အိဗ္ဗနုဘတ္တူတာ တွေ့ရှိခဲ့သည့် ထူးဆန်းသောပြည်တစ်ပြည်
————————————————————
၁၄ ရာစု မိုရိုကိုနိုင်ငံသား ကမ္ဘာလည်ပတ်ခရီးထွက်ခဲ့သူ မိုဟမ္မဒ် အိဗ္ဗနု ဘတ္တူတာဟာ သူရဲ့ နှစ် ၃၀ ခန့် စွန်းစားခရီးအတွင်း တွေ့မြင်သမျှကို မှတ်တမ်းတင်ခဲ့တယ်။ နောင်တွင် Rihlah (အူရ်ဒူ- Safar Nama| အင်္ဂလိပ်- Travels of Ibn Battuta) နာမည်နဲ့ ကမ္ဘာကျော် ခရီးသွားမှတ်တမ်းစာအုပ် ထုတ်ဝေခဲ့တယ်။ သူ့ရဲ့စွန်းစားခန်းဟာ ကိုလမ်ဘစ်၊ ဗစ်ကိုဒဂါးမား၊ မာကိုပိုလို တို့လို အာရပ်ကမ္ဘာမှာ ထင်ရှားပါတယ်။
ကမ္ဘာကျော် အိဗ္ဗနု ဘတ္တူတာရဲ့ ခရီးသွားမှတ်တမ်းမှာ ထူးဆန်းတဲ့ လူမျိုးတွေ၊ နေရာဒေသတွေ ဓလေ့ထုံးထမ်းတွေ၊ အဖြစ်အပျက်တွေကို တွေ့မြင်ရတယ်။ ဒီပို့စ်မှာ ထူးဆန်းတဲ့ ပြည်တစ်ပြည်အကြောင်းကို တင်ပြပေးပါမယ်။
အိဗ္ဗနုဘတ္တူတာဟာ အရှေ့တောင်အာရှ ခရီးစဉ်ကိုစတင်ခဲ့ရာ စစ်တကောင်းမှ ဂျာဗာ၊ ဆူမတြာသို့ ထွက်ခွာရန် ရွက်လွှင့်ဖို့ အသင့်ဖြစ်နေတဲ့ သင်္ဘောတစ်စင်းပေါ်တက်ကာ လိုက်ပါခဲ့တယ်။ ဂျာဗာဟာ အဲဒီနေရာမှ ရက်ပေါင်း လေးဆယ်ကြာ ခရီးနှင်ရတယ်။ သင်္ဘောလွင့်ကာ ဆယ့်ငါးရက်ကြာပြီးနောက် ဘတ္တူတာတို့ဟာ ဗြာဟ်နကား [Barahnakar]တွေရဲ့ ပြည်ကို ရောက်သွားတယ်။ အဲဒီပြည်ကလူတွေဟာ အိန္ဒိယဘက်က ဘာသာကိုးကွယ်တဲ့လူမျိုးလဲမဟုတ်သလို တခြားဟာလဲ မဟုတ်ဘူး။ အက်စကောတိပ် လူမျိုးတွေလိုပါပဲ။ သူတို့ဟာ ပင်လယ်ကမ်းစပ်အနီး သက်ကယ်အမိုးပါတဲ့ ဝါးအိမ်တွေမှာ နေထိုင်ကြတယ်။ အဲဒီပြည်မှာ ငှက်ပျောသီးပင်တွေ၊ ကွမ်းသီးပင်တွေနဲ့ ကွမ်းရွက်ပင်တွေ ပေါတယ်။ အမျိုးသားတွေရဲ့ ပါးစပ်ကတော့ ခွေးပါးစပ်နဲ့တူသလိုပဲ။ မိန်းကလေးတွေကတော့ မျက်နှာလှပပြီး ရုပ်ရည်အလွန်လျောက်ပတ်တယ်။ သူတို့ရဲ့ အမျိုးသားတွေက လုံးဝအဝတ်ဗလာနေကြတယ်။ တချို့က အရှက်အင်္ဂါကို အရုပ်တွေဆေးခြယ်ထားတဲ့ ဝါးခြမ်းပိုင်း၊ ကျူပင်ပိုင်းတွေနဲ့ ဖုံးကွယ်ထားတယ်။ အဲဒီအရှက်ဖုံးခွက်ကို ဝမ်းဗိုက်နဲ့ချိတ်ဆွဲထားတယ်။ သူတို့မိန်းမတွေက အရှက်ကို သစ်ရွက်တွေနဲ့ ဖုံးအုပ်ထားလေ့ရှိကြတယ်။
