Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, June 24, 2022

ရခိုင်သည် မြန်မာ (သုတေသန စာတမ်း)



< ရခိုင်အခေါ် > ရခိုင်သည် မြန်မာကြီး၊ မြန်မာသည် မြန်မာငယ် (သို့မဟုတ်) ပျူအောက်သား [ တနည်းအားဖြင့် - ရခိုင်သည် မြန်မာ ]


••••••••••••••••••••••••••••••


*ရခိုင် ဆိုတဲ့ အခေါ်အဝေါ်ပါတဲ့ အစောဆုံး မှတ်တမ်းများ*


ရခိုင် ဆိုတဲ့ အခေါ်အဝေါ်ကို မြန်မာကျောက်စာတွေမှာ အစောဆုံး ၁၂ ရာစု ကတည်းက တွေ့ရတယ်လို့ ဆိုပါတယ်။


(မြန်မာကျောက်စာ)


ရခိုင် 1197 CE - Gutman, Ancient Arakan (Burma ),

ရခိုင်အလှုတကာ 1299 - G.H.Luce, Note on the people's Burma in the 12th-13th Century A.D.

ရခိုင်မင်း ရခိုင်နိုင်ငံ ရခိုင်ပြည် - မဟာထီးကျောက်မိကျောင်း ကျောက်စာ 1356 - ပုံ 001,002

ရခိုင်မင်း ရခိုင်ပြည် 1366 - မဟာထီးတောင်ဘို ကျောက်စာ

 

Aracan ဆိုတဲ့ နံမည်ကိုတော့ နိုင်ငံခြားသားတွေရဲ့ မှတ်တမ်းတွေမှာ အစောဆုံး 1516 က စပြီးတွေ့ရတယ်လို့ ဆိုပါတယ်။

(နိုင်ငံတကာ မှတ်တမ်း)

"Rachani" (1430)

“Racanguy,” “Aracangil” (1518)

“Aracan”(1597), 

“Arracam” (1611)

“Arracão” (1620)

“Arakan” (1640)


−−−−−−

**နေရာအမည်**


ရှေးက ရခိုင် ဆိုတာ အခု ရန်ကုန်၊ မန္တလေး လို နေရာဒေသတခုရဲ့ နာမည် ဖြစ်ခဲ့တယ်၊ လူမျိုး နာမည် မဟုတ်ခဲ့ပါ။ နေရာဒေသ နာမည်ဖြစ်တဲ့အပြင် ယခု ရခိုင်ပြည်နယ် မြောက်ပိုင်းကိုပဲ ရခိုင်လို့ ခေါ်ခဲ့ကြတယ်။ တောင်ဘက်က တခြားနယ်တွေ ဥပမာ- ရမ်းဗြဲ၊ သံတွဲ၊ ကျောက်ဖြူတို့ပါ ပါစေချင်ရင် ရခိုင်ပြည်နိုင်ငံအလုံး၊ ရခိုင်ပြည်ကြီး စသည်ဖြင့် ခေါ်ခဲ့ကြတယ်။ ရှေးဟောင်း ရခိုင်မှတ်တမ်း၊ မြန်မာမှတ်တမ်းနဲ့ အင်္ဂလိပ်မှတ်တမ်း တွေမှာ ဒီသဘောကို တွေ့နိုင်သေးတယ်။


၁။ မင်းရာဇာကြီးစာတမ်း  ၁၆၀၂ အစပြု၊ ၁၇၇၅ ရေး ပေမူ - ပုံ 003

   ရက္ခပူရ ( မြောက်ပိုင်း )

   အယုဇ္ဈပူရ ( တောင်ပိုင်း ) 


၂။ ( ဟန်လင်း ရွှေကူကြီး ခေါင်းလောင်းစာ )

   အယုဇ္ဈပူရ တိုင်း − ရမ်းဗြဲ မန်အောင် ဒွါရဝတီ

   မဟာဝင်္ကတိုင်း − ဓညဝတီပြည်


၃။ ရခိုင်ရာဇဝင်ကြီး ၁၈၅၂ - ပုံ 004,005,006

   ရက္ခပူရ၊ ရခိုင်ရွှေပြည်တော်ကြီး၊ ရခိုင်ပြည် (မြောက်ပိုင်း)

   ရခိုင်ပြည်နိုင်ငံအလုံး ( တခုလုံး )

   (တောင်ပိုင်း) တောင်စဉ်၊ သံတွဲ၊ ရမ်းပြည့်၊ မာန်အောင် စသော ခုနစ်ခရိုင်


၄။ ဘိုးတော်ဘုရား ရဲ့ ရခိုင်ဆိုင်ရာ အမိန့်ပြန်တမ်းများ ၁၇၈၅, ၁၇၈၇ − ပုံ 023,024

ရန္တပိုစာချုပ်(1826) မှာလည်း Arracan ရခိုင် မှာ 'ရခိုင်၊ ရမ်းဗြဲ၊ မန်အောင်၊ သံတွဲ' လေးနယ် ပါတယ်လို့ ဖေါ်ပြခဲ့ပါတယ် - ပုံ 007,008


Provinces of Arracan, including the four divisions of Arracan, Ramree, Cheduba, and Sandoway

ရခိုင်၊ ရမ်းဗြဲ၊ မန်အောင်၊ သံတွဲ တို့ကို

A.P. Phayre ( “Account of Arakan”, Journal of the Asiatic Society of Bengal 10 (1841)) - ပုံ 009

Rakhaing-pyee ရခိုင်ပြည် , or “Arakan proper” ဆိုတာ Akyab district စစ်တွေ ခရိုင် (northern portion of Arakan) ရခိုင်မြောက်ပိုင်း ကို ခေါ်တာ။

Rakhaing-pyee-gyee ရခိုင်ပြည်ကြီး၊ ရခိုင်တိုင်းကြီး or “the great country of Arakan” ဆိုမှ represented the whole Arakan ရခိုင်တပြည်နယ်လုံးကို ခေါ်တာလို့ ဖေါ်ပြခဲ့ပါတယ်။


Charles Paton ( “Historical and Statistical Sketch of Aracan”, Asiatick Researches 16 (1828)) - ပုံ 010


ဒီ မှတ်တမ်းမှာလည်း Arracan ရခိုင် မှာ 'ရခိုင်၊ ရမ်းဗြဲ၊ မန်အောင်၊ သံတွဲ' လေးနယ် ပါတယ် လို့ ဖေါ်ပြခဲ့ပါတယ်


Aracan, as has been observed, consists of four divisions, Aracan proper, Ramree, Sandoway and Cheduba”

−−−−−−−

**လူမျိုး၊ ဘာသာစကား အမည်**

ဘိုးတော်ဘုရား ရခိုင်ပြည်ကို ၁၇၈၅ မှာ မသိမ်းခင်အထိ ရခိုင်တွေက မိမိကိုယ်ကိုယ် မြန်မာလူမျိုး၊ မိမိတို့ ဘာသာစကား ကို မြန်မာစကား လို့ ခေါ်ခဲ့ကြတယ်။

ပုဂံဘက်က မြန်မာတွေကို အဲဒီခေတ် ရခိုင် (ကိုယ့်ကိုကိုယ် မြန်မာ လို့ခေါ် ) တွေက "ပေါက္ကံသား၊ ပျူ၊ အောက်သား" စသည်ဖြင့် ခေါ်ခဲ့ကြတယ်။

ပုဂံ ဘက်က မြန်မာတွေကြတော့ အဲဒီခေတ် ရခိုင် (ကိုယ့်ကိုကိုယ် မြန်မာ လို့ခေါ် ) တွေကို 'မြန်မာကြီး' လို့ ခေါ်ခဲ့ကြတယ်။ သူတို့ရဲ့ ဘိုးဘေး လို့ သတ်မှတ်ထားကြတယ်လို့ အင်္ဂလိပ် နဲ့ မြန်မာ မှတ်တမ်းများက ဆိုပါတယ်။


၁။ မင်းရာဇာကြီးစာတမ်း ၁၇၇၅ မှာ - ရခိုင်စကားပြောသူကို "ငါတို့ မရမာမျိုး" ၊ သို့မဟုတ် 'မြန်မာလူမျိုး ခုနစ်မျိုးထဲက တစ်မျိုး' လို့ သတ်မှတ် ပြီး၊ မြန်မာ စကားပြောသူတွေကိုတော့ ပျူ လို့ ခေါ်ခဲ့ကြပါတယ်။ - ပုံ 011,012

မြန်မာ ခုနစ်မျိုး = ပျူ၊ ရခိုင်၊ သက်၊ တောင်သူ၊ ကမ်းယံ၊ ယော၊ ထားဝယ်

မြန်မာမင်း အုပ်ချုပ်ပုံစာတမ်း (၁၉၂၄)မှာလည်း "မြန်မာကြီးဆိုသည်ကား ရခိုင်၊ မြန်မာငယ်ဆိုသည်ကား ပြူ" ဆိုတဲ့ အဆိုနဲ့လည်း ကိုက်ပါတယ်။ − ပုံ 013

