![]() |
| Zaffor Kawal, Founder of Rohingya revolution Mujaheed Movement of Arakan. |
ရိုဟင်ဂျာ တော်လှန်ရေးဖခင် ဇာဖောရ်ကာဝါလ် (၁၉၁၅-၁၉၅၃)
" တော်လှန်ရေးမသိသောအမျိုး လွတ်မြောက်မည် မဟုတ်။"- ဇာဖောရ်ကာဝါလ်
ဇာဖောရ်ကာဝါလ်၏ အမည်ရင်းမှာ ဇာဖောရ်ဟူစိန်း ဖြစ်သည်။ ဘူးသီးတောင်မြို့နယ်၊ အာလီယောင်းကျေးရွာ၌ ၁၉၁၅ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ဖခင်မှာ သာသနာ့ပညာရှင် မော်လနာ စုလ်တာန်အဟ်မတ် (အဗ္ဗဒုလ်ဘာရီ ဟုလည်း အဆိုကွဲရှိသည်) ဖြစ်သည်။ မိခင်မှာ ဦးကူတုဗ်၏သမီး ဘာနူရှားခါတွန် ဖြစ်သည်။ ကြွယ်ဝချမ်းသာသော မိသားစုမှ ဆင်းသက်လာသူဖြစ်သည်။
ဇာဖောရ် အရွယ်ရောက်လာသောအခါ အိန္ဒိယပြည်သို့ ပညာတော်သင်ရန် ဖခင်က စေလွှတ်ခဲ့သည်။ ထိုအချိန်သည် အိန္ဒိယပြည်၌ နယ်ချဲ့အင်္ဂလိပ်ဆန့်ကျင်၍ လွှတ်လပ်ရေးအတွက် ကြိုးပမ်းနေသော ကာလဖြစ်သည်။ သူသည် အိန္ဒိယ၌ ပညာသင်ရင်း အိန္ဒိယလွတ်လပ်ရေး ကြိုးပမ်းမှုနှင့် ရင်းနှီးကာ နိုင်ငံရေးနှင့်တော်လှန်ရေးဘက်သို့ စိတ်ဝင်စားလာခဲ့သည်။ ထို့အပြင် ကာဝါလီ အနုပညာကိုလည်း ဝါသနာအရ စည်းစနစ်မှန်မှန် သင်ယူခဲ့သည်။
မိမိတို့၏ ရိုဟင်ဂျာလူမျိုးတို့ ထိုအချိန်က ရင်ဆိုင်နေရသော အင်္ဂလိပ်အစိုးရ၏ သစ္စာဖောက်မှု၊ တစ်ဖက်က ကိုလိုနီနယ်မြေတဝန်းရှိ လူမျိုးအသီးသီးသည် မိမိတို့အခွင့်အရေးကို သွေးချွေးမြေကျ မရရအောင် ရယူနေကြသည်ကို နမူနာယူလျက် ဇာတိသွေးဇာတိမာန် နိုးဆော်ထကြွလာကာ မိမိတို့အမျိုးသား၏ အခွင့်အရေးကို အရယူရန် တော်လှန်မည်ဟု သန္နိဌာန်ချခဲ့သည်။ ကျောင်းလည်း မပြီးသေး ထိုခေတ်က အာရဗီ ၁၀ တန်းလောက်သာ။ ခေါင်းထဲတွင် အမျိုးသားလွှတ်မြောက်ရေးစိတ်က တဝီဝီနှင့်။
ကျောင်းမှထွက်၍ အိန္ဒိယပြည်သား စာသင်ဖက်တစ်ချို့နှင့်အတူ အိန္ဒိယ တော်လှန်ရေး ခေါင်းဆောင် ဆုဘာခ်ျချော်န္ဒြာဘို့စ် (Netaji Subush Chandra Bose) ဦးဆောင်သော အိန္ဒိယလွတ်မြောက်ရေးတပ်မတော် ILA (India Liberation Army) သို့ ဝင်ရောက်ကာ စစ်ပညာ သင်ယူခဲ့သည်။ အိုင်အလ်အေ၏ စေခိုင်းချက်အရ အထက်မြန်မာနိုင်ငံအခြေစိုက် အိုင်အလ်အေ စခန်း၌ တာဝန် ထမ်းဆောင်ခဲ့သည်။ ထိုအချိန်သည် ဒုတိယကမ္ဘာစစ် ဖြစ်နေချိန်ကာလဖြစ်သောကြောင့် ဂျပန်က ဗြိတိသျှကို အနိုင်ချေမုန်းရေးအတွက် အိန္ဒိယ၊ မြန်မာစသည့်မဟာမိတ်များ ပူးပေါင်းကူညီရန် သွေးဆွနေသည့် အချိန်ဖြစ်သည်။ ယင်းအခွင့်အရေးကို ရဲဘော် ပေါက်စလေး ဇာဖော်ရ် ကလည်း ခံစားရခြင်းဖြစ်ပေသည်။
