Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, December 29, 2018

ပေစာ [Palm-Leaf Inscription]

ပေစာ

ပေစာဆိုသည်မှာ ပေပင်မှရသော ပေရွက်ပေါ်တွင် အက္ခရာစာလုံးများရေးသောကြောင့် ပေနှင့်စာကို တွဲ၍ ပေစာဟုခေါ်သည်။ ပုံနှိပ်ခေတ်မတိုင်မီက လောကီလောကုတ္တရာ စာပေများအားလုံးကို ပေစာများတွင် တွေ့နိုင်သည်။ ယခုတွေ့ရှိသော ရှေးခေတ်စာပေအားလုံးလိုလိုပင် ပေပေါ်တွင် ရေးသားထားခဲ့သည်။ ပေရွက်မှရသော ပေချပ်များကို များသောအားဖြင့် စာရေးရန် ပြုလုပ်သုံးစွဲကြသည်။ တခါတရံတွင် ဘုရင်မင်းမြတ်အစရှိသော မင်းညီမင်းသားများသည် ရွှေ၊ ငွေ၊ ကြေးတို့ကို ပေရွတ်သဏ္ဌာန် အပြားခတ်ကာ ရွှေပေ၊ ငွေပေ၊ ကြေးပေအဖြစ် စာပေကို မှတ်တမ်းတင်ကြသည်။

ပေစာအမျိုးအစား

ပေစာ အမျိုးအစား ၅ မျိုးရှိပါသည်။ ယင်းတို့မှာ-

(က) ရွှေမျဉ်းပေ
(ခ) ကြံဆစ်ပေ
(ဂ) မျဉ်းနီပေ
(ဃ) မျဉ်းနက်ပေ
(င) မျဉ်းဖြူပေ(ပေကြမ်း) တို့ဖြစ်ပါသည်။

 

 


ပေစာထုပ်၏ အနားလေးဘက်လုံးကို ရွှေအပြည့်ချထားလျှင် ရွှေမျဉ်းပေ(ရွှေပိန်းပေ)ဟု ခေါ်ပါသည်။

ပေပင်

ပေပင်သည် အပူပိုင်းအပူပိုင်းအရပ်ဒေသ၌ ပေါက်လေ့ရှိသည်။ ထန်းပင်နှင့် အနည်းငယ်တူသည်။ ပေပင်၏အသီးသည် သေးငယ်သည်။ ပေပင်မှ ပေရည်ကိုရသည် ငန်သောအရသာရှိသည်။ ထန်းပင်ထက် လုံးပတ်ကြီး၍ အရွက်သည်းကြီးသည်။ ပေပင်၏အသက်မှာ နှစ် ၆၀ခန့် ရှည်သည်ဟုဆိုသည်။ ပေတသီး ကျီးတသား ဆိုသော စကားပုံအတိုင်း ပေပင်သည် တစ်ကြိမ်သီးပြီးလျှင် သွေ့ခြောက်၍ သေသွားသည်။

ပေသုံးနည်း

ပေရွက်ကို ပေပင်ပေါ်မှခူးပြီးလျှင် ပြီးခြင်း ရေးရသည်မဟုတ်ပေ။ ပေရွက်ပေါ်တွင် ကညစ်ဖြင့်ရေးနိင်သည့် အခြေတိုင်အောင် အဆင့်ဆင့် လုပ်ရသောလုပ်ငန်းသည် များလှသည်။ ပေပင်၏အသက် ရှစ်နှစ်ခန့်တွင် ပေရွက်ကို ခူးနိုင်သည်။

ခူးပြီးလျှင် အလယ်ကြောမကို သင်၍ အရင်းအဖျားဖြတ်ကာ ခွေ၍ နေပူ၌ အခြောက်လှမ်းရသည်။
ခြောက်သောအခါ ခွေထားသော ပေကို ဆန့်၍ ပေချပ်များ တထပ်ချင်းထပ်ပြီးလျှင် ပြန်ခွေရသည်။ ပေချပ်ထပ်သောအခါ ခွေနိုင်အောင်ထပ်ရသည်။

ဤသို့ခွေထပ်ပြီးသော ပေများကို ရာဝင်စဉ့်အိုးထဲထည့်ကာ ထိုအိုးထဲသို့ရေကို ပေခွေများနစ်သည့်တိုင်အောင် ထည့်ရသည်။ ထို့ပြင် ထမင်းကိုလည်းသင့်တင့်အောင် ထည့်ပေးရသည်။ ပေထည့်သည့်အိုးကို နေပူပူတွင် တပတ်ခန့်ထားရသည်။ အဖုံးပိတ်မထားရချေ။ အပူဓာတ်ကြောင့် အမြှုပ်များထွက်လာလျှင် ပေကိုဆယ်ကြည့်ရသည်။

ပေရွက်၌ အစိမ်းကွက်များ ရှိသေးလျှင် မနပ်သေးသဖြင့် ထပ်၍ စိမ်ထားရသည်။ ပေရွက်များသည် ညိုနေမှသာလျှင်နပ်သည်။ သို့သော် အညိုလွန်လျှင်လည်း ဆွေးသွားတတ်သည်။ အနေတော်နပ်မှသာလျှင် စာရေး၍ ကောင်းသည်။ ပေရွက်စိမ်လျှင် နပ်သင့်သလောက် စိမ်မိစေရန် အထူးသတိထားရသည်။
ပေရွက်စိမ်ခြင်းသည် အနံ့အလွန်ပြင်းသဖြင့် လူသူကင်းဝေးရာနေရာ၌ စိမ်ထားရသည်။ ထိုသို့စိမ်ခြင်းသည် စာရေးရာတွင် ပျော့ပျောင်းချောမွတ်စေရန်ဖြစ်သည်။
ပေရွက်များနပ်လာလျှင် ဆယ်ပြီးသော် ရေအေးနှင့် စင်အောင်ဆေးရသည်။ ထို့နောက် တစ်ရွက်ချင်း ပြန်ခွေပြီး အရိပ်၌ထား၍ အခြောက်ခံရသည်။
ခြောက်လျှင် ပြန်ဖြန့်ပြီးနောက် ပေရွက်အထပ်လိုက် စည်းထားရသည်။ ပေရွက်ပြန့်စေရန်ဖြစ်သည်။ ဖြန့်မရလျှင် နှင့်ရည်ခံပြီးဖြန့်ရသည်။
ပြီးလျှင် ပေရွက်၏ ပြက်အကျယ် အကြီးအသေးရွေးကာ ခွဲခြား၍ မျိုးတူချင်းထားရသည်။
အမျိုးအစား ရွေးချယ်ခွဲထားပြီးသော ပေရွက်များကို ကျမ်းဟုခေါ်သော ပေရွက်၏အကျယ်အရှည်နှင့် ထပ်တူထပ်မျှသောသစ်သားနှစ်ခုဖြင့် အဖက်အောက်ညှပ်ထားရသည်။ ကျမ်းသည် ပေရွက်၏အနံအလျားကို တိုင်းသောပစ္စည်းလည်းဖြစ်သည်။
ကျမ်း၏အလျားကို ဗယ်ပြန်ညာပြန် သုံးချိုးတစ်ချိုးထား၍ ပလ္လင်ပေါက်နှစ်ခု ရှိရသည်။ ပလ္လင်ပေါက်ကို စူးဖြင့်ဖောက်ထားခြင်းဖြစ်သည်။
ပေရွက်များကိုလည်း ဗယ်ပြန်ညာပြန် သုံးချိုးတစ်ချိုးထားပြီးသောအခါ အပေါက်ကလေးနှစ်ပေါက် ဖောက်ရသည်။ ထိုသို့ဖောက်သောအခါ ကျမ်းခေါ်သစ်သားချပ်ပေါ်တွင် ပေရွက်များကိုတင်ပြီး အပေါ်က ကျမ်းတစ်ခုထပ်တင်ရသည်။ ထို့နောက် ဖောက်စူးဖြင့်ဖောက်ရသည်။ ပေဖောက်စူး၏ထိပ်တွင် အပေါက်ကလေးရှိသည်။ ပေချပ်များ ထပ်သောအခါ၌ ပေဖောက်စူး၏အင်အားကို ကြည့်ပြီး ပေချပ်များထပ်ရသည်။ ပေချပ်တိုင်း ဗယ်တစ်ချက် ညာတစ်ချက် အပေါက်ကလေးဖောက်ရသည်။ ပေချပ်ပေါ်ရှိ အပေါက်ကို ပလ္လင်ပေါက်ဟုခေါ်သည်။ ပလ္လင်ပေါက်သည် ပေချပ်များ ထပ်ထားလျှင် တိမ်းစောင်းခြင်းမရှိဘဲ ညီညာရန် ပြုလုပ်ခြင်းဖြစ်သည်။
ပေစာ တစ်ထုပ်ကို များသောအားဖြင့် ပေ အခေါ် ၂၅အင်္ဂါ (ချပ်ရေအားဖြင့် ၃၀⁠၀ချပ်) ပြည့်လျှင် ပလ္လင်ပေါက်ဖောက်ပြီး ပေချပ်များကို အလ္လင်တိုင်ခေါ် ကောင်းမွန်ချောမွတ်စွာ ပြုလုပ်ထားသော တစ်လက်မ၏ ဆယ်ပုံ ၁ပုံခန့်သာ လုံးပတ်ရှိသော ဝါးတိုင်လေးနှစ်တိုင်သွင်း၍ ပေချပ်များကို ခိုင်မြဲရန် ထိန်းပေးရသည်။ ထိုတိုင်လေးများကို ပလ္လင်တိုင်ဟုခေါ်သည်။ အမြင့်မှာ ထပ်ထားသော ပေချပ်၏အမြင့်ကို လိုက်၍ အရှည်အတိုထားရသည်။

ပေစာတစ်ထုပ်၏ အမြင့်သည် လေးလက်မ၊ ခြောက်လက်မ၊ ခုနှစ်လက်မ၊ ရှစ်လက်မ စသည်ဖြင့် ကျမ်းစာ၏ စာသားကိုချင့်၍ရှိသည်။ သစ်သားဖြင့် ညှပ်သွင်းကာ ပလ္လင်တိုင်စိုက်ပြီး ပေစာထုပ်ကို ပေရွက်များ ညီစေရန် ပေထိုးဆောက်ဖြင့် ပေရွက်၏ထိပ်နှစ်ဖက်ကို ဖြတ်ချရသည်။ ပေးထိုးဆောက်သည် ကြေးစည်ပုံသဏ္ဌာန်ရှိ၍ ထက်မြအောင်သွေးထားသည်။ ပေးထိုးဆောက်လုပ်သော သံသည် အလွန်မျိုးကောင်းရသည်။
လှည်းမပျဉ်ဖြစ်စေ၊ အခြားတမိုက်ခန့်ထူသော သစ်သားကိုဖြစ်စေ အလယ်ကထွင်းရသည်။ အလယ်ထွင်းထားသောကြောင့် ဘေးနှစ်ဖက်မောက်နေသည့်အထဲသို့ ထိပ်ဖြတ်ထားပြီးပေချပ်ကို သွင်းရသည်။ ချောင်လျှင် သပ်ရိုက်သွင်း၍ ပေထိုးဆောက်ဖြင့် တဖက်ပြီးလျှင် တဖက်ထိုးရသည်။


မင်းတုန်းမင်းတရားကြီးနှင့် မိဖုရားခေါင်းကြီးတို့ လှူဒါန်းတော်မူသော သုတ်မဟာဝါ အဋ္ဌကထာပါဌ် ပေစာ

ပေမျဉ်းပစ်နည်း

ပေချပ်များ တညီတည်းဖြစ်လာသော်လည်း စာမရေးနိုင်သေးပေ။ စာရေးရန် မျဉ်းချရသည်။ နှစ်ပေခန့်အရှည်ရှိ၍ နှစ်လက်မ၊ သို့မဟုတ် နှစ်လက်မခွဲအကျယ်ရှိသော လက်သန်းလုံးခန့်ရှိသည့် ဝါးသို့မဟုတ် သစ်သားကို မျဉ်းကြိုးတားရန် အထစ်လေးများ ထစ်ထားရသည်။ ဗယ်ညာ နှစ်ဖက်ထစ်ရသည်။ မျဉ်းတားလိုသော ပေ၏ပြက်အကြီးအသေးကိုလိုက်၍ ရှစ်ကြောင်းမှ ၁၂ကြောင်းအထိ ပြုလုပ်ကြသည်။

