“အောက်သား” ဆိုတာ ဘယ်သူလဲ ?
အောက်သား ဆိုသော အခေါ် အပြော စကားလုံးကို များစွာ ကြားဖူးပါသည်။ ရခိုင်လူမျိုးအများစု သုံးနှုန်းကြသည်။ အချို့က ထို စကားလုံးသည် မြန်မာလူမျိုးကို ရည်ညွှန်းခြင်းဟု ဆိုသည်။ အချို့က ဗမာဟု ဆိုသည်။ မဟုတ်ရေးချ မဟုတ်ပါ။ ထိုစကားလုံးသည် မြန်မာ / ဗမာကို ရည်ညွှန်းခြင်း လုံးဝ မဟုတ်ကြောင်းကို ကျမ်းကိုင်၍ ဆိုဝံ့ပါသည်။ ဘယ်ကျမ်းကို ကိုင်မှာလဲ ဆိုလျှင်တော့ ရခိုင်လူမျိုးများ ပြောသည့် စကား ဖြစ်၍ ရခိုင် ကျမ်းများကိုသာ ကိုင်စွဲရပါမည်။ ဤနေရာတွင် စာနှင့် ပေနှင့် အတိအကျ မှတ်တမ်း တင်ထားသော အချက်များကိုသာ စဉ်းစာမည် ဖြစ်ပြီး ဘာဘာ ပြောရေ၊ အဖိုးသျှင် ပြောရေ၊ အဘောင်သျှင် ပြောရေ ဆိုသည် များကို လုံးဝ ထည့်သွင်း စဉ်းစားမည် မဟုတ်ပါ။ ထိုစကားလုံးကို သေချာစွာ မသိသော လူတို့သည် ရှေးဟောင်း ရခိုင့်စာပီ တို့ကို သေချာစွာ မဖတ်ဖူး ကြသောကြောင့် ဖြစ်ပါသည်။
ရာဇဝင် သမိုင်းအကြောင်း ဖတ်မည်ဆိုလျှင် “သမားဆို အိုမှ” ဟူသော အယူအဆကို နှစ်သက်ပါသည်။ ရာဇဝင်ကျမ်း တခုသည် ရှေးကျလေ၊ ပုံနှိပ်မူ စောလေ ပိုကောင်းလေ ဟု ယူဆပါသည်။ အဘယ်ကြော်င့် ဆိုသော် ယခုခေတ်တွင် သမိုင်း အတုလုပ်လိုသူများ ပေါများလာသောကြောင့် ဖြစ်ပါသည်။ AI ကို ရေးခိုင်းကာ သက္ကရာဇ် အတု၊ ရာဇဝင်အတုများ ဖန်တီးနေသူများကိုလည်း ဝမ်းနည်းဖွယ် တွေ့ရပါသည်။ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကိုယ့်အဘိုးအဘွားများ မမွေးဖွားခင် နှစ်ပေါင်းများစွာက ရှိခဲ့သော သမိုင်းကျမ်းများကို စာလုံးပေါင်းများ ပြင်ဆင်ခြင်း၊ စာပိုဒ် အချို့ကို ဖြုတ်ပစ်ခြင်းများကား မလုပ်သင့် မလုပ်ထိုက်သော အပြုအမူ များပါပေ။ မှားလျှင် မှားသော နေရာများကိုသာ အထောက်အထားနှင့် ပြောဆိုသင့်သည်။ သမိုင်း မရှိခြင်းသည် ရှက်စရာ မဟုတ်ပါ၊ အတုများ ဖန်တီးခြင်း သည်သာ ရှက်စရာ ဖြစ်ပါသည်။ ထို့ကြောင့် သက္ကရာဇ် ၂၀၀၀ နောက်ပိုင်းတွင် ရေးသော သမိုင်းစာအုပ်များကို ကိုးကား မပါလျှင် မယုံကြည်ပါ။ ဤကား စကားချပ် ဖြစ်ပါသည်။
