ရိုဟင်ဂျာစာပေ အရေးအသားနှင့် အရှုပ်တော်ပုံ
ရိုဟင်ဂျာတို့သည် ဟိုးရှေးပဝေသဏီကပင် စာပေယဉ်ကျေးမှု ဓလေ့ထုံးစံနှင့် ပြည့်စုံကုံလုံသည့် လူမျိုးတစ်မျိုး ဖြစ်သည်။ ခေတ်အဆက်ဆက် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာ၊ ကိုယ်ပိုင်စာပေနှင့် ထည်ဝါခဲ့သည်။ သို့သော် မလိုမုန်းတီးမှုစက်ဝန်းထဲ တဝဲလည်လည် ပတ်ခဲ့ရသည့်အပြင် ပစ်မှတ်ထား ချေမုန်းခြင်းကိုလည်း စနစ်တကျ ခံခဲ့ရသဖြင့် မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်၊ ဘာသာစကား စာပေ တို့ကို ရည်ရွယ်ချက်ရှိရှိ တဖြေးဖြေး ပျက်စီးခြင်းခံရခဲ့သည်။ ပြန်မဆယ်နိုင်လောက်အောင် ဆုံးရှူံးပျက်စီးခြင်းကို ရက်ရက်စက်စက်ခံခဲ့ရသည်။ ယနေ့ဆိုလျှင် မြေမျိုလိုက်သည့်အပြင် လူကိုပင် မျိုလိုက်လေတော့သည်။ ဤဆောင်းပါးတွင် ရိုဟင်ဂျာစာပေ အရေးအသားစနစ်အကြောင်းကို ဗဟုသုတအနေနှင့် လက်လှမ်းမီသလောက် အကျဉ်းဖြင့် ဆွေးနွေးတင်ပြသွားပါမည်။
အရေးအသားအကြောင်းကို မဖော်ပြမီ ဘာသာစကားနှင့်အရေးအသားကို ခွဲခြားသိထားရမည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဘာသာစကားပေါင်း ၇၀၀၀ ကျော်ရှိသည့်အနက် အင်ဒို-အာရီယာန် မျိုးနွယ်ဝင်ဖြစ်သော ရိုဟင်ဂျာဘာသာစကားသည် လည်း တစ်မျိုးအပါအဝင် ဖြစ်ပေသည်။ ဘာသာစကားသည် လူသားတို့ အပြန်အလှန်ဆက်သွယ်ရန် အသုံးပြုသော ကြားခံနယ် တစ်ခုဖြစ်၍ အရေးအသားမှာ ယင်းဘာသာစကား၏ အသံများကို အမှတ်အသား သင်္ကေတများပြုကာ မှတ်တမ်းတင်သော စနစ် ဖြစ်သည်။ တိုင်းပြည်တစ်ခု၏ နိုင်ငံရေး၊ စီးပွားရေး၊ သာသနာနှင့် သံတမန်ဆက်သွယ်ရေးတို့သည် ထိုတိုင်းပြည်၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုတို့အပေါ်အကျိုးသက်ရောက်မှုရှိသည်။ ရိုဟင်ဂျာစာပေအရေးအသားအကြောင်းကို "ခေတ်အဆက်ဆက် နိုင်ငံရေး၊ စီးပွားရေး၊ သာသနာရေးနှင့် ဒေသန္တရအခြေအနေကြောင့် အရေးအသားစနစ်အမျိုးမျိုး သုံးနှုန်းလာခဲ့ပုံနှင့် လက်ရှိရင်ဆိုင်နေရသော ရှုပ်ထွေမှု ပြဿနာ"ဟူ၍ အပိုင်း(၂)ပိုင်းခွဲကာ ဆွေးနွေးတင်ပြပါမည်။ (ဆွေးနွေးတင်ပြချက်မှာ အနည်းငယ်ရှည်လျားသွားနိုင်သည်။ သည်းခံဖတ်ရှု ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။)
အပိုင်း (က)
အာရ်ကန်ပြည်တွင် ရှေးပဝေသဏီကပင် ဗုဒ္ဓဘာသာဝင် အာရ်ကာနီစ် (ရခိုင်လူမျိုး)နှင့် အိစ္စလာမ်ဘာဘာဝင် အာရ်ကာနီစ် (ရိုဟင်ဂျာ)တို့သည် အတူတကွ ဒွန်တွဲနေထိုင်လာခဲ့ကြသည်။ တစ်ထီးတစ်မိုးအောက် သစ္စာခံသူများဖြစ်ကြသည်။ ထို့ကြောင့် ရှေးခေတ်က အရေးအသားစနစ် အသုံးပြုကြသူများမှာလည်း အာရကန်ပြည်ရှိလူမျိုးအားလုံး အကျုံးဝင်မည်မှာ ထင်ရှားသည်။ အာရကန်ပြည်တွင် ဒေဒီ ၅-၆ရာစုခန့်လောက်တွင် ဂုပ္ပတအက္ခရာနှင့်ရေးထိုးထားသည့် စာပေအရေးအသား တွေ့ရှိရသည်ဟု ပညာရှင်များကဆိုသည်။ အေဒီ ၈ ရာစု ဗေဆာလီခေတ်တွင် ရိုဟင်ဂျာဘာသာစကားဖြင့် ရေးထိုးထားသော အနန္ဒစန္ဒြာကျောက်စာ (အေဒီ-၇၂၉)ကို အခိုင်အမာတွေ့ရှိရသည်။ ယင်းကျောက်စာအရေးအသားအရ ရှေးအာရ်ကာနိစ်တို့သည် Hindus Valley မှ ဗြဟ္မီနာဂရီအက္ခရာကို အခြေခံကာ အရေးအသားစနစ် တီထွင်ခဲ့ကြောင်း ထင်ရှားစေသည်။ ဗေဆာလီဆောခေတ်တွင် အာရကန်ပြည်သို့ အာရပ်ကုန်သည်များ ရောက်ရှိလာ၍ အခြေချနေထိုင်လာခဲ့သောကြောင့် အာရဗီအက္ခရာကိုလည်း သုံးစွဲခဲ့သည်ဟု ယုံကြည်ရသော်လည်း ခိုင်လုံသော အထောက်အထား မထုတ်ဖော်နိုင်သေးချေ။ နောက်ပိုင်းတွင် အော်တိုမန်အင်ပါယာ၏ ဩဇာအရှိန်အဝါကြီးမားလာချိန်၌ အာရဗီ၊ ဖာရစီ အက္ခရာတို့ကို အခြေခံ၍ရေးသားခဲ့ကြောင်း ရှေးဟောင်း ကာဇီဖကီးရ် ကျောက်စာ(အေဒီ- ၁၄၉၅)စသော ဖာရစီကျောက်စာများ၊ အာရဗီကျောက်စာများ၊ ငွေဒင်္ဂါးများကိုလည်း အာရ်ကန်ပြည်အနှံအပြားတွင် တွေ့ရှိရသည်။ အာရ်ကန် နိုင်ငံရေးအခြေအနေ ပြောင်းလဲလာသည်နှင့်အမျှ စာပေယဉ်ကျေးမှု အပြောင်းအလဲလည်း တစ်ပြိုင်တည်း ဖြစ်လာခဲ့သည်။ မြေက်ဦးခေတ်တွင် ထင်ရှားသော ရိုဟင်ဂျာနန်းတွင်းစာဆိုများ ပေါ်ပေါက်ခဲ့သည်။ ထိုခေတ်တွင် အာရဗီအက္ခရာ၊ ပါရှင်အက္ခရာအပြင် ဘင်္ဂလီအက္ခရာလည်း အာရ်ကန်ပြည်သို့ စီးဝင်လာခဲ့သည်။ ပါရှင်စာပေသည် နန်းတွင်းစာပေအဖြစ် ဆယ်စု ၅-၆ ခု တိုင်အောင် အသုံးပြုခဲ့သည်။ ထိုအက္ခရာတို့ကို အခြေခံ၍ ထင်ရှားသော ရိုဟင်ဂျာဖူတီးလင်္ကာရှည် ကဗျာပုံစံများ တီထွင်ခဲ့သည်။ ဘင်္ဂါလီအက္ခရာများကို အခြေခံ၍ ရေးသားခဲ့သော ပဒုမ္မဝတီ(Padmavati) ကဗျာရှည်စသည့် ထင်ရှားသော ဖူတီးလင်္ကာရှည်များ မွေးထုတ်ပေးခဲ့သည်။ စာဆိုအာလာဝလ်သည်လည်း ဖာရစီအက္ခရာကို အခြေခံ၍ ကဗျာများ တေးသီချင်းများရေးသားခဲ့သည်။ [တွာဟီရ် ဘသာ (သမိုင်းသုတေသီ)]
အာရ်ကန်ပြည်ကို ဗမာတို့ ကျုးကျော်သိမ်းပိုက်လိုက်သောအခါ အထက်ပါ အရေးအသားစနစ်များ တဖြေးဖြေး မှေးမှိန်လာခဲ့သည်။ ဗမာပြည် အင်းဝခေတ်ကပင် အာရ်ကန်၌ အထိအတွေ့ရှိခဲ့သော မွန်မြန်မာအက္ခရာကို အခြေခံ၍ စာပေများ ရေးသားမူ အားကောင်းလာပြန်သည်။ ကိုလိုနီခေတ်တွင် ရိုဟင်ဂျာအမျိုးသားများတွင် လောကဓာတ်ပညာတတ်နှင့် လောကုတ္တရာပညာတတ်များ ယခင်ထက် တိုးပွားလာခဲ့သည်။ လောကဓာတ်သင် ပညာတတ်များသည် အင်္ဂလိပ်စာနှင့် မြန်မာစာ အရေးအသားကို အသုံးများလာပြီး သာသနာ့ပညာရှင်များသည် ခေတ်သစ် အူရ်ဒူ၊ ဖာရစီ အရေးအသားကို တွင်တွင်ကျယ်ကျယ် သုံးနှုန်းလာခဲ့သည်။ ကိုလိုနီခေတ်တွင် မိမိတို့ ဘိုးဘွားတို့က သုံးနှုန်းခဲ့သည့် ရှေးဟောင်း နာဂရီ၊ ဗြဟ္မီ၊ ဖာရေစီ၊ ဘင်္ဂလီ အခြေခံထားသော အရေးအသားစနစ်များမှာ အရေးအသားစနစ်သေ (Dead Writing System) ဖြစ်လာခဲ့သည်။ နယ်ချဲ့အစိုးရသည် ခွဲခြားအုပ်ချုပ်ရေး (Divide and Rule) ပေါ်လစီကို လွယ်ကူစွာ ကျင့်သုံးရန် ယဉ်ကျေးမှု စာပေ လုပ်ကြံမှုကို သော့ချက်အဖြစ် အသုံးပြုခဲ့သည်။ ကိုလိုနီအစိုးရသည် အနောက်တိုင်းသား ရိုးရာတို့ကို ရောနှောစပ်ယှပ်ပေးခဲ့သည်။ ပညာရေးကို မြင့်တင်ပေးသယောင်နှင့် ရိုဟင်ဂျာစာပေအရေးအသားကို ဖော်ထုတ်ဖို့ အားမပေးဘဲ အူရ်ဒူကျောင်းများ ဖွင့်လှစ်ပေးခဲ့သည်။ ဤသည်မှာလည်း လုပ်ကြံမှု တစ်ခုပင်ဖြစ်သည်။ ကိုလိုနီနောက်ပိုင်းတွင် ရိုဟင်ဂျာရှေးဟောင်းစာပေကို ဖတ်ရှုနိုင်သူမှာ တစ်ရာခိုင်နှုန်းလောက်သာ ရှိမည်ဟု ခန့်မှန်းနိုင်လောက်သည်။ ကိုလိုနီခေတ်တွင် အများဆုံး အသုံးပြုခဲ့သော အရေးအသားမှာ အင်္ဂလိပ်၊ အူရ်ဒူ၊ အာရဗီ စာပင်ဖြစ်သည်ဟု ဆိုနိုင်သည်။