၂။ ဓညဝတီ အရေးတော်ပုံကျမ်း ၁၇၈၇ မှာ − ရခိုင်စကားပြောသူတွေကို (မရမာ) လို့ ဖေါ်ပြခဲ့ပါတယ်။

၃။ မဟာပညာကျော်လျှောက်ထုံး ၁၇၈၇ မှာ − ရခိုင်ပြည်မှာ သုံးစွဲတဲ့ဘာသာစကား ကို 'မရမာဘာသာစာ' 'မရမာဘာသာအက္ခရာ' လို့ ဖေါ်ပြခဲ့ပါတယ်။ − ပုံ 014

၄။ ရခိုင်ကျောက်စာ မဟာထီးရေတွင်းကျောက်စာ ၁၆၂၀ မှာ − ရခိုင်ပြည်မှာ သုံးစွဲတဲ့ဘာသာစကား ကို 'ဘာသာဗြမ္မ'လို့ ဖေါ်ပြခဲ့ပါတယ်။ − ပုံ 015,016

၅။ ရခိုင်ရာဇဝင်ကြီး ၁၈၅၂ မှာ − ရခိုင်ပြည်မှာ သုံးစွဲတဲ့ဘာသာစကား ကို 'မြမ္မာဘာသာ'လို့ ဖေါ်ပြခဲ့ပါတယ်။ − ပုံ 017

   ဒီရာဇဝင် မှာ မြန်မာစကားပြောသူ ရော၊ ရခိုင်စကားပြောသူ ကိုပါ (မရမာ) လို့ ဖေါ်ပြခဲ့ပါတယ်။ သူတို့ နှစ်ဦး ကို ခွဲခြားဖေါ်ပြချင်တဲ့အခါ ရခိုင်စကားပြောသူ ကို 'ရခိုင်သား' ၊ မြန်မာ စကားပြောသူကို 'အောက်သား' (အောက်မြန်မာနိုင်ငံသား) လို့ ခွဲခြားဖေါ်ပြခဲ့ပါတယ်။


ကိုလိုနီခေတ် နဲ့ မတိုင်မီ အင်္ဂလိပ် မှတ်တမ်းများမှာလည်း ရခိုင်စကားပြောသူတွေက သူတို့ဟာ မြန်မာလူမျိုး တွေ ဖြစ်ပြီး သူတို့ဘာသာစကားကို 'မြန်မာစကား' လို့ ပြောပြခဲ့ကြောင်း တွေ့ရှိရပါတယ်။


၁။ 1799, Francis Buchanan − people of Arakan

whom they often call Myanmawgyee − the

name given by the inhabitants of Ava to the

people of Arakan ။ အင်းဝသား တွေက ရခိုင်ပြည်သားတွေ ကို မြန်မာကြီး လို့ ခေါ်ကြပါတယ်။

Francis Buchanan., Papers regarding the colony

of Arakan emigrants in Chittagong District.

October. 1799

မြန်မာမင်း အုပ်ချုပ်ပုံစာတမ်း (၁၉၂၄)မှာလည်း "မြန်မာကြီးဆိုသည်ကား ရခိုင်၊ မြန်မာငယ်ဆိုသည်ကား ပြူ" ဆိုတဲ့ အဆိုနဲ့လည်း ကိုက်ပါတယ်။ − ပုံ 013

၂။ Leyden, J., “On the Languages and Literature

of the Indo-Chinese Nations”, Asiatic

Researches 10 (1811):

The national name of the Rukhéng race is Ma-

rum-ma.

ရခိုင်သား တွေရဲ့ လူမျိုးအမည်က Ma-rum-ma ဖြစ်ပါတယ်။

၃။ Phayre, A. P., “Account of Arakan”, Journal

of the Asiatic Society of Bengal 10 (1841)− ပုံ

018,019

ရခိုင်သား၊ ချောင်းသား နဲ့ မြန်မာ တွေဟာ မြန်မာ ဖြစ်တယ်၊ စာရေးတာလည်း တူတယ်။

၄။ British Burma Gazetteer 1879 − ရခိုင်တွေ က

မြန်မာနိုင်ငံ ရဲ့ အစိတ်အပိုင်း Arakanese speakers

as “a section of Burman nation”

Smart, R. B., Burma Gazetteer (Akyab District).

Rangoon: Govt. Printing and Stationery, 1917.(Vol. A).

၅။ Adamson (1887) ရခိုင်သား က မြန်မာ နဲ့ လူမျိုးတူပြီး၊ သူတို့က မြန်မာမိသားစု က အရင်ဆင်းသက် လာသူတွေ ဖြစ်တယ်လို့ ပြောပြပါတယ်။ Arakanese are of Burman stock and claim to be descended from the elder branch of Mramma family.

Adamson, H., Report on the Settlement Operations in the Akyab District, Season 1885-86. Rangoon: Government Printing, 1887.


အခု ဘင်္ဂလားဒက်ရှ် နိင်ငံတွင်းမှာ နေထိုင်နေတဲ့ ရခိုင်စကားပြောသူတွေကလည်း သူတို့ဟာ မြန်မာလူမျိုး တွေ ဖြစ်ပြီး သူတို့ဘာသာစကားကို 'မြန်မာစကား' လို့ ပြောတတ်ပါတယ်။

၁။ စစ်တကောင်းတောင်ရိုး Chittagong Hill Tracts မှာ နေတဲ့ ရခိုင်စကားပြောသူတွေကို မရမာ Marma လူမျိုးလို့ သိကြပါတယ်။

၂။ Tripura မှာ နေတဲ့ ရခိုင်စကားပြောသူ အချို့ကလည်း သူတို့က မရိုင်မာ Mraima လူမျိုးလို့ ပြောပါတယ်။

၃။ Greater Patuakhali ဒေသမှာ နေတဲ့ ရခိုင်စကားပြောသူ တွေကတော့ သူတို့ကိုယ် သူတို့ 'မရမာ၊ မြန်မာ၊ ရခိုင်' လူမျိုး ဆိုပြီး ကြုံသလို ပြောတတ်ကြပါတယ်။ သူတို့ပြောတဲ့ ဘာသာစကားက မရမာစကားဖြစ်ပြီး မရမာစကားနဲ့ ရခိုင်စကားက အတူတူပဲလို့ ပြောတတ်ပါတယ်။

၄။ Cox's Bazar က ရခိုင်စကားပြောသူတွေ နေတဲ့ ရပ်ကွက်ထဲက ကျောင်း၊စျေး တွေကို မြန်မာကျောင်း၊ မြန်မာစျေး လို့ ခေါ်ကြပါတယ်။

အသင်းရုံးကို “East Pakistan Burmese Association” အရှေ့ပါကစ္စတန်မြန်မာအသင်း လို့ ခေါ်ခဲ့ကြပါတယ်။


၁၉၅၀ အထိ မြန်မာ တွေကလည်း ရခိုင် ကို မြန်မာလို့ပဲ ထည့်တွက်တယ်။ သီးသန့်ခွဲပြီး မတွက်ခဲ့ကြပါ။

၁။ လွတ်လပ်ရေးကြေငြာစာတမ်း ၁၉၄၈ − ရခိုင် သီးသန့်မပါ − ပုံ 020

၂။ ပင်လုံစာချုပ်မှာလည်း ၁၉၄၇ − ရခိုင် သီးသန့်မပါ

၃။ ၁၉၄၈ ဖွဲ့စည်းပုံ − အမတ် မြန်မာ ၅၃၊ ရှမ်း ၂၅၊ ကရင် ၂၄၊ ကချင် ၁၂၊ ချင်း ၈၊ ကယား ၃ နေရာ။

ရခိုင် က မြန်မာ ၅၃ ထဲက ၅ နေရာ။

၄။ ၁၉၄၈ နိုင်ငံသားဥပဒေမှာ ရခိုင် ကို တိုင်းရင်းသားအဖြစ်ဖေါ်ပြသော်လည်း၊ ၁၉၅၃ ပထမဆင့် သန်းကောင်စာရင်း ကောက်ယူရာမှာ ရခိုင် လူမျိုးဆိုပြီး မပါရှိခဲ့။

၅။ ၁၉၅၆ မြန်မာပြည်မြေပုံမှာ ယခု ရခိုင်ပြည်နယ် နေရာမှာ မြန်မာနှင့်အဆက်အနွယ်လူမျိုးများ ဆိုပြီးပြခဲ့


−−−−−−−−−−−−−−−−−


**အမည်ပြောင်း**


(နောက်ခံ သမိုင်းကြောင်း)

အင်္ဂလိပ် ကိုလိုနီခေတ်မှာ မြန်မာပြည်ကို တောင်တန်း ( ချင်း၊ ကချင်၊ ကရင်နီ/ကယား၊ ရှမ်း)နဲ့ ပြည်မ ( ကျန်ဒေသအားလုံး ) ဆိုပြီး ခွဲခြားအုပ်ချုပ်တယ်။

