Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label Foods. Show all posts
Showing posts with label Foods. Show all posts

Tuesday, October 4, 2022

၁၂။ လာရုဒေါလာမုန့် (Laçuddola)

 


၁၂။ လာရုဒေါလာမုန့် (Laçuddola)


✏✏✏✏✏✏✏✏
ရေးသား           📝 ရိုဟင်လေး|
အမျိုးအစား 🎍 ရိုဟင်ဂျာ ရိုးရာအစားအစာ [Rohingya Traditional Foods]|


"Noiya dhulár roñg noiya, háñlá háñlí gór furaiyá|
Noróinná háñlír keñlot fuwa, fuwar hátot diyé Laçuddola|
Dhulár fatót durúskurá, berár chértú háñcer háhá."

(-Osin Cayer)

ဒီလင်္ကာပိုဒ်ကို အာရ်ကန်ပြည်ရှိ ရိုဟင်ဂျာတိုင်း ကြားဖူးမယ်လို့ ယူဆပါတယ်။ မင်္ဂလာပွဲနဲ့ ပတ်သက်တဲ့ ရှေးလင်္ကာတစ်ပိုဒ် ဖြစ်တယ်။ ကလေးတွေ ကစားတဲ့အချိန်တွင် ရွတ်ဆိုဆော့ကြလေ့ရှိတယ်။ ဒီလင်္ကာမှာ  ကလေးလက်မှာ လာရုဒေါလာမုန့် ပေးထားတယ်လို့ စပ်ဆိုထားတယ်။ ဒါကို လေ့လာကြည့်လျှင် လာရုေဒါလာမုန့်ဟာ ရှေးခေတ်ကတည်းကပင် ထင်ရှားတာခန့်မှန်းနိုင်တယ်။ ဒီဆောင်းပါးမှာ အဲဒီလာရုဒေါလာမုန့်အကြောင်းကို ဖော်ပြသွားမှာ ဖြစ်တယ်။ 

"လာရုဒေါလာ" (Laruddola) မုန့်ဟာ ထင်ရှားတဲ့ ရိုဟင်ဂျာရိုးရာမုန့်ထဲမှ တစ်မျိုးဖြစ်တယ်။ ရာသီမရွေး သုံးဆောင်နိုင်တဲ့ မုန့်တစ်မျိုးလဲဖြစ်တယ်။ အများအားဖြင့် ရက်ကြီးခါကြီး ပွဲရက်သဘင်တွင် ပြုလုပ်ကျွေးမွေးဧည့်ခံကြတယ်။ အထူးသဖြင့် ဆောင်းရာသီတွင် ပြုလုပ်စားသုံးကြလေ့ရှိတယ်။ လာရုဒေါလာ ရဲ့ အဓိပ္ပါယ်မှာ "လုံးဝန်းတဲ့မုန့်" ဖြစ်တယ်။ လာရု ဟာ ဟင်န္ဒီဘာသာစကား Laddu မှ ဆင်းသက်လာပြီး အလုံးငယ်လို့ အဓိပ္ပါယ်ရတယ်။ ဒေါလာကတော့ ရိုဟင်ဂျာစကား အလုံး၊ အခဲ ဟု အဓိပ္ပါယ်ရသည်။ နာမ်နှစ်ခုကို ပေါင်းစပ်ထားသော ပေါင်းစပ်နာမ် ဖြစ်တယ်။

လာရုဒေါလာမုန့် ဟာ ချိုမြိန်တဲ့မုန့် တစ်မျိုးဖြစ်တယ်။ လာရုဒေါလာမုန့်ကို ပေါက်ပေါက်နှင့်သော်လည်းကောင်း၊ မုန့်ဆမ်းဖက်နှင့်သော်လည်းကောင်း ပြုလုပ်ခဲ့ကြတယ်။ ပြုလုပ်ပုံပြုလုပ်နည်းက အလွန်လွယ်ကူလှတယ်။ အိမ်တွင် ပစ္စည်းတွေအသင့်ရှိရုံနဲ့ မည်သူမဆို လွယ်လွယ်ကူကူ ပြုလုပ်နိုင်တယ်။ ပြုလုပ်ရာတွင် လိုအပ်သော ပစ္စည်းများမှာ ဒေသထွက်ပစ္စည်းများသာ အဓိကသုံးကြတယ်။ 

ပါဝင်ပစ္စည်းများ

၁) လူး (ဂျူဝါရီ)
၂) မုန့်ဆမ်း (ဆုန်ရာ) 
၃) ဆန် (ဟော့ရောအိ)
၄) နှမ်း (ဂေါ့ချာ)
၅) ထန်းလျက်/ သကြား (ထန်းညာမီရာ)
၆) ဆား (နူံ)
၇) အုန်းသီး (နာဂျောလ်)
၈) ဆီ/ထောပတ် (တေလ်)
၉) မြေပဲ (ဘာဒါမ်)