ထို့နောက် ဖက်ဆစ်ဂျပန်ခေတ်တွင် အာရဗီအက္ခရာကို အခြေခံသော ရှေးရိုဟင်ဂျာ အရေးအသားစနစ်ကို ပြန်လည်အသက်သွင်းလာခဲ့သည်။ စာအုပ်စာပေ အချို့ကိုလည်း ရေးသားပြုစုခဲ့သည်။ ကျမ်းမြတ်တော် ကုရ်အာန်ကို လက်ရေးလှရေးသည့်အပြင် ရိုဘာသာစကားဖြင့် ဘာသာပြန်ရန်လည်း အားထုတ်ခဲ့သည်။ ထိုဘာသာပြန် စာမူရင်းမှာ ဖက်ဆစ်ဂျပန်အစိုးရက ဘာသာပြန်သူ၏ ရွာကို မီးရှို့ရာ ထိုစာမူများလည်း မီးထဲပါသွားကြောင်း ရိုဟင်ဂျာသုတေသီ ဆရာကြီးဘသာ၏ The Rohingya Fine Arts စာတမ်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ ကိုလိုနီကျွန်ဘဝမှ လွတ်မြောက်ပြီးနောက် ရိုဟင်ဂျာတို့သည် နှစ်ကြာခံလာခဲ့သည် ကျွန်စီး ကျီးကန်းတောင်းမှောက်ဘဝမှ လွတ်လပ်သော အသက်ရှုခွင့်ရရှိခဲ့သည်။ မိမိတို့၏ စာပေယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဖော်ထုတ် အားအင်တင်းစေရန် အခြားလူမျိုးစုနည်းတူ ကြိုးပမ်းလာခဲ့သည်။ မိမိတို့ လူမျိုး၏ စာပေ အရေးအသား စင်မြင့်ကို မြေတောင်မှောက်ပေးရမည်ဖြစ်ကြောင်း တွေ့မြင်ရသည့်အလျောက် မျိုးချစ်စိတ်ထက်သန်သော ရိုဟင်ဂျာတို့သည် မနားတမ်း ကြိုးပမ်းလာကြသည်။ ထိုပုဂ္ဂိုလ်များထဲတွင် လွတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ အတွင်းဝန်လည်းဖြစ်၊ သမိုင်းသုတေသီလည်း ဖြစ်သူ အမ်အေ-ဂါဖ္ဖား က အာရဗီအခြေခံ ရိုဟင်ဂျာစာပေ အရေးအသားစနစ်ကို ရှေးဆက်ငင်နိုင်ရန် ကြိုးစားခဲ့လေသည်။ ဘူးသီးတောင်ရှိ မိမိ၏ အိမ်ခြံတွင် ဆရာများငှားရမ်းကာ သင်ပြပေးခဲ့ရာ အတိုင်းအတာတစ်ခုအထိ တိုးတက်မှုရရှိခဲ့သည်။ နောက်ပိုင်းတွင် ထိုစနစ်လည်း အားပျော့လာခဲ့သည်။ ဤကြားကာလတွင် အခြားပညာရှင်များကလည်း အမျိုးမျိုးကြိုးပမ်းကြသည်ဟု ဆိုကြသည်။ သို့သော် ရိုဟင်ဂျာတို့သည် ပြန်တစ်ခါ နှိပ်စက်မှုကျော့ကွင်းထဲမိနေချိန်ဖြစ်သည်။ အဖက်ဖက်မှ ရိုဟင်ဂျာတို့ကို ပစ်မှတ်ထား မျိုးသုဉ်းပျက်စီးအောင် ကြံစည်နေသည့် တော်လှန်ရေးအစိုးရကာလဖြစ်သည်။ ရိုဟင်ဂျာတို့သည်ပြန်တစ်ခါ သူ့ခြေဖဝါး အောက် ကျီးကန်းတောင်းမှောက် ကျရောက်ခဲ့ရလေသည်။
ဤအကျပ်အတည်းဖိနှိပ်မှုကာလတွင် ဆရာ မီရ်အဟ်မတ် ဆိဒ္ဒီကီးနှင့် အဖွဲ့သည် အရဗီအက္ခရာ အရေးအသားစနစ်ကို ဆက်လက်ရှင်သန်လိုသည့် ရည်ရွယ်ချက်ဖြင့် စာအုပ်စာပေများ၊ ကဗျာလင်္ကာများ ရေးသားခဲ့သည်။ ယနေ့လည်း ဘာသာရေးပညာတတ် အသိုင်းအဝိုင်းအချို့သည် ထိုအက္ခရာ အရေးအသားစနစ်ကို လိုအပ်သလိုပြုပြင်မွမ်းမံ၍ ရေးသားနေဆဲဖြစ်သည်။ စာအုပ်စာပေလည်း ထုတ်ဝေနေဆဲဖြစ်သည်။