ပြည်မဒေသတွေက အရင် မြန်မာဘုရင်လက်အောက်က နယ်တွေလည်း ဖြစ်ခဲ့တယ်။ ဒါပေမည့် အဓိက ကွာခြားချက်က ဝင်ငွေ ဖြစ်တယ်။ ပြည်မကို လွှတ်တော်နဲ့ အုပ်ချုပ်တယ်၊ ပြည်မရဲ့ ဝင်ငွေ ကနေ အခွန်ကောက်ပြီး ဖွံ့ဖြိုးရေးအတွက် လမ်း၊ တံတား စတာတွေ ပြန်ဆောက်ပေးတယ်။ တိုးတက်ပေမည့် ဘဝတွေက ရှုပ်ထွေးတယ်။တောင်တန်းဒေသတွေကို စော်ဘွား၊ ဒူဝါ စတဲ့ ရိုးရာခေါင်းဆောင် တွေက အုပ်ချုပ်တယ်၊ အခွန်သိပ်မပေးနိုင်လို့ လမ်း၊ တံတား စတာတွေကို ပြည်မ ဝင်ငွေထဲက အိတ်စိုက်ပြီး တည်ဆောက်ပေးရတယ်။လိုအပ်တဲ့ အပြောင်းအလဲ သိပ်မလုပ်နိုင်လို့ တိုးတက်မှုကို စတေးထားတဲ့ သဘောဖြစ်တယ်။ ဒါပေမည့် ရိုးရာအတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိလို့ ရိုးရှင်းပြီး လွတ်လပ်တယ်။ သူတို့လို လွတ်လပ်ချင်တဲ့ ကရင်တွေကလည်း အင်္ဂလိပ်ကိုလိုနီ ခေတ်ကတည်းက ကရင်ပြည်နယ်ဖွဲ့ပြီး၊ တောင်တန်း အုပ်စုထဲ ပါဝင်ဖို့ တောင်းဆိုနေခဲ့တယ်။


ပြည်မက လွတ်လပ်ရေး ယူမယ်၊ commonwealth ဓနသဟာယ ထဲမှာလည်း မနေဘူး ဆိုတော့ကာ၊ တောင်တန်း ဒေသတွေမှာ ရွေးစရာ ၂ လမ်း ရှိလာတယ်။ ပြည်မနဲ့ ပေါင်းပြီး လွတ်လပ်ရေး အခု ယူမလား၊ အင်္ဂလိပ် လက်အောက်မှာ တောင်တန်းဒေသအနေနဲ့ ဆက်နေပြီး နောက်မှ commonwealth ထဲဝင်မလား ရွေးစရာ ၂ ခု ရှိလာတယ်၊ ၂ ခုရှိတော့ ၂ စု ကွဲတာပေါ့။ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားတွေကို လိုက်စည်းရုံးတုံးက တပြည်ထောင် unitary state နိုင်ငံတည်ထောင်ဖို့ ဖြစ်တယ်။ အင်္ဂလန်ကလည်း မြန်မာပြည်က တိုင်းရင်းသားအားလုံး ဆန္ဒနဲ့အညီ၊ အဆင်ပြေအောင် လွတ်လပ်ရေးကို ဘယ်လိုပေးရင်ကောင်းမလဲ စုံစမ်းဖို့ ကော်မရှင် တခု လွှတ်လိုက်တယ်။ တောင်တန်းသားတွေက နှစ်မျိုးစလုံး ရ အောင်၊ အခု လောလောဆယ် မြန်မာနဲ့ ပေါင်းပြီး လွတ်လပ်ရေး ယူမယ်၊ ဆယ်နှစ်ကြာလို့ အဆင်မပြေရင် အင်္ဂလိပ်နဲ့ ပြန်ပေါင်းမယ်။လောလောဆယ်လည်း ( တောင်တန်းဒေသ အုပ်ချုပ်ရေးနဲ့ အလားတူတဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ရေးရှိတဲ့ ) ပြည်နယ်အနေနဲ့ နေခွင့်ပေးပါ ကချင် က စတောင်းတယ်။ စုံစမ်းရေးကော်မရှင် ကိုယ်တိုင်က 'သူတို့က ပေါင်းမယ် ဆိုပေမည့်၊ အုပ်စုအားလုံးက ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်ဝ ဆုံးရဖို့ပဲ စိတ်အားထက်သန် နေကြတယ်၊ ဗဟိုအစိုးရ အားရှိမှာ မဟုတ်ဘူး" လို့ ပြောတယ်။ သူတို့ လိုချင်တာတွေ အကုန်ပါတဲ့ ဖွဲ့စည်းပုံ တခါတည်း တန်းရေးဖို့ မဖြစ်နိုင်ဘူး။ တဆင့်ချင်းတက်တဲ့ transitional constitution တခု အရင်ရေးပြီး တဆင့်ချင်းဆီ တက်သွားကြပါလို့ အကြံပေးသွားတယ်။


မကြာခင် တကမ္ဘာလုံးက နိုင်ငံတွေအားလုံး ကွန်မြူနစ်နိုင်ငံတွေ ဖြစ်သွားလိမ့်မည်လို့ ယုံကြည်တဲ့ ကွန်မြူနစ်တွေကလည်း သူတို့ အာဏာရဖို့ ကြိုးစားကြတယ်။  အိန္ဒိယကို လွတ်လပ်ရေးပေးတဲ့အခါ ဟိန္ဒူ အိန္ဒိယ နဲ့ မွတ်စလင် ပါကစ္စတန် ဆိုပြီး ၂ နိုင်ငံ ခွဲခြမ်းပြီး ပေးတော့မယ် သတင်းကြားတော့ ရခိုင်ပြည်မြောက်ပိုင်းကို ရောက်နေကြတဲ့ စစ်တကောင်းသား မွတ်စလင် တချို့ကလည်း ဘူးသီးတောင်၊ မောင်းတောကို ပါကစ္စတန် ထဲထည့်ပေးဖို့ ပါကစ္စတန်ခေါင်းဆောင်ကို တောင်းဆိုကြပေမည့် မရခဲ့ကြတော့ mujahid အမည်နဲ့ လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ကြပါတယ်။

 

၁၉၄၈ မှာ လွတ်လပ်ရေး ရတယ်။ 'ချင်း၊ ကချင်၊ ရှမ်း' ပြည်နယ်တွေ တခါတည်းပါတယ်။ တိုင်းပြုပြည်ပြု လွှတ်တော် စတာနဲ့ 'မွန်၊ ကရင်၊ရခိုင်' ကလည်း ပြည်နယ်တွေ တောင်းလာတယ်။ ရခိုင်အမတ် ဦးကျော်မင်းရဲ့ တင်ပြချက်အရ 'ကိုလိုနီခေတ်တုန်းက ဘယ်အစိုးရဝန်ထမ်းမှ ရခိုင်ကို မလာချင်ဘူး၊ ဒါကြောင့် ရခိုင်မှာ အုပ်ချုပ်ရေးပိုင်းမှာ ရခိုင်တွေချည်းပဲ ရှိခဲ့တော့ အဆင်ပြေတယ်။ ဖဆပလ ခေတ်မှာ ဖဆပလ လူ အရာရှိတွေချည်းပဲ၊ ရခိုင်အရာရှိ မရှိတော့ အဆင်မပြေတော့ဘူး၊ ဖဆပလ ခန့်တဲ့ အရာရှိတွေက ဖဆပလ မျက်နှာကိုပဲ ကြည့်နေတယ်၊ ရခိုင်ပြည်သူတွေစိတ် ကို နားမလည်တော့ အဆင်မပြေတော့ဘူး' လို့ ဆိုပါတယ်။ ဒီလို မကျေနပ်ချက်တွေကနေ ကိုယ်ပိုင်အုပ်ချုပ်ရေး ရှိတဲ့ ပြည်နယ်ရဖို့ တောင်းဆိုလာကြတာလို့ ဆိုပါတယ်။

Kyaw Min, U, Arakan State. Rangoon: Pyidawtha Press, ပုံနှိပ်နှစ် မပါ။


ဖဆပလ အစိုးရကလည်း ပြည်နယ်တွေ ထပ်မပေးချင်တော့ဘူးလို့ အထပ်ထပ်ငြင်းပါတယ်။ ပြည်နယ်အစား 'ရခိုင်ဝန်ကြီးနဲ့ ရခိုင်ကောင်စီ' ထားပေးမည် ပြောပါတယ်။ မတတ်သာတော့ ၁၉၄၈မှာ 'ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် စုံစမ်းရေးကော်မရှင်' ဖွဲ့ပေးပြီး စုံစမ်းစေပါတယ်။ ကော်မရှင်က ရခိုင်နဲ့ မြန်မာ ဟာ 'လူမျိုး၊ကိုးကွယ်သည့်ဘာသာ၊ ယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကား' အကုန်ကုန် အတူတူပဲ ဖြစ်တယ်၊ လူမျိုးကွဲ မဟုတ်လို့ သီးသန့် ပြည်နယ် ပေးစရာ မလိုဘူး' လို့ တင်ပြခဲပါတယ်။ − ပုံ 021