အဲဒီပြည်မှာ မွတ်ဆလင်အသိုင်းအဝိုင်းတွေလဲရှိကြတယ်။ သူတို့ဟာ ဂျာဗာနဲ့ ဘင်ဂါက မွတ်ဆလင်ဖြစ်ပြီး သီးခြားရွာတွေမှာအုပ်စုဖွဲ့နေထိုင်ကြတယ်။ အဲဒီပြည်သားတစ်ယောက် ပြောပြတာက အံ့ဖွယ်ကောင်းတယ်။ သူတို့ဟာ တိရစ္ဆာန်တွေလို ပွင့်ပွင့်လင်းလင်း ကာမဆက်ဆံကြတယ်။ ဘာတစ်ခုမှ မဖုံးကွယ်ကြဘူး။ အမျိုးသားတစ်ယောက်မှာ မိန်းမ အယောက် ၃၀ ထိထိရှိတယ်။ ပိုလည်းမပို၊ လျော့လဲ မလျော့တတ်ဘူး။ ဒီလူတွေဟာ အိမ်ထောင်ရေးဖောက်ပြန်တာ ဘယ်တော့မှ မလုပ်ကြဘူး။ အိမ်ထောင်ရေးဖောက်ပြန်လို့ ဖမ်းမိရင် ကြိုးပေးဒဏ်ခံရတယ်။ ပြစ်ဒဏ်ကျခံရတဲ့သူရဲ့နေရာမှာ အခြားသူ့ အဖော်အဆွေ ဒါမှမဟုတ် ကျွန်တစ်ယောက်ကို အစားပေးရင် ချမ်းသာခွင့်ရတတ်တယ်။ အမျိုးသမီးကိုကျတော့ မြို့စားမင်း(စူလတန်)ရဲ့ ကျွန်တွေနဲ့ သေဆုံးတဲ့အထိ တစ်ယောက်ပြီးတစ်ယောက် ကာမဆက်ဆံစေတဲ့ ပြစ်ဒဏ်ပေးလေ့ရှိတယ်။ အဲလို ကွပ်မျက်လိုက်တဲ့ အလောင်းတွေကို သမုဒ္ဒရာထဲပစ်ချကြတယ်။ အဲဒီပြည်သားတွေက အပြင်မှရောက်လာတဲ့ သင်္ဘောကုန်သည် သူစိမ်းတွေကို သူတို့ ရွာထဲ ဝင်ခွင့်မပြုကြဘူး။ ရာသပန်နေထိုင်ချင်ရင်တော့ ပြဿနာမရှိပါဘူး။ နေလို့ရတယ်။ ပြည်သူတွေ အများစုကတော့ ကမ်းနားကို လာရောက် ရောင်းဝယ်လေ့ရှိကြတယ်။ သူတို့ဟာ သင်္ဘောခရီးသည်၊ ကုန်သည်တွေကို ဧည့်ခံဖို့အတွက် သောက်ရေတွေကို ဆင်နဲ့ သယ်ဆောင်သွားလေ့ရှိကြတယ်။ ကမ်းနားတွင် ရေချိုမရှိတာကြောင့် သင်္ဘောသားတွေ မြို့ထဲကနေ ရေသယ်ဖို့ဝင်လာမှာကို စိုးရိမ်လို့ဖြစ်တယ်။ သူတို့ရဲ့ အမျိုးသမီးတွေက ချောမောတဲ့ သင်္ဘောသားတွေနဲ့တွေ့လို့ ဆွဲဆောင်ချစ်ကြိုက်မိမှာ စိုးတဲ့အတွက်ကြောင့် သူစိမ်းတွေ ရွာထဲဝင်တာ တားမြစ်ခြင်းဖြစ်တယ်။
