Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, December 27, 2020

ရိုဟင်ဂျာ အမျိုးသားနေ့ တကယ်လား

 


ရိုဟင်ဂျာ အမျိုးသားနေ့ တကယ်လား


(ဒီပို့စ် ရေးသားရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အချင်းချင်း စိတ်ဝမ်းကွဲအောင် ခုတုံးလုပ်နေခြင်း လုံးဝမဟုတ်ဘဲ အင်မတန်အရေးကြီးတဲ့ သမိုင်းနောက်ခံတစ်ခုကို မျိုးစိတ်သစ်လူငယ်လက်ထဲ ပို့ဆောင်ပေးခြင်း ဖြစ်ကြောင်း ဦးစွာအသိပေးပါရစေ။ ရေးသားဖော်ပြထားတဲ့ အချက်အလက်တွေဟာ ကျနော် လေ့လာတွေ့ရှိသမျှ အချက်တွေဖြစ်ပါတယ်။) 


လူမျိုးတစ်စု ညီညွတ်စည်းလုံးမှု၊ အချင်းချင်း ချစ်ခင်လေးစားမှု၊ အမျိုးဂုဏ်ဇာတိဂုဏ် ဖော်ဆောင်မှုစတာတွေအတွက် ရက်ထူးရက်မြတ်တွေကို ရွေးချယ် သတ်မှတ်ကြတယ်။ အဲဒီလိုနေ့ရက်တွေဟာ အခြေအမြစ်မဲ့ သတ်မှတ်ကြတာတော့ မဟုတ်ဘူး။ တစ်မျိုးသားလုံးရဲ့ အောင်ပွဲခံခဲ့တဲ့ အကြောင်းအရာ၊ နောက်ခံဇာတ်လမ်း၊ ဖြတ်ကျော်ခဲ့ရတဲ့ အတားအဆီး၊ ဆုံးရှုံးမှု စတာတွေကို တစ်မျိုးသားလုံးက တနေ့တည်း တရက်တည်းမှာပင် ပြန်လည်အောက်မေ့သတိရစေဖို့ပင် ဖြစ်ပေတယ်။ 

ဒီတော့ ဇန္နဝါရီလ ၃ ရက်နေ့တွင် တချို့ ရိုဟင်ဂျာတွေက အမျိုးသားနေ့ လို့ ကျင်းပနေတာ ကြားနေရတာ၊ အွန်းလိုင်းမှာ တွေ့နေရတာက ၃-၄ နှစ်လောက် ရှိပါပြီ။ တကယ်တော့ ဒီနေ့ ကို ကျနော် ပထမဆုံးတွေ့ရတာက ဖေဖေရဲ့ စာအုပ်စင်က စာအုပ်တစ်အုပ်ရဲ့ မျက်နှာဖုံးမှာ ဖြစ်တယ်။ အဲ့ဒီတုန်းက တကယ့်ကို ပျော်ခဲ့တာပဲ။ မိမိအမျိုးနဲ့ ပတ်သတ်တဲ့ အချက်တစ်ချက်ကို သိခွင့်ရလို့ပေါ့။ နောက်ခံအကြောင်း ရှာကြည့်ပေမယ့် အစအန မတွေ့ခဲ့ရချေ။ စာဖတ်စ သူပေါက်စ တစ်ယောက်မို့ တွေ့တာလောက်နဲ့ပဲ ကျေနပ်ခဲ့တယ်။ 

လွန်ခဲ့တဲ့ ၃-၄ နှစ်ကစပြီး တချို့ ရိုတွေက အခမ်းအနားတွေနဲ့ သိုက်သိုက်မြိုက်မြိုက် ကျင်းပနေကြတာတွေ့ရတယ်။ တွေ့ရတော့ စိတ်ထဲလည်း ပီတိဖြစ်လာတယ်။ ဒါနဲ့ ကျနော်မှာလည်း စိတ်ထဲ သိပ်ဖိထားတဲ့ အကြောင်းတစ်ခု ပြန်လည် သတိရရ အတွက်ပ်ါလာပြီပေါ့။ 

