Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, June 21, 2024

ကြိမ်ချောင်း တိုက်နယ်စာတိုက်မှူး ဦးချစ်သိန်း (၁၉၆၆-၂၀၂၄) ကွယ်လွန်

မောင်တောမြောက်ပိုင်း ကြိမ်ချောင်း တိုက်နယ်စာတိုက်မှူး ဦးချစ်သိန်း (၁၉၆၆-၂၀၂၄)ကွယ်လွန်

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း ကြိမ်ချောင်း တိုက်နယ်စာတိုက်တွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သော စာတိုက်မှူး ဦးချစ်သိန်းသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက် ည ၃း၃၀ နာရီခန့်တွင် ဒုက္ခသည်စခန်း၌ ကွယ်လွန်သွားကြောင်း သိရှိရသည်။ 

စာတိုက်မှူး ဦးချစ်သိန်း(ခ) ဖောဇလုလ်အဟ်မတ်သည် စံပ္ပာယ်ကုံးကျေးရွာ ဇာတိ ဦးအာရောဖ်သျှောင်ဒရီ၏ ဒုတိယမြောက်သား ဖြစ်သည်။ မကြာမီက ကွယ်လွန်သွားခဲ့သော ဆရာဦးမောင်ဖြူ၏ အစ်ကိုရင်းလည်းဖြစ်သည်။ ယခင်က စစ်တွေ ပြည်နယ်စာတိုက်မှူးဟောင်း၏ သမက်လည်းဖြစ်သည်။ 

၂၀၁၇ တွင် အကြမ်းဖက်စစ်တပ်နှင့် အစွန်းရောက်မျိုးချစ်အဖွဲ့တို့၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် နေရပ်စွန့်ခွာပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှတွင် ထွက်ပြေး ခိုလှုံခဲ့ခြင်းဖြစ်သည်။ အမိမြန်မာပြည်သို့ အိမ်ပြန်လာခွင့်မရဘဲ ဒုက္ခသည်စခန်း၌ ကွယ်လွန်သွားရှာသည်။ 

စာတိုက်မှူး ဦးချစ်သိန်းသည် နှစ်ပေါင်း ၃၀ နီးပါး အစိုးရတာဝန်ထမ်းဆောင်ကာ တိုင်းပြည်နှင့်ပြည်သူအကျိုးကို ရိုသားဖြောင့်မတ်စွာ ဆောင်ရွက်ခဲ့သည်။

စာတိုက်မှူးကွယ်လွန်သည့်အချိန်တွင် သားတစ်ယောက်နှင့် သမီးတစ်ယောက် ချန်ရစ်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၅၈ နှစ် ရှိသည်။ စာတိုက်မှူး ဦးချစ်သိန်း ကွယ်လွန်ခဲ့ခြင်းအပေါ် MDN ဝိုင်းတော်သားများသည် စာတိုက်မှူး ဦးချစ်သိန်း၏ မိသားစုနှင့်ထပ်တူ ဝမ်နည်းကြေကွဲရသည်။

Monday, June 17, 2024

ဒို့တိုင်းရင်းသား (တင်အောင်စိုး)

 

ဒို့တိုင်းရင်းသား


(တင်အောင်စိုး)

(၁)
ပြည်ထောင်စုဖွား
တိုင်းရင်းသားစုံညီ
ကရင် ကယား
အင်းသား မြောင် အဇီး
ရှမ်း ချင်း ရဝမ်းသည်
ချစ်ကြည်ဆပွား
ပရဲ ပဒေါင်၊ ဝ ဒလောင်
ပလောင် နာဂ မျိုးငယ်နှင့်လေး။

(၂)
ကချင်၊ ယင်းကြား
ဂုံ့ လားဟူပါ
ယင်းနက် ယင်းဘော်
ဘွဲ့ကော် ရိုဟင်ဂျာ
လီဆူ ကွမ်ဟယ်
အိုက်ဆွယ်တို့မှာ ကြည်သာရွှင်လန်း
တောင်ရိုး ဆလုံ သက် ခေါင်းပုံ
လရှဲအမည် ဆန်းလှသည်နှင့်လေး။


