ဒွါရာဝတီ စိတ်ကူးပန်းချီ |
မယုမြိုင်က မင်းကြငှန်း|
နေရာဒေသ၊ လူမျိုးတစ်စု၏ ရာဇဝင်သမိုင်းကို လေ့လာ ဖော်ထုတ်မည်ဆိုလျှင် ထိုဒေသ၏ ရာဇဝင်မှတ်တမ်း တစ်ခုတည်းနှင့် လုံလောက်မည် မဟုတ်ချေ။ ထိုဒေသ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ ရိုးရာပုံပြင်၊ ရိုးရာ အဆိုအက၊ အတီးအမှုတ်၊ ယုံတမ်းစကား၊ ဘာသာစကား စသည်တို့ကိုပါ ဂဃနဏ လေ့လာ သုံးသပ်မှ သာလျှင် တင်းပြည့်ကျပ်ပြည့်သော သမိုင်းမှန်ကို ဖော်ထုတ်နိုင်မည်ဖြစ်သည်။ သို့တည်းမဟုတ်လျှင် သမိုင်း ဟကွက်များက ကျန်ရှိနေကာ မြင်းကျားရေပမာ ဖြူမည်း ပြောင်ပြောင် ရှိနေလိမ့်မည်။
ဓညဝတီ၊ ဝေသာလီ၊ လောင်းကြက်၊ ဒွိရာဝတီ ကဲ့သို့သော သမိုင်းဝင် ဒေသတစ်ခုဖြစ်သော အာရ်ကာန်ပြည်၏ မြောက်ဘက်၌တည်ရှိသည့် ကုလားတန်မြစ် အနောက်ဘက်၊ နတ်မြစ် အရှေ့ဘက် ကြားရှိ မေယုမြစ်ဝှမ်းသည်လည်း သမိုင်းပဟေဠိ သဖွယ် ဆန်းကြယ်နေသည်။ မေယု အမည်သည် ရိုဟင်ဂျာ စကား မယူရ် (ဥဒေါင်း) မှ လေသံအနည်းငယ် ပြောင်းလာခြင်းဖြစ်သည်။ ကာယာပူရီခေတ်က မယူရီ ဟု ခေါ်တွင်သည့် ဘုရင်မ တစ်ပါးရှိခဲ့သည်။ ထိုဘုရင်မကို ဂုဏ်ပြုသောအားဖြင့် ဤဒေသကို ရှေးခေတ် ရိုဟင်ဂျာတို့က မယူရီဒေခ်ျ ဟု ခေါ်ဝေါ်ခဲ့သည်။ တစ်နည်းက ဤဒေသရှိ အဓိက တောင်တန်း၌ ဒေါင်း အများအပြား ကျက်စားကြသဖြင့် ထိုတောင်တန်းကို မယုတောင်တန်း ဟုခေါ်ကြသည်။ တောင်တန်းကို အစွဲပြု၍ မယုဒေသ၊ မယုမြစ် စသည်ဖြင့် ခေါ်ကြခြင်းဖြစ်သည်။
ရာဇဝင်အကိုးအကား၊ ရိုဟင်ဂျာ ဇာတ်တော်များ၏ ကိုးကားချက်နှင့် ရိုဟင်ဂျာ ဘိုးဘေဘီဘင် လက်ဆင့်ကမ်း ဆောင်ထားသော ပါးစပ်ရာဇဝင်များ အရ ထီးစည်နေလ ထွန်းတောက်ခဲ့သည့် ပြည်ငယ် တစ်ခုလည်းဖြစ်ခဲ့သည် ဟု ရိုဟင်ဂျာတို့ ယုံကြည်ထားသည်။ သို့သော် ထိုသို့ ရှိခဲ့ပါလျှင် အုပ်ချုပ်ရေး၊ ဆက်ဆံရေး၊ မင်းနွယ်မင်းဆက်က စသည့် အခန်းကဏ္ဍများသည် ပဟေဠိသဖွယ် အာရ်ကန် ကောင်းကင်ပေါ် ပျံဝဲနေလျက်ရှိသည်။ အချို့ပညာရှင်များက ထိုစောဒကတွေကို အဖြေရှာရန် ကြိုးပမ်းခဲ့သော်လည်း ဘာသာကွဲ၊ လူမျိုးပြားတို့၏ အမုန်းပြည့် အတားအဆီးကို မထိုးဖောက်နိုင်ခဲ့သဖြင့် လက်မြောက် အရှုံးပေးခဲ့ရသည်။ ထိုထဲတွင် မြန်မာပြည်ကျော် သမိုင်းပညာရှင်၊ သမိုင်း သုတေသီ ဒေါက်တာသန်းထွန်းလည်း တစ်ဦး အပါအဝင်ဖြစ်သည်။
