Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, September 17, 2023

နှိုးစက်ခေါင်းလောင်း (သို့) "မိုး" ကဗျာ

 

နှိုးစက်ခေါင်းလောင်း (သို့) "မိုး" ကဗျာ


လစ်ဗျားကဗျာဆရာ မုန်တိုင်းကြောင့် မသေဆုံးမီ Derna မြို့ ရေလွှမ်းမိုးမှုအန္တရာယ်ကို သတိပေးခဲ့တဲ့ ကဗျာအကြောင်း။

မကြာမီ တိုက်ခတ်သွားတဲ့ ဒယ်နီယဲလ်မုန်တိုင်းကြောင့် မြေထဲပင်လယ်ကမ်းစပ်ရှိ ဒရ်နာဆိပ်ကမ်းမြို့ တစ်ခုလုံးပျက်စီးသွားကာ အနိဋ္ဌာရုံဖြစ်သွားရတဲ့ သဘာဝဘေးအန္တရာယ်ကို လစ်ဗျားနိုင်ငံရဲ့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးထကြွလှုပ်ရှားသူ ကဗျာဆရာ မုစ်တာဖာ အလ် တရာဘေလ်ဆီ (Mustafa al-Trabelsi) က ကဗျာတစ်ပိုဒ်ဖြင့် သတိပေးနှိုးဆော်ခဲ့တယ်။ သူကဗျာရေးဖွဲ့ပြီးနောက် ရက်ပိုင်းတွင် ဘေးအန္တရာယ်ကျရောက်လာတာဖြစ်တယ်။ 


ပိုပြီးတော့ ရင်နာစရာကောင်းတာက ရေလွှမ်းမိုးမှုအတွင်း သေဆုံးသွားတဲ့သူတွေထဲမှာ ကဗျာဆရာ Mustafa al-Trabelsi လည်း ပါဝင်ပါတယ်။ သူရေးဖွဲ့ခဲ့တဲ့ The Rain ကဗျာကို ဆိုရှယ်မီဒီပေါ်မှာ ဒရ်နာမြို့နဲ့ လစ်ဗျားနိုင်ငံတဝှမ်း လူတိုင်းက နာကျင်မှုတဖက်ဖက်နဲ့ မျှဝေနေကြတယ်။ ကဗျာဆရာဟာ ကဗျာမရေးမီ ရက်ပိုင်းအလို စက်တင်ဘာ ၆ ရက်တွင် ရေကြီးမှုအန္တရာယ်နှင့် ဆည်တာတမံများရဲ့ အခြေအနေတို့ကို ဆွေးနွေးရန် Derna House of Culture တွင် တွေ့ဆုံပွဲ တက်ရောက်ခဲ့တယ်။ ကဗျာဆရာရဲ့ အချက်ပေးသံကို အာဏာပိုင်တွေက မကြားယောင် ဟန်ဆောင်ခဲ့တဲ့အတွက် ယခုလို ထူးခြားကြောက်မက်ဖွယ်ကောင်းတဲ့ ဝမ်းနည်းပူဆွေးသံ၊ သားပျောက်သမီးပျောက် မိသားစုပျောက် အသံတွေ ပြန်လည်ရိုက်ဟည်းသွားတာလို့ မြို့ခံအချို့က ဆိုပါတယ်။ 


သူ့ကဗျာက ခပ်တိုတိုလေးပါ။ ဒါပေမဲ့ နက်ရှိုင်းတယ်။ အာဏာပိုင်နဲ့ တိုင်းသူပြည်သားအတွက် သတင်းစကားဖြစ်တယ်။ ဖတ်ကြည့်ရအောင်......


