်းဆရာတော်ရဲ့ စေတနာနဲ့ မေတ္တာတရားတွေကို သိရှိခွင့်ရခဲ့တယ်။ 

ဒါ့အပြင် အိမ်နီးနားချင်း ရွာရှိ အလှူပွဲ၊ ရှင်ပြုပွဲ၊ သမက်တက်ပွဲတွေမှာလည်း မွတ်ဆလင်နဲ့ ရခိုင်လူမျိုး အပြန်အလှန် တက်ရာက်အားပေးကြတဲ့ ဓလေ့ ရှိနေဆဲဖြစ်တယ်။ အလှူများလည်း သက်ရှိသက်မဲ့ ပစ္စည်းတွေနဲ့ ရက်ရက်ရောရော ထည့်ဝင်ကြကြောင်း၊ ရခိုင်-မွတ်စလင် စည်းလုံး ညီညွှတ်မှု၊ သင့်သင့်မြတ်မြတ်နေထိုင်မှုကို ဆရာက ကိုယ်တွေ့ မြင်ဖူးခဲ့ကြောင်း ဖော်ပြထားတယ်။

ရခိုင်ပြည်သူတွေဟာ ဘာသာရေး၊ လူမျိုးရေး မခွဲခြားဘဲ အချင်းချင်း ညီညီညွတ်ညွတ် နေထိုင်လာခဲ့တဲ့ အစဉ်အလာတစ်ခုကို ဆရာဦးကျော်မောင်ရဲ့ ကိုယ်တွေ့မှ ကြည်နူးဖွယ်ကောင်းအောင် တွေ့ရှိရပါတယ်။ 

ဆရာဦးကျော်မောင်ရဲ့ ရခိုင်စကားနဲ့ ဖော်ပြထားတဲ့ ကိုယ်တွေ့ ဖော်ပြချက်တွေမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ 

 " တပ်တော်က သဟဇာတဖြစ်တေ လူ့အဖွဲ့အစည်းဖြစ်ချင်ရေ။ မှတ်မိရေ အတွေ့အကြုံချေ တခုတင်ပြပါမေ။

မြောက်ဦးမြို့နယ်မြောင်းဘွေမှာ စာပြခခါ ၁၉၈၄ ခု လောက်က မင်းပြားပြားချောင်းဆရာတော်ကြီး ဘုန်းကြီးပျံပွဲကိုလားခီပါရေ။ ဘုန်းကြီးပျံပွဲမှာ ဆရာတော်ရုပ်ကလပ်ထားရေ မဏ္ဍပ်ကို ရောက်တေခါ မဏ္ဍပ်ထဲမှာ မူဆလင်ယောက်ျား၊ မမာ့တစ်စုကိုလည်း ထိုင်လို့တွိလို့ ထူးထူးဆန်းဆန်းဖြစ်နိန်ပါရေ။ ဘုန်းကြီးပျံပွဲစွာ ဗုဒ္ဓဘာသာပွဲလို့သိထားလို့ပါ။ 

တည်းခိုရေမဏ္ဍပ်ရောက်လို့ ပွဲတော်ကျင်းပရေးကော်မတီစာရင်း ဖတ်ရခါ ကော်မတီစာရင်းမှာ မူဆလင်နာမည်ထိပါနိန်ပါရေ။

ပွဲတော်မှာ ကျင်ပွဲလေ့ ပါပါရေ။ ကျင်ပွဲလေ့ ရခိုင်ကျင်၊ ကဠားကျင်၂ မျိုး ပါပါရေ။ ပွဲတော်နောက်ဆုံးနိန်မှာ ပိုလို့ထူဆန်းနိန်ပါရေ။

ဒုံးတိုက်ဖို့ ဒုံးသီးအလှုသျှင်စာရင်းကြော်ငြာခါ မူဆလင်နာမည်ထိတန်းသီ ဗြတ်ပါပါရေ။

မြောင်းဘွေက ပွဲတော်ကျင်းပရေးကော်မတီဝင်အခင်ကြီးကို မိန်းကြည့်ခါ ပျောက်ကျားခေတ်က ယင်းနယ်မှာ အစိုးရ ကျောင်းမဟိခါ-

ဆရာတော်က ကျောင်းထောင်ပီးပါရေ။ အနားမှာဟိရေ ရခိုင်ရွာ၊ မူဆလင်ရွာတိက အချေတိကို စာသင်ပီးပါရေ။ မူဆလင်ရွာတိက လူကြီးတိရေ ယင်းကျောင်းထွက်ထိဖြစ်လို့ သူရို့ဆရာကြီး ပြားချောင်ဆရာတော်ကြီး ဈာပနမှာ ပါဝင်ကတ်စွာပါလတ်။

ယင်းအချိန်က မူဆလင်ရွာတိမှာ အလှူ၊ သမက်တက်ဟိကေ ရခိုင်ရွာတိက လားကတ် တေ။ အချို့ခင်မင်လူတိ နွားတိ လက်ဖွဲ့ရေ။

ရခိုင်ရွာမှာ သမက်တက်၊ သျှင်ပြုကိုလေ့ မူဆလင်ရွာက လာရေ။သျှင်ပြုကိုလေ့ ဘာသာရေးအနေနန့်မဟုတ်ဘဲ အလှုပွဲအနေနန့် လာပြီးကေ အလှုတိ ထည့်ဝင်ကတ်တေ။

ယင်းပိုင် သဟဇာတဖြစ်ခရေ အခ်ျိန်လေ့ ဟိဖူးခရေလို့ သိရရေ။"

— ဆရာဦးကျော်မောင်၏ ဖေစ်ဘုခ်ပို့စ်ကို ကိုးကား ဖော်ပြထားသည်။ 

အထက်ဖော်ပြထားသလို လူမျိုးကွဲ၊ ဘာသာကွဲ အချင်းချင်း သဟဇာတတွေ အမြဲနေခဲ့တာပဲ။ ဘယ်လိုပင် ကြီးမားတဲ့ပြဿနာတွေ ဖြစ်စေကာမူ အချိန်တစ်ချိန်ကျရင် ပြန်လည်သင့်မြတ်ကြတာပါပဲ။

ရခိုင်ပြည်တွင် ရှေးခေတ်အဆက်ဆက်ကပင် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ တစ်မြေနေ၊ တစ်ရေသောက် အတူတကွ နေထိုင်လာကြတာကို အငြင်းပွားစရာမလိုပါဘူး။ အငြင်းပွားသူက အရူးထလုပ်ချင်သူသာဖြစ်ပေလိမ့်မယ်။ ထိုသို့ အတူတကွ နေထိုင်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ ကြားခံနယ်က သဟဇာတ ဖြစ်ပါတယ်။ ဆိုလိုချင်တာက ဘာသာကွဲအချင်းချင်း စည်းလုံးညီညွတ်မှု ရှိခဲ့လို့သာ ထိုသို့ သင့်သင့်မြတ်မြတ်နေထိုင်လာနိုင်ခြင်းဖြစ်ပါတယ်။ အထက်ပါကိုးကားချက်က နမူနာတစ်ခုလောက်သာ တင်ပြပေးတာဖြစ်ပါတယ်။ 

 ဒီလို ဘာသာကွဲလူမျိုးကွဲ အကြား ညီညွှတ်မှုကို မရှုဆိတ်နိုင်သူ မျိုးချစ်အမည်ခံ လူယုတ်မိစ္ဆာအချို့ ခေတ်ကာလအလျောက် ပေါ်ပေါက်လာကာ တည်ငြိမ်အေးချမ်းနေတဲ့ ကျနော်တို့ ရခိုင်ပြည်အလှတရားကို ရိုက်ချိုးဖျက်ဆီးနေခြင်းဖြစ်ပါတယ်။ ထိုလူယုတ် ငရဲသားကောင်တွေရဲ့ မှိုင်းတိုက်မှု ပယောဂကြောင့် ပြည်သူ အချင်းချင်း ပဋ္ဋိပက္ခတွေ ကာလရှည်ရင်ဆိုင်လာရကာ သွေးချောင်းစီးနေရခြင်းပင်ဖြစ်ပါတယ်။ 

ကျနော်တို့ဟာ အဖျက်သမား ဂျင်းကောင်တွေရဲ့ ကျော့ကွင်းကို သတိဆင်ခြင်တုံးတရားရှိရှိ ရှောင်ကြဉ်လို့ လူလူချင်း အတူတူ သဘောထားကာ စည်းလုံးမှု ရေသောက်မြစ်ကို ပြန်လည်နှစ်မာခိုင်မြဲအောင် လက်တွဲဆောင်ရွက်ကြပါစို့။ 


လူထုဝဏ္ဏ

(13-9-2022)



Tuesday, October 4, 2022

၁၂။ လာရုဒေါလာမုန့် (Laçuddola)

 


၁၂။ လာရုဒေါလာမုန့် (Laçuddola)


✏✏✏✏✏✏✏✏
ရေးသား           📝 ရိုဟင်လေး|
အမျိုးအစား 🎍 ရိုဟင်ဂျာ ရိုးရာအစားအစာ [Rohingya Traditional Foods]|


"Noiya dhulár roñg noiya, háñlá háñlí gór furaiyá|
Noróinná háñlír keñlot fuwa, fuwar hátot diyé Laçuddola|
Dhulár fatót durúskurá, berár chértú háñcer háhá."