ရခိုင် ရာဇဝင် ကျမ်းများကို အားလုံး မဖတ်ဖူးသော်လည်း အတော် အတန်တော့ ဖတ်ရှုဖူးပါသည်။ ကိုယ်ပိုင် အယူအဆ အရမူ မြန်မာ ပြီးလျှင် ရာဇဝင် သမိုင်းကျမ်း အများဆုံး ရေးသားခဲ့သော လူမျိုး ဖြစ်သည်။ အောက်သား ဟူသော အသုံးအနှုန်းကို အခြား ရာဇဝင်ကျမ်း များတွင် မတွေ့ရ၊ အစောဆုံး တွေ့ရသော ရာဇဝင် ကျမ်းမှာ “မဟာ ဝိဟိံက ရခိုင် ရာဇဝင် မော်ကွန်း လင်္ကာ” ဖြစ်သည်။ ၁၇၈၄ ပတ်ဝန်းကျင်တွင် ရေးသားခဲ့သည် ဟု အဆိုရှိသည်။ ရေးသားသူမှာ ဒွါရဝတီ ဆရာကျော်မဲ ဖြစ်သည်။ နာမည်ကျော် ငမည်းရာဇဝင် ဆိုသည်မှာလည်း ထို ပုဂ္ဂိုလ်ကြီး ရေးသား ပြုစုသော ရာဇဝင် ဖြစ်မည်ဟု ယူဆပါသည်။ မဟာဝိဟိံက ရခိုင် ရာဇဝင် လင်္ကာမှာ စုစုပေါင်း ၄၉ ပိုဒ် ရှိပြီး ကာရန်လည်းမိ၊ ရခိုင် အသုံးအနှုန်း များကိုလည်း သုံးစွဲထားသည်။ ရေးသားပုံမှာ အတော် အဆင့်အတန်း မြင့်ပြီး ခုခေတ်လူများ တုပ ရေးသားဖို့ မလွယ်ဟု ယူဆပါသည်။
ထို ရာဇဝင် လင်္ကာ အပိုဒ်ရေ ၄၂ တွင် “မချို့ရန်ပွား၊ တိုင်းကားနိုင်ငံ၊ ပြည်ပုဂ္ဂံက၊ နန်းစံစိုးပေ၊ မြန်မင်းဆွေလျှင်၊ ဗိုလ်ခြေများစွာ၊ ချီ၍လာလျှက်” ဟု ရေးသားထားပါသည်။ ထိုနှစ်ကား မြန်မာဘုရင် မင်းခေါင်က ရခိုင်သို့ ချီတက် တိုက်ခိုက်သောနှစ် ဖြစ်ပါသည်။ မင်းဆွေ ဆိုသည်မှာ ဘုရင်မင်းခေါင်၏ ငယ်နာမည် ဖြစ်ပါသည်။ “မြန်မင်းဆွေ” ဟု ရေးသား ထားသည်ကို သတိပြုပါ။ မြန်မာ မင်းဆွေ ဟု ဆိုလိုဟန် ရှိသည်။ အောက်မင်းဆွေ ဟု လုံးဝ ရေးမသွားသည်ကို သတိပြုရမည်။ ထိုစာပိုဒ်မှာပင် “အယူရိုင်းစိုင်း၊ တလိုင်းမောင်ခွင်၊ တနှစ်ပင်တည်း” ဟု ရေးသား ထားပြန်သည်။ ထိုစာမှာ ဘုရင်မင်းခေါင်၏ တပ်တို့ ပြန်သွားသော် ရာဇာဓိရာဇ်က လာရောက် တိုက်ခိုက်ပြီး မောင်ခွင် ဟူသော တလိုင်းအမတ်ကို မြို့စောင့် ခန့်သည့် အကြောင်း ဖြစ်သည်။ ဤအကြောင်းကို ရခိုင်ရာဇဝင်သစ်ကျမ်း ဒုတိယတွဲ စာမျက်နှာ ၁၀ တွင် ဖတ်ရှုနိုင်ပါသည်။ မူရင်း ရခိုင် ရာဇဝင်မှာပင် တလိုင်းမင်း၊ တလိုင်းအမတ်ဟု ရေးသားထားပါသည်။ အယူရိုင်းစိုင်း၊ တလိုင်းမောင်ခွင် ဆိုသူမှာ ထိုအမတ်ပင်တည်း။ ထိုစာပိုဒ်၏ အောက်ဆုံးတွင် “အောက်သားတလိုင်း၊ အယူရိုင်းရို့၊ ပြိုင်ခိုင်းတိုက်ခါ၊ ဟိသောခါဝယ်၊ ရာဇာစောမွန်၊ ရောက်လာပြန်သော်” ဟူ၍ ရေးသားထားပြန်သည်။ တလိုင်းလူမျိုး ဆိုသည်ကို အောက်သားဟု ရေးသွားသည်။
