Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, March 29, 2026

တော်လှန်ရေးခေါင်းဆောင် ဘီအေ ဂျာဖော့ရ် (၁၉၃၉-၁၉၈၇)

 
တော်လှန်ရေး ခေါင်းဆောင်ကြီး ဘီအေ ဂျာဖော့ရ်၏ ပုံဟောင်းကို Gemini ဖြင့် ပြုပြင်ထားသည့်ပုံ။ 

တော်လှန်ရေးခေါင်းဆောင် ဘီအေ ဂျာဖေါ့ရ် (၁၉၃၉-၁၉၈၇)


"မိစ္ဆာကို တော်လှန်ပုန်ကန်ခြင်းသည် ဘုရားသခင်၏ အမိန့်တော်ကို လိုက်နာခြင်းပင်တည်း။"

— ဘီအေ ဂျာဖေါ့ရ်


ရိုဟင်ဂျာ ခုခံတော်လှန်ရေးသမိုင်းတွင် ဂျာဖေါ့ရ် နာမည်နှင့် လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံသော ခေါင်းဆောင် ၃ ဦး ပေါ်ထွန်းခဲ့သည်။ ၎င်းတို့ထဲတွင် ဘီအေ ဂျာဖေါ့ရ်သည်လည်း ထင်ရှားသောတော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်သည်။ ရှေးအစဥ်အလာ ရိုဟင်ဂျာတော်လှန်ရေး လမ်းစဥ်ကို အတွေးသစ်အမြင်သစ်နှင့် ပြုပြင်ပြောင်းလဲ၍ ခေတ်သစ် တော်လှန်ရေးလမ်းစဥ်ကို အုတ်မြစ်ချကာ အဓမ္မဝါဒီ စစ်အာဏာရှင်ကို ရဲရဲစွမ်းစွမ်း တော်လှန်ခဲ့သူဖြစ်သည်။ မိမိဘဝတစ်သက်လုံးကို မိမိလူမျိုးအတွက် စတေးခဲ့သည့် မဟာလူသားတစ်ဦးဖြစ်သည်။

ဘီအေ ဂျာဖေါ့ရ် ကို ဘူးသီးတောင်မြို့နယ်၊ အာလီယောင်း (အလယ်ချောင်း) ကျေးရွာတွင် ၁၉၃၉ ခန့်က ဖွားမြင်ခဲ့သည်။ အမည်ရင်းမှာ မိုဟာမတ် ဂျာဖေါ့ရ်ဟာဘီဘ် ဖြစ်သည်။ ဖခင်မှာ ဟာဘီဘုဇ်ဇာမာန် ဖြစ်သည်။ ကြွယ်ဝချမ်းသာ၍ ပညာတတ် မိသားစုမှ ဆင်းသက်လာခဲ့သူဖြစ်သည်။ ဘကြီး အရှရာဖ်ဇာမာန် ချောင်ဒရီသည်လည်း ဘူးသီးတောင်မြို့နယ်၏ ဂုဏ်သရေရှိ ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ 

ဂျာဖော့ရ်သည် အခြေခံပညာကို မော်နီဘီလ်နှင့် ဘူးသီးတောင်မြို့တို့တွင် သင်ယူခဲ့သည်။ ဥပစာတန်းကို အရှေ့ပါကစ္စတန်၊ ဒါကာမြို့ရှိ Notre Dame College မှ အောင်မြင်ခဲ့သည်။ ထို့နောက် အဆင့်မြင့်ပညာ သင်ယူရန် ရန်ကုန်မြို့သို့ သွားရောက်ကာ ရန်ကုန်တက္ကသိုလ်၌ ဒသနိက၊ နိုင်ငံရေးသိပ္ပံနှင့် ခေတ်သစ်သမိုင်း အဓိကဖြင့် ၁၉၆၂ ခုတွင် ဘီအေဘွဲ့ ရရှိခဲ့သည်။ ၁၉၆၂ ခု ဂျူလိုင်လ ၇ ရက် ကျောင်းသားသပိတ်တွင် ဂျာဖော့က တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့သည်။ ထို့နောက် BL ဆက်လက် သင်ယူသည်။ သို့သော် ကျောင်းတစ်ပိုင်းတစ်ဝက်မှ ထွက်ကာ အာဏာရှင်ကို တော်လှန်သည့်လမ်းကို ရွေးချယ်ခဲ့သည်။
ဘီအေ ဂျာဖော့ရ်၏ တက္ကသိုလ်ကျောင်းသားဘဝတုန်းက ပုံ။