(-Osin Cayer)

ဒီလင်္ကာပိုဒ်ကို အာရ်ကန်ပြည်ရှိ ရိုဟင်ဂျာတိုင်း ကြားဖူးမှာမယ်လို့ ယူဆပါတယ်။ မင်္ဂလာပွဲနဲ့ ပတ်သက်တဲ့ ရှေးလင်္ကာတစ်ပိုဒ် ဖြစ်တယ်။ ကလေးတွေ ကစားတဲ့အချိန်တွင် ရွတ်ဆိုဆော့ကြလေ့ရှိတယ်။ ဒီလင်္ကာမှာ  ကလေးလက်မှာ လာရုဒေါလာမုန့် ပေးထားတယ်လို့ စပ်ဆိုထားတယ်။ ဒါကို လေ့လာကြည့်လျှင် လာရုေဒါလာမုန့်ဟာ ရှေးခေတ်ကတည်းကပင် ထင်ရှားတာခန့်မှန်းနိုင်တယ်။ ဒီဆောင်းပါးမှာ အဲဒီလာရုဒေါလာမုန့်အကြောင်းကို ဖော်ပြသွားမှာ ဖြစ်တယ်။ 

"လာရုဒေါလာ" (Laruddola) မုန့်ဟာ ထင်ရှားတဲ့ ရိုဟင်ဂျာရိုးရာမုန့်ထဲမှ တစ်မျိုးဖြစ်တယ်။ ရာသီမရွေး သုံးဆောင်နိုင်တဲ့ မုန့်တစ်မျိုးလဲဖြစ်တယ်။ အများအားဖြင့် ရက်ကြီးခါကြီး ပွဲရက်သဘင်တွင် ပြုလုပ်ကျွေးမွေးဧည့်ခံကြတယ်။ အထူးသဖြင့် ဆောင်းရာသီတွင် ပြုလုပ်စားသုံးကြလေ့ရှိတယ်။ လာရုဒေါလာ ရဲ့ အဓိပ္ပါယ်မှာ "လုံးဝန်းတဲ့မုန့်" ဖြစ်တယ်။ လာရု ဟာ ဟင်န္ဒီဘာသာစကား Laddu မှ ဆင်းသက်လာပြီး အလုံးငယ်လို့ အဓိပ္ပါယ်ရတယ်။ ဒေါလာကတော့ ရိုဟင်ဂျာစကား အလုံး၊ အခဲ ဟု အဓိပ္ပါယ်ရသည်။ နာမ်နှစ်ခုကို ပေါင်းစပ်ထားသော ပေါင်းစပ်နာမ် ဖြစ်တယ်။

လာရုဒေါလာမုန့် ဟာ ချိုမြိန်တဲ့မုန့် တစ်မျိုးဖြစ်တယ်။ လာရုဒေါလာမုန့်ကို ပေါက်ပေါက်နှင့်သော်လည်းကောင်း၊ မုန့်ဆမ်းဖက်နှင့်သော်လည်းကောင်း ပြုလုပ်ခဲ့ကြတယ်။ ပြုလုပ်ပုံပြုလုပ်နည်းက အလွန်လွယ်ကူလှတယ်။ အိမ်တွင် ပစ္စည်းတွေအသင့်ရှိရုံနဲ့ မည်သူမဆို လွယ်လွယ်ကူကူ ပြုလုပ်နိုင်တယ်။ ပြုလုပ်ရာတွင် လိုအပ်သော ပစ္စည်းများမှာ ဒေသထွက်ပစ္စည်းများသာ အဓိကသုံးကြတယ်။ 

ပါဝင်ပစ္စည်းများ

၁) လူး (ဂျူဝါရီ)
၂) မုန့်ဆမ်း (ဆုန်ရာ) 
၃) ဆန် (ဟော့ရောအိ)
၄) နှမ်း (ဂေါ့ချာ)
၅) ထန်းလျက်/ သကြား (ထန်းညာမီရာ)
၆) ဆား (နူံ)
၇) အုန်းသီး (နာဂျောလ်)
၈) ဆီ/ထောပတ် (တေလ်)
၉) မြေပဲ (ဘာဒါမ်)

တို့ ပါဝင်ကြတယ်။


ပြုလုပ်ပုံပြုလုပ်နည်း

လာရုဒေါလာမုန့်ကို ပါဝင်ပစ္စည်း အမျိုးမျိုးဖြင့် ပြုလုပ်လေ့ရှိကြသည်။ ဤနေရာတွင် အခြေခံပြုလုပ်ပုံတစ်မျိုးကို မိတ်ဆက်ပေးသွားမှာဖြစ်တယ်။

လာရုဒေါလာမုန့် ပြုလုပ်တော့မယ်ဆိုလျှင် ဦးစွာအထက်ဖော်ပြပါ ပါဝင်ပစ္စည်းများကို စုဆောင်းရတယ်။ ပထမဆုံး လူးဆံကို ဖောက်ပြီးတော့ ပေါက်ပေါက် ခေါ် ဟိုအိ လုပ်ယူရတယ်။ ပြီးတော့ မြေပဲ၊ ဆန်၊ နှမ်း၊ အုန်းသီးခြစ်တွေကို ညိုရောင်သန်းလာတဲ့အထိ လှော်ရတယ်။ အဲဒါတွေကို ကြေမွသွားအောင် ထောင်းပေးရတယ်။ လုံးဝ အမှုန့်ဖြစ်သွားအောင်တော့မဟုတ်ဘူး၊ အဆံအစိတ် ဖြစ်အောင်ပေါ့။ ပြီးရင် ဆီနဲ့ ထန်းလျက်ကို အရည်ပျော်အောင် ကျိုရတယ်။ ပြီးတော့ မုန့်ဆမ်းကို သေချာဆေးကြောပြီးတော့ ရေညစ်ဆယ်ယူရတယ်။ အားလုံး အဆင်သင့် ဖြစ်ပြီးဆိုရင် နောက်တစ်ဆင့် ဆက်ရတယ်။ 

သတိထားရမှာက အုန်းသီးကို အဆံသေးသေးလေး ရအောင် ခြစ်ပေးရတယ်။ မြေပဲနှင့် ဆန်ကိုလည်း အစိတ်စိတ်ကွဲအောင် ထောင်းပေးရတယ်။

အဆင့်အသင့်လုပ်ထားတဲ့ ပစ္စည်းတွေကို လောင်ပန်းကြီးတစ်ခုတွင် အချိုးအကျညီအောင် ထည့်လို့ အားလုံးသမသွားအောင် ရောနှောရတယ်။ နည်းနည်း အေးသွားလျှင် အဖတ်တွေကို လက်နဲ့ဆုပ်ပြီးတော့ လက်တစ်ဆုပ်စာ လုံးဝန်းတဲ့ပုံသဏ္ဌာန်ရအောင် ပြုလုပ်ပေးရတယ်။  ဒါဆို အလုံးလှလှနဲ့ အလွန်အရသာကောင်းလို့ ရင်မြူးစေတဲ့ လာရုဒေါလာမုန့် ရသွားပါပြီ။

********

(မူလပုံကိုပြောင်းလဲထားသည်)


Tuesday, September 13, 2022

၁၁။ ဆီတောလ်ဖီရား (Sitol Fiçá)

 


၁၁။ ဆီတောလ်ဖီရား 

ရေးသား- ရိုဟင်လေး
အမျိုးအစား- ရိုဟင်ဂျာရိုးရာအစားအစာ

ဆီတောလ်ဖီရာ့ ဟာ ရိုဟင်ဂျာတွေ သုံးဆောင်လေ့ရှိတဲ့ မုန့်တွေထဲမှာ တစ်မျိးအပါအဝင်ဖြစ်တယ်။ ဆောင်းရာသီနဲ့ မိုးရာသီတွေမှာပြုလုပ်သုံးဆောင်တာ တွေ့ရတယ်။ စရိတ်အသက်သာဆုံးနှင့် ပြုလုပ်ရအလွယ်ဆုံး မုန့်တစ်မျိုးလည်း ဖြစ်ပါတယ်။ ဆီတောလ် အဓိပ္ပာယ်က အေးချမ်းသော၊ ဖီရာ့ က မုန့် ဖြစ်တယ်။ ဆောင်းရာသီမှာ ပြုလုပ်တဲ့မုန့်၊ အေးချမ်းဖွယ်ရာ မုန့်ဟု အဓိပ္ပာယ်ကောက်နိုင်တယ်။ 


