Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, October 26, 2021

Hát Baçi (႐ိုဟင္ဂ်ာစကားပေဒသာ ၂)

 



𝐀á𝐭 𝐁áç𝐢 / 𝐇𝐚á𝐭 𝐁áç𝐢 - (မြန်မာ) လက်တိုတယ်။


(၁) 

ဘာသာစကားတိုင်းမှာ စကားကိုတန်ဆာဆင်ပြီး ရေးလေ့ပြောလေ့ ရှိကြပါတယ်။ ရိုဟင်ဂျာစကားထဲက အလင်္ကာအသုံးအနှုန်းအကြောင်း မတင်ပြခင် ကိုယ်နဲ့အနီးစပ်ဆုံး ဘာသာစကားဖြစ်တဲ့ မြန်မာစာပေရဲ့ တန်ဆာဆင်နည်းအကြောင်း နဲနဲ ပြောပြပါရစေ။ မြန်မာစာပေမှာ တန်ဆာဆင်နည်း နှစ်မျိုးရှိပါတယ်။


၁။ “သဒ္ဒါလင်္ကာရ” လို့ ခေါ်တဲ့ “စကားတန်ဆာ” နဲ့

၂။ “အတ္ထာလင်္ကာရ” လို့ ခေါ်တဲ့ “အနက်တန်ဆာ” တို့ ဖြစ်ပါတယ်။


“သဒ္ဒါလင်္ကာရ” ဆိုတာ စာပေရေးဖွဲ့ရာမှာ စကားနဲ့ တန်ဆာဆင်ခြင်းကို ဆိုလိုပါတယ်။ ပသာဒဂုဏ်၊ သြဇဂုဏ်၊ မဓုရတာဂုဏ် စတဲ့ ဂုဏ်မြောက်အောင် ရေးဖွဲ့တာကို ဆိုလိုခြင်းဖြစ်ပါတယ်။ အနက်ကို ပြေပြစ်အောင်ဖွဲ့ဆိုတဲ့ နည်း၊ တစ်နည်းအားဖြင့် စာရေးသူ ဆိုလိုချင်တဲ့ အနက်အဓိပ္ပါယ်ကို စာဖတ်သူထံ ပြေပြေပြစ်ပြစ် ချောချောမွေ့မွေ့ ရောက်သွားအောင် ပို့ဆောင်တဲ့ နည်းများဖြစ်ပါတယ်။


- "အတ္ထာလင်္ကာရ" ဆိုတာ စာရဲ့ အဓိပ္ပာယ်ကို စာဖတ်သူတွေအတွက် စိတ်၀င်စားဖွယ် ဖြစ်အောင် တန်ဆာဆင်ရေးဖွဲ့ခြင်းကို ဆိုလိုပါတယ်။ မြန်မာစာသင်ကြားရေးမှာ ဥပမာအလင်္ကာ၊ ရူပကအလင်္ကာ စသဖြင့် ရှိကြတဲ့ အလင်္ကာ အမျိုးအစားများဟာ “အတ္ထာလင်္ကာရ” လို့ခေါ်တဲ့ အနက်တန်ဆာများဖြစ်ပါတယ်။ အတ္ထာလင်္ကာရ နည်းတွေဟာ အနက်ကို ဆန်းကြည်အောင်ဖွဲ့တဲ့နည်း၊ တစ်နည်းအားဖြင့် စာရေးသူ ဆိုလိုတဲ့ အနက်အဓိပ္ပါယ်ကို စာဖတ်သူအဖို့ အဆန်းတကြယ် နှစ်သက်ဖွယ်ဖြစ်အောင် ရေးဖွဲ့တဲ့နည်းများ ဖြစ်ပါတယ်။


အခု အတ္ထာလင်္ကာရအကြောင်းပဲ နဲနဲပြောပြပါမယ်။ အတ္ထာလင်္ကာရကို အဓိကအားဖြင့် နှစ်မျိုးခွဲပါတယ်။ 