ရန်ကုန်တက္ကသိုလ်တွင် ပညာသင်နေစဥ် ၁၉၆၁-၆၂ ခုတွင် ရန်ကုန်တက္ကသိုလ် ရခိုင်မူဆလင်ကျောင်းသားကျောင်းသူများအသင်း၌ မေယုဒေသဆိုင်ရာ ကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ခံရသည်။ ထို့ပြင် ဂျာဖေါ့ရ်နှင့် အခြားရိုဟင်ဂျာကျောင်းသားကျောင်းသူများ ဦးဆောင်၍ "Rohingya Students Organisation" ရိုဟင်ဂျာ ကျောင်းသားကျောင်းသူများအသင်းကို ၁၉၆၂ ခုနှစ်၊ မတ်လတွင် ထူထောင်ခဲ့သည်။ ဂျာဖော့ရ်သည် ထိုအသင်းတွင် ဒုတိယ ဥက္ကဌ ဖြစ်လာခဲ့သည်။ ဥက္ကဌ အဖြစ် ဟူစိန်းကာဆိမ့်ကို ရွေးချယ်တင်မြောက်ခဲ့သည်။ ၂ နှစ်ကြာပြီးနောက် ဥက္ကဌရာထူးရွေးချယ်ရာ ဂျာဖော့ရ်သည် ထိုအဖွဲ့၏ ဥက္ကဌ အဖြစ် ရွေးချယ်ခံရသည်။ ဆရာရှော်ဘီရ်ဟူစိန်းမှာ ဒုဥက္ကဌ အဖြစ် တင်မြောက်ခဲ့သည်။
ရန်ကုန်တက္ကသိုလ် ရခိုင်မူစလင်အသင်း၏ အမူဆောင်အဖွဲ့၏ ဓာတ်ပုံ မှတ်တမ်း။ ရှေ့တန်း ဝဲဘက်စွန်းက ဘီအေ ဂျာဖော့ရ်။ ပုံ- Ek Khaale. 

ဂျာဖော့ရ်သည် ရန်ကုန်တက္ကသိုလ်၌ ပညာသင်ရင်း အီဂျစ်နိုင်ငံ သံရုံးတွင် ဘာသာပြန်တစ်ဦးအဖြစ် အလုပ်ဝင်လုပ်ခဲ့သည်။

