Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, May 12, 2022

ဟနဖီအက္ခရာ၏ ဖခင်ကြီး (သို့) ဆရာ မိုဟာမတ်ဟာနိဖ်


ဟနဖီအက္ခရာ၏ ဖခင်ကြီး (သို့) ဆရာ မိုဟာမတ်ဟာနိဖ်

" လူမျိုးစုတစ်စုတွင် ကိုယ်ပိုင်အရေးအသား မရှိလျှင် ထိုလူမျိုးစု ဖြစ်တည်ခြင်းကိုပါ အငြင်းပွားရန် လွယ်ကူပေလိမ့်မည်။ "

                                             — မိုဟာမတ်ဟာနိဖ် 

လွတ်လပ်ရေးခေတ်တွင် မှေးမှိန်နေသော စာပေအရေးအသားကို မြင့်တင်ရန် ရှေးရိုဟင်ဂျာ အရေးအသားစနစ်မှ လမ်းခွဲထွက်၍ ခေတ်သစ်အက္ခရာ တစ်မျိုးကို တီထွင်၍ ရိုဟင်ဂျာစာပေအရေးအသား လောကတွင် တဟုန်းဟုန်း ကျော်ကြားသူမှာ ဆရာမိုဟာမတ်ဟာနိဖ် ပင်ဖြစ်ပါသည်။ ဆရာမိုဟာမတ်ဟာနိဖ် တီထွင်ခဲ့သော အက္ခရာကို တီထွင်သူ၏ အမည်စွဲ၍ ဟနဖီအက္ခရာဟု အမည်တွင်ကြသည်။ လက်ယာဘက်မှ လက်ဝဲဘက်သို့ ရေးရသည့် ဟနဖီအက္ခရာသည် ကိုယ်ပိုင်မူ၊ ကိုယ်ဟန်ရှိသည်။ ထို့ကြောင့် မျက်မှောက်ခေတ်တွင် ရိုဟင်ဂျာအမျိုးသားများ၏ တစ်ခဲနက် ထောက်ခံမှုအများဆုံး ရရှိထားသော အက္ခရာဖြစ်ပါသည်။ အသုံးတွင်ကျယ်လာခဲ့သည်။ ယခုဆိုလျှင် အင်တာနက်စာမျက်နှာများတွင် သုံးနှုန်းနိုင်သည်အထိ တိုးတက်လာခဲ့သည်။

ဟနိဖီအက္ခရာတီထွင်သူ မိုဟာမတ်ဟာနိဖ်၏ အမည်အပြည့်အစုံမှာ မိုဟာမတ်ဟာနိဖ် ရာဂီပ် [Muhammad Hanif Rageb] ဖြစ်ပါသည်။ ၁၉၅၂ ခုနှစ်တွင် ရသေ့တောင်မြို့နယ်၊ ပရိမ်တောင်ကျေးရွာတွင် ဖခင် ဪလီအဟ်မတ် (တာဂျဲရ်မုလ်လုခ်)နှင့် မိခင် မာဆူမာခါတွန် တို့မှ ဖွားမြင်ခဲ့သည်။ ကျောင်းနေအရွယ်ရောက်လာသောအခါ ဖခင်က ဦးစွာ သာသနာ့ပညာကို သင်စေခဲ့သည်။ မိုဟာမတ်ဟာနိဖ်သည် အခြေခံသာသနာ့ပညာ ၁-တန်းမှ ၅ တန်းအထိ မိမိတို့ရွာရှိ မိုဟာမ္မဒီယာ အာရဗီကျောင်း၌ သင်ယူခဲ့သည်။ ၆ တန်း မှ ၉ တန်းထိ ကို မျှာဇင်ပူရ်အာရဗီကျောင်းမှ သင်ယူ၍ အဆင့်မြင့်ပညာအတွက် နိုင်ငံခြား ပညာတော်သင် သွားရောက်ခဲ့သည်။ မိုဟာမတ်ဟာနိဖ်သည် ၁၉၆၉ ခု မှ ၁၉၇၂ ခု အထိ ဘင်္ဂလားဒေ့ရ်ှနိုင်ငံရှိ ထင်ရှားသော အာရဗီတက္ကသိုလ် ပဋ္ဌီယာအာရဗီတက္ကသိုလ်နှင့် ဟင်ဌာဇားရီ အာရဗီတက္ကသိုလ်တို့၌ ပညာဆည်းပူးခဲ့သည်။ ၁၉၇၃ ခုတွင် "ဖနုနာသ် အေ အာလီယာ" အာလိမ်ဘွဲ့ကို ရရှိခဲ့သည်။ မိုဟာမတ်ဟာနိဖ်၏ ထင်ရှားသော ဆရာသမား တစ်ပါးမှာ စစ်တွေမြို့၊ သက်ကေပြင်ရပ်ကွက်ဇာတိ မော်လနာ အဗ္ဗဒူလ်ဟောက် ဖြစ်ပါသည်။ 

