Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, May 29, 2018

လိုင်လသိုလ် ကဒရ်ဆိုတာ ဘာလဲ?



လိုင်လသိုလ် ကဒရ်ဆိုတဲ့ စာလုံးမှာ ဝေါဟာရနှစ်လုံးပါရှိပါတယ်။ တစ်ခုက လိုင်ယ်လ- ဆိုတာက ည ကိုခေါ်ပါတယ်။ ကဒရ်- ဆိုတဲ့ အဓိပ္ပာယ်က ဘုန်းကံ၊ တတ်စွမ်းနိုင်မှု၊ တို့ကိုဆိုလိုတာဖြစ်ပါတယ်။ ဒီနှစ်လုံးပေါင်းစပ်လိုက်ရင် ကျမ်းမြတ်ကုရ်အာန်မှာ လိုင်ယ်လသိုလ်ကဒရ် ဆိုတာက အလ္လာဟ်အရှင်မြတ်ရဲ့ ဘုန်းတော်ထွန်းတောက်တဲ့ ည၊ ဖန်ဆင်းခံများအတွက်ဆိုရင် လူသားတွေရဲ့ ကံကြမ္မာကို တိုင်းတာ သတ်မှတ်တဲ့ည။ ကျမ်းတော်မြတ် ကုရ်အာန်ကို ထုတ်ပြန်ပို့ချခြင်းအားဖြင့် တိုင်းတာသတ်မှတ်တယ်။

အနှိုင်းမဲ့ ကိုးကွယ်အရှင်ဟာ ကမ္ဘာဦး အစကတည်းက ခေတ်တိုင်း လူမျိုးတိုင်းထဲမှာ နဗီတမန်တော်တွေ စေလွှတ်ပြီးတော့ တရားအလင်းတွေကို ထုတ်ပြန်ပို့ချခဲ့ပါတယ်။ တရားအလင်းဆိုတာက အလ္လာဟ် အရှင်မြတ်သည် လူသားကို ဖန်ဆင်းထားတယ် ဒီကမ္ဘာလောကကြီးကိုလဲ ဒုက္ခတွေကင်းဝေးပြီး သာယာဖို့ လှပဖို့၊ သေပြီးနောက် တမလွန်ဘဝမှာလဲ ဒုက္ခတွေကင်းဝေးပြီးတော့ အနှိုင်းမဲ့ အကြွင်းမဲ့ ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းသာယာမှု ရရှိစေဖို့ အဲဒိအတွက်ကို ခေတ်တိုင်း လူမျိုးတိုင်းမှာ လူသားတမန်တော်တွေကို စေလွှတ်ပြီးတော့ တရားလမ်းညွှန်နှင့်တကွ ပို့ချခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ နောက်ဆုံး တမန်တော်ချုပ် မုဟမ္မဒ်သခင် (ဆွလလ္လာဟ်ဟု အလိုင်းဟိ ဝစွလာမ်)ကို အေဒီ ၆၁၀ ခုနှစ်မှာ မွေးဖွားသန့်စင်တော်မူပြီး တမန်တော်ဖြစ်ကြောင်း ကြေငြာပြီးတဲ့နောက်မှာ လူသားတွေ အတွက် နောက်ဆုံးလမ်းညွှန် ကျမ်းတော်မြတ် ကုရ်အာန်ကို စတင်ထုတ်ပြန် ပို့ချတဲ့ ညကိုခေါ်ဆိုခြင်းလဲ ဖြစ်ပါတယ်။ ဒီမှာ ဝိသေသပေါင်းများစွာရှိပါတယ်။

ဒီညဟာ လူသားတွေရဲ့ ကံကြမ္မာကို တိုင်းတာသတ်မှတ်တဲ့ည ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာ ပါဝင်တဲ့ လမ်းညွှန်ချက်များအတိုင်း ကျင့်ကြံကြမယ် ဆိုရင် လူသားတွေဟာ လောကမှာလဲ အောင်မြင်မယ် တမလွန်မှာလဲ ဒုက္ခတွေကင်းဝေးပြီး ငြိမ်းချမ်းမယ် ဆိုတဲ့သဘောလဲ ဖြစ်ပါတယ်။