ဆီတောလ်ဖီရား ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေက

  • ဆန်မှုန့်
  • အုန်းသီး
  • ဆား 
ဒါ့အပြင် ဆီအနည်းငယ်လည်း လိုပါတယ်။ ဆီကျတော့ မုန့်မှာ ထည့်ရတာမဟုတ်ဘဲ ကြော်ပြားမှာ မုန့်ကပ်မသွားအောင် နည်းနည်းသုပ်ပေးရတာ ဖြစ်တယ်။

ပြုလုပ်ပုံ

ဆန်မှုန့်ကို ရေနဲ့ ဆားရောပြီးတော့ ကောင်းကောင်းသမရတယ်။ အကျိတ်အခဲတွေ လုံးဝမရှိစေရဘူး။ ခပ်စေးစေး မုန့်ဖတ်ရည်တစ်မျိုး ဖြစ်လာမယ်။ မုန့်ဖတ်ဆော်ဒါ ထည့်ချင်ရင်ထည့်ပါ့။ ပိုပျော့အိလာအောင်ပေါ့။ မထည့်ရင်လဲ ပြဿနာမရှိဘူး။ ပြီးရင် မုန့်ဖတ်ဇလုံးကို အဖုံးဖုံးပြီးတော့ တစ်နာရီ၊ နာရီဝက်လောက် စိမ့်ထားပါ။ ဒါနဲ့ မီးလတ်လတ်မွေးပါ။ ကြော်ပြားတင်ပေးပါ။ ပူလာပြီဆိုရင် ဆီနည်းနည်း သုပ်ပေးပါ။ မုန့်ပြား ကပ်မသွားအောင်ပေါ့။ အားလုံးအဆင်အသင့် ဖြစ်ပြီဆိုရင် မုန့်ဖတ်ရည်ကို ဇွန်းကြီးနဲ့ တစ်ဇွန်းစီ ကြော်ပြားမှာ ချပေးပါ။ အဖတ်မာလာရင် ကျက်ပြီ။ ပြီးတော့ အုန်းခြစ်တွေကျဲပြီးတော့ စားလို့ရပါပြီ။ အများအားဖြင့် ထန်းရည်၊ အုန်းရည်တွေနဲ့ တို့စားကြတယ်။






Friday, September 9, 2022

Dáijjá-fuçí Háddí Roiyé (ကဗျာလေ့လာချက်)


ကဗျာလေ့လာဆန်းစစ်ချက် စာတမ်း


ခေါင်းစဉ် - ဒါ့ဂ်ျဂျာပူရိ ဟာဒ္ဒီး ရိုက်ယေ့

အမျိုးအစား - ဖန်ချာရီ

ကာလ - ဗြိတိချဇာပနာ နောက်ပိုင်း (ကိုလိုနီခေတ်နောက်ပိုင်း)၊ ၂၀ ရာစု

ကဗျာရေးသူ - အမည်မသိစာဆို တစ်ဦး


၁။ မူရင်းကဗျာ


Dáijjá-fuçí Háddí Roiyé


  Bandorjjarlá buo ander dé, undujja dóijje sáti 

  Kuna-beñg e dhúl bajjar dé, tutthui zar boirati.


   O bái ré, Sool soreddé murár bútor, bak sorer ailot 

   Dessuá, Kuilá fiyaiñjja dórer, noboyér gasót.


  Bilai ré mas basádí buo giyé gói farat 

  Madal gasót dóri roiyé aiñthá kelar sóra.


   Moyur naser fak melídí boga giyé saitó 

   Dáijjáfuçí háddi roiyé boga dóri háitó.


  Luti fukór feth honránít goru háiye baçi 

  Doñr doñr háñti morer fiyañrár téñgot fori.


   Masór dhore zailla dáiye noo zal eri 

   Mancór dhore manúic luwar mocóríte góli.


  Osin Cáyer (Fancari)


၂။ ကဗျာအသံထွက်

Dáijjá-fuçí Háddí Roiyé

(ဒါ့ဂ်ျဂျာပူရိ ဟာဒ္ဒီး ရိုက်ယေ့)


Bandorjjarlá buo ander dé, undujja dóijje sáti 

(ဘင်ဒေါရ်ဂျာရ် လား ဘို အာင်နဲရ်ဒေ့၊ အုံဒူရ်ဂျာ ဒိုဂ်ျဂျေ ဆားထီး)

Kuna-beñg e dhúl bajjar dé, tutthui zar boirati.

(ကူနာဘင်ဂေ ဓုလ် ဘိုက်ဂျာရ် ဒေ့၊ တုတ္တွီဇာရ် ဘိုရိုက်တီ)


O bái ré, Sool soreddé murár bútor, bak sorer ailot 

(အို ဘိုက်ရေ၊ ဆော်လ် ဆောရက်ဒေ့ မူရာ့ရ် ဘုတော်ရ်၊ ဘာခ် ဆော်ရေရ် အိုင်လောတ်)

Dessuá, Kuilá fiyaiñjja dhóre, noboyér gasót.

(ဒေစ္ဆွာ ၊ ကူအိလား ဖီညာဂ်ျဂျာ ဓော်ရေ၊ နဘောယဲရ် ဂါစောတ်)


Bilai ré mas basádí buo giyé gói farat 

(ဘီလိုက်ရေ့ မာစ်ဘာဆာ့ဒိ၊ ဘို ဂီယေ့ဂိုဝ် ဖာရာတ်)

Madal gasót dóri roiyé aiñthá kelar sóra.

(မာဒါလ် ဂါစောတ် ဒေါ်ရီရိုအိယေ့၊ အိုင်တ္တာကေလာရ် စော့ရ)


Moyur naser fak melídí boga giyé saitó 

(မယူရ် နာဆေရ် ဖာခ် မေလိဒီး၊ ဘောဂါ ဂီယေ့ ဆိုက်သိုဝ်)

Dáijjáfuçí háddi roiyé boga dóri háitó.

(ဒါ့ဂ်ျဂျာပူရိ ဟာဒ္ဒီ ရိုအိယေ့၊ ဘောဂါ ဒေါ့ရီ ဟိုက်သိုဝ်)


Lutifukór feth honránít goru háiye baçi 

(လူတီဖုခ်အောရ် ဖေတ်ဟောင်ရနိသ် ၊ ဂေါရူ ဟိုက်ယေ ဘာရီ)

Dhoñr dhoñr háñti morer fiyañrár téñgot fori.

(ဓောင်ရ်ဓောင်ရ် ဟင်တီ မောရေရ်၊ ဖီညာရာတ် တဲဉ်အောတ် ဖော်ရီ)


Masór dhore zailla dáiye noo zal eri 

(မာစော့ရ် ဓော်ရေ ဇိုက်လ္လာ ဒိုက်ယေ၊ နော ဇာလ် ဖဲ့လီ)

Mancór dhore manúic luwar mocóríte góli.

(မာန်ချော့ရ် ဓော်ရေ မာနုခ်ျ လုဝါရ်၊ မောချောရီတ် အေ ဂေါ့လိ)


Osin Cáyer (Fancari)

(ဩစီန် ရှားယေရ်၊ ဖန်ချာရီ)


***


၃။ ကဗျာတိုက်ရိုက်ဘာသာပြန်


Dáijjáfuçí Háddí Roiyé

(ငါးဘဲဖြူလေး ချောင်းနေတယ်)


Bandorjjarlá buo ander dé undujja dóijje sáti 

Kuna beng dhúl bajjar dé tuttui zar boirati.

(မျောက်ကလေးရဲ့ မင်္ဂလာဆောင်ပွဲမှာ ကြွက်ကလေးက ထီးဆောင်းပေး

ဖားပြုပ်က ဗုံတီးခတ်လျက် အိမ်မြှောင်က ဘောရာတ်အဖွဲ့နဲ့ လိုက်ခဲ့တယ်။)


O bái ré Sool soreddé murár bútor bak sorer ailot 

Dessuá kuilá fiyaiñjja dórer noboyér gasót.

