Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, October 31, 2021

တက္ကသိုလ်နန္ဒမိတ် (သို့) မိုဟာမတ်အာလီ (၁၉၂၂-၁၉၆၈)



တက္ကသိုလ်နန္ဒမိတ် (သို့) မိုဟာမတ်အာလီ (၁၉၂၂- ၁၉၆၈)

-------------------------------------------------


ကောင်းကင်နှင့် မြေကြီးကို တောင်းခံသူဟု တင်စားခံရသော တက္ကသိုလ်နန္ဒမိတ်သည် စာရေးဆရာ၊ ဝတ္ထုရေးဆရာ၊ ကဗျာဆရာ၊ အယ်ဒီတာ၊ စာပေထုတ်ဝေသူ၊ ဗမာပြည်၏ အစောဆုံး စစ်မှတ်တမ်း ဘာသာပြန် စာအုပ်ရေးသူ စသည်ဖြင့်ကျော်ကြားခဲ့သော ရခိုင်ပြည်သား မွတ်စလင်သွေး အထင်ကရ ပုဂ္ဂိုလ် တစ်ဦးဖြစ်သည်။


တက္ကသိုလ်နန္ဒမိတ်ကို ကိုလိုနီခေတ် ၁၉၂၃ ခုနှစ်၊ မတ်လ ၈ ရက် ကြာသပတေးနေ့၌ သံတွဲခရိုင်၊ တောင်ကုတ်တွင် ဖွားမြင်ခဲ့သည်။ အဖ တောင်ကုတ်မြို့ပိုင် ဦးမောင်မောင်ကြီးနှင့် အမိ ဒေါ်ရွှေတို့၏ သားဖြစ်သည်။ မောင်တင်အောင်၊ မောင်တင်မောင်နှင့် မတင်တင် ဟူ၍ ညီကိုမောင်နှမ သုံးယောက်ရှိခဲ့သည်။ အမြွှာမွေးချင်း နှစ်ယောက်အနက် ဆရာသည် အကြီးဆုံးဖြစ်သည်။ အမည်ရင်းမှာ မိုဟာမတ်အလီ (ခ) မောင်တင်အောင် ဖြစ်ပြီး မိဘတို့က "ကိုကို" ဟု ချစ်စနိုးခေါ်ကြသည်။


မိုဟာမတ်အလီသည် တောင်ကုတ်မြို့ တိုင်းရင်းမြန်မာအလယ်တန်းကျောင်းတွင် ပဉ္စမတန်းထိ ပညာဆည်းပူးခဲ့သည်။ မိသားစုနှင့်အတူ သံတွဲမြို့သို့ ရွေ့ပြောင်းရာ ၁၉၄၆ ခုတွင် သံတွဲ အင်္ဂလိပ်-မြန်မာ အစိုးရအထက်တန်းကျောင်းမှ အင်္ဂလိပ်စာဂုဏ်ထူးဖြင့် ဆယ်တန်းအောင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် ဆက်လက် ပညာသင်ခဲ့သည်။ သံတွဲမြို့ ကျောင်းသားသမဂ္ဂအမှုဆောင်အဖြစ် ဆောင်ရွက်ရင်း ဂျပန်ခေတ်အတွင်း ဖက်ဆစ်ဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမှုများတွင် ကထိကဦးကျော်ရင်နှင့် အတူပါဝင်ခဲ့သည်။


နန္ဒမိတ်သည် ၁၉၄၇ ခု၊ ဒီဇင်ဘာလထုတ် ဂျာနယ်ကျော် (တွဲ-၁၁၊ အမှတ်-၃) ပါ "မောင်တို့ရခိုင်ပြည်" ကဗျာနှင့် စာပေလောကသို့ ခြေလှမ်းရောက်လာခဲ့သည်။ "မောင်တို့ရခိုင်ပြည်" ကဗျာသည် ဆရာ၏ အစောဆုံး စာပေလက်ရာဟု သိရှိရသည်။


