အီကွေတာ နဲ့ ပြည်မြန်မာ
ပထ၀ီဘာသာအဓိကနဲ့ ဘွဲ့ရခဲ့တဲ့ ဦးလှရွှေ သူ့မြေးအငယ် မောင်ချစ်ဖွယ်နဲ့ကျမှ ခေါင်းစားရပြီ။ ကျောင်းဆရာဘ၀ ကိုလည်း အေးအေးဆေးဆေး ကျွမ်းကျင်တဲ့ဘာသာရပ် သင်ပေးရင်း ဖြတ်သန်းလာခဲ့တယ်။ အခု...ကြည့်..
"ဘိုးဘိုးကြီး ..ဘိုးဘိုးကြီး...ဒီမှာကြည့်ပါဦး အီကွေတာ...အီကွေတာ..."
"အီကွေတာ...ဘာဖြစ်လဲကွယ့် ငါ့မြေးရဲ့"
"သေသေချာချာကြည့်လေ ဘိုးဘိုးရဲ့။"
"အေး..အေး..ကြည့်မယ်၊ ဘိုးဘိုးမျက်မှန် ယူပေး။"
မျက်မှန်တပ်ပြီး မြေးလေးပြတဲ့ ကမ္ဘာ့မြေပုံကို ကျောင်းသုံးပြဋ္ဌာန်းစာအုပ်မှာ ကြည့်လိုက်တော့မှ......
"ဟေ...ဟာ...ဘယ်လိုဖြစ်တာလဲ။"
? ? ? ? ? ? ? ? ? ? ? ?
အဘိုးတူလို့ထင်ရဲ့ စာဖတ်ဝါသနာပာလာ
လေတော့ ကျောင်းမဖွင့်ခင် ကျောင်းစာအုပ်တွေ ၀ယ်ခိုင်းပြီး ဖတ်နေတယ်။ သိချင်တာရှိ အဘို့ချည့်မေးတော့တာ။
"ဘိုးဘိုးကြီး တွေ့ပြီလား။"
"အင်း"
"အီကွေတာမျဉ်းကြီး မြန်မာပြည် ဖြတ်သွားပြီဗျ။ ဒါကြောင့် သားတို့ပြည် တအားပူနေတာလား။ အီကွေတာမျဉ်းက ပြောင်းတတ်သလား ဘိုးဘိုး"
"မပြောင်းပါဘူးကွာ ဘိုးဘိုး တက္ကသိုလ်မှာအထူးပြု သင်ယူလာတဲ့ ဘာသာပဲ မြေးလေးရဲ့။ မြေပုံမှားနေတာ ကွယ့်။"
"ဘိုးဘိုး ..မြေပုံက မှားတတ်လား.ဟင်"
"လူက မှားတာပေါ့ ငါ့မြေးရယ်။"
"အီကွေတာမျဉ်း ဖြတ်သွားတဲ့ ၁၃ နိုင်ငံထဲမှာ မြန်မာနိုင်ငံ မပါပါဘူးကွာ။ မြေးလေးမှတ်ထား မြေပုံဆွဲတာ မှားနေတာ"
> > > ®< < <
"ဟဲလို......"
"ဟဲလို....."
"သူငယ်ချင်း ညိုပြား အလုပ်များနေလား"
"မများပေါင်ဗျာ ကိုလှရွှေရာ။ ခင်ဗျားလို
မြေးနဲ့ အလုပ်ရှုတ်စရာ မှမရှိ။"
"အကြောင်းရှိလို့ ဖုန်းဆက်တာ။ ကျုပ်မြေးလေးက မေးနေတယ်။ အီကွေတာ ပြည်မြန်မာဖြတ်သွားတာ တစ်ကယ်လားတဲ့။ သူ့ပဉ္စမတန်းစာအုပ်မှာ ဖြတ်နေလို့တဲ့။ ခင်ဗျားဆီမှာရော ဖြတ်သွားသလား ကြည့်ပေးစမ်းပါဗျာ။ကျုပ်တို့ ကချင်ပြည်နယ်က စာအုပ်မှာတော့ ဖြတ်သွားလို့ဗျို့။ပဉ္စမတန်း ပထ၀ီဝင် ပြဋ္ဌာန်းစာအုပ် စာမျက်နှာ ၄။"
"ကြည့်ပေးပါမယ်။ ပညာရေး ...ပညာရေး လူတကာဆွေးနွေးနေတဲ့ကြားကဗျာ။ "
ချက်ချင်းပဲ နောက်ဘက်အိမ်က ဆရာမ ဒေါ်နီလာဆွေရဲ့သားလေး မောင်ဟိန်းထက်အောင်ဆီက ပဉ္စမတန်း ပထ၀ီဝင်စာအုပ် ငှါးကြည့်လိုက်တော့....
အိုး....အီကွေတာ ပြည်မြန်မာ ဖြတ်လို့ဗျို့....
အမှားကြာ အမှန် မထင်ရလေအောင် အင်တာနက်မှာ အဖြေရှာ တင်လိုက်ဦးမှပါ။
ခေတ်အဘိုးတို့ သတိထား ဟိုးတုန်းကလိုမြေးများမဟုတ်။ ဒီခေတ်မြေးတွေကို အမှီလိုက် ငိုက်ကျန်မနေကြနဲ့နော်။
ငယ်ငယ်ကကြားခဲ့ဖူးတဲ့ မြေးအဘိုးနှစ်ယောက်၊ ကြယ်ပေါင်းခ တဲ့ ညတစ်ည တလင်းဝိုင်းမှာ အတူထိုင်ပြီး ကြယ်တွေကို ကြည့်ရင်း..
"ဘိုးဘိုး...ဓူဝံကြယ် ဘယ်ဟာလဲ ပြပေးပါလား။"
"ဟိုး....တောင်ဘက်တည့်တည့်မှာမြင်နေရတာ ဓူဝံကြယ်ပေါ့ မြေးရဲ့။"
"ဟင်...ဘိုးဘိုးကလည်း...မြောက်ဓူဝံ တောင် တံငါ့ကွန် လို့ပဲ ကြာဖူးပါတယ်။ ဘိုးဘိုးပြတာ တောင်ဘက်ကြီးပဲ။"
"ရှူး....တိုး..တိုး..သူများတွေကြားသွားမယ်။ ဒီတစ်ညထဲ တောင်ဘက်ရောက်သွားတာ ဘိုးဘိုးနဲ့ မြေးလေးပဲသိတယ်။ လျှောက် မပြောနဲ့နော်...။" တဲ့။ ဟိုး...တုန်းက....
အီကွေတာနဲ့ ပြည်မြန်မာ အနေမကြာခင် ပြင်နိုင်ကြပါစေ။
#Photo-credit
ချမ်းမြေ့ကြပါစေ။
ညိုပြား
29-5-2018
Red အနီ
No comments:
Post a Comment