မြန်မာ့သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်းက-
“ယနေ့အာရ်ကန်မြောက်ပိုင်းတွင် ရှိနေသော မွတ်စလင်တို့ မှာ ရှေးခေတ် မေယုဒေသတွင် နေထိုင်ခဲ့သော လူတို့မှ ဆင်းသက်လာသူများ ဖြစ်နိုင်သည်။ သူတို့ အဲ့ဒေသမှာ နှစ်ပေါင်း တစ်ထောင်ကျော်လောက်က နေထိုင်ခဲ့တယ်လို့ အခိုင်အမာ ဆိုကြတယ်။ နှစ်ပေါင်း တစ်ထောင်မဟုတ်ရင်တောင် နှစ်ပေါင်း (၈၀၀) ခန့်တော့ဖြစ်နိုင်တယ်။”
‘မူဆလင်ဘွဲ့အမည်ခံ ဘုရင်တို့သည် မေယုဒေသတွင် ရှေးခေတ်က အုပ်ချုပ်ခဲ့သော ဘုရင်များ ဖြစ်ကောင်းဖြစ်နိုင်တယ်။’
စသည်ဖြင့် ၂၈၊ ၈၊ ၁၉၉၄ ခု ထုတ် ကလျာမဂ္ဂဇင်း၊ စာ-၂၇ တွင် ဖော်ပြထားသည်။
သမိုင်းပညာရှင် ဗိုလ်မှူးဘရှင်က အနော်ရထာအရင်က မြန်မာနိုင်ငံ သမိုင်းစာအုပ်၊ စာမျက်နှာ (၁၄၅-၁၄၆)တွင် -
“ပုဂံခေတ်မတိုင်မီ ရခိုင်ပြည် မြောက်ပိုင်းတွင် ပဋ္ဋိက္ကရား ခေါ် ပတ္တိကေရ ဆိုတဲ့ ပြည်ငယ်တစ်ခု ရှိခဲ့ကြောင်း ” ဖော်ပြထားသည်။
“ အေဒီ ၆၀၀ တွင် မဟာ ဝိရမင်းက သူ့နန်းတော်ကို နတ်မြစ်၏ အရှေ့ဘက်ကမ်း၊ ပြူးမမြစ်ဝှမ်း (မောင်တော မြောက်ပိုင်းတွင် တည်ရှိ)၌ စိုက်ထူခဲ့သည်။ ”
ဟု ပမေလာ၊ ၁၉၇၆ ခု ၊ ရှေးအာရ်ကာန်ပြည်၊ စာမျက်နှာ-၄၄-၄၅ တွင် ထည့်သွင်းဖော်ပြထားသည်။ (Pamela, 1976, pp 44_45)
ကျောက်စာအမှတ် ၉၆၃/၂၀-၂၃-၈၀၄ ပါ သက္ကရာဇ် ၁၄၄၂ ခု ကျောက်စာ တစ်ချက်တွင်-
“၁၄ ရာစုတွင် အာရ်ကာန်ပြည်၌ မွတ်စလင်မင်းများက အုပ်ချုပ်ခဲ့သည်။ အဆိုပါဘုရင်များသည် ဗမာမင်းများနှင့် ရင်နှီးကြသည်။ ချစ်ကြည်ရေး အလည်အပတ်လည်း သွားရောက်ကြသည်” ဟု ပါရှိသည်။
“ ဒေးဝန်ကြီးရတု မှာလည်း နောက်ဆုံးအပိုဒ်တွင် အိစ္စလာမ်ဘာသာ လွှမ်းမိုးသော ပီကျွန်းမြို့ အကြောင်း” ကို ချီးမွမ်းမှတ်တမ်းတင်ထားသည်။
ဤသို့ကစသော သမိုင်းအတိုအထွာတို့ကို ပညာရှင် အချို့က အစငင်ခဲ့သော်လည်း အတိုင်းအတာ တစ်ခု အထိ ပြည့်စုံခြင်းသို့မရောက်နိုင်ခဲ့ပေ။
