Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, November 10, 2018

BOLI KÁLA : A Traditional Sport of Rohingya


စုစည်းရေးသား- ရိုဟင်လေး|

အမျိုးအစား - ရိုဟင်ဂျာ ရိုးရာအားကစားနည်း [Rohingya Traditional Sports] |

🎮 ဘောလီကားလား (ခ) ကျင်ကစားနည်း 🎮

******************************************************

ရိုဟင်ဂျာ ရိုးရာ အားကစား ဖြစ်သော ဘောလီကားလားသည် ကာယဗလ စွမ်းရည်ချင်း ယှဉ်ပြိုင်ကစားသည့် ရှေးကစားနည်း တစ်မျိုးဖြစ်သည်။  ရိုစကားတွင် ဘောလီကားလား  ( Boli Kála ) ဟု ခေါ်သည်။ ဘော်လီဒေါ့ရာ ( Boli Dóra ) မှာ “ကျင်ကိုင်သည်”၊ “နပမ်းလုံးသည်”ဟု အနက်ထွက်သည်။ ဘောလီကားလား၌ ယှဉ်ပြိုင်သူကို ဘောလီ (ကျင်သန်၊ နပန်းသမား)ဟုခေါ်သည်။ ဘောလီမှာ ခွန်အား ဗလပြည့်စုံသူဟု အဓိပ္ပာယ်ရသည်။ ဗမာစကားတွင် နပမ်းလုံး ကစားနည်း/ နပမ်းကစားနည်း ဟုခေါ်သည်။ ရခိုင်တို့ကမူ ကျင်ကစားနည်း ဟုခေါ်သည်။ အနောက်နိုင်ငံတို့၏ Wrestling ကစားနည်းနှင့် ကွဲပြားသည့် အချက်မှာ ထိုးသတ်ခွင့် မရှိခြင်းပင်ဖြစ်သည်။ ဘောလီကားလားကို အာရှတိုက် တစ်ခွင် နိုင်ငံအလိုက် ဒေသအလိုက် နည်းအမျိုးမျိုးဖြင့် ကစားကြသည်။ အမည်အမျိုးမျိုးလည်း ခေါ်ဝေါ်ကြသည်။ 


❄ သမိုင်းနောက်ခံ ❄


အာရ်ကာန်ပြည်၌ အညာဒေသ ရိုဟင်ဂျာ ကာလသား လူပျို လူရွယ်များသည် အားလပ်ချိန်တွင် အရိပ်ကောင်းသော သစ်ပင် ရိပ်အောက်၌ လည်းကောင်း၊ ညပိုင်း လရောင်အောက်၌လည်းကောင်း၊  ဘောလီကားလားနှင့် မြူထူးပျော်ပါးနေသည်ကို တွေ့ရပေလိမ့်မည်။ ဝါသနာပါသော ကာလသားလူပျို လူရွယ်များသည် ဘောလီကားလားကို ကျွမ်းကျင်သူများထံမှ စနစ်တကျ သင်ကြားနည်းယူလေ့ ရှိကြသည်။

ဆယ်စုတစ်နှစ်စု ရှေ့ပိုင်းသို့ လှန်းမျှော်ကြည့်မည်ဆိုလျှင် ရိုဟင်ဂျာများသည် စပါးကောက်ရိတ်သိမ်းချိန်တွင် အာရ်ကာန်ပြည်နေရာအနှံ့ ဘောလီကားလား ပြိုင်ပွဲများ အုံအုံကြွကြွ တခမ်းတနား ကျင်းပလေ့ရှိခဲ့သည်ကို တွေ့နိုင်ပါမည်။ 