မိုး


ဖော်ထုတ်ပေးတယ်လေ

ရွဲရွဲစိုနေတဲ့လမ်းတွေ

လိမ်လည်လှည်ဖျားခဲ့တဲ့ ကန်တရိုက်တာနဲ့

မအောင်မြင်တဲ့ တိုင်းပြည်ကိုပေါ့လေ။


အရာရာကို ဆေးကြောပေးတယ်

ကျေးငှက်တွေရဲ့ တောင်ပံအစ

ကြောင်တွေရဲ့ အမွေးအထိပေါ့။


ဆင်းရဲသားတွေကို သတိရစေတယ်

သူတို့ရဲ့ မခိုင်ခံတဲ့ခေါင်မိုးတွေနဲ့

အဝတ်စုတ်တွေကိုပေါ့။


တောင်ကြားချိုင့်တွေကို နိုးထစေတယ်

သူတို့ရဲ့ ပျင်းဖွယ်ဖုန်အုပ်ကို ခါချပေးတယ်

ခြောက်ကပ်နေတဲ့ ကြေးညှော်တွေကိုပေါ့။


မိုးဟာ

ကောင်းမှုကုသိုလ်ရဲ့ သင်္ကေတ

အကူအညီရဲ့ ကတိနဲ့

အချက်ပေးခေါင်းလောင်းပေါ့ကွယ်။


— မုစ်တာဖာ အလ် တရာဘလ်ဆီ

.....


မုန်တိုင်းကျတဲ့ည ၇း၄၄ နာရီတွင် ကဗျာဆရာမုစ်တာဖာဟာ သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ “ မြင်ကွင်းတွေက ကြောက်စရာကောင်းတယ်။ ဘေးအန္တရာယ်တစ်ခုအထိ တိုးလာနိုင်တယ်။ ငါတို့က အချက်အလက်မှလွဲလို့ ဘာမှမရှိတဲ့ အကျင့်ပျက်အာဏာရှင်ရဲ့ အုပ်ချုပ်မှုအောက်မှာရှိနေတယ်။ ပြင်ဆင်ထားပြီးလို့ပဲ အတပ်ပြောတယ်။ တကယ်တမ်းတော့ ဘယ်ကိရိယာတန်ဆာပလာမှ မပါရှိဘဲ ကယ်ဆယ်ရေးအဖွဲ့တွေ အနည်းငယ်လောက်သာရှိတယ်။"

“ကျွန်ုပ်တို့ တိုင်းပြည်ရဲ့ အကျပ်အတည်းတိုင်းမှာ၊ ကျရှုံးတဲ့တို့တိုင်းပြည် ပျက်ကွက်နေချိန်မှာ သူတို့ဟာ စစ်မှန်တဲ့ စေတနာနဲ့ ပါဝင်ခဲ့တဲ့ အဖွဲ့အစည်းတွေအဖြစ် သက်သေပြတဲ့ the Scouts၊ the Red Cresent နဲ့ စေတနာ့ဝန်ထမ်းတွေကို ဘုရားသခင်က ကာကွယ်ပေးပါစေ။ ငါတို့ ချစ်တိုင်းပြည်တစ်ဝှမ်းရှိ မိသားစုများကို ဘုရားသခင် ကူညီနိုင်ပါစေ။”

ည ၉း၃၇ နာရီတွင် သူရေးသားခဲ့သည်ကား– “ဤခက်ခဲတဲ့အခြေအနေတွင် ကျွန်ုပ်တို့မှာ တစ်ယောက်ကို တစ်ယောက် အားကိုးရမှာဖြစ်တယ်။ ရေနစ်တဲ့အထိ အတူတူရပ်တည်ကြရအောင်။"

ဒါက ကဗျာဆရာ မုစ်တာဖာ အလ် တရာဘလ်ဆီရဲ့ နောက်ဆုံး ပို့စ်ဖြစ်ပါတယ်။ 

လမ်းတွေပေါ်မှာ အသက်ရှင်နေတဲ့လက္ခဏာတွေကို ရှာဖွေတွေ့ရှိတဲ့အခါ စိတ်လှုပ်ရှားသံတွေနဲ့ အော်ဟစ်လေ့ရှိပေမဲ့ အပျက်အစီးတွေကြားက တိတ်ဆိတ်ငြိမ်သက်မှုတွေ၊ ရွှံ့ထဲက အလောင်းတွေ ရှာဖွေတွေ့ရှိမှုက ရံဖန်ရံခါ နာကျင်စေတယ်လို့ The Rain ကဗျာကို ဘာသာပြန်ခဲ့သူ ကဗျာဆရာ Khaled Mattwa က ဆိုပါတယ်။ 

ဒီဒယ်နီယဲလ်မုန်တိုင်းကြောင်း ဖြစ်ပေါ်ခဲ့တဲ့ သဘာဝဘေးအန္တရယ်က ဒရ်နာမြို့ရှိ ဆည်တာတမံ နှစ်လုံး ပေါက်ကွဲမှုကြောင့် အပျက်အစီး၊ အသေအပျောက်များခဲ့ရတယ်လို့ သိရတယ်။ လူပေါင်း ၁၁၀၀၀ ကျော် သေဆုံးကာ ၄ သောင်းကျော်လောက် နေရပ်ပြောင်းရွှေ့ရတယ်။ ၁ သောင်းကျော်လောက် ယခုထိ ပျောက်ဆုံးနေကြောင်း ကနဦးသတင်းများအရ သိရသတဲ့။ 