အဲဒီပြည်မှာ ဆင်တွေကပေါတယ်။ ဒါပေမယ့် မင်းညီမင်းသား၊ မင်းသမီးတွေကလွဲလို့ တခြားဘယ်သူမှ ရောင်းခွင့်မရှိပါဘူး။ မြို့စားမင်းဆီက အဝတ်အထည်အစား ဆင်တွေကို ဝယ်ယူကြတယ်။ သူတို့ရဲ့ အပြောအဆိုက ထူးဆန်းတယ်။ အဲဒီမှာနေတဲ့ သူတွေ၊ အဲဒီပြည်နဲ့ အသွားအလာရှိတဲ့ သူတွေမှအပ တခြားဘယ်သူမှ နားလည်နိုင်မှာ မဟုတ်ဘူး။
အိဗ္ဗနုဘတ္တူတာတို့ အဲဒီဆိပ်ကမ်းကို ဆိုက်ရောက်သွားတဲ့ခါ ပြည်သားတွေက သစ်တစ်တုံးတည်းနဲ့ ပြုလုပ်ထားတဲ့ လှေငယ်တွေနဲ့ ရောက်လာကြတယ်။ သူတို့က ငှက်ပျော့သီးတွေ၊ ဆန်၊ ကွမ်းရွက်၊ ကွမ်းသီးတွေနဲ့ ငါးတွေ ယူဆောင်လာကြတယ်။ သူတို့ရဲ့ မြို့အုပ်မင်း (စူလတန်) က ဆင်စီးလို့ လာတယ်။ ဆင်ပေါ်မှာ သားရေနဲ့ပြုလုပ်ထားတဲ့ ကုန်းနှီးတန်ဆာ ရှိတယ်။ မြို့အုပ်မင်းက အမွှေးတွေ ထောင်နေတဲ့ ဆိတ်သားရေ ဝတ်ရုံကို ဝတ်ဆင်ထားတယ်။ ခေါင်းပေါ်မှာ အရောင်သုံးရောင်နဲ့ ပိုးချည်တုံးသုံးတုံးဆင်ထားတယ်။ သူ့လက်ထဲမှာ ကျူပင်နဲ့လုပ်ထားတဲ့ လှံတံတစ်တစ်စင်း ရှိတယ်။ အယောက် ၂၀ ခန့်ရှိတဲ့ သူရဲ့ အပေါင်းအဖော်တွေက ဆင်စီးလျက် နောက်လိုက်ပါတယ်။ မြို့စားမင်းက အိဗ္ဗနုဘတ္တူတာတို့အတွက် လက်ဆောင်ပဏ္ဏာအနေနဲ့ ငရတ်သီး၊ ချင်း၊ သစ်ကြံပိုးခေါက်၊ ငါး၊ မော်လဒိုက်နဲ့ ဘင်္ဂါက အထည်တွေကို ပေးတယ်။ အဲဒီအထည်တွေကို ပြည်သားတွေက မဝတ်ဆင်ကြဘူး။ သူတို့ရဲ့ ပွဲတွေမှာ ဆင်တွေကို အဲဒီအထည်တွေနဲ့ တန်ဆာဆင်ပေးတာ ဖြစ်တယ်။ အဲဒီဆိပ်ကမ်းမှာ ဆိုက်ကပ်တဲ့ သင်္ဘောတစ်ခုစီက