ဘောလီကားလား ခေါ် ကျင်ကစားနည်းသည် မဂိုအင်ပါယာခေတ်က ထွန်းကားခဲ့သော ကစားနည်း တစ်မျိုးဖြစ်သည်။  ဘောလီကားလားကို မည်သည့် အချိန်ကစ၍ ရိုဟင်ဂျာတို့က ကစားလာခဲ့ကြသည်မှာ တိတိကျကျ ပြောနိုင်ရန် ခဲယဉ်းလှသည်။ ရိုဟင်ဂျာတို့သည် ရှေးဘိုးဘေးဘီဘင်ကပင် ဘောလီကားလားကို လက်ဆင့်ကမ်း ကစားလာခဲ့သည် ဟု ဆိုရပေမည်။ အာရ်ကာန်မြေပေါ်၌ ရွာတိုင်းရွာတိုင်းလိုလို ထင်ရှားခဲ့သော ဘောလီများ ယနေ့တိုင် ‘လူသေသော်လည်း နာမယ်မသေ’ဘဲ သမိုင်းသက်သေ အဖြစ် ကျန်ရစ်နေသည်။ ဘောလီများ၏ အမည်စွဲခေါ်ထားသော နယ်မြေဒေသ၊ ကန်ချောင်း၊ အဆောက်အဦ၊ လမ်း စသည်တို့  အာရ်ကာန်၌ ရှိနေကြသည်။

ထင်ရှားခိုင်လုံသော ဥဒဟရုဏ် အဖြစ် ဖော်ပြရလျှင် မောင်တောမြောက်ပိုင်း သမိုင်းဝင် ဘော်လီဘာဇား (မြို့ဟောင်း)ကို တည်ထောင်ခဲ့သော ဘော်လီမျိုးနွယ်စု၏ ပင်စည်ကြီး ဒေဝန်ကြီး ဖတေအာလီ ဘောလီ (၁၇၈၀-၁၈၅၃ ခန့်) ပင်ဖြစ်သည်။ သူသည် ဘောလီဒေါ့ရာ၌ ကျွမ်းကျင်သူတစ်ဦးအဖြစ်ကျော်ကြားသည်။  သူသည် ဘောလီကားလား၌ အနိုင်ရ၍ ချီးမြှင့်ခံရရာမှ ဆုတော်အဖြစ် ဘောလီဘားဇာနှင့်တကွ  လယ်မြေ ၁၃၀၀ ဒုံ (၁၁ ကာနီ = ၁ ဒုံ) ရှိသော ဒေသကို စားရခြင်းဖြစ်သည်ဟု  ဘော်လီမျိုးနွယ်စုသမိုင်းတွင် ထင်ထင်ရှားရှား ဖော်ပြထား၏။ သားတော် ဖော်ဇော်ရ်အာလီမျာအား အမွေလွဲပြောင်းပေးသည့် ၁၈၄၂ ခု ရက်စွဲပါ အိန္ဒိယ-ဗြိတိသျှ တံဆိပ်ခေါင်းစာချုပ်တွင်လည်း အတိအလင်း တွေ့ရပါတယ်။ 

ထို့ကြောင့် ဖတေအာလီကို ‘ဘောလီ’ဟု ဂုဏ်ပုဒ်ထည့်ခေါ်ရခြင်းမှာ ထိုခေတ်က အကျော်အမော် ရွှေမောင်းတန်း နပန်းသမား တစ်ဦးဖြစ်ကြောင်း ထင်ရှားစေသည်။ သူနှင့် ပတ်သတ်သော ဒဏ္ဍာရီဆန်ဆန် အဖြစ်အပျက်များ ယနေ့အထိ ပြောနေဆဲဖြစ်သည်။  သူတည်ထောင်ခဲ့သော ရွာသည် ယနေ့တိုင် ဘောလီဘာဇားဟု ကျော်ကြားသည်။ ဘောလီဘာဇားမှာ ဘောလီနှင့် ဘာဇား ပေါင်းစပ်ထားခြင်းဖြစ်သည်။ ဘောလီ မှာ ကျင်သန်ကြီး ဖြစ်ပြီး ဘာဇားမှာ ဈေးရွာ ဖြစ်သည်။  သူမှ ဆင်းသက်လာသော မြေး၊ မြစ်၊ တီ၊ ကျွတ် စသည်တို့ကို ဘောလီမျိုးနွယ်စု [Boli ró Gucthí] ဟု ယနေ့ထက်ထိ လူသိများသည်။ ဤသည်မှာ ဗမာလက်အောက်ကျရောက်နေသော အာရ်ကာန်ခေတ်ကပင် ရိုရိုးရာ ဘောလီကားလား ရှိနေကြောင်း စောဒကတက်ဖွယ်မရှိသော အထောက်အထားဖြစ်ပေသည်။ 

