![]() |
ပုံ (၁) အင်းဒင်ရွာသား ၁၀ ယောက်ကို ဖမ်းဆီးပြီးညနေခင်းက ရခိုင်ရွာလမ်းကြားမှာ ဒူးထောက် ရိုက်ထားတဲ့ဓါတ်ပုံ။ |
အင်းဒင်အစုလိုက်သတ်ဖြတ်ပွဲ (၂၀၁၇ စက်တင်ဘာလ ၂ ရက်)
၂၀၁၇ ခု သြဂုတ်လ ၂၅ ရက် နောက်ပိုင်း မောင်တောမြို့နယ် တစ်ခုလုံးတွင် နယ်မြေရှင်းလင်းရေး ခေါင်းစဥ်ဖြင့် စစ်တပ်နှင့် အစွန်းရောက်ပူးပေါင်းအဖွဲ့တို့က အုပ်စုလိုက်သတ်ဖြတ်မှုများ၊ ရွာတန်းလိုက် မီးရှို့မှုများနှင့် အဖွဲ့လိုက် မုဒိမ်းမှုများကို ရက်ရက်စက်စက် ကျူးလွန်ခဲ့သည်ကို အားလုံးအသိဖြစ်သည်။
နယ်မြေရှင်းလင်းရေးကလည်း မြက်ပင်မကျန်၊ ကျူငုတ်မကျန် သတ်ဖြတ်မီးရှို့ရှင်းလင်းခဲ့သည့် အလွန်ကြောက်စရာကောင်းသည့် လူသတ်ပွဲကြီးဖြစ်သည်။ ရိုင်းကားကား ဟောလီဝုတ်ရုပ်ရှင် ကြည့်ရှုသလိုပင်ဖြစ်သည်။ ထိုနယ်မြေရှင်းလင်းသည့်အဖွဲ့ထဲတွင် စစ်တပ်၊ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်တပ်ဖွဲ့နှင့် အစွန်းရောက် ရခိုင်နတလအုပ်စု စသည်တို့ ပါဝင်သည်။ သေနတ်၊ လက်နက်ခဲယဥ်းအပြည့်နှင့် အစွန်းရောက်သမားလက်ထဲမှာ ဓါးလှံအစုံကိုင်ဆောင်လျက် တစ်ရွာပြီးတစ်ရွာပြီး ရှင်းလင်းခဲ့သည်။ တွေ့သမျှ ရွာသူရွာသားတွေကို အပြစ်ရှိရှိမရှိရှိ မစိစစ်ဘဲ ကြင်နာမဲ့ သတ်ဖြတ်ခဲ့သည်။ အသက်ကယ်ထွက်ပြေးနေသည့်လူများကို သေနတ်နှင့် ပစ်သတ်၊ အမျိုးသမီးများကို မုဒိမ်းကျင့်၊ ရွာထဲမိသောလူကို ခုတ်ဖြတ်သတ်ခဲ့သည်။ ပြီးနောက် ရွာသားများအားလုံး ရွာမှ ထွက်ပြေးသွားသောအခါ ရွာမှာရှိသမျှ အိမ်အားလုံးမှ အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားကာ နောက်ဆုံးတွင် ရွာကို မီးရှို့ပစ်ခဲ့သည်။ အစွန်းရောက်သမားများအတွက် ပွဲကျသလို ဒိုင်နာကားကြီးများနှင့် သူထက်ငါသာ တစ်ရွာပြီးတစ်ရွာ လုယက်ပျက်စီးမီးရှို့ခဲ့သည်။
ထိုနယ်မြေရှင်းပွဲ၏ အုပ်လိုက်စုလိုက် သတ်ဖြတ်ပွဲများအနက် တစ်ခုကို ဤဆောင်းပါးတွင် ဖော်ပြသွားမည်ဖြစ်သည်။ ထိုအုပ်လိုက်စုလိုက် သတ်ဖြတ်မှုက အင်းဒင်လူသတ်ပွဲပင် ဖြစ်သည်။
အင်းဒင်ကျေးရွာစုသည် မောင်တောတောင်းပိုင်းအစွန်းတွင် တည်ရှိ၍ အင်းဒင်ရိုဟင်ဂျာရွာ၊ အင်းဒင်ရခိုင်ရွာ၊ ပဲရုံနတလရွာ တို့နှင့်ဖွဲ့စည်းထားသည်။ လူဦးရေ ၆၀၀၀ ခန့်ရှိသည်။ ၂၀၁၇ ခု သြဂုတ်လ ၃၀ ရက်နေ့တွင် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့များသည် ရခိုင်ရွာနှင့် နတလရွာရှိ ရွာသားများနှင့် တွေ့ဆုံကာ နယ်မြေရှင်းလင်းပွဲတွင် ပူးပေါင်းပါဝင်ရန်၊ ဤဒေသတွင် အေးအေးချမ်းချမ်း နေထိုင်ဖို့ငြား ကုလားကိုမောင်းထုတ်ရန် လိုအပ်ကြောင်း၊ မည်သို့မည်ပုံ စစ်ဆင်ရမည်ဖြစ်ကြောင်း စသည်ဖြင့် အသေးစိတ်ဟောပြောကာ ဘီးလူးစိတ် မြင့်တင်ပေးခဲ့သည်။ အရံတပ်ဖွဲ့များ ဖွဲ့စည်းပေးခဲ့သည်။ အင်းဒင် စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည်မှာ ခမရ ၃၃၊ အမှတ် ၈ ပြည်သူ့စစ်တပ်ဖွဲ့နှင့် အစွန်းရောက်ရခိုင်နတလတို့ ဖြစ်ကြသည်။
ထို့နောက် ညနေပိုင်းတွင် ရိုဟင်ဂျာရွာများကို ဝန်းရံပိတ်ဆို့ကာ နယ်မြေရှင်းလင်းရေး ခေါ် လူသတ်ပွဲကြီး စတင်ခဲ့သည်။ လုံခြူံရေးတပ်ဖွဲ့အချို့က ရွာကို အဘက်ဘက်မှ ဝန်းရံထား၍ သေနတ်များ မိုးခြိမ့်နေသကဲ့သို့ ဗရမ်းဗတားဖောက်လျက်သည်။ ရခိုင်သား၊ နတလ နှင့် တခြားလုံခြုံရေးတပ်အချို့မှာ ရွာထဲကိုဝင်၍ တွေ့သမျှလူကို ဆွဲထုတ်ဖမ်းဆီး သတ်ဖြတ်ခဲ့သည်။ ရွာသားများက ကြောက်လန့်၍ ရရာပေါက်လမ်းမှ အသက်ကယ်ထွက်ပြေးခဲ့ရသည်။ သေတဲ့လူကသေ၊ ပြေးတဲ့လူကပြေး တစ်ဦးကိုတစ်ဦးလှည့်မကြည့်နိုင်သည့် အခြေအနေပင်တည်း။
ရွာသားများသည် ရွာကထွက်ပြေး၍ နီးစပ်ရာ ကမ်းခြေတွင် စုပုံလျက်ရှိနေသည်။ တစ်ချို့က ပင်လယ်ကိုကူး၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံရန် ပြင်ဆင်နေကြသည်။ အမှတ် (၈) လုံခြုံရေးပူးပေါင်းအဖွဲ့က ရွာကိုလည်း မီးရှို့ဖျက်ဆီးလိုက်တော့ ရွာပြန်စရာအိမ် မရှိတော့ချေ။ စက်တင်ဘာလ ၁ ရက်နေ့တွင် လုံခြုံရေးပူးပေါင်းအဖွဲ့သည် ကမ်းခြေဘက်တွင် ဟိုတစ်စု ဒီတစ်စု စုပုံနေသော ကိုးရာမဲ့ ရွာသူရွာသားများကို ဝန်းရံပစ်ခတ်ခဲ့သည်။ လူအချို့ ဒဏ်ရာရခဲ့သည်။ အနောက်ဘက်တွင် ပင်လယ်ကြီး၊ အရှေ့ဘက်မှာ လူသတ်ဘီလူးရိုင်းများက ပိတ်ဆို့ထားသဖြင့် ထွက်ပြေးစရာ လမ်းမရှိချေ။ လုံခြုံရေးပူးပေါင်းတပ်ဖွဲ့က လူအုပ်ထဲမှ အမျိုးသမီး၊ အမျိုးသား လူ ၅၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထိုလူထဲမှ လူ ၁၀ ယောက်ကို တစ်ဖန် ခွဲထုတ်ကာ စာသင်ကျောင်းတစ်ဆောင်တွင် ချုပ်နှောင်ထားခဲ့သည်။
![]() |
ပုံ(၂) အင်းဒင်ရွာသား ၁၀ ယောက်ကို ပဲရုံသင်္ချိုင်းကို ခေါ်သွားပြီး။ |
အဆိုပါ အင်းဒင်ရွာသား ၁၀ ဦးက ငါးဖမ်းသမားများ၊ ငါးရောင်းသူများ၊ စတိုးဆိုင်ရှင်များ၊ ကျောင်းသားများဖြစ်ကြပြီး အစ္စလာမ်ဘာသာရေး ဗလီဆရာတစ်ယောက်လည်း ပါဝင်သည်။ ညအချိန် ဦးတည်ဘက်မဲ့ ရွာမှ ထွက်ပြေးလာရသဖြင့် သူတို့အချို့မှာ အဝတ်အစားတောင် လုံလုံခြုံခြုံ မရှိခဲ့ချေ။ လုံခြုံရေးတပ်ဖွဲ့ဝင်များက သူတို့ကို အဝတ်အစားအချို့လည်း ပေးခဲ့သည်။ ညစာလည်း ကျွေးခဲ့သည်ဟု သက်သေထွက်ဆိုသူအချို့က ဆိုသည်။