— လူထုဝဏ္ဏ

(၁၆-၉-၂၀၂၃)


ကိုးကား-

The Guardian News



Sunday, September 10, 2023

အသုဘ အခမ်းအနား

 


အသုဘ အခမ်းအနား


သတ္တဝါဟူသမျှ သေမျိုးဖြစ်တယ်။ သက်ရှိတိုင်းဟာ သေခြင်းတရားရဲ့ အရသာကို မြည်းကြရမှာက မုချပင်တည်း။ လူတစ်ဦးဟာ မိမိရဲ့ဘဝတစ်သက်တာ ကျင်လည်ပြီး ဘဝနေဝင်သွားတဲ့အခါ အဲဒီလူကို မိမိတို့ကိုးကွယ်ရာ ဘာသာတရားနှင့် မိမိတို့လူမျိုးဓလေ့ထုံးတမ်းနဲ့အညီ ဂုဏ်သိက္ခရှိရှိ အသုဘအခမ်းအနားတွေကို ပြုလုပ်ပေးကြတယ်။ ဒီဆောင်းပါးမှာတော့ ရိုဟင်ဂျာလူမျိုးရဲ့ အသုဘအခမ်းအနားဆင်နွှဲပုံ တစိပ်တဒေသကို တင်ပြသွားမှာဖြစ်ပါတယ်။

ရိုဟင်ဂျာလူမျိုးတွင် တစ်စုံတစ်ယောက်ဆုံးပါးသွားခဲ့ရင် ထုံးစံအတိုင်း အသုဘချကြတယ်။ ရိုဟင်ဂျာအများစုဟာ အိစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်တဲ့အတွက်ကြောင့် အသုဘ စီရင်တာ၊ မြေမြှပ်သင်္ဂြိုဟ်တာတွေဟာ အစ္စလာမ်သာသနာရဲ့ ဓလေ့ထုံးတမ်းနဲ့အညီ ပြုလုပ်လေ့ရှိကြတယ်။ ဒါ့အပြင် ရိုဟင်ဂျာ ရိုးရာအစဥ်အလာအရလည်း အချို့ကိစ္စတွေကို တမူထူးခြား လုပ်ဆောင်ကြတာလည်း ရှိတယ်။ အစ္စလာမ်တရားတော်ရဲ့ မျဥ်းတံနဲ့ဆိုရင် ဘေဒါအတ် မြောက်တယ်ပေါ့။ သို့ပေမဲ့ ရိုဟင်ဂျာတွေက မိရိုးဖလားဓလေ့အနေနဲ့ လုပ်ရိုးလုပ်မြဲဖြစ်ကြတာပဲ။ ဒီမှာ ရိုဟင်ဂျာတွေရဲ့ ထုံးရိုးထုံးဟောင်းတွေကို ဦးစားပေး ဆွေးနွေးသွားမှာ ဖြစ်တယ်။

လူတစ်ဦးတစ်ယောက် ဆုံးပါးခဲ့ရင် အချိန်ကြာမဆွဲဘဲ မြန်မြန်ဆန်ဆန် ဒါဖနာခြင်းဟာ စွန္နတ်တော်တစ်ရပ် ဖြစ်တယ်။ အများအားဖြင့် ၁၂ နာရီအတွင်းမှာ ဒါဖနာပေးကြတယ်။ သေသူကို ဆွေမျိုးမိတ်သင်္ဂဟတွေက နောက်ဆုံးနှုတ်ခွန်းဆက်သဖို့အတွက် ဒီလောက်ပဲ အချိန်ရကြတယ်။ သေသူ မိုက်ယာသ်ကို ဂူစလ်ရေချိုးပေးပြီး ပိတ်စဖြူပတ်၊ ရေမွှေးဖြန်းပေးကာ အိမ်ရှေ့ခန်းတွင် သပ်သပ်ရပ်ရပ်ခင်းကျင်းထားလေ့ရှိတယ်။ အခန်းအနံ့အပြားတွင် လောင်ဘတ္တီ ခေါ် အမွှေးတိုင်တွေ ထွန်းပေးတယ်။ မိုက်ယာသ်အနီးတွင် ကုရ်အာန်ကျမ်းစာများ ရွတ်ဖတ်တယ်။ ဇီကီရ်တွေလုပ်ကြတယ်။ မိုက်ယာသ်အိမ်မှာ သို့တည်းမဟုတ် ဗလီမှာ သာအ်လိမ်းသစ်ဗီ စိပ်တယ်။