(အိုအဆွေ…ဆိတ်က တောထဲ ကျက်စားလို့ ကျားက ကန်သင်းရောက်နေ

စာကလေးကို ကြောက်လို့ကွယ်  ဥဩနဲ့ငှက်တော် သစ်ပင်မှာ မနားရဲ )


Bilai ré mas basádí buo giyé gói farat 

Madal gasót dóri roiyé aiñthá kelar sóra.

(ကြောင်ကလေးကို ငါးတုံးတစ်ခိုင်းလို့ အိမ်ရှင်မလည်ပြီ ရွာတစ်ပတ်

ကသစ်ပင်မှာ တွယ်နေတယ် ဆင်ပေါင်ငှက်ပျော့ခိုင်လေး)


Moyur naser fak melídí boga giyé saitó 

Dáijjáfuçí háddi roiyé boga dóri háitó.

(အတောင်ဆန့်ဆန့် ဒေါင်းကပွဲမှာ ဗျိုင်းကလေး ကြည့်ဖို့လာ

ဒါဂ်ျဂျာချောင်းရဲ့ ငါးဘဲဖြူလေး ဗျိုင်းဖမ်းစားဖို့ ချောင်းနေသာ။)


Luti fukór feth honránít goru háiye baçi 

Doñr doñr háñti morer fiyañrár téñgot fori.

(ဖြုတ်က သူ့ဝမ်းကိုက်နာမှာ နွားကြိတ်လို့ဆေးဖျော်ခဲ့

ပုရွက်ဆိတ်ရဲ့ အနင်းခံရလို့ ဆင်ကြီးတွေသေ။)


Masór dhore zailla dáiye noo zal eri 

Mancór dhore manúic luwar mocóríte góli.

(ငါးကို ကြောက်လို့တံငါသည် လှေ၊ကွန် ပစ်လို့ ထွက်ပြေး

လူကို ကြောက်လို့ လူတွေပုန်းရ ခြင်ထောင်အုပ်လို့ကွယ်။)


Osin Cáyer (Fancari)

(အမည်မသိရှေးစာဆို)


၄။ ဝေါဟာရအဖွင့်


Bandorjjarlá = မျောက်အတွက်။

buo = မယား၊ မိန်းမ။

ander dé = ယူဆောင်လာတဲ့အခါ။

Undujja = ကြွက်ထီး။

dóijje sáti = ထီးဆောင်းပေးသည်။

Kuna beng = ဖားပြုပ်။

dhúl = ဗုံ။

bajjar dé = တီးခတ်သည်။

tuttui = အိမ်မြှောင်။

zar = သွားနေသည်။

boirati = သတိုးသမီးပင့်မယ့်အဖွဲ့ဝင်။

O bái ré = အို အဆွေ။

Sool = ဆိတ်။

sorer dé = ကျက်စားသည်။ 

murár bútor = တောထဲမှာ။

bak  = ကျား။

ailot = ကန်သင်းမှာ

Dessuá = ငှက်တော်

kuilá = ဥဩငှက်

fiyaiñjja = စာကလေး

dórer = ဖမ်းနေသည်

noboyér = မနားချေ။ မထိုင်ချေ။

gasót = သစ်ပင်မှာ။ 

Bilai ré = ကြောင်ကို။ 

mas = ငါး။ 

basádí  = တုံးတစ်ခိုင်းသည်

giyé gói = သွားပြီ။

farat = ရွာမှာ။

Madal gasót = ကသစ်ပင်မှာ။

dóri roiyé = သီးနေတယ်။

aiñthá kelar sóra = ဆင်ပေါင်ငှက်ပျော့ခိုင်။

Moyur = ဥဒေါင်း။

naser = ကနေသည်။

fak melídí = အတောင်ဆန့်၍။

Boga = ဗျိုင်း။

saitó = ကြည့်ရှုရန်။

Dáijjáfuçí = ဒါဂ်ျဂျာချောင်း၏ ငါးဘဲဖြူ။ အညာဘက်က ဆင်းသက်လာသည့် ချောင်းကို ဒါဂ်ျဂျာချောင်းဟုလည်း ခေါ်သည်။

háddi roiyé = ချောင်းကြည့်နေသည်။

boga = ဗျိုင်း။ 

dóri háitó = ဖမ်းစားရန်အတွက်။

Lutifuk ór = ဖြုတ် ၏။

feth honránít = ဝမ်းကိုက်ဝေဒနာမှာ။ 

goru = နွား။

háiye = စားခဲ့သည်။

baçi = ကြိတ်ချေသည်။ 

Doñr-doñr = ကြီးမားသော။ ဧရာမ။ 

háñti = ဆင်။

morer = သေနေသည်။

fiyañrár = ပုရွက်ဆိတ်၏။

téñgot fori = ခြေနင်းခံရပြီး။ 

Masór = ငါး၏ ။

dhore = ကြောက်ရွံ့မှုကြောင့်။ 

zailla = တံငါသည်။ 

dáiye = ထွက်ပြေးသည်။

Noo = လှေ။

zal = ငါးဖမ်းပိုက်ကွန်။

eri = ထား၍၊ ပစ်ချ၍။ 

Mancór = လူတို့၏။

manúic = လူ။

luwar = ပုန်းကွယ်သည်။

mocóríte = ခြင်ထောင်ထဲမှာ

góli = ဝင်၍။ 



***

၅။ ကဗျာအရေးအဖွဲ့၊ ကဗျာနောက်ခံ၊ ရှင်းလင်းချက်


 ဒီ ဖာန်ချာရီကဗျာဟာ ခေတ်ရဲ့ ကမောက်ကမဖြစ်ပုံကို ဖော်ကျူးထားတဲ့ ရှေးစာဆိုတစ်ဦးရဲ့ တေးကဗျာတစ်ပုဒ် ဖြစ်ပါတယ်။ တိုးတက်လာတဲ့ကမ္ဘာကြီးမှာ အမုန်းတရားတွေ၊ အမိုက်တရားတွေက တဖြည်းဖြည်း ဖုံးလွမ်းလာလို့ ရှေးခေတ် အစဉ်အလာ ထုံးတမ်းဓလေ့နဲ့ လောကသဘာဝ၊ ယဉ်ကျေးမှုတွေ ပြောင်းလဲကာ ယဉ်ကျေးတဲ့လူဘောင်အဖွဲ့အစည်း ပျက်စီးနေပုံကို ဥပမာအဖွဲ့တွေနဲ့ ရသမြောက်အောင် စပ်ဆိုထားတာဖြစ်တယ်။ ဒီခေတ်ကာလကို သရော်ထားတဲ့ကဗျာနဲ့ လူတွေ အသိအမြင်ရလာအောင် ပျက်စီးယိုယွင်းနေတဲ့လူ့အဖွဲ့အစည်း ယဉ်ကျေးမှုကို အချိန်မီ ဆင်ဆင်ခြင်ခြင် ပြုပြင်နိုင်အောင် ကဗျာဆရာက နိုးဆော်ထားခြင်းဖြစ်ဟန်ရှိပါတယ်။ 


 ဖန်ချာရီကဗျာတွေဟာ ဟာသရသမြောက်အောင် ဖွဲ့ဆိုတဲ့ ကဗျာအမျိုးအစားဖြစ်တယ်။ ဖန်ချာရီကဗျာတွေကို ဘယ်ခေတ် ဘယ်ချိန်က စတင်ဖွဲ့ဆိုလာခဲ့တာကို အတိအကျဖော်ပြရန် ခဲယဉ်းပေမယ့် ခေတ်အဆက်ဆက်မှာတော့ ထိုကဗျာမျိုးကို တွေ့ရှိရပါတယ်။ မောင်ဘွဲ့မယ်ဘွဲ့ကဗျာလို ချစ်ရေးကြိုက်ရေးကို အလေးထားဖွဲ့ဆိုလေ့ရှိတဲ့ ကဗျာတစ်မျိုး ဖြစ်ပါတယ်။ ဒီကဗျာမှာကျတော့ ထူးထူးခြားခြား ခေတ်ကလကို ဖော်ကျူးထားတာ တွေ့ရပါတယ်။ ဗြိတိသျှဇာပနာ (ကိုလိုနီခေတ်) နောက်ပိုင်းလောက်က ကဗျာလို့ ခန့်မှန်းနိုင်တယ်။ ဒေသနောက်ခံကျတော့ တောတောင်အင်းအိုင်တွေနဲ့ သာယာတဲ့ ကျေးလက်ဒေသလို့ ယူဆနိုင်တယ်။ ကဗျာမှာ တောတောင် တိရစ္ဆာန်တွေ၊ ကျေးငှက်တွေ၊ ငါးတွေနဲ့ ဥပမာပေး ဖွဲ့ဆိုထားတာကို လေ့လာခြင်းဖြင့် စာဆိုကလည်း ကျေးလက်ဒေသခံဖြစ်ကြောင်း ပေါ်လွင်နေပါတယ်။ ကဗျာဖွဲ့ပုံကလည်း စိတ်ဝင်စားဖွယ်ကောင်းပါတယ်။ လင်္ကာတစ်ပိုဒ်မှာ စာနှစ်ကြောင်းစီနဲ့ စာတစ်ကြောင်းမှာ ပုဒ်(၆)ပုဒ်စီ သပ်သပ်ရပ်ရပ် ဖွဲ့ဆိုထားတယ်။ အသွားကလည်း ပြေပြစ်ချောမောလှတယ်။ ပါဒတိုင်းမှာ အကျိုးနဲ့အကြောင်းကို မျှအောင် စာဆိုက အားထုတ်ထားတာလဲတွေ့ရပါတယ်။ ကာရန်ရော ပုဒ်အရေအတွက်ရော ချိတ်ညှိထားလို့ ကဗျာဖွဲ့ပုံက စံထားနိုင်တယ်လို့ မှတ်ချက်ပြုနိုင်ပါတယ်။