ဒီအခါမှာ ရခိုင်အမတ်တွေက "မိမိတို့သည် 'ရှမ်း၊ ကချင်၊ ကရင်၊ ကယား' စသော ပြည်နယ်များထက် သာလွန်သည်။ နှစ်ပေါင်း ၃၀၀၀ လောက် ကိုယ်ပိုင်နိုင်ငံ၊ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ နေလာလို့ 'ဆလုံ၊ နာဂ၊ ဂေါ်ရခါး၊ ကပြား' များနှင့် တန်းတူထားရှိခြင်းကို လက်မခံ နိင်ဘူး" လို့ ပြန်ပြောပါတယ်။ ပုံ − 022

ပါကစ္စတန် ခွဲထွက်တာကို အားကျပြီး 'ကရင်နစ္စတန်၊ မွန်နစ္စတန်၊ အာရကန်နစ္စတန်' တွေ ရဖို့ တောင်းဆိုလာကြပါတယ်။

ဖဆပလ ဘက်ကလည်း ကိုယ်မင်းကိုယ်ချင်းနဲ့ နေခဲ့တိုင်း ပြည်နယ်သီးသန့် ပေးစရာမလိုဘူး။ 'ပြည်၊ တောင်ငူ၊ အင်းဝ' မှာ နေတဲ့ မြန်မာတွေလည်း ရခိုင် ( ရခိုင်ကို မြန်မာနှင့် အတူတူ ဟု ယူဆထား) တွေလို ရာဇဝင် ရှိတာပဲ စသည်ဖြင့် ပြန်ချေပ ကြပြန်သည်။ ပုံ − 025


ဘူးသီးတောင်၊ မောင်းတောမှ စစ်တကောင်းသား အမတ်များက ရခိုင်ပြည်နယ် တောင်းတာကို မပေးချင်တဲ့ ဖဆပလ ဘက်ကနေ  ရပ်တည်ခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်တောင်းတိုင်း စစ်တကောင်းသား အမတ်များက 'ပြည်နယ်ပေးလိုက်ရင် ကုလား၊ ရခိုင် အဓိကရုဏ်း ဖြစ်နိုင်တယ်' ဆိုတဲ့ အကြောင်းပြချက်နှင့် ဖဆပလဘက်မှနေပြီး တောက်လျှောက် ကန့်ကွက်ခဲ့ကြပါတယ်။ ရခိုင်ပြည်နယ် ဆိုပြီး ရခိုင်ကိုယ်ပိုင်အုပ်ချုပ်ရေး ပေါ်လာရင်၊ ဘူးသီးတောင်၊ မောင်းတော က စစ်တကောင်းသားများက ရခိုင်အုပ်ချုပ်ရေးအောက်မှာ သူတို့တော့ မနေချင်ဘူး၊ သူတို့ကိုလည်း ကိုယ်ပိုင်အုပ်ချုပ်ရေးပေးပါ၊ မပေးနိုင်ရင် ပြည်မက ( တောင်တန်းဒေသလို ) တိုက်ရိုက်အုပ်ချုပ်ပါလို့ တောင်းဆိုခဲ့ကြပါတယ်။ ပုံ − 026


မြန်မာနဲ့ လူမျိုးတူလို့ ပြည်နယ်မရနိင်ဘူး ဆိုတာများလာတော့ ရခိုင် ဆိုတာ မြန်မာ နဲ့ မတူဘူး၊ တခြားစီ ဆိုတဲ့ လမ်းကို လှည့်လာတယ် လို့ဆိုပါတယ်။


၁၉၂၀ က ဦးစံရွှေဘု က "ရှေးရခိုင်သို့ အာရိယန်များ ဝင်ရောက်လာခြင်း အကြောင်း ဒဏ္ဍာရီ" ဆိုတဲ့ ပုံပြင်လေးတပုဒ်ကို JBRS စာစောင်မှာ ရေးဘူးပါတယ်။ အိန္ဒိယက လာတဲ့ မောင်နှစ်မတွေက အခု သံတွဲမြို့ကို တည်ထောင်ခဲ့တယ်ဆိုတဲ့ ဒဏ္ဍာရီ ဖြစ်ပါတယ်။

San Shwe Bu, “The Legend of the Early Aryan Settlements in Arakan”, Journal of the Burma Research Society 11, 2 (1921): 66-69.


အဲဒီ ဒဏ္ဍာရီကို အခြေခံပြီး ရခိုင်အမတ် ဦးကျော်မင်းက ရခိုင်တွေက Aryan အာရိယန်မျိုးနွယ်ဖြစ်တယ်၊ ဗမာတွေနဲ့ လူမျိုးမတူဘူးလို့ စတင် ရေးသားခဲ့ပါတယ် (၁၉၅၇ ?)။

Kyaw Min, U, Arakan State. Rangoon: Pyidawtha

Press, ပုံနှိပ်နှစ် မပါ။


နောက်ပိုင်းမှာ ဦးအောင်သာဦးက ရခိုင်တွေက အာရိယန် အမျိုးအနွယ် တင်မကဘူး၊ ဗုဒ္ဓနဲ့လည်း လူမျိုးချင်းတူတယ်၊ သကျ သာကီဝင် မျိုးနွယ်ဖြစ်တယ်လို့ ဆိုလာပါတယ်။ ပုံ −031

မှတ်ချက်- ယခုခေတ် ကမ္ဘာမှာ သကျ Shakhyas တွေက အာရိယန် Aryans မဟုတ်ဘူးလို့ ယူဆကြပါတယ်။ အဲဒီနောက်ပိုင်းမှာ ဆရာက ရခိုင်တွေက ဘယ်တုန်းကမှ လူမျိုးခြား၊ ဘာသာခြား နဲ့ ပေါင်းသင်းနေထိုင်တာ မရှိခဲ့ဖူးဘူးဆိုတဲ့ 'မျိုးစောင့်တရား' အကြောင်း ပြောလာပါတယ်။ ပုံ −032

ဦးအောင်သာဦး- "ဓညဝတီ၊ ရမ္မာဝတီ၊ မေဃဝတီ၊ ဒွါရဝတီ ဝတီလေးရပ် ပေါင်းစည်းအပ်သော ရက္ခမဏ္ဍလ ရခိုင်ရာဇဝင်၊ ၁၉၅၃"


(အာရိယန် မှတ်စု - စ )

အာရိယန် မှတ်စု : အဲဒီ ဒဏ္ဍာရီ ထဲမှာ အိန္ဒိယပြည်၊ အသိတဉ္စနမြို့ မှာ 'ဒေဝဂမ္ဘာ' မင်းသမီး မွေးတော့ ၊ သူကြီးလာရင် သူ့သားတွေက အမျိုးကို ပြန်သတ်လိမ့်မည် လို့ ဗေဒင် က ဟောတာနဲ့၊ ယောင်္ကျား မရအောင် မင်းသမီး ကို တပင်တိုင်မြနန်းနဲ့ ထားတယ်။ ဘုရင့်ညီ ရဲ့ သူငယ်ချင်း ရောက်လာပြီး မင်းသမီး နဲ့ ချစ်ကြိုက်သွားတယ်။ သူတို့ကနေ ယောင်္ကျားလေး မွေးရင်သတ်မည် ဆိုပြီးထားတယ်။ မင်းသမီးက မိန်းကလေး ၁ ယောက်၊ ယောင်္ကျားလေး ၁၀ ယောက်မွေးပြီး ၊ သူ့ အထိန်းတော်က မိန်းကလေး ၁၀ ယောက် မွေးလို့ ၊ ကလေးချင်း လဲပြီး မွေးစားထားကြတယ်။ အကြီးဆုံးကလေး နံမည်က ဝါသုဒေဝ။ ကလေးတွေ ကြီးတော့ ဦးလေး တွေကို ခေါင်းဖြတ်သတ်ပြီး တိုင်းပြည်ကိုသိမ်းတယ်။ သူတို့မောင်နှစ်မ တွေ ရခိုင်ပြည်ရောက်လာပြီး လေထဲပျံနေတဲ့ သံတွဲမြို့ကို မြေပေါ်ချ ပြီး တည်ခဲ့တယ် လို့ ဆိုပါတယ်။ ပုံ −027,028,029,030


အဲဒီ ဒဏ္ဍာရီ ထဲက လူနံမည်၊ မြို့နံမည် တွေက ဟိန္ဒူဘာသာရေးကျမ်းစာ မဟာဘာရတ Mahabharata ထဲက နံမည်တွေဖြစ်ပြီး ၊ သူတို့ဟာ အာရိယန် တွေလည်း မဟုတ်ဘူးလို့ ဆိုပါတယ် (ဆရာ နီမင်းသျှင်)။ ဆရာ စံရွှေဘု က အာရိယန်လို့ မှားယွင်းယူဆခဲ့ပုံ ရှိပါတယ်။ ဒီ ရခိုင် ဒဏ္ဍာရီ တွေနဲ့ အလားတူ ပုံပြင်တွေကို သီဟိုဠ် မဟာဝင်ကျမ်း ( 5th century CE ရေး ) မှာတွေ့ရပါတယ်။


