Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, July 7, 2021

ဓာတ်ခဲ သောင်းကျန်းမှု တဖြေးဖြေး ကြီးထွားလာနေ


 ဓာတ်ခဲ သောင်းကျန်းမှု တဖြေးဖြေး ကြီးထွားလာနေ

ရခိုင်ပြည်လွှတ်မြောက်ရေးအတွက် တိုက်ပွဲဝင်လှုပ်ရှားနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့ ဓာတ်ခဲက ရခိုင်ပြည်မှာ လူထုထောက်ခံမှု အများဆုံးရရှိထားတယ်။ ၂၀၂၁ ခု အာဏာသိမ်းမှု ဖြစ်ပေါ်ပြီးနောက် ယခင်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံရခြင်းကိုလည်း စစ်အစိုးရက ပယ်ပျက်ပေးခဲ့တယ်။ သို့သော် သူတို့ရဲ့ တပ်အင်အားကြီးထွားလေ၊ ဒေသခံတွေ ဘာသာခြားများအပေါ် ရက်စက်မှုများ တဖြေးဖြေး တိုးလို့တိုးလို့ လာနေတယ်။ ပေါ်လာစအချိန်တွင် သူတို့လူမျိုးအချင်းချင်း ဖမ်းဆီးခေါ်ဆောင်သွားမှု၊ ငွေညစ်မှုများ ရှိခဲ့သော်လည်း ဒေသခံမွတ်စလင်တွေကို ထိပါးနစ်နာခြင်း မပြုခဲ့ချေ။ ဒါပေမဲ့ သူတို့အဖွဲ့အင်အားကြီးထွားလာသည်နဲ့တစ်ပြိုင်နက် ညှည်းပမ်းမှုလည်း တစ်နေ့တခြား တိုးပွားလာနေတယ်။ ဒီလိုဆက်လက်ရှိနေမယ်ဆို နောက်တချိန်ကျရင် ၂၀၁၇ ထက် ကြီးမားတဲ့ သတ်ဖြတ်မှုပြဿနာတွေ ဖန်တီးလာနိုင်ကြောင့် ခန့်မှန်းနိုင်တယ်။ 

ယခင်က အဆိုပါ လက်နက်ကိုင် တပ်ဖွဲ့၏ အဓိက ဝင်ငွေက ပြည်တွင်းပြည်ပမှာရှိတဲ့ ဘဏ္ဍာငွေများ ရှာဖွေမှုအပြင် မူးယစ်ဆေးဝါး ကုန်သွယ်မှုနှင့် လူကုန်ကူးမှုတို့ကိုလည်း အဓိကအားဖြင့် လုပ်ကိုင်ခဲ့တယ်။ 

တစ်ဖက်က ပြည်သူလူထုပေါ် အာဏာလွှမ်းမိုးမှုကိုလည်း တသမတ်တည်း ကြိုးစားနေဆဲဖြစ်တယ်။ ၂၀၂၀ ပြည့်နှစ်ကစပြီးတော့ ဘူးသီးတောင်မြို့နယ်မှာ ရခိုင်ရွာတွေအပြင် ဒေသခံမွတ်စလင်ရွာအသီးသီး၌ သူတို့၏ သစ္စာခံ အဖွဲ့ဝင် (၁၅) ဦးစီ ပါဝင်တဲ့ ကော်မတီများ ဖွဲ့စည်းပေးခဲ့တယ်။ ကျေးရွာအခြေအနေ၊ ဒေသအခြေအနေ၊ စစ်တပ်အဝင်အထွက်၊ အစားအသောက်၊ ငွေရေးကြေးရေး လိုလိုမှန်မှန် အကူအညီတွေအတွက် ထိုကော်မတီကို လက်ကိုင်တုတ်အဖြစ် အသုံးချကြတယ်။ ဓာတ်ခဲရဲ့ ယုတ်မာမှုစက်ကွင်းက ဒီလောက်နဲ့ မပြီးသေးဘူး။ နောက်ပိုင်းမှာ ဘူးသီးတောင်မြို့ပေါ်ထိ ရောက်လာတယ်။ 