ဘောင်ရိုက်ထားသော သစ်သား ဘေးနှစ်ဘက် အဘယ်တိုင်ကို ကြိုးနှင့်ဖြစ်စေ၊ သံချောင်းနှင့်ဖြစ်စေ ခိုင်အောင်ပြုလုပ်ပြီး ချည်ပွ⁠ပွကလေးများကို ထစ်ကလေးများအပေါ်တွင် ချည်ရသည်။ ထို့နောက် ကျမ်းညီညီပေါ်တွင် ပေရွက်ကိုချ၍ ကြိုးများကို နနွင်းရေဖြင့် သုတ်ရသည်။ အပေါ်က ပေရွက်တစ်ချပ်ထပ်လိုက်ပြီး နနွင်းသုတ်ထားသော ကြိုးများကို အလည်မှထားလိုက်သည်။ ထိုသို့ပြုလုပ်ခြင်းကို မျဉ်းပစ်သည်ဟုခေါ်သည်။ နနွင်းသုံးခြင်းသည် သာသနာတော်နှင့် လျော်ညီသည်ဟုလည်း ယူဆကြသည်။ မျဉ်းပစ်ရာတွင် စုံခွ-မနင်း လုပ်ရသည်။ သဘောမှာ ပလ္လင်ပေါက်ကို မျဉ်းကြောင်းမထိဘဲ၊ မျဉ်းကြောင်းရှစ်ကြောင်း စုံထားသည်ဆိုပါက ပလ္လင်ပေါက်ကို ခွကာ တဖက်တချက် မျဉ်းကြောင်းလေးကြောင်း အညီအမျှထားရသည်။ ကိုကြောင်းဆိုပါက အလယ် ပလ္လင်ပေါက်ကို မျဉ်းတစ်ကြောင်းနင်းကျော်သွားရသည်။ နနွင်းသုတ်မျဉ်းကို ပေပေါ်မှောက်ချပြီးနောက် ထိုမျဉ်းပေါ် ပေချပ်ထပ်မှောက်၍ လက်နှင့်သပ်ပေးရသည်။ လက်နှင့်သပ်သောအခါ လက်ဝဲလက်ဖြင့် ဝဲဘက်သပ်ကာ ယာဖက်လက်ဖြင့် ယာဘက်သို့ သပ်ရသည်။

ပေချပ်များကို မျဉ်းချပြီးနောက် တစ်လက်မပတ်လည်ရှိ ပေတိုင်းသစ်သားကို လက်မဝက်ခန့် ထစ်ရသည်။ ထစ်ထားသောဖက်တွင် ခဲသားဆန့်ရုံ သုံးလေးပေါက်ခန့် အပေါက်ဖောက်ပြီးနောက် ခံသားထည့်ကာ အရှည်အတို လိုသလောက်ကြည့်၍ မျဉ်းတားရသည်။ ထိုသို့ပြုလုပ်ခြင်းသည် ပေချပ်၏ထိပ်နှစ်ဖက်တွင် ကွက်လပ်ချန်ခြင်း (မာဂျင်တားခြင်း) ပင်ဖြစ်သည်။ ပလ္လင်ချပ်ဟုခေါ်သော ပထဆုံး စာရေးသောစာမျက်နှာတွင် ထိုနည်းကို မသုံးရပေ။ ပေရွက်ဖြင့်သာ ပေချပ်၏ အလ္လင်ပေါက် အတွင်းတစ်ဖက်တစ်ချက်ကို တိုင်းရသည်။

စာစင်ခုံ

ပေချပ်ပေါ်တွင် စာရေးရန် စာစင်ခုံရှိသည်။ စာစင်ခုံသည် နောက်မှီပါ အမြင့် တစ်ပေရှစ်လက်မခန့်ရှိသည်။ စာရေးရာတွင် ထိုင်၍ရေးရသည်။ ကြက်ခြေသဏ္ဌာန်ပြုလုပ်ထားသော ခြေထောက်နှစ်ဖက်ရှိ တိုင်များသည် သုံးလက်မခန့် အပေါ်သို့ တိုင်စွန်းလေးများထွက် လျက်ရှိသည်။ ထုံခုံ၌ ကိုးလက်မ သစ်သားခင်းသုံးထားပြီး သုံးလက်မခန့် ချန်ထားသည်။ ထိုသစ်သားခင်း၏အောက်တွင် လေးဘက်ကာရံ၍ အံပြုလုပ်ထားသည်။ သုံးလက်မ အတွင်းချန်ထားသော နေရာမှာ ပေစာရေးလျှင် အသုံးအဆောင်ပစ္စည်းများ ထည့်သွင်းထားရန်ဖြစ်သည်။ သစ်သားခင်း၏အပြင်ဘက် ကြက်ခြေခတ်တိုင်း အပိုစွန်း နှစ်ခုတွင် အမှီသစ်သားတန်းရှိသည်။ စာစင်ခုံ၏အတွင်းဘက် ကြက်ခြေတိုင်စွန်းတခုတွင် အင်္ကျီချုပ်ရာတွင် အသုံးပြုသော ချုပ်ခုံတွင် ပါသည့် အဝတ်ဖုလုံးမျိုး ပါသည်။ လောလောဆယ်ကြည့်ကူးမည့် ပေချပ်ကို သစ်သားနောက်မှီတွင် ထောင်ထားပြီး ကျန်ပေချပ်များကို သစ်သားခင်းပေါ်တွင် စာပုလွေခံ၍ အလိုက်သင့်တင်ထားရသည်။ ကူရေးမည့် ပေရွက်ကို အဝတ်ဖုလုံးပေါ်တင်၍ လက်စွပ်ကလေးဖြင့် လက်ညှိုးတွင် စွပ်ကာ ညာဘက်လက်ညှိုးကက်မဖြင့် ကညစ်ကိုကိုင်ပြီးရေးရသည်။ ပေချပ်ကို ဝဲဘက်လက်မ လက်ခလယ်တို့ဖြင့် ညှပ်ထားရသည်။ စာရေးလျှင် ဝဲဘက်လက်မကို လက်သည်းရှည်ထား၍ အခွက်ကလေးပြုထားပြီး ကညစ်ကို လက်သည်းပေါ်တွင် တင်ပြီးရေးနိုင်သည်။ ကညစ်ကို ထိန်းခြင်းသဘောဖြစ်သည်။ ကညစ်ဆိုသည်မှာ ခဲတံလုံးခန့်ရှိ ထိပ်ဖျားချွန်သော သံချွန်ပင်ဖြစ်သည်။

စာရေးနည်း

စာရေးရာတွင် အရေးမှားခဲ့သော် မှားသောစာလုံး၏ အလယ်တွင် ဝတ်ဆံထည့်ခြင်းဖြင့် ဖျက်ပစ်လိုက်ရသည်။ ရှေးက ပေကူးရေးရာတွင် "က"ဖျက်ရမည့်အစား "ယ" ဖျက်မိသဖြင့် "ကဖျက်ယဖျက်"ဟူသော စကားပုံပေါ်ပေါက်လာရသည်ဟု ဆိုသည်။ ပေကူးရာနှင့် ကျက်မှတ်ရာတွင် အမှတ်အသားကို နံနံစေ့ခန့် ပျားဖယောင်းဖြင့် စားကြောင်းကို တေးထားတက်သည်။ ပေတွင် စာရေးသောအခါ သဘောတူ ထပ်တူထပ်မျှစာကြောင်းများ ပါလာလျှင် ပေယျာလစာတမ်းထိုးပြီး ထားသည်။ ထို့ကြောင့် မြန်မာစကားတွင် ချန့်ခဲ့သောသဘောကို "ပေယျာလကံ၊ ဝကွက်ချန်"သည်ဟု သုံးကြသည်။ အချို့ စာလုံးများကိုလည်း နိသျပြန် ပေစားများပေါ်တွင် "မဟာရာဇ၊ ကြီး။ တွံ၊သည်။" စသည်ဖြင့် အတိုချုံးရေးလေ့ရှိသည်။ ပေချပ်များပေါ်တွင် မိမိလိုရာ ကျမ်းစာကို ကညစ်ဖြင့် ရေူသောအခါ စာသားများ ကောင်းစွာ ပီသထင်ရှားခြင်းမရှိသေးပေ။ ရေနံသုတ်ပြီးမှသာလျှင် စာသားများထင်ရှားလာသည်။ ရေနံသုတ်ပြီးလျှင် ပေချပ်များကို ထပ်ကာ ကြိုးနှင့်စည်းပြီး နေလှမ်းရသည်။ ရေနံအထဲသို့ စိမ့်မဝင်ရန်ဖြစ်သည်။ ရေနံသုတ်ခြင်းကို ရေနံကိုင်သည် ဟုခေါ်သည်။ ပေချပ်၏ ခွက်နေသည့်ဖက်ကို ဝမ်းဖက်၊ ခုံးနေသည့်ဖက်ကို ကျောဖက်ဟုခေါ်သည်။ ပေစာရေးလျှင် ပထမဆုံးပေချပ်၏ ဝမ်းဖက်စာမျက်နှာကို စာရေးလျှင် ပလ္လင်ပေါက်နှစ်ခု၏ အတွင်း၌သာ စာရေးလေ့ ရှိသည်။ ကျောဖက်နှင့် ကျန်ပေချပ်များကို ဘေးနှစ်ဖက် တလက်မခွဲခန့်ချန်၍ စာအပြည့်ရေးရသည်။ အဆုံးပေချပ်၏ ကျောဖက်ကို ပထမပေချပ်ကဲ့သို့ ပလ္လင်ပေါက်အတွင်းနေရာ၌သာ စာရေးသည်။ ပေစာ၏ ပထမဆုံးပေချပ်ကို ပလ္လင်ချပ်ဟုခေါ်သည်။ ထိုသဘောယူ၍ စကားစပြောလျှင် စကားပလ္လင်ခံသည်ဆိုကြသည်။


ပေကို မျဉ်းကိုင်ခြင်း

ပေချပ်များဖြင့် မိမိလိုရာ စာကိုရေးပြီး မျဉ်းကိုရသည်။ မျဉ်းကိုင်ခြင်းကြောင့် ခန့်ညား သပ်ယပ်လှပလာသည်။ ပေစာထုပ်အမျိုးအစားလဲ ခွဲခြားပေးသည်။ (၁) မျဉ်းနက်၊ (၂) မဉ်းနီ၊ (၃) ရွှေမျဉ်းကြံဆစ်နှင့် (၄) ရွှေမျဉ်းရွှေပိန်း ဟူ၍ရှိသည်။ သစ္စေးနက်သုတ်ခြင်းဖြင့် မျဉ်းနက်၊ ဟင်္သပြဒါးသုတ်ခြင်းဖြင့် မျဉ်းနီကိုရရှိသည်။ ရွှေမျဉ်းကြံဆစ်မှာ ပေစာထုပ်ဩဘေးနှစ်ဘက် အလယ်တွင် သုံးလက်မခန့် ဟင်္သပြဒါးသုတ်ပြီးလျှင် ကျန်နေရာများကို ရွှေချထားခြင်းဖြစ်သည်။ ရွှေမျဉ်းရွှေပိန်းပေမှာ ပေစာတထုပ်လုံး ရွှေချထားသည်။ ကျန်ပေများကို ပေကြမ်းဟုခေါ်သည်။

မျဉ်းကိုင်ခြင်းကို စာရေးပြီးမှသာ ပြုလုပ်ရသည်။ ပေစာထုပ်တွင် ပထမပေချပ်နှင့် နောက်ဆုံးပေချပ်တို့ကို အပိုပေချပ် ၁၀ရွက်ခန့်စီထည့်၍ ပိုးကြိုးခြည်ကြိုးတို့ဖြင့် ပလ္လင်ပေါက်သွင်းကာ တစဖက်တချက်စီ ချုပ်ရသည်။ ဗယ်ပြန် ညာပြန်ချုပ်ရသည်။ ပေချပ်အပိုထည့်ခြင်းမျာ အကြောင်းတစ်စုံတစ်ရာကြောင့် ပေချပ်များ ပျောက်ခဲ့သော် အစားထိုးရေးထည့်ရန်ဖြစ်သည်။

ပေစာထုပ်ကို မျဉ်းကိုလျှင် ပေစာထုပ်၏အဖုံး ကျမ်းနှစ်ခုကို အချောကိုင်ရသည်။ ပေချပ်များ မတိမ်းစောင်းရန် ပလ္လင်တိုင်စိုက်ရသည်။ ဘေးနှစ်ဖက်ကို ပေထိုးဆောက်ဖြင့် ထိုးပြီး ချောမွတ်စေရန် ရွေပေါ်ထိုးရသည်။ ပြီးလျှင် ရေနံထုတ်ရသည်။ ရေနံထုပ်သည်ဆိုသည်မှာ တောင်ပို့မြေကြီးကို ရေနှင့်ဖျော်၍ ပေစာထုပ်၏ ဘေးနှစ်ဖက်ကို မထူမပါးသုတ်ရသည်။ ပြီးနောက် နေလှမ်းရသည်။ ထိုအခါ ရေနံကိုင်စဉ်က ရေနံများ ဘေးနှစ်ဖက်နှင့်ထိပ်ဖက်တွင် ရှိခဲ့လျှင် ကွက်လာမည်။ ကွက်သောနေရာကို တောင်ပို့မြေ ပြန်သုတ်ပြီး နေလှမ်းရသည်။ ရေနံကွက် မပေါ်သည့်တိုင်အောင် ပြုလုပ်ရသည်။