၁၉၆၄ ခုနှစ်တွင် ဂျာဖေါရ်သည် ဝမ်းကွဲအစ်ကို အဘူဆူဖီယာန်၏ မင်္ဂလာပွဲတွင် တက်ရောက်ရန် ဘူးသီးတောင်သို့ ရောက်လာခဲ့သည်။ ထိုပွဲတွင် ဂျာဖေါရ်သည် ရှူနာအာလီ(ဒပြူးချောင်း)၊ အလယ်တန်းကျောကျောင်းအုပ်တစ်ဦး၊ ကျန်းမားရေးမှူး တစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ သူတို့သည် အနီးရှိ ဆီကန်ဒါရ် ဒါရ်ဂါသို့ ထိုင်ကာ တိုင်းပြည်၏ တနေ့တခြား ဆိုးရွားလာနေသည့် အခြေအနေကို စကားစမြည်း ဆွေးနွေးတိုင်ပင်ခဲ့သည်။ ဤသို့ ဆိုးရွားသော အခြေအနေကို ခုခံရန် တော်လှန်ရေးတစ်ခု စတင်ရန် လိုအပ်ကြောင်း သူတို့ တညီတညွတ်တည်း ယုံကြည်ကြသည်။ နောက်နေ့တွင် ဆရာကြီးဆုလ်တာန် စသော အခြား ဝံသာနုစိတ်ထက်သန်သည့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံတိုင်ပင်ရန် သူတို့ မောင်တောသို့ ထွက်ခွာခဲ့သည်။ အဆိုပါဆွေးနွေးမှုတွင် စစ်အာဏာရှင်ကို ရရာနည်းနှင့် တော်လှန်ရန် သူတို့အားလုံး သဘောတူခဲ့သည်။ ထို့နောက် သူတို့သည် မယောင်းခါလီစျေးသို့ သွားရောက်ကာ စျေးဟောင်းဗလီ၌ အဆွာရ်နမားဇ် ဝတ်ပြုပြီး ကတိသစ္စာပြုခဲ့သည်။ ၁၉၆၄ ခု ဧပြီလ ၂၆ ရက်နေ့တွင် သူတို့အားလုံး သွေးဖောက်ကျမ်းသစ္စာဆိုပြီး ရိုဟင်ဂျာ တော်လှန်ရေးကို တကျော့ပြန် စတင်ခဲ့သည်။ အဖွဲ့အမည်ကို ရိုဟင်ဂျာလွတ်မြောက်ရေးတပ် (Rohingya Independence Front) ဟု အမည်ပေးခဲ့သည်။ အဖွဲ့ခေါင်းဆောင်ကို Grand Raja ဟု ခေါ်တွင်သည်။ ခေါင်းဆောင်အဖြစ် ဆရာကြီး ဆုလ်တာန်ကို ရွေးချယ်ခဲ့သည်။ ဂျာဖေါ့ရ်အသက် ငယ်ရွယ်သဖြင့် လေးစားခံရသော ဝါရင့် ဆရာကြီးကို တာဝန်ပေးအပ်ခြင်းဖြစ်သည်။ ထိုအဖွဲ့သည် အနုနည်းဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရေးစတင်ခဲ့သည်။  ဂျာဖော့ရ် ဝမ်းကွဲအစ်ကို၏ မင်္ဂလာပွဲ ပြီးဆုံးပြီးနောက် သူသည် ရန်ကုန်သို့ ပြန်လည်ထွက်ခွာခဲ့သည်။

ရန်ကုန် ပြန်ရောက်သောအခါ မဆလအစိုးရက အူရ်ဒူ သတင်းစာများ ပိတ်ပင်လိုက်သဖြင့် ဂျာဖော့ရ်၏ ဘာသာပြန်အလုပ်လည်း လက်လွှတ်သွားခဲ့ရသည်။ သာသနာရေးဝန်ကြီးဌာနမှ မွတ်စလင်ကျောင်းသားများအသင်းကို ထောက်ပံ့လေ့ရှိသော ငွေ ၆၅၀၀၀ ကျပ်ကိုလည်း ဗိုလ်ချုပ်ကျော်စိုးက ရုပ်သိမ်းလိုက်၍ ရန်ကုန်တက္ကသိုလ် မွတ်စလင်ကျောင်းသားများအသင်း (RUMSA) နှစ်ပတ်လည်မဂ္ဂဇင်း ရန်ပုံငွေအတွက် ကြော်ငြာများစုစည်းရန် RUMSA ဒု-ဥက္ကဌ ဆယဒ်အာနုဝါရ်အဇီမ်နှင့်အတူ မနားတမ်း လှုပ်ရှားခဲ့သည်။ သူတို့ နှစ်ဦးသည် ဒီမိုကရေစီလမ်းစဥ်ကို ယုံကြည်ပြီး မည်သည့်အာဏာရှင်စနစ်ကို မဆို မုန်းတီးကြသည့် စိတ်တူကိုယ်တူများ ဖြစ်ကြသည်။ ရန်ကုန်တက္ကသိုလ် မူစလင်ကျောင်းသားကျောင်းသူအပေါ် အစိုးရ၏ အကန့်အသတ်များကို ဖြေလျော့နိုင်ရန်လည်း အပတ်တကုပ် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