ကိုလိုနီခေတ် နောက်ပိုင်းတွင် ဘောလီကားလားသည် အထူးခေတ်စား လာခဲ့သည်။ ရိုတို့သည် ဘာသာခြား ညီနောင် ရခိုင်တို့နှင့် ပေါင်းသင်း နေထိုင်လာခဲ့သော လူ့အဖွဲ့အစည်း ဖြစ်သည့်အားလျော်စွာ အားကစား၊ ပျော်ပွဲရွှင်ပွဲကိုလည်း အတူတကွ ပါဝင်ဆင်နွှဲခြင်းဖြစ်သည်။ ယနေ့ ဘာသာတရား၊ အသားအရောင်ကို လိုက်၍ မည်မျှပင် မုန်းတီးခွဲခြားသည်ဖြစ်ပါစေ အတိတ်ကြေးမုံသဖွယ်ဖြစ်သော ရာဇဝင်သမိုင်းကို ပျက်နိုင်မည် မဟုတ်ချေ။  ဘောလီဒေါ့ရာပြိုင်ရာတွင် လည်း ရခိုင်အမျိုးသားနှင့် ရိုဟင်ဂျာအမျိုးသားတို့ အတူတကွ ပါဝင်ယှဉ်ပြိုင်လည်း ရှိခဲ့သည်။ ထို့ကြောင့်သာ ဘောလီကားလား ခေါ် ကျင်ပွဲသည် ရိုတို့၏ ရိုးရာအားကစားပွဲ တစ်မျိုးဖြစ်သလို ရခိုင်တို့၏ ရိုးရာ အားကစားပွဲလည်း ဖြစ်သည်။ လူမျိုးစု နှစ်စုမှာ တူညီသော ဓလေ့ထုံးစံ၊ ရိုးရာအစဉ်အလာ ရှိခြင်းသည်လည်း တစ်ရေသောက် တစ်မိုးအောက် အေးအတူပူအမျှ နေထိုင်ခဲ့ခြင်း၏ ကျောက်ထက်တင် အထောက်အထား တစ်ခုပင် ဖြစ်ပေသည်။ 

လွတ်လပ်ရေးရပြီးခေတ် ၁၉၆၀ ပြည့်နှစ် ပြည်ထောင်စုနေ့ အခမ်းအနားကို အောင်ဆန်း အားကစားကွင်း၌ ပြုလုပ်ခဲ့ရာ ရိုဟင်ဂျာ ရိုးရာ အားကစားပွဲ တစ်ခုဖြစ်သော ဘောလီကားလားကို ကျင်းပပြသခွင့်ရရှိခဲ့သည်။ အဆိုပါ နပမ်းလုပွဲတွင် ပါဝင်ခဲ့သော ကျင်သန်ကြီးများမှာ-


(၁) ဟာကိမ်အာလီ (ခ) ဟာကိမ်း ဘောလီ 
မှတ်ပုံတင်အမှတ်- AK- ၁၄၂၉၅၇ 
ဇင်ပိုင်ညာရွာ၊ မောင်တောမြို့။ 

