![]() |
ပျက်စီးခံခဲ့ရသော မရ်ကစ်၏ အနောက်ဘက် မြင်ကွင်း။ |
READ MORE:
1. Moulana Phir Muzaffor
2. Moulana Abdu Zobbar (a) Foir Molovi
3. Amir Moulana Foyazul Islam
မော်လာနာ အဗ္ဗဒုလ်ကုဒ္ဒူစ် [၁၉၁၅- ၂၀၀၀] (ရဟမသွ)
ဘာသာပြန်ရေးသား 🔰 လူထုဝဏ္ဏ
بسم الله الرحمان الراحیم
မော်လနာကြီး အဗ္ဗဒုလ်ကုဒ္ဒူစ် သခင် (၁၉၁၅-၂၀၀၀) သည် အာရကန်ပြည်၏ ထင်ရှားသော ရိုဟင်ဂျာပုဂ္ဂိုလ်များအနက် တစ်ပါးဖြစ်သည်။ သခင်သည် မိမိဘဝတစ်ခုလုံးကို ဒါဝသ်သပ်လိဂ် အလ္လာဟ်လမ်းစဉ်နှင့် လည်းကောင်း၊ လူမှုအကျိုးဆောင်လုပ်ငန်းများတွင် လည်းကောင်း ဖြတ်သန်းစေခဲ့သည်။ မောလနာကြီးသည် အာရ်ခါန်ပြည် သဗ်လိဂ် ဘာသာရေးအားထုတ်မှု၏ နာယက အာမီရ် တစ်ဦးလည်းဖြစ်သည်။ ၎င်း၏ ဘဝအကြောင်းကို အတ္တုပ္ပတ္ထိ စာအုပ်အဖြစ် ရေးရမည်ဖြစ်သော်လည်း အခြေအနေ အားလျော်စွာ အတ္တုပ္ပတ္ထိ အကျဉ်းကိုသာ ရေးဖြစ်သည်။
✰ ငယ်စဥ်ဘဝ✰
အမည်ရင်းမှာ အဗ္ဗဒုလ်ကုဒ္ဒူစ်ဖြစ်သည်။ ခမည်းတော် အမည်ရင်းကို မသိရချေ။ ဒေသအခေါ် “ခါန်ဖူရာ” အမည်ဖြင့်သာ လူသိများသည်။ မော်လာနာကြီး၏ ဖခင်မှာ အလွန်တရာ ဘာသာရေးကိုင်းရှိင်းပြီး သက္ကဝါရှင် တစ်ဦး ဖြစ်သည်။ မပိုင်သော လုပ်ငန်းများ၊ အလဟဿ အလုပ်များမှ ရှောင်ဝေး လေ့ရှိသည်။ မော်လနာကြီး မဖွားမြင်မီကပင် ဖခင်က “အကယ်၍ ကျွန်ုပ်အား အလ္လာဟ် အရှင်တော်မြတ်က သားတော် ချီးမြှင့်ပါလျှင် ဒွနိယာဝီလုပ်ငန်းအစား နှစ်ဘဝတွင် နေမင်းကဲ့သို့ ထွန်းလင်းသည့် အာလမ်ပညာရှင် ဖြစ်အောင် ပညာသင်ပေးပြီး အာရ်ခါန်ပြည်၌ အိစ္စလာမ်သာသနာ့ ရောင်ဝါထွန်းစေပါမည်” ဟု ရည်စူး ထားခဲ့သည်။
၁၉၁၅ ခုနှစ်ခန့် တွင် ခါန်ဖူရာ၏ အိမ်၌ သားတော်တစ်ပါး ဖွားမြင်ခဲ့ သည်။ သားတော်၏ နူရ်အလင်းဖြင့်ဝင်းပနေသော မျက်နှာကို ကြည့်ခြင်းဖြင့် ဤသူသည် သာမန် ဂုဏ်နိမ့်သော သားမဟုတ်၊ တစ်နေ့တွင် အာရ်ခါန်ပြည်သား၏ လမ်းပြ ကြယ်သဖွယ် ဖြစ်လာမည့် သူပင်ဖြစ်သည်ဟု ခန့်မှန်းနိုင်သည်။