မိုက်ယသ် ဖြစ်တဲ့နေရာတွင် တစ်ချို့ အပင်က အရေးပါလာတယ်။ ဝါး၊ ငှက်ပျော်ပင်နှင့် ဆီးပင်ပေါ့။ ငှက်ပျော်ပင် ကိူယ်တည်နဲ့ ရေချိုးစင် ပြုလုပ်ကြတယ်။ ဆီးပင်ရွက်ကို မိုက်ယသ် မျက်စိတွေမှာ အပေါ် က ဖုံးပေးလေ့ရှိတယ်။ ဝါးနဲ့ ကြမ်းတွေ ယက်လုပ်ကြတယ်။ ဒါတွေကို ရွာသားတွေက ဝိုင်းဝန်းလုပ်ပေးတာဖြစ်တယ်။ ငွေကြေးချမ်းသာတဲ့ သူတွေဆိုရင် ဝါးအစား သစ်သားကို သုံးကြတယ်။

အိမ်ရှေ့တလင်းတွင် ရောက်လာကြတဲ့လူတွေ ေခတ္တ နားနိုင်အောင် နေရာထိုင်းခင်းတွေ စီစဥ်ပေးတယ်။ လူတွေက မိုက်ယသ်ရဲ့ ဘဝတစ်လျှောက်ပြုလုပ်ခဲ့တဲ့ ကောင်းမှုတွေအကြောင်း သတိရရ ပြောဆိုလေ့ရှိတယ်။ သွားလေသူရဲ့ မကောင်းရာ မပြောသင့်ဘူးလို့ ခံယူတယ်။

မိုက်ယာသ်ရဲ့အိမ်တွင် ဝမ်းနည်းမှုကို ဖော်ပြတဲ့အနေနဲ့ မီးဖိုချောင်မှာ မီးမထွန်းရဘူး။ အိမ်းနီးနားချင်းတွေက မိသားစုတွေအတွက် သုံးရက်တိုင်တိုင် ထမင်းဟင်းတွေပို့ပေးတယ်။

မိုက်ယာသ်ကို ဂျနဇာဟ် ဖတ်မယ့် အချိန်တစ်ချိန်ကို ရပ်လူကြီးတွေက တညီတညွတ် သတ်မှတ်ကာ ကြေညာပေးတယ်။ ထို ဂျနဇာဟ် အမီ လူတွေ တအုတ်အုတ် ရောက်လာကြတယ်။ မိုက်ယာသ်ကို သတ်မှတ်ထားတဲ့အချိန်တွင် အိမ်ကနေ ဂျနဇာဟ် ဖတ်မယ့်နေရာသို့ ဟင်းရာခေါ် ထမ်းစင်ပေါ်ထင်လျက် သယ်ဆောင်သွားတယ်။ ထမ်းစင်ပေါ်တွင် ပိတ်စတစ်ခု လွှမ်းခြုံပေးလေ့ရှိတယ်။ အမျိုးသမီးဆိုရင် မဖြစ်မနေ လွှမ်းပေးရတယ်။ အမျိုးသားဆိုရင် မပေးရင်လဲ ရတယ်။ အိမ်က ထွက်တဲ့အချိန်တွင် လေးဖက်ချိုးရတယ်။ ထမ်းစင်ကို သယ်ထားတဲ့လူတွေက ခြေလှမ်း ဆယ်လှမ်းတိုင်းမှာ နေရာအလှည့်အပြောင်း လုပ်ပေးရတယ်။ အဲလို ခြေလှမ်း ၄၀ တိုင်အောင် လုပ်ပေးရတယ်။ အဲဒါကို ရုခ်လို့ခေါ်တယ်။