မျိုးချစ်စိတ်ထက်သန်သော ဆရာ မိုဟာမတ်ဟာနိဖ်သည် ဘွဲ့ရရှိပြီးနောက် မိမိဇာတိပြည်သို့ ရောက်လာကာ မျှာဇင်ပူရ် အာရဗီကျောင်း၌ အထက်တန်းပြဆရာအဖြစ် ၁၉၇၇ ခုအထိ သင်ပြခဲ့သည်။ ၁၉၇၇ ခုနှစ်တွင်ပင် အမျိုးသားရေးလှုပ်ရှားမှုကြောင့် အမိမြေကိုစွန့်လွှတ်ကာ နိုင်ငံခြားသို့ ထွက်ခွာခဲ့ရသည်။ ဘင်္ဂလားဒေ့ခ်ျသို့ ခိုဝင်လာပြီး နီလာအာရဗီကျောင်း၌ အထက်တန်းပြဆရာအဖြစ် ၁၉၈၀ ပြည့်နှစ်အထိ သင်ပြခဲ့သည်။ ထို့နောက်ဆရာသည် မုဖ်သီဓမ္မသတ်ပညာ ဆည်းပူးရန် ပါကစ္စတန်နိုင်ငံသို့ သွားရောက်ခဲ့သည်။ ထိုနိုင်ငံ၌ ဓမ္မသတ်ပညာကို နှစ်နှစ်ထိထိ လေ့လာသင်ယူခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် ဆော်ဒီအာရေဗီးယားနိုင်ငံသို့ သွားရောက်ကာ သုံးနှစ်ထိထိ နေထိုင်ခဲ့သည်။ ဆော်ဒီအရေဗီးယား၌ နေထိုင်စဉ် အဖိုးမဖြတ်နိုင်သော ခေတ်သစ် ဟနဖီအက္ခရာကို အောင်မြင်စွာ တီထွင်နိုင်ခဲ့သည်။ ဘာသာဗေဒ ကျွမ်းကျင်သော အဖွဲ့ဝင် ၁၂ ဦးပါဝင်သည့် Rohingya Zuban Committee ကိုလည်း ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ဆရာသည် ဟနဖီအက္ခရာ အရေးအသားနှင့် ပတ်သတ်၍ အနယ်နယ်အရပ်ရပ်သို့ သွားရောက်ကာ စာပေဟောပြောပွဲများစွာ ကျင်းပခဲ့သည်။ စာအုပ်စာပေများ ရေးသား၍ ရိုဟင်ဂျာလူထုအထိ ရောက်အောင် အပတ်တကုတ် ဆောင်ရွက်ခဲ့သည်။ဟနဖီအက္ခရာ အရေး၊ အဖတ်နှင့် ပတ်သတ်သော ရိုဟင်ဂျာဖတ်စာ၊ သဒ္ဒါလမ်းညွှန်းကျမ်း စသော စာအုပ်ပေါင်း ၅၀ ကျော် ရေးသားထုတ်ဝေခဲ့သည်။ 