မော်လနာကြီးသည် အခြေခံပညာကို အခ်ျရဖုလ် အူလုမ် နုရုလ္လာဖာရာ မဒ်ရာဆာကျောင်း [Madrasa e Ashraful Ulum Nurullah Fara] ၌ သင်ယူခဲ့သည်။ မော်လနာကြီး၏ မွေးရပ်ဇာတိ နောလ်ဘောန္နိယာ (ပန်းတောပြင်ကျေးရွာ)မှ တောင်ဘက် ၂ မိုင်လောက် အကွာအဝေးတွင် တည်ရှိ သည်။ မောင်းတောမြို့မှ ၂ မိုင်ခန့်အကွာတွင် တည်ရှိသည့် ပန်းတောပြင်ရွာသည် သာယာဝပြော၍ ပညာတတ် ပုဂ္ဂိုလ်များ၊ အာလမ်ပညာရှင်ကြီးများ ဝေဝေဆာဆာ ပေါ်ထွန်းခဲ့သည့် ရွာတစ်ရွာလည်း ဖြစ်သည်။ ၁၉၃၅ ခုနှစ် မော်လာနာကြီးသည် နိုရုလ္လာဖာရာမဒ်ရာဆာကျောင်း၌ ပညာဆည်းပူးနေသည့် အချိန်တွင် မဒ်ရဆာ ကျောင်း၌ သင်ပြနေသော ဆရာများမှာ မော်လာနာ ဟောလီလုရ် ရာဟမာန် (ပန်းတောပြင်)၊ မော်လာနာ ယာကုဗ် (ဂေါ်ဒူသာရ)နှင့် မော်လာနာ အဗ္ဗဒူရာဟမာန် (ဂေါ်ဒူသာရ) စသော ဒိယောဗော်န် တက္ကသိုလ်မှ ဖာဇေလ် (ဘွဲ့ရ) လည်းဖြစ် သတင်းစင်မှု၊ ဒီနီပညာ အမြော်အမြင် မြင့်မားသူများဖြစ်ကြသည်။
✰ အိန္ဒိယသို့ ပညာသင်ခရီး ✰
မော်လာနာသည် အခြေခံပညာသင်ယူခဲ့ပြီး အဆင့်မြင့်ပညာသင်ယူရန် စိတ်စောနေသည်။ သို့သော် ထိုခေတ်က အာရကန်ပြည် ပညာရေး အဲ့လောက် မတိုးတက်ခဲ့ချေ။ အိန္ဒိယနိုင်ငံသို့ သွားရောက်သင်ယူရသည်။ မော်လာနာသည် အဆင့်မြင့်သာသနာ့ပညာ အလို့ငှာ ဆရာသမားတို့၏ အကြံပြုချက်ဖြင့် အိန္ဒိယသို့ ပညာတော်သင် ခရီးဆက်ရန် ဆုံးဖြတ်ခဲ့သည်။ မိဘထံ အကြောင်းပြန်သောအခါ အသာတကြည် ခွင့်ပြုခဲ့လေသည်။
မော်လာနာသည် ၁၉၄၀ ပြည့်နှစ်ခန့်တွင် အိန္ဒိယသို့ ရောက်ခဲ့သည်။ ရောက်ရောက်ချင်းပင် မူဇွဟာရ် အေ အူလုမ် ဆာဟ်ရာန်ပူရ် အာရဗီတက္ကသိုလ်၌ ကျောင်းဝင်ခဲ့သည်။ ထိုခေတ်တွင် ယင်းတက္ကသိုလ်၌ တာဝန်ထမ်းဆောင်နေသည့် ဆရာ ဂုရုတော်မြတ်တို့မှာ ရှိခ်ဟုလ်ဟာဒီးစ် မော်လာနာ ဇော်ကရိယား (ရဟမသွ)၊ မော်လာနာ အဗ္ဗဒူလော်တီပ် (ရဟမသွ)၊ မော်လာနာ အာဆာ့ဒူလ္လာ ဆာဘ် စသည် တို့သည် ပညာ့ဂုဏ်ရောင်ဖြင့် နေလိုလလို တောက်ပနေခဲ့၏။ သာသနာ့ပညာနှင့် ပရမတ် မအ်ရ်ဖေတ်လမ်းစဉ်ကို ရှေ့ဆောင် ထွန်းကား စေခဲ့သည်။