ဒီကျမ်းဟာ ကမ္ဘာ့သမိုင်းကို ပြောင်းလဲပေးစေခဲ့တယ် ဆိုတာ ကမ္ဘာ့ပညာရှင်တွေ မုစ်လင်မ်တွေရော  မုစ်လင်မ်မဟုတ်သူတွေပါ ပညာရှင်တွေ အားလုံးက ကြေငြာထားပြီးသား ဖြစ်ပါတယ်။ ယနေ့ ကုရ်အာန်ကျမ်းတော်မြတ်နဲ့ ပတ်သက်လို့ အခြေခံစာလုံးတွေတောင် နားမလည်တဲ့ သူတွေက အစ္စလာမ်ကိုဝေဖန်တာဟာ ခိုင်လုံတဲ့ သက်သေအထောက်အထား မရှိပါဘူး။ ဥပမာ ပြင်သစ် စစ်ဘုရင် နပိုလီယံဟာ သူကြွေးကြော်ခဲ့တယ် ငါဟာ ကမ္ဘာကြီးကို စိုးမိုးနိုင်တော့မယ် အဲဒီခါကြရင် ကမ္ဘာ့ လူသားတွေကို ပျော်ရွှင်တဲ့ လမ်းညွှန်တစ်ခုလိုတယ် အဲဒါက ကုရ်အာန်ပဲဆိုပြီးတော့ သူကိုယ်တိုင် ပြောသွားတာတွေ ရှိပါတယ်။

ထိုနည်းတူစွာ ကမ္ဘာ့ ကုလသမဂ္ဂဟောင်း ကိုဖီအာနန်၊ ဗြိတိသျှ အိမ်ရှေ့မင်းသား၊ နိုင်ငံရေးသမားတွေရော ကမ္ဘာ့ ပညာရှင်ပေါင်းများစွာက ကုရ်အာန်ကျမ်းသည် လူသမိုင်းကို အမှောင်ကနေ အလင်းကိုပေးခဲ့တယ် ဆိုတာ အတိအလင်း ကမ္ဘာကိုကြေငြာထားပြီးသားပါ။

ယနေ့ ဥရောပမှာ ပြန်ပြီးနိုးကြားလာတဲ့ ခေတ်ကိုရောက်လာတာ ဒါဟာ ကုရ်အာန်ကျမ်း ကျပြီးတဲ့နောက် အစ္စလာမ်ဘာသာဝင်တွေဟာ နှစ်ပေါင်း ၇၀၀ ကျော် ကမ္ဘာကို အလင်းပေးခဲ့တယ်။  စပိန် ကော်တိုဗာ ကြီးပေါ်ခဲ့တယ်။ ဘက္ကဒက် ယဉ်ကျေးမှုကြီးပေါ်ခဲ့တယ်။ အီဂျစ် ယဉ်ကျေးမှုကြီး ပေါ်ခဲ့တယ်။ ဥရောပမှာ ဆိုရင် ပုတ်ရဟန်းမင်း လုပ်မယ့်သူတောင်မှ မုစ်လင်မ်တွေရဲ့ ကော်တိုဗာ တက္ကသလိုလ်ကြီးမှာ လာပြီးတော့ ပညာရှာဖွေရတဲ့ အဲဒီခေတ်ကာလပါ။ လူသားတွေရဲ့ ယဉ်ကျေးမှု၊ သိပ္ပံ၊ သမိုင်း၊ ဘက်ပေါင်းစုံက ကိုယ်ကျင့်တရားတွေ အားလုံးပေးခဲ့တယ်ဆိုတာက ပညာရှင်တွေ အားလုံးလက္ခံထားပြီးသား ဖြစ်ပါတယ်။

သို့သော် မုစ်လင်မ်တွေ ကိုယ်တိုင်က ကုရ်အာန်ကျမ်းရဲ့ လမ်းညွှန်ချက်နဲ့ တဖြေးဖြေးအားနည်းလာတဲ့ အခါမှာ ဒီနေ့ နစ်နာမှုတွေ ဆုံးရှုံးမှုတွေ ကြုံတွေ့နေရပါတယ်။

လိုင်ယ်လသိုလ် ကဒရ်က အလ္လာဟ်အရှင်မြတ်ထံတော်က တမန်တော်မြတ်ထံကို ကုရ်အာန်ပို့ချခဲ့တာ မှန်ပါတယ် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ ကျော်က အဲဒိ လိုင်လသိုလ် ကဒရ်က ဘုန်းတော်ထွန်းတောက်တဲ့ည၊ ပြီးရင် အလ္လာဟ်အရှင်မြတ်ဘက်တော်က လူသားတွေအပေါ် ကျေးဇူးတော်ပြုမယ့် ကရုဏာပြုမယ့် ညဟာ နှစ်တိုင်းမှာရောပြန် ရှိသလားဆိုတော့ ကျမ်းတော်မြတ် ကုရ်အာန်အရ ရှိပါတယ်။