ထို့နောက် ပေရွက် နံဘေးစောင်းများ ချောမွတ်ရန် ထီးကျောက်ခေါ်သော ကျောက်ဖြင့် တိုက်သည်။ မှုန်ပြီး ချောမွတ်လာမှ သစ္စေးသုတ်သည်။ ပါး⁠ပါးသုတ်၍ သတွက်ရွက်ကို အခြောက်လှမ်းပြီး ပေပေါ်တွင် သစ္စေးနည်း⁠နည်းကျန်သည်အထိ တိုက်ရသည်။ ထိုကဲ့သို့ သစ္စေးသုတ်လိုက် သစ္စေးအိပ်လျှင် (ခြောက်လျှင်) သတွတ်ရွက်ခြောက်နှင့် ပြန်တိုက်လိုက်ဖြင့် သုံးကြိမ်သုံးခါ ပြုလုပ်ရသည်။ ချောမွတ်စေရန်ဖြစ်သည်။

ပေစာထုပ်၏ နံဘေးစောင်းများ ချောမွတ်လာမှသစ္စေးသုတ်ရသည်။ မျဉ်းနက်ဆိုလျှင် သစ္စေးထူထူ သုတ်ရသည်။ မျဉ်းနီဆိုလျှင် သစ္စေးပါး⁠ပါးသုတ်ကာ ခြောက်လျှင် ဟင်္သပြဒါးရော၍သုတ်ရသည် ထိုအခါ အနီရောင်ရသည် ။ ရွေချလိုပါက သစ္စေးကို အနီရောင်ပေါ်တွင် ပါး⁠ပါးထပ်သုတ်ရသည်။ ပြီးလျှင် သစ္စေကို အဝတ်ခြောက်ဖြင့် ပြန်သုတ်ရသည်။ သစ္စေးပြန်နုတ်သည် ဟုခေါ်သည်။ ရွှေပြားကပ်၍ဖြစ်ရုံ သစ္စေးကျန်မှ ရွှေပြားကပ်ကာ ရွှေချသည်။ ကြံဆစ်ပေလုပ်လိုလျှင် ဘေးနှစ်ဖက်အလယ်တွင် လက်လေးသစ်ခန့်ချန်ထား၍၊ ရွှေမျဉ်းရွှေပိန်းဆိုလျှင် တထုပ်လုံးအပြည့် ရွှေချရသည်။ ရွှေချသောအခါ ရွှေပြားသည် အချို့နေရာတွင် အပေါက်ကျန်နေတတ်ပြီး အစွန်းအစမညီ ရှိတက်သည်။ ထို့ကြောင့် ဂွမ်းနှင့် လှိမ့်ပေးရသည်။ ဂွမ်းတကျပ်သားခန့်လောက်မှာ ရွှေတုံးကြီးပမာဖြစ်သွားတတ်သည်။


ပေရေးနည်းရောက်လာပုံ

ပေပေါ်တွင် စာရေးခြင်းသည် အိန္ဒိယနိုင်ငံမှာ ရောက်လာဟန်တူသည်။ စာရေးခြင်းနှင့်အတူ ပေရွက်သုံးပုံသုံးနည်းလည်း တစ်ခါတည်းပါလာဟန်တူသည်။ ရှေးဦးစွာ ပေနှင့်စာသည် ပျူလူမျိုးတို့ထံ ရောက်ရှိလာခဲ့သည်။ မြန်မာနိုင်ငံတါင် ရှေးအကျဆုံးတွေ့ရှိရသော ပေစာမှာ (အေဒီ ၄၀၀-၆၀၀) က သရေခေတ္တရာ (မှော်ဇာနယ်) မှတူးဖော်ရရှိသောပေဖြစ်သည်။ ပေရွက်သဏ္ဍာန်ခတ်ထားသော ရွှေပြားအပေါ်တွင် စာရေးထားခြင်းဖြစ်သည်။ မျက်မြင် သက်သေသာဓကများအရ ပေစာသည် ကျောက်စာထက်ပင်ရှေးကျသည်။ မှော်ဇာနယ်က ရရှိသော ပေများပေါ်တွင် ရေးသားထားသည့် အက္ခရာများမှာ လွန်ခဲ့သော နှစ်ပေင်း ၁၃၀၀-၁၄၀⁠၀ ကျော်ကျော်က သုံးစွဲသော အက္ခရာများဖြစ်သဖြင့် ပုံဂံခေတ်ကျောက်စာများထက် နှစ်ပေါင်း၄၀၀-၅၀၀ ခန့်စောသည်။ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီက ရှေးအကျဆုံးပေစာကို ပုံနှင့်တကွ ဒေါက်တာ ဂျေ အေ စတူးဝပ်က အရှေ့တိုင်းနှင့် အာဖရိကတိုက် ဘာသန္တရ ကျောင်းထုတ်စာစောင် ၇ အပိုင်း ၃ တွင် ဖော်ပြရေးသားထားသည်။

 ပေရွက်သုံးပုံသုံးနည်းများကိုလည်း ဆာ အီမာဆင်တင်းနင့် ရေးသော သီဟိုဠ်နိုင်ငံသမိုင်းတွင် လည်းကောင်း၊ အဲလဗက်ဖိုက် ရေးသော အတိတ်နှင့် ပစ္စုပ္ပန် မြန်မာပြည် အတွဲ ၁ တွင် လည်းကောင်း၊ ၁၉၅၀ ပြည့်နှစ် ဩဂုတ်လထုတ် မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ်၊ အတွဲ ၃၃ အပိုင်း ၂ တွင် ရန်ကုန်တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ်ထုပ်ဝေရေးဌာန စာတည်းမှူး ဦးဝန်ရေးသည့် မြန်မာနိုင်ငံ ပေစားများအကြောင်း မှတ်စုတွင်လည်းကောင်း၊ ဖော်ပြရေးသားထားသည်။ စာရေးပြီးသော ပေစာထုပ်များကို ဇာတ်နိပါတ်တော်မှ အခန်းများဖြင့် လှပသေသပ်စွာ ထုလုပ်ရုပ်လုံးဖော်ထားသော စာတိုက်ခေါ် သေတ္တာကြီးများတွင် ထည့်သွင်းထားလေ့ ရှိသည်။ အချို့သော စာတိုက်ကြီးများကို ရွှေချထားသည်။ စာတိုက်ကြီးများသည် မြန်မာ အနုပညာတရပ်အနေဖြင့် ဂုဏ်ယူနိုင်သော ပစ္စည်းတခုဖြစ်သည်။ စာတိုက်မှာ အကြီးအသေးလိုက်၍ ပေစာထုပ် ၂၀ မှ ၅၀ ခန့်အထိ ထည့်သွင်းနိုင်သည်။

စာတိုက်တွင် ထားသည့် ပေစာတထုပ်ကို ယူကြည့်လျှင် စာပုလွေဖြင့် ပတ်၍ အပေါ်က စာစည်းကြိုးခေါ် စာထုပ်ကြိုးဖြင့် ရစ်ပတ်ထားသည်ကိုတွေ့ရမည်။ စာစည်းကြိုးသည် အနံ လက်မဝက် (သို့) တလက်မ၏ လေးပုံသုံးပုံ၊ (သို့) တလက်မခန့်ရှိ၍ အလျား ၁၅ ပေရှိသည်။ စာစည်းကြိုးကို ဂျပ်ခုပ်နည်းမျိုးဖြင့် ခိုင်ခံ့လှပသပ်ရပ်စွာ စာလုံးဖော်၍ ယက်ထားသည်။ စာများမှာ ပေစာလှူဒါန်းသူ အမည်၊ နေရပ်၊ ဆုတောင်းစာများကို လင်္ကာဖြင့် လည်းကောင်း စကားပြေဖြင့်လည်းကောင်း ရေးသားဖော်ပြထားသည်။ စာစည်းကြိုးကိုကြည့်ခြင်းဖြင့် ရှေးခေတ်မြန်မာတို့၏ ခြည်မျှင်ဖြစ်အောင် လုပ်ခြင်း၊ အထည်ယက်လုပ်ခြင်း အိမ်တွင်းမှုအတက်နှင့် ဆေးအရောက်စပ်ခြင်းပညာ၊ ပုံစံထုတ်လုပ်ပုံ အနုပညာအဆင့်အတန်း မည်မျှမြင့်ကြောင်း သိသာနိုင်သည်။ စာစည်းကြိုးကိုဖြေပြီးလျှင် စာပုလွေ (သို့မဟုတ်) စာထုပ်ပုဝါကို တွေ့ရသည်။ စာထုပ်ပုဝါမှာ အောက်ခံ အဝတ်ကြမ်းခံကာ အပေါ်မှ အဖိုးထိုက်တန်သော ပိုးဖဲကတ္တီပါစများ ထပ်ချုပ်ထားသော ပစ္စည်းဖြစ်သည်။ စာပုလွေမှာ ဝါးများကို ယင်းသဖွယ်ယက်ထားသည်း။ တခါတရံ ခြည်ပါရော၍ ယက်သည်။ အများသောအားဖြင့် အပေါ်မှ အဝတ်ဖြင့် ထပ်၍ချုပ်ထားသည်။ ပေချပ်များမကျိုးစေရန်ဖြစ်သည်။ မိမိလိုရာ အပိုင်းကဏ္ဍကိုခွဲပြီး စာပုလွေဖြင့်ပတ်ကာ သယ်ယူလေ့ရှိသည်။ စာပုလွေပြီးလျှင် ပေစာထုပ်ကို ထိန်းထားသော ကွင်းလျှောကြိုးရှိသည်။ ထိုကြိုး၏အစကို သန်လျက်နှင့်တူသော ဆင်စွယ်/သစ်သားဖြင့်ပြုလုပ်ထားသော တစ်လက်မခွဲအကျယ်နှင့် အရှည် ၉/၁၀ လက်မရှိသော ပစ္စည်းကို အပေါက်ဖောက်၍ချည်ထားသည်။ ၎င်းမှာ ပေချပ်ခွာသော ကရိယာဖြစ်သည်။ စာရေးပြီး မဉ်းကိုင်ပြီးပေစာထုပ်တွင် ပေချပ်များ ပူးကပ်နေသည်ကို ခွာရန်ဖြစ်သည်။ ထို့ပြင် ကျမ်းအမည်ကိုလည်းရေးထိုးထားခြင်းဖြင့် ကျမ်းအမည်ကို ချက်ခြင်းသိနိုင်သည်။

ကွင်းလျှောကြိုးကိုဖြေပြီးလျှင် ကျမ်းကိုဖွင့်ရသည်။ ထိုကျမ်းကိုအစွဲပြု၍ စာအုပ်ကို "ကျမ်းစာ”ဟု ခေါ်ကြခြင်းဖြစ်သည်။ ပေစာများ၏အဖုံးကျမ်းသည် သစ်သားဖြစ်၍ ပေချပ်အနံအလျားကို လိုက်၍ ပြုပ်ရသည်။ အချို့မှာ လှပစွာ အလယ်ကထွင်း၍ ဟင်္သပြဒါးသုတ်ထားသည်။ အချို့က ရွှေချထား အချို့က ဆေးရေးရုပ်ချယ်ထားသည်။ အချို့မှာ မှန်စီရွှေချထားသည်။ အချို့မှာ တန်ဆာဆင်ခြင်းမရှိ၊ ပေချပ်များ၏ အတိုင်းအထွာအတိုင်းသာ ဖြစ်သည်။ စိတ်ဝင်စားစရာတစ်ခုမှာ စာစည်းကြိုး၊ ကျမ်းတို့ကို အရောင်ချယ်ရာတွင် အနီရောင်ကိုသာ အသုံးများခြင်းဖြစ်သည်။


