ရှိသလား မရှိဘူးလား
(တဖက်က ရိုဟင်ဂျာဆိုသည်မှာ မြန်မာနိုင်ငံတွင် မည်သည့်အခါကမျှ မရှိကြောင်း၊ တဘက်မှ ခိုးဝင်လာသော ဘင်္ဂါလီများ ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင်းမှ မောင်းထုတ်ရမည်ဖြစ်ကြောင်း၊ တဘက်ကလည်း ရိုဟင်ဂျာဆိုသည်မှာ နိုင်ငံသားများ ဖြစ်ကြောင်း၊ ဘင်္ဂလီများ မဟုတ်ကြောင်း နှင့် ၂ ဘက်မကြေလည်မှုမှအစ တဖက်နှင့်တဖက် အခင်းဖြစ်ပွားကာ လူမှုပြသနာများနေ့စဉ်နှင့်အမျှ နားမဆန့်အောင် ကြားနေရပါသည်။ သို့သော်လည်း မကြားချင် မြင်လျှက်သားဆိုသလို မိုးလင်း၍ သတင်းဖတ်လိုက်သည် နှင့်တပြိုင်နက် မြင်တွေ့နေရပါသည်။ အပေါင်းအသင်းများနှင့် စကားပြောမိလျှင်လည်း ရိုဟင်ဂျာဆိုသည်မှာ နိုင်ငံခြားမှ ခိုးဝင်လာသူများ ဖြစ်ကြောင်း ကြားသိရပြန်၍ ရိုဟင်ဂျာအကြောင်းကို အမှန်တကယ် သိချင်မိခဲ့ပါသည်။ သို့သော်လည်း ကိုယ့်အရေးနှင့်ကိုယ်မို့ ထိုကိစ္စ မလေ့လာနိင်ခဲ့ပါ။
မနေ့တနေ့က မိမိပြုစုနေသော စာတမ်းအတွက် အွန်လိုင်းစာကြည့်တိုက်များသို့ ၀င်ရောက် ဖတ်ရှုရာမှ “Dr. Francis Buchnan, M.D” ရေးသားသော “မြန်မာအင်ပါယာအတွင်း ပြောဆိုသုံးနှုန်းသော ဘာသာစကားအချို့၏ ဝေါဟာရကို နှိုင်းယှဉ်လေ့လာခြင်း (A Comperative Vocabulary of Some of the Languages Spoken in the Burma Empire)”ဆိုသည့် စာတမ်းပါ ၁၇၉၉ ခုနှစ်က ပုံနှိပ်ထုပ်ဝေခဲ့သော သုတေသနစာအုပ်ကို အမေရိကန်နိုင်ငံ ဟားဗတ်ကောလိပ် စာကြည့်တိုက်တွင် အမှတ်မထင် တွေ့ခဲ့ပါသည်။ စာပေကို စိတ်ဝင်စားသူပီပီ မြန်မာနိုင်ငံ၏ ဘာသာစကားများ မည်သို့ရှိသည်ကို သိလိုစိတ်ဖြင့် ဖတ်ရှုမိရာမှ ရိုဟင်ဂျာနှင့် သက်ဆိုင်သော အချက်အလက်အချို့ကို တွေ့ရှိခဲ့ပါသည်။
ထိုစာအုပ်တွင် စာရေးဆရာမှ မြန်မာနိုင်ငံ၌ လူမျိုးစုများစွာ မှီတင်းနေထိုင်ကြောင်း၊ မြန်မာလူမျိုးတို့၏ အမူအယာ၊ အပြောအဆို၊ အနေအထိုင်များကို ကွက်ကွက်ကွင်းကွင်း ပေါ်လာစေရန် သရုပ်ဖေါ်ရေးသားထားပါသည်။ ထို့နောက် အနောက်တိုင်းသားများက ဘားမား၊ ဘားမန်း စသဖြင့်ခေါ်သော သူများက သူတို့ကိုသူတို့ (Myanmaw) မြန်မော ဟုခေါ်ကြောင်း၊ ပဲခူးသားတို့က မြန်မာကို ပုမ္မေ(Pummay) ဟု ၄င်း၊ ကရယား(Karaya) (ကယားဟုထင်ပါသည်) တို့က မြန်မာတို့အား ယိုး(ယော) (Yoo) ဟု၎င်း၊ ကူစေး(Cussay) (ကသဲဟုထင်ပါသည်) တို့က မြန်မာတို့အား အဝေါ(Awaw)၊စော( Shau)၊ ကမော (Kammau) (ကမန်ဟုထင်ပါသည်) ဟု၎င်း၊ ယူနန်တရုတ်တို့က မြန်မာတို့အား လောင်မီးန် (Laumeen)ဟု၎င်း၊ အိုင်ကိုဘတ် (Aykobat) တို့က အန်းဝ(Anwa) ဟု၎င်း ခေါ်ဆိုကြကြောင်း၊ အာရကန် များကို မြန်မောကြီး (Myammaw gyee) ဟု၎င်း၊ တနင်္သာရီသားတို့ကို မူ မြန်မာတို့က ထားဝယ်သား (Dawayza) နှင့် ဘိတ်သား(Byeitza) ဟု၎င်း ခေါ်ဆိုကြကြောင်း ရေးသားထားပါသည်။
တဖန် မြန်မာအင်ပါယာကြီး၏ ဝေါဟာရတွေလေ့လာရသည်မှာ သူ့အတွက် မလွယ်ကူလှကြောင်း၊ လူမျိုးတမျိုးနဲ့တမျိုး ဝေါဟာရ တစ်ခုနဲ့တစ်ခု နားလည်ရန် မလွယ်ကူကြောင်း၊ ဘာသာစကားများ တစ်ခုနှင့်တစ်ခု မတူကွဲပြားပုံကို သေချာစွာ သုတေသနလုပ် ပြုစုထားခဲ့ပါသည်။ ဘာသာစကားများအနေဖြင့် မြန်မာနိုင်ငံတွင်း အဓိက ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသော ဒေသသုံးစကား ၄ခုရှိကြောင်း၊ ၄င်းတို့မှာ မြန်မာ၊ အာရကန်၊ ယိုး နှင့် တနင်္သာရီ တို့ဖြစ်ကြောင်းဖေါ်ပြပြီး ထို မြန်မာ၊ ရခိုင်၊ တနင်္သာရီ နဲ့ယော စကားအသုံးအနှုန်းများကို အောက်ပါအတိုင်း နှိုင်းယှဉ်ဖေါ်ပြထားပါသည်။ထိုအထဲမှ အချို့မှာ-