ဆက်လက်၍ အပိုဒ်ရေ ၄၇ တွင် “ဧကာဧက၊ ထိုကာလဝယ်၊ အင်းဝခေါ်ထ၊ ပြည်ဌာနက၊ ဒေါသရန်ပွား၊ ပျူအောက်သားရို့၊ ခိုက်ပွားရန်ရှာ၊ တိုက်ဖျက်လာ၍” ဟု ရေးသား ထားသည်။ ထို သက္ကရာဇ်မှာ ဘိုးတော်ဘုရား ဗဒုံမင်းက ရခိုင်ကို ချီတက် တိုက်ခိုက်သော နှစ် ဖြစ်ပါသည်။ “ဒေါသရန်ပွား၊ ပျူအောက်သားရို့” ဟု သုံးနှုန်း သွားပါသည်။ ကြည့်ရသည်မှာ ဘိုးတော်ဦးဝိုင်းက ပျူစစ်တပ်များကို သီးသန့် စေလွှတ်လိုက်ဟန် တူသည်။ ကုန်းဘောင်ခေတ် အလယ်လောက်အထိ ပျူများ တပ်မကြီးများ ဖွဲ့စည်းကာ စစ်ဆင်နိုင်သည် အထိ အများအပြား ရှိနေကြောင်း သိရသည်။ ပျူများကို အောက်သား ဟူ၍ သုံးနှုန်းသွားပြန်သည်။
ဆက်လက်ပြီး အပိုဒ်ရေ ၄၈ တွင် “များစွာခွတ်ထစ်၊ သတ်၍ပစ်လျှက်၊ အချစ်ဝါဿနာ၊ မဟိပါငြား၊ ပျူအောက်သားသည်၊ စကားမုသားဝါဒီတည်း” ဟု ရေးသား ထားပြန်သည်။ ဘိုးတော်ဘုရား၏ ပျူ စစ်တပ်တို့သည် ခြေလွန်လက်လွန် လုပ်ခဲ့ကြသည်ဟု ရေးသားထားသည်။ မြန်မာဟု လုံးဝမရေး၊ ဗမာဟုလည်း မရေး ခြေလွန်လက်လွန် ပြုမူသူများမှာ အောက်သား ပျူများ ဖြစ်သည်ဟု ရေးသားသည်။ ပျူများသည် ထို ကိစ္စများကို လုပ်အပြီးတွင် သမိုင်းထဲမှ လုံးဝ ပျောက်သွားခဲ့ကြသည်။ ယနေ့ခေတ်တွင် မျိုးတုံးသွားပြီဟု တိုင်းရင်းသား အားလုံးနီးပါး လက်ခံထား၍ လိုက်ရှာရန်လည်း မဖြစ်နိုင်တော့ပါ။ မြန်မာ/ ဗမာ နှင့် ပျူ လုံးဝ မတူပါ ဆိုသည်ကို တိုင်းရင်းသား အားလုံး ဝိုင်းပြောနေသောကိစ္စဖြစ်၍ အထူး ပြောဖို့ မလိုတော့ဟု ယူဆပါသည်။ တိုင်းရင်းသားတို့ ပြောသည်ကို ထည့်သွင်း စဉ်းစားပေးရပါမည်။ မြောက်ဦး ကိစ္စကို တရားခံ ရှာလိုလျှင် မြန်မာများကို ရှာရန်မဟုတ်၊ ပျောက်ကွယ်သွားပြီ ဆိုသော ပျူလူမျိုးများကိုသာ တွေ့အောင် ရှာရပါတော့မည်။
