မောင်နုရွာ အစုလိုက်သတ်ဖြတ်မှု
(၂ဝ၁၇ ခုနှစ် ဩဂုတ်လ ၂၇ ရက်)
~~~
ဗမာစစ်တပ်၏ ရေးသားဖော်ပြမကုန်နိုင်သော ရောင်စုံညှဥ်းပမ်းနှိပ်စက်မှုများထဲမှ ၂ဝ၁၇ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့ တနင်္ဂနွေနေ့တွင် ဘူးသီးတောင်မြို့နယ်၊ မောင်နုရွာ၌ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်မှုအကြောင်းကို အကျဉ်းချုပ်ရေးသား ဖော်ပြလိုက်ပါသည်။
၂ဝ၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့၌ ဓားတုတ်နှင့် တိုက်ခံရသည့် နေရာများထဲတွင် ဘူးသီးတောင်မြို့နယ်၊ ခြင်းသမားကျေးရွာအုပ်စု၊ ဖောင်တော်ပြင် နခခ စခန်း လည်း ပါဝင်ခဲ့သည်။
စခန်းအတိုက်ခံရပြီးနောက် စခန်းအနီးအနားရှိ ရွာသူရွာသား ကလေး၊ လူကြီး၊ ယောက်ျား၊ မိန်းမ များသည် ကြောက်လန့်၍ နီးစပ်ရာ မောင်နုရွာသို့ သွားရောက်ခိုလှုံခဲ့သည်။ ၎င်းရွာတွင် စစ်တပ်နှင့် ရင်းနှီးသူ ဦး ဇာဟိတ်ဟူဆိန်ကို အားကိုးပြီး ၎င်း၏နေအိမ်နှင့် အနီးအနားအိမ်များသို့ သွားရောက် ခိုလှုံခဲ့ခြင်းဖြစ်သည်။ ၂၀၁၇ ခု သြဂုတ်လ ၂၇ ရက်နေ့ ၌ စကခ ၁၅၊ ဒု-တပ်မမှူး ဗိုလ်မှူးကြီး သန်းထိုက်အမိန့်ဖြင့် ခမရ ၅၆၄ ဒုတပ်ရင်းမှူး ဗိုလ်မှူး ရန်နိုင်ဦး ဦးစီးပြီး စစ်တပ်၊ နယ်ခြားစောင့် ရဲ နှင့် ရခိုင် လူမိုက်အရပ်သားအချို့ (တုတ်ဓား ကိုင်လျက်) နံနက် ၁ဝ နာရီခွဲခန့် အချိန်တွင် မောင်နုရွာထဲသို့ ဝင်ရောက်လာပြီး ပထမဦးဆုံး ဇာဟိတ်ဟူဆိန်၏ နေအိမ်ကို ဝန်းရံခဲ့သည်။ ရောက်ရောက်ချင်းအိမ်ထဲသို့ သေနတ်ချိန်းပစ်ခတ်ရာ ၁ဝ နှစ်သားအရွယ် ကလေးတစ်ဦး၏ ဦးခေါင်းမှန်ပြီး ဦးနှောက် ပွင့်ထွက်သွားခဲ့သည်။ အရာရှိငယ် တစ်ဦးက အိမ်ကို ဓာတ်ဆီလောင်း မီးရှို့ဖို့ ကြိုးစားခဲ့ရာ နောက်ဆုံး မီးမရှို့ဘဲ အမျိုးသမီးများကို အနီးရှိ အသတ်ခံရသူ မလဝီ အဒူခါလိပ်၏ နေအိမ်ထဲခေါ်သွင်းပြီး တပ်ဖွဲ့ဝင်များက ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားထဲသို့ လက်နှိုက်ကာ မဖွယ်မရာ ပြုလုပ်ခြင်း၊ ပစ္စည်းရှာဖွေခြင်း၊ ရွှေငွေ လက်ဝတ်ရတနာများ လုယူခြင်း၊ အဓမ္မပြုကျင့်ခြင်းများ လူမဆန်စွာ ကျူးလွန်ခဲ့သည်။ အမျိုးသားများနှင့် ယောက်ျားကလေးများကို ဦးဇာဟိတ်ဟူဆိန်၏ နေအိမ်ထဲမှ တစ်ယောက်ချင်းစီ ခေါ်ထုတ်ပြီး ကြိုးထုပ်၊ မျက်နှာစည်း၊ မှောက်ခိုင်း၍ အနီးရှိ အဒူဂေါ်ဖောရ်၏ နေအိမ်ခြံထဲတွင် ဒူးထောက်ထိုင်ခိုင်းပြီး အချို့ကို သေနတ်ပစ်ခတ်၊ အချို့ကို လည်လှီးသတ်ဖြတ်ခဲ့သည်။