(၂) ဦးမာမတ် ဟူဆောင်း ဘောလီ 
လောင်းဒုံ၊ အလယ်သံကျော်ကျေးရွာ၊ မောင်တောမြို့နယ်။ 


တို့ဖြစ်ကြသည်။

တော်လှန်ရေးကောင်စီခေတ်မှစ၍ ရိုတို့၏ဘဝ ညအမှောင်စ ပြုလာခဲ့သည်။  အမျိုးဘာသာ သာသနာဆိုင်ရာ ဓလေ့ထုံးစံ အစဉ်အလာတို့ကို  တဖြေးတဖြေး ရုပ်သိမ်းပိတ်ပင်ခြင်းခံခဲ့ရသည် တစ်နည်း၊ နိုင်ငံခြား အားကစားများ ဒလဟော ကူးဝင်လာမူကြောင့် ယနေ့တွင် ဘောလီကားလားသည် ပျောက်ကွယ်လုနီးပါး အထိ ဖြစ်လာခဲ့ရသည်။ ရှေးကဲ့သို့ ရိပ်ကောင်းသစ်ပင်အောက်၌ နပမ်းလုနေသည့် ရိုဟင်ဂျာ လူပျိုလူရွယ်တို့ကို ယနေ့တွေ့ရ ခက်ပင်ခက်ပါလိမ့်မည်။ 



❄ ကစားနည်းစည်းမျဉ်း ❄



 ဘောလီကားလား ကျင်းပရာ ကွင်းပြင်သည် ညီညာပြန့်ပြူးသော မြေပြင်ဖြစ်၍ ၀ိုင်းစက်သော ကွင်းဖြစ်စေ၊ လေးထောင့်ကွင်းဖြစ်စေ  သဲမြေဆန်သော မြေပြင်မျိုးကို ရွေးချယ်လေ့ရှိသည်။ အဘယ့်ကြောင့်ဆိုသော်
ကျင်ပွဲမှာ တစ်ဦးကို တစ်ဦး မြေပြင်တွင် လှဲချရသော ကစားနည်းဖြစ်ရကား လဲကျသည့်တိုင် ဆူးညှောင့်များ ရှိမနေရေး အထူး ဂရုစိုက်ရသည်။ ကွင်း၏ တစ်ဘက်ဘက်တွင် ပွဲကျင်းပရေး အဖွဲ့များ၊ ဒိုင်းများမှ သဘာဝပန်း၊ အရောင်၊ အဝတ်တို့ဖြင့် ဆင်ယင်ထားသော မဏ္ဌပ်ဖြင့် နေရာယူကြရပြီး မဏ္ဌပ်ရှေ့ကွင်းပြင်ကို ၀ိုင်းပတ်ကာ ပွဲကြည့်ပရိသတ်များက ၀ိုင်းထိုင်ကြည့်ရှုရသည်။ ဘောလီများသည် အုပ်စုအလိုက် နေရာ ယူထားကြပြီး ကွင်းပတ်လည်သည် လူပရိတ်သတ်များ၊ အချိုယာမက မုန့်ပဲသရေစာ ရောင်းသော ဆိုင်များနှင့် အလွန်စည်းကားသည်။ 

ဘောလီကားလားကျင်းပရာတွင် အများအားဖြင့် ဘော်ရ်ဘောလီ  (ရွှေတံဆိပ်အဆင့် ၊ရွှေမောင်းတန်း) နှင့် ရှောံ်ရောဘောလီ (ငွေတံဆိပ်အဆင့် (ငွေမောင်းတန်း) ဟူ၍ အဆင့်ခွဲ ယှဉ်ပြိုင်ကြသည်။ အချို့ပြိုင်ပွဲများတွင် နော်ယာဘောလီ  (ကြေးတံဆိပ်အဆင့်/ကြေးမောင်းတန်း) လည်း ပါတတ်သည်။ ဘောလီဒေါ့ရာ စပြိုင်သူသည် ကြေးတံဆိပ်အဆင့်မှ စတင်ယှဉ်ပြိုင်ရကာ၊ အကယ်၍ ပွဲစဉ်တစ်ခုခုတွင် ငွေမောင်းတန်း၌ အနိုင်ရ ဗိုလ်စွဲပါမှ နောက်ပိုင်း ယှဉ်ပြိုင်သော ပြိုင်ပွဲများတွင် ရွှေမောင်းတန်း၌ တက်ရောက် ယှဉ်ပြိုင်ခွင့် ရှိသည်။ ယှဉ်ပြိုင်မည့် ဘောလီအတွဲကို ပွဲကျင်းပရေးအဖွဲ့က မဲနှိုက်ဆုံးဖြတ်ပေးသည်။ စိန်ခေါ်ပွဲကိုမူ အဆင့်လိုက်စရာ မလိုပဲ ယှဉ်ပြိုင်ကြသည်။ 