ဂျနဇာဟ် ဖတ်မယ့်ကွင်းပြင်တွင် လူတွေ စုဝေးရောက်လာကြတယ်။ မိုက်ယာသ်ကို နောက်ဆုံးကြည့်ချင်တဲ့ သူတွေဆိုရင် ဂျနဇဟ်ကွင်းပြင်မှာပဲ ကြည့်ရှုခွင့်ရတယ်။ သေသူဟာ အမျိုးသမီးဆိုလျှင် ဂျနဇဟ် ကွင်းပြင်မှာ ကြည့်ခွင်မရှိပါဘူး။ ဂျနဇာ ကွင်းပြင်မှာ သေသူဟာ ဘယ်သူဘယ်ဝါဆိုတာ ရှေ့ဆုံးက တစ်ဦးဦးက ရှင်းပြပေးတယ်။ သေသူကြောင့် ကိုယ်စိတ်သောက ရောက်ခဲ့တာ ရှိခဲ့ရင် မားဖ်လုပ်ပေးရန်လည်း တက်ရောက်လာကြသူတွေကို မေတ္တာရပ်ခံတယ်။ အပေးအယူတွေ ရှိရင် ဘယ်သူဘယ်ဝါနဲ့ တွေ့ဆုံနိုင်ကြောင်းကိုလည်း တာဝန်ခံပုဂ္ဂိုလ်တစ်ဦးကို သတ်မှတ်ပေးတယ်။ ကွယ်လွန်သူဟာ အမျိုးသမီးဆိုရင် သူ့ယောက်ျားကို ခေါ်ယူကာ ဝစီကံ၊ ကာယကံ၊ မနောကံမှ ပြစ်မှားခဲ့တာရှိခဲ့ရင် စိတ်နာခဲ့တာရှိခဲ့ရင်၊ အိမ်ရှင်မတာဝန် မကျေခဲ့တာရှိခဲ့ရင် မားဖ်လုပ်ပေးရန်  တောင်းဆိုတယ်။ လူအုပ်ကြီး ရှေ့မှောက်တွင် မားဖ်လုပ်ပေးကြောင်း ယောက်ျားဖြစ်သူက စိတ်ကြည်ဖြူစွာဝန်ခံတယ်။ ဒါတွေပြီးသွားရင် ဂျနဇာဟ်ကို ရွာရှိ ဗလီရှေ့ဆောင် သို့မဟုတ် အရင်းနှီးဆုံး ဆွေမျိုးရင်းချာတစ်ဦးဦးက ဦးဆောင် ဖတ်ပေးတယ်။

ဂျာနဇာဟ် ပြီးတာနဲ့ သင်္ချိုင်းကုန်းကို ယူဆောင်သွားတယ်။ သင်္ချိုင်းကုန်းမှာ ကဗရ်ကို ရွာသားထဲက မိမိသဘောနဲ့ ဝိုင်းဝန်တူးပေးကာ ကုသိုလ်ယူကြတယ်။ ပိုက်ဆံမယူဘူး။ ထို တူးထားတဲ့ ကဗရ်မှာ မိုက်ယာသ်ကို ချရန် ကွယ်လွန်သူရဲ့ အရင်းနှီးဆုံး လူ သုံးယောက် ဆင်းရတယ်။ အမျိုးသမီးဖြစ်ရင် သွေးသားအရင်းချာ မဟ်ရာမ်တွေ ဆင်းရတယ်။ မိုက်ယာသ်ချရာမှာလည်း ခေါင်းကို မြောက်ဖက်ပေးထားရတယ်။ အနောက်ဖက်(ကိဗ္ဗလာ) မျက်နှာလှည့်ပေးရတယ်။ ပြီးတော့ ခေါင်းတလား ခေါ် တာဘုသ်အုပ်ပေးတယ်။  ပြီးရင် ရောက်လာတဲ့လူတွေက တစ်ယောက်တစ်ဆုပ်စီ မြေချတယ်။ နောက်ဆုံး စုပေါင်း ဒိုအာ အမျှဝေကာ ဒါဖနာဟ် ကိစ္စပြီးမြောက်စေတယ်။  ဒီလိုနဲ့ အသုဘကိစ္စ ပြီးသွားတယ်။

