Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, March 2, 2017

ရိုအစားအစာ အပိုင်း (၅)၊ ဆိုက်န္နာ့ဖီရာ့ [မုန့်လုံးချွန်]

စားရန်အသင့်ပြင်ထားသော ဆိုက်န္နာ့ဖီရာ့

ဆိုက်န္နာ့ဖီရာ့ [မုန့်လုံးချွန်]


🍜🍴🍹🍜🍴🍹🍜🍴🍹
ရေးသား📝    ရိုဟင်လေး 
အမျိုးအစား📢 ရိုဟင်ဂျာ ရိုးရာအစားအစာ
ပတ္တမြားကဲ့သို့ နီတောက်တောက်နှင့် ရိုဟင်ဂျာ ရိုးရာအစားအစာတစ်မျိုးကို ပြပါဆိုလျှင် ဆိုက်န္နာ့ဖီရာ့ကိုပဲ လက်ညှိုးထိုးပြမှာက သေချာပါတယ်။ စားဖူးသူတို့သည် ထိုနာမယ်ကိုကြားရုံနဲ့  လျှာရည်တဝေဝေနှင့် မျက်နှာပွင့်လာမယ်။ မသိတသိ ပါးစပ်တောင်ဟလာနိုင်တယ်။

 ရိုဟင်ဂျာဘာသာစကားတွင် “ဆိုက်န္နာ့”၏  အဓိပ္ပာယ်မှာ ပါးပြင်  ဖြစ်သည်။ ဆိုက်န္နာ့မုန့်မှာ လုံးပြီး ဘေးနှစ်ဖက်တွင် အုပ်မို့နေသော ခပ်ချွန်ချွန်ပုံသဏ္ဌာန်ရှိသောကြောင့် ဆိုက်န္နာဖီရာ့ [Sáinná Fiçá] ဟုခေါ်ကြ သည်။ မြန်မာလို မုန့်လုံးချွန် ဟုခေါ်လျှင် ဆီလျော်မည်ဟုထင်ပါသည်။  နွေဦးရာသီ လယ်စပါးများ ရိတ်သိမ်းပြီးချိန်တွင် ဒေသပေါ်ရာသီပေါ် လယ်ထွက် စပါးသစ် ထန်းသစ် တို့ဖြင့် အစာပြေသုံးဆောင်နိုင်ရန် ပြုလုပ်လေ့ရှိသည်။

ဆိုက်န္နာ့ဖီရာနှင့် ပတ်သက်၍ ဗန်းစကားများ၊ စကားပုံများ၊ စကားထာများအပြင် တေးသီချင်း အမြောက် အမြားကို လည်း ရိုဟင်ဂျာတို့၏နေ့စဉ် ဘဝတွင် သုံးစွဲခဲ့သည်။ ယခုမှာမူ ခေတ်ကာလနှင့် တစ်ပြေးညီ တစ်ခြားယဉ်ကျေးမှုဓလေ့ထုံးစံများ မတားဆီးနိုင်လောက်အောင် ကူးဝင်နေသည့် ခေတ်မီ အချိန်တွင် ထိုတန်ဖိုးရှိ အသုံးအနှုန်းများလည်း တဖြည်းဖြည်း မှေးမှိန်လာခဲ့ရသည်။ သို့သော် အချို့ကိုမူ ယနေ့တိုင် သုံးစွဲပြောဆိုနေသည်ကိုလည်း တွေ့ရပါမည်။

“Hotá ré sáinna fiçá no banaic.”
[စကားကို ချောမော၍ မပြောပါနှင့်] “တစ်စုံတစ်ခုကို အလွန်အကျွံချီးမွမ်းပြောဆိုသူအား ဝေဖန်ကန့်ကွက် ရာ၌ သုံးသော ဗန်းစကားဖြစ်သည်”စသော ဗန်းစကားများ…

“O buo… zargua buo… gom noláger toré,

Sáinna fiçá muinna tulí no hábailá moré…”
[ အို…သည်ရင်းတော်…  သိပ်မချစ်ချင်တော့ဘူး နင့်အား၊

ဆိုက်န္နာ့ဖီရာ့တောင် ဘေးချွန်ကာ မောင်အား မကျွေးခဲ့ပါတကား -----

အိုသည်ရင်းရယ် ] 
စသည့် တေးသီချင်းများလည်း သီဆိုကြသည်။


စကားရှည်နေပြီ။ ကဲ့… ဆိုက်န္နာ့ဖီရာ့ လုပ်ကြရအောင်…



လိုအပ်သည့်ပစ္စည်းများ

🍴🍴🍴🍴🍴🍴🍴
၁။ ဆန်မှုန့် 
၂။ ထန်းလျက်  
၃။ ဆား 
၎။ အုန်းသီး 
၅။ ရေ
(ပမာဏတော့မပြောတော့ဘူးနော် ပြုလုပ်မယ့် မုန့်အရေအတွက်ကိုကြည့်ပြီး ကိုယ့်ဘာသာ ချိန်ထည့်ပါ။)