(၃)
ဂဒူး ကနန်း
ကိုးကန့် ကဲခို
ယောလူ စကော
ပလေး မွန် ပအိုဝ်း မြို
ညီအကိုနောင်ရင်း
လူရှိုင်း အင် ပလေချီး
စုစည်းဖွဲ့နှောင်ခြင်းငယ်နှင့်လေး။

(၄)
ပြည်ထောင်စုအတွင်း
မှီတင်းနေထိုင်ကာ
မနူမနော
လီရှော ပိုလှစွာ
ထားဝယ် ဓနု မြန်မာ
ရခိုင် ပါ ယင်းတလဲ
ခမွီ ဒိုင်းနက် ချစ်ပနက်
မပျက်ခိုင်ခိုင် လက်တွဲကြသည်နှင့်လေး။

(၅)
ဥမကွဲသိုက်မပျက်ပါ
ကမ္ဘာတည်စေ့မည်
တစုတည်း လိုက်ဖက်စွာ
သဒ္ဓါကြည်ဖြူသည်။ ။

— တင်အောင်စိုး


ကိုးကား-
ရှုဒေါင့်ဂျာနယ်
ဖေဖော်ဝါရီ ၁၅ ရက် ၁၉၇၁ ခု၊ အတွဲ ၄၆၊
ပြည်ထောင်စုနေ့ အထူးထုတ်။

မှတ်ချက် ။

မဆလခေတ် ၁၉၇၁ ခုမှာတောင် ရိုဟင်ဂျာလူမျိုးသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးစု တစ်စုအဖြစ် ပါဝင်ခဲ့သည်။ ၁၉၇၁ ခု ဖေဖော်ဝါရီလ ၁၅ ရက် ထုတ် ရှုဒေါင့်ဂျာနယ် ပြည်ထောင်စုနေ့ အထူးထုတ် အတွဲ ၄၆ တွင် ဖော်ပြခံရသည် တင်အောင်စိုး ရေးဖွဲ့ခဲ့သော "ဒို့တိုင်းရင်းသား" ကဗျာတွင် မြန်မာတိုင်းရင်းသား ရိုဟင်ဂျာလူမျိုးကို အတိအလင်း တွေ့ရှိရသည်။ 


Sunday, June 16, 2024

မောင်တောမြို့ အမှတ်(၂) အထက်တန်းကျောင်း၏ ဝါရင့်ကျောင်းဆရာ ဆရာဦးမောင်ဖြူ ကွယ်လွန်

မောင်တောမြို့ အမှတ်(၂) အထက်တန်းကျောင်း၏ ဝါရင့်ကျောင်းဆရာ ဆရာဦးမောင်ဖြူ (၁၉၇၀-၂၀၂၄)ကွယ်လွန် 

ဇွန်လ ၁၇ ရက်၊ ၂၀၂၄။ 

ရခိုင်ပြည်နယ်၊ မောင်တောမြို့ အမှတ် (၂) အထက်တန်းကျောင်း၏ ဝါရင့်ကျောင်းဆရာ ဆရာဦးမောင်ဖြူသည် ဇွန်လ ၁၆ ရက် စနေနေ့ ည ၆း၄၀ နာရီခန့်တွင် မောင်တောမြို့ အမှတ် (၂) ရပ်ကွက် ဖေဇီရွာတွင်ရှိသော နေအိမ်၌ ကွယ်လွန်ခဲ့ကြောင်း သိရှိရသည်။ 