၁၉၈၀ နောက်ပိုင်းတွင် ဆရာ မိုဟာမ္မဒ်ဟားနီဖ်နှင့်အဖွဲ့သည် ရိုဟင်ဂျာ အက္ခရာတစ်မျိုးကို ဆန်းသစ် တီထွင်ခဲ့လေသည်။ အာရဗီကဲ့သို့ လက်ယာဘက်မှ လက်ဝဲဘက်သို့ ရေးရသည့်စနစ်ဖြစ်သည်။ သူတီထွင်ခဲ့သည့် အက္ခရာသည် မည်သည့်အက္ခရာကိုမှ တိုက်ရိုက် အခြေခံခြင်းမဟုတ်ဘဲ အသစ်သက်သက်ပင်ဖြစ်သည်။ ထိုအက္ခရာကို ဟာနီဖီအက္ခရာ အမည်နှင့်လူသိများသည်။ သူ၏ အပတ်တကုတ် ကြိုးပမ်းမှုကြောင့် အတော်အတန်ပျံ့နှံ့ခဲ့သည်။ ထိုချိန် လူထုထောက်ခံမှုလည်း ရရှိခဲ့သည်။ သို့သော် အစိုးရ၏ နှိပ်ကွပ်မှုကြောင့် တိုးတက်နိုင်သလောက် မတိုးတက်ခဲ့ချေ။ နောက်ဆုံးတွင် ဟာနီဖ်နှင့်အဖွဲ့သည် အစိုးရ၏ ခြိမ်းခြောက်ဖိနှိပ်မှုကြောင့် အမိပြည်မှ ထွက်ပြေးခဲ့ရရှာသည်။ ဆယ်စုနှစ် နှစ်ခု ကျော်ကျော်တွင် ထိုအရေးအသားစနစ်သည် ပြည်တွင်း၌ ရာဇဝတ်မှုကဲ့သို့ မုန်းတီးသူ၏ နိမ်နှင်းခြင်းကို ခံရသဖြင့် ပြည်တွင်း၌ ပျောက်ကွယ်လုနီးပါး ဖြစ်လာခဲ့ရသည်။ မျိုးချစ်စိတ်တက်သန်သော လူငယ်အချို့က လျို့ဝှက်သင်ယူ သင်ပြ၍ ရေလောင်းခဲ့သည်။
ဆရာဟနီဖ်နှင့်အဖွဲ့သည် ရောက်လေရာအရပ်၌ ရေငုံတိတ်ဆိတ်မနေဘဲ အမျိုးမျိုးသော စာအုပ်စာပေများ ရေးသား ထုတ်ဝေခဲ့ခြင်းဖြင့် ထိုအရေးအသားစနစ်ကို ဆက်လက် ရှင်သန်စေခဲ့သည်။ နှစ်ပေါင်း ၂၅-၃၀ နှစ် ကြာပြီးနောက်တွင် IT ပညာတတ် လူငယ်တစ်ဦးက ထိုအက္ခရာကို ကွန်ပျူတာ၌ သုံးစွဲနိုင်အောင် ဒီဂျတယ် ပုံစံသွင်းပေးခဲ့သည်။ ကွန်ပျူတာတွင် ပထမဆုံး အသုံးပြုခဲ့သော ရိုဟင်ဂျာအက္ခရာ ဖြစ်လာခဲ့သည်။ တဖန် အက္ခရာကို ကုန္နာ ဟော့ရဖ် [ခရာထောင့်]နှင့် ဂူဝိုက်ယာ ဟော့ရဖ် [ခရာဝန်း] ဟူ၍ ပုံစံနှစ်မျိုး တိုးချဲ့ခဲ့သည်။ ၂၀၀၇ ခုတွင် ISO (International Organization for Standardization) နိုင်ငံတကာစံအရေးသားစနစ် အဖွဲ့အစည်းတွင် မှတ်ပုံတင်နိုင် ခဲ့သည်။ ၂၀၁၅ ခု နောက်ပိုင်းတွင် ရိုဟင်ဂျာသတင်းဌာနတစ်ခုမှ ဦးဆောင်၍ Ruwainga Zuban Academy ခေါင်းစဉ်အောက်တွင် ထိုဟနဖီအရေးအသားစနစ်ကို တိုးတက်အောင်ဆောင်ရွက်နေသည်မှာ ယနေ့အထိဖြစ်သည်။ ထိုသို့ ဟနဖီအက္ခရာကို အဆင့်မြင့်တိုးချဲ့ရာ ၂၀၁၇ ခုတွင် ကုသုဗီ အမည်ဖြင့် အက္ခရာပုံစံ နောက်တစ်မျိုး ဆင့်ပွားတိုးလာခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် Unicode အက္ခရာကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။ ယနေ့ ဂိုးဂယ်လ်(Google)၏ အကူအညီဖြင့် အင်တာနက်အွန်းလိုင်းတွင် အသုံးပြုနိုင်အောင် အခြေခံအဆင့် အောင်မြင်ခဲ့ပြီဖြစ်သည်။ စမတ်ဖုန်းများတွင်လည်း သုံးနိုင်သည်အထိ တိုးတက်လာခဲ့သည်။
ကွန်ပျူတာနည်းပညာ တွင်ကျယ်လာသောအခါ အင်ဂျင်နီယာ မိုဟမ္မဒ်ဆီဒ္ဒီခ်သည် ကွန်ပျူတာ၌ ရိုဟင်ဂျာဘာသာစကားကို လွယ်လွယ်ကူကူ ရေးသား၍ အချင်းချင်း ဆက်သွယ်နိုင်အောင် လက်တင်အက္ခရာကို အခြေခံသော အရေးအသားစနစ် တစ်ခုကို ၂၀၀၄ ဝန်းကျင်တွင် မိတ်ဆက်ပေးခဲ့သည်။ ယင်းအက္ခရာကို ရိုဟင်ဂျာလိပ် [Rohingyalish] ဟု အမည်ပေးခဲ့သည်။ သုံးရလွယ်ကူသဖြင့် လူထုထောက်ခံမှုလည်းကို ရရှိခဲ့သည်။ နေရှိုက်ရှိုက်ပူနေသော