ပြုလုပ်နည်း

🍳🍩🔪🍩🍝


ဆန်မှုန့်စိမ်းကို ရေမထည့်ဘဲ လက်နှစ်ဖက်ဖြင့် ဖိလျက် ဘော်လုံးသဏ္ဌာန် လုံးပေးရမည်။ ၎င်း ဆန်မှုန့်လုံးကြီးကို “မုရာ့ ဟိုင်” [Múçá Hañi] ဟုခေါ်သည်။


ဆန်မှုန့်

ဒယ်အိုးကြီး တစ်ခုထဲသို့ ရေများများထည့်ကာ အဖုံးအုပ်က ရေပွက်ပွက်ဆူသည်အထိ တည်ထားပေးပါ။ ပွက်ပွက်ဆူနေသည့် ရေတွင် ၎င်းဆန်မှုန့်လုံးကို ဖြည်းဖြည်းချင်း ချထည့်ရမည်။ အလုံး မမာတမာ ဖြစ်လာ သည့်အထိ ၁၀ /၁၅ မိနစ်ခန့် မီးဖိုပေါ်ထားရပါမည်။

ဇကာဖြင့် ပြန်ဆယ်ပေးကာ လောင်ပန်းတစ်ခုတွင် ထည့်ပြီး မှုန့်လုံးကို ပြန်ကွဲကြေရမည်။

ထန်းလျက်ခဲများကို ရေဖြင့် အရည်ဖျော်အောင်ကျိုပေးပြီး အအေးခံထားရသည်။ (ထန်းလျက်တွင် အမှုန့်များပါတတ်၍ စစ်ပေးရမည်) အုန်းသီးများကို အစိတ်ငယ် ပါးပါး လှီးဖြတ်ထားရမည်။

အုန်းသီး


ထန်းလျက်

အားလုံးအသင့်ဖြစ်လျှင် မုန့်ဖတ်လုံးကြေ၌ ထန်းလျက်ဖျော်ရည်နှင့် လိုအပ်သော  ဆားကို ထည့်ကာ သမအောင် ရောမွှေ၍ ကောင်းစွာ နှယ်ပေးရမည်။

ပြီးလျှင် နှယ်ပြီးသား အဖတ်မှ လက်ချောင်း လေးချောင်း ဆုပ်စာလောက်စီ ယူ၍ အုန်းသီးသိပ်ပေးကာ  အလုံးငယ်များပြုလုပ်ရသည်။ ဤအခါ မုန့်ဖတ်ဖြစ်လာသည်။ ၎င်းကို “ဇူလာ” [Zula] ဟုခေါ်သည်။


ဇူလာ (မုန့်ဖတ်)

ဇူလာများကို လက်ဖြင့် လိမ့်ပွတ်ကာ ပုံသွင်းနေပုံ


ဇူလာကို ပန်းကန်ပြား သို့မဟုတ် အခြားပြား၍မာချောသော အရာတစ်ခုခုတွင် လက်ဖြင့် လိမ့်ကာ ဘေးဖက် ချွန်လာအောင် လုံးပွတ်ပေးလျင် ဘေးနှစ်ဖက် ကတော့ချွန် နှစ်ခုဖြင့် လှပသော မုန့်လုံးချွန်စိမ်း ရလာမည်။ “ကံဆာဖီရာ့” Keñsa fira ခေါ်ကြသည်။

မုန့်လုံးချွန်စိမ်း
ထို့နောက် ပေါင်းအိုး တစ်ခုထဲ ငှက်ပျော့ရွက်များ ပေါ်တင်ပြီး နာရီဝက်လောက် ပေါင်းပေးရမည်။ အနံ့မွှေးကြိုင်လာသောအခါ အရသာစုံလင် ထူးကဲသောဖြင့် ရိုအစားအစာ ဆိုက်န္နာဖီရာ့ ရရှိလာမည်။


အသင့်ဖြစ်ပြီးသာ မုန့်
စားကြတော့…
ပန်းကန်းလှလှတွင်ထည့် နှမ်းနည်းနည်းသပ်၊ အုန်းသီးနည်းနည်း ထည့်ချင်ရင်ထည့်ပေါ့။ စားကြပါစို့။

နောက်တစ်မျိုးလည်းရှိသေးပါတယ်။ စားရန်အသင့်ဖြစ်နေသော ဆိုက်န္နာ့ဖီရာ့ကို တံစို့ဖြင့် ၃-၆ လုံးလောက် ထိုးပြီး မီးကင်ကာ အညိုရောင်သန်းလာသော မုန့်လုံးချွန်ကင် [Sáinná Fiçá Fura] ကို အားရပါးရ စားကြ သည်။

🔕 လုပ်ကြည့်ပါ၊ စားကြည့်ပါ၊ ရိုအစားအစာ၏ အရသာကို မြိန်ကြည့်ပါ။ ချွေးကုန်အားကုန် ပြုလုပ်ပေးသော အိမ်ရှင်ကတော်၏ မုန့်ကို စားလို့မကောင်းရင်လည်း “သိပ်ကောင်းပါတယ်” လို့သာ ချီးကျူးလိုက်ပါ။ ဒါမှမဟုတ်ရင် နောက်တစ်ကြိမ် လုပ်ကျွေးတော့မှာ မဟုတ်ပါဘူး……


🍴🍴🍴🍴🍴🍴🍴🍴🍴🍴🍴🍴🍴🍴🍴🍴🍴🍴🍴🍴🍴














No comments:

Post a Comment