နောက်ဆုံးတွင် "အချိန်ရှိခိုက် လုံ့လစိုက်" ဆိုရိုးကို သင်ခန်းစာယူလျက် ပညာတစ်ပိုင်းတစ်ဝက်တွင် မိမိအမျိုးအား တစ်ဖက်သတ်မျက်ကန်းဥပဒေမှ ကယ်တင်ရန် အိုင်အလ်အေမှ ထွက်ကာ အမိမြေ အာရ်ကန်သို့ ပြန်ကြွလာခဲ့သည်။ အာရ်ကန်မြေသို့ရောက်ပြီး ဖက်ဆစ်ဂျပန်ကို မောင်းထုတ်ရန် ဗြိတိသျှအကူအညီဖြင့် ဖွဲ့စည်းခဲ့သော ဗွီဖိုစ်(V Force)သို့ ဝင်ရောက်ခဲ့သည်။ သူသည် ကာဝါလီတေးဖြင့် လူငယ်များ၏ အိပ်စက်နေသော မျိုးချစ်စိတ်ကို နိုးဆွစေခဲ့သည်။ တာရာနာ ဟုခေါ်သော မျိုးချစ်တေးများကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင်သီဆိုကာ အမျိုးဂုဏ် ဇာတိမာန်တို့ကို လှုံဆော်ပေးခဲ့သည်။ စစ်တွေမြို့တွင် မျိုးချစ်ကာဝါလီတေးများ သီဆိုသဖြင့် တရားစွဲခံခဲ့ရသည်။ ခေါင်းဆောင်ကြီးသည် တာရာနာ မျိုးချစ်တေးကို တီထွင်ခဲ့သူဖြစ်သည်။ ဤသို့ဖြင့် မျိုးချစ်လူငယ်များကို တဖြည်းဖြည်း စည်းရုံးကာ ရိုဟင်ဂျာတော်လှန်ရေးလမ်းစကို "မူဂျာဟီးဒ် တော်လှန်ရေး လှုပ်ရှားမှု" (Rohingya Mujaheed Movement) (၁၉၄၆-၁၉၆၁) အမည်ဖြင့် အုတ်မြစ်ချပေးခဲ့သည်။ ၁၉၄၂ ခုအဓိကရုဏ်းပြီးနောက် မျိုးစောင့်တပ်ဖွဲ့ငယ်များ ရှိခဲ့သော်လည်း တစ်မျိုးသားလုံး၏ ကိုယ်စားပြုတည်ထောင်သောအဖွဲ့မဟုတ်ချေ။
ခေါင်းဆောင်ကြီး ဇာဖေါ်ရ်ကာဝါလ် ၏ မူဂျာဟစ်ပါတီက အသစ်စက်စက်တက်လာသော မြန်မာအစိုးရကို အချက် (၄) ချက် ပါဝင်သော တောင်းဆိုချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ ထိုအချက်များမှာ- က) စစ်တွေခရိုင်ကို ဗဟိုအစိုးရက တိုက်ရိုက်အုပ်ချုပ်မည့် မွတ်စလင်ခရိုင်တစ်ခုအဖြစ် သတ်မှတ်ပေးရန် (အိန္ဒိယနိုင်ငံရှိ ဟိုင်ဒြာဘတ်ပြည်နယ်နှင့် ဆင်တူသောအုပ်ချုပ်ရေး)၊ ခ) ထိုခရိုင်၏ ရုံးသုံးဘာသာစကားမှာ အူရ်ဒူကိုလည်း ပြဌာန်းပေးရန်၊ ဂ) အူရ်ဒူစာသင်ကျောင်းများ ထူထောင်ပေးရန်၊ ဃ) ဖမ်းဆီးထိန်းသိမ်းထားသည့် သူများကို ပြန်လွှတ်ပေးရန်၊ င) မူဂျာဟစ်ပါတီကို တရားဝင်အဖွဲ့အစည်းအဖြစ် ကြော်ငြာပေးရန် တို့ဖြစ်ကြသည်။ ထိုတောင်းဆိုချက်ကို မြန်မာအစိုးရက လိုက်လျောတုန့်ပြန်မှု မပြုသောကြောင့် ဂျာဖောရ်ကာဝါလ်သည် ရခိုင်ကွန်မြူနစ်ခေါင်းဆောင် ထွန်းအောင်ဖြူနှင့် မဟာမိတ်ဖွဲ့ကာ ဘော်လီဘာဇားနှင့် ပုဏ္ဏားကျွန်းကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့သည်။