စက်တင်ဘာလ ၂ ရက် နံနက် ၈ နာရီခန့်တွင် သူတို့ကို လုံခြုံရေးပူးပေါင်းအဖွဲ့က အင်းဒင်ကျေးရွာ ပဲရုံသုသာန်သို့ ခေါ်ဆောင်သွားခဲ့သည်။ လုံခြုံရေးနောက်တွင် အင်းဒင်ရခိုင်သား အေးထွန်း ဦးဆောင်သော ရခိုင်နှင့် နတလ အစွန်းရောက်အုပ်စုတစ်စုလည်း ဓါး၊ တုတ်၊ လှံ ကိုင်ဆောင်ကာ လိုက်ပါသွားသည်။ ပဲရုံသုသာန်အနီး တောင်ကုန်းနှစ်ခုကြား လျှိုအတွင်း သူတို့ကို ကျင်းတစ်ခုတူးခဲ့စေသည်။ ကျင်းတူး၍ပြီးစီးစဥ် တပ်မတော်သားတွေက အစွန်းရောက်ရခိုင်သားအချို့ကို ခေါ်ကာ ကျင်းထဲဆင်းလျက်ရှိသော လူတို့ကို တိုက်ခိုက်ခိုင်းလေသည်။ သတ်ဖြတ်ခိုင်းခဲ့ရာမှာ ပထမဦးဆုံး အစ္စလာမ်ဘာသာရေးဆရာ အဗ္ဗဒုလ်မာလိက်၏ ခေါင်းကို ရခိုင်သားတစ်ယောက်က ခုတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။ စိတ်ကျေနပ်အောင် ရက်ရက်စက်စက် တိုက်ခိုက်ပြီးနောက် လုံခြုံရေးသမားများက သေနတ်ပစ် သတ်ဖြတ်ခဲ့လေသည်။
သတ်ဖြတ်ခံရသူ အင်းဒင်ရွာသား ၁၀ ဦးမှာ -
၁) အာဘူလု (၁၇ နှစ်)(ဆယ်တန်းကျောင်းသား)
၂) ရော်ရှိတ်အမတ် (၁၈ နှစ်) ဆယ်တန်းကျောင်းသား
၃) အာဘုလ်ဟာရှိမ် (25) ဆိုင်သည်
၄) နူရ်မိုဟာမတ် (၂၉) လယ်သမား၊ ငါးဖမ်းသမား
၅) အဗ္ဗဒုလ်မာလိက် (၃၀) ဗလီဆရာ
၆) ဒိလ်မိုဟာမတ် (၃၅) ငါးဖမ်းသမား
၇) ချိုကောတ်အုလ္လာ (၃၅) ငါးဖမ်းသမား
၈) ဟာဖီဇူ (၄၀) လယ်သမား၊ ငါးဖမ်းသမား
၉) အဗ္ဗဒုလ်မာဂျိတ် (၄၅) ကုန်စိမ်းဆိုင်သည်
၁၀) ရှားကဲရ်အမတ် (၄၅) ငါးဖမ်းသမား
တို့ဖြစ်ကြသည်။
![]() |
ပုံ() ဒီဇင်ဘာလ ၁၉ ရက် နေ့လည်တွင် ပဲရုံသင်္ချိုင်းကုန်းမှ ထူးဖော်ရရှိသည့် အရိုးစုများ။ |
ဤသို့ဖြင့် မျိုးညံမျိုးယုတ်လက်ချကြောင့် အပြစ်မဲ့ ပြည်သူ ဆယ်ဦး ရက်ရက်စက်စက် မတရားအသတ်ခံခဲ့ရလေသည်။ အကယ်၍မျှ ထိုလူတို့မှာ အပြစ်ရှိသည်ဆိုပါစို့ ထိုလူတို့ကို ရဲစခန်းသို့ အပ်ရမည်မဟုတ်လော။ တရားဥပဒေအတိုင်း စီရင်ရမည်မဟုတ်လော။
![]() |
ပုံ() ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦး။ |