ရှေးခေတ် ရိုဟင်ဂျာ စာပေလောကကို လွမ်းမိုးထားသော အရာတစ်ခုက “ဖူတီး”ဟု ခေါ်သော ပျို့ကဗျာရှည်ပင် ဖြစ်သည်။ ထိုကဗျာရှည်များရှိ ရာဇဝင် အကိုးအကားများအရ ရိုဟင်ဂျာအားနီးပါးက တစ်စိတ်တစ်ဝမ်းတည်း လက်ခံယုံကြည်ထားသည်က “အာရ်ကာန်ပြည် မြောက်ပိုင်း နေရာအချို့တွင် နန်းစိုက် စိုးစံခဲ့သော ဘုရင်များရှိခဲ့သည်။” ထိုဘုရင်မင်းမြတ်များအနက် အချို့မှာ အာလီယား ဘားဂ်မင်းသည် ဘာဂ်ဂူးနား၊ ဘူးသီးတောင် တွင်လည်းကောင်း၊ ဟားနီဗားမင်းနှင့် ကာယာပူရီ ဘုရင်မသည် မောင်းတမ္မ၊ မောင်းတောတွင်လည်းကောင်း၊ အာမီရ်ဟားမ်ဇားမင်းသည် ဂေါလောင်ဂီ (ဖြူးမချိုင့်ဝှမ်း) တွင် လည်းကောင်း အသီးသီး နန်းစိုက် အုပ်ချုပ်ခဲ့သည့် အသေးစိတ် ရာဇဝင်မှတ်တမ်းများကို သရုပ်ဖော်ထားသည်။ ပြူးမမြစ်ဝှမ်းတွင် တစ်ချိန်က လူ့အဆင့်အတန်း မြင့်မားစွာနေထိုင်သော ကန်ချောင်းစည်မြောင်တို့ သပ်သပ်ရပ်ရပ် စီမံထားသော ကုန်းမြင့်မြေပြင်သည် ယနေ့တိုင် တွေ့ရသည်။ နန်းကုန်းထီးကုန်း ဖြစ်နိုင်ဖွယ်ရှိသည်။
ဟားနီဗာမင်းသည် ကာယာပူရီ ဘုရင်မ အုပ်ချုပ်သော မျိုးနွယ်စုကို သုံးကြိမ်သုံးခါ စစ်တိုက်အောင်နိုင်ခဲ့ပြီး ဘုရင်မကို ကွပ်မျက်ခြင်းမပြုဘဲ ကာယာပူရီဘုရင်မကို လက်ထပ်ကာ မိဖုရားအဖြစ် တင်မြောက်ခဲ့သည်။ သူတို့ အချစ်ဇာတ်လမ်းသည် ယနေ့အထိ တင်စားပြောဆိုရအောင် ထင်ရှားသည်။ သူတို့၏နန်းတော်သည် မောင်းတမ္မတောင်၌ တည်ရှိခဲ့သည်ဟု ဖော်ပြထားသည်။ ထိုခေတ်က အဆိုပါပြည်ကို “ကုဝိုက်ရှော့ရ်ပြည်” ဟု မည့်ခေါ်ခဲ့သည်။ ယနေ့တိုင် ထိုတောင်ထွတ်နှစ်ခုကို ဟားနီဗား တောင်ကီ နှင့် ကာယာပူရီတောင်ကီ ဟု ခေါ်နေဆဲပင်ဖြစ်သည်။ တောင်ကီ မှာ တောင်ထွတ်ဟု အဓိပ္ပာယ်ရသည်။
ယင်းရွာ အမည်မှာလည်း မောင်းတမ္မ (ယနေ့ဗမာ ဆန်ဆန်အခေါ်- မောင်နှမ) ဟု ခေါ်ရခြင်းမှာ သူတို့၏ ဂူသချိုင်းကို အစွဲပြု၍ ခေါ်ကြသည်ဟု ဆိုကြသည်။ Mont Tomb (သူတော်စင်၏ ဂူသင်္ချိုင်းရှိသော တောင်)မှ Mondoma ဖြစ်လာခြင်းဟု သုတေသီတို့က ဆိုကြသည်။ ကာယာပူရီဘုရင်မသည် ရက်စက်ကြမ်းကြုတ် သည့် ဘုရင်မအဖြစ် ထင်ရှားခဲ့သည်။ ဘုရင်ကြီး ဟားနီဗားကို