မော်လနာကြီးသည် ပညာဆည်းပူးရာ၌ အလွန်ပင် ကိုယ်စိတ်နှဖြာ ကျုံဝင်ခဲ့သည်။ သက်ဆိုင်ရာ သင်ခန်းစာများမှအပ အခြားမည်သည်ကိုမှ အာရုံ စူးစိုက်ခြင်း မရှိခဲ့ပေ။ မိုင်ပေါင်းများစွာ ဝေးကွာလှသော မိမိအိမ်မှ ပို့သည်စာများကို ပင် မဖတ်ဘဲ ဗူးတစ်ဗူးတွင် သိမ်းဆည်းထားလေ့ရှိသည်။ အတန်းဖော်အတန်းဖက် သူငယ်ချင်းများက အိမ်မှ ပို့သည့် ပေးစာများကို အဘယ်ကြောင့် မဖတ်ဘဲ စုထားရသနည်းဟု မေးသောအခါ “ပေးစာတွင် ပျော်ရွှင်သော သတင်း သို့မဟုတ် ဝမ်းနည်းကြေကွဲရသောသတင်းသာ ဖြစ်မယ်။ မည်သို့ပင်ဖြစ်စေ အိမ်ကိုတော့ ဖာဇေလ် ဘွဲ့ရပြီးမှ ပြန်ရမှာကိုး။ ထို့ကြောင့် ပေးစာတွေဖတ်ပြီး စိတ်အနှောက်အယှက် မဖြစ်စေလိုပါ။ စာသင်ရာဘက်မှလည်း အားနည်းနိုင်မယ်” ဟု မော်လာနာကြီးက ဖြေကြားသည်။
ပညာသင်နှစ် ကုန်ဆုံးပြီး ကျောင်းပိတ်သွားသည့်အခါ ကျောင်းသား အများစုသည် မိမိတို့ မိဘထံပြန်သွားလေ့ရှိသည်။ သို့သော် နေရပ်ဝေးက မော်လနာကြီးသည် မိမိ မိဘထံအိမ်သို့ မပြန်ဘဲ မဒ်ရဆာ တက္ကသိုလ်အဆောင်၌ပင်လျှင်နေကာ အေရှနုမာဇ် ဝတ်ပြုပြီးတိုင်း ပေးစာစုထားသည့် ဗူးကိုယူကာ စာများထုတ်ဖတ်သည်။ အပြုံး တစ်လှည့်၊ ဟားတိုက်တစ်ခါ၊ အငို တစ်လှည့်ဖြင့် တစ်နှစ်လုံး လက်ခံရရှိသည့် ပေးစာများကို တစ်ခုပြီးတစ်ခု ရက်စွဲစဉ်ဖြင့် ဖတ်လေ့ရှိသည်။ ထိုသို့ ပညာသင်ကြားရင်း မော်လနာကြီးသည် ၁၉၄၃ ခုနှစ်တွင် ၎င်း မဒ်ရဆာ တက္ကသိုလ်မှ ဖာဇေလ်ဘွဲ့ ရယူခဲ့လေသည်။
✰ ပညာသင်ကြားရေးနှင့် သာသနာ့ အားထုတ်မှု ✰