ကျမ်းကိုဖွင့်သောအခါ ပေချပ်များကို တွေ့ရသည်။ ပလ္လင်တိုင်မှ နုတ်၍ဖတ်ရသည်။ အချို့ပေစာအုပ်များတွင် ပေရွက်အလွတ် လေးငါးချပ်တွေ့ရပြီး ပြီးမှပလ္လင်ချပ်လာသည်။ ပလ္လင်ချပ်တွင် ဝမ်းဖက်၌ ပလ္လင်ပေါက်နှစ်ခု အတွင်း၌သာ သာရေးသာသည်။ ကျောဖက်နှင့် အခြားပေချပ်များတွင် နံဘေးမျဉ်းကွက်လပ် ချန်သည်မှအပ အပြည့်ရေးသည်။ အဆုံးပေချပ်၏ကျောဘက်တွင်လည်း ပထမပေချပ်ဝမ်းဖက်မျာကဲ့သို့ရေးသည်။ ပေချပ်၏ကျောဘက်တိုင်းတွင် ဝဲဖက်၌ စာမျက်နှာ၊ ယာဖက်၌ ကျမ်းအမည်ကို ရေးထိုးလေ့ရှိသည်။ စာမျက်နှာအရေအတွက်ကို ဂဏန်းသင်္ကေတမသုံးဘဲ ဗျည်းနှင့်သရ သံစဉ်တွဲ၍ သုံးသည်။ ဗျည်းနှင့်သရတွဲပုံမှာ က၊ ကာ၊ ကိ၊ ကီ၊ ကု၊ ကူ၊ ကေ၊ ကဲ၊ ကော့၊ ကော်၊ ကံ၊ ကား ဖြစ်သည်။ ထို ၁၂ လုံးပေတစ်ချပ်ကို တစ်အင်္ဂါဟု ခေါ်သည်။ ထိုကဲ့သို့ က မှစ၍ ဗျည်း ၃၃ လုံးကိုသုံးသည်။ ၃၃ အင်္ဂါထက်ပိုသောပေစာထုပ်ကို က ယပင့် (ကျ) မှစ၍ သရအစဉ်လိုက် သုံးသွားသည်။ ပေချပ် တစ်ချပ်တွင် စာကြောင်းရေ လေးကျောင်းမှ ၁၂ ကြောင်းအထိရေးလေ့ရှိသည်။ ထိုသို့ရေးသည်ကို အစွဲပြု၍ ပေစာထုပ်ကို ကျမ်းအမည်နှင့် ယှဉ်တွဲကာ လေးကြောင်းရေးပေ၊ ရှစ်ကြောင်းရေးပေ စသည်ဖြင့် ခေါ်ကြသည်။ နောက်ဆုံးပေချပ်တွင် ကျမ်းရေးသူ၏အမည်၊ နေရပ်၊ ကျောင်းအမည်၊ ရေးသားသော သက္ကရာဇ်ကို တွေ့နိုင်သည်။

ဘုရင့်စာခွတ်တောက်များကို ထန်းဖူးပေါ်တွင် ရေးကြသည်။ ထန်းဖူးက ပေထက်ပို၍ ကြာရှည်ခံခြင်းကြောင့်ဟုဆိုသည်။ ဘုရင့်အမိန့်တော်ဆိုလျှင် ထန်းဖူး သို့မဟုတ် ပေချပ်ပေါ်တွင် တစ်ကြောင်းတည်း ရေးသည်။ မှူးကြီးမတ်ရာများက ထုတ်ဆင့်သည့်အမိန်ဆိုလျှင် နှစ်ကြောင်းရေသည်။ ထို့ကြောင့် တစ်ကြောင်းစာချွန်တော်၊ နှစ်ကြောင်းစာချွန်တော ဟု ခေါ်ဝေါ်ကြသည်။


ကျောင်းစာရေး

ပေစာကို ကျောင်းစာရေးခေါ် ပေစာရေးသူများကရေးကြသည်။ များသောအာဖြင့် ရဟန်း၊ပုဂ္ဂိုလ်ပညာရှိများ၏ စီကုံးဖွဲ့ရေးသားမှုကို လိုက်ရေးရသူများသာဖြစ်သည်။ ကျောင်းစာရေးမျာသည် ဘုန်းကြီးကျောင်းမျာတွင် နေလေ့ရှိကြသည်။ ကျောင်းကပင်ထမင်းကျွေးရသည်။ ရေးခမှာ ၁၀ ကြောင်းပေ တစ်အင်္ဂါ ငွေ တစ်ကျပ်၊ ၁၁ ကြောင်းပေ တစ်အင်္ဂါ တစ်ကျပ်လေးပဲ စသည်ဖြင့် ပေချပ်ပေါ်ရှိ စာကြောင်းရေကိုလိုက်၍ ပေးရသည်။ ကျောင်းမှထမင်းမကျွေးလျှင် ပေကူးခအဖိုးငွေကိုတိုးပေးရသည်။ ကောင်းမှုတော်ကြီးကျောက်စာတွင် တောင်ဖီလာဆရာတော် ရေးခဲ့သည့်အတိုင်းပင် ကျောင်းစာရေးများသည် အက္ခရာတတ်ရသည်၊ မြဲမြံသောသတိရှိရသည်။ သို့မှသာ စာရေးရာ၌ အမှားအယွင်း အကျအပေါက် ကင်းဝေးမည်ဖြစ်သည်။ ကျောင်းစာရေးသည် တစ်နေ့လျှင် ပေခြောက်ရွက်၊ နှစ်ရက်မှာ တစ်အင်္ဂါရေးနိုင်သည်။ ရှေးခေတ်က ပေစာတစ်ထုပ်ရေးလျှင် ငွေ ၃၀၊ ၃၅ ကျပ်ခန့် ကုန်ကျသည်။ ယခုခေတ်တွင် ပေစာအရေးအသားသည် မရှိသလောက်ပင်ဖြစ်သည်။ ပုံနှိပ်စာအုပ် ထုတ်ဝေရန်သာလျှင် ပေမူကို ကော်ပီစာအုပ်ထဲသို့ ကူရေးခြင်းသာရှိသည်။


ပေစာအကူးများ၍ သတ်ပုံချွတ်ယွင်းလျှင် စာအဓိပ္ပါယ်လည်းမှားသည်။ မြန်မာရှင်ဘုရင်များနှောင်းခေတ်၌ ပေစာကူးသူတို့ ချွတ်ယွင်းချက်များသောကြောင့် သတိပေးသည့်အနေဖြင့် "ခွေးတိရစ္ဆာန်၊ မဟာဒါန်၊ နိဗ္ဗာန်နှင့်ဝေး ကျောင်းစာရေး" ဟု ဆိုစမှတ်ပြုခဲ့ကြသည်။

ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက်က ပေစာရေးပုံကို ကျည်းကန်ရှင်ကြီးမေတ္တာစာတွင် "နောင်ရေးကိုလည်း မရှု၊ ခုရေးကိုလည်း မမြင်၊ ဉာဏ်လီဆင်၍၊ ချစ်ရှင်မိန်မြတ်၊ ပိဋကတ်တွင်၊ ရေးမှတ်သည့်ကျမ်းဂန်မှာ၊ အဘိဓာန် ဓာတုမာလာ၊ ဋီကာကျော် ပါဌ်နိသျတသွယ်၊ ရှစ်ဆယ်အင်္ဂါပေါင်း၊ ရှစ်ကြောင်းတစ်မျိုး၊ ကိုးကြောင်းတဝက်၊ လက္ခသုံးမူးတီး၊ တသီးမှာ လေးမူးနှင့်၊ သုံးဦးသောကျမ်ရပ်ကို၊ ရေးမှတ်၍ပြီးပါပြီ။ ဤကုသိုလ်၏အကျိုးကို၊ ဒုက္ခမျိုးကင်းဝေးလျက်၊ စကြဝတေး၊ သဌေးမန္ဓတ်၊ သိကြားနတ်ကဲ့သို့၊ လူ့ရပ်နတ်ပြည်၊ ကြင်(ကျင်)လည်စုန်ဆန်၊ ချမ်းသာစံ၍၊ နိဗ္ဗာန်ရမည့် အချက်ကို၊ ပန္နက်ဆုယူကာ၊ ဆရာပြုသော ကုသိုလ်စုဆို့ကိုလည်း၊ သာဓုခေါ်မည့် အကြောင်း" စသည်ဖြင့် ရေးသားထားသည်။

ရုပ်ပုံများ

ပေစာများနှင့်အတူ သရုပ်ဖော်ပုံများဆွဲထားသည့် ပေများမှာ အလွန်ရှားသည်။ နှစ်လက်မအကျယ်ရှိသော ပေရွက်ပေါ်တွင် ရုပ်ပုံများရေးဆွဲထားသည်မှာ အလွန်အံ့ဩခြီးမွမ်းစရာကောင်းသည်။ ၃၁ ဘုံပေစာထုပ် (ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်) တွင် မြင့်မိုရ်တောင်ကို အလယ်ကထားပြီးလျှင် ကျွန်းကြီးလေးကျွန်းရံနေပုံနှင့် ၃၁ ဘုံလို့းကို အစီအစဉ်ဖြင့် ရေးဆွဲထားသည်။ မြင့်မိုရ်တောင်နှင့် ကျွန်းကြီးလေးကျွန်း၊ ကျွန်းငယ်များရံနေပုံကို ဆွဲရသည်မှာ နှစ်လက်မဖြင့် မဆန့်သဖြင့် ပေချပ်များကို ကြိုးဖြင့် တစ်ချပ်နှင့်တစ်ချပ် ဆက်ကာ ပုံဆွဲထားသည်မျာ ခြီးမွမ်းအံ့ဩဖွယ်ရာ ကောင်းလှပေသည်။

ပေ၏အကျိုးပြုပုံ

ပေစာများသည် ဗုဒ္ဓဒေသနာတော်ကို မြန်မာနိုင်ငံတွင် အလွန်အကျိုးပြုသည်။ မိုင်းခိုင်းမြို့စားရေးသားခဲ့သော "ပိဋကတ်သမိုင်း" စာတမ်းတွင် စာရင်းတင်ခဲ့သော လောကီ၊ လောကုတ္တရာ စာပေအားလုံးသည် ပေရွက်ပေါ်တွင် ရေးသားမှတ်တမ်းတင်ထား ခြင်းပင်ဖြစ်သည်။ ရှေးခေတ်စာပေများကို ထိန်းသိမ်းလာသည်မှာ ပေစာပင်ဖြစ်သည်။ မြန်မာနိုင်ငံသို့ ၁၈၂၆ ခုနှစ်ခန့်တွင် ပုံနှိပ်စက်များ စတင်ရောက်ရှိလာသည် ဆိုသော်လည်း အောက်မြန်မာပြည် မော်လမြိုင်၊ ရန်ကုန်မြို့များတွင်သာဖြစ်ပြီး အသုံးမများသေးပေ။ ပေပေါ်တွင်စာရေးခြင်းအလေ့သည်လဲ လျော့မသွားချေ။ ယခုတွေ့ရှိရသောပေစာများတွင် သက္ကရာဇ် ၁၂၇၀ ကျော်အထိ ရေးသားထားသော ပေစာထုပ်များကို တွေ့ရှိရခြင်းကြောင့်ဖြစ်သည်။

ပေစာများကို လေ့လာလျှင် ရှေးခေတ်က မြန်မာနိုင်ငံတွင် စာပေရှိ၍ အယူဝါဒရေးစာပေ မည်မျှ ထွန်းကားခဲ့ပုံကို သိရှိရသည်။ စာစည်းကြိုးကိုကြည့်ခြင်းအားဖြင့် အိမ်တွင်းလက်မှုပညာ ရက်ကန်းရက်ခြင်း အတတ်၊ ဆေးဆိုးခြင်း အတတ်၊ ပုံစံဖော်ခြင်းအတတ်များ ကောင်းစွာဖြစ်ထွန်းနေသည်ကိုလည်း သိရှိနိုင်သည်။ စာတိုက်များတွင်လည်း ပန်းပုပညာ ပြောင်မြောက်စွာ ထွင်းလုပ်ထားခြင်းကို တွေ့ရသဖြင့် မြန်မာ့အနုပညာ မည်မျှဆန်းပြားကြောင်း ခန့်မှန်းနိုင်သည်။ ထို့ကြောင့် ပေစာသည် မြန်မာ့ယဉ်ကျေးမှု အဖြာဖြာကို ဖော်ထုတ်သော ရတနာတစ်ပါးပင် ဖြစ်သည်။ မြန်မာစာပေ၊ မြန်မာ့ယဉ်ကျေးမှု၊ အယူဝါဒရေးရာ စာပေများကို ရင်းမြစ်တိကျစွာ လေ့လာလိုက်စားလိုလျှင် ပေစာနှင့်ကင်း၍ မရကောင်းပေ။ ယုခုအခါ ရှေးက ရေးခဲ့သော ပေစာများသာရှိပြီး ခေတ်၏တိုးတကက်မှုကြောင့် အသစ် ထပ်မံရေးမှုများ မရှိသလောက် ဖြစ်၍ ပေစာများကို အလေးဂရုပြုကာ ထိန်းသိမ်းထားရှိရန်အလွန်ပင် အရေးကြီးပေသည်။ ရှေးခေတ်က မြန်မာများသည် ဤမျှလုပ်ငန်းဆောင်တာ အဆင့်ဆင့် များလှသော ပေစာဖြင့် အယူဝါဒရေးစာပေ၊ လောကီစာပေ စသည်တို့ကို ယခုခေတ်လူများ နည်းယူမှတ်သား လိုက်နာလောက်အောင် ကျမ်းကြီး ကျမ်းဂန်များအဖြစ် ရေးထားခဲ့သည်မှာ ချီးကျူးစရားကောင်း၍ ဂုဏ်ယူထိုက်သော အချက်ပင် ဖြစ်သည်။ [၁]

