Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, June 25, 2022

တရုတ်-ဗမာ အရေးအခင်း

 

တရုတ်ဗမာအရေးအခင်း


- San Nyo Aung (RIT)

တရုတ်-ဗမာ အရေးအခင်းသည် မဆလခေတ် ၁၉၆၇ ခုတွင် ဖြစ်ပွားခဲ့ပါသည်။ ထိုစဉ်က စာရေးသူ မိမိအသက််က-၁၆နှစ်။ ၁၀တန်းဖြေဆိုရန် အသဲအသန် ကျိုးစားနေရသောကာလ။ ခေါင်းကပူနေရတဲ့အထဲ စိတ်ကလည်း ပူနေရသေးသည်။ မြင်ရ၊ ကြားရတာတွေကလည်း စိတ်လက်မသက်သာ။ ထမင်းပင် ဝလင်အောင်မစားရသည့်ကာလ။ ထမင်းတလှည့် ခေါက်ဆွဲတလှည့်။ တစ်ခါတစ်ရံ ချာပါတီကလေးကို ကြားညှပ်၍ သုံးဆောင်ရပါသေးသည်။

အကြောင်းမူကား ၁၉၆၆ ခုက ရာသီဉတုဖောက်ပြန်၍ မြန်မာတစ်နိုင်ငံလုံး စပါးအထွက်နည်းခဲ့သော်လည်း၊ အစိုးရက ပြည်ပသို့ ဆန်တင်ပို့မှုမရှော့ခဲ့သည့်အတွက် ပြည်တွင်း၌ ဆန်ပြတ်လပ်ခဲ့ပါသည်။ အစိုးရက ပုံမှန်ပေးနေသည့် ဆန်ခွဲတမ်းကိုလည်း ထက်ဝက်မျှလျှော့ချလိုက်ရသည်။

ထို့ကြောင့် ဆင်းရဲသားတွေက ဆန်နဲ့ ပြောင်းကိုရော၍ စားကြရပါသည်။ ဒီထက်ဆင်းရဲသူက လူးနဲ့.ဆတ်ကိုသာ စားကြရသည်။ ဘာမှမရှိသူတွေက တောထဲမှ ကြွေးဉတွေကို တူး၍စားကြရပါသည်။

ဆန်ရှားမှုကို အကြောင်းပြု၍ စစ်တွေတွင် ဆန်လုပွဲကြီးဖြစ်လိုက်သည်။၁၉၆၇ ခု၊ ဩဂုတ်လ ( ၁၁ )ရက်နေ့တွင် စစ်တွေလူထုမှ နိုင်ငံတော်သို့ ဆန်ပေးပါရန် တောင်းဆိုကြပါသည်။ မပေးသဖြင့် ၁၃-၈-၁၉၆၇ နေ့တွင် ပြည်ပသို့တင်ပို့မည့် ဆန်များအား အတင်းဝင်၍လုကြရာစစ်တပ်က ပစ်ခတ်နှိမ်နင်းသဖြင့် လူ ၂၀၀ကျော် ၃၀၀ခန့် သေခဲ့ပါသည်။ သတင်းစာတွေထဲမတော့ ( ၂၄ )ဦး ကွယ်လွန်ဟု ဖော်ပြပါရှိပါသည်။


မြွေပူရာကင်းမှောင့်အနေဖြင့် သမိုင်းဝင် တရုတ်-ဗမာ အရေးအခင်းကြီးမှာ ၂၆-၆-၁၉၆၇ ၌ စတင်၍ ဖြစ်ပွားခဲ့ပါသည်။

၁၉၅၄ ခု တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း မြန်မာပြည်သို့ချစ်ကြည်ရေးလာရောက်စဉ်က မြန်မာပြည်မှ တရုတ်အမျိုးသားများအနေဖြင့် ကွန်မြူနစ်ပါတီ မထူထောင်ကြရန် အမှာစကားပြောကြားဘူးပါသည်။

