ရိုဟင်ဂျာတစ်ဦးက ဆီန္ဒီးထိုးနေပုံ၊ ဓာတ်ပုံ-RK |
ရိုဟင်ဂျာ အစားအစာ၊ အပိုင်း (၃) ဆီန္ဒီး (ထိုးမုန့်ပျော့)
ရေးသူ📝 ရိုဟင်လေး
အမျိုးအစား📢 ရိုဟင်ဂျာရိုးရာ အစားအစာ |
ရိုဟင်ဂျာ ရိုးရာအစားအစာများတွင် ဆီန္ဒီးသည်လည်း ကျော်ကြား ထင်ရှားသော အစားအစာ တစ်မျိုးဖြစ်သည်။ ထိုးမုန့်ကို စားဖူးသူသည် ဆီန္ဒီးကို သိရလွယ်သည်။ ဆီန္ဒီးသည် ပျော့ပျစ်ချိုပြီး ထိုးမုန့် ကဲ့သို့သော် အစားအစာတစ်မျိုးဖြစ်သည်။ သို့သော် ကျစ်လျစ်မှုမှာ ထိုးမုန့်ထက် နည်းပါးသည်။ ထိုးနည်းမှာ မြန်မာ့ထမနဲနှင့် ခပ်ဆင်ဆင်တူသော်လည်း ပါဝင်ပစ္စည်းနှင့် မုန့်ပုံစံမှာ အလွန်ခြားနားလှသည်။ ထမနဲကို ဆီနှင့် ထိုးရသည်၊ ဆီန္ဒီးမှာမူ ဆီမပါချေ။ အရသာမှာ ချိုမြိန်သည်။
ဆီန္ဒီး၏ နောက်ခံသမိုင်းကို အတိအကျ မသိရချေ။ ဆီန္ဒီးသည် ရိုဟင်ဂျာစကား “ဆော်န်ဒီ့" မှ အသံပြောင်း လာသည့် စကားလုံးဟု ယူဆကြသည်။ ဆော်န်ဒီး သည် နာမ်နှင့် ကြိယာ ကို ပေါင်းစပ်ထားသော စကားလုံး ဖြစ်သည်။ “ဆော်န်" မှာ ပန်းကန် (အထူးသဖြင့် မြေထည် ပန်းကန်) ဖြစ်ပြီး “ဒီ့" (ကြိယာ) မှာ ထည့်သည်၊ (ဝိဘတ်) “နှင့်၊ဖြင့်" ဖြစ်သည်။ ခြုံ၍ပြောရလျှင် “မြေပန်းကန်ဖြင့် ထည့်စားသည့် စားစရာ" ဟု အဓိပ္ပာယ်ရသည်။ အချို့ကမူ ဟီန္ဒီစကားလုံး "ချိန်ဒီး" မှ ရိုဟင်ဂျာမူ ပြောင်းလာသည်ဟု ဆိုကြသည်။
ရိုဟင်ဂျာတို့သည် ဆီန္ဒီးကို ပွဲအမျိုးမျိုးတွင် သုံးဆောင်လေ့ရှိသည်။ ရွာသူရွာသားများ စုပေါင်း၍ သော်လည်းကောင်း၊ သီးသန့်အိမ်၌သော်လည်းကောင်း ထိုးကြသည်။ ရွာသူရွာသားများ စုပေါင်း၍ ထိုးကြသော ဆီန္ဒီးထိုးပွဲမှာ အလွန်ကြည်နူးဖွယ်ကောင်းလှပါသည်။ ထို ဆီန္ဒီးထိုး၍ လှူဒါန်းပွဲတွင် တစ်ရွာသားလုံး သွေးစည်း ညီညွတ်မှု၊ အချင်းချင်း ချစ်ခင်ကြင်နာမှု၊ အချင်းချင်း စာနာပေးကမ်းမှုစသည် တို့ကို တွေ့မြင်နိုင်သည်။