တို့ ပါဝင်ကြတယ်။


ပြုလုပ်ပုံပြုလုပ်နည်း

လာရုဒေါလာမုန့်ကို ပါဝင်ပစ္စည်း အမျိုးမျိုးဖြင့် ပြုလုပ်လေ့ရှိကြသည်။ ဤနေရာတွင် အခြေခံပြုလုပ်ပုံတစ်မျိုးကို မိတ်ဆက်ပေးသွားမှာဖြစ်တယ်။

လာရုဒေါလာမုန့် ပြုလုပ်တော့မယ်ဆိုလျှင် ဦးစွာအထက်ဖော်ပြပါ ပါဝင်ပစ္စည်းများကို စုဆောင်းရတယ်။ ပထမဆုံး လူးဆံကို ဖောက်ပြီးတော့ ပေါက်ပေါက် ခေါ် ဟိုအိ လုပ်ယူရတယ်။ ပြီးတော့ မြေပဲ၊ ဆန်၊ နှမ်း၊ အုန်းသီးခြစ်တွေကို ညိုရောင်သန်းလာတဲ့အထိ လှော်ရတယ်။ အဲဒါတွေကို ကြေမွသွားအောင် ထောင်းပေးရတယ်။ လုံးဝ အမှုန့်ဖြစ်သွားအောင်တော့မဟုတ်ဘူး၊ အဆံအစိတ် ဖြစ်အောင်ပေါ့။ ပြီးရင် ဆီနဲ့ ထန်းလျက်ကို အရည်ပျော်အောင် ကျိုရတယ်။ ပြီးတော့ မုန့်ဆမ်းကို သေချာဆေးကြောပြီးတော့ ရေညစ်ဆယ်ယူရတယ်။ အားလုံး အဆင်သင့် ဖြစ်ပြီးဆိုရင် နောက်တစ်ဆင့် ဆက်ရတယ်။ 

သတိထားရမှာက အုန်းသီးကို အဆံသေးသေးလေး ရအောင် ခြစ်ပေးရတယ်။ မြေပဲနှင့် ဆန်ကိုလည်း အစိတ်စိတ်ကွဲအောင် ထောင်းပေးရတယ်။

အဆင့်အသင့်လုပ်ထားတဲ့ ပစ္စည်းတွေကို လောင်ပန်းကြီးတစ်ခုတွင် အချိုးအကျညီအောင် ထည့်လို့ အားလုံးသမသွားအောင် ရောနှောရတယ်။ နည်းနည်း အေးသွားလျှင် အဖတ်တွေကို လက်နဲ့ဆုပ်ပြီးတော့ လက်တစ်ဆုပ်စာ လုံးဝန်းတဲ့ပုံသဏ္ဌာန်ရအောင် ပြုလုပ်ပေးရတယ်။  ဒါဆို အလုံးလှလှနဲ့ အလွန်အရသာကောင်းလို့ ရင်မြူးစေတဲ့ လာရုဒေါလာမုန့် ရသွားပါပြီ။

********

(မူလပုံကိုပြောင်းလဲထားသည်)


Thursday, September 2, 2021

ဂုစ်တောစာ့လောန် (အမဲသားဟင်း) ချက်နည်း

 


ဂုစ်တောစာ့လောန် (အမဲသားဟင်း) ချက်နည်း


အမဲသားဟင်းကျတော့ စီးပွားရေး အလယ်အလတ် အဆင်ပြေနေတဲ့ မိသားစုတွေအတွက်တော့ တစ်ပတ်တစ်ခါလောက်တော့ စားဖြစ်တယ်။ ပြီးတော့ ရိုးရာဖာတီယားပွဲတွေမှာတော့ အမဲသားကိုပဲ အဓိကထား ချက်ပြုတ်လှူဒါန်းကြတယ်။ ရိုဟင်ဂျာတို့ရဲ့ အသည်းစွဲမုန့်ဖြစ်တဲ့ လူရီဖီရားနဲ့ အစပ်တည့်တဲ့ ဟင်းကောင်း တစ်မျိုးလည်းဖြစ်တယ်။

မဂ်လာဆောင်ပွဲတွေမှာလည်း အမဲသားပဲချက်ကျွေးတာဖြစ်တယ်။ မေလာ စာလောန်ကျတော့ ရိုဟင်ဂျာတွေအကြား အထူးထင်ရှားတယ်။ တစ်ခါ အိမ်မှာ ဧည့်သည်တွေရောက်လာရင်လည်း အသားချက်ကျွေးမှ ဧည့်ဝတ်ကျေသလိုပါပဲ။