ရိုဟင်ဂျာအမျိုးသားနေ့လို့ ဇန္နဝါရီလ ၃ ရက်နေ့တွင် ကျင်းပနေတဲ့ နေ့ကား ဘယ်လိုဖြစ်လာသလဲ။ ဘာကြောင့် သတ်မှတ်ခဲ့တာလဲ။ တညီတညွတ်တည်း သတ်မှတ်ခဲ့တာလား။ ဂိုဏ်းဂဏကွဲတာတော့ ရှိခဲ့သလား စတဲ့ အကြောင်းအရာတွေနဲ့ ရှာတော်ပုံစခဲ့တယ်။ လူထုကြားမှာလဲ ပဟေဠိ မေးခွန်းတစ်ခုလို ပျံ့နှံ့နှိပ်စက်နေတယ်လို့ ထင်မိပါတယ်။ တစ်မျိုးသားလုံးနဲ့ ပတ်သတ်လာတော့ ကိုယ်စီကိုယ်စီ သိချင်စိတ်တော့ ရှိမှာပါ။    တကယ့် နောက်ခံသိတဲ့ သူတွေကလဲ မသိကျွန်ပြုနေတာလား မသိဘူး။ ဒီလောက် လူမျိုးတစ်မျိုးအတွက် အရေးကြီးတဲ့ နေ့တစ်နေ့ကျင်းပတာက မျက်စိပိတ်ကျင်းပလို့တော့ မဖြစ်ဘူးလေ။ မျက်စိပိတ် ယုံတဲ့ခေတ်လဲ ကုန်သွားပြီ။ နောက်ခံသမိုင်း အကြောင်းစုံကို စေ့စေ့စပ်စပ် နက်နက်ရှိုင်းရှိုင်း ကွက်ကွက်ကွင်းကွင်း သိရှိမှာသာ လူတွေက ပိုစိတ်ဝင်စားလာမယ်။ အလေးထား မြတ်နိုးလာမယ်။ နောင်လာမယ့် မျိုးစိတ်သစ်တွေကိုလဲ လက်ဆင့်ကမ်းနိုင်မယ်။ ဒါ့အပြင် သတ်မှတ်သင့်မသင့်လဲ ဆင်ခြင်သုံးသပ်ခွင့် ရတော့မယ်။ 

ဒီနေ့ ဖြစ်လာတဲ့ နောက်ခံသမိုင်းကို တပတ်တကုတ်ရှာကြည့်တယ်။ သက်ကြီးဝါကြီးတွေ့နဲ့လည်း လှမ်းမီသလောက် စုံစမ်းကြည့်တယ်။ စာအုပ်စာပေတွေနဲ့လဲ ချဉ်းကပ်ကြည့်တယ်။ အွန်းလိုင်းမှာလဲ မနည်းရှာကြည့်တယ်။ ကုပ်ဖော်တွေ့ရှိတာက……