သူတို့ရဲ့ ပွဲတွေမှာ ဆင်တွေကို အဲဒီအထည်တွေနဲ့ တန်ဆာဆင်ပေးတာ ဖြစ်တယ်။ အဲဒီဆိပ်ကမ်းမှာ ဆိုက်ကပ်တဲ့ သင်္ဘောတစ်ခုစီက ကျွန်ထီး၊ ကျွန်မ တစ်စုံ၊ ဆင် တန်ဆာဆင်တဲ့ အထည်၊ မြို့စားမင်းကတော် ဝတ်ဆင်ဖို့ ရွှေလက်ဝတ်ရတနာတွေ ပေးဆောင်ရတယ်။ တကယ့်လို့ တစ်ယောက်ယောက်က မပေးဘူးဆိုရင် ပြည်သားတွေက မှော်ပယောဂဆန်ဆန် ကျိန်ဆဲတတ်တယ်။ ဒါနဲ့ လက်ဆောင်မပေးသွင်းခဲ့တဲ့ သူအတွက် သမုဒ္ဒရာခရီးက ကြမ်းတမ်းသွားနိုင်တယ်။ သူပျက်စီပျက်စီးရာပျက်စီးကြောင်း ရောက်တတ်တယ်။
အဲဒီပြည်ရဲ့ဆိပ်ကမ်းမှာ တည်းခိုရင်း တစ်ညမှာတော့ ပြဿနာနာတစ်ခု တိုက်တိုက်ဆိုင်ဆိုင်ဖြစ်သွားတော့တယ်။ သင်္ဘောဦးစီးရဲ့ ကျွန်တစ်ယောက်ဟာ အရောင်းအဝယ်ကိစ္စနဲ့ ပတ်သတ်ပြီးတော့ ဒေသခံတွေဆီ အဝင်အထွက်ရှိကြတယ်။ အဲဒီကျွန်ဟာ အမျိုးသမီးတစ်ယောက်နဲ့ ချစ်ကြိုက်မိပြီးတော့ စကားစမြည်ပြောကြတယ်။ တစ်ည ဂူတစ်ခုအနီးမှာ ကတိကဝတ်အရ နှစ်ယောက်ချင်း တွေ့ဆုံကြတော့တယ်။၊ အဲဒီအကြောင်းကို အမျိုးသမီးရဲ့ခင်ပွန်းသည်က သတင်းရရှိပြီး ၎င်းတို့ နှစ်ဦးစလုံးကို မြို့စားမင်း(စူလတန်)ဆီ ခေါ်ဆောင်သွားခဲ့တယ်။ မြို့စားမင်းက အကြောင်းစုံ စုံစမ်းပြီးတော့ ပြစ်မှုကျူးလွန်တဲ့ ကျွန်ရဲ့ ဝှေးစေ့တွေကို ဖြတ်၍ ကြိုးဆွဲချရန် အမိန့်ပေးလိုက်တယ်။ အမျိုးသမီးကိုကျတော့ အဲဒီမှာရောက်ရှိနေတဲ့ လူတွေအားလုံးက အမျိုးသမီးသေတဲ့အထိ ကာမဆက်ဆံစေရန် အမိန့်ပေးလေတယ်။ အဲဒီနောက် မြို့စားမင်းဟာ ကမ်းနားရှိ သင်္ဘောဆိုက်ရာဆီ ကြွရောက်လာပြီးတော့ သင်္ဘောဦးစီးကို မိန့်ဆိုတာက ငါက ထုံးထမ်းနဲ့အညီ ဒီအမိန့်ကို မလွဲမသွေ ပေးလိုက်ရတယ်။ ငါ့မှာ တခြားရွေးစရာလမ်းမရှိဘူး။ ပြီးတော့ မြိုးစားမင်းက သင်္ဘောဦးစီးကို ကျွန်တစ်ယောက် အစားပေးခဲ့လေသတဲ့။
— #လူထုဝဏ္ဏ
(၈-၈-၂၀၂၂)
မှတ်ချက်- ဒီပြည်ကို တချို့က Arakan ရဲ့ ကမ်းရိုးဒေသတစ်ခုလို့ ယူဆကြတယ်။
- ဗြာဟ်နကား [Barahnakar] ကို တချို့က လူမျိုးနာမည်၊ တစ်ချို့က တိုင်းပြည်နာမည်လို့ ယူဆကြတယ်။
Ref: 1. The Travels of Ibn Battuta
2. Safar Nama
No comments:
Post a Comment