အထူးသဖြင့် ဂျူမာအ်နေ့တွင် ရိုဟင်ဂျာတို့သည် သီးသန့် မိမိအိမ်၌ ဆီန္ဒီး ထိုးပြီး မစ်ဂျီဒ်သို့ ပေးပို့ကာ ကုသိုလ် ယူကြသည့် ဓလေ့ရှိသည်။ ရှေးက ဆီန္ဒီးကို ငှက်ပျော့ရွက်ဖြင့် ဖက်ထုပ်၍ မစ်ဂျစ်သို့ ပို့ကြသည့် ဆီန္ဒီးထုပ်များကို တန်းစီလျက် ချထားသည်ကို မြင်ရလျှင် အလွန်နှစ်သက်ဖွယ်ကောင်းသည်ဟု ဆိုကြသည်။ ဂျူမာအ့် ဆီန္ဒီး စားခြင်းဖြင့် ရောဂါဘယ ပျောက်ကင်းစေသည်ဟု လည်း ယူဆကြသည်။
မိသားစုမှ တစ်စုံတစ်ယောက် ဆုံးပါးလျှင်လည်း ၄-ရက်မြောက်၊ ၁၀-ရက်မြောက်၊ ရက် ၄၀ မြောက် ဖားတီယာ (အလှူပွဲ)များတွင် ဆီန္ဒီးထိုးကျွေးပြီး သေသူ အပေါ် ကုသိုလ်မေတ္တာပို့ကြသည်။ တစ်စုံတစ်ခုသော် ဘေးအန္တရာယ် သောကကျရောက်လာလျှင် သော်လည်းကောင်း၊ မိသားစုဝင် ခရီးလွန်လျှင် သော်လည်းကောင်း မစ်ဂျစ်တွင် ဆီန္ဒီးထိုးကျွေးမည်ဟု ရည်စူးကြလေ့ရှိသည်။
ရှေးအခါက နှစ်စတွင် အလုပ်အကျွေး လုပ်သူများက ဝါး၊ သစ်၊ ထင်း၊ နွယ်နှင့် အိမ်သုံး အသီးအနှံများ စသည့်ကို တစ်နှစ်အတွက် ခုတ်ယူလာနိုင်ရန် လူအယောက် ၃၀-၄၀ ပေါင်းပြီး အစုလိုက် တောင်တက်ကြသည်။ ၎င်းကို “အာရေ" တက်သည်ဟု ဆိုကြသည်။ တောင်မှ မိမိတို့လိုရာပစ္စည်းများကို တစ်လကျော်ကျော် ခုတ်ယူစုစောင်းပြီး အိမ်ပြန်ရောက်သောအခါ အိမ်ရှင်က သူတို့ ကောင်းမွန်စွာ အိမ်သို့ရောက်ရှိလာသည့် အတွက် အလ္လာဟ်ရှင်အား ချီးကျူးသည့် အနေဖြင့် ရွာသူရွာသားများကို ဆီန္ဒီးထိုး ကျွေးကြသည်။
အိမ်ရှေ့တလင်း၊ ကွင်းပြင်၊ မစ်ဂျီးဒ် ရှေ့ကွင်းပြင်များတွင် ရွာသူရွာသားများ စုပေါင်းပြီး ပျော်ပျော်ရွှင်ရွှင် ဆီန္ဒီးထိုး နိုင်ရန်ပြင်ဆင်ကြသည်။ ရွာရှိ ဆီန္ဒီးထိုး ကျွမ်းကျင်သူ တစ်ဦးကို ဦးစွာ ခေါ်ယူလာသည်။ ထိုသူသည် လိုအပ်သမျှ ပစ္စည်းများကို ယူဆောင်လာစေသည်။ ပါဝင်ပစ္စည်းများမှာ ဒေသထွက် ပစ္စည်းများဖြစ်သဖြင့် စုဆောင်းရလွယ်သည်။ ရွာရှိ အိမ်ခြံထွက် ပစ္စည်းများကို တစ်အိမ်က တစ်မျိုးစီ ပေးလှူသည်။ ဥပမာ- တစ်အိမ်က ဆန်ပေးလျှင် နောက်တစ်အိမ်က အုန်းသီး စသည်ဖြင့် မိမိတတ်နိုင်သည့် အလျှောက် ပေးအပ်ကြသည်။ ကောက်ခံရရှိလာသော ပစ္စည်းများကို ဆီန္ဒီးထိုးမည့် နေရာ၌ ယူလာစေသည်။ တစ်ချို့က အုန်းသီးဖြတ်လှီး၊ နောက်တစ်ချို့က အိုးကြီး၊ဒယ်ကြီးများ သယ်ဆောင်လာသည်။ တစ်ချို့မှာမူ မိုးဗြဲဒယ်ကြီး၊ အိုးကြီးများ တည်ရန် မြေကြီးကို တွင်းတူးပြီး အုတ်နီခဲများ သို့မဟုတ် ကျောက်ခဲမာများနဲ့ ခနောက်ဆိုင်ပြုလုပ်ကာ ယာယီ မီးဖို ပြုလုပ်ကြသည်။ အမျိုးသမီးများက အိမ်၌ ဆန်ထောင်းကြသည်။ အားလုံး အဆင်အသင့် ဖြစ်လာသောအခါ ထိုမီးဖို၌ ရွာမှ ရောက်ရှိလာသော ရွာသားတို့နှင့်ပေါင်းကာ ပျော်ပျော်ရွှင်ရွှင် ဆီန္ဒီးထိုးကြသည်။
ရွာရှိ ရှော့မာစ် (Union of Society Care taker) အဖွဲ့ခေါင်း(ဆော်ဒ္ဒါရ်)သည် လူတစ်ဦး သို့မဟုတ် နှစ်ဦးကိုစေလွှတ်၍ တစ်ရွာလုံးတွင် ထပ်၍တစ်ခါ ဖိတ်ခေါ် ကြော်ငြာစေသည်။ ထိုအခါ သက်ဆိုင်ရာရွာမှ သူကြီး သူငယ်မကျန် စားသောက်ရန် ဝိုင်းရောက်လာကြသည်။ ဆင်းရဲချမ်းသာ မရွေး အိမ်တိုင်း အိမ်တိုင်းမှ ကလေးသူငယ်တို့သည် မြေပန်းကန်၊ ဇလုံ၊ ခွက်၊ ဖက်ထုပ်ရွက် စသည့် ထည့်စရာများကို ယူဆောင်လာကြသည်။ အိုးခေါင်းသည် ရောက်ရှိလာသော ကလေးများကို ယူလာဆောင်လာသည့် ခွက်၌ အိမ်တွင်ကျန် ရှိနေသော အခြားသူများကပင် စားနိုင်လောက်အောင် ဆီန္ဒီးထည့်ပေးလျက် အိမ်သို့ ယူသွားစေသည်။ ကျန်သူကြီးလူငယ်များကိုမှု ထိုနေရာ၌ပင် တန်းစီ၍ ကျွေးကြသည်။ ရာသီအစားအစာသဖွယ် ရွာသားများ စုပေါင်းပြီး တစ်နှစ်ပတ်တစ်ကြိမ် (သို့) ရက်ကြာမှ စုပေါင်း စားရသောကြောင့် အားရပါးရစားကြသည်။ ထိုထိုးပွဲ၌ ဆီန္ဒီးစားပြိုင်ပွဲများကိုလည်း အချို့နေရာတွင် ပြုလုပ်ခဲ့ကြသည်။ ပထမရသူကို နွား၊ ရွှေတံဆိပ် ငွေတံဆိပ်များပင် ချီးမြှင့်ခဲ့ကြသည်ဟု သက်ကြီးအဘိုး တစ်ဦးက ဆိုသည်။
ရံပုံငွေအလှူခံပွဲများ (ဂျော်လ်ဆာ)၊ တရားဟောပြောပွဲများ (ဝါအ်စ်)၊ တမန်တော်နေ့ (ယောမ်မုန် နော်ဘီ) စသော ဘာသာရေးပွဲများတွင်လည်း ဆီန္ဒီး ပြုလုပ်ကျွေးမွေးကြသည်။ အချို့သူများသည် “ထိုမစ်ဂျီဒ်၏ ဆီန္ဒီး သုံးဆောင်လျှင် ရောဂါဘယ ပျောက်ကင်းသည်၊ ဤ မစ်ဂျီးဒ်၏ ဆီန္ဒီးစားလျှင် မည်သည်မည်ဝါ ဖြစ်သည် ဆိုပြီး ရည်စူးစားသောက်ကြသည်။"
ဆီန္ဒီးနှင့် ပတ်သတ်သည့် ဥပစာပေး စကားလည်း ရှိသည်။
“Góror sindí fore hár, Húsonir maa hoddá loi bera."