သီဟဗာဟု ရဲ့ သား ဝိဇယ မင်းသား က ဘီလူးတွေ နေတဲ့ လင်္ကာဒီပ ကျွန်းကို ရောက်တော့ ဘီလူးမ ကုဝဏ္ကာ (မယ်ကုဝဏ်) နဲ့ ညားတယ်။ ကျွန်းနေ ဘီလူး တွေကို သတ်ပြီး ကျွန်းကိုသိမ်း၊ ပြီး လူတိုင်းပြည် တည်ထောင်တယ်။ နောက် မဓုရ ပြည်က ပဏ္ဍုမင်း ရဲ့ သမီးတော် (လူ မင်းသမီး) နဲ့ ဘိသိက်ခံတယ်။ သူ့ထီးနန်း ကို တူ ဖြစ်သူ ပဏ္ဍုဝါသုဒေဝ က ဆက်ခံတယ်။ ဗုဒ္ဓ ရဲ့ ဝမ်းကွဲ ညီမှာ သမီး ဘဒ္ဒကစ္စနာ ရှိတယ်။ ပဏ္ဍုဝါသုဒေဝ နဲ့ ဘဒ္ဒကစ္စနာ ယူပြီး သား ၁၀ ယောက်၊ နောက်တော့ သမီး စိတ္တာမင်းသမီး ကို မွေးတယ်။ စိတ္တာမင်းသမီး ကြီးလာရင် သူ့သားက အမျိုးကို ပြန်သတ်လိမ့်မည်လို့ ဗေဒင် က ဟောတာနဲ့၊ ယောင်္ကျား မရအောင် မင်းသမီး ကို တပင်တိုင်မြနန်း နဲ့ ထားတယ်။ ဒီလိုထားတဲ့ကြားက အမျိုးထဲက ဒီဃဂါမဏိ နဲ့ မင်းသမီး ညားပြီး ပဏ္ဍုကာဘယ ကို မွေးတယ်။ ဦးလေးတွေက တူလေး သတင်းကြားတော့ ၊ တူနဲ့ ရွယ်တူ ကလေးအားလုံးကို သုံးခါ သတ်လည်း ကလေး က လွတ်သွားတယ်။ ကလေးကြီးတော့ သူ့ဦးလေးတွေကို ခေါင်းဖြတ် သတ်လိုက်တယ်လို့ ဆိုပါတယ်။ ပုံ − 033, 034, 035


ဒီ တူ က ဦးလေးတွေကို ပြန်သတ်တဲ့ ဇာတ်လမ်းအပြင် မင်းသား က ကျွန်းပိုင် ဘီလူးမ နဲ့ ယူ ၊ ဒေသခံ ဘီလူးတွေကို သတ်ပြီး ကျွန်းကို သိမ်းယူတာလည်း ရခိုင်ရာဇဝင် နဲ့ သီဟိုဠ် မဟာဝင် တူပါသေးတယ်။ ပုံ −036, 037, 038 

ပညာရှင်တွေ အဆိုအရ တော့ သီဟိုဠ်သား တွေက ဗုဒ္ဓဘာသာ ဖြစ်လာပြီး ဗုဒ္ဓနဲ့ အမျိုးတော်ချင်လာတဲ့အခါ၊ သကျ ဖြစ်ချင်လာတဲ့အခါ ရှိပြီးသား မဟာဘာရတ Mahabharata ကျမ်းထဲက လူမျိုးနံမည်၊ မြို့နံမည် တွေယူပြီး ဇတ်လမ်းတွေ တီထွင်ရေးသားခဲ့တာလို့ ဆိုပါတယ်။ G. C. MENDIS, The Mahābhārata Legends in the Mahāvaṃsa 

မြန်မာပြည်က မွန်၊ ဗမာ နဲ့ ရခိုင် တွေလည်း ဗုဒ္ဓဘာသာ ဖြစ်လာပြီး၊ ဗုဒ္ဓနဲ့ အမျိုးတော်ချင်လာတဲ့အခါ၊ သကျ ဖြစ်ချင်လာတဲ့အခါ ရှိပြီးသား သီဟိုဠ်ကျမ်း မဟာဝင် ကို အတုယူပြီး ပုံပြင် ဒဏ္ဍာရီ တွေ ဖန်တီးခဲ့ကြပုံ ရှိပါတယ်။


ရခိုင် ဆိုတဲ့ စကားလုံးရဲ့ အဓိပ်ပါယျကိုလညျး အမျိုးမျိုးကြံဆကြပါတယ်။

၁. ဘီလူးတွေ သတ်တဲ့ ဇာတ်လမ်းက မဟာဝင် က လာတော့ ရခိုင်ပြည် နဲ့ အဆက်အစပ် ရှိချင်မှ ရှိမယ်။

၂. ရခိုင် ဆိုတာ အစက လူမျိုးအမည် မဟုတ်၊ နေရာဒေသ အမည် ဖြစ်တယ်။

၃. ရခိုင် ဆိုတဲ့ စကားလုံး က မြန်မာစကားလုံး ဖြစ်မယ် ဆိုရင် ရခိုင် ဆိုတာ 'တောတန်း' ကို ခေါ်တာ ဆိုတဲ့ ဆရာတော် အရှင်စက္ကိန္ဒ ရဲ့ အဆိုအမိန့်ကို ထည့်သွင်းစဉ်းစား သင့်ပါတယ်။ ပုံ − 044, 045 

(အရှင်စက္ကိန္ဒ_ရခိုင်ယဥ်ကျေးမှုများ.vol.72.1996)

(Judsons.Burmese.English.Dictionary.

Revised_R.Stevenson.1893)

(အာရိယန် မှတ်စု − ဆုံး )


အဲဒီနောက်ပိုင်းမှာ ညွန့်ဦး၊ ကျော်ရင်၊ ထွန်းအောင်ကျော်၊ လှထွန်းဖြူ၊ မောင်ဦးကျော် စသူများမှ "ရခိုင်က မြန်မာထက်အရင် ဗုဒ္ဓဘာသာဖြစ်တာ၊ ပိုယဉ်ကျေးမှုမြင့် တယ်၊ ရခိုင်စကားပြောတဲ့ သူ အားလုံးက ရခိုင်လူမျိုး ဖြစ်တယ်၊ ရခိုင်စကား နဲ့ မြန်မာစကား မတူဘူး" ဆိုပြီး ပြောဆိုရေးသားလာကြပါတယ်။ ပြည်နယ် ရဲ့ နယ်နမိတ် အနေနဲ့ မြောက်ပိုင်း နဲ့ တောင်ပိုင်း ၂ စလုံးကို ပေါင်းစည်းပြီး ရခိုင်ပြည်နယ် လို့ ခေါ်လာကြတယ် ဆိုပါတယ်။ ရှေးက နေရာဒေသ အလိုက်၊ အမျိုးအနွယ်လိုက်၊ အလုပ်အကိုင်လိုက် ခွဲခြားခေါ်ဝေါ်ခဲ့တာ အားလုံးကို မေ့ပြီး 'ရခိုင်လူမျိုး ( အရင်ကမရှိ၊ အသစ် )' တခုတည်း လို့ပေါင်းစည်းခေါ်ဝေါ်လာကြတယ် ဆိုပါတယ်။ ပုံ − 039 

အစ ပိုင်းမှာ လူတိုင်းက သဘောတူကြတော့ မဟုတ်ဘူး လို့ ဆိုပါတယ်။

ရမ်းဗြဲ − ရခိုင် လို့ စာရင်းမပေး၊ မြန်မာ လို့ ပေး - ပုံ − 040 ( Smart, R. B., Burma Gazetteer (Akyab

District). Rangoon: Govt.

Printing and Stationery, 1917. (Vol. A)

သံတွဲ − ရခိုင် ပြည်နယ်ထဲမပါလို၊ ပုသိမ်ခရိုင်ထဲပါလို - ပုံ − 041


ဒီလို ဖြစ်ရတာဟာ 'အပြင်လူများရဲ့ အမြင်၊ အခေါ်အဝေါ်' exonym တွေကြောင့်လည်း ပါတယ်လို့ ကိုကျော်မင်းထင် က ဆိုပါတယ်။ မြန်မာအမတ် စည်သူဂါမဏိသင်္ကြန် က ၁၈၈၆ မှာ ရခိုင်ရာဇဝင် ကျမ်း ပြုတဲ့အခါ ရှေးဗမာဘုရင်တွေခေတ်ကလို တောင်၊ မြောက် မခွဲခြားတော့ပဲ ရခိုင် ဆိုရင် အကုန်လုံးပါတဲ့ သဘောနဲ့ ရေးသားလာပြီ။ အင်္ဂလိပ်အစိုးရကလည်း သူ့ ကိုလိုနီ နယ်တွေမှာ

၁. သန်းကောင်စာရင်း ( လူမျိုး ဘယ်နှစ်မျိုးရှိ...စသည် )

၂. မြေပုံ ( ဘယ်နယ်မှာ ဘယ်လူမျိုးနေသည်..စသည် )

၃. ပြတိုက် ( ဘယ်သူ က ဘယ်သူ ဆင်းသက် တယ်.. စသည်ဖြင့် )

သူ စိတ်ထင်ရာ အတင်း သတ်မှတ်တဲ့ အကျင့်ရှိတယ်။

ရခိုင် ကိုလည်း ဘာမှမခွဲတော့ပဲ အားလုံးကို Arakan, Arakanese လို့ ခြုံခေါ်ဝေါ်ခဲ့တယ်။ 