နွေရာသီ မွန်းတည့်ချိန်၌ ရေငတ်သူသည် အေးမြသော စမ်းချောင်းတွေ့သကဲ့သို့ ရိုဟင်ဂျာလူငယ်တို့သည် အလုအယက် သုံးစွဲလာခဲ့ကြသည်။ ယနေ့တိုင် အင်တာနက်နှင့် ဆိုရှယ်မီဒီယာတို့တွင် အများဆုံးအသုံးပြုနေသည့် ရိုဟင်ဂျာ အရေးအသားစနစ် တစ်ခုဖြစ်လေသည်။ ဆရာကြီးနှင့် အပေါင်းအဖော်တို့သည် အွန်လိုင်း ဝက်ဆိုဒ်ပေါင်း ရာချီထူထောင်၍ ရိုဟင်ဂျာလူမျိုး၏ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ အနုပညာဆိုင်ရာ ဗဟုသုတများကို နေ့စဉ်နှင့်အမျှ မျှဝေနေကြသည်။ ခံစားချက်များ ဖွင့်ဟနေလျက်ရှိကြသည်။ ပျောက်လုဆဲဆဲ ဖြစ်နေသော ရိုဟင်ဂျာစာပေသည် အသက်တစ်ရှိုက် ရှုခွင့်ရရှိလေသည်။ တဖန် ၂၀၁၂ အလွန်တွင် အာရှဟီရိုဟု ကလောင်အမည်ခံယူထားသော ပုဂ္ဂိုလ်နှင့်အဖွဲ့က ထိုလက်တင်အခြေခံသောစနစ်ကိုပင် နောက်ထပ် အက္ခရာအချို့ လိုတိုးပိုလျှော့လုပ်ကာ ရေးသားသည့်စနစ်ခွဲတစ်ခု တိုးချဲ့ပေးခဲ့သည်။
ထို့အပြင် ၂၀၀၇ ခုခန့်တွင် လူသားချင်းစာနာထောက်ပံ့သော FAO အဖွဲ့အစည်းမှ ဦးဆောင်၍ မြန်မာအက္ခရာကို အခြေခံကာ ရိုဟင်ဂျာဘာသာစကားဖြင့် စိုက်ပျိုးရေး လက်ကမ်းစာအုပ်များကို ပုံနှိပ်ဖြန့်ဝေခဲ့သည်။
ဤသို့ဖြင့် ရိုဟင်ဂျာတို့သည် နိုင်ငံရေး၊ တိုင်းပြည်ရေး၊ လူမူရေး အခြေအနေဆိုးများကို ရင်ဆိုင်ခဲ့ရသည့် အားလျော်စွာ အမျိုးမျိုးသော အရေးအသားစနစ်ကို မှီတင်းပြုကာ အမျိုးသားစာပေကို ထိန်းသိမ်းရန် ကြိုးပမ်းခဲ့သည်။ ဤသည်မှာ ရိုဟင်ဂျာတို့က ခေတ်အဆက်ဆက် အကြောင်းအမျိုးမျိုး ပြောင်းလဲသုံးစွဲလာခဲ့သည့် အရေးအသားစနစ် သမိုင်းအကျဉ်းဖြစ်ပေသည်။
အပိုင်း (ခ)
ရိုဟင်ဂျာတို့သည် ယနေ့ ရင်ဆိုင်နေရသော အခက်အခဲတစ်ခုကား "ရှေးခေတ်က ကမောက်ကမကြောင့် သုံး၊လေးမျိုးဖြစ်နေသော အရေးအသားစနစ်များမှ ထိရောလွယ်ကူသော ဘုံအရေးအသားစနစ်တစ်မျိုး ရရှိရေး"ဖြစ်သည်။ ယနေ့ ရှင်သန်နေသော ရိုဟင်ဂျာစာပေ အရေးအသားစနစ် သုံး၊လေးခုတောင် ရှိနေသေးသည်။ အာရဗီအခြေခံထားသော အက္ခရာတစ်မျိုး၊ ဟာနဖီ အက္ခရာတစ်မျိုး၊ လက်တင် အခြေခံထားသော အက္ခရာနှစ်မျိုး ဖြစ်သည်။ သုံးမျိုးစလုံးမှာ အနည်းနှင့်အများ လူထုထောက်ခံမှု ရှိသည်။ သို့သော် လက်တင်အခြေခံထားသော ရိုဟင်ဂျာလိပ်အက္ခရာနှင့် ဟာနဖီအက္ခရာတို့မှာ ထောက်ခံမှု အားကောင်းသည်။ ဟာနဖီ က ထောက်ခံမှုအများဆုံးဟု ခန့်မှန်းနိုင်သည်။
မည်သို့ပင်ဖြစ်စေ မျိုးစေ့သစ်တို့၏ မေးခွန်းတစ်ခုကား "ကျွန်ုပ်တို့ ဘယ်အက္ခရာနဲ့ ရှေ့ဆက်ရမှာလဲ"။ အချို့က "ရှေးဟောင်းကျောက်စာပါ အက္ခရာဖြစ်တဲ့ ဗြဟ္မီနာဂရီ အက္ခရာကို ပြန်လည်မွမ်းမံပြီးတော့ ဘုံအဖြစ်သုံးရင် မကောင်းဘူးလား" စသောမေးခွန်းဖြစ်သည်။ ဤမေးခွန်းများက တိုတောင်းသော်လည်း အဖြေက ရှုပ်ထွေလှသည်။ အငြင်းအခုံများလည်း သူသာငါသာ စသည်ဖြင့် ရှိနေဆဲ။ အာရဗီအုပ်စုက "ဒီအက္ခရာဟာ ရှေးခေတ်တွင်သုံးခဲ့တဲ့ သမိုင်းလဲရှိတယ်။ ကျနော်တို့ သာသနာ့ကျမ်းတော်မြတ် ကုရ်အာန်မှာလည်း ဒီအက္ခရာ သုံးနှုန်းထားတာကြောင့် ထူးမြတ်တယ်"ဟု