ဒီ ဒါ့ဂ်ျဂျာပူရိ ဟဒ္ဒီရောယေ့ ကဗျာရဲ့ လေးနက်တဲ့ အနက်ကို ယေဘုယျအားဖြင့် လေ့လာကြည့်သော်-

ကဗျာအစပိုဒ်မှာ

"Bandorjjarlá buo ander dé undujja dóijje sáti Kuna beng dhúl bajjar dé tuttui zar boirati."

မျောက်မင်းရဲ့ မင်္ဂလာဆောင်ပွဲမှာ ကြွက်ကလေးက သတိုးသားအရံအဖြစ် တက်ရောက်ကာ သတို့သားကို ထီးဆောင်းပေးနေတယ်။ မင်္ဂလာပွဲ ပျော်ရေးရွှင်ရေးမှာ ဖားပြုပ်က ဗုံစည်တီးခတ်လျက် ပျော်မြူးကြတယ်။ အိမ်မြှောင်ကတော့ သတို့သမီးပင့်မယ့်အဖွဲ့နဲ့ လိုက်ပါသွားတယ် လို့ ဖွဲ့ဆိုထားတယ်။ ဒီအပိုဒ်က အသား၊ အရောင် မတူကွဲပြားတဲ့ အမျိုးအချင်းချင်း တစ်ချိန်က စည်းလုံးညီညွတ်မှုရှိကြပုံ၊ သဟဇာတ အားကောင်းခဲ့ပုံကို ထင်ရှားစေတယ်။ မျောက်၊ ဖား၊ ကြွက်၊ အိမ်မြှောင် တစ်ကောင်နဲ့တစ်ကောင် မျိုးမတူ၊ နေထိုင်မှုစရိုက်သဘာဝမတူငြားလည်းပဲ ညီကိုမောင်နှမ အချင်းချင်းလို စည်းစည်းလုံးလုံးပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့တဲ့ ရှေးခေတ်က စာဆိုစိတ်ကူးကို ထုတ်ဖော်ထားတာ ဖြစ်ပါတယ်။ 

ကာလနောက်ကို ဖော်ပြရာမှာလည်း မျောက်တွေ မိတ်လိုက်တဲ့အချိန်၊ ထီးဆောင်းရတဲ့အချိန်၊ ဖားအော်တဲ့အချိန်ကို ကြည့်ခြင်းဖြင့် မိုးဦးရာသီဖြစ်ကြောင်း ထင်ရှားစေပါတယ်။ "zor o dér roit ó der, bandorja ré biyá der" ဆိုတဲ့ ဒီရှေးလင်္ကာက မိုးဦးကာလ နွေတလှည့်၊ မိုးတလှည့် ဖြစ်နေချိန်တွင် မျောက်တို့ မင်္ဂလာဆောင်တယ်လို့ ရှေးလူကြီးတို့ရဲ့ ယူဆချက်တစ်ခုကို ရှိတယ်။ အဲ့ဒါကို စာဆိုက ဒီကဗျာမှာ သရုပ်ဖော်ကာ အချင်းချင်း ညီညွှတ်မှုကို ဖော်ပြထားတာဖြစ်ပါတယ်။


 ပြီးတော့ ကဗျာဆရာက အခုခေတ်ဟာ အထက်က ဖော်ပြခဲ့တဲ့ ရွှေခေတ်နဲ့ မတူတော့တာကို- 

 "O bái ré… Sool soreddé murár bútor bak sorer ailot. Dessuá kuilá fiyaiñjja dórer noboyér gasót." 

အိုအဆွေ… ဆိတ်တွေကို တောင်ပေါ်မှာ ကျောင်းရပြီးတော့ ကျားတွေက လယ်ကွင်းထဲရောက်လာတယ်။ ဥဩငှက်၊ ငှက်တော်တွေကို စာကလေးတွေကခြောက်လို့ သစ်ပင်မှာတောင် မနားရဲတော့ဘူး လို့ ဖွဲ့ဆိုထားတယ်။ အခုခေတ်ဟာ ရှေးခေတ်လို ညီညွှတ်မှုမရှိတော့ဘူး။ စည်းလုံးမှု ပြိုကွဲသွားလို့ အစိတ်စိတ်အမြွှာမြွှာဖြစ်သွားပုံကို သရုပ်ဖော်ထားခြင်း ဖြစ်တယ်။ ဒါ့အပြင် အဘက်ဘက်မှာ အန္တရာယ်နဲ့ ပြည့်စုံတဲ့ ပတ်ဝန်းကျင်ကို ဖော်ပြထားတာဖြစ်တယ်။ လယ်ကွင်း၊ ကန်သင်းတွေမှာ ကျက်စားတဲ့ ဆိတ်တွေဟာ အခု တောင်ပေါ်တက် ကျောင်းနေရပြီ။ ကုန်းပေါ်မှာ သားရဲတိစ္ဆာန်တွေ ထွက်လာပြီးတော့ ရန်ပြုနေတော့ ယခင်ကလို လယ်ကွင်း ကန်သင်းမှာ မနေသာဘူး။ တောတက်ရလေတယ်။ ဆိတ်ခမျာ တောထဲမှာလဲ သားရဲတိရစ္ဆာန်ပေါ့တော့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတာပဲ။ ကျားကလည်း ဆိတ်နေရာကို လုယူထားလို့ ချမ်းသာမှာတော့မဟုတ်ဘူး။ သူ့အတွက်လဲ အန္တရာယ်တွေ များလာတာပါပဲ။ နောက်တစ်ဖက်က တစ်နေရာတည်း အတူကျက်စားခဲ့တဲ့ ကျေးငှက်တွေလည်း အခု ညီညွှတ်မှု၊ လုံခြုံမှုမရှိတော့ဘူး။ လူတွေကို အသံနဲ့ သာယာစေတဲ့ ဥဩငှက်တွေ၊ နွားကျောကုန်းပေါ်မှာ နားကာ အဖော်ပေးတဲ့ ကျွဲနွားတွေမှာမှီကပ်တတ်တဲ့ ပိုးမွှားများကို စားသောက်ကာ သူ့အကျိုးပြုတတ်သော ငှက်တော်တွေတောင် စာကလေးလို ငှက်ကလေးကို ကြောက်နေရတော့တယ်။ လောကဟာ သူနေရာနဲ့ သူ မရှိတော့ဘူး။ တစ်ယောက်ကိုတစ်ယောက်၊ တစ်စုကို တတစ်စု အကျိုးစီးပွားပျက်စီးအောင် ရန်ပြုတတ်တဲ့ ခေတ်ရေစီးနဲ့ မျောပါနေကြောင်း စာဆိုရဲ့ ထင်မြင်ချက်ကို စာဖတ်ဖတ်သူအား အို…အဆွေဟု တိုက်ရိုက်ပြောပြဟန်နဲ့ ထုတ်ဖော်ထားတာဖြစ်တယ်။ 


တဖန် စာဆိုက တာဝန်ပေါ့လျော့မှုနဲ့ မျက်ကန်း ယုံကြည်မှု တိုးပွားလာခဲ့ပုံကို- 

 " Bilai ré mas basádí buo giyé gói farat. Madal gasót dóri roiyé aiñthá kelar sóra."

