Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, October 11, 2021

အာရိုရာဆုရှင် ရှေ့နေဦးကျော်လှအောင် (၁၉၄၁-၂၀၂၁)

 


အာရိုရာဆုရှင် ရှေ့နေဦးကျော်လှအောင် (၁၉၄၁-၂၀၂၁)

"အစားအသောက်က အရေးကြီးတယ်။ ကျန်းမာရေးလည်း အရေးကြီးတယ်။ ဒါပေမဲ့ ပညာရေးလောက် အရေးကြီးတာ ဘာတစ်ခုမှ မရှိပါဘူး။"

— ရှေ့နေဦးကျော်လှအောင်

ဦးကျော်လှအောင်သည် မြန်မာနိုင်ငံသား ရှေ့နေတစ်ဦးဖြစ်ပြီး လယ်သမားအခွင့်အရေး လှုပ်ရှားသူ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူအပြင် ရိုဟင်ဂျာအသိုင်းအဝန်း၏ အထင်ကရ ခေါင်းဆောင်တစ်ဦးအဖြစ် ကမ္ဘာက အသိအမှတ်ပြုသူတစ်ဦးဖြစ်ပါသည်။

ကျော်လှအောင်သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပါဒလချိတ်ရပ်ကွက်၌ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်တွင်  ဖခင် ဦးယူဆုဖ်နှင့် မိခင် ဒေါ်ဂုလ်ဘောဒါန်းတို့မှ ဖွားမြင်ခဲ့သည်။ ဖခင်မှာ အင်္ဂလိပ်အစိုးရအမှူးထမ်းနှင့် စစ်တွေမြို့ ခရိုင်တရားမနှင့် စက်ရှင်တရားသူကြီးရုံး၏ စာရေးကြီး တစ်ဦးဖြစ်သည်။ သူ၏မွေးနာမည်မှာ မိုဟာမတ်ကာဆိမ်း ဖြစ်သည်။ ကျော်လှအောင်သည် စစ်တွေမြို့တွင် ကြီးပြင်းလာပြီး စစ်တွေမြို့မှာပင် ပညာသင်ယူခဲ့သည်။ ၁၉၆၀ ခုနှစ်တွင် အထက်တန်းစာမေးပွဲ အောင်ခဲ့သည်။ တရားရုံး လက်ရေးတိုရေးစက်ရှင်စာရေးအဖြစ် အစိုးရဝန်ထမ်းဘဝကို စတင်ခဲ့သည်။ စစ်တွေမြို့ ခရိုင်တရားမနှင့် စက်ရှင်တရားသူကြီးရုံး စာရေးအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည်။ နောက်ဆုံး ပုဏ္ဍားကျွန်း တရားရေးဦးစီးရုံးမှ စာရေး(၁) အဖြစ်နှင့် အမှူးထမ်းဘဝကို အဆုံးသတ်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် အထက်တန်းရှေ့နေစာမေးပွဲကို "မြန်မာ့ဓလေ့ထုံးထမ်းဥပဒေ" ဘာသာရပ်၌ ဂုဏ်ထူးဖြင့် အောင်မြင်ကာ ဥပဒေဘွဲ့ (LL.B) ရယူခဲ့ပြီး အထက်တန်းရှေ့နေအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။

၁၉၈၆ ခုမှာ မြန်မာအစိုးရက ရိုဟင်ဂျာများ၏ လယ်မြေများကို မတရားသိမ်းပိုက်နေချိန်တွင် ဦးကျော်လှအောင်သည် ရိုဟင်ဂျာလယ်သမားအဖွဲ့ကို ကိုယ်စားပြုပြီး တက်ကြွလှုပ်ရှားခဲ့သည်။ ငြိမ်းချမ်းသော နည်းလမ်းဖြင့် စစ်အစိုးရကို ဆန့်ကျင်တော်လှန်ခဲ့သည်။ ဥပဒေဘောင်အတွင်းကနေ အစိုးရထံ အသနားခံစာများ ရေးသားတောင်းဆိုခဲ့သည်။ စစ်အစိုးရက မကျေနပ်၍ ၄အား ဖမ်းဆီးကာ ရန်ကုန်ထောင်တွင် ၂ နှစ် အကျဉ်းကျစေခဲ့သည်။ ၁၉၈၈ ခုနှစ် ဆန္ဒပြပွဲအပြီးမှာ ထောင်ကလွှတ်မြောက်ပြီး စစ်တွေမြို့ကို ပြန်ရောက်လာခဲ့သည်။ သို့သော် စစ်အစိုးရက ရှေ့နေကျော်လှအောင်၏ ရှေ့နေလိုင်စင်နှင့် ပင်စင်ကို မတရားရုတ်သိမ်းခဲ့သည်။