ဒီအမျိုးသားနေ့ သတ်မှတ်လာတဲ့ နောက်ခံကို တိုတိုချုပ်ပြောရရင် နိုင်ငံရေးပါတီ တစ်ခု ထူထောင်ခဲ့တဲ့နေ့ လို့ပြောရပါမယ်။ အကြောင်းကတော့ ၁၉၈၈ ခု နောက်ပိုင်း လူထုအုံကြွမှု၊ တိုင်းပြည်မတည်ငြိမ်မှုကြောင့် နှစ်ရှည်အာဏာချုပ်ကိုင်ထားတဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ)အစိုးရ ပျက်သုန်းပြီးနောက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)အစိုးရ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမောင်သည် စက်တင်ဘာလတွင် နိုင်ငံတော် ရှေ့ဆက်မယ့် လမ်းစဉ် (၄) ချက်ကို ထုတ်ပြန်ခဲ့တယ်။ အဲဒီထဲမှ နောက်ဆုံးအချက်က ပါတီစုံရွေးကောက်ပွဲ ကျင်းပရေးဖြစ်တယ်။ ပြည်သူလူထုက ရွေးချယ်တင်မြှောက်မယ့် ကိုယ်စားလှယ်တွေက အုပ်ချုပ်မယ့်စနစ်ဖက်သို့ ဦးတည်နေတာကြောင့် ရေငုံနေခဲ့ရတဲ့ မြန်မာပြည်သူတွေကလည်း ထကြွစွာပါဝင်လာခဲ့တယ်။ ပြည်တွင်း လူမျိုးပေါင်းစုံက လူမျိုးကိုယ်စားပြု၊ ပြည်နယ်/တိုင်း ကိုယ်စားပြု ပါတီတွေ ဖွဲ့စည်းခွင့်ရခဲ့တယ်။ လူနည်းစု ကိုယ်စားပြုပါတီ ၁၉ ပါတီခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်။ ရခိုင်ပြည်နယ် ကိုယ်စားပြု ၁၈ ပါတီခန့် မှတ်ပုံတင်ခဲ့တယ်လို့ သိရတယ်။ ထို့အတူ ရိုဟင်ဂျာလူမျိုး ကိုယ်စားပြု ပါတီများလည်း မှတ်ပုံတင်ခဲ့တယ်။ ရခိုင်ပြည်မှ မွတ်စလင် ပါတီပေါင်း ၇ ခု ပါဝင်ခဲ့တယ်။ 

ထိုအထဲတွင် "အမျိုးသား လူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီ" နဲ့ "အမျိုးသားပါတီ" တို့လဲ ပါဝင်ယှဉ်ပြိုင်ခဲ့တယ်။ "အမျိုးသားပါတီ"ကို အစက တိုင်းရင်းသားလူနည်းစု ပါတီတစ်ခုအဖြစ် "ရိုဟင်ဂျာ အမျိုးသားပါတီ" အမည်နဲ့ မှတ်ပုံတင်ရန် ကြိုးစားခဲ့တယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ချေ။ ကန့်ကွက်ခြင်းခံရတယ်။ ငြင်းပယ်ခြင်းခံရတယ်။ သို့ပေမယ့် အတားအဆီးတွေကို မဆုတ်မနစ် တွန်းကန်ရင်ဆိုင် ကျော်လွှားပြီး နောက်ဆုံးတွင် "ရိုဟင်ဂျာ" စကားလုံးကို ဖြုတ်ကာ "အမျိုးသားပါတီ" နာမည်နဲ့သာ ၁၉၈၉ ခု ဇန္နဝါရီလ (၃)ရက်နေ့တွင် တရားဝင် မှတ်ပုံတင်နိုင်ခဲ့လေတယ်။ 

ထိုနေ့ထိုရက်ကို ပါတီရဲ့ အောင်ပွဲနေ့ဟု သတ်မှတ်ခဲ့တယ်။ အမျိုးသားပါတီသည် ရိုဟင်ဂျာတစ်ရပ်လုံးကို ကိုယ်စားပြုသောကြောင့် ရိုဟင်ဂျာ အမျိုးသား အောင်ပွဲနေ့ဟု သတ်မှတ်ရန်  ပါတီအမှုဆောင်အဖွဲ့ရဲ့ ပုံမှန်အစည်းအဝေးမှ သတ်မှတ်လိုက်ခြင်းဖြစ်ပါတယ်။