ပြောဆိုကြတယ်။ ဟာနီဖီအုပ်စုက "ဒီအက္ခရာဟာ ဘယ်အက္ခရာကိုမှ အခြေခံထားတာ မဟုတ်ဘူး။ မိမိတို့ရိုဟင်ဂျာက ဆန်းသစ်ထီထွင်ထားတာမို့ ဒါဟာ တို့အတွက် အသင့်တော်ဆုံးဖြစ်တယ်" ဟု ဆိုကြသည်။ ရိုဟင်ဂျာလိပ်အုပ်စုက " ဒါက သုံးရလွယ်ကူတယ်။ ဘယ်နေရာမှာ မဆို အလွယ်တကူ ရေးသားနိုင်တယ်။ သင်ဖို့လဲ လွယ်တယ်။ ဒါကြောင့် ဒါအကောင်းဆုံးပဲ " ဟု အခိုင်အမာ ပြောဆိုကြသည်။ အသစ်တစ်မျိုး ပြန်လည်ပြုပြင်၍သုံးချင်သောအုပ်စုက "ယခု ရှိနေတဲ့ အက္ခရာစနစ်တွေဟာ သမိုင်းမလှဘူး။ စာပေသမိုင်းဦးက သုံးခဲ့တဲ့ အက္ခရာကို ပြုပြင်ပြီးတော့ သုံးမှ သင့်တော်မယ်"ဟု ပြောဆိုကြသည်။ သူ့အုပ်စုနဲ့သူ မလဲမယိုင် အခိုင်အမာ ရပ်တည်နေကြသည်။ ဤအငြင်းအခုံကို ဖြေရှင်းဖို့အတွက် ကမ္ဘာ့အခြားဒေသမှာ မိမိတို့ကဲ့သို့ အခက်အခဲများရှိခဲ့သလား။ ဘာသာစကားတစ်ခုကို အရေးအသားစနစ် တစ်ခုနှစ်ခု သို့မဟုတ် ရှေးတစ်မျိုးနောက်တစ်မျိုး ရေးခဲ့သည့်ဖြစ်ရပ် ရှိသလား။ အဖြေက "ဟုတ်တယ်"၊ "ရှိတယ်" ဟုထွက်ပါမည်။ ထို့ကြောင့် ပထမဦးဆုံး တခြားနိုင်ငံ၊ တခြားလူမျိုးစု၏ အရေးအသားစနစ်သမိုင်း အချို့ကို အနည်းငယ် လေ့လာကြည့်ရဦးမည်ဟု ထင်မိပါသည်။
သာမန်အားဖြင့် နိုင်ငံတစ်ခု၊ လူမျိုးတစ်စုတွင် ရုံးသုံးဘာသာစကားကို ရေးသားရာတွင် အရေးအသားစနစ် တစ်မျိုးတည်းကိုသာ ကျင့်သုံးကြသည်။ သို့သော် သမိုင်းကြောင်း ကမောက်ကမကြောင့် အက္ခရာ နှစ်မျိုး၊ သုံးမျိုးရှိတတ်သည်။ ဥပမာ- ဆားဗီးယား၊ ဘော့စနီးယားသားတို့သည် အက္ခရာတစ်မျိုးမက သုံးနေကြသည်။ ဆားဗီးယားသည် လက်တင်အခြေခံသော အက္ခရာနှင့် ဘိုင်ဇင်တိုင်ခရစ်ယာန်ဘုန်းကြီးများထီထွင်ခဲ့သည့် ဆီးရိလိပ် (Cyrillic) အခြေခံသော အက္ခရာ နှစ်မျိုးကို ရုံးသုံးအဖြစ် သုံးနေကြသည်မှာ အထင်အရှားတွေ့ရပါသည်။ ထိုနည်းတူ ကဇာကစ္စတန် (Kazakhstan)၊ ဥဇဘေကိစ္စတန်(Uzbekistan) သားတို့မှာလည်း လက်တင်နှင့် ဆီးရိလိပ် နှစ်မျိုးရှိခဲ့ရာ အားကောင်းနေသည် ဆီးရိလိခ်ဘက်နှင့် ရေးနေသည်ကို တွေ့ရသည်။ သူတို့က ၁၉ ရာစုတွင် အာရဗီအက္ခရာကိုလည်း သုံးစွဲခဲ့ကြသည်။ ထို့အပြင် ဂျပန်နိုင်ငံမှာလည်း Katakana နှင့် Hiragana ဟူ၍ လက်ရှိသုံးနေသော အရေးအသားနှစ်မျိုး ရှိနေသည်။
အံ့ဖွယ်ကောင်းသည့်အချက်က အရေးအသားစနစ်ကို ကမ္ဘာဦး ထီထွင်ခဲ့သော အီဂျစ်သားတို့သည် ယနေ့ဆိုလျှင် သူတို့၏ ရှေးဟောင်းအက္ခရာများကို ဆုံးရှုံးခဲ့ရသည်။ သုံးစွဲရေးသားခြင်းလုံးဝမရှိချေ။ သူတို့လည်း အာရဗီအက္ခရာနှင့် ရောမအက္ခရာတို့ကို မွေးစားသုံးစွဲနေရလေသည်။ စင်စစ်မှာ Sumerian ၊ Hieroglypics တို့သည် အီဂျစ်သားများထီထွင်ခဲ့သော ကမ္ဘာ့ရှေးအကျဆုံး အရေးအသားစနစ်ဖြစ်ပေမဲ့ ယနေ့ အခြားအက္ခရာများကို သုံးစွဲနေသည်မှာ ခေတ်တလျှောက် အပြောင်းအလဲကြောင့်ဟု ယုံကြည်ရသည်။