စစ်တကောင်းသား မွတ်ဆလင်တွေကိုလည်း အရင်ရောက်၊ နောက်ရောက် မခွဲပဲ “Mahomedans” လို့ အကုန်သိမ်းကြုံး မှတ်တမ်းတင်ခဲ့တယ်လို့ ဆိုပါတယ်။


အစက ကိုယ်ကိုကိုယ် မြန်မာ လို့ သတ်မှတ်ခဲ့တဲ့ သူတွေက၊ အခုတော့ သူတို့က မြန်မာမဟုတ်ဘူးဆိုပြီး အတင်းငြင်းဆန် ( de-Myanmarisation )တာ၊ လူမျိုး ပြောင်းသွားတာဟာ

၁. ကိုလိုနီစံနစ် ၏ သတ်မှတ်ချက်

၂. ဒုတိယကမ္ဘာစစ်အပြီး မျိုးချစ်စိတ် တက်ကြွချိန်

၃. ကိုယ်ရောက်နေရာ နေရာ၏ နိုင်ငံရေး၊ လူမှုရေး အခြေအနေ သုံးချက်ပေါ် မူတည်ပြီး ပြောင်းသွားတာလို့ ကိုကျော်မင်းထင် က ဆိုပါတယ်။


ရခိုင်ပြည်နယ် ကိစ္စကို ဆက်ပြောပါမယ်။

၁၉၅၈ မှာ ဖဆပလ အဖွဲ့ကြီး က သန့်ရှင်းနဲ့ တည်မြဲ ဆိုပြီး ၂ ဖွဲ့ကွဲသွားပါတယ်။ တည်မြဲက လက်ရှိအစိုးရ အပေါ် အယုံအကြည်မရှိ အဆိုတင်တဲ့အခါ အရင် အတိုက်အခံ ပမညတ နဲ့ ရခိုင်ပါတီ ရတည က ကယ်လိုက်လို့ မပြုတ်ကျတာ ဖြစ်ပါတယ်။ အဲဒီမှာ ရတည အလိုကျ ရခိုင်ပြည်နယ်ပေးဖို့ ဦးနု က သဘောတူလိုက်ပါတယ်။

နိင်ငံရေး အကြပ်အတည်းတွေ ဖြစ်လာပြီး ဦးနေဝင်း ခေါင်းဆောင်တဲ့ အိမ်စောင့်အစိုးရ ခန တက်လာပါတယ်။ အဲဒီနောက် ၁၉၆၀ ရွေးကောက်ပွဲမှာ သန့်ရှင်းပဲ ပြန်နိင်ပြီး ဦးနု က သူ့ကတိ အတိုင်း ရခိုင်ပြည်နယ်ပေးဖို့ စတင် ဆောင်ရွက်ပါတယ်။ အဲဒီအခါ မှာ ဘူးသီးတောင်၊ မောင်းတော က စစ်တကောင်းသား တွေ ပျာယာခတ်ပြီး သူတို့ကို ဘယ်လို အခွင့်အရေးတွေ ပေးရင် ရခိုင်ပြည်နယ်ထဲ ဆက်နေမယ်၊ မရရင် သူတို့ကို သီးသန့်ကိုယ်ပိုင်အုပ်ချုပ်ရေး နယ်မြေပေးရမည် တောင်းဆိုကြတယ်။ ကိုယ်ပိုင်နယ်မြေရဖို့ ရိုဟင်ဂျာ ဇာတ်လမ်းကို ရှေ့တန်းတင်လာကြတယ်။ အဲဒီ အချိန်မှာပဲ ရှမ်းပြည် က ဦးဆောင်ပြီး Federal မူကို တင်ပြလာပါတယ်။ အဲဒီ တင်ပြမှုကို အကြောင်းပြပြီး ဦးနေဝင်း က ၁၉၆၂ မှာ အာဏာသိမ်းလိုက်တဲ့အခါမှာ အားလုံး တခန်းရပ်သွားပါတယ်။

နောက် ဦးနေဝင်း က ၁၉၇၄ မှာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အသစ်ရေးပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဥ် ကို ထူထောင်တဲ့အခါကျမှ ရခိုင်တွေကို နံမည်ခံ ရခိုင်ပြည်နယ် ဆိုပြီး သတ်မှတ်ပေးပါတယ်။ ပြည်နယ်ရလို့ ဝမ်းသာနေတဲ့ ရခိုင်တွေက ရခိုင်ဝတ်စုံ တည်ထွင်ကြတယ်၊ ရခိုင်သီချင်းတွေ ရေးကြတယ် ပြီး ရခိုင်ယဉ်ကျေးမှု ကို မြှင့်တင်လာခဲ့ကြပါတယ်။ ပုံ − 042

အရင်က ရှိခဲ့တဲ့ diversity ကို မေ့လိုက်ပြီး ထုံးစံအတိုင်း အင်္ဂလိပ်ကိုလိုနီ အစိုးရကို လွှဲချလိုက်ပါတယ် ။ ပုံ − 043


-----------

**ဗိုလ်မင်းထောင်**


ရခိုင်သားတွေက သူတို့ဟာ မြန်မာမဟုတ်ဘူး ဆိုပြီး အတင်းငြင်းဆန် ( de-Myanmarisation ) ခဲ့ကြသလို ၊ တချို့သော ရခိုင်သားများကလည်း သူတို့ဟာ ရခိုင်သားမဟုတ်ဘူးလို့ ငြင်းဆန် ( de-Arakanisation ) ခဲ့ကြတဲ့ အကြောင်း ဆက်ပြောပါမယ်။


(နောက်ခံ သမိုင်းကြောင်း)

၁၅၇၈ မှာ ရခိုင်ဘုရင်က စစ်တကောင်းကို သိမ်းနိုင်ခဲ့တယ်။ အစပိုင်းမှာ ဒေသခံ မွတ်စလင် စစ်တကောင်းသားတွေကိုပဲ (စစ်တကောင်းစား)ရာထူးခန့်ပြီး အချင်းချင်း အုပ်ချုပ်ခိုင်းတယ်။ ၁၅၈၁ က စပြီး ရခိုင်ဘုရင်က သူယုံကြည်သူကို စစ်တကောင်းဘုရင်ခံ (အနောက်ဘုရင်၊ အနောက်ဘဝသျှင်၊ စစ်တကောင်းမင်း) ခန့်ပြီး အုပ်ချုပ်စေတယ်။ မြောက်ဦး ဗဟိုပြု ရခိုင်အသိုင်းအဝိုင်းနဲ့ စစ်တကောင်း ဗဟိုပြု ဘင်္ဂအသိုင်းအဝိုင်း ဆိုပြီး တနိုင်ငံတည်း၊ အသိုင်းအဝိုင်း ၂ ခု ( one kingdom, two mandalas ) အနေနဲ့ အုပ်ချုပ်ခဲ့တယ်။ ရခိုင် ကနေ စစ်တကောင်း ကို ဘုရင်က နေရာချ ပေးလို့ တာဝန်နဲ့၊ စီးပွားရေးကိစ္စနဲ့ သွားနေရတဲ့ ရခိုင်သား တွေ ရှိလာတယ်။ ပုံ − 050

စစ်တကောင်း က ရခိုင်လက်အောက်မှာ ၈၈ နှစ်ကြာ ရှိနေခဲ့ပြီး ၁၆၆၆ မှာ မဂိုလ် ဘုရင်တွေ လက်အောက်ကို ရောက်သွားတယ်။ မဂိုလ် ဘုရင်တွေ လက်အောက် မနေချင်တဲ့ ရခိုင်သားတွေက စစ်တကောင်းတောင်ရိုး (Chittagong Hill Track - CHT ) ဘက် တက်သွားကြတယ်။ နောက် နှစ် ၁၀၀ လောက်အကြာ ၁၇၆၀ မှာ စစ်တကောင်းကို British East India Company က ရသွားတယ်။ သူတို့က စစ်တကောင်းမှာ လယ်လာလုပ်ဖို့ ဖိတ်ခေါ်လို့ သွားတဲ့ ရခိုင်ကနေ သွားရောက် အခြေချသူတွေလည်း ရှိခဲ့တယ်။ နောက် နှစ် ၂၅ အကြာ ၁၇၈၅ မှာ ရခိုင် ကို မြန်မာဘုရင် သိမ်းတယ်။ မြန်မာဘုရင်က အခွန်ကောက်တာ၊ လုပ်အားပေးခိုင်းတာ၊ စစ်သားစုဆောင်းတာ ကြမ်းတော့ စစ်တကောင်းကို ထွက်ပြေးတဲ့ ရခိုင်သား ( လူမျိုးပေါင်းစုံ ) ဒုက္ခသည်တွေ ရှိလာတယ်။ သူတို့ကို ဗြိတိသျှတွေက ကာကွယ်ပေးထားလို့ တောင်ပေါ်အထိ တက်ပြေးစရာ မလိုပဲ၊ လွင်ပြင်တွေမှာ စခန်းချနေရင်း Cox's Bazar ဒုက္ခသည်စခန်း ဆိုပြီး ပေါ်လာတယ်။ ဗိုလ်ချင်းပျံ ( ၁၇၉၈ - ၁၈၁၅ ) ဦးဆောင်တဲ့ ရခိုင်သူပုန်တပ်နဲ့ မြန်မာတပ်တွေကြား တိုက်ပွဲတွေကြောင့် ပြေးကြရသူတွေလည်း ရှိခဲ့တယ်။ နောက် နှစ် ၄၀ အကြာ ၁၈၂၅ မှာ ရခိုင်ပြည်ကို မြန်မာ လက်ထဲကနေ အင်္ဂလိပ် က သိမ်းလိုက်တယ်။ စစ်တကောင်းဘက် ရောက်နေတဲ့ ရခိုင်တွေ အင်္ဂလိပ် ကိုလိုနီ ရခိုင်ပြည်ဘက်ကို တဖွဲဖွဲ ပြန်လာကြတယ်။ တချို့ကတော့ စစ်တကောင်း ဘက်မှာ အခြေကျပြီးဆက်နေကြတယ်။


