စစ်အစိုးရ-ဗုဒ္ဓဘာသာဆက်ဆံရေး (၁၉၉၀-၂၀၀၀)
လူများစုဖြစ်သည့်အတွက် ဗုဒ္ဓဘာသာဝင်များသည် ၎င်းတို့၏ ဘာသာကို တစ်ဦးချင်းအလိုက်ရော အုပ်စုအနေနဲ့ပါ ကျင့်ကြံရာတွင်ကြီးမားသော အဟန့်အတားများ ကြုံရမှုမရှိပေ။ လူအများနှင့်ပြုလုပ်သော ဘာသာရေးအခမ်းအနားများကို အစိုးရက တိုက်ရိုက်ဘဏ္ဌာငွေစိုက်ထုတ်ကျင်းပပေးလေ့မရှိသော်လည်း ၁၉၉၀ ပြည့်နှစ်များနှင့်၂၀၀၀ ပြည့်နှစ်များဆီကမြင်တွေ့ခဲ့ရသည့်အတိုင်း အစိုးရက လမ်းညွှန်မှူပေးခြင်း၊ ဦးစီးဦးဆောင်လုပ်ပေးခြင်းများ ရှိသည်။ ယခုလို ခြုံငုံပြီး ယေဘုယျ ပြောဆိုခြင်းက လူစုနှစ်စုအတွက်တော့ ကိုယ်စားမပြုပေ။ ယင်းတို့မှာ နိုင်ငံရေးလှူပ်ရှားတက်ကြွသူရဟန်းတော်များနှင့် လမ်းရိုးမှသွေဖည်သော ဗုဒ္ဓဘာသာဂိုဏ်းကွဲများနှင့်အုပ်စုများ ဖြစ်သည်။ အဆိုပါလူစုနှစ်ခု၏ ဘာသာရေးလွတ်လပ်ခွင့်အပါအဝင် လူ့အခွင့်အရေးများကို စစ်တပ်က ချိုးဖောက်ခဲ့သည်ဟုဆိုနိုင်သည်။
အမေရိကန်ပြည်ထောင်စု အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် (USCIRF)၏ နှစ်စဉ်အစီရင်ခံစာများနှင့် များစွာသော လူ့အခွင့်အရေး အစီရင်ခံစာများတွင် ၁၉၈၈ခုနှစ်၊ ၁၉၉၀ ခုနှစ်များနှင့်၂၀၀၀ ပြည့်နှစ်များတွင် လူထုဆန္ဒပြပွဲများတွင် ပါဝင်ခြင်းနှင့် စစ်အစိုးရကို ကိုယ်တိုင်ဦးဆောင်ဆန္ဒပြခဲ့ခြင်းများကြောင့် သင်္ကန်းချွတ်လူဝတ်လဲခံရခြင်း၊ နှိပ်စက်ခံရခြင်း၊ ထောင်သွင်း အကျဉ်းချခံရခြင်းနှင့် ၎င်းတို့၏ မူလသီတင်းသုံးခဲ့ရာ ကျောင်းများတွင်ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပိတ်ပင်ခံရခြင်း၊ သာသနာ့ဘောင်ကိုစွန့်လွှတ်ရခြင်း သို့မဟုတ် နိုင်ငံအတွင်းမှ ထွက်ခွာအောင် ဖိအားပေးခံရခြင်းတို့ကို ခံစားခဲ့ရသော ရာပေါင်းများစွာသော ရဟန်းသံဃာတို့၏ အကြောင်းများကို အသေးစိတ်ဖော်ပြထားသည်။
စစ်တပ်သည် ၎င်းကိုမဆန့်ကျင်သော ရဟန်းတို့ကိုမဖိနှိပ်ခဲ့ဘဲ ကျော်ကြားပြီး ဝါစဉ်ကြီးသော ရဟန်းတို့ကို အားတက်သရော လှူဒါန်းမှူကို ပြုခဲ့သည့်အတွက် အထက်ပါ ဖိနှပ်မှူတို့ကို ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်ခံရခြင်းဟု USCIRF ၏ အစီရင်ခံစာတို့က ရံဖန်ရံခါ သတ်မှတ်ခြင်းက မေးခွန်းထုတ်စရာဖြစ်သည်။