စစ်ရှုံးပြီးနောက် အိစ္စလာမ်တရားတော့် အေးရိပ်ဆာယာအောက်တွင် ခိုဝင်လာကာ ဟားနီဗားကို လက်ထပ်ခဲ့သည်။ ထို့နောက် ကုဝိုက်ရှော့ [Kuwaiccoór]သည် အလွန်အေးချမ်းသာယာသော ပြည်ငယ်တစ်ခု ဖြစ်လာခဲ့ကြောင်း တွေ့ရသည်။ ထိုတောင်ပေါ်တွင်လည်း ယနေ့တိုင် ကျုံ၊ မြို့ရိုးပျက်၊ ကန်ကြီး၊ မြောင်း စသည်တို့ကို သူ့ခေတ်သူ့ဟန်နှင့် ယနေ့တိုင်တွေ့ရသည်။ ထိုအကွက်ကျကျ စီမံထားသော နေရာကို အခွင့်ကောင်းယူကာ လွတ်လပ်ရေး မတိုင်မီ လက်နက်ကိုင်အဖွဲ့များသည် ထိုနေရာကို ခံတပ်စခန်းအဖြစ် ပြုလုပ်ခဲ့သည်။ ၁၉၅၀ ခု ကျော်လောက်တွင် အစိုးရက လက်နက်ကိုင်တို့ကို တိုက်ခိုက်ရာ ထိုအကြွင်းကျန်အမွေအနှစ်သည် ပို၍ ပျက်စီးခဲ့ရလေသည်။ တဖန် နဝတအစိုးရခေတ်တွင် ဗိုလ်ခင်ညွှန်းက ထိုတောင်ထွက်နှစ်ခုတွင် စေတီနှင့် ဆင်းတုတော် တို့ကို တည်ပေးခဲ့သည်။
ထိုကဲ့သို့မင်းများအနက် အခြားထင်ရှားသော မင်းတစ်ပါးမှာ အာမီရ်ဟာမ်ဇာမင်းဖြစ်သည်။ ရဲစွမ်း သတ္တိပြည့်စုံ၍ လက်ရုံးရည်၊ နှလုံးရည်နှင့် ကုံလုံသူဖြစ်သည်။“ ဂေါလောင်ဂီပြည်”၌ နန်းစိုက် စိုးစံခဲ့သည်။ အာမီရ်ဟာမ်ဇာမင်း[King Amir Hamza]သည် အာရ်ကာန်ပြည်မကို ထိုးဖောက်ဝင်ရောက်ကာ ဝေသာလီမင်း ( ရိုဟင်ဂျာ အခေါ် ဗေဆာလီ)နှင့် အကြိမ်ကြိမ် စစ်ဖြစ်ခဲ့သည်ဟု ဖူတီးတွင် ဖော်ပြထားသည်။ ရဲမက်တော် ဂေါန္ဓာ ၅၀ ကျော်နှင့် စစ်ချီခဲ့ကြောင်း စသည့်တို့ကို ထင်ထင်ရှားရှား တွေ့ရသည်။ (၁ ဂေါန္ဓာ = ၄ ယောက် ) သို့သော် ဝေသာလီပြည်ကို အောင်နိုင်ခဲ့ကြောင်း ခိုင်လုံသော အထောက်အထား မရှိပါ။ ဖြူးမမြစ်ဝှမ်းကို ယနေ့အထိ ရိုဟင်ဂျာတို့က ဂေါလောင်ဂီ ဟု ခေါ်ကြသည်။
ဤသည်တို့မှာ ရှေးပဝေသဏီက အလွန်နက်ရှိုင်းသော တစ်စုံတစ်ရာသော သမိုင်းဘက်သို့ ဖိတ်ခေါ်နေခြင်းဖြစ်သည်။
ဤသို့သော် သမိုင်းအမွေအနှစ်များသည် မေယုဒေသရှိ ဌာနေ ရိုဟင်ဂျာလူမျိုးတို့၏ လက်ထဲ၌ ပဟေဠိဆန်ဆန် ရှိနေသည်။ သူတို့ ယဉ်ကျေးမှု၊ မတူကွဲပြားသော ဓလေ့ထုံးစံ အစဉ်အလာတို့သည် ရှေးရာဇဝင်၏ နိမိတ်ပေါင်းများစွာကို ပြယုဂ်သဖွယ် ဖော်ပြနေသည်။ သို့သော် မည်သည့် ပြည်တွင်း