ဘောလီများသည် ပန်းကုံး၊ သွယ်ကုံး သိုးခမောက် ဆင်ယင်ကာ ရွာ၌ လည်ပတ်၍ အားမာန် ပြသည်။ ကျင်ပွဲ မကျင်းပမီတွင် ကွင်းဖွင့်အထိမ်းအမှတ် အနေဖြင့် ရိုးရာ အဆိုအက အတီးအမှုတ်နှင့်  ဖျော်ဖြေကြသည်။  တဖန် ယှဉ်ပြိုင်မည့် ဘောလီသည် ကွင်းပြင်၌ တလည်လည် ပတ်ကာ ပရိသတ်အား ကျင်ကွင်းပြသည်။ Boli Boilar ( ကျင်ကွင်း(ကျင်ခြင်း) ဟုခေါ်သည်။ ဘောလီသည် ကိုယ်၌ ဆီသုတ်လိမ်းသည်။ လက်ကို မြေမှုန့်နှင့် သုတ်သည်။ သို့သော် မြေမှုန့်ကို ဆုပ်ကိုင်၍ တဘက်သူကို ကိုင်ခွင့်မရှိပါ။ ပုဆိုးကို မြဲမြံအောင် ခါးတောင်းကျိုက်ပြီး အပေါ်မှ ဇာလီ (ဂါယာခေါ် ပိတ်ညိုစ) ကို ကျိုက်ကျိုက် ဝတ်ထားသည်။ 

ဘောလီကားလားတွင် ယှဉ်ပြိုင်သူ အမျိုးသား နှစ်ဦးပါရှိပြီး တစ်ဦးက အဖမ်း တစ်ဦးက အခံ ဖြစ်သည်။ နှစ်ယောက် ချင်းပူး၍ ကိုင်ကာ လုံးထွေးကစားခြင်း၊ နပန်း သတ်ခြင်းပင်ဖြစ်သည်။
ကျင်ကိုင်ကြရာ၌ှသုံးကြိမ် သုံးခါ ကိုင်ရခြင်း ဖြစ်ပြီး တစ်ကြိမ် အဖမ်းအလှည့်ဖြစ်ပြီး နောက်တစ်ကြိမ် အခံအလှည့်ဖြစ်သည်။ အဖမ်းသမားမှ စတင်၍ ဖမ်းပြီးမှသာ အခံသမားက ခုခံပိုင်ခွင့်ရှိပြီး 
အဖမ်းသမား စတင် မဖမ်းမီ အခံသမားအနေဖြင့် လှုပ်ရှားခွင့် မရှိချေ။

ကွင်းပြင်ထဲတွင် ဒိုင်းလူကြီး တစ်ယောက် ရှိသည်။ ဒိုင်းလူကြီးသည် ဝါရင့်ဘောလီဖြစ်ရသည်။ ဒိုင်းမှ သံသယဖြစ်နေသည့် အပြစ်ကို အပြင် ကြီးကြပ်ရေးတာဝန်ခံနှင့် တိုင်ပင်ခွင့်ရှိသည်။ 