ဘူးသီးတောင်မြို့ပေါ်ရှိ ဈေးဆိုင်တိုင်းမှ ငွေကြေးများ အတင်းအဓမ္မ ခြိမ်းခြောက်ပြီးတော့ ကောက်ခံခြင်းကို စတင်ခဲ့တယ်။ အမည်မသိ နံပါတ်ကနေ ဖုန်းတွေခေါ်တယ်။ ခြိမ်းခြောက်တယ်။ မပေးရင် ဘာလုပ်မယ်၊ ညာလုပ်မယ်ပေါ့။ ငွေတွေကိုလည်း ဈေးထိ ရောက်လာပြီးတော့ ကောက်ခံကြတယ်။ ငြင်းရင် ပြန်ပေးဆွဲတယ်။ ငွေရမှ ပြန်လွှတ်တယ်။ ဒါတွေတောင်မကသေးဘူး။ အဲဒီဒေသမှ သစ်၊ ဝါး၊ နွား ဝယ်ယူ သယ်ဆောင်လာရာမှာလည်း အကောင်၊ အစည်း၊ လုံးရေ အလိုက် ငွေများ အတင်း ကောက်ခံနေကြတယ်။ ဒေသခံတွေကလည်း သေနတ်ကို ကြောက်လို့ ထုတ်မပြောဝံ့ဘူး။ တစ်ဦးတစ်ယောက်ကို တိုင်တည်လိုက်ရင် အသက်ပါဆုံးရှုံးနိုင်တယ်။ ဒီတော့ ရေငုံနှုတ်ပိတ်နေခဲ့ရတာပဲ။ ရေဟာ လည်ပင်းထိရောက်နေပြီ။ နှာခေါင်းပေါ်မရောက်ခင် ထိန်းသိမ်းဖို့ လိုနေပြီ။ 


၂၀၂၁ ဇွန်လ ၂၉ ရက်နေ့တွင် ဘင်္ဂလားဒေ့ရ်ှဒုက္ခသည်စခန်းမှ ရိုဟင်ဂျာအမျိုးသမီးပျို တစ်စု(၂၆ ယောက်)ကို အေအေက မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးရာ လမ်းခရီးတွင် ရသေ့တောင်မြို့နယ် အာဂါတောင်ကျေးရွာ၌ နေ့အချိန်တွင် နားရခဲ့သည်။ ထိုမှ ညနေ စက်လှေတစ်စီးဖြင့် ခရီးစခဲ့ရာ စပူးကျွန်းငယ်သို့ ခေါ်ဆောင်သွားတယ်။ ထိုကျွန်းမှာ ဇွန်၂၉-၃၀ နှစ်ည နေစေခဲ့သည်။ ထို နှစ်ညစလုံးတွင် အေအေ တပ်ဖွဲ့ဝင်များက အမျိုးသမီးများကို  အုပ်လိုက်ဖွဲ့လိုက် မုဒိမ်းကျင့်ခဲ့တယ်။ ဇူလိုင်လ ၁ ရက်နေ့တွင် ထိုကျွန်းမှ အာဂါတောင်ကျေးရွာသို့ ပြန်ခေါ်ဆောင်လာတယ်။ မေးမြန်းစစ်ဆေးမှုအချို့ ပြုပြီးနောက် ယင်းထဲမှ ရုပ်ရည်ချောမောတဲ့ မိန်းကလေး ၃ ယောက်ကို အောက်ဖြိုး နယ်ခြားစောင့်စခန်းသို့ ခေါ်ဆောင်သွားတာ ယနေ့ထိ ပြန်မလွှတ်သေးဘူး လို့ လွတ်လာခဲ့သော မိန်းကလေးတွေရဲ့ ထွက်ဆိုချက်အရ သိရတယ်။ 


ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဖရုံချောင်းအုပ်စု ပြိုင်းတောင်ကျေးရွာတွင် ၂၀၂၁ ခု ဇူလိုင်လ ၃ ရက်ခုနေ့ ညနေ ၁၀း၀၀ နာရီခန့်တွင် အေအေ တပ်ဖွဲ့ဝင် ၃၀ ကျော်ရောက်လာပြီး ရိုဟင်ဂျာ ၃ ဦးဖြစ်သော အဒူရှူကူရ်(ဘ) အဒူဆော်လာမ် (၄၀ နှစ်)၊ အဒုလ်ဟာမိတ်(ဘ) ကာဆိမ်း (၃၀ နှစ်) နှင့် ဘော်ဆီရ်အာမတ်(ဘ)လုခ်မာန် (၃၅ နှစ်)တို့ကို အဓမ္မဖမ်းဆီးကာ လူမဆန်စွာ ရိုက်နှက်ခဲ့တယ်။ ဒဏ်ရာဒဏ်ချတွေနဲ့ အသက်စိုးရိမ်ရတဲ အခြေအနေနဲ့ စွန့်ပစ်သွားခဲ့တယ်။ ဘင်္ဂါလီဗုဒ္ဓ အေအေ ဒုဗိုလ် ဦးအာကာရဲ့ အမိန့်အရ ဒဏ်ပေးလိုက်ခြင်းလို့ ဒေသခံများကိုလည်း သတိပေးသွားတယ်။ 


၂၀၂၁ ခု ဇူလိုင်လ ၆ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်ကျေးရွာအုပ်စုမြောက်ရွာ ခေါ် ဟာရန်ခါလီရွာနေ အသက် (၂၃) နှစ်အရွယ် ဦးဟာဘဲစ်အမတ်၏ သား မူဟာမတ်တာဟဲရ်ကို လမ်းမှ ဖမ်းဆီး ခေါ်ဆောင်သွားပြီး လူမဆန်စွာ ရိုက်နှက်ကာ သေလုမတတ် အသက်စိုးရိမ်ရသည့်အခြေအနေတွင် လူမသွားသည့် နေရာတစ်ခု၌ စွန့်ပစ်သွားခဲ့တယ်လို့ သတင်းတစ်ခု တက်လာတယ်။ ဖြစ်ရပ်လည်းမှန်တယ်။


၅-၆-၂၀၂၁ ရက်နေ့တွင်လည်း မုဒိမ်းမှု ရုပ်သံတစ်ခု ထွက်ပေါ်လာသည်။ ညောင်ချောင်းကျေးရွာတွင် အေအေ အောက်ခြေ တပ်ဖွဲ့ဝင်တွေက မခံနိုင်အောင် သောင်းကျန်းနေကြောင်း၊ သေနတ်နဲ့ချိန်းပြီး ရွာမှ အမျိုးသမီးများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးကိုယ်တိုင် ထွက်ဆိုထားပါတယ်။ သူတို့ကို ဖမ်းဆီခေါ်ဆောင်သွားစဉ် အာယာတ်ဟူဆိန်း ဆိုတဲ့ ရွာသားတစ်ယောက်ကမြင်၍ လာရောက်ခုခံနေတဲ့အခါ အဆိုပါ အာယာတ်ဟူဆိန်းကို ထိုနေရာ၌ပင် သတ်ဖြတ်လိုက်ကြောင်း မုဒိမ်းကျင့်ခံရသူ ကိုယ်တိုင် မျက်မြင်သက်သေအဖြစ် ထွက်ဆိုခဲ့တယ်။

အရင်ဆို ဘူးသီးတောင်၊ ရသေ့တောင် လောက်ပဲ ရှိခဲ့တယ်။

အခုကျတော့ မောင်တောမြို့ကိုပါ တဖြေးဖြေးနဲ့ ကူးစက်လာနေပြီ။   တော်လှန်ရေးကာလ မတိုင်မီမှာလည်း မောင်တောမြို့ပေါ်က လူတွေ ခေါ်ဆောင်သွားပြီးတော့ ငွေညစ်တာလဲရှိခဲ့တယ်။ တော်လှန်ရေးကာလမှာ အရှိန်တိုးလုပ်ဆောင်နေတယ်။ ဆိုင်ရှင် အချို့ကို ခြိမ်းခြောက်ထားတာလည်း တွေ့ရတယ်။ မနက်ကလည်း ရွှေရတနာ ဆိုင်ရှင်တစ်ဦး ဖမ်းဆီခေါ်ဆောင်သွားတယ်လို့ သတင်းထွက်လာတယ်။ အဲ့ဒီ အရင်ကလည်း သားအဖနှစ်ယောက် ခေါ်သွားတာ သိရတယ်။ 