မလေး၊ အင်ဒို၊ ဘရူနိုင်း၊ စင်္ကာပူ တို့က အရေးအသားစနစ်ကို ရှေး တစ်မျိုး ခုတစ်မျိုး ပြောင်းသုံးနေကြသည်ကို တွေ့ရပါသည်။ ရှေးခေတ်တွင် မလေးတွေက သက္ကတဗြဟ္မအခြေခံဖြစ်သော ပါလ္လာဝီ (Pallavi)၊ ကီဝီ (Kiwi) အက္ခရာများကို သုံးစွဲကြပြီး အိစ္စလာမ်သာသနာ အားကောင်းလာသည့်အခါ အရဗီအခြေခံဖြစ်သော ဂျာဝီ (Jawi) အက္ခရာကို သုံးစွဲလာသည်။ ထို့အပြင် သူတို့ ထီတွင်ထားသော Recong အက္ခရာကိုလည်း အချိန်ကာလတစ်ခုအထိ သုံးစွဲခဲ့သည်။ နောက်ပိုင်း ဥရောကိုနီလက်အောက် ကျရောက်၍ ရောမအက္ခရာအခြေခံသည့် အရေးအသားစနစ်ကို သုံးစွဲလာသည်မှာ ယနေ့အထိပင်ဖြစ်သည်။ တူရကီနိုင်ငံဆိုလျှင်လည်း ယခင်က အရဗီအက္ခရာ အရေးအသားစနစ်ကို ရုံးသုံးအဖြစ်ကျင့်သုံးခဲ့သည်။ ကြားကာလတွင် Cyrillic အက္ခရာကို သုံးစွဲသည်။ သို့သော် ယခု ရောမအက္ခရာကို အခြေခံသော အရေးအသားစနစ်ကို ရုံးသုံးအဖြစ်ကျင့်သုံးလာလေသည်။ ပါကစ္စတန်ကလည်း အလွန်ရှေးကျသော ဗြဟ္မီအက္ခရာကို စွန့်လွှတ်၍ မဂိုတို့နှင့်အတူပါလာသော အာရဗီအခြေခံအက္ခရာကို ရုံးသုံးအဖြစ် သုံးနေကြသည်။ ဤသို့သော အရေးအသား ရှုပ်ထွေမှုများသည် နောက်လည်း အများအပြား ရှိနေသေးသည်။ အသေးစိတ်ဖော်ပြလိုပါက စာအုပ်တစ်အုပ် ရေးသား၍ ဖော်ပြရမည်။
အထက်ဖော်ပြပါ အခြားနိုင်ငံများ၏ အရေးအသားစနစ်အကြောင်းမှ ထင်ရှားလာသည်က ဘာသာစကားတစ်ခုကို မည်သည့်အက္ခရာနှင့် ရေးသည်ဖြစ်စေ ထိုဘာသာစကား၏စာပေသာ ဖြစ်ပေလိမ့်မည်။ ရေးသားသည့်အက္ခရာသင်္ကေတပုံစံကို အလေးမထားဘဲ ရေးသားသည့်စကားကိုသာ အခရာထားသည်။ ရေးသားသည့်အက္ခရာကား ပြောင်းလဲကောင်းပြောင်းလဲနိုင်သည်။ အများပြည်သူ လက်ခံလာမှုသာ အဓိကဖြစ်ကြောင်း တွေ့ရပါသည်။
မည်သည့်အက္ခရာနှင့်မဆို မိမိတို့၏ ဘာသာစကားကို ရေးသားလျှင် မိမိတို့ စာပေသာ ဖြစ်သွားပါလိမ့်မည်။ ထိုအက္ခရာ သုံးသင့်သည်။ ဒီအက္ခရာ မသုံးသင့်။ ထိုအက္ခရာကို ထိုသူက တီထွင်သည်။ ထိုအက္ခရာကို ထိုအက္ခရာမှ မွေးစားထားသည်။ ထိုအက္ခရာသည် ရှေးမကျ၊ သမိုင်းမလှ။ ဤအက္ခရာသည် မည်သို့ ဂုဏ်ထူးမရှိ စသည်ဖြင့် အငြင်းပွားနေလျှင် ခေတ်နောက်ကျနေသော ရိုဟင်ဂျာစာပေသည် ပို၍ပင် အလှမ်းဝေးသွားပါမည် မဟုတ်လော။ အချင်းချင်း ဂိုဏ်းဃနတိုးပွားလာမှုသည် စာပေဖွံ့ဖြိုးမှုကို အဟန့်အထားပြုလိမ့်မည်။ ဘာသာစကားကိုသာ ထိန်းသိမ်းဖို့ အရေးကြီးပါသည်။ ခေတ်အလျောက် ပြောင်းလဲနေသော ဘာသာစကား ဝေါဟာရများ၊ အသုံးအနှုန်းများကို မှတ်တမ်းတင်မှုမရှိပါက သမိုင်းလည်းပျောက်၊ စကားလည်းပျောက် တစ်နေ့ ကြက်တူရွေး လူမျိုးဟု အခေါ်ခံရလိမ့်မည်။ ဘာသာစကား၏ ရင်းမြစ်၊ ပြောင်းလဲပုံ၊ ဒေသိယကွဲပြားပုံ စသည်တို့ကို ဖော်ထုတ်ရန် မဖြစ်နိုင်သလောက် ဖြစ်သွားလိမ့်မည်။ ထို့ကြောင့် စာပေကို မြင့်တင်စေရန် အရှိန်မြင့် ရေးသားမှုသည် မဖြစ်မနေ လိုအပ်ပေသည်။