ကဲ... ဒီလောက် အရေးပါအရာရောက်တဲ့ ဟင်းတစ်မျိုးကို ရိုဟင်ဂျာနည်းရိုဟင်ဂျာဟန်နဲ့ ဘယ်လိုချက်ကြမလဲ ကြည့်ကြရအောင်-


လိုအပ်တဲ့ပစ္စည်းတွေ

  • အသားစိမ်း
  • ငရုတ်စိမ်း
  • ငရုတ်ခြောက်
  • ဆီ
  • ဆား
  • နနွင်း
  • ဂျင်း
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ဖာလာ
  • နံနံရွက်
  • မဆလာ
  • အာလူး
  • ခရမ်းသီး
  • ရေ


ချက်နည်း

ဦးစွာ အမဲသားတွေကို ငယ်ငယ်လေး ပိုင်းဖြတ်ရမယ်။ နှစ်လက်မ နှစ်လက်ခွဲလောက်ပေါ့။ ပြီးတော့ နနွင်း နဲနဲလူးကာ သေချာ ဆေးကြော့ရမယ်။ သုံးကြိမ်လောက်ဆေးရင် ရပြီ။ ဟင်းသီးဟင်းရွက်တွေကိုလည်း လှီးဖြတ်ထား၊ မဆလာ၊ ငရုတ်ကြိတ်စတာတွေပြင်ထားပေါ့။ မီးမွေးပြီးတော့ အိုးလွတ်ကို မီးဖိုမှာ တင်ထားရတယ်။ အိုးကင်းသွားရင် ဆီထည့်ရတယ်။ ဒါကို "ဇူတ္တာ"လို့ ခေါ်တယ်။ ပြီးရင် မဆလာ၊ ငရုတ်ရေ၊ ကြက်သွန်၊ နနွင်း၊ ဂျင်း စတဲ့ဟာတွေကို အသားနဲ့ ရောနှောပြီးတော့ အိုးထဲရတယ်။ ဒီမှာ မဆလာကတော့ စျေးကနေ အသင့်ဝယ်ထားတဲ့ဟာမဟုတ်ဘူး။ အိမ်မှာပဲ ပြုလုပ်ထားတဲ့ မဆလာဖြစ်တယ်။ ပြီးရင် အဖုံးအုပ်ထားပြီးတော့ နာရီဝက်လောက် မီးခံထားရတယ်။ ဒါကို "ဟောချား"လို့ ခေါ်တယ်။ ဟောချားရတဲ့အချိန်က ဆီနဲ့ရေ ရောသွားတဲ့အချိန်၊ ရေမရှိတော့တဲ့အချိန်လို့ ယေဘုယျအားဖြင့် သတ်မှတ်ရတယ်။ အသားဟင်းတွေဆိုရင် ပိုပြီးတော့ မီးခံထားရတယ်ပေါ့။ ငရုတ်သီးကျတော့ ဆောင်းရာသီမှာ ငရုတ်စိမ်းကြိတ်နဲ့ ထည့်ချက်တာများတယ်။ တခြားရာသီမှာကျတော့ ငရုတ်သီးခြောက်ကြိတ်နဲ့ပေါ့။

အသားတွေကျက်သွားပြီးဆိုရင် အသင့်ပြင်ထားတဲ့ အာလူး၊ ခရမ်းသီး၊ စတဲ့ ဟင်းသီးတွေကို ထည့်ကာ ရေထည့်ပေးရတယ်။ ရေပမာဏကတော့ သားနဲ့ ဟင်းသီးတွေ မပေါ်တပေါ် ဖြစ်အောင်လောက် ထည့်ပေးရတယ်။ ပြီးတော့ ၁၀ မိနစ် ၁၅ မိနစ်လောက် မီးခံထားရတယ်။ ပြီးရင် ဆားပမာဏ စမ်းသပ်ပြီးတော့ လိုအပ်ရင် နဲနဲ ခတ်ပေးရတယ်။ နံနံရွက်တွေကိုလည်း အစိတ်စိတ် ခတ်ထည့်ပေါ့။ ဟင်းမွေးဟင်းနံ့တွေ တစ်အိမ်လုံး ကြိုင်ကြိုင်လာရင်တော့ စားဖို့အဆင်အသင့် ဖြစ်ပြီးပေါ့။

ဂုစ်တောစာလောန်မှာတော့ အသားသက်သက် ချက်တဲ့ပုံစံလဲ ရှိတယ်။ အခု ဖော်ပြတဲ့ဟင်းကတော့ အမြဲလိုလို ရိုဟင်ဂျာတို့ရဲ့အိမ်တွေမှာ ချက်နေကျ ထင်ရှားတဲ့ဟင်း ဖြစ်ပါတယ်။

