ပူရ်နီစန္ဒြာ Purni Sandra (လပြည့်စန္ဒာ)
ဒီ ပူရ်နီစန္ဒြာ ကဗျာဟာ မြောက်ဦးခေတ် နန်းတွင်းစာဆိုတော် အာလာဝလ်က ရေးဖွဲ့ခဲ့တဲ့ ပဒုမ္မာဝတီ လက်ရှည်မှ ကောက်နုတ်ထားတာဖြစ်ပါတယ်။ သတိုးမင်းတရားရဲ့ ဂုဏ်တော်ဘွဲ့ ကဗျာတစ်ပုဒ် ဖြစ်တယ်။
ကဗျာဆိုလိုရင်းကတော့-
- စာဆိုအာလာဝလ်က ကဗျာအစတွင် ဆလိမ်ရှားမင်းရဲ့ မင်းမျိုးမင်းဆက်တွေ ပျက်စီးခံရပြီးနောက် နရပတိကြီး နန်းတက်လာခဲ့တဲ့အကြောင်းနဲ့ အစပြုထားတယ်။
- နရပတိကြီး စိုးစံခဲ့တဲ့ကာလက အလွန့်ကို ပျော်ရွှင်ဖွယ်ကောင်းခဲ့တယ်။ အဲဒီနေ့ရက်တွေကို နှိုင်းယှဥ်ပြစရာတောင် မရှိဘူးလို့ စာဆိုက တအံ့တသြ ဖော်ပြခဲ့တယ်။ အဲဒီ သာယာပျော်ရွှင်တဲ့ အခိုက်အတန်လေးကို ခေတ်ပျက်က ပျက်စီးယူဆောင်သွားခဲ့လေတယ်။
- နရပတေးကြီးမှာ သားတော် တစ်ပါးနဲ့ သမီးတော်တစ်ပါး ဖွားတော်မူခဲ့တယ်။ သူတို့ရဲ့ အိမ်ထောင်ရေးရာလည်း အလွန်သာယာခဲ့တယ်။ အဲဒီသားတော်ဟာ နောင်တွင် နန်းဦးနန်းကိုင်ထိန်း မင်းတစ်ပါးဖြစ်လာမယ့် နိမိတ်ကောင်းရှိတယ်။
- ခမည်းတော် နတ်ရွာစံတဲ့အခါ သားတော် နန်းတက်ကာ အရိုက်အရာ ဆက်ခံခဲ့တယ်။ နတ်မင်းကြီးတောင် သူ့ကို မြင်လို့ တရှက်တကိုးဖြစ်ရလောက်အောင် ဘုံဂုဏ်မြင့်မြတ်သူ ဖြစ်တယ်။
- နာမတော်ကတော့ သတိုးမင်းတရားတဲ့။ ရုပ်နဲ့ဂုဏ်နဲ့ ပြိုင်ဘက်ကင်းတယ်။ ဉာဏ်ပညာ ထူးကဲတဲ့အပြင် ဘုန်းကံကလည်း အံ့ဖွယ်လောက်အောင် ကောင်းလှတယ်။
- လှပတဲ့သူ့မျက်နှာတော်ကို ရှုမြင်ရသူ ရွှင်လန်းစေတယ်။ လပြည့်ညက စန္ဒာနဲ့ ခွဲခြားလို့မရနိုင်လောက်အောင် လှပတဲ့ရုပ်ရည်ကျက်သရေပိုင်ရှင်လို့ စာဆိုက စာပန်းချီနဲ့ ဖော်ကျူးထားတယ်။
ဒီကဗျာမှာ စာဆိုတော်အာလာဝလ်က အာရကန်နန်းတွင်း ရာဇဝင်အကြောင်းအရာတစ်ခုကို စပ်ဆိုထားတာတွေ့ရပါတယ်။ တတိယမြောက်ဦးခေတ် ဆလိမ်ရှားခေါ် မင်းရာဇာကြီး (၁၅၅၇-၁၆၁၂) နောက်ပိုင်း မြောက်ဦးနန်းဆက် မတည်မငြိမ်ဖြစ်လာခဲ့တယ်။ သူ့ကိုငါသတ် ငါသာလျှင် မင်းမြတ် ဆိုတဲ့အယူနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ များလာတော့ အုပ်ချုပ်ရေးယန္တရားက ပပျက်လာခဲ့တယ်။ ဒါက မြောက်ဦးနိုင်ငံတော် ဆုံးရှုံးရမယ့် နိမိတ်ပေါ့။ အဲ့ဒီကြားက နရပတိမင်းရဲ့အရိုက်အရာကို ဆက်ခံခဲ့တဲ့ သတိုးမင်းတရား (နႏ်းသက် ၁၆၄၅-၁၆၅၂)ရဲ့ ဂုဏ်တော်ဘွဲ့လင်္ကာကို စပ်ဆိုထားခြင်း ဖြစ်တယ်။ မြောက်ဦးနန်းခေါ် မြို့ဟောင်းဟာ ၁၇၈၄ ခု မဟာသမ္မတရာဇာလက်ထက်မှာ ကျဆုံးခဲ့လေတယ်။
* စာဆိုတော်က သတိုးမင်းတရားရဲ့ ဂုဏ်တော်ဖွဲ့ကလက်ာမှာ သတိုးမင်းတရားကို နရပတိရဲ့ သားတော်အဖြစ်ဖော်ပြခဲ့တယ်။ စာဆိုတော်ရဲ့ အခြားလက်ာတစ်ပုဒ်မှာ သတိုးမင်းကို နရပတိမင်းရဲ့တူတော်ရင်းလို့ ဖော်ပြထားတာတွေ့ရပါတယ်။
_ လူထုဝဏ္ဏ
Ref: Patmavati By Alaol
No comments:
Post a Comment