အဆိုပါဖြစ်ရပ်တို့သည် စစ်တပ်ကိုဆန့်ကျင်သော ဗုဒ္ဓဘာသာရဟန်းတို့၏ ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်းသက်သက်လား သို့မဟုတ် နိုင်ငံရေးအရ သဘောထားကွဲလွဲသူများကို ဖိနှိပ်ခြင်းလား ဆိုသည်ကို ဆုံးဖြတ်ရခက်သည်။ ယခင်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အခြေစိုက်ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံအတွင်း ရောက်ရှိနေပြီဖြစ်သော နိုင်ငံရေးအကျဉ်းးသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)နှင့်အခြား မြန်မာနိုင်ငံအခြေစိုက်လူ့အခွင့်အရေးအဖွဲ့များပါဝင်သော အစိုးရမဟုတ်သော အဖွဲ့အစည်းများက အဆိုပါ ရဟန်းတို့ကို ၎င်းတို့ပြုစုသော နိုင်ငံရေးအကျဉ်းသားများစာရင်းတွင် ထည့်သွင်းထားခြင်းမှာ အဆိုပါရဟန်းတို့၏ ဘာသာရေးလွတ်လပ်ခွင့်ထက် ပုဂ္ဂလိက အသက်ရှင်ခွင့်ကို ချိုးဖောက်ခံရသည်ဟု ဆိုလိုပုံရသည်။
မကြာခဏဆိုသလို သတိမမူတတ်သော်လည်း တိုက်ရိုက်ဆက်စပ်နေသောကိစ္စတစ်ခုမှာ မြန်မာဘုရင်များ လက်ထက်ကတည်းက ရာစုနှစ်များစွာ တည်ရှိလာခဲ့ပြီးသော လမ်းရိုးမှသွေဖည်သော ဂိုဏ်းများ၊ တရားများနှင့်ကျင့်သုံးမှူများကို အစိုးရနှင့် လမ်းရိုးရဟန်းတော်များက ဖိနှိပ်ခြင်းဖြစ်သည်။
သို့ရာတွင် ဗြိတိသျှကိုလိုနီခေတ် (၁၈၈၅-၁၉၄၈)က သံဃာထုတစ်ရပ်လုံးနှင့်အဆိုပါ လမ်းရိုးမှ သွေဖည်သော ဂိုဏ်းတို့ကို ထိန်းချုပ်ကွပ်ကဲပုံကို သိသိသာသာ ပြောင်းလဲစေခဲ့သည်။ ဗြိတိသျှတို့သည် သံဃာတို့ကို တိုက်ရိုက်ထိန်းချုပ်ခြင်းမှရှောင်ကြဉ်တတ်ပြီး ကိုလိုနီအစိုးရကို သံဃာထုထဲမှဆန့်ကျင်သော ရဟန်းတို့ကိုသာ နိုင်ငံရေးကိစ္စတစ်ရပ်အနေနဲ့ ပြင်းပြင်းထန်ထန်ကိုင်တွယ်ခဲ့သည်။
နိုင်ငံရေးတွင် ပါဝင်မှူမရှိသော သို့မဟုတ် ဗြိတိသျှတို့ကို ပေါ်ပေါ်ထင်ထင် မဆန့်ကျင်ခဲ့သော ရဟန်းတို့ကိုကား ၎င်းတို့အနေနှင့် လူဥပဒေနှင့်ဆုံးဖြတ်သော ရာဇဝတ်မှူများကို မကျူးလွန်သမျှကာလပတ်လုံး အစိုးရ၏ လက်တံမှကင်းလွတ်စွာ နေထိုင်ခွင့်ပြုခဲ့သည်။ ၎င်းက သံဃာထုထဲတွင် ကျယ်ကျယ်ပြန့်ပြန့် သီလယိုယွင်းမှူနှင့်သံဃာ့စည်းမျဉ်းများကို ပေါ့ပေါ့တန်တန် လိုက်နာမှူများ ဖြစ်ပေါ်စေခဲ့သည်။
၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရပြီးနောက် ဦးနုခေါင်းဆောင်သော ပါလီမန်ဒီမိုကရေစီအစိုးရက စည်းကမ်းပျက်နေသော ရဟန်းတို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်ကြိုးပမ်းပြီး တင်းကြပ်သော စည်းမျဉ်းများကို ပြန်လည်ချမှတ်ရန်လုပ်ခဲ့သော်လည်း အချည်းနှီးသာဖြစ်ခဲ့သည်။ သံဃာထုတစ်ရပ်လုံးကို လိုသလိုစည်းမျဉ်းများ သတ်မှတ်ပြီး ထိန်းချုပ်ရန်အစိုးရနှင့်ပူးပေါင်းမည်ဟု ကတိပြုသော နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ (မြန်မာအတိုကောက်နာမည် မဟန ဟုလူသိများကြသည်) ကို ဗဟိုသံဃာ့အုပ်ချုပ်ရေး ဥပဒေပြုရေးနှင့် တရားစီရင်ရေးအဖွဲ့တစ်ခုအနေနှင့် ၁၉၈၀ ခုနှစ်တွင် ဖွဲ့စည်းလိုက်သောအခါတွင်မှ နိုင်ငံတော်က ပြန်လည်အုပ်စီးမိသွားခဲ့သည်။ ယင်း တိုးတက်မှူတို့က သံဃာ့ဖွဲ့စည်းပုံနှင့် စည်းကမ်းကို ယေဘုယျအားဖြင့် ပိုမိုကောင်းမွန်အောင်ပြုလုပ်ခဲ့သော်လည်း မဟန အနေနှင့် ထေရဝါဒ ရှေးရိုးလမ်းစဉ်မှသွေဖည်သည်ဟုယူဆသည့် တရားများ၊ ကျင့်သုံးမှူများနှင့် အုပ်စုများကို အယူလွဲပြီး တရားဝင်ခြင်းမရှိဟု ၎င်းတို့ယူဆသည့်အတိုင်း သတ်မှတ်ကာ သာသနာကိုသန့်ရှင်းစေခဲ့သည်များလည်း ရှိနေသည်။
၂၀၁၄ ခုနှစ်အထိ မဟန ကိုယ်တိုင်ကသော်လည်းကောင်း မဟနက ဖွဲ့စည်းပေးသည့် အထူးခုံရုံးများကသော်လည်းကောင်း ချမှတ်ပြီးသည့် ဆုံးဖြတ်ချက် နှစ်ဆယ့်တစ်ချက် ရှိနေပြီး အယူလွဲသည်ဟု စွပ်စွဲခံရသည့်တရား၊ ဝါဒနှင့်ကျင့်ကြံမှူများကို အထက်ဇယားတွင် တွေ့နိုင်သည်။ အဆိုပါ ခုံရုံးနှင့်အဖွဲ့၏ ဆုံးဖြတ်ချက်များ အားလုံးက စွပ်စွဲခံရသူတို့ကို အပြစ်ရှိသည်ဟု ဆုံးဖြတ်ခဲ့သည်။ အကျိုးဆက်အားဖြင့် အပြစ်ရှိသူတို့သည် တရားဟောခြင်းကို ရပ်တန့်ရပြီး အယူလွဲနေသော တရားများနှင့် ကျင့်ကြံပုံလွဲနေသော ကျင့်ကြံမှူများကို ဖြန့်ဝေနေခြင်းကိုလည်း ရပ်တန့်ရသည်။
ယနေ့အထိ မိုးပြာဦးဉာဏ၏ ကိစ္စမှလွဲ၍ စွပ်စွဲခံရပြီး အပြစ်ရှိသည်ဟု ဆုံးဖြတ်ခံထားရသည့် မည်သူကမျှ မဟနနှင့်ခုံရုံးများ၏ ဆုံးဖြတ်ချက်ကို မလိုက်နာခြင်းမျိုး မရှိသေးပေ။
" မိုးပြာဦးဉာဏဂိုဏ်းပြဿနာ"
ယနေ့ခေတ်အစိုးရနှင့် ဗုဒ္ဓဘာသာဆက်ဆံရေးမှာ ယခင်ထက်စာလျှင် ဝိဝါဒကွဲလွဲမှုနည်းလာသည်။ ၁၉၈၀ ခုနှစ်များဆီက စတင်လာခဲ့သော တစ်ခုတည်းသော ပြဿနာကိစ္စမှာ မိုးပြာဦးဉာဏ (ရှင်ဉာဏ သို့မဟုတ် ရှင်မိုးပြာဟုလည်း သိကြသည်) ၏ ကိစ္စဖြစ်သည်။ ၎င်းကို သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ထောင်မှလွတ်ပေးခဲ့သည်။ ၎င်း၏ ကိစ္စက