ကျမ်းတော်မြတ် ကုရ်အာန် စူရာဟ် (ကဏ္ဍ) ၉၇း ဗျာဒိတ်တော် ၁ မှာ အင်းနအန်ဇားလ်နာဟု ဖီးလ်လိုင်ယ်လသိုလ်ကဒ်ရ် မုချဧကန် ငါအလ္လာဟ်အရှင်မြတ်သည် ဒီကုရ်အာန်ကျမ်းတော်မြတ်ကို လိုင်ယ်လသိုလ်ကဒ်ရ်ညမှာ ထုတ်ပြန်ပို့ချခဲ့တယ်လို့ ပြောထားပါတယ်။ သနသ်ဇလု မလာအိကသုလ် ဝရ်ရူးဟု ကောင်းကင်တမန်တော်ချုပ်ကြီး ရူ လို့ခေါ်တဲ့ ဂျီဘရာအီးလ် (အ)နဲ့ ကျန်တဲ့ ကောင်းကင် တမန်တွေဟာ အုပ်စုလိုက် ထပ်ခါထပ်ခါ ဆင်းသက်ကြတယ်ဆိုတဲ့ အသုံးအနှုန်းတွေ ကျန်တဲ့ ဗျာဒိတ်တော်တွေမှာကြည့်ရင် အတိတ်မဟုတ်တဲ့အတွက် ဒါဟာနှစ်စဉ် ရမ်ဇာန် (ဥပုသ်)လရဲ့ ရက်ပေါင်း ၃၀ (သို့) ၂၉ ရက်အတွင်းမှာ ရှိပါတယ်။

ဒီအတိုင်းပဲ တမန်တော်မြတ်ရဲ့ သြဝါဒ မှတ်တမ်းများအရ ရှင်းပါတယ် တစ်လုံးထဲမှာ ကဒရ် (ညထူး ညမြတ်)ဟာ ရှိနေပါတယ်။ အထူးသဖြင့် နောက်ဆုံး ဆယ်ရက်မှာရှိမယ်။ မ ဂဏန်းနဲ့ညတွေမှာ ရှိနိုင်ပါတယ် ၂၁. ၂၃. ၂၅. ၂၇.၂၉ ဒီညတွေမှာ ရှိနိုင်တယ်ပါတယ်။ အချိန်ပေးနိုင်တဲ့သူတွေက လမြတ် ရမ်ဇာန် (ဥပုသ်)လရဲ့ နောက်ဆုံး ဆယ်ရက်မှာ အီသီကဖ် လို့ခေါ်တဲ့ လောကီလုပ်ငန်းတွေ အကုန်လုံး စွန့်လွှတ်ဖြတ်တောက်ပြီးတော့ ဗလီဝတ်ကျောင်းတော်တွေမှာ သီးခြားသွားပြီးတော့ နေကြတယ် မလိုအပ်တဲ့ စကားတွေမပြောဘူး ကျမ်းတော်မြတ် ကုရ်အာန်လေ့လာကြတယ် အထူးဘာသာရေး ဆိုင်ရာကျင့်ဝတ်တွေကို ဖြည့်ဆည်းကြတယ် ဝတ်ပြုဆုတောင်းမှုတွေလုပ်တယ် ရုပ်ပိုင်းဆိုင်ရာ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ မြင့်တက်လာအောင်  လုပ်ကြရတယ်။ 

အဲလို ဗလီတွေမှာ သီးခြားမနေနိုင်ရင်လဲ နောက်ဆုံးဆယ်ရက်တွေမှာ ညပိုင်းတွေမှာ အိမ်မှာပဲဖြစ်ဖြစ် ဗလီမှာပဲဖြစ်ဖြစ် အချိန်ပိုင်းလေးတွေ ကောင်းမှုကုသိုလ်တွေကို ရှာဖွေနိုင်ပါတယ်။ ဒီလိုညတွေမှာ ကုရ်အာန်ကျမ်းတော်မြတ်တွေကို လေ့လာဖို့လိုတယ် လေ့လာဖို့ အာရုံမရှိသေးတဲ့လူတွေကလဲ ဒီညမှာ ဆုံးဖြတ်ဖို့လိုတယ် ကျမ်းတော်မြတ်ဟာ လူခပ်သိမ်းအတွက် လမ်းညွှန်လို့ ချပေးထားတယ်။