ဒါပေမဲ့ ကွယ်လွန်သူအတွက် မေတ္တာပို့တဲ့ ကိစ္စတွေ မဆုံးသေဘူး။ ဒီနေရာမှာ ဖားတီယာဆိုတဲ့ အလှူပွဲက အဓိက ပါဝင်လာတယ်။ လူသေပြီး ၄ ရက်မြောက်နေ့တွင် မိသားစုဝင်တွေက ဖားတီယာ စလုပ်ကြတယ်။ စန္ဒီထမင်းနပ်ထိုးပြီး လှူဒါန်းကြတယ်။ လူသေဆုံးပြီး ရက်လေးဆယ် တိုင်အောင် အလှူဒါနတွေ ပြုလုပ်ကြတယ်။ ဆင်းရဲသားတွေကို ထမင်းကျွေးခြင်း၊ သုံးဆောင်စရာတွေ၊ အဝတ်အထည်တွေ လှူဒါန်းကာ ကုသိုလ်ကောင်းမှု ပြုကြတယ်။ ရက် ၄၀ မြောက်နေ့တွင် ပြန်တစ်ခါ ဖားတီယာ လုပ်ကြတယ်။ ဒီတစ်ခါတော့ ကြီးကြီးကျယ်ကျယ် လုပ်ကြတယ်။ ဖာတီးယာမှာ ဆွေမျိုးတွေ၊ ရွာသူရွာသားတွေလည်း တက်နိုင်သလောက် ထည့်ဝင်ကြတယ်။ ဆန်၊ ဆီ၊ ငရုတ်၊ သကြား၊ အုန်းသီး စသည်ဖြင့်ပေါ့။ ငွေကြေးအဆင်ပြေတဲ့ မိသားစုဆိုရင် ဆင်းရဲသားတွေကို နွားတွေ၊ ဆိတ်တွေ ချက်ကျွေးလှူဒါန်းကာ ကုသိုလ်ယူကြတယ်။ အိမ်တိုင်ရောက် ထမင်းထုပ်တွေ ပို့ကြတယ်။ ၆ လမြောက်နေ့တွင် ပြန်တစ်ခါ ဖာတီယာအလှူပွဲလုပ်ကြတယ်။ လိုရိစ္စာန် လို့ခေါ်တဲ့ ရိုဟင်ဂျာ ၈ လမြောက်လ ၁၅ ရက်နေ့တွင် ကွယ်လွန်သူအတွက် လူရီဖီးရာမုန့် နဲ့ အသားဟင်း သို့မဟုတ် ထိုးမုန့် တွေကို ဆင်းရဲသားတွေအား ကျွေးမွေးလှူဒါန်းလေ့ရှိတယ်။ တစ်နှစ်ပြည့်နေ့မှာ တစ်ခါ ဖာတီယာ လုပ်ကြတယ်။

ဒီလို ဖာတီယားတိုင်းမှာ ရွာသူရွာသားတွေက စုပေါင်းထည့်ဝင်ကြတယ်။ ဖားတီယား အလှူပွဲတွေက အစ္စလာမ်တရားတော်ရဲ့ ဘောင်မဝင်ပေဘူး။ သို့ပေမယ့် ရိုဟင်ဂျာ ဘိုးဘွားစဥ်လာအရ ကွယ်လွန်သူအတွက်ရည်စူးလို့ ကုသိုလ်ဖြစ် ပြုလုပ်ကြတဲ့ အလှူပွဲဖြစ်ပါတယ်။


လူထုဝဏ္ဏ
(၁၀-၉-၂၀၂၃)


Wednesday, September 6, 2023

ခတ္တနာ နှင့် နားထွင်းမင်္ဂလာပွဲ

 

ခတ္တနာ နှင့် နားထွင်းမင်္ဂလာပွဲ


ခတ္တနာနှင့် နားထွင်းမင်္ဂလာကိုတော့ ဘယ်ဒေသ၊ ဘယ်လူမျိုးမဆို အိစ္စလာမ်ဘာသာဝင်တိုင်း ပြုလုပ်ကြသည်။ အိစ္စလာမ်သာသနာ၏ စွန္နတ်တော်တစ်ပါးဖြစ်သည်။ ခန္ဓာကိုယ် ကျန်းမာရေးနှင့် ရောဂါဆိုးများမှ ကာကွယ်ရန် အိစ္စလာမ်မှ ညွှန်ပြသော အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်သည်။ တစ်ချို့ဘာသာခြာများးလည်း ခတ္တနာလုပ်ကြသည်။ ကျန်းမာရေးအတွက် အထောက်အကူပြုသောကြောင့် ဖြစ်သည်။ နားထွင်းပွဲကတော့ လူမျိုးတိုင်းဘာသာတိုင်း ပြုလုပ်ကြသည်။ မိန်းကလေးများ၏ အဆင်တန်ဆာတစ်ခုပင်တည်း။ ဤဆောင်းပါးမှာ တင်ပြသွားမှာကတော့ ရိုဟင်ဂျာ ရိုးရာအစဥ်အလာအရ ခတ္တနာ နှင့် နားထွင်း မင်္ဂလာပွဲ လုပ်ပုံလုပ်နည်းပဲ ဖြစ်ပါသည်။ 