ဒါပေမဲ့ အွန်လိုင်း သတင်းမီဒီယာတွေက ဓာတ်ခဲရဲ့ ယုတ်မာမှုသတင်းတွေကို ဖုံးကွယ်ဖို့ ကြိုးစားကြတယ်။ ကုလားသူပုန်တွေကို အပြစ်ပုံချဖို့ ကြိုးစားကြတာတွေ့ရတယ်။ ဒါက မီဒီယာကျင့်ဝတ် မဟုတ်ဘူး။ မီဒီယာ ဆိုတာက ဘက်မလိုက်ရဘူး။ အရှိကို အရှိအတိုင်း ရေးသားဖော်ထုတ်ရတယ်။ အမှန်တရားဘက်ကိုပဲ ဆုပ်ကိုင်ထားရတယ်။ 


အခြားတဖက်က ဓာတ်ခဲရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ရိုဟင်ဂျာအပေါ်ထားရှိတဲ့ သဘောထား ထုတ်ပြတဲ့ ဗီဒီယို တစ်ခု ဒီတလော အွန်လိုင်းပေါ် ပျံ့နေတယ်။ အဲ့ဒီ ဗွီဒီယိုကို သုံးသပ်ကြည့်ရင်လည်း ရိုဟင်ဂျာအပေါ်ထားရှိတဲ့ သဘောထားက ယုတ်မာလွန်းလှတယ်။ "လူလူချင်း မျိုပစ်တဲ့ အစီအစဉ်" ချမှတ်ပြီးသားလို့ သိသားစေတယ်။ ဒီသဘောထားက ခေါင်းဆောင်ရဲ့ ထုတ်ပြန်ခဲ့တဲ့ သဘောထားနဲ့ တကွဲတခြား ဖြစ်နေပါတယ်။


အစကတည်းကပင် နှိပ်စက်မှု စက်ကွင်းကနေ မလွှတ်မြောက်နိုင်ခဲ့တဲ့ ရခိုင်ပြည်က ရိုဟင်ဂျာတွေဟာ အခု လက်နက်ကိုင် သူပုန်တွေရဲ့ ညှည်းပမ်းနှိပ်စက်ကို ထပ်ပြီးခံရတယ် ဆိုရင် ဒီလူတွေကောင် ရှေ့ဆက် ရှင်သန်ဖို့ မျှော်လင့်ချက်တောင် ရှိမှာမဟုတ်ဘူး။ နိုင်ငံတကာက အစဉ်မပြတ် စောင့်ကြည့်နေတဲ့ ဒီအဖိနှိပ်ခံလူတွေကို ထိရင်တော့ ဓာတ်ခဲရဲ့ လက်နက်ကိုင် တော်လှန်ရတဲ့ ရည်ရွယ်ချက်လည်း အောင်မြင်မှာမဟုတ်မှာက သေချာတယ်။ 


တိုင်းပြည်တစ်ခုလုံး မတည်မငြိမ်ဖြစ်နေတဲ့ အချိန်မှာ ဒီလိုမျိုး ဓားပြဆန်တဲ့ လုပ်ရပ်တွေ ရပ်တန့်သင့်ကြောင်း၊ အထက်လူကြီးတွေက မသိအောင် အောက်ခြေက လုပ်ဆောင်ခဲ့ပါက တားမြစ် အရေးယူသင့်ကြောင်း သုံးသပ်တင်ပြအပ်ပါတယ်။


(နတ်မျက်စိ)

၂၂-၆-၂၀၂၁



No comments:

Post a Comment