ညီညွတ်သော ဘုံအရေးအသားစနစ်တစ်ခုသည် တစ်ဦးယောက်၊ တစ်စုတစ်ဖွဲ့၏ တိုက်တွန်းချက်ဖြင့် ဖြစ်လာသည် မဟုတ်ပေ။ ကလောင်ရှင်တို့၏ စေတနာနှင့် မဆုတ်မနစ် အားထုတ်မှုကသာ ဖော်ဆောင်ပေးနိုင်သည်။ မတူကွဲပြားသော ဒေသ၊ အဖွဲ့အစည်း၊ တို့၌ အမြင်၊ သဘောတရား၊ ခံယူချက် စသည်တို့လည်းတူမည် မဟုတ်ချေ။ ကွဲပြားမှုကို ညီညွှတ်လာသည့်အချိန်အထိ စောင့်ဆိုင်းနေ၍ ကလောင်ကို မင်ဆီတောင်ခန့်ခြောက်သွားအောင် ဘေးဖယ်ထားမည်ဆိုလျှင် မည်သည့်အခါမှ မျှော်လင့်နေသည့် အောင်မြင်မှု ရလိမ့်မည်မဟုတ်ချေ။ အကြောင်းမှာ အရေးအသားစနစ်သည် အသုံးများလေ၊ အတွင်ကျယ်လေ၊ လူတို့လက်ခံလာလေ သဘောဖြင့်သွားသည်။ ရေးလွယ်ဖတ်လွယ်သော အရေးအသားစနစ်သည် အသုံးများလာသည်။ လူတို့ လက်ခံလာတတ်ကြသည်။ အနည်းချက်များ၊ ချွတ်ယွင်းချက်များကိုလည်း တပြေးညီပြင်ဆင်လာကြမည် ဖြစ်သည်။ ပို၍ စိတ်ဝင်စားလာကြမည်။ အရေးအသားတစ်မျိုးကို လူတို့ လက်ခံလာသည်နှင့်အတူ အခြားမျိုးများမှာ တဖြေးဖြေးနှင့် အားပျော့လာကာ ပျောက်ကွယ်သွား၍ ဘုံစနစ်တစ်မျိုး ပေါ်ထွန်းလာနိုင်ပါသည်။
နိုင်ငံတစ်နိုင်ငံ၏ ရုံးသုံးအရေးအသားစနစ်မှာမူ နိုင်ငံတော်၏ အခြေခံဖွဲ့စည်းပုံကထိန်းသိမ်းသည့်အပြင် သတ်မှတ်ထားသော သက်ဆိုင်ရာ အဖွဲ့အစည်းက ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ နိုင်ငံတော်မှ ဘာသာဗေဒဆိုင်ရာ ပညာရှင်များ၊ သမိုင်းပညာရှင်များ၊ သုတေသီတို့နှင့် ဖွဲ့စည်းပေးသော အဖွဲ့အစည်းက သတ်မှတ်ပေးကြသည်။ အချုပ်အချာအဏာနှင့် ပြဌာန်းသဖြင့် ဂိုဏ်းဃန ခွဲလျှင်လည်း အမိန့်တော်ကို လိုက်နာရသည်။ ထိုအဖွဲ့အစည်းသည် တစ်နိုင်ငံလုံးအတွက် ဘာသာစာပေ ဖွံ့ဖြိုးတိုးတက်မည့် လမ်းစဉ်ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်သွားလေ့ရှိသည်။ လိုအပ်လာလျှင် ယခင်က နိုင်ငံတော်အရေးအသား အဖြစ်သုံးခဲ့သော စနစ်ကိုပင် အပြောင်းအလဲ လုပ်ပိုင်ခွင့်ရှိသည်။
သို့ဖြစ်ပါ၍ မိမိတို့သည် အလွန်ထိရှလွယ်သော အချိန်ကာလတစ်ခု၌ ကျရောက်နေခြင်းဖြစ်သည်။ အဖက်ဖက်မှ ဘေးဒုက္ခများသည် ဝန်းရံလျက်ရှိသည်။ ဤသို့သော်အချိန်တွင် အချင်းချင်း အငြင်းအခုံပြု၍ အချိန်ဖြုန်းစေသော ကာလမဟုတ်ပေ။ အရေးကြီးနေသည့်ကိစ္စကို ဦးစားပေးလုပ်ဆောင်ရပါမည်။ မိမိတို့သည် ကိုယ်ပိုင်ရာ၊ နိုင်ရာ၊ ကျွမ်းကျင်ရာ အက္ခရာများနှင့် ရေးသားကာ ပျက်စီးဆုံးရှုံးနေသော ဘာသာစကား စာပေတို့ကို မှတ်တမ်းတင်ရမည့်တာဝန်မှာ အလွန်အရေးကြီးနေသည်ဟု ထင်မိပါသည်။ မိမိတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာစကားများကို ကမ္ဘာသိအောင် ဖော်ထုတ်သင့်သည်။ ပျောက်ကွယ်နေသော စာပေယဉ်ကျေးမှု အနုပညာတို့ကို ဖော်ထုတ်၍ မျိုးစေ့သစ်များအား လက်ဆင့်ကမ်းသင့်သည်။ နောင်အခါ ထိုစာပေများကို အများလက်ခံလာသော အက္ခရာ အရေးအသားစနစ်သို့ အလွယ်တကူ ပြောင်းလဲရေးသားနိုင်မည် ဖြစ်သည်။
ငါမှန်သည်၊ သူမှားသည်၊ မည်သည်က ကောင်းသည်၊ မည်သည်က မကောင်း၊ ငါတို့ဒေသနှင့် အခြားဒေသနှင့်မတူ စသည်ဖြင့် ငြင်းခုံနေခြင်းထက် မိမိတတ်ကျွမ်းရာဖက်နှင့် အဆင်ပြေအောင် ရေးသားခြင်းမှာ အလိမ္မာဆုံးနှင့် အကျိုးအရှိဆုံး ဖြစ်လိမ့်မည်ဟု သုံးသပ်တင်ပြအပ်ပါသည်။ ရိုဟင်ဂျာစာပေ ကမ္ဘာတည်သရွေ့ တည်မြဲပါစေ။ ©®
လူထုဝဏ္ဏ
၁၈ - ၅ - ၂၀၂၁
No comments:
Post a Comment