ထိုပါတီမှ အတွဲလိုက် ပုံနှိပ်ထုပ်ဝေတဲ့ စာစောင်မျက်နှာဖုံးတွေမှာလဲ "ရိုဟင်ဂျာ အမျိုးသားနေ့ ဇန္နဝါရီလ ၃ ရက်" လို့ မင်နီနဲ့ ရေးသားဖော်ပြခဲ့ပါတယ်။ ပါတီမဲဆွယ်ရာတွင်လည်း ထုတ်ဖော်ကြော်ငြာခဲ့တယ်။  ထိုသို့ တစ်မျိုးသားလုံး ညီညွတ်ရေးအတွက် ရရာလမ်းကြောင်းမှ နေ့တစ်နေ့ကို "အမျိုးသားပါတီ"က ဦးဆောင်၍ သတ်မှတ်လိုက်ခြင်းဖြစ်လေတယ်။

၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်တွင် ကျင်းပခဲ့တဲ့ ပါတီစုံရွေးကောက်ပွဲကို အကောင်အထည်မဖော်နိုင်ခြင်းကြောင့် ပါတီရဲ့ လှုပ်ရှားမှုလဲ လျော့နည်းလာခဲ့တယ်။ နဝတအစိုးရရဲ့ အကန့်အသတ်တွေနဲ့ ကြုံရလေတယ်။ ပါတီတွေကို ပိတ်ပင်ခြင်းခံရတယ်။ နဝတအစိုးရခေတ်တွင် ထုတ်ဖော်ပြောဆိုခွင့်ဟာ သုညအဆင့်သာရှိခဲ့တာကြောင့် တဖြေးဖြေးနဲ့ မေ့ပျောက်သွားခဲ့လေတယ်။ 

ဒီနေရာတွင် ကျနော်နဲ့အတူ အများပြည်သူ၏ သိချင်လိုတဲ့ မေးခွန်းတစ်ခု တစ်စိတ်တစ်ပိုင်း အဖြေရသွားပြီလို့ ထင်မိပါတယ်။ နောက်တစ်ချက်ကတော့ ဒီရက်ဟာ အမျိုးသားနေ့အဖြစ် ထိုက်တန်သင့်လျော်ပါသလား ဆိုတဲ့အချက်ပါပဲ။ ခံယူထိုက်ပါသလား။

မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးချိန်မှစ၍ ယနေ့တိုင် ရိုဟင်ဂျာတွေဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ အခက်အခဲ မျိုးစုံနဲ့ ထိပ်တိုက်တွေ့ မချိတင်ကဲ ဖြတ်သန်းခဲ့ရတယ်။ ဆုံးရှုံးမှုတွေလဲ မိုးထိအောင် ခံခဲ့ရလေတယ်။ ဒီကြားထဲက အောင်မြင်မှုတွေလဲ ရရှိခဲ့တာရှိတယ်။ ဥပမာပြရလျှင် ဦးနုအစိုးရခေတ်က ရိုဟင်ဂျာလူမျိုးစုကို တိုင်းရင်းသားအဖြစ် သတ်မှတ်ကြေညာတဲ့နေ့ (စက်တင်ဘာလ ၂၅၊ ၁၉၅၄ ခု ညနေ ၈ နာရီ)၊ ဗမာ့အသံ တိုင်းရင်းသားအစီအစဉ်မှ ရိုဟင်ဂျာဘာသာစကားဖြင့် အသံလွင့်တဲ့နေ့(မေလ ၁၅ ရက်၊ ၁၉၆၁ ခု)၊ မေယုခရိုင် နယ်ခြားခရိုင်သတ်မှတ်ပေးတဲ့နေ့(မေလ ၁ ရက်၊ ၁၉၆၁ ခု)၊ ရန်ကုန်တက္ကသိုလ်တွင် ရိုဟင်ဂျာကျောင်းသားများအသင်း ဖွဲ့စည်းခဲ့တဲ့နေ့ (ဒီဇင်ဘာလ ၃၊ ၁၉၅၉ ခု) စတဲ့ အောင်ပွဲခံခဲ့တဲ့ နေ့ထူးနေ့မြတ်တွေလဲ ရှိနေတယ်။ ယနေ့ခေတ်မှာဆိုလျှင် ရိုဟင်ဂျာအမှုကို ကမ္ဘာ့တရားခွင်တွင် တင်နိုင်ခဲ့တဲ့နေ့ (နိုဝင်ဘာ ၁၁၊  ၂၀၁၉ ခု)၊ မြန်မာအစိုးရကို ပထမဆုံးအကြိမ် ကမ္ဘာ့တရားခွင်သို့ ဆွဲငင်ခေါ်ဆောင်သွားတဲ့နေ့ (ဒီဇင်ဘာ ၁၀၊ ၂၀၁၉ ခု) စတာတွေလဲ မဟာအောင်ပွဲနေ့နဲ့ ထိုက်တန်နေပါတယ်။ ဒီရက်တွေက ပို၍ သင့်လျော်ထိုက်တန် အကွက်ကျနေသလား စဉ်းစားစရာ။  