သို့ရာတွင်

၁။ ၁၉၆၄ ခု ပြည်သူပိုင်သိမ်းစဉ် တရုတ်အမျိုးသားပိုင်ဆိုင်ခန်းပေါင်း ၆၇၀၀ကျော် ပါဝင်သွားခြင်း။

၂။ ဗီယက်နန်စစ်ပွဲတွင် တရုတ်က ဗီယက်နန်ဘက်မှ ဝင်တိုက်ပေးသော်လည်း မြန်မာက၊ ဗီယက်နန်ကို၊ မထောက်ခံခြင်း။

၃။ မြန်မာ-အိန္ဒိယ နယ်ခြားတွင် မီဇိုသူပုန်များအား တရုတ်မှစစ်သင်တန်းပေးလို၍ တောင်းဆိုခြင်းအား မလိုက်ရောခဲ့ခြင်း။

၄။ တရုတ်ကျောင်းပေါင်း( ၂၅၀ )ကျော်ကို ပြည်သူပိုင်ပြုလိုက်ခြင်း။

၅။ မြန်မာတိုင်းရင်းသား မဟုတ်သော တရုတ်ကျောင်းဆရာများကို အလုပ်ဖြုတ်ပြစ်ခြင်း။

အစရှိသေ ာကိစ္စများကြောင့် သဘောထားတစ်မျိုးပြောင်းလာပါသည်။ ထိုအချိန်က တရုတ်ပြည်တွင်လည်း ယဉ်ကျေးမှု တော်လှန်ရေးကြီးက အရှိန်အဟုန်ပြင်းနေသဖြင့် မြန်မာပြည်တွင်လည်း ယဉ်ကျေးမှုတော်လှန်ရေးကို အားပေးကြရန်နှင့် ဗမာပြည်ကွန်မြူနစ်ပါတီအားထောက်ခံကူညီရန် ဆုံးဖြတ်ခဲ့ကြပါတော့သည်။

အဆိုပါကိစ္စသည် တရုတ်သံရုံးမှတဆင့် ပင်လယ်ရပ်ခြား တရုတ်အမျိုးသားများအပြင် အထူးသဖြင့်တရုတ် စာသင်ကျောင်းများ၌ ယဉ်ကျေးမှုတော်လှန်ရေးနှင့် မော်စီတုန်း၏ အတွေးအခေါ်များကို ဖြန့်ဝေပါတော့သည်။

ပြည်သူပိုင်သိမ်းထားသော တရုတ်ကျောင်းများတွင် မြန်မာကျောင်းများနည်းတူ စည်းကမ်းကို တသမတ်တည်း ချမှတ်ထားရာ ကျောင်းနံရံများတွင် မော်စီတုန်းပုံအား ချိတ်ဆွဲခြင်း၊ မော်စီတုန်းပုံပါ ရင်ထိုးများအား တတ်ဆင်၍ကျောင်းတက်ခြင်း၊    မော်စီတုန်းအတွေးအခေါ်များကို ရေးသားထားသည့် စာအုပ်နီကလေးများကို လက်ဝယ်ထားရှိခြင်းအစရှိသည်တို့အား မပြုလုပ်ရန် ကန့်သတ်ထားပါသည်။

သို့သော်လည်း ၂၂-၆-၁၉၆၇ နေ့တွင် တရုတ်အမျိုးသမီး အလယ်တန်းကျောင်းမှစတင်၍ အဆိုပါ စည်းကမ်းအား ဖောက်ဖျက်ပြီး မော်စီတုန်းပုံရင်ထိုးများကို တတ်ဆင်ခြင်း၊ စာအုပ်နီများကို ကျောင်းသို့ ယူဆောင်လာခြင်းများ ပြုခဲ့သဖြင့် ဆရာ/ဆရာမများက တားဆီးရာမှ စတင်ပြီး ပြဿနာဖြစ်ကြပါသည်။