ဆရာဦးမောင်ဖြူ (ခ) ဖေါ်ယာဇုလ်ကော်ဘိရ်သည် ဦးအာရဖ်ချောင်ဒရီ၏ စတုတ္ထမြောက်သားဖြစ်ပြီး စာတိုက်မှူး ဦးချစ်သိန်း၏ ညီအရင်းဖြစ်သည်။ ဆရာ၏ ဇာတိမှာ မောင်တောမြောက်ပိုင်း စံပ္ပာယ်ကုံးကျေးရွာဖြစ်ပြီး ထင်ရှားသော ကာဇီမျိုးနွယ်စုမှ ဆင်းသက်လာသူဖြစ်သည်။ ဆရာဦးမောင်ဖြူ၏ အကြီးဆုံး အစ်ကိုမှာလည်း ကျောင်းဆရာတာဝန် ထမ်းဆောင်နေစဉ်ကာလအတွင်းမှာပင် မီးလောင်မှုတစ်ခု၌ အသက်ဆုံးရှုံးခဲ့ရသူဖြစ်သည်။ ဆရာ၏ ညီအစ်ကို အားလုံးမှာ အစိုးရဝန်ထမ်းများဖြစ်ကြပြီး ကျရာတာဝန်ကို သစ္စာရှိရှိ ကျေပွန်ခဲ့သူများဖြစ်သည်။ 

ဆရာဦးမောင်ဖြူသည် တောင်ပြိုအလယ်တန်းကျောင်း၊ ကြိမ်ချောင်းအထက်တန်းကျောင်း၊ မောင်တော အထကကျောင်း စသော ကျောင်းအသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ မောင်တော အမှတ် (၂) အထက်တန်းကျောင်းတွင် နှစ်ပေါင်း ၂၀ ခန့် နှစ်ရှည် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ကွယ်လွန်သည့်အချိန်အထိ ထောင်ပေါင်းများစွာသော ပညာရည်ထူးချွန်သည့် ကျောင်းသားကျောင်းသူများကို မွေးထုတ်ပေးခဲ့သော ကျေးဇူးရှင်လည်းဖြစ်သည်။

လက်ရှိတိုက်ပွဲကာလအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့်  ကျန်းမာရေးဌာန ဆေးရုံဆေးခႏ်းများ ပိတ်ထားခံရမှုစသော အခက်အခဲများကြောင့် ပုံမှန်ဆေးကူးသခံယူခွင့်မရရှိ၍ ကံမကောင်းစွာ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း မောင်တောမြို့ခံ ဆရာ၏ တပည့်အရင်းတစ်ဦးက ပြောသည်။

ဆရာဦးမောင်ဖြူ ကွယ်လွန်သည့်အချိန်တွင် အသက် ၅၄ နှစ်ရှိပြီး သား ၂ ယောက်နှင့် သမီး ၁ ယောက် ချန်ရစ်ခဲ့သည်။ ဆရာ့တပည့်အပေါင်းများနှင့် ချစ်သောဆွေမျိုးမိတ်သင်္ဂဟများသည် အချိန်စောစွာ ကြွေလွင့်ခဲ့ရသော ချဈဆရာအတွက် ဝမ်းနည်းကြေကွဲရပါသည်။ ဆရာ ဆောင်ရွက်ခဲ့သမျှ ကောင်းမှုစေတနာများ၏ တမန်လွန်ဘဝတွင် မြင့်မြတ်သောအစား ရရှိတော်မူပါစေ။ 

ဆရာ၏ ဂျနာဇာနမာစ် ဝတ်ပြုမှုကို မနက်ဖြန် ၂၀၂၄ ခု ဇွန်လ ၁၇ ရက် တနင်္လာနေ့ နံနက် ၁၀ နာရီတွင် မောင်တောမြို့၊ အမှတ်(၂) ရပ်ကွက်၊ ဖေဇီရွာ ဗလီကြီးသင်္ချိုင်းတွင် ဝတ်ပြုပြီး နောက်ဆုံး နှုတ်ခွန်းဆက်သမည်ဖြစ်ပါကြောင်း အသိပေးအပ်လိုပါသည်။