Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, September 24, 2019

ရှေးစကား ရွှေအလား [၄] | ရိုအမျိုးသမီးနှင့် နေထိုင်မှုဓလေ့



ရေးသား - လူထုဝဏ္ဏ|




“Maiya Fuwain Fañs Gírar Bútoré Táke.” 


ဤအဆိုကို “Maiya fuwain fañs fordar bútoré táke.” ဟုလည်း အချို့က ဆိုကြသည်။ ရှေးကျသော ဆိုရိုးကတော့ “Maiya fuwain fañs gírar bútoré táke.”ဟု တွေ့ရှိရပါသည်။ အာရ်ကာန်ပြည်တွင် ဂျမာတ် ဘာသာရေး အားထုတ်မှု အားတင်းလာချိန်တွင် အချို့ရိုတို့က Girá အစား Parda ကို ရှာရိယတ် အူရ်ဒူအဖွင့်ကျမ်း အသုံးအနှုန်းနှင့် သုံးစွဲလာကြသည်ဟု ယူဆရပါသည်။ ဒီနေရာတွင် ပရ်ဒါ နဲ့ ဂီရာ ဆိုလိုရင်းတူပါတယ်။ အကာအကွယ်လို့ အနက်ရပါသည်။ 




“စကားထဲက ဇာတိပြ” ဆိုသကဲ့သို့ သည်ဆိုရိုးကလည်း ရိုဟင်ဂျာ အမျိုးသမီးများကို ဘေးအန္တရာယ် အသီးသီးမှ ဘာသာရေး အဆုံးအမနှင့်အညီ မိမိတို့ နည်းစနစ်ဖြင့် ကာကွယ်စောင့်ရှောက်သည့် ရိုဟင်ဂျာတို့၏ မွန်မြတ်သော စိတ်ဓာတ်ကို ဖော်ပြသည့်အပြင် ရိုဟင်ဂျာလူမျိုးတို့၏ နေထိုင်မှု ဓလေ့ထုံးစံနှင့် အဆင့်အတန်းကိုလည်း ပေါ်လွင်ပေးနေပါ သည်။ ဆိုရိုး၏ အဓိကအပိုင်းက Maiya Fuwain (အမျိုးသမီးများ) နှင့်  Fáñs Gíra (အကာအကွယ် ငါးမျိုး) ဆက်နွယ်မှုကို ဖော်ပြပေးခြင်းဖြစ်ပါသည်။ ဤ အမျိုးသမီးနှင့် အကာငါးမျိုးကား စကားတိုလွန်းသော်လည်း အဓိပ္ပာယ်နက်ရှိုင်းလှပါသည်။ 


ရိုဟင်ဂျာလူမျိုးတို့၏ နေထိုင်မှုဓလေ့သည် ယဉ်ကျေး သိမ်မွေ့လှကြောင်း ရှေ့ကဆောင်းပါးများတွင်လည်း အထောက်အထား သာဓကနှင့်တကွ  ဖော်ပြခဲ့ပြီး ဖြစ်သည်။ ယခု ဤ ရှေးစကားကလည်း ရိုဟင်ဂျာတို့သည် ယဉ်ကျေး သိမ်မွေ့သော လူမျိုးဖြစ်ကြောင်း ဖော်ပြသည့် အထောက်အထား တစ်ခုဖြစ်ပါသည်။ ရိုဟင်ဂျာတို့၏ နေအိမ်ဆောက်သည့် ပုံစံက မည်သည့်လူမျိုးနှင့် မတူဘဲ တစ်မူထူးခြားလှသည်။ မြင်မြင်ချင်း ရိုဟင်ဂျာလူမျိုး၏ အိမ်ခြံဖြစ်ကြောင်း သိနိုင်ပါလိမ့်မည်။ အာရ်ကာန်ပြည်တွင် လူမျိုးနှစ်မျိုး ဒွန်တွဲနေထိုင်သော်လည်း အချို့ဓလေ့ထုံးစံတို့မှာ နီးစပ်ဆက်နွယ်မှုရှိသော်လည်း၊ အချို့မှာမူ သိသိသာသာ ခွဲပြားခြားနားပါသည်။ 