English Myanmaw Yakain Tanayntharee Yo
Star Kyee Kyay Kay
Water Yae Ree Rae
Child Loogalay Looshee
Stand Ta Mateinay Mateenahay
Kill That Sot Asatu
တို့ဖြစ်ပါသည်။
ထို့နောက်တွင် (အောက်ပါတို့မှာ စာရေးဆရာ၏ မူလစာသားများအား မိမိအနေဖြင့် တတ်စွမ်းသမျှ ဘာသာပြန် တင်ပြပေးခြင်း ဖြစ်ပါသည်။)
“The proper natives of Arakan, call themselves Yakain which name is also commonly given to them by the Burmas. By the people of Pegu they are named Takain. By the Bangal Hindus, at least by such of them have been settled in Arakan, the country is called Rossawn. The Mohammedans settled at Arakan call the country Rovingaw, the Persians call it Rekan.”
အာရကန်ဒေသမှ အတည်တကျနေထိုင်သူများသည် မြန်မာများက ခြုံငုံ ခေါ်ဆိုသကဲ့သို့ပင် သူတို့ကိုယ်သူတို့ ရခိုင်ဟု ဆိုကြသည်။ ထိုသူများ ကို ပဲခူးသားများက တခိုင်ဟု၎င်း၊ အာရကန်ဒေသတွင်း အခြေတကျနေထိုင်လျက်ရှိသော ဘန်ဂေါလ် ဟိန္ဒူတို့က ရိုစောင် နိုင်ငံဟု၎င်း၊ အာရကန်ဒေသတွင်း အခြေတကျနေထိုင်ကြသော မွတ်စလင်တို့က ရိုဝင်ဂေါ နိုင်ငံဟု၎င်း၊ ပါရှန်တို့က ရကန် ဟု၎င်း ခေါ်ဆိုကြသည်။
“I shall now add three dialects, spoken in the Burma Empire, but evidently derived from the language of the Hindu nation.”
စာရေးသူအနေဖြင့် မြန်မာနိုင်ငံတော်ကြီးအတွင်းသုံးနှုန်းသော ဟိန္ဒူလူမျိုးများမှသက်ဆင်းလာသည်ဟုထင်ရှားမြင်သာသော ဒေသသုံးစကား ၃ မျိုး ကိုတင်ပြပါမည်။
“The first is that spoken by the Mohammedans, who have been long settled in Arakan, and who called themselves Rooinga, or natives of Arakan.”
ပထမဆုံး အာရကန်ဒေသတွင် ကြာမြင့်စွာအခြေတကျနေထိုင်လျက်ရှိသော၊ သူတို့ကိုယ်သူတို့ ရိုအင်ဂါ (သို့) ဌာနေအာရကန် ဟုခေါ်ဆိုသော မိုဟာမေဒင်များရဲ့ စကားကို တင်ပြပါမည်။
“The second dialect is that spoken by the Hindus of Arakan. They called themselves Rossawn.”
ဒုတိယအနေနဲ့ အာရကန်ဒေသနေ သူတို့ကိုယ်သူတို့ ရိုစောင်ဟုခေါ်သော ဟိန္ဒူနွယ်ဝင်များရဲ့ စကားကိုတင်ပြပါမည်။
“The last dialect of Hindustanee which I shall mention is that of a people called by the Burmas Aykobat, they called themselves Banga, many of whom are slaves at Amarapura. Formerly they had kings of their own, but their kingdom had been overturned by the king of Munnypura. Then was taken last by the Burmas and were brought to Ava. Banga was seven days journey south west from Munnypura; it must, therefore, be on the frontiers of Bengal, and may, perhaps, be the country called in our maps Cashar.”