မော်လနာသည် ၁၉၄၃ ခုနှစ် ဖာဇေလ်ဘွဲ့ရယူပြီးနောက် အမိမြေ အာရ်ခါန်သို့ ပြန်လာခဲ့သည်။ မဒ်ရာဆာ ချီခ်ဒါရ်ပါရာ အာရဗီကျောင်း၌ အထက်တန်းပြဆရာ အဖြစ်နှင့် သင်ပြမှု စတင်ခဲ့သည်။ သို့သော် မော်လာနာ၏ စိတ်ဘဝင် တည်ငြိမ်မှု မရရှိခဲ့ချေ။ မော်လာနာ၏ ယုံကြည်ချက်က အေစ်လာဟ်နှင့် ဟေဒါယောတ်၏ ကွင်းပြင်ကျယ်ကို ကျေပွန်နိုင်ရန် နံရံလေးဖက်ထဲ သင်ပြမှုသင်ယူမှုနှင့် လုံလောက်မည်မဟုတ်။ သော်ကြောင့် မော်လနာအီလီယာစ် (ရဟမသွ)၏ လမ်းစဉ်ကို မိမိ၏ အဆောင်တော်အဖြစ် ခံယူလေသည်။ မော်လနာ သပ်လိဂ် လမ်းစဉ် လုံ့လဝီရိယမလျှော့ဘဲ ကြိုးပမ်းမှုက မော်လနာကြီးအား အာရကန် သပ်လိဂ် ညွှန်ကြားရေး တာဝန်ခံအဖြစ် တင်မြှောက်လေသည်။
✰မော်လနာကြီး၏ ဂုဏ်တော်အချို့နှင့် လုပ်ဆောင်ချက်များ✰
မော်လနာကြီး၏ ဂုဏ်တော်များကို အသေးစိတ်ဖော်ပြရလျှင် စာအုပ်တစ်အုပ်ပင် ဖြစ်လာမယ်။ ဤနေရာတွင် အချို့ကိုသာ ဖော်ပြသွားမည်ဖြစ်သည်။
(၁) ဆိုရိုးရှိသည့်အတိုင်း မိမိ၏ သူတော်စင် မွန်မြတ်မှုသည် လူသုံးဦး၏ရှေ့မှောက်တွင် အလုပ်မဖြစ်။ (က) မိဘ၊ (ခ) ဇနီးကြင်ရာ၊ (ဂ) သူငယ်ချင်း။ သို့သော် မော်လနာကြီး၏ ထူးခြားချက်တစ်ခုမှာ ပညာသင်နေချိန်ကပင် အတန်းဖော်၊ အတန်းဖက်သူငယ်ချင်း၊ ဆရာများက “ဆူဖီ၊ ဘူဇော်ရ်ဂေါ့၊ အလ္လာဟ်ဝါလာ စသည့် သူတော်စင် ဂုဏ်ပုဒ်များဖြင့် ခေါ်ဆိုလေ့ရှိခဲ့သည်။
(၂) မော်လနာကြီးသည် သဟဂျတ်နမာဇ်ကို စွဲစွဲမြဲမြဲ ဝတ်ပြုလေ့ရှိခဲ့သည်။ ဆရာကြီး ပြောဆိုသည်မှာ “ သဟဂျတ်နမာဇ် ဝတ်မပြုဘဲ စိတ်ပိုင်းဆိုင်ရာ ပြုပြင်မှု ဘယ်တော့မှ ရရှိမှာ မဟုတ်ပါ။ အကြင်သူတို့ ရရှိသမျှ အကျိုးကျေးဇူးသည် သဟဂျတ် နမာဇ်ကြောင့်သာ ဖြစ်၏။" ထို့အပြင် မော်လနာကြီးသည် နဖလ်နမာဇ်ကိုလည်း အလွန်အမင်း ဝတ်ပြုတတ်သော အလေ့အထရှိခဲ့သည်။ ထို့ပြင် အသျှင်ထံ ဆုတောင်းရာတွင် အလွန်ငိုကြွေးတတ်သည်။ “ဟားတိုက်ရယ်မောခြင်း နည်းပါးစေ၊ ငိုကြွေးခြင်းကို များလွန်စေ” ဟူသော အာယာတ်ကို အလေ့ထားခြင်းပင် ဖြစ်သည်။ ထို့ကြောင့် နဖူးနှင့် မျက်စိအောက်တွင် ညိုမည်းသော အမာရွက်များဖြစ်လာသည်။