ဂျာဖောရ်သည် ရန်ကုန်၌ ရှိစဥ် အမေရိကန် ပြည်ထောင်စုသို့ ရွေ့ပြောင်းနေထိုင်ရန် အခွင့်အလမ်းကောင်း ရရှိခဲ့သည်။ အမေရိကန်နိုင်ငံတွင် နေထိုင်သူ နယျုးကလိယားသိပ္ပံပညာရှင် ဒေါက်တာ တင်မောင် ခေါ် အဘူလ်ဟူစိန်းနှင့်လည်း ရင်းနှီးသည်။  သူ ပါရဂူဘွဲ့ရရှိပြီး ရန်ကုန်ရောက်ရှိစဥ်က ရိုဟင်ဂျာကျောင်းသားများအဖွဲ့က ဖိတ်ခေါ်၍ ဂုဏ်ပြုခဲ့သည်။ ထို့အပြင် အမေရိကန်နိုင်ငံ၌ နေထိုင်သည့် ၎င်း၏ ဆွေမျိုးများက သူ့အတွက် လိုအပ်သော အကူအညီများ၊ ငွေကြေးအထောက်အပံ့များ ပေးဆောင်ရန် အသင့်ဖြစ်ကြောင်း အမေရိကန်သို့ ပြောင်းရွှေ့ရန် ဂျာဖော့ရ်ကို ဖိတ်ခေါ်ခဲ့သည်။ ၎င်းတို့၏ အကူအညီဖြင့် အမေရိကန်နိုင်ငံသို့ ရွေ့ပြောင်းနေထိုင်ရန် သူ့အတွက် အလွန်ပင် လွယ်ကူလှပေသည်။ သို့သော် ဂျာဖော့သည် သူ၏တောက်ပြောင်လှသော ဘဝ အနာဂတ်ကို မမက်မောဘဲ မိမိလူမျိုးနှင့် တိုင်းပြည်ကို စစ်အာဏာရှင်၏ မတရားနှိပ်စက်မှု ကွင်းပြင်မှ ကယ်ထုတ်ရေးကိုသာ သူ ဦးစားပေး ရွေးချယ်ခဲ့သည်။  

ရန်ကုန်မှ ပြန်လာပြီးနောက် ငယ်ချစ်ဆွေ ဘဝဖော် အရှရာဖ်ဇာမာန် ချောင်ဒရီ၏ သမီးနှင့် လက်ထပ်ထိမ်းမြှားခဲ့သည်။ ထို့နောက် အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ဂျာဖော့သည် RIF ကိုယ်စားလှယ်အဖြစ် အရှေ့ပါကိစ္စတန်သို့ သွားရောက်ခဲ့သည်။

ပါကစ္စတန်နိုင်ငံ သမ္မတ အာယုပ်ခါန် နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၌ လူမျိုးရေးဖိနှိပ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို တင်ပြကာ စစ်အာဏာရှင် ဆန့ကျင်ရေးတွင် ပါဝင်လှုပ်ရှားနေသည့် မြန်မာနိုင်ငံသားများကို ကူညီရန် တောင်းဆိုခဲ့သည်။ ၁၉၈၉ ခုတွင် ဇာဖေါ့ရ်သည် နောင်ဘင်္ဂလားဒေ့ရှ် သမ္မတဖြစ်လာမည့် ဗိုလ်ချုပ် ဇီယာအူရာဟ်မာန်နှင့် တွေ့ဆုံကာ မြန်မာပြည်တွင် အာဏာရှင်နေဝင်းအစိုးရက ပြည်သူလူထုကို မတရားဖိနှိပ်ညှည်းပမ်းနေသည့် အကြောင်းစုံကို ဆွေးနွေးတင်ပြကာ ပါကစ္စတန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအာဏာရှင်ကို ဖိအားပေးရန် တောင်းဆိုခဲ့သည်။

ဂျာဖော့သည် အနုနည်းဖြင့် စစ်အာဏာရှင်ကို တော်လှန်ရာ၌ အောင်မြင်မှုမရရှိသဖြင့် ၁၉၇၁ ခုတွင် ဂျာဖော့ရ်သည် သူ၏ အာရ်အိုင်အဖ် အပေါင်းအဖော်များနှင့်အတူ ဇာဖေါရ်ဆားနီ၏ မူဂျာဟီဒ်ပါတီသို့ ဝင်ရောက်ကာ လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့သည်။ မေယုရာရှစ် (ခ) ဘမောင်နှင့် မလဝီ ကဘီရ်တို့ကို ထိုင်းနိုင်ငံသို့ စေလွှတ်ကာ အာဏာရှင်နေဝင်းကို ဖြုတ်ချရန် ကြိုးပမ်းနေသည့် ဝန်ကြီးချုပ်ဟောင်း ဦးနုနှင့် တွေ့ဆုံတိုင်ပင်စေခဲ့သည်။