အကိုးအကား

ဒေါ်ခင်⁠ခင်စု၊ မြန်မာပေစာ၊ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ-၁၀ (မြတ်-ယူး)၊ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း၊ ရန်ကုန်၊ ၁၉၆၈၊ ဒုကြိမ်၊ နှာ ၂၈၉-၂၉၉။

Zaw Win Thaung ပိုစ့်​အားကူးယူတင်​​ပေးသည်

Friday, December 28, 2018

အဆိုတော်ကြီး လားရှိုးသိန်းအောင် (၁၉၄၆-၂၀၁၈) နှလုံးရောဂါဖြင့် ကွယ်လွန်


စတိရီယို ခေတ်ဦး အဆိုတော်ကြီး လားရှိုးသိန်းအောင် ကွယ်လွန်
==================================== 
“နှုတ်မဆက်နဲ့ ငိုချင်တယ်၊ ငှက်ငယ်အလား ကိုယ့်အမှား၊ စက်ခေါင်းအမှတ် ၀၀၉၊ ဘုရားသခင်ရဲ့ သားသမီးတွေပါပဲ၊ အမေတခု သားတခု၊ မုန်းမုန်းမေ့မေ့” စသည့် နာမည်ကြီး သီချင်းကောင်းများစွာကို သီဆိုခဲ့သော စတိရီယို ခေတ်ဦးအဆိုတော်ကြီး ဂျင်မီဂျက် ခေါ် လားရှိုး သိန်းအောင် သည် ယနေ့ ဒီဇင်ဘာလ ၂၈၊ ၂၀၁၈  နေ့လယ်ပိုင်းအချိန်မှာ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့တွင် နှလုံးရောဂါဖြင့်  ကွယ်လွန်ခဲ့ကြောင်း သိရှိရသည်။






လားရှိုးသိန်းအောင် ခေါ် ဂျင်မီဂျက်သည် ၁၉၇၂ ခုနှစ်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို လက်မခံနိုင်ဘဲ စွန်းစားလိုသည့် ဝါသနာအတွက် တောခိုသွားခဲ့ပြီး အမေရိကန်နိုင်ငံမှာ ဂီတလုပ်ငန်း အပါအဝင် ပရဟိတ လုပ်ငန်းများလုပ်ကိုင်ရင်း အမေရိကန်နိုင်ငံသူ တစ်ယောက်နှင့် အိမ်ထောင်ကျကာ သမီးတစ်ယောက်၊ သားနှစ်ယောက် ရရှိခဲ့သည်။ 



(ရုပ်သံ- Lashio Thein Aung's "One Man Show 2013" in Yangon)

လားရှိုးသိန်းအောင်သည် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှာ တကိုယ်တော်ရှိုးပွဲပြုလုပ်ခဲ့သည်။ အဆိုပါ ရှိုးပွဲသည် သူမြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ပြီး နှစ်ပေါင်း (၄၀) ကျော်အကြာမှာ ပြုလုပ်ခဲ့သည့် ရှိုးပွဲလည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် ၂၀၁၂ အဓိကရုဏ်း နောက်ပိုင်းတွင် ခွဲခြားဆက်ဆံရေး ရပ်တန့်ရေးနှင့် ရိုဟင်ဂျာသည် တိုင်းရင်းသားတစ်စုဖြစ်ကြောင်းကို ဖွဲ့ဆိုထားသော “ငါတို့ ဘုရားသခင်၏ သားသမီးတွေပါ” သီချင်းဖြင့် အဖိနှိပ်ခံ ရိုဟင်ဂျာဘက်မှ ရပ်တည်ခဲ့သည်။ 

နောက်ပိုင်းတွင် မျိုးချစ်မျက်ကန်းတို့၏ နိုးဆော်တိုက်တွန်းမှုဖြင့် Anti-Rohingya ရိုဟင်ဂျာဆန့်ကျင်ရေး ပြောဆိုချက်များ tweeter စာမျက်နှာပေါ်တွင် ရေးသားလာခဲ့သည်ကို တွေ့ရသည်။ 

အဆိုတော် လားရှိုးသိန်းအောင်ကို ၁၉၄၆ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာတော့ သူဟာ အသက် ၇၂ နှစ် အရွယ်ရှိပြီ ဖြစ်ပါသည်။ 

https://m.youtube.com/playlist?list=PLnshA8nqDkCW-OcbZQqOmxTMOWRkd-IUw

Wednesday, December 12, 2018

Flowers Names In Rohingya Zuban




Fúlor Nam ókkol


1. Gulab              = Rose
2. Sambafúl       = Champuck
3. Chájjamani    = Arabian Jasmine
4. Raatkarani     = Night Blooming Jasmine
5. Gulbaár          = Daisy
6. gullala            = tulip
7. Bossá             = Marigold
8. Zuníb              =
10. Hóñla           = Lotus
11. Diyo /Fori    = Hibiscus
13. Noccáfúl     =
14. Boçful          = Star-flower
15. Sújjaful        = Sunflower
16. Cúnaful        =
17. Delia             = Dahalia
18. Razulla         = Touch-Me-Not (Mimosa Pudica)
19. Únalu ful      = Ptrocapus-marcocarpus
20. Tara fúl        = Star Glory
21. Bobfúl          = Sesbaria grandiflora
22. Dhiyal fúl     = Periwinkle, Vinca
23. Hoñlboccú Fúl=
24. Dhebal fúl   =
25. Maik Fúl      =
26. Sómfúl         =
27. Hoitori fúl   =
28. Fodda fúl    = Scared Lotus. (Nelumbium Speciosum)
29. Fená            = Daffodil
30. Laal fúl        = Peacock flower

Sunday, December 9, 2018

မယုမြိုင်က မင်းကြငှန်း

ဒွါရာဝတီ စိတ်ကူးပန်းချီ



မယုမြိုင်က မင်းကြငှန်း|

နေရာဒေသ၊ လူမျိုးတစ်စု၏ ရာဇဝင်သမိုင်းကို လေ့လာ ဖော်ထုတ်မည်ဆိုလျှင် ထိုဒေသ၏ ရာဇဝင်မှတ်တမ်း တစ်ခုတည်းနှင့် လုံလောက်မည် မဟုတ်ချေ။ ထိုဒေသ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ ရိုးရာပုံပြင်၊ ရိုးရာ အဆိုအက၊ အတီးအမှုတ်၊ ယုံတမ်းစကား၊ ဘာသာစကား စသည်တို့ကိုပါ ဂဃနဏ လေ့လာ သုံးသပ်မှ သာလျှင် တင်းပြည့်ကျပ်ပြည့်သော သမိုင်းမှန်ကို ဖော်ထုတ်နိုင်မည်ဖြစ်သည်။ သို့တည်းမဟုတ်လျှင် သမိုင်း ဟကွက်များက ကျန်ရှိနေကာ မြင်းကျားရေပမာ ဖြူမည်း ပြောင်ပြောင် ရှိနေလိမ့်မည်။ 

ဓညဝတီ၊ ဝေသာလီ၊ လောင်းကြက်၊ ဒွိရာဝတီ ကဲ့သို့သော သမိုင်းဝင် ဒေသတစ်ခုဖြစ်သော အာရ်ကာန်ပြည်၏ မြောက်ဘက်၌တည်ရှိသည့်  ကုလားတန်မြစ် အနောက်ဘက်၊ နတ်မြစ် အရှေ့ဘက် ကြားရှိ မေယုမြစ်ဝှမ်းသည်လည်း သမိုင်းပဟေဠိ သဖွယ် ဆန်းကြယ်နေသည်။ မေယု အမည်သည် ရိုဟင်ဂျာ စကား မယူရ် (ဥဒေါင်း) မှ လေသံအနည်းငယ် ပြောင်းလာခြင်းဖြစ်သည်။ ကာယာပူရီခေတ်က မယူရီ ဟု ခေါ်တွင်သည့် ဘုရင်မ တစ်ပါးရှိခဲ့သည်။ ထိုဘုရင်မကို ဂုဏ်ပြုသောအားဖြင့် ဤဒေသကို ရှေးခေတ် ရိုဟင်ဂျာတို့က မယူရီဒေခ်ျ ဟု ခေါ်ဝေါ်ခဲ့သည်။ တစ်နည်းက ဤဒေသရှိ အဓိက တောင်တန်း၌ ဒေါင်း အများအပြား ကျက်စားကြသဖြင့် ထိုတောင်တန်းကို မယုတောင်တန်း ဟုခေါ်ကြသည်။ တောင်တန်းကို အစွဲပြု၍ မယုဒေသ၊ မယုမြစ် စသည်ဖြင့် ခေါ်ကြခြင်းဖြစ်သည်။  

ရာဇဝင်အကိုးအကား၊  ရိုဟင်ဂျာ ဇာတ်တော်များ၏ ကိုးကားချက်နှင့် ရိုဟင်ဂျာ ဘိုးဘေဘီဘင် လက်ဆင့်ကမ်း ဆောင်ထားသော ပါးစပ်ရာဇဝင်များ အရ ထီးစည်နေလ ထွန်းတောက်ခဲ့သည့် ပြည်ငယ် တစ်ခုလည်းဖြစ်ခဲ့သည် ဟု ရိုဟင်ဂျာတို့ ယုံကြည်ထားသည်။ သို့သော် ထိုသို့ ရှိခဲ့ပါလျှင် အုပ်ချုပ်ရေး၊ ဆက်ဆံရေး၊ မင်းနွယ်မင်းဆက်က စသည့် အခန်းကဏ္ဍများသည် ပဟေဠိသဖွယ် အာရ်ကန် ကောင်းကင်ပေါ် ပျံဝဲနေလျက်ရှိသည်။ အချို့ပညာရှင်များက ထိုစောဒကတွေကို အဖြေရှာရန် ကြိုးပမ်းခဲ့သော်လည်း ဘာသာကွဲ၊ လူမျိုးပြားတို့၏ အမုန်းပြည့် အတားအဆီးကို မထိုးဖောက်နိုင်ခဲ့သဖြင့် လက်မြောက် အရှုံးပေးခဲ့ရသည်။ ထိုထဲတွင် မြန်မာပြည်ကျော် သမိုင်းပညာရှင်၊ သမိုင်း သုတေသီ ဒေါက်တာသန်းထွန်းလည်း တစ်ဦး အပါအဝင်ဖြစ်သည်။ 

မြန်မာ့သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်းက-

“ယနေ့အာရ်ကန်မြောက်ပိုင်းတွင် ရှိနေသော မွတ်စလင်တို့ မှာ ရှေးခေတ် မေယုဒေသတွင် နေထိုင်ခဲ့သော လူတို့မှ ဆင်းသက်လာသူများ ဖြစ်နိုင်သည်။ သူတို့ အဲ့ဒေသမှာ နှစ်ပေါင်း တစ်ထောင်ကျော်လောက်က နေထိုင်ခဲ့တယ်လို့ အခိုင်အမာ ဆိုကြတယ်။ နှစ်ပေါင်း တစ်ထောင်မဟုတ်ရင်တောင် နှစ်ပေါင်း (၈၀၀) ခန့်တော့ဖြစ်နိုင်တယ်။”

‘မူဆလင်ဘွဲ့အမည်ခံ ဘုရင်တို့သည် မေယုဒေသတွင် ရှေးခေတ်က အုပ်ချုပ်ခဲ့သော ဘုရင်များ ဖြစ်ကောင်းဖြစ်နိုင်တယ်။’

စသည်ဖြင့် ၂၈၊ ၈၊ ၁၉၉၄ ခု ထုတ် ကလျာမဂ္ဂဇင်း၊ စာ-၂၇ တွင် ဖော်ပြထားသည်။ 


သမိုင်းပညာရှင် ဗိုလ်မှူးဘရှင်က အနော်ရထာအရင်က မြန်မာနိုင်ငံ သမိုင်းစာအုပ်၊ စာမျက်နှာ (၁၄၅-၁၄၆)တွင် -

“ပုဂံခေတ်မတိုင်မီ ရခိုင်ပြည် မြောက်ပိုင်းတွင် ပဋ္ဋိက္ကရား ခေါ် ပတ္တိကေရ ဆိုတဲ့ ပြည်ငယ်တစ်ခု ရှိခဲ့ကြောင်း ” ဖော်ပြထားသည်။ 