ထမင်းနဲ့ တို့စားချင်ရင်စား၊ လူရီဖီရားနဲ့ တို့စားချင်ရင်စား၊ ဓုံဖီရားနဲ့ တို့စားချင်ရင်စားပြီးတော့ ရိုဟင်ဂျာ ဂုစ်တောစာ့လောန်ရဲ့ အရသာမြိန်ကြပေါ့ဗျာ။


- ရိုဟင်လေး

Friday, November 13, 2020

Bainyonor Durús (ခရမ်းသီးနှပ်)

Bainyonor Durús (ခရမ်းသီးနှပ်)

ရေးသား- ရိုဟင်လေး

အမျိုးအစား- ရိုဟင်ဂျာ ရိုးရာအစားအစာ |


Bainyonor Durús (ခရမ်းသီးနှပ်) ဟာ ရိုဟင်ဂျာ ရိုးရာအစားအစာ တစ်မျိုးဖြစ်ပါတယ်။ ဘိုက်ယောင်ဒူရုစ် လို့ အသံထွက် Bainyon က ခရမ်းသီး၊ Durus ကတော့ အလုံးလိုက်၊ အကောင်လိုက် အကြော် ဖြစ်ပါတယ်။ ဒီခရမ်းသီးနှပ်ဟာ အရသာ အလွန်ကောင်းပါတယ်။ ခရမ်းသီးကြိုက်တဲ့ လူတွေ အတွက်ဆိုရင် အကြိုက်ဆုံးပါပဲ။

ဒီခရမ်းသီးနှပ်ဟာ မြန်မာပြည်မှာ တခြားလူမျိုးတွေကလည်း သူတို့ စိတ်ကြိုက်ပြုလုပ်ကာ ထမင်းနဲ့တို့ စားကြပါတယ်။ မြန်မာအစားအစာလို့ ဆိုရင်လည် မမှားပါဘူး။ တစ်မြေနေ၊ တစ်ရေသောက် လူမျိုးတွေဖြစ်တာကြောင့် အစားအသောက်များ တူညီကြတာလည်း များပါတယ်။ 

ဘိုက်ယောင်ဒူရုစ် လုပ်ရတာတော့ သိပ် မခက်ပါဘူး။ လိုအပ်တဲ့ ပစ္စည်းတွေက ခရမ်းသီရယ်၊ ငရုတ်ကြိတ်ရယ်၊ အသားခြောက် ဒါမှမဟုတ် ငါးခြောက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆီ၊ ဆား၊ စတဲ့ဟာတွေ ဖြစ်တယ်။ 

အသားခြောက် (ဝါ) ငါးခြောက်မှုန့်ကို ငရုတ်ကြိတ်၊ ကြက်သွန်၊ ဆား၊ ဆီတွေနဲ့ သမပြီးတော့ ကြော်ရတယ်။ ငါးခြောက်မှုန့်နဲ့ ပုဇွန်ခြောက်တွေနဲ့ လုပ်ရင် အဲလောက်ကြော်စရာ မလိုပါဘူး။ သမလိုက်ရင် ရတယ်။ ရုတ်ပမာဏတော့ နဲနဲများရတာပေါ့။ အစပ်ကြိုက်တဲ့မိသားစုတွေဆိုရင် ငရုတ်ကောင်းပါ ထည့်တယ်။ အစာ အသင့်ဖြစ်ပြီဆိုရင် နောက်တဆင့် ပြင်ဆင်ရတယ်။

အလုံးကောင်းတဲ့ ခရမ်းသီးတွေကို ရွေးယူပြီးတော့ အပေါ်ပိုင်းချန်၍ အောက်ဘက်ကို လေးခြမ်း ခြမ်းရတယ်။ သတိထားရမှာက အပြီးမဖြတ်ရဘူး။ အစိတ်လေးကြားမှ အသားခြောက်မှုန့်နှဲ့ သပ်ထားတဲ့ အသုပ်ကြော်ကို ထည့်ပေးရတယ်။ ပြီးတော့ ရေအနည်းငယ်နဲ့ မီးသေးသေးမှာ နှပ်ရတယ်။ ခရမ်းသီးပျော့လာပြီဆိုရင် စားဖို့ အသင့်ဖြစ်သွားပြီ။

ဒါနဲ့ မိသားစုဝိုင်းမှာ မြိန်ရေရှက်ရေနဲ့ တို့စားပေါ့။ စားဖူးသူတိုင်း မေ့မှာမဟုတ်ဘူး။ တစ်ခါတည်း အသည်းစွဲသွားမှာ ဖြစ်ပါတယ်။ ရိုဟင်ဂျာအစားအစာနဲ့ ပျော်ရွှင်နိုင်ပါစေ။ 





ဆက်လက် အခြား အစားအစာ အကြောင်း ဖော်ပြပါမယ်။

ပုံတွေကို အင်တာနက်နေ ကူးယူထားတာဖြစ်ပါတယ်။ .......