အဓိပ္ပာယ်- အိမ်က ဆီန္ဒီး သူတစ်ပါး စားနေသည်။ ဟူစန်၏ အမေကမူ ခွက်ဖြင့် ရွာလည့် တောင်းစားနေ ကြသည်။
“မိမိဥစ္စာကို စွန့်၍ သူတပါးထံ၌ ကပ်ပါးနေသူကို ဥပမာပေးသော စကားဖြစ်သည်။"
ပါဝင်ပစ္စည်များ
---------------------
(၁) ဆန်မုန့်ညက် (ဂူရီ)
(၂) နို့ချဉ် / နို့ (ဒူဓ်)
(၃) မဆလာ (မောဆောလ္လာ့)
(၄) နှမ်း (ဂိုခ်ျရှာ)
(၅) မြေပဲ (ဘာဒါမ်)
(၆) အုန်းသီး (နာဂ်ျဂျော်လ်)
(၇) ထန်းလျက် (ထိုက်ဉ် ယောင်းမီရ)
(၈) ဆား (နူဏ်)
(၉) ရေ ( ဖာဏီး)
မှတ်ချက်။ မဆလာတွင် တေစ်ဖာတာ၊ ဇီယာနှင့် အေလာဆီကိုသာ ထည့်သည်။
ပြင်ဆင်နည်း
------------------
ဆီန္ဒီးထိုးနည်းမှာ သိပ်မလွယ်ချေ။ ထိုးသူကျွမ်းကျင်မှ အရသာပြည့်စုံသော ဆီန္ဒီးကို စားနိုင်မည်ဖြစ်သည်။
ဦးစွာ ဆန်ကိုဆေးကြောပြီး ၁ နာရီခန့်ကြာအောင် ရေစိမ့်ထားကာ ခြေနင်းမောင်း သို့မဟုတ် ဆုံဖြင့် ထောင်းကြိတ်ရသည်။ ဆန်ကို လုံးဝ ကျေကျေညက်ညက်ဖြစ်အောင် ထောင်းစရာ မလိုချေ။
မိုးဗြဲဒယ်ကြီး၌ လိုအပ်သော ရေပမာဏထည့်ပြီး ဆန်မုန့်ညက်ကို ရေပျော်ဝင်သွားအောင် မွှေကာ မြေကြီး၌ တူးထားသော မီးဖိုကြီးပေါ်တွင် ဒယ်ကြီးကို တည်ရသည်။ အောက်က မီးကိုလည်း တောက်တောက် လောင်စေရသည်။ အိုးထိန်းအဖွဲ့မှ အိုးတစ်အိုးကို တစ်ယောက်စီက ဝါးဖြင့် ပြုလုပ်ထားသော ယောင်းမ (ဓိုဝ)ဖြင့် မနားတမ်းမွှေရသည်။ အုန်းသီးကို ပါးပါးလေး လှီးဖြတ်ထားရသည်။ အနည်းငယ် နေပူလှန်လျှင် ပိုကောင်းသည်။ မြေပဲကိုလည်း အခွံခွာပြီး ခြမ်းကွဲသွားအောင် အသာလေး ထောင်းကာ ပြောင်စင်အောင် ထားရသည်။ လှော်ပြီးသား မြေပဲဆိုလျှင် ပိုကောင်းသည်။ မလှော်လျှင်လည်း အဆင်ပြေသည်။ အားလုံး အဆင်အသင့် လုပ်ထားရသည်။ ဆန်မှုန့်နှင့် ရေ ပေါင်းသွားပြီး ဆူစပြုလာသည့်အခါ ထန်းလျက်ကို ထည့်ရသည်။
ဤအချိန်သည် အလွန်သတိထားရမည် အချိန်ဖြစ်သည်။ အိုးထိန်းနှင့် အခြားအိုးထိန်းကူ တစ်ယောက်/နှစ်ယောက် (အိုးကြီးလျှင် လူလည်း အများလိုသည်) တို့သည် ဝါးနှင့် ပြုလုပ်ထားသော ယောင်းမကိုယ်စီဖြင့် အဆက်မပြတ် မွှေရသည်။ နှပ်လာသည့် အခါ အိုးထိန်းသည် မြေပဲ၊ အုန်းသီး၊ နို့ချဉ်တို့ကို ရောထည့်လျက် အဖုံးအုပ်ကာ အပေါ်က အလေးတစ်ခုခု တင်၍ ဖိထားရသည်။ ဤအခါ မီးတောက်များကို လျော့ချရသည်။ အပြီးနှပ်လာသည့် အခါ အနီးအနား၌ ဆီန္ဒီး နံ့သင်းတပျံ့ပျံ့ မွှေးကြိုင်လာသည်။ အိုးအဖုံး လှန်ကြည့်လျှင် ဆီန္ဒီးမျက်နှာပြင်သည် အက်ကွဲကာ ရွှေညိုရောင်ဖြစ်လာကြောင်းကို တွေ့ရသည်။ အိုးထိန်းတို့အဖွဲ့သည်လည်း ချွေးတဖြိုက်ဖြိုက်နှင့် လိုအပ်သော ရွှေဆီန္ဒီးရလာသည်။
=========================
အပိုင်း (၁)နှင့် (၂) တို့ကို ဤနေရာမှ ဖတ်ရှူ့နိုင်ပါသည်။
အပိုင်း (၄) ကို စောင့်မျှော်ပါ။
ရိုဟင်ဂျာ အစားအစာနှင့် ပတ်သတ်သည့် အကြံပေးချက်များ၊ ဗဟုသုတများ မျှဝေလိုပါက Comments Box တွင် ရေးသားပါရန် တောင်းဆိုပါသည်။ Inshaallah, ဖော်ပြလာသော စာကို သက်ဆိုင်ရာ POSTများတွင် ဖြည့်စွက်ပေးပါမည်။ လူကြီးမင်းတို့၏ စာတစ်ကြောင်းသည် အဖိုးမဖြတ်နိုင်သော ရိုဟင်ဂျာယဉ်ကျေးမှု ဖော်ဆောင်နိုင်ပါစေ။ အာမိန်း။