ခတ္တနာ ပြုခြင်းကား ယောက်ျားကလေးလိင်အင်္ဂါအရေပြားပိုကို ဖြတ်တောက်ခြင်းဖြစ်သည်။ ခတ္တနာကို ရိုဟင်ဂျာတို့က "မူဆလ်မာနီ" ဟုခေါ်ကြသည်။ သားယောက်ျားလေး ၅-၇ နှစ်အရွယ်ရောက်လာသောအခါ ခတ္တနာလုပ်ပေးခြင်းဟာ မိဘတို့၏ တာဝန်တစ်ခုဖြစ်သည်။ မိဘတို့က ငွေကြေး ချမ်းသာသည့်အလျောက် ခတ္တနာပွဲကို ခမ်းခမ်းနားနား ပြုလုပ်ပေးကြသည်။ ကပွဲ ရွှင်ပွဲများ ပြုလုပ်ကြသည်။ ထမင်းဖိတ်ကျွေးကြသည်။ 

ခတ္တနာလုပ်မည့်နေ့တွင် သားကို ရေမိုးချိုးပေးကာ အဝတ်အစား ကောင်းကောင်း ဝတ်ဆင်ပေးသည်။ ပန်းကုံးမာလာ ဆင်ပေးသည်။ ရွှေငွေရတနာနှင့် တန်ဆာဆင်ပေးသည်။ ခတ္တနာ ပြုရန် ခတ္တနာဆရာတစ်ယောက်ကို ဖိတ်သည်။ ခတ္တနာဆရာကို "ဟာဇီမ္မား" ဟု ခေါ်သည်။ ဆရာက ခတ္တနာပြုရန် လိုအပ်သည့် ပစ္စည်းများကို မှာသည်။ ကောက်ရိုးပြာ၊ မုန်ညှင်းဆီ၊ တစ်တွာလောက် ပိတ်စသစ်တစ်ခု စသည်တို့ကို လောင်ပန်းနှင့် ထည့်လာသည်။ နောက်လောင်ပန်းတစ်ခုမှာ ဆန်တစ်သိုက်၊ ကြက်ဥ နှစ်လုံး၊ ပရိတ်ပန်း၊ မီးခွက်သစ် တစ်ခု တို့ကို တန်ဆာဆင်ကာ တည်ထားရသည်။ ဇလုံးငယ်တစ်လုံးနှင့် ရေနွေးလည်း တည်ပေးရသည်။ 

အားလံုး အဆင့်အသင်ဖြစ်လျှင် ခတ္တနာဆရာသည် သားကို ဖာထ် ဟုခေါ်သော ခွေးခုံပြားတစ်ခုမှာ ထိုင်စေသည်။ သားကို လူတစ်ယောက်က ကျော့ဘက်ကနေ ကိုင်ထားရသည်။ နောက်တစ်ယောက်က ခြေထောက်နှစ်ဖက်ကို ကိုင်ပေးရသည်။ ခတ္တနာဆရာသည် မိမိနှင့်ပါလာသော သင်တုန်းဓါး(ကူရ်)နှင့် ညှပ်တံကို ရေနွေးဇလုံတွင် စိမ့်ထားသည်။ ပြီးနောက် ကုရ်အာန်မှ စူရာတိုအချို့ရွတ်ဖတ်ကာ ဘစ်မိလ္လာဟ်ဆိုပြီး လိင်တံအရေပြားကို ဖြတ်တောက်ပေးသည်။ အနာပေါ်တွင် ကောက်ရိုးပြာနှင့် မုန်ညှင်းဆီကို ကပ်ပေးကာ ပိတ်စနှင့် လံုလံု   ပတ်ပေးသည်။ ဤသို့ဖြင့် ခတ္တနာလုပ်သည်ကိစ္စပြီးသွားသည်။ ထို့နောက် ပွဲရွှင်ပွဲ စတင်သည်။ ထမင်းဖိတ်ကျွေးကြသည်။ ပွဲတက္လာကြသော ဆွေမျိုးမိသားစုများက လက်ဖွဲ့များယူဆောင်လာကြလေ့ရှိသည်။ 