ကြောင်ကို ငါးတွေ တုံးတစ်ခိုင်းလို့ အိမ်ရှင်မက ရွာထဲ ပတ်လည်နေတယ်။ ကသစ်ပင်မှာ ဆင်ပေါင်ငှက်ပျောခိုင် တွယ်နေတယ် လို့ ရေးစပ်ထားတယ်။ ကြောင်ကို ယုံးစားမိပြီးတော့ ငါးတွေကို တုံးတစ်ခိုင်းတာ၊ ငါးစောင့်ခိုင်းတာ ယုံလွယ်မှု၊ ဆင်ခြင်မှုနည်းတာမျိုး၊ လူတွေက ကိုယ့်တာဝန်ကျေပွန်မှု ပေါ့လျော့တာမျိုး ဖြစ်လာတယ်လို့ ဆိုလိုပါတယ်။ ပြီတော့ ဖြစ်ရိုးသဘာဝမရှိတဲ့ဟာလဲ ဖြစ်နေပုံကို ငှက်ပျော့သီးပင်မှာ ငှက်ပျော့သီးမသီးဘဲ ကိုယ်ထည်မှာ ဆူးပြည့်တဲ့ သစ်ပင်တွေမှာ သီးနေဟန်နဲ့ ဥပမာပေးထားတယ်။ သူတော်ကောင်းဟန်ဆောင်သူတွေက ဒုစရိုက်လုပ်ငန်း ဆောင်တာတွေနဲ့၊ ပညာရှင်တွေဆီကနေ ပညာ့ရောင်ခြည်မထွက်ဘဲ လူမိုက်အနံ့တွေ ဖြန့်ထွက်နေတဲ့ သဘောကို စာဆိုက ထုတ်ဖော်ထားတာဖြစ်ပါတယ်။


ပြီးတော့ သူတစ်ပါးကောင်းစားနေခြင်းကို မုဓိတာမပွားဘဲ မနာလိုစိတ်၊ ရာဂစိတ် ဖြစ်တည်လာပုံကို -

"Moyur naser fak melídí boga giyé saitó. Dáijjáfuçí háddi roiyé boga dóri háitó."

အတောင်ဆန့်ဆန့်ကနေတဲ့ ဒေါင်းကပွဲမှာ ဗျိုင်းကလေးက သွားကြည့်တယ်။ အဲ့ဒီဗျိုင်းကို ဒါဂ်ျဂျာချောင်းနေ ငါးဘဲဖြူက ဖမ်းစားဖို့ ချောင်းချိန်နေတယ်" လို့ ဖွဲ့ဆိုထားတယ်။ ဒီအပိုဒ်က သူတစ်ပါးရဲ့ ပျော်ရွှင်မှုကို မနာလို ဝန်တိုပြီးတော့ မိမိကိုယ့်ကို အန္တရာယ်ထဲ တွန်းပို့တတ်တာကို သရုပ်ဖော်ထားတာဖြစ်တယ်။ ဥဒေါင်းနဲ့ ဗျိုင်းတို့ မြူထူးသာယာနေတဲ့ဟာကို ငါးဘဲဖြူက မရှုဆိတ်နိုင်ဘူး။ မနာလိုဖြစ်ပြီးတော့ သူတို့ရဲ့ ပျော်ရွှင်မှုကို အနှောင့်အယှက်ပေးရန် ကြံစည်နေတာဖြစ်တယ်။ ဒီလို ဗျိုင်းကို သတ်စားနိုင်ဖို့ အကြံအစည်က ငါးဘဲဖြူရဲ့ အသက်အန္တရာယ်ဖြစ်လာနိုင်တာကိုတောင် ဝန်မလေးကြဘူးလို့  စာဆိုက အသိအမြင်ပေးထားတာဖြစ်တယ်။ 


အဲဒီနောက် လူတွေမှာ ကြည်ဖြူ ရိုးသားခြင်းထက်  မောက်မာ၊ ပြစားခြင်းကို အသာပေးနေတဲ့ စိတ်ယုတ်ဝင်လာပုံကို-

" Lutifukór feth honránít goru háiye baçi 

Dhoñr-dhoñr háñti morer, fiyañrár téñgot fori."

"ဖြုတ်ရဲ့ ဝမ်းကိုက်နာမှာ နွားအကောင်လိုက်ကြိတ်ချေပြီး ဆေးဖျော်လို့ သောက်သုံးခဲ့တယ်။ ပုရွက်ဆိတ်ရဲ့ အနင်းခံရလို့ ဆင်ကြီးတွေသေရတော့တယ်" လို့ ဖော်ပြထားတယ်။ ဒီအပိုဒ်က အသေးအမွှား ကိစ္စတွေအတွက် အားအင်ငွေကြေး အဆမတန် သုံးစွဲတာ၊ မာန်မာနကြွားဝါးမောက်မာမှုတွကို အလေးထားလုပ်ဆောင်တာကို ထင်ရှားအောင် သရုပ်ဖော်ထားတာဖြစ်တယ်။ ပုရွက်ဆိတ်ရဲ့ အနင်းခံရလို့ ဆင်ကြီးတွေသေနေရတယ်ဆိုတာကလဲပဲ ရာထူးအဆင့်အတန်း၊ ငွေကြေးတွေရဲ့ မာနအရှိန်ကြောင့် သက်ကြီးလူကြီးတွေရဲ့ ပြောဆိုဆုံးမ လမ်းညွှန်တာကို လူငယ်တွေက တန်ဖိုးမထားတော့ဘူး၊ အရိုအသေမပြုကြဘူး။ ရိုသေလေးစားတဲ့ ယဉ်ကျေးမှု ပျောက်ကွယ်သွားနေတယ်။ ဉာဏ်အမြော်အမြင်ကြီးမားတဲ့၊ ဘဝအတွေ့အကြုံများတဲ့ လူကြီးမိဘတွေကို လျစ်လျူရှုခံရပုံကို ဖွင့်ဆိုထားတာဖြစ်တယ်။ 


နောက်ဆုံးတွင် လောဘ၊ မောဟ၊ အမုန်းတရားများ လွမ်းမိုးလာပုံကို- 

" Masór dhore zailla dáiye noo zal eri 

Mancór dhore manúic luwar mocóríte góli."

ငါးတွေကို ကြောက်လို့ တံငါသည်က လှေ၊ ပိုက်ကွန်တွေ ပစ်ချပြီးတော့ ထွက်ပြေးရတယ်။ လူလူချင်းအတူတူဖြစ်ပေမဲ့ သားရဲတိရစ္ဆာန်ကြောက်သလို ကြောက်ပြီးတော့ ခြင်ထောင်အုပ်လို့ ပုန်းကွယ်နေရတော့တယ် လို့ ဖော်ပြထားပါတယ်။ ဆိုလိုတာက ငါးက ငါးဖမ်းသမားတွေကိုမြင်လို့ ကြောက်ပြေးရမယ်အစား ငါးဖမ်းသမားကိုယ်တိုင် ထွက်ပြေးနေရတယ်။ လက်အောက်ငယ်သားတွေကို သူကြီးကိုယ်တိုင် ကြောက်နေရလောက်အောင် သစ္စာတရား ကင်းမဲ့နေတယ်လို့ တင်စား ရေးဖွဲ့ထားဟန်ရတယ်။ လူလူချင်းအတူတူဖြစ်ပေမယ့် လူတွေကို လူတွေက ကြောက်လန့်နေရတဲ့ ခေတ်ရောက်နေပြီ။ မောဟ လောဘ ဖုံးလွမ်းလို့ အမုန်းတရား၊ မနာလိုမှုတွေကြောင့် တစ်ဦးကိုတစ်ဦး နစ်နာဆုံးရှုံးစေတာ၊ အနိုင်ကျင့်ဖိနှိပ်တာ စတဲ့ဟာတွေကြောင့် ယခင်လို ခတ်ချစ်ချစ်ခင်ခင် ပေါင်းသင်းမနေထိုင်နိုင်တော့ဘဲ ရှောင်ရှောင် ဝေးဝေးနေရပုံကို ထင်ရှားပေါ်လွင်နေပါတယ်။

နောက်ဆုံးအနှစ်ချုပ်အနေနဲ့ ခေတ်ကို သရော်ထားတဲ့ ဒီကဗျာမှာ ယိုယွင်းပျက်စီးနေတဲ့ လူ့ယဉ်ကျေးမှုတွေကို သိမြင်ထင်ရှားလာအောင် အဖွဲ့အစပ်စွမ်းရည်နဲ့ မွန်မြတ်တဲ့ အတွေးအခေါ်ဖြင့် စာဆိုက ထိထိမိမိ ဖော်ကျူးထားပုံမှာ စိတ်ဝင်စားဖွယ်ကောင်းကြောင်း သုံးသပ်တင်ပြပါတယ်။ 


- ရိုဟင်းကိန်း

(၁၇-၈-၂၀၂၂)