ဒေးဝန်းကြီး အောင်ကျော်ရွီး ရေးသော ကိုယ်တွေ့ ရခိုင်ပြည်သိမ်း မှတ်တမ်းတွင်မူ အပိုဒ်ရေ ၁၂ တွင် “ယင်းသောခါမြို့ဝန်ကား၊ ရဲစက်ကေသည်၊ ထိုဝယ်သျှမ်းအောက်သားသည်၊ ကြောက်ဝှန်ငြားမကြံသာ၊ ကိုယ့်မယားကို၊ လက်ဖျားဆွဲကိုင်လျှက်” ဟု ရေးသား ထားသည်။ သျှမ်းလူမျိုးကို အောက်သားဟု ရေးသား ထားပြန်သည်။ ဒေးဝန်းကြီး အောင်ကျော်ရွှီး ဆိုသူမှာ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲတွင် အင်္ဂလိပ်ဖက်မှ ပါဝင် တိုက်ခိုက်ခဲ့သူ ဖြစ်သည်။ ပထမစစ်ပွဲတွင် ရှမ်းလူမျိုး အများအပြားက မြန်မာဘုရင်ဖက်မှ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ရခိုင်လူမျိုးများက အင်္ဂလိပ်ဖက်မှ ဝင်ရောက် တိုက်ခိုက်ခဲ့ကြသည်။ ဝက်ထီးကန် တိုက်ပွဲတွင် သျှမ်း အမျိုးသမီး စစ်ဗိုလ် ၃ ဦး ပါဝင်တိုက်ခိုက်ခဲ့သည်မှာ အင်္ဂလိပ် စစ်မှတ်တမ်းများတွင်ပါ ချီးကျူးရပါသည်။ ၂ ဦးမှာ တိုက်ပွဲတွင် ပြောင်မြောက်စွာ ကျဆုံး ရှာသည်။ ထိုကြောင့် ရခိုင်တပ်နှင့် ရှမ်းတပ် အချို့ တိုက်ပွဲတွင် ရင်ဆိုင် မိကြဟန်တူသည်။ ထို့ကြောင့် သျှမ်း လူမျိုးများပါ တောင်ပေါ်တွင် နေသူများ ဖြစ်ပါလျှက် အောက်သားဘွဲ့ ရသွာဟန် တူသည်။ ဒေးဝန်းကြီး အောင်ကျော်ရွှီး၏ မှတ်တမ်းမှာ ဆရာကျော်မဲထက် များစွာ နောက်ကျပြီး အဆင့်လည်း မမြင့်လှပါ။ ထို သျှမ်းလူမျိုး လင်မယား နှစ်ဦးအား သူ သတ်ပစ်လိုက်ကြောင်း ရေးထားသည်မှာ စိတ်မချမ်းမြေ့ဖွယ် ဖြစ်နေပါသည်။
ယခု အထောက်အထားများကို ကြည့်လျှင် အောက်သား ဟူသည်မှာ လူမျိုး တမျိုးတည်းကို ခေါ်သည် မဟုတ်ကြောင်း တွေ့ရပေလိမ့်မည်။ တလိုင်းလည်း အောက်သား၊ သျှမ်းလည်း အောက်သား၊ မြန်မာလည်း အောက်သား၊ ပျူလည်း အောက်သား ဖြစ်နေကြောင်း တွေ့ရသည်။ ထူးခြားသည်မှာ ထိုလူမျိုးများ အားလုံးသည် ရခိုင်ပြည်ကို ဝင်ရောက်တိုက်ခိုက်ချိန်တွင် အောက်သားဘွဲ့ကို ရသွားကြကြောင်း တွေ့ရသည်။ အမေရိကန် လာတိုက်လည်း အောက်သားထရမ့် ဟူသော ဘွဲ့ ရသွားပေလိမ့်မည်။
ထို့ကြောင့် လူမျိုးတမျိုးသည် အောက်သားဘွဲ့ ရလိုပါက ရခိုင် လူမျိုးတို့နှင့် တိုက်ခိုက်ရန် လိုသည်ဟုသာ ယူဆမိပါတော့သည်။ အထောက်အထားများကို သေချာစွာ သိမ်းစေလိုပါသည်။ ယခုခေတ်တွင် တချို့ မရိုးသားသူတို့သည် ရှေးစာပေ အထောက်အထားများကို ဖျက်ဆီးလေ့ ရှိသည်ဟု ကြားရသောကြောင့် ဖြစ်ပါသည်။
— စံလှကြီး
(မင်းသစ် FB ပို့စ်မှ ကူးယူ)





No comments:
Post a Comment