ရှေးစကား ရွှေအလား (၇)
"Againna ka guijja
darram ka zat toul no gorjja
Cángbeñgya la cóñggi khattai
Avaya ré di córai."
- Old Rohingya Poetry/ Osin Cáyer
ဒီရှေးလင်္ကာဟာ ရိုဟင်ဂျာ့ရိုးရာပုံပြင် တစ်ပုဒ်တွင် တွေ့ရှိရတာဖြစ်ပါတယ်။ သက်ကြီးတစ်ဦးက ပြောပြရာမှ ရေးမှတ်ထားတာဖြစ်တယ်။ ဒီလင်္ကာကို တချို့သက်ကြီးတွေက ပယောဂဆရာတွေ နတ်ကပွဲမှာ သုံးလေ့ရှိတဲ့ ဂါထာတစ်ပုဒ် ဖြစ်တယ်လို့လဲ ဆိုပါတယ်။ လင်္ကာအသုံးအနှုန်းက ခေတ်တစ်ခုနှစ်ခုလောက် အရင်က အသုံးအနှုန်းလို့ ခန့်မှန်းရတယ်။ ယခုခေတ် ရိုစကားနဲ့ နဲနဲ ကွာခြားနေတော့ ဘာသာပြန်ရရှုပ်ပွေသွားတယ်။ ဖတ်ရုံကြားရုံနဲ့ နားမလည်နိုင်ဘူး။
ဒါပေမဲ့ ဒီလင်္ကာကို သေသေချာချာ မချွတ်မယွင်း စေ့စပ်စိစစ်ဖတ်ကြည့်မယ်ဆိုရင် သမိုင်းဖြစ်ရပ်မှန်တစ်ခု ကင်းအောင်းနေကြောင့် တွေ့ရမှာ ဖြစ်တယ်။ သမိုင်းဖြစ်ရပ်တစ်ခု ပုံပြင်ထဲ ဘယ်ပုံဘယ်နည်း ရောက်လာသလဲ မေးခွန်းကို ဖြေဖို့တော့ ခက်ပါတယ်။ တေးသီချင်း အပိုင်းအစ တစ်ခုကို ပုံပြင်ဆရာက ကောက်နုတ်ထည့်သွင်းထားတာလို့ မှန်းဆနိုင်ပါတယ်။
ယခုလင်္ကာရဲ့ အဓိပ္ပာယ်က "အညာနှင့် အရင်း၊ လူမျိုးနှင့် ဘာသာ မချိန်တွယ်ဘဲ၊ ချင်းပြန်နှင့် လက်တွဲညီညွတ်ကာ အင်းဝသားတွေကို နှင်ထုတ်ကြမယ်။" ဟု အားပေးတိုက်တွန်းနေပုံ ဖွဲ့ဆိုထားပါတယ်။ ပုဒ်ချင်း အဓိပ္ပာယ်ကို လေ့လာကြည့်တဲ့ခါ "Againna" ဆိုတာ aga အညာ ဒါမှမဟုတ် ထိပ်ဖျားလို့ အဓိပ္ပာယ်ရတယ်။ "Guijja" ကျတော့ အရင်း ဒါမှမဟုတ် ပင်စည်လို့ အဓိပ္ပာယ်ရတယ်။ ပုဒ်နှစ်ခု ကြားက ka ဆိုတဲ့အသုံးက ယနေ့ခေတ်မှာ ရှားပါးတယ်။ ယနေ့ခေတ် ဝေါဟာရနဲ့ အစားထိုး ပြောရရင် arde / ar. နှင့် အဓိပ္ပာယ်ထွက်တဲ့ အမေးသဘောဆောင် စကားဆက်ဖြစ်တယ်။ "Darram" ကျတော့ dórmo ဘာသာ၊ zat လူမျိုး၊ အမျိုးအစား လို့ ဆိုလိုတယ်။ toul ကျတော့ အလေးချိန်တွယ်သည်။ no gorjja က no gorí ဖြစ်တယ်။ toul ကြိယာကို အငြင်းသဘောဆောင်ဖို့ သုံးနှုန်းထားတာဖြစ်တယ်။ ဒါဆို မချိန်တွယ်ဘဲ ပေါ့။ ဒီအပိုဒ်ရဲ့ ဆိုလိုရင်းက အရင်း၊ အဖျား ဆိုတာက "အညာနှင့် မြို့၊ လူမျိုး၊ ဘာသာ မခွဲခြားဘဲ (မချိန်တွယ်ဘဲ)" လို့ ဖြစ်တယ်။