အလောင်းများကို စစ်တပ် ဖော့ကား (Faw)ဖြင့် နေဝင် မိုး ချုပ်ချိန်ထိ သယ်ယူ၍ ခမရ ၅၆၄ ရှေ့ဘက်မျက်နှာချင်းဆိုင် ကျွဲနွားချည်ရာ ကုန်းပေါ်ရှိ မန်ကျည်းပင်အောက်တွင် ကျင်းတူး မြှုပ်နှံဖျောက်ပစ်လိုက်သည်ကို ကုလားပန်းဇင်ချောင်း တစ်ဘက်ကမ်း ဒါးပိုင်ဆရာ၊ မောင်ကြီးတောင်မှ ရွာသားများက ၎င်းနေ့တွင် မျက်မြင် တွေ့ရှိခဲ့ပါသည်။ အချို့အလောင်းများကို အဒူဂေါ်ဖ္ဖေါရ်၏ အိမ်ခြံထဲတွင် တွင်းတူး မြေမြှုပ်ခဲ့ရာ အလောင်းအချို့ ပေါ်လာခဲ့သည်ကို တွေ့မြင်ရခဲ့သည်။ ဤကဲ့သို့ လည်လှီး သေနတ်ပစ်သတ်ဖြတ်ခံရသူများထဲတွင် အဖိုးကြီးများနှင့် အရွယ်မရောက်သေးသော ကလေးလေးများအပါအဝင် အယောက် ၈ဝ ကျော်ခန့် အကြမ်းဖက်စစ်တပ်နှင့် ရခိုင်အစွန်းရောက်သမားတို့၏ သတ်ဖြတ်ခြင်းကို ရက်ရက်စက်စပ်ခံခဲ့ရသည်။ ၂၀၁၇ ခု သြဂုတ်လ၂၈ ရက်နေ့မှစ၍ စစ်တပ်က နေအိမ်များ မီးရှို့ခဲ့သည်။
အဆိုပါစစ်ကြောင်းအဖွဲ့တွင် ခမရ ၅၆၄ မှ ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူး သန့်ဇင်ဝင်း လည်း ပါဝင်ခဲ့သည်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပြီးနောက် လူသတ်မှုကို ဖုံးကွယ်ရန် တောင်ဘာဇား နခခ မှ ရခိုင်အစွန်းရောက်သမား ရိုဟင်ဂျာကို သေလုမတတ် မုန်းတတ်သူ ရဲအုပ် ဗိုလ်ကြီး ထွန်းနိုင်နှင့် ၎င်း၏ သားတပည့် လက်ရုံး အမာခံ တပ်ဖွဲ့ဝင် မောင်မောင်ဌေး နှင့် ကိုကိုအေး အပါအဝင် အမှုစစ်အဖွဲ့များက တောင်ဘာဇားအပိုင် အုပ်ချုပ်ရေးမှူးများကို ရုံးသို့ ခေါ်ယူပြီး ပဋိပက္ခအတွင်း အသတ်ခံရသူများသည် အာဆာများဖြစ်ကြောင်း ပြောပြပြီး၊ စာရွက်အလွတ် ပေါ်တွင် အတင်းလက်မှတ်ထိုးခိုင်း၍ လက်မှတ်ထိုးဖို့ သဘောမတူလျှင် အာဆာ အားပေးဟု အုပ်ချုပ်ရေးမှူးများကို ခြိမ်းခြောက်ခဲ့သည်။ ၎င်း ဗိုလ်ကြီး ထွန်းနိုင် သည် ၂ဝ၁၇ ခုနှစ် အရေးအခင်းနောက်ပိုင်း ကျန်ရစ်သော ရိုဟင်ဂျာများကို အာဆာ အားပေးဟု ဖမ်းဆီး နှိပ်စက် တံဆိပ်ကပ် ခြိမ်းခြောက်လျက် တစ်ဦးလျှင် ငွေကျပ် သိန်းပေါင်း ရာနှင့်ချီ ညှစ်ခဲ့သည်။ လူသတ်သည့် မောင်နု စစ်ကြောင်းတွင် ၎င်း၏ နခခ တပ်ဖွဲ့ဝင်များပါဝင်သည်။
အဆိုပါ မောင်နုရွာ စစ်ကြောင်းတွင် တပ်မ ၉၉ နှင့် တပ်မ ၃၃ မှ တပ်ဖွဲ့ဝင်များလည်း ပါရှိကြောင်း သတင်းထွက်ခဲ့သည်။
အဆိုပါ မောင်နုရွာ အစုလိုက်သတ်ဖြတ်ပွဲကို ထပ်မံ ဖုံးကွယ်ရန် ဖက်ဆစ် မင်းအောင်လှိုင်အစိုးရက ၂ဝ၁၉ ခုနှစ်တွင် နေပြည်တော်မှ ဗိုလ်ချုပ်မြတ်ကျော် ဦးစီးသော စစ်တပ် စုံခုံအဖွဲ့ကို မောင်နုရွာ သို့ စေလွှတ်ခဲ့သည်။ ထိုအဖွဲ့က နစ်နာသူ မိသားစုဝင်များ၏ ထွက်ဆိုချက်များကို အရေးမစိုက်ဘဲ ထွက်ဆိုသူများအား ငွေကြေး ပေးဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်းစသည်ဖြင့် အမျိုးမျိုး ဖျောင်းဖျကာ စစ်တပ် အလိုကျ ရေးသားချက် စာရွက်ပေါ် တွင်သာ လက်မှတ်ထိုးခိုင်းခဲ့သည်။
ပုံ- မောင်နုရွာ အစုလိုက်သတ်ဖြတ်မှုတွင် အသတ်ခံခဲ့ရသူအချို့၏ ပုံ။
Credit FB.

No comments:
Post a Comment