ထိုပြဿနာသည် အခြားသော တရုတ်ကျောင်းများဖြစ်သည့် နန်ယန်နှင့် ဝှာကျုံးကျောင်းများသို့ပါ ကူးစက်ပျံ့နှံ့ပြီး နောက်ဆုံးတွင်ရဲနှင့် ကျောင်းများ ထိပ်တိုက်တွေ့သည့် အခြေအနေသို့ ရောက်ရှိလာပါတော့သည်။

ထိုကိစ္စ၌ တရုတ်နီသံရုံးနှင့် ဆင်ဝှာသတင်းထောက် ယူမင်းရှန်တို့ကလည်း မီးလောင်ရာလေပင့်လိုက်၍ လုပ်နေခဲ့သဖြင့် အမှိုက်စ၍ပြဿဒ်ကို မီးလောင်ပါတော့သည်။

ထိုအချိန်တွင် ဘယ်ကစ၍လွှင့်မှန်းမသိသော ကောလဟာလသတင်းတစ်ပုဒ်က တောမီးပမာ ဝုန်းကနဲပျံ့နှံ့လာပါသည်။ တရုတ်ကျောင်းသား ၂ ယောက်က မြန်မာအမျိုးသမီးဆရာမကလေးတစ်ဦးကို မုဒိန်းကျင့်ပြီးနောက် သတ်ပစ်လိုက်သည်ဟု ဆိုပါသည်။

ထိုသတင်းကြောင့် သွေးဆူနေသော မြန်မာများ၊ သမိုင်းချည်စက်နှင့် အုတ်ကျင်းဂုံနီစက်ရုံမှ အလုပ်သမားများ၊ ကြည့်မြင်တိုင်တစ်ဘက်ကမ်းမှ မြန်မာရွာများက လူတွေစုပေါင်းပြီး ၂၆-၆-၁၉၆၇ နေ့တွင် တရုတ်သံရုံး-ကောင်စစ်ဝန်ရုံး-တရုတ်လေကြောင်းရုံး-ဆင်ဝှာသတင်းဌာနရုံး-တရုတ်ပိုင်ကလပ်များကို တိုက်ခိုက်ဖျက်ဆီးသည့်အပြင် တရုပ်အမျိုးသားပိုင်ဆိုင်ခန်းနှင့်နေအိမ်များပါမကျန် မီးရှို့ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်းအထိ လုပ်လာကြပါသည်။

ထိုကဲ့သို့ မင်းမဲ့စရိုက်ဆန်ဆန် သောင်းကျန်းနေခြင်းအား ရဲနှင့် စစ်တပ်က တားဆီးခြင်းမရှိဟု သိရှိရပါသည်။

ထိုလူအုပ်မှ တရုတ်မြင်ရင် အကုန်လိုက်သတ်နေသဖြင့် မြန်မာအများစုက ခင်ရာမင်ရာ မိတ်ဆွေတရုတ်များကို မိမိတို့အိမ်၌ ဖွက်၍ထားပေးကြပါသည်။ တစ်ချို့သော လမ်းများက လမ်းထိပ်တွင် လမ်း၌ (တရုတ်မရှိပါ) ဟူသော ဆိုင်းဘုတ်အားရေးသား၍ မိမိတို့လမ်း၏ လုံခြုံရေးကိုဆောင်ရွက်ကြရပါသည်။

၂၈-၆-၁၉၆၇ နေ့တွင် တရုတ်ကျွမ်းကျင်သူ နည်းပညာရှင် မစ္စတာလျူယီ အသတ်ခံရပါသည်။ သံရုံးဝန်ထမ်းတစ်ချို့ ထိခိုက်ဒဏ်ရာရကြပါသည်။ ဖြစ်စဉ်တစ်ခုလုံး၌ တရုတ်လူမျိူး( ၃၁ )ဦး အသတ်ခံရသည်ဟု ထုတ်ပြန်ပါသည်။ တရုတ်သတင်းထောက်တွေကို ပြည်နှင်ဒဏ်ပေးပြီး မြန်မာ/တရုတ်ကွန်မြူနစ်များကို ရှာဖွေဖမ်းဆီးဖော်ထုတ်၍ ထောင်ချလိုက်ပါသည်။