"Cángbeñgya" ဆိုတာ လူနာမည် ဒါမှမဟုတ် နေရာဒေသတစ်ခုတွင် နေထိုင်သူ ဖြစ်တယ်။ ဘာကြောင့်ဆိုတော့ ရိုဟင်ဂျာဘာသာစကားမှာ ya ပစ္စည်းဟာ လူနာမည်ရဲ့ နောက်မှာ ရင်းနှီးတဲ့သဘောနဲ့ ထည့်ခေါ်လေ့ရှိတယ်။ ဥပမာ- Maung Phyu ကို Maung Phyujjya ၊ halu ကို halaya စသည်ဖြင့် သုံးနှုန်းလေ့ရှိတာပေါ့။ ဒါ့အပြင် နေရာဒေသတစ်ခုခုတွင် နေထိုင်သူကိုလည်း ya (-သား) လို့ သုံးကြတယ်။ ဥပမာ- သံတွဲကို Sanda ၊ သံတွဲသားကို Sandaya လို့ ခေါ်ကြတယ်။ နောက်က အပိုဒ်ကို ဖတ်ကြည့်တဲ့ခါ ဒီပုဒ်ဟာ လူတစ်ဦးတစ်ယောက်ရဲ့ နာမည်ဖြစ်ကြောင်း သိသာတယ်။ la က loi အတူ၊ Cóñggi khattai က စည်းလုံးညီညွှတ်ခြင်းလို့ အဓိပ္ပာယ်ထွက်တဲ့ ပေါရဏာစကားလုံးဖြစ်တယ်။ coñggi နဲ့ khattai အဓိပ္ပာယ်ချင်းတူပါတယ်။ ပုဒ်ကွဲ အနက်တူပေါ့။ စည်းလုံးမယ်၊ ပေါင်းမယ်၊ သွေးစည်းမယ် ဆိုတာက လူနဲ့ပဲ ဖြစ်မယ်လေ။ ဒါဆို ချင်းဘန် ဒါမှမဟုတ် ချင်းပြန် ဆိုတဲ့ လူတစ်ဦးတစ်ယောက်ရဲ့ နာမည်ဖြစ်ကြောင်း ထင်ရှားစေတယ်။ ဒီကြောင်းမှာ ဆိုလိုတာက "ချင်းပြန် ဆိုတဲ့ ခေါင်းဆောင်နဲ့ လက်တွဲ သွေးစည်းပြီးတော့"လို့ ဖြစ်တယ်။
နောက်ဆုံးအပိုဒ်က လင်္ကာတစ်ပိုဒ်လုံးရဲ့ အသက်ပဲ။ Avaya ဆိုတာ Ava ဆိုတဲ့ဒေသမှာ နေထိုင်သူ ဖြစ်တယ်။ Ava က အင်းဝမြို့ကို ခေါ်ဝေါ်ခဲ့တဲ့ နာမည်ဖြစ်တယ်။ avaya ဆိုတော့ အင်းဝသားပေါ့။ ဒါပေမဲ့ ဒီနေရာမှာ အင်းဝမြို့မှာ နေထိုင်တဲ့သူ သက်သက်ကို ဆိုလိုတာမဟုတ်ဘူး။ ရှေးအခါက ဗမာလူမျိုးတွေကို ရိုဟင်ဂျာတွေက avaya လို့ ခေါ်တာဖြစ်တယ်။ ဒီအသုံးအနှုန်းဟာ ကိုလိုနီခေတ်ရောက်တော့ တဖြေးဖြေး ပျောက်ကွယ်သွားပြီး ဗောရ်မာယာလို့ အစားထိုး ခေါ်ဝေါ်လာတာဖြစ်ပါတယ်။ ré ကျတော့ ဝိဘတ် 'ကို' ဖြစ်တယ်။ "di córai" က córai di ဖြစ်တယ်။ နှင်ထုတ်ကြမယ်/စို့ လို့ အနက်ထွက်ပါတယ်။ ဒါဆို ဒီတစ်ကြောင်းလုံးရဲ့အနက်က "ဗမာတွေကို နှင်ထုတ်မယ်/စို့" လို့ ဆိုလိုတာဖြစ်တယ်။
ဒီတော့ တစ်ခုလုံးရဲ့အနက်ကတော့ " အညာသား၊ မြို့သား၊ လူမျိုး၊ ဘာသာ မခွဲခြားဘဲ ချင်းပြန်နဲ့ ပူးပေါင်းသွေးစည်းကာ ဗမာတွေကို နှင်ထုတ်ကြမယ်" လို့ ဆိုလိုတာပါ။
ဒီလင်္ကာဟာ ချင်းပြန်ဆိုတဲ့ သူက ဗမာတွေကို နှင်ထုတ်ဖို့ ရုန်းနေတဲ့ခေတ်မှာ ပေါ်ပေါက်ခဲ့ကြောင်း ဒွိဟသံသယမရှိ ထင်ရှားစေပါတယ်။ ဒီနေရာမှာ ချင်းပြန် ဆိုတာ ဘယ်သူလဲ ဘယ်ကလဲ။ ဗမာတွေကို ဘယ်ကနေ နှင်ထုတ်ဖို့ ကြိုးစားခဲ့တာလဲ။ ဒီလိုဖြစ်ရပ် တကယ့်ဖြစ်ခဲ့ဖူးတာလား။ ဒါမှမဟုတ် ပုံပြင်တဲ့လား။ ဒီမေးခွန်းတွေကို အဖြေရှာဖို့ ခရီးစခဲ့တော့ မိမိနဲ့ အနီးအနားမှာ လက်လှမ်းမီတဲ့ ပုဂ္ဂိုလ်တွေဆီ စုံစမ်းကြည့်တယ်။ အကြီးတန်းစား သမိုင်းဆရာကြီးတွေတော့ မဟုတ်ဘူးနော်။ ရာဇဝင်သမိုင်းသိ လေးစားရတဲ့ ဝါရင့်ပုဂ္ဂိုလ်တွေပါ။ သူတို့နဲ့ ချင်းပြန်အကြောင်း မေးကြည့်တော့ "ဟုတ်တယ်… အာရ်ကန်ပြည်ကို ဗမာဘုရင် ဘိုးတော်မောင်ဝိုင်းက ၁၇၈၄ ခုတွင် ကျူးကျော်သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း ချင်းပြန် (ချင်းပျံ)နာမည်နဲ့ ရဲစွမ်းရဲခေါင် တော်လှန်ရေးသမား တစ်ယောက် ပေါ်ပေါက်ခဲ့တယ်။ သူဟာ မယူဒေသကနေ လက်နက်စွဲကိုင်ပြီးတော့ နယ်ချဲ့ဗမာတပ်တွေကို တော်လှန်ခဲ့တာဖြစ်တယ်။ အိန္ဒိယဖက် (ယနေ့ ဘင်္ဂလားဒေ့ရှ်) မှာလည်း ခိုလှုံခဲ့တယ်။ အရှေ့အိန္ဒိယ ကုမ္ပဏီက သူ့ကို ထောက်ခံပြီးတော့ အကူညီတွေလည်း ပေးခဲ့တယ်လို့ ဆိုတယ်။" စသည်ဖြင့် ပြောပြတာကို ကြားရတော့ ဝမ်းသာမဆုံးဖြစ်ရခဲ့တယ်။ ဗိုလ်ချင်းပြန်အကြောင်းနဲ့ လင်္ကာတစ်ခုလုံးရဲ့ ဆိုလိုရင်း၊ ကာလဒေသနောက်ခံတွေကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်သွားပြီ။ ဒီလင်္ကာဟာ ပုံပြင်ထဲက လွမ်းခန်း ညည်းနေတဲ့ လင်္ကာမဟုတ်ဘူး။ တကယ့်ဖြစ်ရပ်မှန် သမိုင်းတစ်ခုကို မှတ်တမ်းတင် ဖွဲ့ထားကြောင်း သေချာသွားလေတယ်။
ဒီတော့ အာရ်ကန်ပြည်ကို ဘိုးတော်ဘုရင်က ကျူးကျော်သိမ်းပိုက်ပြီးနောက် အာရ်ကန်ပြည်သူပြည်သားတွေကလည်း သူ့ကျွန်မခံလိုတဲ့ စိတ်ဓာတ်နဲ့ နယ်ချဲ့ကို လက်နက်စွဲကို တော်လှန်ခဲ့ကြတယ်။ အဲ့ဒီလို တော်လှန်ခဲ့ကြတဲ့ခါ ရိုဟင်ဂျာတွေလည်း မိမိတို့ ထီး၊ စည်၊ နန်း ဆုံးရှူံးခံရတာကို လက်ပိတ်ကြည့်မနေဘဲ ရခိုင်ညီနောင်တွေနဲ့ အတူတကွ ရွပ်ရွပ်ချွံချွံ ပါဝင်ခဲ့ကြောင်း ဒီလင်္ကာက သက်သေခံနေပါတယ်။
ရိုဟင်ဂျာတွေက ဘယ်အတိုင်းအတာအထိ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တာလဲ။ ရိုဟင်ဂျာတွေဖက်က ဦးဆောင်ခဲ့သူက ဘယ်သူလဲ စတဲ့ဟာတွေ တိတိကျကျ အခိုင်အမာ ပြောဆိုဖို့ ခက်ပါတယ်။ ကျောသား၊ ရင်သားမခွဲခြားဘဲ အဟုတ်သည်အဟုတ်၊ အမှန်သည်အမှန် ရှိရမယ်လို့ စိတ်ဓာတ်ဖြူစင်စွာ ထားရှိပြီး သုတေသန ပြုဖို့လိုအပ်ပါမယ်။ ဒါမှသာလျှင် သမိုင်းမှန် ဖော်ထုတ်ဖြစ်မှာပါ။ ဒီနေရာမှာ ကျနော်ရှင်းလင်းတင်ပြခဲ့တာက ရှေးခေတ်တေးလင်္ကာတစ်ပိုဒ်ရဲ့ ဖွင့်ဆိုချက်သက်သက်ဖြစ်ပါတယ်။ ရိုဟင်ဂျာစာပေ သုတေသန အသေးအမွှားသာ ဖြစ်ပါတယ်။ ရာဇဝင်သမိုင်းကို သုတေသနပြုခြင်းမဟုတ်ကြောင်း သိစေအပ်ပါတယ်။
(ရိုဟင်လေး)
April 26, 2019.
Ref: ဆင့်ပြန်သူ- Ayub Alom (62)
Grat chang

No comments:
Post a Comment