နိုင်ငံရေးပါတီ တစ်ခုမှတ်ပုံတင်တဲ့နေ့တစ်နေ့ သာ သင့်လျော်မယ်ဆိုရင် ဒီထက်စောတဲ့ ပါတီတွေလဲ ရှိခဲ့တယ် မဟုတ်ဘူးလား။ "ဂျမီယတုလ် အိုလေမာ အာရ်ကန်" ဆိုရင်  ရိုဟင်ဂျာတွေရဲ့ ပထမဦးဆုံး နိုင်ငံရေးပါတီတစ်ခုဖြစ်တယ်။ လွတ်လပ်ရေးမတိုင်မီကပင် ပါတီထောင်ခဲ့တယ်။ ကိုယ့်လူမျိုးအတွက် စွန့်စားခဲ့တာလဲ တပုံကြီး။ 

အမျိုးသားပါတီ မှတ်ပုံတင်တဲ့ နှစ်မှာ တခြား ရိုဟင်ဂျာနိုင်ငံရေးပါတီတွေလဲ မှတ်ပုံတင်တာ ရှိခဲ့တယ်။ အဲဒီချိန်မှာ "အမျိုးသားပါတီ"ရဲ့ အဓိက ပြိုင်ဖက်ကတော့ ယနေ့အထိ တည်ရှိနေတဲ့ "အမျိုးသား လူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီ (ယနေ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ) ပါပဲ။ အမျိုးသားပါတီ ထူထောင်တဲ့နေ့ကို နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်လိုက်ရင် တခြားပါတီတွေကို ဘေးဖယ်ထားသလို မဖြစ်ဘူးလား။ သူတို့လဲ မဲဆန္ဒနယ်အလိုက် ရိုဟင်ဂျာ ကိုယ်စားပြုတာပါပဲ။ ဒီတော့ ဂိုဏ်းဂဏကွဲတာတော့ ရှိနိုင်တယ်။ တစ်မျိုးသားလုံးရဲ့ တညီတညွတ် သဘောတူညီချက်နဲ့ ရလာတဲ့ နေ့တော့ မဖြစ်နိုင်ဘူးလို့ ထင်မိပါတယ်။ 

နောက်ဆုံးအနေနဲ့ သတင်းစကားပါးချင်တာက သမိုင်းမှတ်တိုင် ဖျော့တော့တော့ မဖြစ်လေရအောင် ဇန်နဝါရီလ (၃) ရက် တကယ်လား၊ သင့်လျော်သလား စတာကို သေသောချာချာ ပြန်လည် ဆင်ခြင်သုံးသပ်ပြီးတော့ တစ်မျိုးသားလုံးအတွက် အမျိုးသား အောင်ပွဲနေ့တစ်နေ့နဲ့ အထိုက်တန်ဆုံး၊ ကျောရိုးအမာဆုံး နေ့တစ်နေ့  သတ်မှတ်ခြင်းက ရိုအားလုံးရဲ့ တာဝန်ပင်…။


လူထုဝဏ္ဏ

(၂၇-၁၂-၂၀၂၀)

No comments:

Post a Comment