ဦးစွာ ဘောလီ နှစ်ဦးစလုံးသည် အချင်းချင်း လက်ဆွဲ ကိုယ်ဖက် နှုတ်ဆက်ရသည်။ ဒိုင်းလူကြီးက မုမ်(လက်ခတ်မောင်း)ခတ်သောအခါ ဘောလီတို့သည် မျက်နှာချင်းဆိုင် ရပ်ကာ တစ်ယောက်လက်ကို တစ်ယောက် ကိုင်ပြီး ခေါင်းချင်းတွန်းရင်း ပြိုင်ဘက်ကို  မြေသို့လဲချနိုင်ရန် လုံးတွဲကြသည်။ ဘောလီနှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် လုံးထွေးကျင်ကိုင်ကြရာ၌ မြေသို့မကျ ရအောင် (မရှုံးရအောင်) လျင်မြန်ဖျတ်လတ်စွာ တစ်ပါးသူ၏အဖမ်းကို ရှောင်တိမ်းရခြင်း၊ တစ်ပါးသူ၏ အလစ်အငိုက်တွင် ချိတ်လိမ်ရခြင်း များကြောင့် ပါးနပ်မှု၊ လျင်မြန်မှုကို အသုံးပြုကြရသည်။ 

အချို့ပွဲတွင် တစ်ကြိမ် လုံးတွဲချိန်ကို ပွဲကျင်းပရာအဖွဲ့က သတ်မှတ်ပေးသည်။ များသောအားဖြင့် နာရီဝက်လောက်အချိန်ပေးသည်။ အချိန်စည်းသည်နှင့် တစ်ပြိုက်နက် မုမ်ခတ်လျှင် လုံးထွေးနေရာမှ ချက်ချင်း လွတ်ပေးရသည်။ 

ကုစီ၊ ကုံရာ၊ ဖီဌ်ဘေရာ၊ ဝါအဆာ့ရ်၊ စသော ဘောလီဒေါ့ရာ အကွက်များကို ဉာဏ်နှင့်အားကို ဒွန်တွဲ အသုံးပြုကာ အချင်းချင်း အနိုင်လုကြသည်။ ဘောလီဒေါ့ရာ အကွက် ကို ဟောလ် (Hol) ဟုခေါ်သည်။ 

ဤသို့နပမ်းလုံးရာတွင် အများအားဖြင့် အဖမ်းသမားသည် အသာစီးရသည်ဟု ထင်စရာရှိသော်လည်း၊ ကျွမ်းကျင်ပါးနပ်သော ဘောလီနှင့်တွေ့သောအခါ သူသည် အခံ အလှည့်ဖြစ်သည့်တိုင် အနိုင်ရသည်ထိ ကစားနိုင်သည်ကို တွေ့ရှိရသည်။ 


❄ အနိုင်အရှုံး သတ်မှတ်ပုံ 


(က) ပြိုင်ဘက် ဘောလီ၏ နောက်ကျောကို မြေနှင့် မထိနိုင်သရွေ့ အနိုင်ရရှိမည် မဟုတ်ပါ။ 

(ခ) ပြိုင်ဘက်ဘောလီက လက်မြှောက် အနိုင်ပေးလျှင်လည်း အနိုင်ရရှိနိုင်သည်။ 

(ဂ) ၀ပ်ပြီးမှ အားလွန်ပြီးလက်ပြုတ်၍ မြေကြီးသို့ လက်ထောက်ခဲ့လျှင် ၎င်းသူ ရှုံးသည်။ သို့သော် အချို့ အနေအထားတွင် လက်ထောက်ခွင့်ရှိသည်။ 

(ဃ) ဖက်လုံးချိတ်လိမ်ရင်း မြေသို့ပြိုင်တူ ဘေးချင်းယှဉ်၍ ကျခဲ့လျှင် အလျင်ထနိုင်သူနိုင်သည် နိုင်သည်။