လူသားအားလုံး မုစ်လင်မ် မဟုတ်သည်ဖြစ်စေ ဟုတ်သည်ဖြစ်စေ အလ္လာဟ်ဘက်က ဖန်ဆင်းရှင်က ဖန်ဆင်းခံလောကကို ကရုဏာတရားအားဖြင့် ဒီလမ်းညွှန်ကျမ်းကို ချပေးထားတယ်။ သက္ကဝါ အလ္လာဟ်သိစိတ်မပြတ်ထားသူတွေအတွက်  လမ်းညွှန်လို့ပြောထားတယ်။ ယေဘယျအားဖြင့် ချပေးထားတာ အားလုံးအတွက်ပဲ လက္ခံတာ လက်မခံတာ ကိုယ့်ကိစ္စ၊ အစ္စလာမ်ကလဲ ဘယ့်သူ့ကိုမှလဲ မျက်စိမှိတ်ပြီးတော့ အတင်းအစ္စလာမ်ကို မယုံကြည်ခိုင်းဘူး။ 

“လာအက္ကရာ ဖိဒိန်း သာသနာရေးမှာ အဓမ္မစနစ်မရှိစေရ’’ မုစ်လင်မ်တွေအတွက်က လူတွေကို ဉာဏ်အမြော်မြင်နဲ့ နားဝင်ချိုမြ စကားအလှနဲ့ အစ္စလာမ်ရဲ့ အလှတရားတွေကို ပြောပြဖို့ပဲရှိတယ်။ 

အစ္စလာမ်မှာ သာသနာပြုတယ်ဆိုတာ မရှိပါဘူး။ မုစ်လင်မ်တစ်ယောက်ဟာ အစ္စလာမ်ကို လက္ခံယုံကြည်ပြီးခဲ့ရင် ကျမ်းတော်မြတ် ကုရ်အာန်ဟာ သူ့ရဲ့ဘဝလမ်းညွှန်ပဲ မုစ်လင်မ်တစ်ယောက်က ကျမ်းတော်မြတ် ကုရ်အာန်ပေါ်ထားရှိရမယ့် တာဝန်တွေက

(၁) ယုံကြည်မှုနဲ့ အလေးအမြတ်ထားရမယ်၊ အစ္စလာမ်ကို လက္ခံပြီးသူဖြစ်ရမယ်။ 
(၂) ဋ္ဌာန်ကရိုဏ်းကျစွာ ဖတ်တတ်အောင်ကြိုးစားရမယ်။
(၃) နားလည်သဘောပေါက်အောင် ကြိုးစားရမယ်
(၄) မိမိဘဝကို ကျမ်းတော်မြတ်ရဲ့ လမ်းညွှန်ချက်နဲ့  အညီလိုက်နာကျင့်သုံးရမယ်၊ ကျင့်ကြံလိုက်နာရမယ်
(၅) အမှန်တရားကို သိပြီးတဲ့နောက် ဖြန့်ချီရမယ်၊ အမှန်တရားကို လူတွေသိအောင်လုပ်ရမယ်။ 

တမန်တော်မြတ်ရဲ့ သြဝါဒတော်ရှိပါတယ် “ငါ တမန်တော်ထံက တစ်အာယသ် (စာတပုဒ်)ပင်ဖြစ်စေ ဖြန့်ချီရမယ်’’။ သို့သော် ကိုမလုပ်တဲ့ကိစ္စကို မပြောရဘူးဆိုပြီး မိန့်ဆိုထားပါတယ်။ ဒါကြောင့် ကုရ်အာန်ကို ဖြန့်ချိမယ့်သူတွေဟာ မိမိကိုယ်တိုင်က  စံပြလုပ်ဖို့လိုတယ် သိဖို့လိုတယ်။ 

ဒီညမှာတော့ အထူးသဖြင့် လွတ်ငြိမ်းချမ်းသာခွင့်တောင်းဖို့၊ အထူးဝတ်ပြုဆုတောင်းမှုတွေနဲ့ အလ္လာဟ်နဲ့ နီးကပ်သထက် နီးကပ်အောင်ပြုလုပ်ဖို့၊ ဒီလကစပြီး မိမိဘဝကို သန့်ရှင်းအောင် ကျင့်ကြံနေထိုင်ဖို့၊ လကရရှိတဲ့ သင်ခန်းစာတွေကို တနှစ်ပတ်လုံး တသက်လုံး ကောင်းမှုတွေနဲ့ ဘဝကိုတည်ဆောက် နေထိုင်ကြဖို့ အထူးပင်လိုအပ်ပါတယ်။ ဒီညမှာတောင်းတဲ့ တောင်းဆုတော်များလည်း ပြည့်စုံကြပါစေလို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။ 
copy

လေးစားလျှက်
မုဟမ္မဒ် (မော်လမြိုင်)


No comments:

Post a Comment