ခတ္တနာပြုခံရသော ကလေးသည် အဆီပါသော အစာများရှောင်ရသည်။ ကြက်သွန်ရွက်ခြောက် မီးရှို့ကာ မီးခိုခံရသည်။ ၃ရက်မြောက်ေန့တွင် ပတ္တီးစည်းကို ဖြေပေးသည်။ ၇ ရက်နေ့တွင် ရေချိုးရသည်။ 

ဒုတိယ တစ်ခုကတော့ နားထွင်းပွဲဖြစ်ပါသည်။ ယင်းကိုလည်း ခတ္တနာကဲ့သို့ပင် ပျော်ပွဲရွှင်ပွဲနှင့် ခမ်းခမ်းနားနား ပြုလုပ်ကြသည်။ နားထွင်းပွဲကို "ဟာန်ဖုရား" ဟုခေါ်သည်။ သမီးမိန်းကလေးကို နားထွင်းပွဲ ပြုလုပ်ရန် အချိန်တစ်ချိန်သက်မှတ်သည်။ သမီးကို ရေမိုးချိုး အဝတ်အစားကောင်းကောင်း ဝတ်ဆင်ပေးသည်။    ပြီးနောက် ကွမ်းရွက်၊ ကွမ်းသီး၊ ထုံး၊ ဆေးရွက်နှင့် ကွမ်းရိုးတံ တို့ကို ကလပ်တစ်ခုနှင့် လှလှပပ ဆင်ယင်ထားသည်။ နောက်ကလပ်တစ်ခုမှာ အပ်၊ချည်နှင့် မုန်ညှင်းဆီ ကို ထည့်ထားရသည်။ နားထွင်းမှုကို မိသားစုထဲက သက်ကြီးတစ်ဦးက လုပ်လေ့ရှိသည်။ ဦးစွာ နားထွင်းပေးမည့် လူက ကွမ်းတစ်ယာကို မိိိမိပါးစပ်၌ ငုံ့ထားရသည်။ ကွမ်းရိုးတံနှင့် ထုံးယူကာ နားပန်နှစ်ဖက်တွင် အမှတ်အသား ချသည်။ အပ်နှင့် ထိုးဖောက်ပေးသည်။ အပ်ချည်ကို နားရွက်မှာ ချည်ထားသည်။ ဆီသုတ်ပေးသည်။ 

အနာကောင်းသည့်တိုင်အောင် ချည်ကို တဖြေးဖြေးဆွဲကာ ရွေ့ရသည်။ အနာကောင်းလာလျှင် အမေဘက်မှ အဘိုးအဘွားက ရွှေနားတောင်းပေးရသည်။ ဆွေမျိုးများကလည်း သမီးကို လက်ဆောင်များ ပေးကြသည်။ ပျော်ပွဲရွှင်ပွဲများလည်း အုတ်အုတ်သိုက်သိုက် ပြုလုပ်ကြသည်။  အချို့မိသားစုများက ဖာတီယာ အလှူပွဲ ပြုလုပ်ကြသည်။ 

ဤအခါသမယတို့က မိဘတို့အတွက် အလွန်ပျော်ရွှင်ဖွယ် အချိန်ကလေးတွေ ဖြစ်ပါသည်။ ယခင်ခေတ်က ခေတ်မီဆေးဝါးနှင့် နည်းများမရှိခဲ့သောအတွက်ကြောင့် အညာဆေးမြီးတိုများနှင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဆေးပညာတိုးတက်နေသာ ယနေ့ခေတ်မှာဆိုလျှင် ထိုကောက်ရိုးပြာ၊ မုန်ညှင်းဆီ တို့မှာ စိတ်နောက်ဖွယ်ဖြစ်နိုင်သည်။ ယခုချိန်မှာ ခတ္တနာနှင့် နားထွင်းမှုတို့ကို ဆရာဝန်နှင့် စနစ်တကျ ပြုလုပ်လေ့ရှိသည်။  

ဤနည်းဖြင့် ရိုဟင်ဂျာ ရိုးရာအစဥ်အလာအရ ခတ္တနာနှင့် နားထွင်းမင်္ဂလာပွဲကို မှတ်မှတ်ရရ ပြုလုပ်ခဲ့ကြသည်။ 


လူထုဝဏ္ဏ

(၄-၉-၂၀၂၁)