၁၉၇၃ ခု အစပိုင်းတွင် ကွန်မြူနစ်ပါတီနှင့် ဗမာစစ်တပ်တို့ ပူးပေါင်း၍ ဇာဖေါ့တို့၏ ရသေ့တောင်ဌာနချုပ်ကို အလစ်ငင်း တိုက်ခိုက်ခဲ့သည်။ အစပိုင်းတွင် ဇာဖာရ်တို့အဖွဲ့ တိုက်ပွဲအနိုင်ရခဲ့သော်လည်း နောက်ပိုင်းတွင် မြန်မာ့တပ်မတော်က အင်အားဖြည့် တိုက်ခိုက်ဖြိုခွင်မှုကြောင့် သူတို့၏ ခြေကုပ်ယူထားသည့်စခန်းများကို တစ်ခုပြီးတစ်ခု တဖြေးဖြေး ဆုပ်ခွာပေးခဲ့ရသည်။
မေယုတောင်တန်း တစ်နေရာတွင် ရိုက်ကူးထားသော RPF ခေါင်းဆောင် ဘီအေ ဂျာဖော့ရ်။ 


၁၉၇၃ ခုနှစ် အလယ်လောက်တွင် ဘီအေ ဂျာဖော့ရ်၊ ဇာဖေါရ်ဆာနီ နှင့် မေယုရာရှစ်တို့ သုံးပွင့်ဆိုင် ဆွေးနွေး၍ လက်ရှိ တော်လှန်အဖွဲ့ကို ခေတ်မီစစ်ဗျူဟာများနှင့်အညီ ပြုပြင်ပြောင်းလဲရန် အချိန်တန်ပြီ ဖြစ်ကြောင်း သုံးသပ်သဘောတူခဲ့သည်။

၁၉၇၃ ခု စက်တင်ဘာလ ၁၂ ရက်တွင် ဂျာဖေါ့ရ် ဦးဆောင်၍ Rohingya Patriotic Front ကို ဖွဲ့စည်းခဲ့သည်။ အဆိုပါအဖွဲ့တွင် ဇာဖေါ့ကို အဖွဲ့ခေါင်းဆောင်အဖြစ် တင်မြှောက်ခဲ့သည်။

၁၉၇၄ ခုတွင် နောက်ထပ် ပညာတတ်လူငယ်အချို့ ဂျာဖေါ့၏ အဖွဲ့သို့ သစ္စာရေသောက်ခဲ့သည်။ ထိုအဖွဲ့ ၌ နောင်တွင် တော်လှန်ရေးအဖွဲ့ခေါင်းဆောင် ဖြစ်လာမည့် ဆရာရှဘီရ်ဟူစိန်း၊ ရှေ့နေနူရ်အစ္စလာမ်၊ ဒေါက်တာအီနုစ်နှင့် ပါမောက္ခ ခင်မောင် တို့ပါဝင်လာသည်။

၁၉၇၈ ခု အကြမ်းဖက် နဂါးမင်း စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာများကို ရမ်းကား မောင်းထုတ်ခဲ့သည့်အချိန်တွင် ဇာဖေါ့ရ်၏အဖွဲ့ တွင် လူငယ်များ ပူးပေါင်းလာကြသည်။ RPF သည် ယခင်ကထက် အင်အားကြီးထွားလာခဲ့သည်။ ဂျာဖော့သည် ၁၉၇၈ ခု အကြမ်းဖက် နဂါးမင်းစစ်ဆက်ရေး နောက်ကွယ်က အာဏာရှင်နေဝင်း၏ ယုတ်မာသည့် အကြံအစည်ကို ကမ္ဘာသိအောင် ကြိုးပမ်းလှုပ်ရှားခဲ့သည်။ ကမ္ဘာလူ့အခွင့်အရေးကောင်စီအထိ အစီရင်ခံစာများပေးပို့ကာ ရိုဟင်ဂျာများ တရားမျှတမှုရရှိရေးအတွက်  ကြိုးပမ်းခဲ့သည်။ မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် ကမ္ဘာ့မူစလင်ကွန်ဖရင့်တွင် ကိုယ်စားလှယ်များ စေလွှတ်ခဲ့သည်။
RPF ၏ အစည်းအဝေးတစ်ခုတွင် တွေ့ရှိရသည့် အသက်ကြီးလာသော ခေါင်းဆောင် ဘီအေ ဂျာဖော့ရ်။ ပုံ- အင်တာနက်။
ဘီအေ ဂျာဖော့ရ်၏ ချစ်လှစွာသော ဇနီးကြင်ရာ။ ပုံ- အင်တာနက်။

၁၉၇၈ နောက်ပိုင်းတွင် ဂျာဖော့သည် ဆော်ဒီအရေးဗျားနိုင်ငံသို့ သွားရောက်ခဲ့သည်။ ဆော်ဒီ၌ ကမ္ဘာ့မူစလင်ခေါင်းဆောင်များ၊ ဖိလစ်ပိုင်မူစလင်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ ဆော်ဒီအရေးဗီယားမှ ပြန်လာသောအခါ RPF အဖွဲ့အတွင်း ပုန်ကန်မှုဖြစ်ပေါ်ခဲ့သည်။  သို့သော် ဂျာဖော့သည် စိတ်သဘောထားကွဲလွဲနေသူများကို ပြန်လည်စည်းရုံးနိုင်ခဲ့သည်။

RPF ပြန်လည်အားတင်းလာသည့်အချိန်တွင် ခေါင်းဆာင်ပိုင်နေရာအတွက် ထပ်မံပုန်ကန်မှုဖြစ်ပွားခဲ့သည်။ ဒု-ဥက္ကဌ ရှောဘီဟူစိန်း ခေါ် ဦးမောင်တင်က ဂျာဖော့ကို ဖြုတ်ချကာ ခေါင်းဆောင်နေရာကို သိမ်းယူခဲ့သည်။ ဂျဖောသည် သူ့အပေါ် သစ္စာရှိသော ရဲဘော်ရဲဖက်များကို စည်းရုံးကာ RPF ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ တပ်မှူးအဖြစ် ဒါလိလ်အမတ်ကို ခန့်အပ်ခဲ့သည်။
ခေါင်းဆောင်ကြီး ဘီအေ ဂျာဖော့ရ်၏ နောက်ဆုံး ခေါင်းချရာ နေရာ။ ပုံ- ခင်မောင်။


ဘီအေဂျာဖော့ ၏ ကိုယ်ကျိုးမဲ့ တော်လှန်ရေးလှုပ်ရှားမှ အနာဂတ်တွင် ရိုဟင်ဂျာလူမျိုးအတွက် အသက်သွေးစတေးမည့် တော်လှန်ရေးမျိုးစိတ်ကောင်း လူငယ်ပေါင်းများစွာကို မွေးထုတ်ပေးနိုင်ခဲ့သည်။ တော်လှန်ရေးခေါင်းဆောင်ကောင်းများ မွေးထုတ်ပေးခဲ့သည်။ ဂျာဖောသည် သူ၏အိပ်မက် "ရိုဟင်ဂျာလူမျိုးလွှတ်မြောက်ရေး"အတွက် ကြိုးပမ်းရင်း ၁၉၈၇ ခု နိုဝင်ဘာလ ၆ ရက်နေ့တွင် အိပ်မက် မဖြည့်ဆည်းနိုင်ဘဲ အသည်းရောင်ရောဂါဖြင့် ကွယ်လွန်ခဲ့လေသည်။ ဘီအေ ဂျာဖော့သည် နောက်ဆုံးထွက်သက်အထိ အမျိုးသားတော်လှန်ရေးကို သစ္စာရှိရှိ မနားတမ်းလုပ်ဆောင်ခဲ့သူဖြစ်သည်။ ရိုဟင်ဂျာတော်လှန်သမိုင်းတွင် ဘီအေ ဂျာဖောရ်သည် မမှိန်နိုင်သော ကြယ်စင်အဖြစ် ထာဝရ တောက်တောက်ပြောင်နေမည်တည်း။

လူထုဝဏ္ဏ
(၂၅-၈-၂၀၂၅)

ကိုးကား‐

Jilani, A. F. K. (1999). The Rohingyas of Arakan: Their Quest for Justice. Ahmed Jilani. Retrieved 22 March 2018.