ရိုဟင်ဂျာတို့သည် မိမိတို့နေထိုင်သောအိမ်ကို ယာယီတဲသဖွယ် စည်းမဲ့ကမ်းမဲ့ တည်ဆောက်သည် မဟုတ်၊ လူနေအိမ်ဟု ခေါ်လောက်သော အင်္ဂါရပ်ပြည့်စုံအောင် သေသေသပ်သပ် ဆောက်လုပ်ပြီး အိမ်ခြံကိုလည်း အမျိုးမျိုးသော အကာအကွယ်ဖြင့် ပတ်ပတ်လည် ဝန်းရံစည်းခတ်ကြသည်။ ထိုအကာအကွယ်တို့မှာ- 

(၁) Zóli ခေါ် အပြင်ခြံစည်းရိုး၊
(၂) Olíbólir gírá ခေါ် မုခ်တံခါးကာ (အိမ်ခြံတစ်ခုလုံး အတွင်းမှ ကာသည်မဟုတ်၊ အပြင်မှ ဝင်လာသော လူသည် ဝင်ဝင်ချင်း အတွင်း၌ ရှိသော လူကို တိုက်ရိုက် မမြင်ရအောင် မုခ်တံခါး (Gáñçá) နောက်မှာ အကာအကွယ် တစ်မျိုးဖြစ်သည်။)
(၃) Añttúa gíra (အမည်ကွဲရှိသည်) ခေါ် အိမ်နောက်ဖေးကို ကာရံထားသော အကာ ဖြစ်သည်။


ဤသို့ အင်္ဂါရပ် သုံးခုနှင့် ရိုဟင်ဂျာတို့၏ အိမ်ခြံများကို  စနစ်တကျ ခြံစည်းရိုးခတ်လေ့ရှိသည်။ Zoli အပြင်အကာမှာ ကျွဲ၊ နွား တိရစ္ဆာန်တို့၏ နှောက်ယှက်မှု၊ မကောင်းစိတ်ရှင်တို့၏ နှောက်ယှက်မှုမှ ကာကွယ်ရန်ဖြစ်သည်။ Olibolir Girá သည် အပြင်လူများ အိမ်ခြံထဲသို့ ဝင်သောအခါ ဝင်ဝင်ချင်း အထဲရှိလူများကို တိုက်ရိုက်မမြင်ရအောင် ဂိတ်ဝ နှင့် မနီးမဝေးတွင် ကန့်လန်ဖြတ် ကာထားသော အကာအပိုင်းအစဖြစ်သည်။ အိမ်နောက်ဖေးသည်  အိမ်တွင်းမှုကို အများအားဖြင့် လုပ်ကိုင်သည့် အမျိုးသမီးများ အလုပ်လုပ်ရာ နေရာဖြစ်သည်။ အိမ်ခြံအတွင်း မြေကွက်လပ်တွင် သီးနှံများစိုက်ပျိုးခြင်း၊ အဝတ်လျှော်ဖွတ်၊ ဆန်ထောင်း စသော အလုပ်များကို လုပ်ဆောင်လေ့ရှိသော နေရာဖြစ်ပေသည်။ ထို့ကြောင့် အမျိုးသမီးများအား အနှောင့်အယှက်ကင်း၍ လွှတ်လွှတ်လပ်လပ် လုပ်ဆောင်နိုင်ရန် ကာခြင်းဖြစ်ပေသည်။ အမျိုးသမီးများသည် ဤသို့သော် အကာအကွယ်အတွင်း နေထိုင်သည့်အပြင် အိမ်နံရံ နှင့် မိမိတို့၏ ယဉ်ကျေးသိမ့်မွေ့သော အဝတ်အစား အဆင်အယင် တန်ဆာ ကလည်း အကာအကွယ် တစ်ခုဖြစ်ပေသည်။ ဤသို့သော် အကာကွယ်နှင့် စောင့်ရှောက်ထားခြင်းကား ရိုတို့သည် အမျိုးသမီးများကို တန်းတူညီတူ ဆက်ဆံသည်သာ မဟုတ်ဘဲ အမျိုးသားများထက်ပင် ပို၍ အလေးထား ဂရုစိုက် အခွင့်အရေးပေးနေဟန် ထင်ရှားနေပေသည်။ အချုပ်အားဖြင့်  အဆို၌ပါရှိသော Fañs Gíra (အကာ ငါးခု) မှာ-

၁။ Zóli 
၂။ Olíbólir gírá 
၃။ Añttúa gíra 
၎။ Góror berá 
၅။ Gaar hoor တို့ဖြစ်ကြပါသည်။ 

[Read Also: ဘာသာတရားအသီးသီးမှ ဟိဂျာပ်အကြောင်း]