ဆရာနန္ဒမိတ်သည် ၁၉၄၉-၅၀ တွင် ရန်ကုန်တက္ကသိုလ် နှစ်ပတ်လည်စာစောင်၊ မြန်မာစာကဏ္ဍ တွဲဖက်စာတည်း၊ ရန်ကုန်တက္ကသိုလ် ရခိုင်ကျောင်းသူ ကျောင်းသားများအသင်း မဂ္ဂဇင်းအယ်ဒီတာ၊ ရန်ကုန်တက္ကသိုလ် ဗမာမွတ်စလင်ကျောင်းသူကျောင်းသားများအသင်း မဂ္ဂဇင်းအယ်ဒီတာ အဖြစ်ဆောင်ရွက်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ရခိုင်ကျောင်းသူ၊ ကျောင်းသားများအသင်း၏ ဒု-ဥက္ကဌ အဖြစ်လည်း တာဝန်ယူခဲ့သည်။ ရန်ကုန်တက္ကသိုလ် ရခိုင်အသင်းကြီးမှ ကြီးမှူးကျင်းပသော ၀တ္ထုတိုပြိုင်ပွဲတွင် "မောင်တင်အောင် (၀ိဇ္ဇာ-အထက်တန်း)" အမည်ဖြင့်ရေးသားခဲ့သော "ကဗျာတကျော့" ၀တ္ထုတိုနှင့် ပထမဆုရရှိခဲ့သည်။ ထိုနှစ်မှာပင် ရန်ကုန်တက္ကသိုလ်နှစ်ပတ်လည်စာစောင် (တွဲ-၁၊ အမှတ်-၃)၌ "ကိုယ်ပျောက်ဆေးလုံး ပြဇာတ်" ကို ရေးသားဖော်ပြခဲ့သည်။ တော်ဝင်မဂ္ဂဇင်း၊ ရခိုင်ကျောင်းသူ၊ ကျောင်းသားများအသင်း မဂ္ဂဇင်းတို့တွင် "ခေတ်၏ကြေးမုံ" (တေးကြို) ကဗျာကို ရေးသားဖော်ပြခဲ့သည်။


၁၉၅၀ ပြည့်နှစ်တွင် ၀ိဇ္ဇာတန်းနောက်ဆုံးနှစ်စာမေးပွဲ မဖြေတော့ဘဲ ကျောင်းထွက်ခဲ့သည်။ ဆရာ၏ ပထမဆုံးလုံးချင်း " နန္ဒာပုလဲ " ၀တ္ထုကို ရေးသားထုတ်ဝေခဲ့သည်။ (ဂျပန်ခေတ်တွင် ဂျပန်တော်လှန်ရေးလုပ်ငန်းကို မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ဦးကျော်ရင်နှင့်အတူ လက်တွဲလုပ်ဆောင်ခဲ့။) တက္ကသိုလ်မှထွက်ပြီးနောက်တိုးတက်ရေးသတင်းစာတွင် လက်ထောက်အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၃ ခုတွင် ၀ါးခယ်မမြို့ အစိုးရအထက်တန်းကျောင်း၌ အထက်တန်းပြဆရာ လုပ်ခဲ့သည်။


၁၉၅၄ ခုတွင် မြ၀တီမဂ္ဂဇင်းတိုက်ထုတ် "ရောင်ခြည်ဂျာနယ်" အယ်ဒီတာ ဖြစ်ခဲ့သည်။ ထိုနှစ်မှာပင် မြ၀တီမဂ္ဂဇင်း တာဝန်ခံ စာတည်း၊ စာတည်းချုပ်တာဝန်များကို (၁၉၆၀)ပြည့်နှစ်အထိ ဆောင်ရွက်ခဲသည်။ "မောင်ကြီးလာပါဟေ့" လုံးချင်းဝတ္ထုထုတ်ဝေသည်။ ၁၉၅၆ ခုတွင် ”ပန်းတိုင်းမွှေးပါစေ” ၀တ္ထု ရေးသားထုတ်ဝေခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် ရုပ်ရှင်ပဒေသာမဂ္ဂဇင်း အယ်ဒီတာ၊ န၀ဒေးမဂ္ဂဇင်း စာတည်းချုပ်၊ စာရေးဆရာမိုးဝေနှင့်အတူ "စုံထောက်မဂ္ဂဇင်း"ကို အယ်ဒီတာအဖြစ် ကိုယ်တိုင်ဦးစီးထုတ်ဝေခဲ့သည်။ "ရွှပြည်ကြီး" မြန်မာရာဇ၀င်နောက်ခံဝတ္ထုနှင့် "ပန်းဖွက်တမ်း" ရခိုင်ဓလေ့ရိုးရာအချစ်ဝတ္ထုတို့ကို ရေးသားထုတ်ဝေခဲ့သည်။