ဤမူခင်းကို ရိုက်တာ သတင်းထောက် ကိုဝလုံး ခေါ် ကိုသက်ဦးမောင်နှင့် ကိုကျော်စိုးဦးတို့က သက်သေအထောက်အထားဓာတ်ပုံနှင့်တကွ ဖော်ထုတ်ရာမှ သတင်းမှန်ကို ဖုံးကွယ်လို့မရဘဲ နိုင်ငံတကာအထိ သတင်းပြန့်နှံ့သွားခဲ့သည်။ နိုင်ငံတကာက လူသားမျိုးနွယ်စုအပေါ် ကြောက်မက်ဖွယ်ကျူးလွန်မှုတစ်ခုဟု လက်ညှိုးထိုး စောင့်ကြည့်လာသောအခါ တပ်မတော်နှင့် စုကြည်အစိုးရက သတင်းထောက်နှစ်ဦးကို နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်မှုနဲ့ လိမ်လည်အမှုဆောင်ကာ ၂၀၁၇ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၂၀၁၈ ခု စက်တင်ဘာ ၃ ရက်နေ့က သူတို့ကို အကြောင်းမဲ့ ထောင်ဒဏ် ၇ နှစ် စီ ချမှတ်လိုက်သည်။ ၂၀၁၉ မေလ ၇ ရက်တွင် သမ္မတဝင်းမြင့်၏ လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်မြောက်လာခဲ့သည်။
ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် တပ်မတော်က ဗိုလ်ချုပ်ကြီး ဦးအေးဝင်း ဦးဆောင်သော ဟန်ပြစုံစမ်းရေး ကော်မရှင်အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့သည်။ ၂၀၁၈ ခု ဇန်နဝါရီလ ၁၀ ရက်တွင် အင်းဒင်လူသတ်မှုကို လုံခြုံရေးအဖွဲ့နှင့် ဒေသခံ ရခိုင်နှင့်နတလတို့က ပူးပေါင်း သတ်ဖြတ်ခဲ့ကြောင်း၊ ပျောက်ဆုံးနေတဲ့ ဦးမောင်နီ၏ လက်စားချေခဲ့ကြောင်း၊ ထို အင်းဒင်ရွာသား ၁၀ ယောက်သည် အကြမ်းဖက်သမားများနှင့် အဆက်အသွယ်ရှိကြောင်း၊ ပြစ်မှုကျူးလွန်သူကို အရေးယူမည်ဖြစ် ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ကာ နိုင်ငံတကာကို ဗန်းပြရန် ကြိုးပမ်းခဲ့သည်။ ထူးခြားချက်က ရခိုင်ပြည်နယ်တွင် အပြစ်မဲ့ပြည်သူများကို စစ်တပ်က အစုလိုက်သတ်ဖြတ်ခဲ့သည်ကို တပ်မတော်ကိုယ်တိုင် ဝန်ခံခဲ့သည့် ပထမဆုံးအခင်း ဖြစ်သည်။
၂၀၁၈ ဧပြီလတွင် အင်းဒင်အစုလိုက်သတ်ဖြတ်မှု ကျူးလွန်ရာမှာ ပူးပေါင်းပါဝင်ခဲ့သည့် တပ်မတော် အရာရှိနဲ့ စစ်သည် ၇ ဦးတို့ကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သော်လည်း တစ်နှစ်မပြည့်မီ ထောင်ကနေ လွှတ်သွားပြီဟု အကျဥ်းဦးစီး ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဆွေက သတင်းစာရှင်းလင်းခဲ့သည်။
အင်းဒင်အစုလိုက်သတ်ဖြတ်မှုတွင် အပြစ်မဲ့ ရွာသား ၁၀ ၏ ကြောက်မက်ဖွယ် သတ်ဖြတ်မှုသာကို ရိုက်တာသတင်းထောက်၏ အကူအညီဖြင့် ဖော်ထုတ်နိုင်ခဲ့သော်လည်း လုံခြုံရေးလူသတ်သမား၏ ဓါးစာခံဖြစ်ခဲ့သည့် အခြား ရွာသား ၅၀ ခန့် မတရားသတ်ဖြတ်ခံရသည်ကိုကား ဘယ်မီဒီယာကမှ ပြောဆိုရေးသားခြင်း မရှိချေ။
— လူထုဝဏ္ဏ
(ဇန္နဝါရီ ၁၂၊ ၂၀၂၀)
ကိုးကား
၁) ဘီဘီစီ| ရိုက်တာ သတင်းထောက်တွေ ဖော်ထုတ်ခဲ့တဲ့ အင်းဒင်သတ်ဖြတ်မှု (၅ စက်တင်ဘာ ၂၀၁၈)
၂) ဘီဘီစီ| အင်းဒင်ရွာ လူသတ်မှု - ထောင် ၁ နှစ် မပြည့်ခင်ကို တပ်မတော်သားတွေ စောလွတ်ခဲ့ (၂၇ မေ ၂၀၁၉)