ထို့နောက် “အမျိုးသားလူ့အခွင့်အရေးနှင့် ဒီမိုကရက်တစ်ပါတီ” ကို ပူးတွဲတည်ထောင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် တခဲနက် အနိုင်ရရှိခဲ့သည်။ စစ်အစိုးရက ရွေးကောက်ပွဲကို ဖျက်သိမ်း၍ ရွေးချယ်ခံကိုယ်စားလှယ်လောင်းများကို ဖမ်းဆီး ထောင်သွင်းခဲ့သည်။ ရှေ့နေဦးကျော်လှအောင်လည်း ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံခဲ့ရသည်။ ၁၉၉၇ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့သော်လည်း နောက်ပိုင်းတွင် အကြိမ်ကြိမ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ရှေ့နေကြီးသည် ထောင်မှ လွှတ်လာ၍ အပြည်ပြည်ဆိုင်ရာအန်ဂျီအိုအဖွဲ့ MSF (Médecins Sans Frontières) သို့ အလုပ်ဝင်ခဲ့သည်။ 

၂၀၁၂ ခုနှစ် အစိုးရနောက်ထောက်ပြု လူမျိုးရေးပဋိပက္ခဖြစ်ပွားစဉ်တွင် အစွန်းရောက်သမားများ၏ လက်ချက်ကြောင့် ပလုပ်တောင်ရှိ ၎င်း၏ နေအိမ် မီးလောင်ဖျက်ဆီးခံခဲ့ရသည်။ အာဏာပိုင်များက ရှေ့နေကြီးကို မတရားဖမ်းဆီးကာ  ၂ လထိထိ အချုပ်၌ ထိန်းသိမ်းထားခဲ့သည်။ ၂၀၁၃ ခု ဇူလိုင်လ ၁၅ ရက်တွင် အိုင်ဒီပီစခန်း၌ ဆန္ဒပြမှုကို ဦးဆောင်ခဲ့သည်ဟုစွပ်စွဲကာ ဦးသိန်းစိန်အစိုးရက ထပ်မံဖမ်းဆီးခဲ့သည်။ ၂၀၁၄ ခု အောက်တိုဘာလ ၇ ရက်တွင် စစ်တွေထောင်မှ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှမ်မြောက်လာခဲ့သည်။ ၂၀၁၈ ခုနှစ်မှ စတင်ကာ စစ်တွေမြို့ အပြင်ဘက်ရှိ သက်ကေပြင် ဒုက္ခသည်စခန်းတွင် နေထိုင်ခဲ့ရပြီး ဒုက္ခသည်စခန်း၌ ဦးစီးဦးဆောင်ပြုကာ ဒုက္ခသည်များအကျိုးပြု အကူအညီများနှင့် အခွင့်အရေးများအတွက် ဆက်လက်တိုက်ပွဲဝင်ခဲ့သည်။

 ၂၀၁၂ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် ရှေ့နေ ဦးကျော်လှအောင် စစ်တွေအကျဉ်းထောင်မှ လွှတ်လာခဲ့စဉ် (ပုံ-မဇ္ဈိမ)

၂၀၁၂ ခုတွင် ရှေ့နေဦးကျော်လှအောင်သည် ပညာရေးကော်မတီအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းကာ ရိုဟင်ဂျာလူငယ်များ၏ ပညာရေးမြင့်တင်ပေးရန် ကြိုးပမ်းခဲ့သည်။ နောင်တွင် အစိုးရက ထိုပညာရေးအဖွဲ့အစည်းကို ပိတ်ပင်ဖျက်သိမ်းခဲ့သည်။ 