နောက်ဆုံးအနေဖြင့် ဟိန္ဒူမှ ဆင်းသက်လာတဲ့စကားကတော့ မြန်မာများက အေကိုဘတ် ဟုခေါ်ပြီး သူတို့ကိုယ်သူတို့ ဘင်္ဂ ဟုခေါ်သည့် သူတို့၏စကားဖြစ်ပါသည်။ ထိုသူများမှာ တချိန်က ကိုယ့်မင်းကိုယ့်ချင်းနှင့်နေထိုင်ခဲ့ရာမှ ၄င်းတို့ကို မဏိပူရမှ သိမ်းပိုက်ခဲ့ပြီး ထိုမှတဆင့် မြန်မာတို့က သိမ်းပိုက်ကာ အင်းဝထိ ကျွန်အဖြစ်ခေါ်ဆောင်ခံလာရသူများဖြစ်ပါသည်။ ဘင်္ဂဒေသသည် မဏိပူရ၏အနောက်တောင်ဘက် တွင်ရှိပြီး (၇) ရက်ခရီးစာသာရှိသော၊ စာရေးသူ၏မြေပုံအရ ကချာဟုခေါ်သော ဘင်္ဂလားပြည်၏ အရှေ့ဘက်စွန်းဒေသဖြစ်ပါသည်။ ဟုရေးသားထားပါသည်။
ထို့ပြင် ရိုဟင်ဂါ၊ ရိုစောင် နဲ့ ဘင်္ဂ စကားအသုံးအနှုန်းများကို နှိုင်းယှဉ်ဖေါ်ပြထားပါသည်။ ထိုအထဲမှ အချို့မှာ-
English Rooinga Rossawn Banga
Sleep Layrow Needsara Hooleek
Sun Bel Sooja Bayllee
Moon Sawn Sundsa Satkan
တို့ဖြစ်ပါသည်။
မြန်မာနိုင်ငံတော်သည် တခေတ်တခါက ဒေသတွင်း၌ Mighty Empire အဖြစ် အလွန်ကျော်ကြားခဲ့ပါသည်။ ထိုသို့ကျော်ကြားခဲ့သော ကြောင့် အနောက်တိုင်း ပညာရှင်များပင် မြန်မာ့အင်ပါယာအကြောင်း တစေ့တစောင်း လာရောက်လေ့လာ ရေးသားပြုစုထားခဲ့ကြပါသည်။ အဆိုပါစာတမ်းကို ရေးသားပြုစုခဲ့သူသည်လည်း ထိုခေတ်ထိုအခါက မြန်မာနိုင်ငံသို့ကိုယ်တိုင် လာရောက်လေ့လာမှတ်တမ်းတင်ခဲ့ခြင်းဖြစ်ပါသည်။ သူ၏မှတ်တမ်းကို ၁၇၉၉ တွင်မှ စတင်၍ သုတေသနပြု ပုံနှိပ်ထုတ်ဝေခဲ့ပြီး ဟားဗတ်ကောလိပ် အပါအ၀င် ကမ္ဘာ့ နာမည်ကြီး တက္ကသိုလ်၊ ကောလိပ်များ၏ Library များတွင် တွေ့ရှိနိုင်ပါသည်။
၁၇၉၉ ခုနှစ်ကာလတွင် မြန်မာနိုင်ငံ၌ ကုန်းဘောင်မင်းဆက်ဖြစ်သော ဘိုးတော်ဘုရား (၁ရ၈၂-၁၈၁၉) မှ အမရပူရ နေပြည်တော်ကို ဗဟိုပြု မင်းလုပ် အုပ်ချုပ်နေသော တတိယမြန်မာအင်ပါယာ အချိန်ဖြစ်ပါသည်။ စာရေးဆရာ၏ ရေးသားချက် “the Mohammedans, who have been long settled in Arakan, and who called themselves Rooinga, or natives of Arakan.” အရပင် ရိုဟင်ဂျာသည် ၁ရ၉၉ (စာအုပ်ထုတ်ဝေသည့်နှစ်) မတိုင်မီကပင် အာရကန်ဒေသအတွင်း ကာလကြာမြင့်စွာ အခြေတကျ နေထိုင်လာသူများ ဖြစ်ကြောင်း၊ ထိုသူတို့မှာ ကိုယ်ပိုင်စကားပင်ရှိကြောင်း တွေ့ရှိရပါသည်။
ထို့ပြင် ထိုစဉ်အခါက မြန်မာအင်ပါယာသို့ လာရောက်ခဲ့ကြပြီး ဒတ်ခ်ျနှင့် ပြင်သစ်တို့ကလည်း ၄င်းတို့ဘာသာစကားဖြင့် ရခိုင်ဒေသတွင်နေထိုင်သူတို့အကြောင်း မှတ်တမ်းများ ပြုစုထားခဲ့သည်များကို ရှာဖွေတွေ့ရှိရပါသည်။
💻 -XXX
Credit - Internet