ဤသို့အကာအကွယ် ငါးခုထဲတွင် နေသည့် အဖိုးတန်ဆုံး မွန်မြတ်သော ရိုအမျိုးသမီးများ၏ နေထိုင်မှုစနစ်၊ ယဉ်ကျေးမှု ဓလေ့ထုံးစံနှင့် ရင်းနှီးမှုမရှိသော အချို့လူတို့က အထင်မှား၍ “အလို! ရိုအမျိုးသမီးများကို အကာငါးခု ခတ်၍ သိမ်းထားခံရ သည်။ အိမ်တွင်းပုန်းသည်၊ အမျိုးသမီး အခွင့်အရေးကို  ပိတ်ပင်သည် စသည်ဖြင့် ကိုယ်တွေးထင်ရာ ဝေဖန်ကြလေ သည်။  စင်စစ်သော်ကား အကာ ငါးခုကို အထစ်ထစ် ပတ်ပတ်လည် စည်းခတ်သည့်မဟုတ်ပါ။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ခြံစည်းရိုးတစ်ခုတည်းထဲတွင် အင်္ဂါရပ် သုံးခု ပါဝင်ခြင်းသာဖြစ်သည်။ ထိုခြံစည်းရိုးရှိ အိမ်ထဲတွင် မိသားစုဝင် အမျိုးသားများလည်း နေထိုင်ကြသည် မဟုတ်ပါလော။ ဤခြံစည်းရိုးသည် ရိုတို့၏ အိမ်ဝင်းခတ်သည် ပုံစံတစ်ခုသာဖြစ်သည်။  အမျိုးသမီးများကို အိမ်အပြင်ထွက်ခြင်း ပိတ်ပင်သည်လည်း အလျှင်းမဟုတ်ပါ။ အခွင့်အရေးများ ပိတ်ပင်တားဆီးသည်လည်း  မဟုတ်ချေ။  အိမ်အပြင် ထွက်လိုကား ထွက်နိုင်ပါသည်။ အလုပ်အကိုင် လုပ်လိုကား လုပ်နိုင်သည်။ သို့သော် အမျိုးသမီးအိနြေ္ဒတန်ဆာဖြစ်သော ပါရ်ဒါဟ် အကာအကွယ်နှင့် အပြင်ထွက်ရန်သာ ဖြစ်သည်။ အခြားယောက်ျားများက ဆွဲဆောင်ဖွယ်ဖြစ်သော အဝတ်အစား ဝတ်ဆင်ခြင်းမှ ရှောင်ကြဉ်ရန်သာဖြစ်သည်။ ရိုဟင်ဂျာ အမျိုးသမီးများသည် အမျိုးသားများနှင့် အတူ လယ်လုပ်၊ ယာခုတ်၊ ဆန်စပါး ထောင်း၊ ဗိုင်းငင် စသည့် အလုပ်အနုကြမ်းများမှာပင် တန်းတူညီတူ အလုပ်ခွင်သို့ ပါဝင်ကူညီကြသည်ကို အာရ်ကာရ်ပြည်တစ်ခွင်တွင် တွေ့မြင်ရမည်ဖြစ်သည်။ အကယ်၍ အမျိုးသမီးများကို အပြင်ထွက်ခြင်းပိတ်ပင်သော် ဤအလုပ်မျိုးကို မည်သို့ လုပ်နေသနည်း။ စဉ်းစားကြည့်ပါလော။ 



ကာမအာရုံသည် မနုဿနှင့် မကင်းဖြစ်သည်။ ထိုကာမအာရုံသည် ကျူးလွန်ခြင်းသည် ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်သည်။ ကာမအာရုံကို လှုံ့ဆော်ပေးသော အမြင်၊ အသံ၊ အနံ့၊ အတွေ့၊ အရသာ တို့ကို အိနြေ္ဒရှိရှိ စောင့်ထိန်းရပါမည်။ ဤပဉ္စအိနြေ္ဒကို စောင့်ထိန်းခြင်းသည် ကျက်သရေဆောင် အမျိုးသမီး၏ တာဝန်ဖြစ်ပေသည်။ ဘာသာတရား တိုင်းတွင်လည်း အမျိုးသမီးများကို ထိုသို့ အိနြေ္ဒရှိစွာ သွားလာနေထိုင်ရန် ဆုံးမထားသည်ကို တွေ့ရှိနိုင်သည်။ 