(၃) မော်လနာကြီးသည် မသင်္ကာဖွယ် အလုပ်များနှင့် မက္ကရူ အလုပ်များကို ဝေးဝေးမှ ရှောင်ကြဉ်လေ့ရှိသည်။ မဒ်ရဆာ ရှိခ်ဒါရာပါရာ ကျောင်းမှ နုတ်ထွက်ခြင်းရဲ့ အခြားအကြောင်းပြချက်နှင့်အတူ ဤအချက်သည်လည်း ပါဝင်လေသည်။ အကြောင်းမှာ- မော်လနာကြီးသည် မဒ်ရာဆာ၏ ဝင်ထွက်အသုံးဖြစ်သော စာရင်းဇယားများနှင့် စိတ်ချမှုမရှိခဲ့ချေ။ မော်လာနာကြီး၏ ထင်ရှားသော အဆိုအမိန့် တစ်ခုမှာ “မည်သည့် လုပ်ငန်းလုပ်ရပ်ကိုမဆို ဥာဏ်ပညာသုံးခြင်းနှင့် တိုင်ပင်ခြင်းမရှိဘဲ ဖရိုဖရဲ ကိုယ်ထင်ကရ လုပ်ခြင်းသည် ပျက်စီးခြင်း၏ အကြောင်းတည်း။”
(၄) မော်လနာကြီး၏ ဟောပြောချက်များသည် သုတရသ စုံလင်၍ ပြတ်သားရှင်းလင်းသည်။ ဟောပြောရာတွင် ကျမ်းမြတ်ကုရ်အာန်၊ ဟာဒီးစ်ရဲ့ မိန့်ဆိုချက် တွေကို ရွတ်ဖတ်ရှင်းပြသည့်အခါတိုင်း စိတ်လှုပ်ရှားမှုကဲလွန်၍ ငိုကြွေး မျက်ရည်လည်ရွဲကျသဖြင့် ဟောပြောပွဲကို တိုတောင်းစေရသည်။
✰ သံဃောစဉ်ပန်း ပျက်စီးခံရခြင်း ✰
မော်လနာကြီးသည် ဂျမအတ် သပ်လိဂ်ကို ထထကြွကြွ ရှေ့ဆောင်သူ ပုဂ္ဂိုလ်များအနက် တစ်ဦး အပါအဝင်ဖြစ်သည်။ မော်လနာကြီး၏ ဘဝအကြောင်းကို ရေးရာတွင် ဖော်ပြပါ မရ်ကစ်အကြောင်း ကျန်ထားခဲ့လျှင် မည်သည့်အခါမှ ပြည့်စုံမည် မဟုတ်ချေ။ မော်လနာကြီး၏ အခြားကောင်းမှုများကို ပယ်လျှင်လည်း သည်ကောင်းမှု တစ်ခုတည်းနှင့်သာ အလ္လာဟ်အသျှင်မြတ်၏ ကရုဏာတော်ဖြင့် နေဂျာသ်ရရှိရန် ကုံလုံပြီဟု ယူဆရသည်။ မော်လာနာကြီးသည် ရှိခ်ဒါရ်ပါရာ (မြို့မကညင်တန်းရွာ)ရှိ လမ်းမကြီးနှင့် ဈေးလမ်းကြား ခွဆုံရှိ ရှေးဟောင်း ပလီဝတ်ပြုကျောင်းကို သပ်လိဂ် ဂျမာအတ် ဌာနချုပ်မရ်ကစ် အဖြစ် ပြောင်းလဲပေးခဲ့သည်။ ၎င်းတွင် အပတ်စဉ် ကြာသပတေးနေ့ည (ရှော်ပ်ဘေဒါရီ) တွင် ပွဲလမ်းရှိသည်အလား လူတွေ စည်းစည်းကားကား လာရောက်ကာ တရားနာလေ့ရှိသည်။ ထိုမရ်ကစ်ကို အသက်တမျှ ချစ်ခင်သည်။