“ အေဒီ ၆၀၀ တွင် မဟာ ဝိရမင်းက သူ့နန်းတော်ကို နတ်မြစ်၏ အရှေ့ဘက်ကမ်း၊ ပြူးမမြစ်ဝှမ်း (မောင်တော မြောက်ပိုင်းတွင် တည်ရှိ)၌ စိုက်ထူခဲ့သည်။ ”

ဟု ပမေလာ၊ ၁၉၇၆ ခု ၊ ရှေးအာရ်ကာန်ပြည်၊ စာမျက်နှာ-၄၄-၄၅ တွင် ထည့်သွင်းဖော်ပြထားသည်။ (Pamela,  1976, pp 44_45)

ကျောက်စာအမှတ် ၉၆၃/၂၀-၂၃-၈၀၄ ပါ သက္ကရာဇ် ၁၄၄၂ ခု ကျောက်စာ တစ်ချက်တွင်- 

“၁၄ ရာစုတွင် အာရ်ကာန်ပြည်၌ မွတ်စလင်မင်းများက အုပ်ချုပ်ခဲ့သည်။ အဆိုပါဘုရင်များသည် ဗမာမင်းများနှင့် ရင်နှီးကြသည်။ ချစ်ကြည်ရေး အလည်အပတ်လည်း သွားရောက်ကြသည်” ဟု ပါရှိသည်။

“ ဒေးဝန်ကြီးရတု မှာလည်း နောက်ဆုံးအပိုဒ်တွင် အိစ္စလာမ်ဘာသာ လွှမ်းမိုးသော ပီကျွန်းမြို့ အကြောင်း” ကို ချီးမွမ်းမှတ်တမ်းတင်ထားသည်။ 


ဤသို့ကစသော သမိုင်းအတိုအထွာတို့ကို ပညာရှင် အချို့က အစငင်ခဲ့သော်လည်း အတိုင်းအတာ တစ်ခု အထိ ပြည့်စုံခြင်းသို့မရောက်နိုင်ခဲ့ပေ။ 

ရှေးခေတ် ရိုဟင်ဂျာ စာပေလောကကို လွမ်းမိုးထားသော အရာတစ်ခုက “ဖူတီး”ဟု ခေါ်သော ပျို့ကဗျာရှည်ပင် ဖြစ်သည်။ ထိုကဗျာရှည်များရှိ ရာဇဝင် အကိုးအကားများအရ ရိုဟင်ဂျာအားနီးပါးက တစ်စိတ်တစ်ဝမ်းတည်း လက်ခံယုံကြည်ထားသည်က “အာရ်ကာန်ပြည် မြောက်ပိုင်း နေရာအချို့တွင် နန်းစိုက် စိုးစံခဲ့သော ဘုရင်များရှိခဲ့သည်။” ထိုဘုရင်မင်းမြတ်များအနက် အချို့မှာ အာလီယား ဘားဂ်မင်းသည် ဘာဂ်ဂူးနား၊ ဘူးသီးတောင် တွင်လည်းကောင်း၊ ဟားနီဗားမင်းနှင့် ကာယာပူရီ ဘုရင်မသည် မောင်းတမ္မ၊ မောင်းတောတွင်လည်းကောင်း၊ အာမီရ်ဟားမ်ဇားမင်းသည် ဂေါလောင်ဂီ (ဖြူးမချိုင့်ဝှမ်း) တွင် လည်းကောင်း အသီးသီး နန်းစိုက် အုပ်ချုပ်ခဲ့သည့် အသေးစိတ် ရာဇဝင်မှတ်တမ်းများကို သရုပ်ဖော်ထားသည်။ ပြူးမမြစ်ဝှမ်းတွင် တစ်ချိန်က လူ့အဆင့်အတန်း မြင့်မားစွာနေထိုင်သော ကန်ချောင်းစည်မြောင်တို့ သပ်သပ်ရပ်ရပ် စီမံထားသော ကုန်းမြင့်မြေပြင်သည် ယနေ့တိုင် တွေ့ရသည်။ နန်းကုန်းထီးကုန်း ဖြစ်နိုင်ဖွယ်ရှိသည်။  

ဟားနီဗာမင်းသည် ကာယာပူရီ ဘုရင်မ အုပ်ချုပ်သော မျိုးနွယ်စုကို သုံးကြိမ်သုံးခါ စစ်တိုက်အောင်နိုင်ခဲ့ပြီး ဘုရင်မကို ကွပ်မျက်ခြင်းမပြုဘဲ ကာယာပူရီဘုရင်မကို လက်ထပ်ကာ မိဖုရားအဖြစ် တင်မြောက်ခဲ့သည်။  သူတို့ အချစ်ဇာတ်လမ်းသည် ယနေ့အထိ တင်စားပြောဆိုရအောင် ထင်ရှားသည်။ သူတို့၏နန်းတော်သည် မောင်းတမ္မတောင်၌ တည်ရှိခဲ့သည်ဟု ဖော်ပြထားသည်။ ထိုခေတ်က အဆိုပါပြည်ကို “ကုဝိုက်ရှော့ရ်ပြည်” ဟု မည့်ခေါ်ခဲ့သည်။ ယနေ့တိုင် ထိုတောင်ထွတ်နှစ်ခုကို ဟားနီဗား တောင်ကီ နှင့် ကာယာပူရီတောင်ကီ ဟု ခေါ်နေဆဲပင်ဖြစ်သည်။ တောင်ကီ မှာ တောင်ထွတ်ဟု အဓိပ္ပာယ်ရသည်။ 
  
ယင်းရွာ အမည်မှာလည်း မောင်းတမ္မ (ယနေ့ဗမာ ဆန်ဆန်အခေါ်- မောင်နှမ) ဟု ခေါ်ရခြင်းမှာ သူတို့၏ ဂူသချိုင်းကို အစွဲပြု၍ ခေါ်ကြသည်ဟု ဆိုကြသည်။ Mont Tomb (သူတော်စင်၏ ဂူသင်္ချိုင်းရှိသော တောင်)မှ Mondoma ဖြစ်လာခြင်းဟု သုတေသီတို့က ဆိုကြသည်။ ကာယာပူရီဘုရင်မသည် ရက်စက်ကြမ်းကြုတ် သည့် ဘုရင်မအဖြစ် ထင်ရှားခဲ့သည်။ ဘုရင်ကြီး ဟားနီဗားကို စစ်ရှုံးပြီးနောက် အိစ္စလာမ်တရားတော့် အေးရိပ်ဆာယာအောက်တွင် ခိုဝင်လာကာ ဟားနီဗားကို လက်ထပ်ခဲ့သည်။ ထို့နောက် ကုဝိုက်ရှော့ [Kuwaiccoór]သည်  အလွန်အေးချမ်းသာယာသော ပြည်ငယ်တစ်ခု ဖြစ်လာခဲ့ကြောင်း တွေ့ရသည်။ ထိုတောင်ပေါ်တွင်လည်း ယနေ့တိုင် ကျုံ၊ မြို့ရိုးပျက်၊ ကန်ကြီး၊ မြောင်း စသည်တို့ကို သူ့ခေတ်သူ့ဟန်နှင့် ယနေ့တိုင်တွေ့ရသည်။ ထိုအကွက်ကျကျ  စီမံထားသော နေရာကို အခွင့်ကောင်းယူကာ လွတ်လပ်ရေး မတိုင်မီ လက်နက်ကိုင်အဖွဲ့များသည် ထိုနေရာကို ခံတပ်စခန်းအဖြစ် ပြုလုပ်ခဲ့သည်။ ၁၉၅၀ ခု ကျော်လောက်တွင် အစိုးရက လက်နက်ကိုင်တို့ကို တိုက်ခိုက်ရာ ထိုအကြွင်းကျန်အမွေအနှစ်သည် ပို၍ ပျက်စီးခဲ့ရလေသည်။ တဖန် နဝတအစိုးရခေတ်တွင် ဗိုလ်ခင်ညွှန်းက ထိုတောင်ထွက်နှစ်ခုတွင် စေတီနှင့် ဆင်းတုတော် တို့ကို တည်ပေးခဲ့သည်။ 

ထိုကဲ့သို့မင်းများအနက် အခြားထင်ရှားသော မင်းတစ်ပါးမှာ အာမီရ်ဟာမ်ဇာမင်းဖြစ်သည်။ ရဲစွမ်း သတ္တိပြည့်စုံ၍ လက်ရုံးရည်၊ နှလုံးရည်နှင့် ကုံလုံသူဖြစ်သည်။“ ဂေါလောင်ဂီပြည်”၌ နန်းစိုက် စိုးစံခဲ့သည်။ အာမီရ်ဟာမ်ဇာမင်း[King Amir Hamza]သည် အာရ်ကာန်ပြည်မကို ထိုးဖောက်ဝင်ရောက်ကာ ဝေသာလီမင်း ( ရိုဟင်ဂျာ အခေါ် ဗေဆာလီ)နှင့် အကြိမ်ကြိမ် စစ်ဖြစ်ခဲ့သည်ဟု ဖူတီးတွင် ဖော်ပြထားသည်။ ရဲမက်တော် ဂေါန္ဓာ ၅၀ ကျော်နှင့် စစ်ချီခဲ့ကြောင်း စသည့်တို့ကို ထင်ထင်ရှားရှား တွေ့ရသည်။ (၁ ဂေါန္ဓာ = ၄ ယောက် ) သို့သော် ဝေသာလီပြည်ကို အောင်နိုင်ခဲ့ကြောင်း ခိုင်လုံသော အထောက်အထား မရှိပါ။ ဖြူးမမြစ်ဝှမ်းကို ယနေ့အထိ ရိုဟင်ဂျာတို့က ဂေါလောင်ဂီ ဟု ခေါ်ကြသည်။  

ဤသည်တို့မှာ ရှေးပဝေသဏီက အလွန်နက်ရှိုင်းသော  တစ်စုံတစ်ရာသော သမိုင်းဘက်သို့ ဖိတ်ခေါ်နေခြင်းဖြစ်သည်။  

ဤသို့သော် သမိုင်းအမွေအနှစ်များသည် မေယုဒေသရှိ ဌာနေ ရိုဟင်ဂျာလူမျိုးတို့၏ လက်ထဲ၌ ပဟေဠိဆန်ဆန် ရှိနေသည်။ သူတို့ ယဉ်ကျေးမှု၊ မတူကွဲပြားသော ဓလေ့ထုံးစံ အစဉ်အလာတို့သည် ရှေးရာဇဝင်၏ နိမိတ်ပေါင်းများစွာကို ပြယုဂ်သဖွယ် ဖော်ပြနေသည်။ သို့သော် မည်သည့် ပြည်တွင်း ပညာရှင် တစ်ဦးတစ်ယောက်ကမှ ထိုအမွေအနှစ်ကို ထုတ်ဖော်ရန် ကြိုးပမ်းခြင်း မရှိသေးပေ။ အကယ်၍ အစအန တစ်စုံတစ်ရာကို တွေ့ရှိသော်လည်း ဖုံးကွယ်ဖို့သာ ကြိုးစားနေခြင်းကို တွေ့ရပေသည်။ ရခိုင်ရာဇဝင်ကို လေ့လာလျှင်လည်း ဤဒေသ၏ ရှေးဖြစ်ကို တိတိကျကျ တွေ့ရမည်မဟုတ်ပါ။ တွေ့ရလျှင်လည်း ယုတ္တိမရှိသော လုပ်ကြံ သမိုင်းသာ သက်သက် ဖြစ်နေမည်။  အကြောင်းက  ဤဒေသ၏ ရှေးသမိုင်းက ရခိုင်မဟုတ်သော ဘာသာကွဲလူမျိုးကွဲ ၏ လွှမ်းမိုးမှုရှိနေခြင်းကို သူတို့ ရင်ဆိုင်နိုင်စွမ်းမရှိချေ။ အဆိုပါ သမိုင်းကို ဖုံးကွယ်ပပျောက်ရန်အတွက် ကြိုးစားရင်း အာရ်ကာန်ရာဇဝင်ကိုပါ ဟထာထာ လုပ်လိုက်လေသည်။ 

