![]() |
Parliament Member Zuurah Khatun (a) Daw Aye Nyunt. |
ပါလီမန်အမတ် ဒေါ်အေးညွှန့် (ခ) ဇူရားခါတုန်
ဒေါ်အေးညွှန့်ကို စစ်တွေမြို့၊ ရူပရပ်နေ အဘ မင်းတိုင်ပင် ဦးဘိုးခိုင်၊ အမိ ဒေါ်မမတို့မှ ၁၉၁၉ ခု ဧပြီလ ၁၁ ရက် အင်္ဂါနေ့တွင် ဖွားမြင်သည်။ တစ်ဦးတည်းသော သမီးရတနာဖြစ်သည်။ အမည်ရင်းမှာ ဇူရားခါတုန် ဖြစ်သည်။
ငယ်စဉ်က စစ်တွေမြို့ စိန့်အင်းကွန့်ဗင့် (St. Anne's Covent) တွင် သတ္တမတန်းအောင်သည်အထိ ပညာသင်ယူသည်။ ၁၉၃၇ ခုတွင် စစ်တွေမြို့ အစိုးရအထက်တန်းကျောင်း (အစိုးရ ဟိုက်စကူး)မှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်သည်။ ၁၉၃၇-ခုမှ ၁၉၃၉ ခုနှစ်အထိ အကြို ဆေးကျောင်းတွင် ဆေးပညာ ဆည်းပူးသည်။ စိတ်မဝင်စားသည်အတွက် ၁၉၃၈ - ၁၉၃၉ ခုနှစ်တွင် ဆရာဖြစ်သင်ကောလိပ်သို့ပြောင်းပြီး ဆရာဖြစ်ပညာ ဆည်းပူးသည်။
၁၉၃၉-၄၀ ခုနှစ် ကျောင်းသူဘဝကပင် အမ်အေ ဦးမောင်ကြီး၏ အမျိုးသမီး ရဲတပ်ဖွဲ့အဖွဲ့ဝင်ဖြစ်ခဲ့သည်။ တက္ကသိုလ်သပိတ်အတွက် စည်းရုံးလှုံဆော်သည်။ ထိုစဉ် ရဲသတင်းစာတွင် ရွှေခိုင်သူ ခင်မျိုးညွှန့် အမည်ဖြင့် ပါဝင်ရေးသားသည်။ ခေတ်ပြိုင်သတင်းစာ အချို့၌လည်း ဆောင်းပါးများရေးသားပြီး အမျိုးသမီးများ နိုင်ငံရေး၌ ပါဝင်လာရန် လှုံဆော်သည်။ တက္ကသိုလ်မွတ်စလင်အသင်းတွင် အမှုဆောင်အဖွဲ့ဝင်နှင့် ဆရာဖြစ် ကော်လိပ်ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့သည်။
စစ်တွေမြို့သို့ ပြန်ရောက်သောအခါ စစ်တွေမြို့ အထက်တန်းကျောင်းတွင် အလယ်တန်း အင်္ဂလိပ်စာပြ ဆရာမ ဝင်လုပ်သည်။ ဖခင်ဖြစ်သူ ကိုလိုနီခေတ် မင်းတိုင်ပင်အမတ်နှင့် ဖဆပလ ပါလီမန်အမတ် ဦးဘိုးခိုင်၏ တိုင်းရေးပြည်ရေး ဟောပြောဆောင်ရွက်မှုများကို အားကျ စိတ်ပါပြီး တို့ဗမာသခင်အဖွဲ့နှင့် ဆက်သွယ်သည်။ တို့ဗမာအစည်းအရုံး ရွှေရတုသဘင် ကျင်းပသည့်အခါ အဖွဲ့ဝင်အဖြစ် တက်ရောက်ခွင့် ရခဲ့သည်။
တော်လှန်ရေးကာလတွင် ဗိုလ်ရန်အောင် ၊ သခင်လှမြိုင် ဦးစီးသော စစ်တွေမှ ရန်ကုန်သို့ သာပေါင်းလမ်း ခရီးကြောင်းတွင် လိုက်ပါတာဝန်ယူသည်။ ရန်ကုန်တွင် ညွှန့်ညွှန်ခိုင်ဟူသော လျှို့ဝှက်အမည်ဖြင့် လှုပ်ရှားခဲ့ သည်။ ၁၉၄၄ ခုခန့်တွင် အိုအင်အေ အိန္ဒိယ စစ်တပ်၊ ဂျပန်စစ်တပ်၊ ဘီဒီအေတပ်တို့ ဆက်သွယ်ရေးကိစ္စများ ဆောင်ရွက်ရင်း ထောက်လှမ်းရေး တာဝန်ကို သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။ ပဲခူးသို့သွားစဉ် ဒါပိန်းဘူတာတွင် သူတစ်ပါး မတရားခံရသည်ကို ကြားမှ မခံမရပ်နိုင်ဖြစ်ပြီး ဂျပန်စစ်သားကို ခြေမှန်လက်မှန် ပါးရိုက်လိုက်သဖြင့် ချက်ချင်း ဖမ်းဆီးခေါ်ဆောင် စစ်ဆေးခြင်းခံရသည်။ သတ္တိရှိစွာ ချေပရှင်းလင်းနိုင်သဖြင့် သဘောထားမှန်သည့် ဗိုလ်ဖြစ်သူက ပြန်လွှတ်ပေးလိုက်၍သာ အသက်ဘေးမှ ချမ်းသာရာရခဲ့သည်။