၁၉၆၁ ခုတွင် သွေးသစ္စတာ၊ စောကြိုလှဲ့ပါ၊ ချစ်သောနီနီ၊ အချစ်လမ်းကလေးဝင်္ကပါ၊ မိုးတိမ်ကိုမျှော်၊ မိုးတိမ်ကိုမှာ စသော ကိုယ်တိုင်ရေးဝတ္ထုများအပြင် စာပေဆောင်းပါများကို စုစည်းကာ "စာရေးချင်သောသူများသို့" စာပေဆိုင်ရာ စာအုပ်များထုတ်ဝေခဲ့သည်။ ၁၉၆၃ ခုတွင် "စစ်ကြောင်းချီသော်" စစ်ဝတ္ထုထုတ်ဝေသည်။


၁၉၆၄ ခုတွင် ချင်းတွင်းကျော်လျှင်၊ သွေးကိုလမ်းခင်း၍၊ သင်ကြားပေးပါလေဦးဆရာ စာအုပ်များထုတ်ဝေသည်။ ၁၉၆၅ ခုတွင် ဂျပန်တော်လှန်ရေးတိုက်ပွဲ၊ အသက်ကိုဖက်ရွက်ပမာ၊ အင်ဖာတိုက်ပွဲ၊ ကလိန်စေ့ငြမ်းဆင်၊ မြန်မာပြည် စစ်မြေပြင်၊ မန္တလေးကိုဖြတ်၍တိုက်ပွဲအဆင့်ဆင့်စသော ဘာသာပြန်လုံးချင်း စာအုပ်များ ရေးသားထုတ်ဝေသည်။



၁၉၆၆ ခုတွင် သွေးချောင်းစီးတိုက်ပွဲ၊ သံလွင်မြစ်ကမ်းတိုက်ပွဲ၊ လက်တကမ်းတိုက်ပွဲ၊ တတိယမီးကျည်၊ စစ်ပြေး။ စင်ရယ် စနစ်ရယ် လူသားရယ်၊ ဇက်တပ်ဖွဲ့ စသော ဘာသာပြန်လုံးချင်းများထုတ်ခဲ့သည်။ ၁၉၆၇ ခုတွင် အသေခံတပ်စု၊ ဆိုက်ပန်ကျွန်းတိုက်ပွဲ၊ ထောင့်ကိုးရာလေးဆယ့်နှစ်၊ ပန်းဝါစစ်ကြောင်း၊ မြ၀တီစစ်ကြောင်း၊ မြစ်ကြီးနားတိုက်ပွဲ၊ မိန်းမသုတေသန(၁၊၂)၊ ယုံကြည်ချက်အတွက် အသက်စွန့်သူများ စသောလုံးချင်းစာအုပ်များ ထုတ်ဝေခဲ့သည်။ ၁၉၆၈ ခုတွင် ဗန္ဓုလခံတပ်၊ စောနန္ဒာ၊ မိုးတိမ်ကိုစေ စသောစာအုပ်များ၊ ၁၉၆၉ ခုတွင် သိပ္ပံစုံထောက်၊ သုံးရောင်ခြယ်တစ္ဆေသင်္ဘော ဘာသာပြန်လုံးချင်းများ၊ ၁၉၇၁ ခုတွင် ဘ၀သစ္စာမေတ္တာလှိုင်း၊ တသိမ့်သိမ့်ဒွန် စာအုပ်များ၊ ၁၉၇၇ ခုတွင် ဆယ်ပြည်ထောင်ချော့တော့မပြုံး၊ တောင်တကာ့တော ဆန်ကောနဲ့ကျားထောင် ၀တ္ထုများ၊

၁၉၈၁ ခုတွင် သေမင်းနောက်သို့ ခြေရာကောက်သော် (၂-တွဲ)၊

၁၉၈၂ ခုတွင် တိုင်တန်းနစ် (၂-တွဲ)၊ သွေးစက်ခြေရာ(၂-တွဲ) ဘာသာပြန် စာအုပ်များ၊ ၁၉၈၃ ခုတွင် တစ်သောင်းမှာတစ်ယောက်၊ သန်းခေါင်ယံခုနှစ်မီးနစ် စာအုပ်များ၊ ၁၉၈၄ ခုတွင် မဟာခရီးရှည်၊ မိုးပြိုမပြို၊ အတွေ့စိမ်းစိမ်း၊ ဟစ်တလာ့အမွေ၊ စသောစာအုပ်များ၊