၁၉၄၈ နောက်ဆုံးပိုင်းတွင် ဇာဖေါ့ရ်ကာဝါလ်၏ မူဂျာဟစ်အဖွဲ့နှင့် မြန်မာစစ်တပ်တို့ ထိပ်တိုက် တိုက်ပွဲများပြင်းထန်လာခဲ့သည်။ နိုဝင်ဘာလတွင် မြန်မာစစ်တပ်က ကြည်း၊ရေ၊လေ အင်အားဖြည့်ကာ တိုက်ခိုက်လာသည်။ စစ်တပ်က မောင်တောမြို့အနီးအနားမှ ဗလီ ၆ လုံး အပါအဝင် ကျေးရွာ ၁၃ ရွာကို မီးရှို့ဖျက်ဆီးပစ်ခဲ့သည်။ နှစ်ဖက်အသေအကျ များပြားကာ မူဂျာဟစ်နှင့် ကွန်မြူနစ် မဟာမိတ်အဖွဲ့က ဗမာနေဗီတစ်စီးကို ဖျက်ဆီးနိုင်ခဲ့သည်။
ခေါင်းဆောင်ကြီး၏ လက်နက်ကိုင်တော်လှန်ရေးတွင် အခြားထင်ရှားသော တိုက်ပွဲများမှာ ဘူးသီးတောင်မြို့နယ် ဖောင်တော်ပြင်တိုက်ပွဲနှင့် မောင်တောမြို့နယ် တမန်သားတိုက်ပွဲတို့ဖြစ်သည်။ ၁၉၄၉ ခုတွင် တော်လှန်ရေးတပ်ဖွဲ့ ဌာနချုပ်ကို နယ်စပ်သို့ ရွေ့ပြောင်း အခြေချခဲ့သည်။
ခေါင်းဆောင်ကြီးသည် မျိုးချစ်တော်လှန်ရေးသမားများကို စစ်ပညာသင်ပေးခဲ့သည့်အပြင် ကျွန်ဘဝမှ လွှတ်မြောက်လိုသော သခင်စိတ်ကိုလည်း ထည့်သွင်းပေးခဲ့သည်။ ကာဝါလီ တေးတိုက်ပွဲများ ကျင်းပကာ အမျိုး၊ ဘာသာ၊ သာသနာဆိုင်ရာ တေးများသီဆို၍ ရပ်သူရပ်သားများအား ဝံသာနုစိတ်ဓာတ် ထက်သန်စေခဲ့သည်။ ထိုသို့ ကာဝါလီ တေးတိုက်ပွဲများ၌ သီဆိုရာမှ ဇာဖောရ်ကာဝါလ် ဟူသောအမည်နှင့် ထင်ရှားလာခဲ့သည်။
ခေါင်းဆောင်ကြီးသည် မိမိအမျိုးအား ကျွန်ဘဝမှ လွှတ်မြောက်စေရန် တော်လှန်အရေးအဖွဲ့ကို ကိုယ်ကျိုးမဲ့သက်သက်ဦးဆောင်ခဲ့ပြီးနောက် အောက်တိုဘာလ ၁၁ ရက် ၁၉၅၃ ခု ညနေ ၁၂ နာရီတွင် မိမိ၏ ခံတပ်၌ အိပ်စက်နေစဉ် မသမာသော လူတစ်ချို့၏ လုပ်ကြံမှုဖြင့် ကျဆုံးခဲ့လေသည်။ လက်သည်ရှင်မှာ နူရ်မိုဟာမတ် ဆိုသော သစ္စာဖောက် တစ်ယောက်ဖြစ်သည်။ (ခေါင်းဆောင်ကြီးကို ၁၉၅၀ ပြည့်နှစ်တွင် လုပ်ကြံခံခဲ့ရသည်ဟု အချို့မှတ်တမ်းတွင် တွေ့ရသည်။)
ခေါင်းဆောင်ကြီး၏ ထင်ရှားသော တာရာနာ တေးတစ်ပုဒ်ကို အောက်တွင် ဖော်ပြထားသည်။
Toyar Óu
Jawan ol, loo dibolla toyar óu,Ducmon or goddona loibolla toyar óu.Aiyer búsal abar Arakanor zobinotKoumor keshti basai bolla toyar óu.Seton oibar wokto matar uore accéMushirik ouloré dorforaiballá toyar ou.Gumot foijje de Ruwainga re seton gorNara e takbir loi kaferoré behúñc gór.Jowan ol, loo dibolla toyar óu,Koumor keshti basai bolla toyar óu.— Zafor Kawal (1947)
မှီငြမ်း
- အာကာဘရ်အေ အာရ်ကာန်
- ရိုဟင်ဂျာကိုမ်ကိ သဟ်ရိက်
- Battlefields to Borderland
( လူထုဝဏ္ဏ ရေးသည်)

No comments:
Post a Comment