လွတ်လပ်ရေးရပြီးနောက် ဗဟိုစာတိုက်ကြီးတွင် စာရေးမ ဝင်လုပ်ပြီး အလွတ်သင်ဆရာမအဖြစ် စာလိုက်သင်ပြခဲ့သည်။ ဗမက (ဗမာမွတ်စလင် ကွန်ဂရက်)၊ ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေး၊ ပြည်သူ့ လွတ်လပ်ရေး) အဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်ရင်း ဖူးစာဖက်တွေ့သည်။ တိုင်းပြုပြည်ပြုလွတ်တော်၊ မောင်တောမဲဆန္ဒနယ် အမတ် ဦးစူလ်တန်အမက် ခေါ် ဦးစိုးသန်း ဆိုသူဖြစ်သည်။
ရခိုင်မြောက်ပိုင်း လူထုကိုယ်စားပြု ဂျမီတွလ်အိုလမာအဖွဲ့ ခေါင်းဆောင်ဖြစ်လာသည်။ ဒေါ်အေးညွှန့်သည် ခင်ပွန်းဖြစ်သူ၏ နိုင်ငံရေး၊ လူမူရေး လုပ်ငန်းများတွင် ဒုက္ခအမျိုးမျိုး အခက်အခဲ အမျိုးမျိုးတို့ကို ရင်ဆိုင်ပြီး ပါရမီဖြည့်သည်။ ၁၉၅၁ ပါလီမန်ရွေးကောက်ပွဲတွင် မောင်တော မဲဆန္ဒနယ်မှ ရွေးကောက်ခံခဲ့ရသည်။ ဗမာပြည်၏ ပထမဆုံး အမျိုးသမီး ပါလီမန်အမတ်နှစ်ဦးမှာ ကရင်အမျိုးသား ကိုယ်စားပြု ဒေါ်ဘမောင်ရှိန် နှင့် ရိုဟင်ဂျာ အမျိုးသား ကိုယ်စားပြု ဒေါ်အေးညွှန့်ဖြစ်သည်။
၁၉၆၄ ခုတွင် အလက (၂)၊ အထက (၂) ရန်ကင်းတို့တွင် မူလတန်းပြဆရာမ ဝင်လုပ်သည်။ မြန်မာ့ တပ်မတော်နှင့်အတူ နိုင်ငံရေးရာများတွင် သက်စွန့်ကြိုးပမ်း ရဲဝံ့စွာ ဆောင်ရွက်ခဲ့သဖြင့် ၁၉၇၅ ခုနှစ်တွင် နိုင်ငံတော်မှ လွတ်လပ်ရေး မော်ကွန်းဝင် ဒုတိယအဆင့် (စစ်ရေးနှင့် နိုင်ငံရေး) ကြယ်နှစ်ပွင့် တံဆိပ် ချီးမြှင့်ခြင်းခံရသည်။
၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အတွင်း ရခိုင်ဒေသ တိုင်းရင်းသားများ စည်းလုံးရေး၊ ကယ်ဆယ်ရေး လုပ်ငန်းများကို ခေါင်းဆောင်မှု ပေးခဲ့သည်။ အမျိုးသမီးများကို စစ်ပညာပေးရန်အဆိုကို ပါလီမန်တွင် တင်သွင်းနိုင်ခဲ့သည်။ မြန်မာ ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တွင် တင်းပြည့်ပါတီဝင် ဗဟိုအလုပ်သမား အဖွဲ့ဝင်ဖြစ်ခဲ့သည်။
၁၉၇၉ ခုတွင် သက်ပြည့်ပင်စင် အငြိမ်းစားယူခဲ့သည်။ တောင်ဥက္ကလာပမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့သို့ ဝင်ရောက်ပြီး ကျရာတာဝန်ကို လိုလိုလားလား ထမ်းဆောင်ခဲ့သည်။ ၁၉၈၁ ခုနှစ် နိုဝင်ဘာလတွင် ပါလီမန်အမတ်ဟောင်းအဖြစ် နိုင်ငံတော်ပင်စင်ကို ခံစားခွင့်ရရှိခဲ့သည်။
အဖေ ပါလီမန်အမတ်၊ ခင်ပွန်း ပါလီမန်အမတ် ဖြစ်ရုံမျှမက ကိုယ်တိုင်လည်း ပါလီမန်အမတ်ဖြစ်ကာ နိုင်ငံတော်အတွက် ဘာသာ၊ သာသနာအတွက် ဘဝကိုမြှပ်နှံကာ ကြိုးပမ်းခဲ့သူဖြစ်သည်။ ဒေါ်အေးညွှန့်သည် အသက် (၇၁) နှစ်အရွယ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်သွားခဲ့လေသည်။
--------------------------------------------------
(လူထုဝဏ္ဏ ရေးသည်။)
ကိုးကား 🔰
၁။ ပါမောက္ခဒေါက်တာအောင်ဇော် ၏ တိုင်းရင်းသား မူဆလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ-၂ စာအုပ်
၂။ မောင်ဆန္ဒ (လယ်ဝေး) ၏ ကမန်မျိုးနွယ်စုသမိုင်း စာအုပ်မှ ဓာတ်ပုံ ကိုးကား
၃။ U Ba Sein's [ Founder of Rohingya Blogger] facebook စာမျက်နှာ
No comments:
Post a Comment