၁၉၉၅ ခုနှစ်တွင် စစ်အစိုးရက ထို မရ်ကစ်တော်ကို သော့ပိတ်ခဲ့သည်အခါ မော်လနာကြီးသည် အသည်းကြိတ်လုအောင် စိုးရိမ်ပူပန်သောက ခံစားရသည်ကို မြင်သူတိုင်း သိရသည်။ ရှေးဟောင်းဝတ်ပြုကျောင်း မရ်ကစ်ကို ပျက်စီးလိုက်ရန် မော်လနာကြီးအား ဆင့်ခေါ်ပြောဆိုသော်လည်း ငြင်းပယ်ခဲ့ပါသည်။ ထို့ကြောင့် အာဏာပိုင်တွေ၏ ရက်စက်ဖိနှိပ်မှု အမျိုးမျိုးကို ခံခဲ့ရသည်။
နောက်ဆုံးတွင် ၁၉၉၇ ခုနှစ် မတ်လ (၁၁)ရက်နေ့၌ မော်လာနာကြီး၏ အချစ်တော် မရ်ကစ်တော်ကြီးကို စစ်တပ်က ပျက်စီးလိုက်သည့်အခါ မော်လနာကြီးသည် အရူးဖြစ်လောက်အောင် ထိုသူ့ထံ သည်သူထံ သွားရောက် အောက်ချနိမ့်ချခံ မရ်ကစ်တော်အား ကယ်ဆယ်ရေးအတွက် အကူအညီ တောင်းခံခဲ့သည်။ မော်လနာကြီး၏ ကျန်ဘဝ တလျှောက်လုံး ထိုမရ်ကစ်တော်အား ပြန်လည်ရရှိရေးကို တမ်းတကာ ငွေကုန်အားကုန်ဖြင့် ကြိုးပမ်းခဲ့သည်။ အနည်းဆုံး တစ်နေ့တစ်ကြိမ်စီ သိမ်းဆည်းခံရသော မရ်ကစ်အား ဖူးမော်ရန် ရောက်လာလေ့ရှိသည်။ ပြီးနောက် မျက်ရည်စမ်းစမ်းကျရင်း မော်လနာနှင့် သာသနာ့ရင်တော်ကို နာစေခဲ့သော သူယုတ်မာတွေအတွက် ဒိုဝါတောင်းလေ့ ရှိသည်။ “အို… အလ္လာဟ် အသျှင်တော်မြတ် ဒီလူယုတ်တွေအား ဟေဒါယတ် ပေးသနားတော်မူပါ။" ဗဟို မရ်ကေစ်တော်ကို ရှိခ်ဒါရ်ပါရာ မဒ်ရာဆာ၌ ရွေ့ပြောင်းခဲ့လေသည်။
![]() |
သိမ်းဆည်းခံခဲ့ရသော ရှေးဟောင်း မရ်ကစ်ပလီဝတ်ပြုကျောင်းတော်။ |
ရှေးဟောင်းမရ်ကစ်ကို အစိုးရက မီးသတ်ဌာနအဖြစ် ပြောင်းလဲလိုက်သည်။ မရ်ကစ်၏ ပင်မအဆောင်ကို ယနေ့တိုင် ထိုနေရာတွင် တွေ့ရှိရသည်။
✰ ဝါသနာနှင့် သာသနာရေး ✰