❄ ဒုခ်ျကျသည့် အချက်များ 

----------------------------
ဒုခ်ျဟူသည်ကား အပြစ်ကို ဆိုလိုသည်။ အနီးကပ်ချိတ်လိမ် ဖက်လုံးရာ၌ တစ်ဦးနှင့်တစ်ဦး အနာတရ မဖြစ်အောင်၊ ထိခိုက်မှုမရှိအောင် သင့်တော်သော စည်းကမ်းချက်များကို သတ်မှတ် လိုက်နာကြရသည်ဖြစ်ရာ အလိုအလျောက် အားဖြင့် စည်းကမ်းသေ၀ပ်မှုရရှိနိုင်သော အားကစားနည်း တစ်မျိုးလည်း ဖြစ်ပါသည်။
၎င်းအပြင် ဘောလီများသည် တစ်ယောက်နှင့်တစ်ယောက် ချိတ်လိမ်ဖက်လုံးကစားရာ၌ အနာတရ မဖြစ်ရလေအောင် စည်းကမ်းချက်များ သတ်မှတ်ထားသည်။ ယင်းတို့အနက် တချို့မှာ 

၁။ လက်သီးနှင့် မထိုးရ၊ ခြေနှင့်မကန်ရ
၂။ ကိုက်ခြင်း၊ ကုပ်ခြင်းမျိုး မပြုရ၊ 
၃။ မြေတွင် လက်မထောက်ရ
၎။ ဆံပင်၊ နားရွက်၊ လက်ချောင်းတစ်ချောင်းစီ မဆွဲရ
၅။ သဲနှင့်ရော၍ မကိုင်ရ၊ မပွတ်ရ
၆။ လက်သည်းနှင့် မဖျစ်ညှစ်ရ 
စသည့် အပြစ်ကျလျှင် ဒိုင်လူကြီး၏ သတိပေးချက်ကို ခံရမည်။ အကြိမ်ကြိမ် အပြစ်ဒေါသပြုနေလျှင် ပြိုင်ပွဲမှ ထုတ်ပေးနိုင်သည့် ပြစ်ဒဏ်ကို ခံရနိုင်ချေရှိသည်။ 


❄ ဆုတံဆိပ် ချီးမြှင့်သည့်စနစ် ❄


 ဘောလီကားလားပြိုင်ပွဲတွင် အဆင့်အလိုက်ကို ရွှေတံဆိပ်၊ ငွေတံဆိပ် နှင့် ကြေးတံဆိပ် အသီးသီး ချီးမြှင့်သည့်အပြင် ဆုတော်ငွေ အသပြာ၊ လယ်မြေ၊ ခိုင်းကျွဲနွား အသီးသီးကိုလည်း သတ်မှတ်ထားသည့် အတိုင်း ချီးမြှင့်လေ့ရှိသည်။  ပထမအဆင့်ကို ရွှေကျပ်သား ချီးမြင့်မြဲဖြစ်သည်။  အဆင့်အသီးသီးတွင်  ပထမဆု၊ ဒုတိယဆု၊ တတိယဆု အသီးသီး ရွေးချယ်ချီးမြှင့်သည်။ ဘောလီတို့သည် ပွဲကျင်းပရေးအဖွဲ့က ချီးမြှင့်သည့် ဆုတော်အပြင် မိမိကျေးရွာမှလည်းကောင်း ပွဲကြည့်ရန်ရောက်လာသော ပရိသတ်မှ လည်းကောင်း ဆုတော်များကို ရရှိကြသည်။ ဆုတော် ရွှေငွေပမာဏကို ပွဲကျင်းပရေးအဖွဲ့မှ ကြိုတင် ဆုံးဖြတ်ကာ ကြော်ငြာပေးရသည်။ 