တိုးတက်ပြီး နိုင်ငံများတွင် ရှေးဟောင်းမြို့တော်များ ရှာဖွေ တူးဖော်ခြင်း၊ ရှေးလူသား၊ ရှေးသတ္တဝါ များကို တူးဖော် သုတေသနပြုခြင်းဖြင့် လစ်ဟင်းနေသည့် သူတို့သမိုင်းကို ဖြည့်စွက်လျက်ရှိနေသည်။ သူတို့သည် ရှေးလူ၊ ယဉ်ကျေးမှု ထွန်းကားသော လူမျိုးဟု ကမ္ဘာတွင် ရင်ကော့ ဂုဏ်ယူနေကြသည်။ တို့ပြည်ကား ရှေးသမိုင်းမှန်ကို ဖုံးကွယ်ပြီး သမိုင်းသစ်တွင်ရန် အားထုတ်နေဆဲပင်။ အချို့ ရိုဟင်ဂျာသမိုင်းမှန်ကို လက်မခံ မရောင့်ရဲနိုင်သော “မင်းတို့ ရှေးကျ လူနေထိုင်ခဲ့သော သမိုင်းဝင်နေရာတွေကို ပြပေး၊ ငါတို့ တူးကြည့်ရအောင်” ဆိုပြီး စိန်ခေါ်လာသည်ကို ယနေ့ အင်တာနက် စာမျက်နှာတွင် ဖတ်ဖူးရသည်။ တကယ်သဘောရိုးဖြင့် ရိုဟင်ဂျာ ရှေးသမိုင်းကို တူးဆွ ဖော်ထုတ်ပေးမည် ဆိုပါက အမြင့်မြတ်ဆုံးသော စေတနာဒါန တစ်ခု ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ဤစာတမ်းကို တစ်ထောင့် တစ်နေရာက အထောက်အကူ ဖြစ်စေရန် ရရမိမိ ပြုစုပေးခြင်း ဖြစ်သည်။ လူမျိုး၊ ဘာသာ၊ အသားအရောင်ကို ကွဲခြားပြီး လျစ်လျူကာ ဖုံးကွယ်ပဖျောက်ပါက တို့ပြည်ထောင်စုကြီးသည် အဖတ်မဆယ်နိုင်သော  နစ်နာဆုံးရှူံးမှုကို ခံရမည်ကား ဧကန်မုချ မြေကြီးလက်ခတ်မလွဲ သေချာသည်။ ခေတ်ကြေးမုံသဖွယ်ဖြစ်သော ပြည်ထောင်စု သမိုင်းသည် Tsunami Effected Area လို ဖြစ်နေလိမ့်မည်တည်း။ 

(လူထုဝဏ္ဏ ရေးသည်။)








Duality



Duality

🌱🌱🌱🌱🌱

When the poverty knock the door,
People labelled me poor.
And run away far from me.
No shelter around to rest a while.
Screaming is remedy of solace. 

When the wealth touch in hand,
People called me wealthy man.
then approached near me.
Showed me respect and humble. 
Laughing is mask of animus. 

Whatever thou called me, but
I am the one, with a same heart.
I am the one, with same figures.
I have rights to live the way,
whether rich or poor.

_____________________________________

RohangKing

5 December 2018 [3:03 PM]

Thursday, December 6, 2018

မင်းရှင်နေဆဲပဲ



📑 မင်းရှင်နေဆဲပဲ 📑

👒👒👒👒👒👒👒👒👒

မိမိစိတ်နုထဲ
သောကနက်တွေ
ထည့် လျှောက်လိုက်၊
မင်းရှင်သန်နေဆဲပဲ။ 

စက္ခုအာရုံထဲ 
အိပ်မက်လျှပ်ပြက်တွေ
ထည့် လျှောက်လိုက်၊
မင်းရှင်သန်ဆဲပဲ။ 

လေရူးလှိုင်းလို 
လွတ်လပ်စွာနေခြင်း၊
မင်းသမုဒ္ဒရာလို 
လှိုင်းထဲမျောနေခြင်း 
သင်လိုက်တော့။

မှိတ်တိုင်းနဲ့ မင်းဟာ 
ရင်ကော့ပြီး ဆုံလိုက်၊
အချိန်တိုင်းမှာ 
မြင်ကွင်းသစ်တစ်ခုစီ 
မြင်နိုင်စေတော့။

မျက်စိထဲ မိမိရဲ့
အံ့ဖွယ်ဆန်းကြည်တွေ 
ထည့် လျှောက်လိုက်၊
ဒါမှပဲ…
မင်းရှင်သန်နေဆဲတည်း။
-------------------------------------------
ရိုဟင်လေး|
Dec 6, 2018, 12; 14 PM
--------------------------------------------------

Monday, November 26, 2018

I Am A Traveller



I am a Traveller

♿♿♿♿♿♿♿♿♿

On the long highway of life,
I passed behind multi lamp-posts,
through slow and speedy drive. 

Many scenes I saw, many events I felt.
They wrote huge page of my experience. 
With the torn and fracture voyage.

My craft is going far and far
Without stopping at station a while. 
The more it far, the more my end is near. 

Destination is rather unknown pity,
Wherever I reached by destiny.
Left a crawling point of history. 

There is no U-turn on journey. 
There is no options for opportunity.
Rushing with outfaced the enemy. 

Some are faster, some are later.
All are Like the fellow-travellers.
But no body waited for one another.

Where initial point and final point are lonely,
I am a Traveller of that journey.
✉✉✉✉✉✉✉✉✉✉✉✉✉✉

RohangKing

Nov 26, 2018| 7:41 (Mon)

Wednesday, November 21, 2018

အာဇာနည်ဥသဘ [ Martyr Ox ]




အာဇာနည်ဥသဘ


💟💟💟💟💟💟💟💟💟

ရဲမျိုးမြတ်သား ငါ ဥသဘ
ဘဝတစ်ချောင်း ရစတည်းက
မျိုးမာန်မျိုးဂုဏ် စောင့်ထိန်းလျက်
သခင်အမိန့် မဖယ်ထမ်းရင်း
များကျိုးသစ္စာ ပျိုးမြဲသား။

ကိုယ်ဝယ်ဆန္ဒ ပြင်းပြစိတ်က
နှစ်ခုသုံးခု များမဟုတ်ဘူး
တစ်ခုတည်းသာ စွဲငြိနေတာ
နောက်ဆုံးအသက် သူရဲကောင်းလို
အလ္လာဟ်လမ်း၌ သက်လှူပေးရင်း
ဘဝနပ်ကျိုးစေချင်သား။ 

လမြတ်ကုရ်ဘာန် ရောက်လျင်စေ
နာဖျားဥပါယ် ငါမခိုဘဲ
ပြုံးမျက်ချိုချို ကုရ်ဘာန်ဈေးဝယ်
မေတ္တာရှင်ရဲ့ လက်ဝယ်ရောက်အောင်
စိတ်ထဲစေ့စေ့ ဆုမွန်တောင်းလျက်
မေတ္တာစမ်းပွဲ ကုရ်ဘာနီငွေ့၌
ငါလဲထုံသင်းစေချင်သား။

------------------------------------------------
[ရိုဟင်လေး]
28-8-2018| 12:29 AM (Mon)
------------------------------------------------


Monday, November 19, 2018

အာရကာန် အမျိုးသားကျောင်းအုပ်ကြီး ဦးဇိုင်နဒ္ဒိန် [၁၈၉၀-၁၉၄၆]


အာရကာန်အမျိုးသားကျောင်းအုပ်ကြီး ဦးဇိုင်နဒ္ဒိန် [၁၈၉၀-၁၉၄၆]

[Thakin Zainuddin: Principle Of National School, Akyab]
🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰

နယ်ချဲ့ဆန့်ကျင်တော်လှန်ရေးတွင် မြန်မာနိုင်ငံအနှံ့အပြားမှ သူ့ကျွန် မခံလိုသော မျိုးချစ်ပြည်ချစ် ခေါင်းဆောင်များက ထထကြွကြွ ဦးဆောင် လှုပ်ရှားခဲ့ရာတွင် အာရ်ကာန်ပြည်မှ  ရိုဟင်ဂျာအမျိုးသား ခါင်းဆောင် ဆရာကြီး ဇိုင်နိုဒ္ဒိန်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ဆရာကြီးသည် နယ်ချဲ့ဆန်ကျင်ရေးကို  ညီနောင် ရခိုင်အမျိုးသားတို့နှင့် လက်တွဲကာ တစ်စိတ်တစ်ဝမ်းတည်း ဆောင်ရွက်ခဲ့သည်။ တိုင်းပြည်နှင့် လူမျိုးတိုးတက်ရေး အတွက် ကဏ္ဍ အဖက်ဖက်မှ  ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။ ဆရာကြီးကို ရိုဟင်ဂျာ အမျိုးသားခေါင်းဆောင် သာမက အာကာန်ပြည်၏ ခေါင်းဆောင်ဟုပင် အသိအမှတ်ပြုသင့်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဆရာကြီး၏ ကြိုးပမ်း အားထုတ်မှု မှန်သမျှသည် ရိုဟင်ဂျာ အမျိုးသားထုအတွက် သတ်သတ် မဟုတ်ဘဲ ရခိုင်ပြည်သာမက မြန်မာပြည် တစ်ခုလုံးကျွန်ဘဝမှ လွတ်မြောက်ရေး ဖြစ်သည်။ 

ဗမာပြည် နယ်ချဲ့လက်အောက်မှ လွှတ်မြောက်လာရေးအတွက် တော်လှန်ရေး စိတ်ဓာတ်နှင့် အမျိုးသားရေး စိတ်ဓာတ်များ သွတ်သွင်းခဲ့သော မျိုးချစ်ဆရာကြီးအဖြစ် ရခိုင်သမိုင်းတွင်သာမက မြန်မာသမိုင်းတွင်လည်း  ၁၉၃၀ ခု  တို့ဗမာအစည်းအရုံးနှင့် ပေါင်းကာ နယ်ချဲ့လက်ပါးစေများကို တိုက်ထုတ်ခဲ့သူ တစ်ဦးအဖြစ် ထင်ရှားခဲ့သူ ဖြစ်ပါသည်။

ကျွန်စနစ်မှ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့ရာတွင် မိမိ၏ အသက်၊ သွေးချွေး၊ ဥစ္စာတို့ကို စတေးခံ ခဲ့ကြသည်။ ၁၉၂၀ ခု ကိုလိုနီနယ်ချဲ့တို့၏  ကျွန်ပညာရေးကို ဆန့်ကျင်သပိတ်မှောက်ခဲ့သော ပထမကျောင်းသားသပိတ် နောက်ပိုင်း  မြန်မာတစ်ပြည်လုံး၌ ကိုယ့်ကျောင်းကိုယ်သင် အမျိုးသားကျောင်းများ တည်ထောင်ကြရာ ဆရာကြီးသည် မိမိကိုယ်တိုင် ဦးဆောင်၍ စစ်တွေမြို့၌ ပထမဆုံးအမျိုးသားကျောင်းကို တည်ထောင်ခဲ့သည်။ ထို့နောက် အခြား ပညာတတ် ရခိုင်ညီနောင်များနှင့် လက်တွဲ၍  အမျိုးသားကျောင်းများ  တည်ထောင်ရန် ရခိုင်ပြည် မြောက်ပိုင်း၊ တောင်ပိုင်း နေရာအနှံ့ ခရီးထွက်ခဲ့သည်။ မောင်းတောမှ Deputy Foyas,  ဘော်လီဘာဇား (ခ) ကြိမ်ချောင်း)မှ အာမီရ်အာလီမျာ၊ စသည် သက်ဆိုင်ရာ ဒေသရှိ  ပညာရေး တက်ကြွသူတို့နှင့် ပူးပေါင်း၍ မေယုဒေသ၌လည်း ကျွန်ပညာရေးကို ဆန့်ကျင်သော အမျိုးသားကျောင်းများ ဖြစ်လာရန် ကြိုးပမ်းခဲ့သည်။ ထို့ကြောင့် ပထမကျောင်းသား သပိတ်နောက်ပိုင်း သံတွဲ၊ ကျောက်ဖြူ၊ မောင်းတော၊ ဘူးသီးတောင်၊ ဘော်လီဘာဇား စသည် ထင်ရှားသော ဒေသများတွင် အမျိုးသားကျောင်းများ တည်ထောင်နိုင်ခဲ့သည်။ 
၂၀၁၆ ခု ရိုဟင်ဂျာ ပြက္ခဒိန်

အာရ်ကာန်ပြည်တွင် အမျိုးသားကျောင်းကို ဆရာကြီးဦးဇော်နော်ဒိန်က ဦးဆောင်၍  ပထမဆုံး ဖွင့်လှစ်ခဲ့ သည်။  ဆရာကြီး ဦးဇိုင်နဒ္ဒိန်းသည် အမျိုးသားကျောင်း၏ ပထမဆုံးကျောင်းအုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး အမျိုးသား ပညာဝန် ဟုလည်း ခေါ်ခဲ့သည်။ ဒုတိယကျောင်းအုပ်မှာ ဦးမောင်မြဦးဖြစ်သည်။ ကိုလိုနီခေတ် ကျွန်ရေစီး၌ နစ်မျော၍ သခင် ဖြစ်မှန်းတောင် မေ့လျော့ကာ ပျော်ပါးနေသည့် လူငယ်များကို “တို့ပြည်၊ တို့မြေ၊ တို့ချစ်ကြမယ်” ဟူသော အမျိုးသား စိတ်ဓာတ်၊ သခင်စိတ်တို့ကို သွတ်သွင်း နိုးဆော်ပေးခဲ့သည်။