၁။ “သဘာ၀၀ုတ္တိအလင်္ကာ” (မသွယ်မဝိုက် တိုက်ရိုက်ဖွဲ့ဆိုပြီး တန်ဆာဆင်ခြင်း) နဲ့

၂။ “၀င်္ကဝုတ္တိအလင်္ကာ” (သွယ်ဝိုက်ဖွဲ့ဆိုပြီး တန်ဆာဆင်ခြင်း) တို့ပဲ ဖြစ်ပါတယ်။ 

ဒီမှာတစ်ခါ သွယ်ဝိုက်ဖွဲ့ဆို တန်ဆာဆင်တဲ့ “၀င်္ကဝုတ္တိအလင်္ကာ” ဆိုတာ အသုံးလဲများသလို စကားကိုလဲ တကယ်ကိုပဲ လှပစေပါတယ်။ 

ပါဠိမှာ ဝင်္ကဝုတ္တိအလင်္ကာမျိုးကွဲဟာ များစွာရှိနေပါတယ်။ ဒီထဲကနေ အသုံးများတဲ့ ဝင်္ကဝုတ္တိအလင်္ကာ ၃၅ မျိုးကို အလင်္ကာကျမ်းတွေမှာ ဖော်ပြထားပါတယ်။

အများသိကြတဲ့ ''ဥပမာအလင်္ကာ၊ ရူပကအလင်္ကာ၊ အတိသယဝုတ္တိအလင်္ကာ'' တွေဟာ ဝင်္ကဝုတ္တိအလင်္ကာထဲက မျိုးကွဲတွေသာ ဖြစ်ပါတယ်။ ဆိုတော့ ဒီဝင်္ကဝုတ္တိအလင်္ကာအားလုံးရဲ့ဘုံအနက်က စကားတစ်ခုကို တိုက်ရိုက်တဲ့တိုးမပြောဘဲ သွယ်ဝိုက်ပြောဆိုခြင်းအားဖြင့် တန်ဆာဆင်ခြင်းလို့ အနက်ရပါတယ်။


သာဓကအားဖြင့်, 

- "အမုန်းပင်''ကို မစိုက်ပျိုးကြပါနဲ့။ - ဆိုတဲ့ဝါကျမှာ ပါတဲ့ ''အမုန်းပင်'' ဆိုတာ အလင်္ကာမြောက်တဲ့အဖွဲ့အနွဲ့ ဖြစ်ပါတယ်။ ''အမုန်းပင်'' ဆိုတာ တကယ် ရှိတဲ့အပင်လား။ မဟုတ်ပါဘူး။ ဒါဟာ စကားကို တန်ဆာဆင်ပြီးရေးတာပါ။ အပင်ဆိုတာ ​တစ်စတစ်စ ရှင်သန်ကြီးထွားတတ်သလိုမျိုး အမုန်းတရားဆိုတာလည်း တစ်စတစ်စ ရှင်သန်ကြီးထွားတတ်တယ်။ ဒီနှစ်ခုဟာ ဂုဏ်ရည်ချင်းတူတယ်။ အဲ့လိုဂုဏ်ရည်ချင်းတူတာကို ထပ်တူပြုပြီး ဖွဲ့နွဲ့တော့ ရူပကအလင်္ကာမြောက်သွားတယ်။ ဒီလိုဖွဲ့နွဲ့ခြင်းအားဖြင့် ကိုယ်ပြောနေတဲ့ စကားဟာလဲ လှသွားတယ်။ ယဥ်သွားတယ်။ နှစ်သက်ဖွယ်ဖြစ်သွားတယ်။ ကြားနာသူက အဲ့ဒီစကားကို ပိုပြီးအလေးအနက်ထားမယ်။ ''အမုန်းတရားကို ကြီးထွားအောင်မလုပ်ပါနဲ့'' လို့ပြောတာထက် ''မုန်းပင်မစိုက်ပျိုးပါနဲ့'' ဆိုပြီး ဝင်္ကဝုတ္တိနဲ့ ပြောတာဟာ ပိုပြီး ထိရောက်တဲ့ စကားအသုံးအနှုန်းလို့ ပြောနိုင်ပါတယ်။ 