တရုတ်လူမျိုးများ အထူးကြောက်လန့်သွားသဖြင့် လူငါးသောင်းခန့် မကာအိုသို့ ပြောင်းရွှေ့သွားကြပြန်ပါသည်။

ထိုဖြစ်ရပ်ကြောင့် တရုတ်သံအမတ်ကြီးအား သူ့နိုင်ငံသို့ပြန်ခေါ်လိုက်ပါသည်။ တရုတ်ပြည်မြန်မာသံရုံးရှေ့တွင်လည်း တရုတ်လူမျိုး. ၂သိန်းခန့်က ဆန္ဒပြခဲ့ပြန်သည်။ တရုတ်နှင့်သဘောတူညီထားသေ ာစီးပွားရေးအကူအညီအားလုံးကို ယာယီရပ်ဆိုင်းခြင်းခံရပါသည်။ သံတမန်အဆက်အသွယ် မရပ်ဆိုင်းသော်လည်း ဆက်သွယ်မှုမရှိသလောက် ကင်းကွာသွားပါတော့သည်။ ပီကင်းအသံမှနေ၍ နေ့စဉ် ဗိုလ်ချုပ်နေဝင်းမကောင်းကြောင်း ရက်စက်ကြောင်းဖြင့်လပေါင်းများစွာ အသံလွှင့်ပါသည်။ အသံလွှင့်သူမှာ ပုသိမ်မြို့သူဖြစ်သဖြင့် သူ့အား ပုသိမ်သူ မိအာကျယ်ဟူ၍ သတင်းစာတွေက ရေးသားကြပါသည်။

မြန်မာနိုင်ငံကလည်းအားကျမခံ တစ်နိုင်ငံလုံး၌ ပါတီယူနစ်မှ ဦးစီးပြီး  မော်စီတုန်းဆန့်ကြင်ရေး ဆန္ဒပြပြွများကို ပြုကြပါတော့သည်။

ထိုအခါ တရုတ်ကွန်မြူနစ်ပါတီသည်၊ မြန်မာကွန်မြူနစ်ပါတီအား အထောက်အပံ့ပေးရန်ဆုံးဖြတ်လိုက်ကြပီးနောက် ၁၉၆၈ ခုနှစ်တွင်မြန်မာပြည် အရှေ့မြောက်ဒေသ၌ ဗကပ အခြေစိုက်စခန်းတခုကို တရုတ်က တည်ထောင်ပေးပြီး လူအား-ငွေအား-နည်းပညာ-ရိက္ခာ-ဆေးဝါးမှအစ ပံ့ပိုးပေးသည့်အပြင် တိုက်ပွဲများတွင်လည်း လူအင်အားထောင်ဂဏန်းရှိသည့် တရုတ်အပျော်တမ်းတပ်မတော်မှ ဝင်ရောက်၍ တိုက်ခိုက်ပေးခဲ့ပါသည်။

အသေခံ၍ အတင်းတက်ပီး တိုက်ခိုက်တတ်သော ထိုတရုတ်စစ်သားများကို လူလှိုင်းစစ်ဆင်ရေးဟု ထိုစဉ်က ပြောစမှတ်ပြုခဲ့ကြသည်။

၁၉၆၇ ခုကစခဲ့သော တရုတ်-ဗမာ အရေးအခင်းကြောင့် မခိုင်မာသည့် ဆက်ဆံရေးသည် ၁၉၇၀ ခုနှစ်ကြမှသာ ပြန်လည်၍ ပုံမှန်ဖြစ်လာပါတော့သည်။

ပြည်ထဲအရေး ပေါက်နှင့်ကျေးတိမ်တောင်သဖွယ် မင်းရေးကြွယ်လှပါတော့သည်။

#winhlaingoo



No comments:

Post a Comment