CHT ဒေသ မြေပုံနဲ့ အဲဒီနယ်ထဲ ရောက်နေတဲ့ ရခိုင်သား (ရခိုင်စကားပြောသူ) တွေ နေကြပုံကို မှတ်သားထားပါ။ ပုံ − 051,052

Chittagong Hill Tracts (CHT) ဒေသမှာ Bomong + Mong + Magh/Mog ဆိုပြီး ရခိုင်သား ၃ စု ရောက်နေတယ်။

၁) Bomong ( Bandarban District, Bangladesh ) -

ရခိုင်ဒေသက လာတဲ့ မြန်မာလူမျိုး “Marma”၊ ပဲခူးက လာတဲ့ မွန်လူမျိုး

၂) Mong ( Khagrachari District, Bangladesh )- 

ရခိုင် မင်းအဆက် လို့ ပြော၊ မင်းရာဇာ ဘွဲ့ခံ −>

1951 ဥပဒေ အရ ၊ မြန်မာ “Marma” အဆက်ပြန်ဖြစ်

၃) Magh/Mog ( Tripura District, India ) - Magh/Mog လူမျိုး နံမည်ခံ


အထက်ကဖေါ်ပြခဲ့တဲ့အတိုင်း ၁၉၅၀ ပတ်ဝန်းကျင်မှာ ရခိုင်လူမျိုး ဆိုတာ ပေါ်ပေါက်လာပြီး မြန်မာနိုင်ငံအတွင်းက ရခိုင်တပြည်လုံးမှာ ပြန့်နှံ့သွားပါတယ်။

၁၉၇၀ ကျော်လောက်မှာ မြန်မာအစိုးရ လိုက်လံဖမ်းဆီးတာကို ရှောင်ပုန်းရင်း ဒေါက်တာ ခင်မောင်နဲ့ မောင်ကျော်လှိုင် ဆိုတဲ့ ရခိုင်အမျိုးသားရေးဝါဒီ ၂ ယောက် ဘင်္ဂလားဒက်ရှ် နိုင်ငံထဲက စစ်တကောင်းဒေသကို ရောက်လာပြီး အဲဒီဒေသမှာ အခြေချ နေနေကြတဲ့ ရခိုင်စကားပြောသူတွေကို ရခိုင်လူမျိုးအဖြစ် ခံယူကြဖို့ စည်းရုံးခဲ့ကြပါတယ်။ ငါတို့ဟာ ရခိုင်လူမျိုးတွေ ဖြစ်တယ် ဆိုတဲ့ အိုင်ဒီယာက Patuakhali ဒေသ မှာ ၁၉၇၄−၇၅ အတွင်း၊

Cox’s Bazar ဒေသ ကို ၁၉၈၀ လောက်မှာ ပြန့်နှံ့သွားပါတယ်။ ကိုယ့်ကိုကိုယ် ရခိုင် လို့ သတ်မှတ်ပြီး၊ ရခိုင် အသင်းတွေ ထောင်တာ၊ ရခိုင်မဂ္ဂဇင်းတွေ ထုတ်တာတွေ ဆောင်ရွက်ခဲ့ကြပါတယ်။

ဒါပေမည့် အဲဒီ အိုင်ဒီယာ က အထက်က CHT နယ် ၃ နယ်မှာ တိုးမပေါက်ခဲ့ပါဘူး။

Bandarban ခရိုင်မှာ နေတဲ့ Bomong ဗိုလ်မင်း အမျိုးအနွယ်တွေက သူတို့ဟာ 'မြန်မာ Marma' လို့လည်း ပြောတယ်၊ 'မွန်' လို့လည်း ပြောပါတယ်။ သူတို့ လူမျိုးရဲ့ နောက်ကြောင်းရာဇဝင်ကို ဒီလို ရှင်းပြပါတယ်။

အရင် ၁၅၉၉ ခုနှစ်မှာ ရခိုင်နဲ့ မြန်မာ ပေါင်းပြီး ပဲခူးကို သိမ်းယူခဲ့ဘူးတယ်။ အပြန်မှာ သုံ့ပန်းတွေ ဖမ်းလာပြီး ရခိုင်မှာ အခြေချပေးခဲ့တယ်။ ဗိုလ်မင်းတွေ အဆိုအရ အဲဒီ ပဲခူးမင်း နန္ဒဘုရင်ရဲ့သား မောင်စောပျံ Maungsawpyan က မွန် နောက်လိုက် သုံးသောင်းသုံးထောင်နဲ့ ရခိုင်ပြည်ကို လိုက်လာရတယ်။ ရခိုင်ဘုရင်က သူတို့ကို ဒီ စစ်တကောင်းတောင်ရိုး CHT မှာ သွားအုပ်ချုပ်ဆိုလို့ သူတို့ ဒီကိုလာအခြေချတယ်၊ ဒီ မွန်ဘုရင့်သား ဘိုးဘွား ကနေ သူတို့တွေ ဆင်းသက်လာတယ်လို့ ဗိုလ်မင်းတွေက ပြောပါတယ်။ ဘုရင်မျိုးမို့ ရာဇာဘွဲ့ကို ဆက်ခံကြရပါတယ်။ သူတို့ရဲ့ ဇာတ်လမ်းက စိတ်ဝင်စားဖို့ ကောင်းလွန်းလို့ သုတေသနသမား ဘိုတွေ က ဖြန့်ရင်း တကမ္ဘာလုံးမှာ နံမည်ကြီးသွားပါတယ်။ ဒါပေမည့် စိတ်ဝင်စားတဲ့ သုတေသီတွေက မင်းတို့ မျိုးရိုးစဉ်ဆက် ရာဇဝင်မှတ်တမ်းတွေ ပြပါ တောင်းတိုင်း မီးလောင်သွားပြီတို့၊ သူခိုးခိုးခံလိုက်ရတယ်တို့ လျှောက်ပြောတယ်။ နောက်ပိုင်း မသင်္ကာလို့ ပြန်လိုက်ကြတဲ့အခါ ၁၉၀၀ ရှေ့ပိုင်းတုန်းက သူတို့က ရခိုင်ပြည်က လာတယ်ပဲ ပြောခဲ့တယ်။ ၁၉၀၀ နောက်ပိုင်းမှ ဒီ မွန်ဘုရင်ဇာတ်လမ်း ခေတ်စားလာတာ ပြန်တွေ့ရတယ်။ ရှေးမှတ်တမ်းတွေမှာလည်း ပဲခူးက သုံ့ပန်းတွေကို ရခိုင်ကမ်းရိုးတန်းနဲ့ ရခိုင်တောင်ရိုး Arakan Hill Track မှာ နေရာချခဲ့တာပဲ ရှိတယ်။ ဒီ ဗိုလ်မင်း မျိုးတွေက မွန်စကားလည်း တလုံးမှ မတတ်ဘူး။ ဘုရင့်နောင် ကလည်း မွန် မဟုတ်ဘူး။