★★★★★★★★★★





Wednesday, August 31, 2022

အဆုံးသတ်ကတ်မေ

 



အဆုံးသတ်ကတ်မေ


မိတ်ဆွေ…

ပိန်းရွက်ပိုင်ယားရေ အယင်က ရန်ငြိုးမီးစာတိ၊ 

တမာသီးထက်ခါးရေ အမုန်းတံလျှပ်တိ

ရုပ်ရှင်ထက် ဖန်တီးမှုဆန်ရေ လုပ်ကြံမှိုင်းတိ၊ 

သွီးနဲ့အရောင်ခြယ်ရေ ဖြူမည်း ခွဲခြားမှုတိ

အရာ မရင်ဆိုင်စိဂဲ့… အဆုံးသတ်ကတ်မေ။


ဟုတ်ယင့်…

ငါရို့ တစ်ဖက်ကို တစ်ဖက် မုန်းစော်လဲ ဟုတ်ယင့်

ငါရို့ အချင်းချင်း တိုက်ကတ်စော်လဲ ဟုတ်ယင့်

သွီးချောင်းတိကို အလီလီ ဖြတ်ကျော်ရခစော်လဲ ဟုတ်ယင့်


ယကေလေ့…

ငါရို့က ကျောင်းတစ်ကျောင်းမာ တတူတူ စာသင်ရေ

မြို့တစ်မြို့မာ အိမ်အိမ်ချင်းကပ်လို့ နိန်ထိုင်ရေ

ဈီးတစ်ဈီးက တတူတူ ဝယ်ယူသုံးကတ်တေ

လောင်းချေတစ်စင်းမာ အတူတူ လားရေလာရေ

ဝါကျွတ်ပွဲဈီးတိမာ ဖူတိန္နာရို့ လားပျော်ရေ

အီးဒ်ပွဲတိမာ မောင်ချေမိချေရို့ စားပျော်ရေ

ငါရို့မြီမာ ချစ်စိတ်က မုန်းစိတ်ထက် တဝအားကြီးရေ

အယင်ခါက မုန်းရီတိ ပလင်းသွင်းပနာ မြှပ်ပစ်လိုက်ကတ်မေ။


ဇာလောက်ပင်ခွဲခွဲ မယုမြစ်ရီနန့် စိုင်းဒေါင်မြစ်ရီ

သွီးထိုးရေသူတိရာ ညောင်းလို့ညောင်းလီ

ငါရို့က စားပွဲတစ်ခုမာ ထိုင်စားရေ ရခိုင်ပြေသားတိဝေ

မာမူနန့်အခင် ဒါဒီနန့်အဘင်သျှင် အချေခါက

ပုံပြင်ချေတိကို အတူတူထိုင်လို့ ပြောနိန်ယင့်။


မျိုးမတူ ရုပ်မတူစွာကို အရာခွင့်ကောင်းယူဖို့ မပျင်ဂေ့

တောအရက်တစ်ပိုင်းနဲ့ ငုတ်ပေါ်မှာ ထိုင်ပနာ ငိုလီဖိ

လားဖိ…လားဖိ… ဝိုင်း မျိုးချစ်တစ္ဆီတိ လားဖိ

ငါ့ရို့မြီမာ ဘုန်းကြီးကျောင်းနန့် ဗလီကျောင်း ဒွေးညီနောင်…

ရောင်စုံပန်းချီပိုင် သာစွလှရေ ငါရို့ရခိုင်ပြေသားတိဝေ။ 



15-8-2022


Saturday, August 13, 2022

သမိုင်းဖျောက်ဖို့ မလွယ်တဲ့ ရိုဟင်ဂျာတိုင်းရင်းသား

သမိုင်းဖျောက်ဖို့ မလွယ်တဲ့ ရိုဟင်ဂျာတိုင်းရင်းသား

----------------------------------------

သမိုင်းပညာရှင် ဒေါက်တာအေးချမ်းက ရိုဟင်ဂျာ ဆိုတဲ့စကားလုံးဟာ ရခိုင်တွေကိုသာ ရည်ညွှန်းကြောင်း ဖရန်စစ်ဘူချာနန်ရဲ့ သမိုင်းစာအုပ်ကို ကိုးကားပြီးတော့ တစ်မျက်နှာစာလောက် ကူးယူဖော်ပြခဲ့တာ FB ပို့စ်တစ်ခုမှာ ဖတ်ဖူးတယ်။ ပုံ-၁ ကို ရှူပါ။


- ထုံးစံအတိုင်း ကော်မန့်တွေမှာ သမိုင်းလေ့လာသူ ရိုဟင်ဂျာတွေနဲ့ အပြန်အလှန် ထိပ်တိုက်တွေ့တာတော့ ရှိတယ်။ ကော်မန့်ရှင် တစ်ယောက်က ဆရာကြီးကို ယုံကြည်တဲ့အနေနဲ့ ရိုးရိုးသားသား မေးမြန်းလိုက်တယ်။ "ဆရာကြီးရဲ့ သုံးသပ်ချက် တင်ပေးရင် ကောင်းပါမယ်" တဲ့။ ပုံ-၂ ကို ရှူပါ။


- ဒီတော့ ဆရာကြီးလည်း အခွင့်သာသွားပြီပေါ့။ လေးလေးစားစား မေးတဲ့သူကို မှိုင်းတွေဂျင်းတွေ ခံတွင်းလိုက် ကျွေးပေးပြီပေါ့။ ဘယ်လို ဖြေသွားလဲသိလား။ " ရှင်းပါတယ်တဲ့။ ရခိုင်ပြည်ကို ဘင်္ဂါလီတွေက Rossawn, Rohhawn, Roang, Reng နဲ့ Rung လို့ ခေါ်ကြတယ်။ ၁၇၈၄ နောက်ပိုင်း ရခိုင်ပြည်က ထွက်ပြေးလာကြတဲ့ ရခိုင်တွေကို မောက် လို့ ခေါ်ကြတယ်။ ဒါကြောင့် ရို ဆိုတာ ရခိုင်ကိုခေါ်တာ။ သူတို့တွေကိုကတော့ Bangalese Mohammedan လို့ မှတ်တမ်းတင်သွားတယ်" လို့ ဆရာကြီးက သုံးသပ်ပြတယ်။ ပုံ-၂ ကို ရှူပါ။


- ကဲ့… ဒီသုံးသပ်ချက်ကို ဆန်းစစ်ကြည့်ချင်တော့ မူရင်းသမိုင်းကို သွားကုပ်ရတာပေါ့။


"All the way from Chanpour to Barratulla we have had low hills between us and the Sea: but now there is nothing in that direction except plains, these in some places however are covered with Woods. Various parts of the Hills in this neighbourhood are inhabited by Mugs from Rossawn, Rohhawn, Roang, Reng or Rung, for by all these names is Arakan called by the Bengalese." These people left their country on its conquest by the Burmas, and subsist by fishing, Boat building, a little cultivation, and by the Cloth made by their Women. They also build houses for the Mohammedan refugees, of whom many came from Arakan on the same occasion, and settling among men of their own Sect, are now much better off than their former Masters. A Bengalese Mohammedan would consider himself as polluted by living in a House built by Mug. The Natives of Arakan pay no rent for their Lands, as every three years they remove and clear away some new Spot overgrown with Wood. [T]hey pay to the Zemeendars a consideration for the ground occupied by their houses, in the same manner as the fishermen do. In the Hills between my route and the Sea there live no Joomea Mugs: but they are much frequented by Wild Elephants, on account of the fruit of the Chalta (Dillennia Indica) which these beasts eat very greedily.