၁၉၈၅ ခုတွင် တိုက်ဖွန်၊ နောင်ဥဒါန်းဘယ်မကြေစရာ၊ ဘီလူးစည်းလူ့စည်း (၂တွဲ)၊ ၁၉၈၆ ခုတွင် သံမဏိသစ္စာ၊ ၃၄-အရှေ့၊ စသောဘာသာပြန်လုံးချင်းများကို ရေးသားထုတ်ဝေခဲ့သည်။

ဆရာ တက္ကသိုလ်နန္ဒမိတ်သည် စာပေတာဝန်ကို ဘဝနောက်ဆုံးအချိန်အထိ မနားတမ်း ထမ်းရွက်ပြီး အသက် ၆၄ နှစ်အရွယ်၊ ၁၉၈၆ ခု၊ နိုဝင်ဘာ (၁၅)ရက်၊ စနေနေ့ ည (၁၀း၀၅) နာရီ အချိန်တွင် အင်းစိန်မြို့ ရွာမအရှေ့၊ အောင်မင်္ဂလာလမ်းသွယ်၊ အိမ်အမှတ် (၉၉၁)၌ ကွယ်လွန်ခဲ့လေသည်။ ဆရာ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်သန်းနုနှင့် သမီးစောသီတာနန္ဒမိတ်၊ စောစန္ဒာနန္ဒမိတ်၊ သား ဇေယျာနန္ဒမိတ်၊ စိန္တာနန္ဒမိတ်၊ ဥက္ကနန္ဒမိတ်တို့ကျန်ရစ်ခဲ့သည်။ ဆရာ ကွယ်လွန်ပြီးနောက် ဆရာ၏အထိမ်းအမှတ်အဖြစ် "အမြွှာညီနောင်" စာအုပ်တိုက်ကို အမြွှာညီ တက္ကသိလ်ဇော်မင်းက ဦးဆောင်၍ ထူထောင်ခဲ့သည်။ ထို့အပြင် ဆရာ၏တပည့်အချို့က ဦးစီး၍ "တက္ကသိုလ်နန္ဒမိတ် သို့မဟုတ် ကောင်းကင်နှင့်မြေကြီးကို တောင်းခံသူ" စာအုပ်ကို ၂၀၀၄ ခုနှစ်တွင် ပုံနှိပ်ထုတ်ခဲ့သည်။


(#လူထုဝဏ္ဏ တည်းဖြတ်တင်ပြသည်)


စာညွှန်း ။ ။

၁။ မလိခ။ မြန်မာ ဝတ္ထု အညွှန်း (၁)။ စာ ၁၉၈ – ၂ဝ၉။

၂။ မလိခ။ မြန်မာ စာပေ အဘိဓာန် (၂)။ စာ ၃ဝ၉။

၃။ မောင်ကျော်သာ။ တစေ့ တစောင်း စာရေး ဆရာ တို့၏ အကြောင်း။ စာ ၁ဝ၉ – ၁၂၄။

၄။ နတ်နွယ်။ မိမိနှင့် စာရေး ဆရာများ။ စာ ၃၃၈ – ၃၄ဝ။

၅။ စာရေး ဆရာများ။ တက္ကသိုလ် နန္ဒမိတ် သို့မဟုတ် ကောင်းကင်နှင့် မြေကြီးကို တောင်းခံသူ (၂ဝဝ၄)။

၆။ မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၈၇)။ စာ ၁၇၁ – ၁၇၂။]

၇။ ပထမ မြန်မာမွတ်စလင်မ်များ (မောင်သန်းဝင်း-မြန်မာစာ)

၈။ ကြည်နိုင်- တက္ကသိုလ်နန္ဒမိတ် ဘဝနှင့်စာပေ အတ္တုပ္ပတ္တိ


#Well_Known_Writer

#RSF

www.rohangking.blogspot.com


No comments:

Post a Comment