❄ ထင်ပေါ်ကျော်ကြားသော ရိုဘောလီများ ❄



၁။ ဖော်တေအာလီ ဘောလီ (ကြိမ်ချောင်း)
၂။ မာဇုက်ဘော်လီ (ဖေရင်ဖူရူ/မင်္ဂလာကြီး)
၃။ နဒ္ဒိဟူဆောင်း ဘောလီ (ဖော်ခါလီ)
၎။ မာလာဒိုဘော်လီ (ငါးခူးရ)
၅။ ဟာဘီရောင့် ဘောလီ (ငါးစကြူး)
၆။ အော်ဆီရောန် ဘောလီ (ကာဓီရ်ဘီလ်)
၇။ ဟောဒူးဘောလီ (ညောင်ချောင်း)
၈။ ဟာကိမ်ဘောလီ (ဇင်ပိုင်ညာ)
၉။ ဝါဒုလောက်ဘောလီ (ဦးရှည့်ကျ)
၁၀။ ရှူနာအာလီ ဘောလီ (အလယ်သံကျော်)
၁၁။ မာတ်ဟူဆိန်းဘောလီ (အလယ်သံကျော်)
၁၂။ ဟာလူဘောလီ (စစ်တွေ)
၁၃။ ရှော်ရီဖ်ဘောလီ (ရာမ်ဘာဘီလ်)
၁၄။ ဒိလ်ဒါရ်ဘောလီ (တာမီ)
၁၅။ ဘာယောင်ဘောလီ (ဘူးသီးတောင်၊ ရပ်ကွက် ၁)
၁၆။ ရှော့ပ်ဗီရ်ဘောလီ (ခမောက်ဆိပ်)
၁၇။ ရှားလောမ်ဘောလီ (ဘူးသီးတောင်)
၁၈။ ဒေါ်လ္လာဘောလီ (ကွန်တိုင်)
၁၉။ အဒွလ်ကုရ် (ပန်းတော့ပြင်)

ထို့ကြောင့် တိမ်းပါးကွယ်လုနီးပါးဖြစ်နေသော ရိုဟင်ဂျာ ရိုးရာ အားကစားနည်းများကို ထိန်းသိမ်းစောင့်ရှောက်ကာ အမျိုးသားရေး တာဝန်ကို ကျေပွန်ကြပါစို့…။  
🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓

မှတ်ချက်။          ။ ဘောလီကားလား ဆောင်းပါးကို ရေးသားရာတွင် မြန်မာစာ အသုံးအနှုန်းကို မလွဲမချောရအောင် အောက်ပါ ကိုးကားချက်များကို မှီငြင်း ရေးသားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဘောလီကားလား အတွေ့အကြုံရှိသော သက်ကြီးပုဂ္ဂိုလ်များ၊ ကျွမ်းကျင်သူများကို လက်လှမ်းမီသလောက် ဆွေးနွေး၍ တိကျမှန်ကန်သော ရှေး ရိုဟင်ဂျာ ရိုးရာ ဘောလီကားလား ကစားနည်းကို ဖော်ထုတ်နိုင်အောင် ကြိုးစားခဲ့ခြင်းဖြစ်သည်။

ဤဆောင်းပါးရေးသားခဲ့ရာတွင် တစ်စုံတစ်ရာ လွဲမှားမှုများရှိပါက ကျနော် စာရေးသူ၏ အမှားသာဖြစ်သည်။ ဘောလီကားလားနှင့် ပတ်သတ် ၍ အသင်တို့၏ အသိဗဟုသုတကိုလည်း မျှဝေကြပါ။ ရိုဟင်ဂျာရိုးရာ ဓလေ့ထုံးစံ နှင့် ပတ်သတ်၍ တစ်စုံတစ်ရာ သိရှိပါက ဤ web page နှင့် ဆက်သွယ်၍ မျှဝေပါရန် အထူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ 

ရည်ညွှန်းချက်
၁။ အီလီယာစ် FB
၂။ ၁၉၇၉ ခုနှစ် ပြည်ထောင်စုနေ့တွင် ရခိုင်ပြည်နယ်မှ တင်ဆက်သော “ကျင်”ကကွက်စာတမ်း









No comments:

Post a Comment