Francis Buchanan In Southeast Bengal (1798) | Pages-31-32



မူရင်းအင်္ဂလိပ်စာကို ဖတ်ကြည့်တဲ့အခါ အာရကန်ပြည်ကို ဘင်္ဂါလီတွေက Rossawn, Rohhawn, Roang, Reng နဲ့ Rung လို့ ခေါ်ကြတာတော့ ဟုတ်တယ်။

အာရကန်ပြည်ကို ဗမာတွေက သိမ်းပိုက်တဲ့နောက်ပိုင်း မောက် (ရခိုင်)တွေ ထွက်ပြေးလာတာလည်း တွေ့ရတယ်။ ရခိုင်တွေကို မောက် ခေါ်တာလည်း ပါတယ်။ ဒါပေမဲ့ Bangalese Mohammedan လို့ မှတ်တမ်းတင်သွားတယ်လို့ ဆရာကြီးရဲ့အဆိုပြုချက်ကတော့ လုံးဝ မရိုးသားဘူး။ အဲဒီမူရင်းမှာ Mohammedan လို့သာ ကွဲကွဲပြားပြား ရေးသားထားတာ ဖြစ်တယ်။


နောက်တစ်ချက်က အာရကန်ပြည်ကို Roang (ရိုဟင်း) ခေါ်တယ်။ ရခိုင်ကို မောက် ခေါ်ကြတယ် လို့ အတိအလင်းပါတယ်။ ဆရာကြီးရဲ့ သုံးသပ်ချက်မှာ ကျတော့ ပဟေဠိဆန်သွားတယ်။ ရခိုင်က မောက် မဖြစ်ဘဲ ရိုဟင်ဂျာ ဘယ်လိုဖြစ်သွားတာလဲ။ အံ့စရာနော်။ (ဒေသစွဲနာမည်အဖြစ်ကောက်ရင် အာရကန်ပြည်သူတွေကို ရိုဟင်ဂျာ ခေါ်တာလို့ သုံးသပ်ရင်တောင် ယုတ္တိတန်သေးတယ်။ မှတ်တမ်းတွေအရဆိုရင် ရခိုင်ကို မောက် လို့ပဲ မှတ်တမ်းတွေ့ရတာ။ *ရိုဟင်ဂျာ ဟာ မွတ်စလင်တွေဖြစ်ကြောင်း တခြားသမိုင်းမှတ်တမ်းတွေ တပုံကြီးရှိတယ်။)

သမိုင်းဆရာကြီးလဲ အသက်နည်းနည်း ကြီးလာတော့ မေ့သွားတတ်တာလားတော့ မသိဘူး။ အဲဒီမူရင်းမှာ ရိုဟင်ဂျာ ရှာတော်ပုံအတွက် အင်မတန်အရေးကြီးတဲ့ အချက်တစ်ချက်ရှိတယ်။ "အဲဒီ ၁၇၈၄ ခုနောက်ပိုင်း ထွက်ပြေးခိုလှုံခဲ့တဲ့ သူတွေထဲမှာ အာရကန်ပြည်က မိုဟာမေဒင် အုပ်စုလည်း ပါတယ်။ သူတို့က သူတို့အစုနဲ့ သူတို့ နေကြတယ်"လို့ ဘူချာနန်ရဲ့ မူရင်းစာသားမှာ ထင်ထင်ရှားရှားဖော်ပြထားတယ်။ ဒီအချက်ဟာ ရခိုင်ပြည်က မွတ်စလင်တွေ ဗမာကျူးကျော်စစ်မတိုင်မီ အာရကန်ပြည်တွင် ရှိနေကြောင်း ခိုင်လုံတဲ့အထောက်အထားဖြစ်တယ်။ ၁၈၂၃ မတိုင်မီ ရှိနေတဲ့အတွက်ကြောင့် ရိုဟင်ဂျာတွေဟာ ပင်ရင်းတိုင်းရင်းသားတွေဖြစ်ကြတယ်။ အဲဒီအချက်ကိုကျတော့ ဆရာကြီးက မေ့ကျန်သလိုလို ခုန်ကျော်သွားခဲ့တယ်။ (တမင်ကျော်သွားတာလား၊ မေ့လို့ ကျော်သွားတာလား ဒါက ဆရာကြီးပဲ အသိဆုံးဖြစ်တယ်။) ဒါပေမဲ့ အဲဒီ Mohammedan ကို ဘင်္ဂါလီမိုဟာမေဒင် လို့ ဇာတ်နာနာ သုံးသပ်ဖို့တော့ မမေ့ခဲ့ဘူးနော်။

တစ်ခါ ဒီသုံးသပ်ချက်မှာပဲ မေ့လျော့သွားတာဖြစ်မယ် ဆိုလို့ ဆရာကြီးရဲ့ ဘူချာနန်ဘာသာပြန်ကို သွားကြည့်ဖြစ်တယ်။ အဲ့ဒီမှာလည်း ထူးထူးခြားခြားပါပဲ။ ၁၇၈၄ နောက်ပိုင်း မွတ်စလင်တွေ အာရကန်ပြည်က နေရပ်စွန့်ခွာကာ အိမ်နီးချင်းတိုင်းပြည်မှာ ခိုလှုံခဲ့တဲ့ မူရင်းအပိုင်းကို ဘာသာပြန်တောင် မပြန်ခဲ့ဘူး။ တစ်ခါတည်း ဖျက်ချေလိုက်လေတယ်။ ပုံ-၃ ကို ရှုပါ။


ဒီနေရာမှာ တစ်ခုပြောချင်တာက ဘူချာနန်ဟာ အာရကန်က ဒုက္ခသည်မွတ်စလင်နဲ့ ဘင်္ဂါလားက ဘင်္ဂလီမွတ်စလင်ကို သိသိသာသာကွဲပြားနိုင်အောင် ဖော်ပြထားတယ်။


"မောက် တွေက မဟာမေဒင် ဒုက္ခသည်တွေအတွက် အိမ်တွေလည်း ဆောက်လုပ်ပေးတဲ့အလုပ်ကို လုပ်ကြပြီး မိုဟာမေဒင်တွေလည်း မောက်တွေနဲ့အတူတူ အာရကန်မှ ထွက်ပြေးလာကြသူတွေ ဖြစ်ကြတယ်။ အဆိုပါ မိုဟာမေဒင်တွေဟာ သူတို့အုပ်စုနဲ့သူတို့ နေထိုင်ကြပြီး ၎င်းတို့ရဲ့ ယခင်သခင်တွေထက် ကောင်းမွန်စွာ နေထိုင်ကြတယ်။ ဘင်္ဂါလီမိုဟာမေဒင် တစ်ယောက်က မောက်တွေ ဆာက်လုပ်တဲ့အိမ်တွေမှာ နေထိုင်ရင် မိမိကိုယ့်ကို ညစ်ညူးတယ်လို့ ယူဆတယ်။"


ဆိုလိုတာက ရခိုင်တွေ ဆောက်လုပ်တဲ့ အိမ်တွေမှာ အာရကန်က မွတ်စလင်တွေ နေကြတယ်။ ဒီလိုမျိုး မောက်တွေ ဆောက်တဲ့အိမ်တွေမှာ ဘင်္ဂါလီမွတ်စလင်တွေကျတော့ မနေတတ်ဘူး။ ရွံ့ကြတယ်။ ဒီအပိုင်းက အာရကန်က မိုဟာမေဒင်နဲ့ အဲဒီ ဒေသခံဘင်္ဂါလီမိုဟာမေဒင်တွေဟာ ဓလေ့ထုံးတမ်းမတူကြောင်း ထောက်ပြနေတယ်လို့ ကောက်ချက်ချနိုင်တယ်။


- ဒါပေမဲ့ ဒီလောက်အရေးကြီးတဲ့ သမိုင်းအချက်အလက်တစ်ခုကို သမိုင်းဆရာကြီးအေးချမ်းက ကျော်သွားတာ ဖုံးကွယ်ဖို့ ကြိုးစားခဲ့တာလို့ ထင်ကြေးပေးနိုင်တယ်။ ဒါက တို့ပြည်ရဲ့ ပညာရှင်တွေရဲ့ သမာဓိပါပဲ။ သမိုင်းပညာရှင် ဆိုတာ ဘက်မလိုက်ရဘူး။ အရှိကိုအရှိအတိုင်း ထုတ်ဖော်ရဲရတယ်။ ဒါမှ အမှန်ကန်တဲ့ အတိတ်အကျိုးအကြောင်းကို လူတွေက သိရှိလာမှာဖြစ်တယ်။ ဒီလိုမဟုတ်ဘဲနဲ့ မိမိစိတ်ကြိုက်ဖြစ်အောင် ဖုံးကွယ်ဖို့ကြိုးစားရင်တော့ သာမန်ပြည်သူတွေလဲ ဘယ်တတ်နိုင်ပါမလဲ။ ပညာရှိဆိုတိုင်း ယုံမှားမိပြီးတော့ ပဋိပက္ခတွေစွဲနေမှာပေါ့။

— #လူထုဝဏ္ဏ

(10-8-2022)


*ဒီဘူချာနန်ရဲ့ မှတ်တမ်းနဲ့ပတ်သက်ပြီးတော့ ကိုလင်းသက်ဆွေရဲ့ သုံးသက်ချက်ကို အောက်ပါလိင့်ကနေ ဖတ်ရှူနိုင်ပါတယ်။


https://m.facebook.com/story.php?story_fbid=pfbid0Dr2WPQeBECmPVX72sUSzPwuBAwR2MqmsNoNE7SxLu7qHYcs9EF7vKYjDt4YxXZaMl&id=744769315