ထို့ကြောင့်သာ ရိုအမျိုးသမီးများ အပြင်ထွက်သောအခါ ဘိုရ်ခါ ဝတ်ရုံခြုံကာ မျက်လွှာ အောက်ချ သွားကြပါသည်။  ပြင်းပြသော မွှေးနံ့သာ လိမ်းခြင်း၊ ပါးလွှာသော အဝတ်အထည် ဝတ်ဆင်ခြင်း၊ အမျိုးသားများနှင့် ရောနှောနေထိုင်ခြင်း၊ အမျိုးသားများနှင့် မလိုအပ်ဘဲ နောက်တီးနောက်တောက် စကားပြောဆိုခြင်းတို့မှ ရှောင်ကြဉ်ကြသည်။ ရိုယဉ်ကျေးမှုအရ ဘာသာရေးလမ်းညွှန်ချက်နှင့်အညီ နေထိုင်ခြင်းဖြစ်ပေသည်။ အိမ်တွင်းအများအားဖြင့် နေထိုင်ရခြင်းသည်လည်း ရိုဟင်ဂျာ လူမျိုးသည် Male Dominion အိမ်ထောင်ရေးကို ကျင့်သုံးပါသည်။ မြန်မာလူမျိုးတွင် Female Dominion အိမ်ထောင်ရေး ဖြစ်၍ အမျိုးသမီးများက အိမ်ထောင်ရေးကို ကြီးကြပ်ကြသည်။ သို့ဖြစ်ပါ၍ ရိုဟင်ဂျာ အမျိုးသမီးများသည် အိမ်တွင်းရေး တာဝန်များကို ကြီးကြပ်ရပြီး အမျိုးသားများမှာ အပြင်လောက လုပ်ငန်းများကို တာဝန်ယူရသည်။ ရုံးအလုပ်ကို တာဝန်ယူရသည့်လူသည် အများအားဖြင့် ရုံးထဲတွင် နေရမည်ဖြစ်ပါသည်။ ထိုနည်းတူ အိမ်တွင်းမှုကို ကြီးကြပ်ရသည့် သူသည် အိမ်တွင်း၌ အချိန်အများအပြား ကုန်ဆုံးမည်မှာ ထူးခြားစရာ မဟုတ်ပါ။ 



 ဤသို့ အိနြေ္ဒရှိရှိ ဝတ်ဆင်ခြင်းသည် မိမိကို အခြားတစ်စုံတစ်ယောက်၏ အန္တရာယ်ပြုခြင်းမှ ကာကွယ်သည့် အပြင် အခြားယောက်ျား တစ်စုံတစ်ယာက်ကိုလည်း ကာမအာရုံ လှုံဆော်ပေး၍ မကောင်းမှုဖြစ်စေခြင်းမှ  ကယ်ဆယ်လိုက်ခြင်းပင် ဖြစ်လေသည်။ မည်သည့် ဘာဘာဖြစ်စေ၊ မည်သည့် လူမျိုးဖြစ်စေ  သည်ကာမဂုဏ် ငါးရပ်ကို ထိထိရောက်ရောက် မထိန်းစောင့်လျှင် ယနေ့ကမ္ဘာတွင် ဖြစ်ပျက်လျက်ရှိသော မုဒိမ်းမှု၊ လိင်လုပ်ငန်း၊ အမျိုးသမီးဘဝများကို ဖျက်ဆီးမှု၊ အိမ်ထောင်ရေး မတည်ငြိမ်မှု စသော လူမူအသိုင်းအဝိုင်းများ ပျက်စီးစေတတ်သော ဒုစရိုက်များကို တားဆီးနိုင်မည်မဟုတ်ပါ။ ယဉ်ကျေး လိမ္မာသော လူသားသည် တိရစ္ဆာန်ထက်တောင် ရိုင်းစိုင်းသွားပါလိမ့်မည်။ 


ဤသို့လျှင် အမျိုးဂုဏ် ကျက်သရေဆောင်သော ရိုအမျိုးသမီးများ၏ နေထိုင်မှု ဓလေ့ထုံးစံသည် လူ့အခွင့်အရေးကို ပိတ်ပင်သည်မဟုတ်ဘဲ ယဉ်ကျေးသော လူ့အဖွဲ့အစည်းကို ဖော်ဆောင်နေခြင်းပင် ဖြစ်ပေသတည်း။ 



No comments:

Post a Comment