 ၁၉၆၈ ခုနှစ်ထုတ်  ‘’ရခိုင်ညွတ်ဖူး ‘’စာအုပ်တွင် စာအုပ်ပါအတိုင်း ပြောရလျှင်  ‘’ရခိုင်တိုင်းဖွါး မွတ်ဆလင် ဘာသာဝင် မစ္စတာ ဇော်နော်ဒိန် ‘’သည် ရိုဟင်ဂျာ  တစ်ဦးဖြစ်တယ်။ (တိုင်းရင်းသား လူမျိုးစု ဘဝသစ်ပါတီ၊ ကင်းလွတ်ခွင့်  အမှတ် (န/သ-၀၈၅) အရ ၁၉၈၉ ခု ဇန္နဝါရီလ၊ ပထမအကြိမ် ထုတ်စာအုပ် ( စာမျက်နှာ – ၅၀ )  တွင် ဖေါ်ပြထားသည်။
ရခိုင် မဂ္ဂဇင်း အမှတ်(၈) တွင် ဖေါ်ပြထားပြီ ‘မပျောက်ဖျက်နိုင် မစ္စတာ ဇော်နဒင်’ ဟု ရေးသားထားသည်။

ဆရာကြီးဦးဇိုင်နဒ္ဒင်သည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ နယ်၊ ခေါင်းတုတ်ရွာ တွင် မွေးဖွားခဲ့သည်။ ဆရာကြီး၏ ဖခင်သည် ဗြိတိသျှခေတ်က ကျွန်းအုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး အဘိုးမှာ ရခိုင်ဘုရင်က ရွှေဓါးကာဇီ ဘွဲ့ ကို ချီးမြှင့် ခံရသူဖြစ်သည်။ မျိုးကောင်း မျိုးမြတ်မှ ဆင်းသက်လာပြီး မျိုးချစ်စိတ် ထက်သန်သူ ဖြစ်သည်။ ၁၀ တန်းအထိ ကို ရန်ကုန်၌သင်ခဲ့သည်။  ဘီအေဘွဲ့ ကို ကလကာတ္တား တက္ကသိုလ်မှ ရယူခဲ့သည်။



ဆရာကြီး၏ လက်ရာကောင်း တစ်ခုမှာ အဖိုးမဖြတ်နိုင်သော သမိုင်းဒိုင်ယာရီဖြစ်သည်။ ၁၉၄၂ အဓိကရုဏ်းကို ကိုယ်တိုင် မြင်တွေ့သူဖြစ်သည်အားလျော်စွာ အသေးစိတ် မှတ်တမ်းတင်ထားပါသည်။ 
ဆရာကြီးသည် ၁၉၄၆ ခုနှစ်ခန့် အသက် (၅၅) နှစ် အရွယ်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ သက်ကေပြင် နေအိမ်၌ ကွယ်လွန်ခဲ့လေသည်။ နာဇီရွာသင်္ချိုင်းတွင် ဒဖနာ သင်္ဂြိုဟ်'သည်။ ဆရာကြီး၏ သက်တော် တစ်လျှောက် တိုင်းပြည်အကျိုး၊ လူမျိုးအကျိုးကို မနားမနေ သယ်ပိုးခဲ့သည်။ ကိုလိုနီ စနစ်ဆိုးကို ရှေ့တန်းမှ ဆန့်ကျင်တော်လှန်ခဲ့သည့် ပုဂ္ဂိုလ်မြတ်ဖြစ်သည်။ 

စစ်တွေအမျိုးသားကျောင်း အကြောင်းတစိတ်တစောင်း


ဆရာကြီး၏ အကြောင်းကို ဖော်ပြမည်ဆိုလျှင် ဆရာကြီးအလွန် ချစ်ခင်သော အမျိုးသားကျောင်း အကြောင်းကိုကား ပူးတွဲတင်ပြပေးမှ ပြည့်စုံမည်ဖြစ်သည်။ 

၁၉၄၂ ခုနှစ်ခန့်က စစ်တွေအမျိုးသားကျောင်း၌ မတ်တပ်ရပ်၍ မစ္စတာဇော်နော်ဒိန်က မိန့်ခွန်း ပြောနေစဉ်္ဒီ
၁၉၄၂ ခုနှစ်ခန့်က စစ်တွေအမျိုးသားကျောင်း၌ မစ္စတာနေရူး မတ်တပ်ရပ်၍မိန့်ခွန်းပြောနေစဉ်

စစ်တွေအမျိုးသားကျောင်း အဆောက်အအုံ


ယခုတောင်တန်းသာသနာပြု ကျောင်းတည်နေရာကို စစ်တွေမြို့ခံ အိစ္စလာမ် ဘာသာဝင် တစ်ဦးက လှူဒါန်းခဲ့သည်။ ယင်းတွင် ယာယီဝါးကျောင်းကို ဆောက်လုပ်ကြသည်။ ကျောင်း အဆောက်အအုံ ပုံစံမှာ (L) ပုံသဏ္ဌာန်ရှိသည်။ ကျောင်း၏မျက်နှာစာသည် စက်ရုံလမ်းအတိုင်း တောင်မြောက်တန်းနေပြီး အရှေ့ဘက်သို့ မျက်နှာမူထားသည်။ အနောက်မျက်နှာစာမှာ ဦးဥတ္တမလမ်းအတိုင်း အရှေ့-အနောက်တန်းနေပြီး မြောက်ဘက်သို့ မျက်နှာမူထားသည်။ ဝါးကျောင်းဆောက်လုပ်ပြီး တစ်နှစ်ခွဲခန့်ကြာမှ အောက် အုတ်ခံ၊ အထက် ပျဉ်စီပျဉ်ထောင်နှင့် နှစ်ထပ်ကျောင်းကို ဆောက်လုပ်သည်။ ကျောင်းအဆောက်အအုံ လမ်းတစ်ဖက် (ဦးဥတ္တမလမ်းတစ်ဖက်) မှာ ကျောင်းအိပ်ကျောင်းစားများ၏ အဆောက်အအုံ ရှိသည်။ ပျဉ်ထောင် အဆောက်အအုံဖြစ်ပြီး ကျောင်းအိပ်ကျောင်းစား (၂၀)ခန့်ရှိ သည်။ 

[ယခုလက်ရှိ အထက (၂) အဖြစ်ရပ်တည်နေတဲ့ ဘောက်သီးစု ရပ်ကွက် က ကျောင်းဖြစ်ပါတယ်။
ယခင် စတည်တုန်းက အမျိုးသားကျောင်း (အင်္ဂလိပ်တွေက နော်မန်(Norman) ကျောင်းလို့ ခေါ်ခဲ့တယ်) လို့ခေါ်ပြီး အဲဒီတုန်းက အင်္ဂလိပ်အစိုးရက ဖွင့်ထားတဲ့ Convent ကျောင်း နဲ့ ခေတ်ပြိုင် ဖွင့်ခဲ့တာလို့ သိရပါတယ်။ (အဆိုတနည်း) ]
ကျောင်းသားများနှင့်အတူ တွေ့ရသော အာရ်ကာန် အမျိုးသားကျောင်းအုပ် ဆရာကြီး ဦးဇိုင်နဒ္ဒိန် (အလယ်) 

ကျောင်းဆရာများနှင့် ကျောင်းသားဦးရေ


စစ်တွေအမျိုးသားကျောင်းကို ၁၉၂၁ ခု ဇွန်လမှ စတင်ဖွင့်လှစ်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ် ဖြစ်လာသည့် ကာလအထိ ကျောင်းသက်တမ်းမှာ (၂၀) ခန့် ရှိခဲ့သည်။ သူငယ်တန်းမှ (၁၀) တန်းအထိ သင်ပြခဲ့သည်။ ကျောင်းဖွင့်ခါစတွင် ကျောင်းသားဦးရေ ၇၀၀ ခန့်ရှိသည်။ ဒုတိယကမ္ဘာစစ် ဖြစ်ခါနီးတွင် ပြည်တွင်း အခြေအနေ ရှုတ်ထွေးမှုကြောင့် ကျောင်းသားများ လျော့နည်းလာရာ (၄၀၀) ခန့်သာ ရှိတော့သည်။ စစ်တွေမြို့ခံ ကျောင်းသားများနှင့် နယ်မှ လာရောက် သင်ကြားသည့် ကျောင်းသားများရှိသည်။ 
နယ်ကျောင်းသားများသည်  ကျောင်းအိပ်ကျောင်းစားသည့်အပြင် အသိ ဆွေမျိုးများ အိမ်တွင် တည်း၍လည်း သင်ကြားကြသည်။ (၇) တန်းနှင့် (၁၀) တန်း စာမေးပွဲကို ဗဟိုအမျိုးသားပညာရေးအဖွဲ့ချုပ်မှ မတ်လတွင် ကြီးကြပ် စစ်ဆေးပြီး ကျန်အတန်းများကို ကျောင်းစစ်စာမေးပွဲအဖြစ် စစ်ဆေးကြသည်။ ကျောင်းဝင်ကြေး၊ လစဉ်ကြေးများကို လူကုံ သားသမီးထံမှ ကောက်ခံပြီး ဆင်းရဲ နွမ်းပါးသော ကျောင်းသားများအား အခမဲ့ သင်ပေးခဲ့သည်။ 

အမျိုးသားကျောင်း၏ ကျောင်းအုပ်ဖြစ်ခဲ့သူများမှာ ဆရာကြီးဇိုက်နုဒ္ဒိန်း၊ ဦးမောင်မြဦး၊ ဦးစိန်ထွန်းအောင်၊ ဦးထွန်းအောင် တို့ဖြစ်သည်။

သင်သည့်ဆရာပေါင်း (၂၄-၂၅)ယောက်ခန့် ရှိသည်။ ဆရာယာဆိန်း စသော အိစ္စလာမ်ဘာသာဝင် ဆရာများလည်းရှိခဲ့သည်။ ဆရာ ဦးယာဆင်း (ရမ်းဗြဲ)မှာ ကျောင်းအိပ်ကျောင်းစား ကျောင်းသားများကို တာဝန်ယူအုပ်ချုပ်ရသော ဘိုဒိန်အုပ် ဖြစ်ခဲ့သည်။ 

ဆရာများ၏ လစာကို အထိအကျ သတ်မှတ်ထားခြင်းမရှိ၊ ကောက်ခံရရှိသော ရန်ပုံငွေကို အညီအမျှ ခွဲဝေယူကြသည်။ နောက်ပိုင်းတွင် အစိုးရ၏ ထောက်ပံ့မှု ရရှိ၍ ဆရာတစ်ဦးလျှင် (၂၀၀)ရသည်ဟု ဆိုရသော်လည်း သတ်မှတ်နှုန်း အတိုင်း အပြည့်အဝရရှိသည် မရှိပါ။ အစိုးရထံမှ အထောက်အပံ့ မယူမီ ကာလ တွင် ငွေ (၃၀) ထိရရှိသည်ဟု ဆိုသည်။ ကျောင်းအုပ်၏ လစာမှာ (၃၀၀) ရှိခဲ့သည်။ 

ဤသို့သော် အိစ္စလာမ်ဘာသာဝင် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့၏ သမိုင်းဝင် မှတ်တမ်းများ ပျောက်ကွယ်နေရခြင်းမှာ အယူသီးသော ကလောင်ရှင်တို့၏ သမိုင်းလိမ့်လည်မှုကြောင့်သာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ အိစ္စလာမ်ဘာသာ ရိုဟင်ဂျာတို့၏ တိုင်းပြည်အကျိုး၊ လူမျိုးအကျိုး သယ်ပိုးခဲ့သည့် သမိုင်းကို တိမ်းရှောင်ခဲ့လျှင် ရာနှုန်းပြည့် မြန်မာ့သမိုင်းကို အနာဂတ်မျိုးဆက်တို့ ဆုံးရှူံးလိမ့်မည်ဟုဆိုလျှင် မှားမည်ဟု မထင်ပါ။ 

(လူထုဝဏ္ဏ စုစည်းတင်ပြသည်။)
------------------------------------------------—-----------------------------------------------

ကိုးကား+ 

၁) မြထွန်းအောင် ရေးသားသည့် ‘ကိုလိုနီဘဝ ရွှေပြည်ရခိုင်၊ စာမျက်နှာ (၄၃-၄၄)
၂) ၁၉၆၈ ခုနှစ်ထုတ်  ‘’ရခိုင်ညွတ်ဖူး ‘’စာအုပ် စာမျက်နှာ (-၅၀)
၃) ဓညဝတီသတင်းဌာန
၎) ရခိုင်မဂ္ဂဇင်း၊ အမှတ် (၈)
၅) သက်ကြီးစကား
၆) ၂၀၁၆ ခုနှစ် ရိုဟင်ဂျာ ပြက္ခဒိန် ၊ ဦးသာခင်။