ပညာရှင် တစ်ဦးတစ်ယောက်ကမှ ထိုအမွေအနှစ်ကို ထုတ်ဖော်ရန် ကြိုးပမ်းခြင်း မရှိသေးပေ။ အကယ်၍ အစအန တစ်စုံတစ်ရာကို တွေ့ရှိသော်လည်း ဖုံးကွယ်ဖို့သာ ကြိုးစားနေခြင်းကို တွေ့ရပေသည်။ ရခိုင်ရာဇဝင်ကို လေ့လာလျှင်လည်း ဤဒေသ၏ ရှေးဖြစ်ကို တိတိကျကျ တွေ့ရမည်မဟုတ်ပါ။ တွေ့ရလျှင်လည်း ယုတ္တိမရှိသော လုပ်ကြံ သမိုင်းသာ သက်သက် ဖြစ်နေမည်။ အကြောင်းက ဤဒေသ၏ ရှေးသမိုင်းက ရခိုင်မဟုတ်သော ဘာသာကွဲလူမျိုးကွဲ ၏ လွှမ်းမိုးမှုရှိနေခြင်းကို သူတို့ ရင်ဆိုင်နိုင်စွမ်းမရှိချေ။ အဆိုပါ သမိုင်းကို ဖုံးကွယ်ပပျောက်ရန်အတွက် ကြိုးစားရင်း အာရ်ကာန်ရာဇဝင်ကိုပါ ဟထာထာ လုပ်လိုက်လေသည်။
တိုးတက်ပြီး နိုင်ငံများတွင် ရှေးဟောင်းမြို့တော်များ ရှာဖွေ တူးဖော်ခြင်း၊ ရှေးလူသား၊ ရှေးသတ္တဝါ များကို တူးဖော် သုတေသနပြုခြင်းဖြင့် လစ်ဟင်းနေသည့် သူတို့သမိုင်းကို ဖြည့်စွက်လျက်ရှိနေသည်။ သူတို့သည် ရှေးလူ၊ ယဉ်ကျေးမှု ထွန်းကားသော လူမျိုးဟု ကမ္ဘာတွင် ရင်ကော့ ဂုဏ်ယူနေကြသည်။ တို့ပြည်ကား ရှေးသမိုင်းမှန်ကို ဖုံးကွယ်ပြီး သမိုင်းသစ်တွင်ရန် အားထုတ်နေဆဲပင်။ အချို့ ရိုဟင်ဂျာသမိုင်းမှန်ကို လက်မခံ မရောင့်ရဲနိုင်သော “မင်းတို့ ရှေးကျ လူနေထိုင်ခဲ့သော သမိုင်းဝင်နေရာတွေကို ပြပေး၊ ငါတို့ တူးကြည့်ရအောင်” ဆိုပြီး စိန်ခေါ်လာသည်ကို ယနေ့ အင်တာနက် စာမျက်နှာတွင် ဖတ်ဖူးရသည်။ တကယ်သဘောရိုးဖြင့် ရိုဟင်ဂျာ ရှေးသမိုင်းကို တူးဆွ ဖော်ထုတ်ပေးမည် ဆိုပါက အမြင့်မြတ်ဆုံးသော စေတနာဒါန တစ်ခု ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ဤစာတမ်းကို တစ်ထောင့် တစ်နေရာက အထောက်အကူ ဖြစ်စေရန် ရရမိမိ ပြုစုပေးခြင်း ဖြစ်သည်။ လူမျိုး၊ ဘာသာ၊ အသားအရောင်ကို ကွဲခြားပြီး လျစ်လျူကာ ဖုံးကွယ်ပဖျောက်ပါက တို့ပြည်ထောင်စုကြီးသည် အဖတ်မဆယ်နိုင်သော နစ်နာဆုံးရှူံးမှုကို ခံရမည်ကား ဧကန်မုချ မြေကြီးလက်ခတ်မလွဲ သေချာသည်။ ခေတ်ကြေးမုံသဖွယ်ဖြစ်သော ပြည်ထောင်စု သမိုင်းသည် Tsunami Effected Area လို ဖြစ်နေလိမ့်မည်တည်း။
(လူထုဝဏ္ဏ ရေးသည်။)
No comments:
Post a Comment