သေချာပြန်ဆက်စပ်ကြည့်ကြတော့မှ သူတို့က အစောပိုင်းက ပြောသလို ရခိုင်ပြည်ကနေ CHT ကို ပြောင်းလဲ အခြေချလာတဲ့ မြန်မာ Marma (ရခိုင်၏ မူရင်းလူမျိုးအမည်)တွေ ဖြစ်တယ်။ စစ်တကောင်းကို မဂိုလ်တွေ သိမ်းတဲ့ ၁၆၆၆ ကစပြီး တသုတ်ပြီး တသုတ် ဒီဒေသကိုရောက်လာကြတယ်။ ၁၇၈၅ မှာ ရခိုင် ကို မြန်မာဘုရင် သိမ်းတယ်၊ ရခိုင်မျိုးချစ်တွေက မြန်မာဘုရင်ကို တော်လှန်ရာက ဒုက္ခသည် ရခိုင်တွေ CHT ကို ထပ်ရောက်လာတယ်။ နကိုယ်ရောက်ပြီး အသုတ်နဲ့ အသစ်ရောက်တဲ့ အသုတ် အုပ်စု ၂ စု ကွဲနေတယ်။ ၁၇၉၄ မှာ အင်းဝတပ် တွေ ဘင်္ဂလားနယ်ထဲ အထိ ဝင်လာပြီး တရားခံပြေး လိုက်ဖမ်းတယ်။ အင်္ဂလိပ်က အလျော့ပေးပြီး တရားခံပြေး အချို့ကို ပြန်အပ်လိုက်တယ်။ အဲဒီမှာ အရင်ရောက်နေတဲ့ ရခိုင်သားတွေက နောက်ရောက်တဲ့ ရခိုင်သားနဲ့ မှား အဖမ်းခံရမှာ ကြောက်ပြီး၊ သူတို့က ရခိုင်သား တွေမဟုတ်ပါဘူးလို့ ငြင်းဆန် ( de-Arakanisation ) ခဲ့ကြတာ ဖြစ်မယ်။ ပဲခူး က သုံ့ပန်းတွေ ဖမ်းလာတဲ့ ရာဇဝင်လည်း ကြားဖူးတော့ ရောကြိတ်လိုက်တာ ဖြစ်မယ်လို့ တွက်ဆကြပါတယ်။


ဘင်္ဂလားလူမျိုးတွေကတော့ ရခိုင်သား မှန်ရင် Magh/ Mog လို့ပဲ အကုန်သိမ်းကြုံး ခေါ်လေ့ရှိတယ်။ ၁၉၄၇ မှာ အိန္ဒိယနဲ့ ပါကစ္စတန် ဆိုပြီး နှစ်နိုင်ငံခွဲတော့ Mong တွေ နစ်ခြမ်းကွဲပြီး အရှေ့ပါကစ္စတန်(နောင်တွင် ဘင်္ဂလားဒက်ရှ်)ဘက်က Khagrachari ခရိုင်မှာ တစု၊ အိန္ဒိယဘက်ခြမ်း Tripura မှာ တအုပ်စု ကွဲသွားတယ်။ Tripura ရောက်တဲ့ Mong အုပ်စုက အေးဆေးဖြစ်သွားတယ်။ ဘင်္ဂလားလူမျိုးတွေက သူတို့ကို ခေါ်နေကြ Magh/Mog လူမျိုးလို့ အခေါ်ခံလိုက်တယ်။ အပြင်လူ ခေါ်တဲ့ exonym အတိုင်း အတွင်းမှာလည်း endonym မှာလည်း လိုက်ခေါ်လိုက်ကြပုံ ရှိတယ်။ ၁၉၇၀−၈၀ မှ ရခိုင်အမျိုးသားရေးဝါဒီတွေ CHT ရောက်တော့လည်း သူတို့ဆီ မရောက်တော့ လူမျိုးထပ်မပြောင်းတော့ဘူး။


၁၉၅၁ အရှေ့ပါကစ္စတန် သန်းကောင်စာရင်းကောက်တဲ့အခါမှာ Magh/Mog ဆိုတဲ့ အခေါ်အဝေါ် (နှိမ်ချတဲ့ သဘောပါ) ကို “Marma” နဲ့ အစားထိုးပြီး ကောက်ခံခဲ့တယ်။ ၁၉၉၈ ခု Chittagong Hill Tracts Regional Council Act ဥပဒေအရ “Marma” လူမျိုးဆိုတာကို တရားဝင် အသိအမှတ်ပြုလိုက်တော့ အခု Bomong ကော၊ Khagrachari ခရိုင်က Mong တွေကော အကုန် “Marma” လူမျိုး ဖြစ်သွားကြတယ်။ သူတို့အချင်းချင်းကြားမှာတော့ ရှေးအခေါ်အဝေါ်အတိုင်း "ရေကြည်သား၊ ချောင်းသား၊ မရိုးသား၊ ကော့ကတန်းသား၊ လောင်ကဒူးသား" လို့ ခေါ်ကြဆဲပဲလို့ ဆိုပါတယ်။


( Timeline for reference )

၁၅၉၉ မြန်မာနဲ့ ရခိုင် ပဲခူးကိုသိမ်း၊ 

နန္ဒဘုရင်မျိုးဆက် မောင်စောပြန် ဓညဝတီမှာ နေရာက ၁၆၁၄ မှာ မွန်နောက်လိုက် ၃၃၀၀၀ နဲ့ တကွ chittagon ကို ဘုရင် အဖြစ်နဲ့ ပြောင်းလာတယ် ပြော

၁၇၈၅ ဘိုးတော် ရခိုင်ကိုသိမ်း

၁၇၉၈ က Francis Hamilton ကို မြန်မာလူမျိုး၊ ရခိုင်က လာတာ လို့ ပြော၊

၁၈၆၉ က Lewin ကို ရခိုင်သား၊ ကုလားတန်က လာတာလို့ ပြော − ဗမာဘုရင် လာတိုက်လို့ ပြေးလာတယ် ပြော

၁၈၉၆ က Lethbridge ကို ရခိုင်သား၊ ကုလားတန်က လာတာလို့ ပြော၊  နန္ဒဘုရင် မျိုးဆက် ၁၇၇၆ မတိုင်မီ CHT ရောက်− ( ၁၇၉၄ ဗမာ စစ်တကောင်းကိုဝင်) ဗမာဘုရင် လာတိုက်လို့ ပြေးလာတယ် ပြော

၁၉၀၆ Hutchinson ကို "၁၅၉၉ ဗမာ နဲ့ ရခိုင် ပဲခူးကိုသိမ်း၊ နန္ဒဘုရင် မျိုးဆက် မောင်စောပြန် ဓညဝတီမှာနေရာက ၁၆၁၄ မှာ မွန်နောက်လိုက် ၃၃၀၀၀ နဲ့တကွ chittagon ကို ဘုရင် အဖြစ်နဲ့ပြောင်းလာတယ်" ပြော

၁၉၂၆ J P Mills မီးလောင်သွားပြီပြော

၁၉၆၁ G H Harvey

၁၉၆၇ Lucien Bernot အခိုးခံရ လို့ ပျောက်ကုန်ပြီပြော

၁၉၆၈ Loffler မသင်္ကာဖြစ်


ဒါကတော့ ကိုယ် ဘာလူမျိုးလဲ ဆိုတာကို တခါတလေ "ကိုယ်ရောက်နေတဲ့ နေရာရဲ့ နိုင်ငံရေး၊ လူမှုရေး အခြေအနေ" ကို ကြည့်ပြောတတ်ကြတယ် ဆိုတဲ့ ဥပမာ ပဲလို့  ကိုကျော်မင်းထင် က ဆိုပါတယ်။


----


ကိုကျော်မင်းထင် က NUS မှာ PhD ဘွဲ့အတွက်
၂၀၁၇ က တင်တဲ့ အောက်ပါစာတမ်း ကို
အတိုချုပ်ပြန်ရေးပေးထားပါတယ်။ 

PART-01
WHERE MAṆḌALAS OVERLAP: HISTORIES,
IDENTITIES AND FATES OF THE PEOPLE FROM
ARAKAN AND SOUTH-EASTERN BANGLADESH

original စာတမ်းကို အောက်က Link မှာ Download
လုပ်ယူလို့ ရပါတယ်။
https://scholarbank.nus.edu.
sg/bitstream/10635/137524/1/Kyaw%20Minn
%20Htin%20_%20PhD%20thesis%202017.pdf

ရှေ့နောက် ဖြစ်ရပ်တွေကို ဆက်စပ် နားလည်လွယ်ဖို့ အောက်ပါ Link က timeline နှင့် တိုက်ဆိုင်ကြည့်ရှု နိုင်ပါတယ်။
https://www.facebook.com/myo.than.
18/posts/4575679882453176

အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် နောက်ခံသမိုင်းကို အောက်ပါ မှတ်စုမှာ ကြည့်လို့ ရပါတယ်။
https://www.facebook.com/myo.than.
18/posts/1576998538988007

ကျွန်တော် ဖတ်လို့ နားလည်သလောက် ပြန်ရေးပေးထားပါတယ်။ အမှားတွေ့လျင် အများအကျိုးအတွက် ကျေးဇူးပြုပြီး ပြင်ပေးစေချင်ပါတယ်။ (အာရိယန် မှတ်စု) ဆိုတဲ့ စာပိုဒ်ကတော့ မှတ်စုရေးသူ ထင်ရာမြင်ရာ ထည့်ရေးထားတာ ဖြစ်ပါတယ်။ Myanmar Wiki နဲ့ ebook creator များ အားလုံးကို ကျေးဇူးတင်ပါတယ်။

Credit - Myo Than
Photos Credit 
Amazing Burma - The Golden Land 
#AmazingBurmaTheGoldenLand
#ရခိုင်သည်မြန်မာ
#ရခိုင်သည်ဗမာ
#မြန်မာမျိုးနွယ်စု
#ရခိုင်သမိုင်း
#မြန်မာ့သမိုင်း
#History
#AmazingBurma
#HistoryofBurmese
#HistoryofRakhine
#HistoryofArakan
#HistoryofMyanmar

No comments:

Post a Comment