စာပေဘက်သို့ အားထုတ်နေသော ဆရာ၏ စိတ်ဓာတ်သည် အဖိနှိပ်ခံနေရသော မိမိအမျိုးကို ကယ်တင်ရန် တော်လှန်ရေးဘက်သို့ ပြောင်းလဲလာခဲ့သည်။ ဆရာသည် ၁၉၈၅ ခုတွင် ဆော်ဒီအာရေဗီးယားနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့သည်။ ထိုနှစ်မှာပင် မူဂျာဟီဒ် ညီညွတ်ရေးအဖွဲ့ (IMA Attahade Mujahedin/Junudul Islam)ကို တည်ထောင်ခဲ့သည်။ ဆရာသည် ထိုအဖွဲ့အစည်းကို ၁၀ နှစ်တိုင်တိုင် ဦးဆောင်မှုပေးခဲ့သည်။ 

ဆရာမိုဟာမတ်ဟာနိဖ်သည် အာရဗီ၊ ဖာရေစီ၊ အင်္ဂလိပ်၊ အူရ်ဒူ ဘာသာစကား ကျွမ်းကျင်သည်။ ဆရာသည် ရိုဟင်ဂျာ နှင့် အူရ်ဒူ ဘာသာစကားဖြင့် စာအုပ်ပေါင်းများစွာ ရေးသားပြုစုခဲ့သည်။ ဆရာ၏ ထင်ရှားသော စာအုပ်အချို့မှာ Mosala e Arakan aur Uska Hol (အာရကန် ပြဿနာနှင့် ၎င်း၏အဖြေ)၊ Jihaad e Arakan aur Uska Ahkaam (အာရကန် တော်လှန်ရေးနှင့် လုပ်ဆောင်ဖွယ်များ)၊ Kulliyat e Rageb (ရာဂီပ် ဆောင်းပါးစုံ)၊ Ezhar e Hakikot (အမှန်တရား၏ အလင်းတော်) တို့ဖြစ်ကြသည်။ 

ဆရာမိုဟာမတ်ဟနိဖ်သည် ဒုတိယအကြိမ်အနေဖြင့် ၂၀၁၀ ပြည့်နှစ်မှစ၍ နီးလားအာရဗီတက္ကသိုလ်၌ အထက်တန်းနည်းပြ၊ ရှိခ်အုလ်ဟာဒီးစ်(ဓမ္မသတ်ပါမောက္ခ)၊ ဆဒေါရ်အေ မုဖ်သီ (မုဖ်သီချုပ်) အဖြစ် ယနေ့တိုင် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ 

ဆရာသည် ကျောင်းဆရာ၊ ဓမ္မသတ်ချုပ်၊ စာရေးဆရာ၊ တော်လှန်ရေးသမား၊ ဟနိဖီအက္ခရာ တီထွင်သူ စသော မိမိအမျိုးအကျိုးဆောင် တာဝန်အမျိုးမျိုးကို ဘဝတစ်လျှောက် ထမ်းရွက်ခဲ့သည်။ ဆရာမော်လနာ မိုဟာမတ်ဟာနိဖ်သည် မိမိ၏ ကိုယ်စွမ်းကိုယ်စရင်းကာ ရိုဟင်ဂျာစာပေတိုးတက်ရေး၊ ရိုဟင်ဂျာလူမျိုး လွတ်မြောက်ရေးအတွက် မနားတမ်း ကြိုးပမ်းဆောင်ရွက်ခဲ့သူဖြစ်သည်။ ဆရာသည် ယနေ့အချိန်အထိ သက်ရှိထင်ရှား ရှိနေပါသည်။ 


လူထုဝဏ္ဏ

(၁၉-၅-၂၀၂၂)


No comments:

Post a Comment