အင်္ဂလိပ်စာပေမှာတော့ အလင်္ကာအသုံးတွေကို ''Rhetorical expression'' လို့ ပြောမယ်ထင်ပါတယ်။ Idiom တွေရဲ့သဘောသဘာဝကလည်း အလင်္ကာနဲ့ ထပ်တူနီးပါးရှိမယ်ထင်ပါတယ်။ 


[အလင်္ကာအကြောင်းဟာ တကယ်ကျယ်ပြောပါတယ်။ အပေါ်က ရှင်းပြချက်ဟာ အတိုချုံးပြီး ရှင်းပြတာသာဖြစ်ပါတယ်။]


(၂) 

အလင်္ကာအကြောင်း တိုချုံးရှင်းပြရခြင်းရဲ့ရည်ရွယ်ချက်ဟာ ရိုဟင်ဂျာလူမျိုးကလည်း စကားပြောတဲ့အခါ အဲ့လိုအလင်္ကာတွေ သုံးနှုန်းပြီး ပြောဆိုလေ့ရှိတာကို တင်ပြချင်လို့ပဲ ဖြစ်ပါတယ်။ 

အဲ့ဒီလိုတန်ဆာဆင်ပြီး ပြောဆိုတာတွေဟာ အလင်္ကာတွေရဲ့ သဘောသဘာဝအတိုင်း ကျစ်ကျစ်လျစ်လျစ်လည်း ရှိပါတယ်။ လှလည်းလှပပါတယ်။ နှစ်သက်ဖွယ်လည်း ဖြစ်ပါတယ်။ ထိထိမိမိလည်း ရှိလှပါတယ်။ 


ရိုဟင်ဂျာတို့ တန်ဆာဆင်ပြီးပြောဆိုလေ့ရှိတဲ့ထဲက အသုံးအနှုန်းတစ်ခုကို ဒီနေ့ တင်ပြပါမယ်။


▪ Aát Baáçi (or) Haát Baáçi - (မြန်မာ) လက်တိုတယ်။


သာဓက - 

▪ Machtor Rashíd saab, ouñ nóttú ea máchót tiñyañ fuchá loí bishí aát baáçi níkí zé?

▪ဆရာဦးရော်ရှိတ်ခင်ဗျား။ ဆရာ ဒီလမှာ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး တော်တော် လက်တိုနေပါသလား။ (တိုက်ရိုက်ဘာသာပြန်)


▪ Mohamed Rofique : O baí, fañsázár tiñyaa taílé udár dóná.

: ဘိုင် ... ငွေ ငါးထောင် ချေးပါလား။ 


▪ Abu Saad : Aañt tú aát baáçí oíuyé baí. 

: ကျုပ်မှာ လက်တိုနေပြီဗျာ။


▪ ဒီဝါကျတွေမှာသုံးကြတဲ့ ''Aát Baáçi (or) Haát Baáçi' - လက်တိုတယ်'' ဆိုတာ ''ငွေရေးကြေးရေးနဲ့ အဆင်မပြေဖြစ်နေတာ၊ မချောင်လည်တာ၊ ကျပ်တည်းတာ'' ကို ဆိုလိုတာပါ။ တိုက်ရိုက်