မဟနက မြှင့်တင်သည့်သန့်ရှင်းသော ထေရဝါဒလမ်းစဉ်ကို နိုင်ငံတော်အစိုးရက အကာအကွယ်ပေးထားပုံနှင့်ပတ်သက်ပြီး အရေးကြီးပြီး ရှားပါးသည့် သက်သေတစ်ခုအဖြစ်ရှိနေသည်။ ယင်းကိစ္စသည်မဟနနှင့် ဂိုဏ်းဂဏများအကြား ဂိုဏ်းများက ခုံရုံးများနှင့် မဟန၏ ဆုံးဖြတ်ချက်ကိုလိုက်နာပြီး ၎င်းတို့၏ ယုံကြည်မှုများနှင့်ကျင့်ကြံမှုများကိုစွန့်လွှတ်၍ တရားပြန့်ပွားစေခြင်းကို ရပ်တန့်လိုက်သရွေ့ အေးအေးချမ်းချမ်း ဖြေရှင်းတတ်သော ဖြစ်ရိုးဖြစ်စဉ်မှသွေဖည်နေသည်။
၂၀၁၀ ခုနှစ်များအတွင်း မိုးပြာဦးဉာဏ၏ ကိစ္စသည် ယင်းဂိုဏ်း၏ ခေါင်းဆောင်အပေါ်ကို ချမှတ်ခဲ့သော အလွန်ကြာရှည်သော ထောင်ဒဏ်များကြောင့် နိုင်ငံတကာလူ့အခွင့်အရေး တောင်းဆိုသည့်အသိုင်းအဝန်း၏ အာရုံစိုက်မှုကိုရရှိခဲ့သည်။ မဟနက ဖွဲ့စည်းလိုက်သော အထူးခုံရုံးအမှတ် ၁၇ က မိုးပြာဂိုဏ်း၏ သင်ကြားမှုများသည် အယူလွဲသည်ဟု ၂၀၁၁ ခု နိုဝင်ဘာလ ၁၅ ရက်တွင်မှ ဆုံးဖြတ်ခဲ့သော်လည်း ဂိုဏ်းခေါင်းဆောင် ဦးဉာဏနှင့် မဟန ကြား ပဋိပက္ခမှာ ၁၉၈၁ ခုနှစ်ကတည်းက စတင်ခဲ့သည်။
ဦးဉာဏသည် ထေရဝါဒဗုဒ္ဓဘာသာကို မြန်မာနိုင်ငံအနှံ့တွင်ရှိသော ဘုန်းတော်ကြီးကျောင်းများတွင် သင်ယူခဲ့သည်။ ၁၉၈၀ ပြည့်နှစ် အစောပိုင်းတွင် ၎င်းသည်သစ္စာတရားကိုသိမြင်ကာ အရိယာဖြစ်သွားပြီဟု စတင်ပြောဆိုလာခဲ့သည်။ ၎င်းက သူ၏ တရားပေါက်သွားပုံကို သက်တမ်း တစ်နှစ်သာရှိသေးသော မဟန ထံသို့ အကြောင်းကြားခဲ့သော်လည်း အဖွဲ့က မယုံခဲ့ပေ။ ယင်းကဲ့သို့ တရားပေါက်သည်ဟု လိမ်လည်ပြောနေခြင်းမှာ ပါရာဇိကကံလေးပါးထဲမှ တစ်ပါးကို ချိုးဖောက်ခြင်းဟု မဟနက ဆုံးဖြတ်ခဲ့သည်။ သို့ရာတွင် ဗုဒ္ဓမြတ်စွာဘုရားက ထိုကဲ့သို့ ချိုးဖောက်မှုမျိုးအတွက် မည်သည့်ပြစ်ဒဏ်ကိုမျှ ချမှတ်မထားခဲ့ပေ။ ထိုအချက်ကြောင့် မဟနက စစချင်းတွင် ၎င်းအား မည်သို့မျှ အရေးယူခြင်း မရှိခဲ့ခြင်း ဖြစ်နိုင်သည်။
ဦးဉာဏသည် မကြေနပ်ဘဲ စည်းအပြင်ရောက်သွားသလိုဖြစ်ကာ ထေရဝါဒဗုဒ္ဓဘာသာကို စွန့်လွှတ်ခဲ့သည်။ ထိုသို့ စွန့်လွှတ်ခဲ့ခြင်းကိုလည်း မဟနထံသို့ အကြောင်းကြားခဲ့ပြီး ၎င်းသည် မိုးပြာရောင်သင်္ကန်းကို စတင်ဝတ်ခဲ့သည်။ ၁၉၈၃ ခု ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာဟူသော ဝါဒသစ်တစ်ခုကို ၎င်းက ထည်ထောင်လိုက်ကာ တရားများ စတင်ဟောကြားခဲ့သည်။ ၎င်း၏ နောက်လိုက်အများအပြားက ၎င်းကို ရဟန်းတစ်ပါးအသွင် ဆက်ဆံမြဲ ဆက်ဆံနေခဲ့သည်။ ထို့နောက် မဟန အတွက် နိုင်ငံတော်၏ အကူအညီနှင့် အမိန့်နာမခံသော ၎င်းကိုအရေးယူရန် အခွင့်အလမ်းတစ်ရပ်ပေါ်လာခဲ့သည်။ အသစ်ပြဌာန်းလိုက်သော ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေ (၁၉၈၃)၏ ပုဒ်မ ၅ နှင့် ပုဒ်မ ၉ က ဆိုထားသည်မှာ "လူဝတ်ကြောင်တစ်ဦးသည် မည်သည့်အခါမျှ ရဟန်းအဖြစ်ဟန်ဆောင်ခြင်းမပြုရနှင့် ယင်းတားမြစ်ချက်ကို ဖောက်ဖျက်လျှင် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်သည်"ဟု ဖြစ်သည်။ ဦးဉာဏကို အဆိုပါ ပုဒ်မတို့နှင့် ၁၉၈၄ ခုနှစ်တွင် ထောင်ချခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် ပြန်လွတ်လာခဲ့သည်။
ထို့နောက် ၁၉၉၁ ခုနှစ်တွင် ၎င်းထပ်မံ အဖမ်းခံရပြီး မမှန်မှန်းသိလျှက်နှင့် မှားယွင်းသော သတင်းစကားတို့ကို ဖြန့်ချီမှုဖြင့် စွပ်စွဲခံရကာ အရေးပေါ်စီမံမှုအက်ဥပဒေ (၁၉၅၀) ၏ ပုဒ်မ ၅(င)နှင့် ထောင်ဒဏ်ဆယ်နှစ် အပြစ်ပေးခံရပြန်သည်။ ၁၉၉၈ ခုနှစ်တွင် ထောင်မှ ဒုတိယအကြိမ် လွတ်လာခဲ့သည်။
ဦးဉာဏက ဆက်လက်၍ တရားဟောနေခဲ့ရာ နောက်လိုက်တစ်ထောင်နီးပါးရှိလာခဲ့သည်။ ယခင်အတိုင်း ကံကြမ္မာကို ၂၀၁၀ ခုနှစ်တွင် သူကြုံရပြန်သည်။ ဤတစ်ကြိမ်တွင်တော့ ရာဇသတ်ကြီး ပုဒ်မ ၂၉၅ နှင့် ၂၉၅(က) (တစ်ခုကိုနှစ်နှစ်စီ)၊ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၆ (ငါးနှစ်)၊ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၆ (ငါးနှစ်)၊ ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၁၀ (ငါးနှစ်)နှင့် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေပုဒ်မ ၁၂ နှင့် ပုဒ်မ ၁၃ (တစ်ခုကိုငါးနှစ်စီ)တို့ကို သုံးကာ စုစုပေါင်း ထောင်ဒဏ်နှစ် နှစ်ဆယ်ချခံရသည်။ အယူခံရန်၊ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ရရန်နှင့် တရားရုံးချုပ်မှ အမှုခေါ်စာချွန်တော် အမိန့်တစ်ခုရရန် ၎င်း၏ အကြိမ်ကြိမ် ကြိုးပမ်းအားထုတ်မှုများမှာ အချည်းနှီးဖြစ်ခဲ့သည်။ ၎င်းကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ (အသက် ၇၇)တွင် ထောင်မှလွတ်ခဲ့သည်။ ဦးဉာဏနှင့် ၎င်း၏ နောက်လိုက်များက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည် ဦးဆောင်ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသော အစိုးရတစ်ရပ် အုပ်ချုပ်နေသည့် မြန်မာနိုင်ငံတွင် ယင်းတို့၏ ဂိုဏ်းကို မြင်တွေ့ကြသည်။ ထို့ကြောင့် ဂိုဏ်းသည် ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို ရပ်တန့်ခြင်း မပြုကြသေးသည့်အတွက် မဟန ၏ စိတ်ကွက်ခြင်းကို ခံရပြန်သည်။ မဟန က ဦးဉာဏနှင့်နောက်လိုက်များကို ဥပဒေကြောင်းအရ အရေးယူနိုင်ရန် ယင်းတို့၏ ဆုံးဖြတ်ချက်ကိုဘာသာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကို တောင်းဆိုခဲ့သည်။ ဂိုဏ်းသည် မန္တလေးတိုင်းဒေသကြီးတွင် အခြေစိုက်ပြီး နောက်လိုက်များက တစ်နိုင်ငံလုံးအနှံ့ရှိနေသည့်အတွက် နိုင်ငံတော်သမ္မတရုံးကလည်း ဝန်ကြီးဌာနကို ကူညီရန်ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များသို့ အမိန့်ထုတ်ခဲ့သည်။ သို့ရာတွင် ၂၀၁၇ ခုနှစ် မတ်လအထိတော့ ယင်းကိစ္စမှာ မပြီးပြတ်သေးပေ။
မိုးပြာဂိုဏ်း ကိစ္စမှာ အချက်နှစ်ချက်ရှိသည်။ ပထမအချက်မှာ ဂိုဏ်းများထံမှအမိန့်လုံးဝနာခံမှုကို မဟနက လိုချင်သည်။ ဒုတိယအချက်မှာ ၎င်းတို့ကိုဆန့်ကျင်သော မဟန၏ ဆုံးဖြတ်ချက်ကို စိတ်ပါလက်ပါဖြစ်စေ စိတ်မပါဘဲဖြစ်စေ ဂိုဏ်းများက လိုက်နာခဲ့လျှင် အေးအေးချမ်းချမ်း ဖြစ်သွားသော်လည်း ဂိုဏ်းတစ်ဂိုဏ်းက မဟန၏ အမိန့်ကိုဆန့်ကျင်ခဲ့လျှင် မဟနက အရေးယူတတ်သည်။
နိုင်ငံရေးအခြေအနေအသစ်တွင် ဦးဉာဏနှင့်နောက်လိုက်များကို ထောင်ဒဏ် ထပ်ချမည်လား ဆိုသည်ကတော့ မရေရာပေ။ သို့ရာတွင် ဦးဉာဏနှင့်နောက်လိုက်များကို ယင်းတို့လုပ်ချင်သလို မဟန က လုပ်ခွင့်မပေးခြင်းနှင့် မဟန ကိုယ်စား အစိုးရက ဂိုဏ်းကို အပြစ်ပေးရန်တောင်းဆိုခြင်းကို အစိုးရက လိုက်လျောခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် မဟနနှင့် ၎င်း၏ ခုံရုံးများမှ ပြန်ဆိုသဘောပေါက်သည့်အတိုင်း လမ်းရိုးမှသွေဖည်ခြင်းသည် မြန်မာနိုင်ငံတွင် ဘာသာရေးပြစ်မှုတစ်ခုဖြစ်နေဆဲပင် ဖြစ်သည်။ အစိုးရကလည်း မဟနနှင့် ပူးပေါင်းပြီး ထိုကဲ့သို့သော ပြစ်မှုများကို အပြစ်ပေးနေဦးမည်သာဖြစ်သည်။
Ref: Freedom of Religions in Myanmar-Burmese By International Centre for Ethnic Studies and Equitas- International Centre for Human Rights Education (Published 2018)