မော်လနာကြီးသည် ဂျမအတ် ဘာသာရေး အားထုတ်မှုဖြင့် မြန်မာပြည်၏ အနယ်နယ်အရပ်ရပ်သို့ လှည့်လည်ကာ အိစ္စလာမ်သာသနာ ရှင်သန်ထွန်းကားရေးအတွက် ကြိုးပမ်းခဲ့သည်။ မိမိအိမ်ထက် အလ္လာဟ် လမ်းတွင် အချိန်ဖြုန်းခြင်းများသည်။ တစ်နှစ်ပတ်လုံးတွင် ၂-၃လသာ နေထိုင်သည်။ ကျန်လများကို အလ္လာဟ် လမ်းတော်၌ ကုန်ဆုံးစေခဲ့သည်။ ပြည်တွင်း ဘာသာရေး ခရီးများသာမက ပြည်ပ နိုင်ငံခြားသို့တိုင် သွားရောက်၍ ကမ္ဘာသူ ကမ္ဘသားအား အီစ္စလာမ်သသာနာတော်၏ သတင်းကောင်းကို ပို့စေခဲ့သည်။ အမှောင်တွင်း ကျနေသော သူတို့အား အလင်းပြခဲ့သည်။ များစွာသော သူတို့ကို အီစ္စလာမ် သာသနာ့ ဆာယာအောက်သို့ ခေါ်သွင်းနိုင်ခဲ့သည်။
မော်လနာကြီးသည် စာဖတ်ခြင်းကို အထူးဝါသနာပါသည်။ သွားလေရာအရပ်၌ အတူ အဖော်အဖြစ် စာအုပ် ဆောင်ယူထားတတ်သည်။ ‘စာအုပ်သည် ဦးဏှောက်၏ အာဟာရ ဖြစ်သည်’ ဟု အမြဲဆိုလေ့ရှိသည်။ သာသနာ့ တာဝန်ကို ထမ်းဆောင်ရင်း အချိန်ရတိုင်း သာသနာဆိုင်ရာ၊ ဂျမအတ် အလ္လာဟ်လမ်းထွက်ခြင်းဆိုင်ရာ စာအုပ်များ ရေးသားလေ့ရှိသည်ဟု မော်လနာကြီးနှင့်အတူ အကြိမ်ကြိမ် ဂျမအတ်ထွက်ခဲ့သော သူတစ်ဦးက ပြောဆိုခဲ့သည်။ သို့သော် ဒေသန္တရ အခြေအနေအရ ပုံနှိပ်ထုတ်ဝေခြင်း မပြုနိုင်ခဲ့ချေ။ ၎င်းစာအုပ်များထဲမှ ကူးယူထားသော စာအုပ်တစ်အုပ်သည် မောင်းတောမြို့နယ်၊ ရာဘာအိလ္လာကျေးရွာရှိ သပ်လိဂ် အာလင်တစ်ပါးထံရှိသည်ဟု သိရှိရသော်လည်း ယနေ့အထိ လက်ခံ မရရှိသေးပါ။ ဤသို့သော် ပုဂ္ဂိုလ်မွန် သာသနာ့ပညာရှင်တို့၏ လက်ရာများ ဆုံးရှူံးနေရခြင်းသည် ကြီးစွာသော ဆုံးရှူံးမှု တစ်ရပ်ပင် ဖြစ်သည်။
✰ မော်လနာကြီး၏ အိမ်ထောင်ရေး ✰
မော်လနာကြီးသည် ဘဝတလျှောက်တွင် နှစ်ကြိမ် လက်ထပ်ခဲ့သည်။ ပထမကြင်ရာအဖြစ် ဘရ်ဓေအိလ်ရွာသူ တစ်ဦးကို လက်ထပ်ခဲ့သည်။ အကြောင်း အားလျော်စွာ ဒုတိယကြင်ရာအဖြစ် ဥဒေါင်းရွာရှိ နိုင်ငံတကာအဆင့်မီ ကာရီမော်လနာ အေရ်ရှာတ်၏ သမီးနှင့် လက်ထပ်ခဲ့ပြန်သည်။