▪ ဒီဝါကျတွေမှာသုံးကြတဲ့ ''Aát Baáçi (or) Haát Baáçi' - လက်တိုတယ်'' ဆိုတာ ''ငွေရေးကြေးရေးနဲ့ အဆင်မပြေဖြစ်နေတာ၊ မချောင်လည်တာ၊ ကျပ်တည်းတာ'' ကို ဆိုလိုတာပါ။ တိုက်ရိုက်တဲ့တိုးမပြောဘဲ သွယ်ဝိုက်သဘောနဲ့ ပြောတော့ အဲ့ဒီစကားအသုံးအနှုန်းဟာ ယဥ်ကျေးတဲ့သဘောလည်းဖြစ်သွားတယ်။ လှတယ်လှသွားတယ်။ ထိထိမိမိလည်း ဖြစ်သွားပါတယ်။ 

** ဆရာ့လက်ကို ဘယ်သူက သွားတိုင်းခဲ့သလဲတော့ မသိဘူး။ တိုပဲတိုနေတယ်လို့ ပြောနေတယ်။ ဆရာ့လက်က ဘယ်လောက်လောက် တိုနေပြီလဲ ဆရာ။ (ဟဿ) 😁 


-


မြန်မာစာမှာ ''လက်တိုတယ်'' လို့ သုံးနှုန်းတာမတွေ့ဖူးပါဘူး။ ဒါပေမယ့် ''စိတ်တိုတယ်၊ စိတ်ရှည်တယ်'' ဆိုပြီးသုံးနှုန်းတာတော့ ရှိပါတယ်။ သူ့အဓိပ္ပါယ်နဲ့ သူပဲပေါ့။ 


အင်္ဂလိပ်စာမှာတော့ ''Short-handed'' ဆိုပြီး အသုံးရှိပါတယ်။ ''လက်တို'' တယ်လို့ တိုက်ရိုက်ဘာသာပြန်ရပေမယ့် သူ့အဓိပ္ပါယ်ကတော့ ''ငွေရေးကြေးရေး အဆင်မပြေတာ'' ကိုဆိုလိုတာမဟုတ်ဘဲ အလုပ်ရုံတစ်ခုခုမှာ ''လူအင်အား မလုံလောက်တာ'' ကို ဆိုလိုတာပါ။ 


(Idiom အသုံးအနှုန်းတစ်ခုဖြစ်တဲ့ "Go short of money'' ကိုတော့ ''Aát Baáçi (or) Haát Baáçi'' အနက်နဲ့ သုံးနိုင်မယ်ထင်ပါတယ်။ အင်္ဂလိပ်စာပေမှာတော့ ငွေရေးကြေးရေး ကျပ်တည်းနေတာကို သူ့ဟာသူ အဆင်ပြေအောင်ပြောကြမှာပါပဲ။ အဲ့ဒီအကြောင်းကို ဒီနေရာမှာ မဆွေးနွေးလိုပါ။)


ခြုံပြီးပြောရရင် -


''Aát Baáçi (or) Haát Baáçi' ဆိုတဲ့ အသုံးအနှုန်းဟာ ဝင်္ကဝုတ္တိအလင်္ကာ မြောက်တဲ့ အဖွဲ့အနွဲ့တစ်ခုဖြစ်ပါတယ်။ ရိုဟင်ဂျာတွေက ငွေရေးကြေးရေး အဆင်မပြေဖြစ်နေတဲ့အကြောင်းကို ယဥ်ယဥ်ကျေးကျေးသဘောနဲ့ လှလှပပ ပြောချင်တဲ့အခါ ''Aát Baáçi (or) Haát Baáçi'' oíuyé'' ဆိုပြီး အသုံးပြုလေ့ရှိကြောင်းပါ ခင်ဗျား။ 


#မိခင်ဘာသာစကားကိုမြတ်နိုးတန်ဖိုးထားပါ။

#မိခင်ဘာသာစကားကိုထိန်းသိမ်းပါ။


#ယျာတင် (ရိုဟင်းသား)

၂၇၊ ၁၀၊ ၂၀၂၁ 


အခုလိုမျိုး အလင်္ကာမြောက်တဲ့ အသုံးအနှုန်းတွေကို comment မှာ ဝင်ရောက် ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။


- ဆက်ရန် -

No comments:

Post a Comment