ရှေ့နေကြီး၏ လှုပ်ရှားမှု အဓိက ရည်မှန်းချက်များမှာ ရိုဟင်ဂျာ အသိုင်းအဝိုင်းအတွက် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပြည်စုံသော ပညာခွင့်ရရှိရေး၊ နိုင်ငံသားအခွင့်အရေးအပါအဝင် ပဋိပက္ခနှင့်ပတ်သက်၍ အသိပညာ မြှင့်တင်ရန် ဖြစ်သည်။

ဦးကျော်လှအောင်၏ အစွန့်စားခံ၊ စွန့်လွှတ်မှု၊ ကြိုးပမ်းမှုများအတွက် ၂၀၁၈ ခုနှစ်တွင် အာမေးနီးယားနိုင်ငံက Aurora Prize for Awakening Humanity ဆုကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ သူရရှိသော ဆုငွေ ဒေါ်လာတစ်သန်းကို  မြန်မာနိုင်ငံမှ ဒုက္ခသည်များအား  ကျန်းမာရေး၊ ပညာရေးကဏ္ဍများမှ ကူညီနိုင်ရန် Médecins Sans Frontières, Mercy Malaysia, and the International Catholic Migration Commission (ICMC) တို့အား လှူဒါန်းခဲ့သည်။ သူ၏ အလှူငွေဖြင့် ရိုဟင်ဂျာဒုက္ခသည် ၃၇၅၀၀၀ တို့က အကျိုးခံစားခွင့်ရရှိခဲ့သည်။  ၂၀၁၉ ခုနှစ်တွင် ရှေ့နေကျော်လှအောင်ကို ရိုဟင်ဂျာ အမျိုးသားထဲမှ ပထမဆုံးအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ချစ်ကြည်ရေး သံတမန် (Goodwill Ambassador)အဖြစ်  Aurora Forum မှ ခန့်အပ်ခဲ့သည်။ သူသည် မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော အာရိုရာဆုရှင် အပြင် ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေး သံတမန်တစ်ဦးဖြစ်လာခဲ့သည်။ 

၂၀၁၉ ခုနှစ်တွင် ဦးကျော်လှအောင်ကို Fortune မဂ္ဂဇင်း၏ "ကမ္ဘာ့အကြီးမြတ်ဆုံးခေါင်းဆောင်များစာရင်း အဆင့် ၂၈ တွင် ထည့်သွင်းဖော်ပြခံရသည်။ နိုင်ငံတကာ သတင်းဂျာနယ်စင်များက ရှေ့နေကျော်လှအောင်ကို "ကိုယ်ကျိုးမဲ့ သူရဲကောင်း" ဟု ကင်ပွန်းတပ်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ဦးကျော်လှအောင်၏ ပုံကို အာမေးနီးယန်းစာတိုက်ရုံး တံဆိပ်ခေါင်းတွင် ပုံနှိပ်ကာ ဂုဏ်ပြုခဲ့သည်။

မြန်မာ့ဂုဏ်ဆောင် ရှေ့နေဦးကျော်လှအောင်တွင် သားသမီးခုနစ်ယောက် ထွန်းကားခဲ့သည်။ မိမိလူမျိုးနှင့် တိုင်းပြည်အတွက် တရားမျှတမှုနှင့် ငြိမ်းချမ်းရေး တိုက်ပွဲဝင်ရင်း  ၂၀၂၁ ခုနှစ် ဇူလိုင်လ ၃၁ ရက်တွင် ရန်ကုန်၌ ဆေးကုသမှုခံယူနေစဉ်  ရန်ကုန်မြို့ ဗိုလ်တစ်ထောင်တွင် အလ္လဟ်အမိန့်တော်ခံယူလေသည်။ ရိုဟင်ဂျာလူမျိုး၏ အစားမထိုးနိုင်သော ကိုယ်ကျိုးမဲ့ လူ့အခွင့်အရေးသူရဲကောင်းတစ်ဦး ကြွေလွင့်ခဲ့လေသည်။ အလ္လာဟ်အရှင်မြတ် အစားပေးတော်မူပါစေ…အာမိန်။


 — လူထုဝဏ္ဏ

ကိုးကား - Internet Sources 



No comments:

Post a Comment