မော်လနာကြီး သခင်၏ သားတော် မူဟမ္မဒ် အီစ်ဟာခ်မှာ ဟာဖေဇ်ကုရ်အာရ် အာလင်မ်တစ်ပါးဖြစ်သည်။ ရှိခ်ဒါရ်ပါရာ မဒ်ရာဆာ၊ နူရုလ္လာပါရာ မဒရာဆာတွင် ပညာသင်ကြားခဲ့သည်။ သမီးတော် တစ်ပါးမှာ ဦးကာလူမျာ၏သား မော်လဝီ အဗ္ဗဒူလ်ဂါဖ္ဖာရ်နှင့် လက်ထပ်ခဲ့ပြီး သားတစ်ယောက် ထွန်းကားခဲ့သည်။
✰ နောက်ဆုံး ဟဂ်ျခရီးနှင့် ဘဝပြောင်း✰
အရှင်မြတ်၏ အာယာတ်တော် “ كل نفس ذاءكت الموت ” သတ္တလောကတိုင်းသည် မရဏတရား၏ အရသာကို မြည်းကြည့်ရမည်။ ဒွိနိယာလောက၏ စည်းစိမ် ချမ်းသာကို ခွဲခွာပြီး တမန်လွန်ခရီး မုချဆက်ရမည်။ ဆီကန္ဒော်ရ် ဘုရင်က မှာကြားခဲ့သည်မှာ “ငါ ဆုံးပါးခဲ့လျှင် ငါ၏ လက်တော်နှစ်ပါးကို ကဖောင်ဝတ်၏ အပြင်၌ ထုတ်ထားပါလော့။ အကြောင်းမှာ လူတွေအတွက် “ဤမျှလောက် ဘုန်းတန်ခိုးမြင့်မြတ်သည့် ဘုရင်ကပင် ကဗရ်သို့ ဗလာလက်ဖြင့်သာ သွားရသည်” ကို သင်ခန်းစာ တစ်ရပ်ဖြစ်ရန် ဖြစ်သည်။
လူသားတိုင်းသည် လောကခရီးကို ဖြတ်သန်း၍ တမလွန်ဘဝသို့ ဆိုက်ရောက်ရမည်ကား ဓမ္မတာတစ်ခုဖြစ်လေသည်။ သို့သော် အချို့ဝလီသူတော်စင်သူတော်ကောင်းများ ကွယ်လွန်မှုတွင် မိုးကောင်းကင်၊ မြေပထဝီပင် ငိုကြွေးပူဆွေးကြသည်။
မော်လနာကြီးသည် ၁၉၉၉ ခုနှစ်တွင် ဆော်ဒီအရေဗီယားနိုင်ငံသို့ ဟဂ်ျ ဘုရားဖူးသွားခဲ့သည်။ သသာနာ့တာဝန်၊ အမျိုးပေးတာဝန်ကို ဆောင်ရွက်ရင်း ၂၀၀၀ ပြည့်နှစ် ဧပြီလ (၁၃) ရက်၊ တနင်္လာနေ့တွင် ဤကမ္ဘာလောကကို စွန့်ခွာ၍ အသျှင်သခင့် အမိန့်တော်ခံယူလေသည်။ ရိုဟင်ဂျာလူထုသည် လမ်းပြဓူဝံကြယ်သဖွယ်ဖြစ်သော ရှေ့ဆောင်ပညာရှင်တစ်ပါးကို ဆုံးရှူံးခဲ့ရလေသတည်း။
[ စိတ်ထဲသောက လောင်ကျွမ်းရာ၊ လမ်းခွဲခြင်းက ပေးဒဏ်ရာ၊
မီးရှင်တစ်အိမ်သာ ကျန်တာလည်း၊ ငြိမ်းအေးကွယ်သွား ကျန်မှောင်မည်း။]
🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄
ကိုးကား ⏩(၁) အာကာဗေရ် အေ အာရ်ကာန် [အာရကန်ပြည်၏ ပုဂ္ဂိုလ်ထူးများ] စာအုပ်| ရေးသား- အဟ်မတ် ဆီဒ္ဒီခ်။
(၂) သက်ကြီးအိုကြီး
No comments:
Post a Comment