Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, January 1, 2021

ဒူးချီးရာတန်း လူသတ်ပွဲကြီး


Photo Copy Right- MOI Webportal

၂၀၁၄ ဒူးချီးရာတန်း အစုလိုက်အပြံုလိုက်  သတ်ဖြတ်မှု


မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ် ဇွန်လမှ စတင်ကာ လူမျိုးရေးအကြမ်းဖက်မှုများနှင့် ရင်ဆိုင်နေရသည်။ ထိုအချိန်မှစ၍ ရိုဟင်ဂျာအများအပြားကို ဒုက္ခသည်စခန်းများတွင် ထားရှိခဲ့ပြီး ဝမ်းရေးအလုပ်အတွက်ပင် ထွက်ခွင့်မပြုခဲ့ပေ။ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၈ ခုအနက် ခုနစ်ခုတွင် မွတ်စလင်များအား ဆေးကုသခြင်း၊ လူသားချင်းစာနာထောက်ပံ့ရေးအဖွဲ့အစည်းများကို အကူအညီပေးရေး ကန့်သတ်ထားခြင်း တို့ကိုကျင့်သုံးနေဆဲဖြစ်သည်။ ဒူးချီးရာတန်း (Du Chee Yar Tan) ကဲ့သို့သော ကျေးရွာများတွင် နေထိုင်ခွင့် ရရှိသူများသည် ဒေသဆိုင်ရာ အာဏာပိုင်များ၏ သနားညှာတာမှုဖြင့်သာ ရှင်သန်နေရသည်။ အများစုမှာ ဗုဒ္ဓဘာသာအစွန်းရောက်အဖွဲ့၏ လှုံ့ဆော်မှုခံရသူဖြစ်သည်။ အဆိုပါအဖွဲ့၏  ဘုန်းကြီးများကို နိင်ငံတဝန်း လွတ်လပ်စွာ သွားလာခွင့်ပေးထား၍ မော်တော်ဆိုင်ကယ်စီးလျက် ကျေးလက်တောရွာများသို့ သွားရောက်ကာ မွတ်စ်လင်မ်မုန်းတီးရေး လှုံ့ဆော်သည်။ 

ဒူးချီးရာတန်းတွင် အသေအပျောက်အများဆုံး တိုက်ခိုက်မှုသည် ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ဖြစ်ပွားခဲ့ပြီး တစ်နှစ်အတွင်း လူသေဆုံးမှု အများဆုံးဖြစ်ဟန်တူသည်။ တိုက်ခိုက်မှုများသည် ဇန်နဝါရီ ၉ ရက်မှ စတင်ကာ ဇန်နဝါရီ ၁၄ ရက်အစောပိုင်းတွင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကိလိုက်ဒေါင်း (Kilaidoung) ဟု လူသိများသော ဒူးချီးရာတန်းသည် မောင်တောမြို့၏ တောင်ဘက် ၆ မိုင်အကွာရှိ ရွာတစ်ရွာဖြစ်သည်။ ဧရိယာ (၅၈၅.၉) စတုရန်းမိုင် ကျယ်ဝန်းသော မောင်တောမြို့နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်အကျဆုံး မြို့နယ်ဖြစ်သည်။ လူဦးရေ တစ်သန်းခွဲ၏ ၉၅ ရာခိုင်နှုန်းနီးပါးမှာ ရိုဟင်ဂျာများဖြစ်ကြသည်။ ဒူးချီးရာတန်းတွင် ရိုဟင်ဂျာလူမျိုး ၄၀၀၀ ခန့်ရှိ၍ လယ်ယာလုပ်ကိုင်သော လူ့အဖွဲ့အစည်းဖြစ်သည်။ ရိုဟင်ဂျာအခြေချနေထိုင်ရာ အနီးတစ်ဝိုက်တွင် မကြာသေးမီနှစ်များအတွင်း ရဲကင်းစခန်းတစ်ခုနှင့် ဗုဒ္ဓဘာသာနတလကျေးရွာတစ်ရွာကို အခြေချတည်ထောင်ပေးခဲ့သည်။

ရွာသူရွာသား ၉၀ ရာခိုင်နှုန်းမှာ ရိုဟင်ဂျာ မွတ်ဆလင်များ ဖြစ်ကြသော်လည်း စစ်တပ်က ဗုဒ္ဓဘာသာဝင် နတလ အောင်ဇံဖြူအား ဒူးချီးရာတန်း၏ ဥက္ကဌ အဖြစ် ခန့်အပ်ခဲ့သည်။ သူ့လက်အောက်ရှိ ဗုဒ္ဓဘာသာ အစွန်းရောက်များက ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ရွာသားများကို ငွေညှစ်၊ လုယက်မှုများ၊ ရာဇ၀တ်မှုများ အကြိမ်ကြိမ် ပြုလုပ်လေ့ရှိသည်။ လျော်ကြေးပေးရန်နှင့် ကုစားမှုအတွက် အာဏာပိုင်များထံ တိုင်ကြားခဲ့သော်လည်း အကူအညီမဲ့သော ရိုဟင်ဂျာများသည် အကြမ်းဖက် ဗုဒ္ဓဘာသာဝင်များ၏ လက်စားချေမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ဤသို့သော် မင်းမဲ့စရိုက်သည် ရိုဟင်ဂျာတို့၏ ဇာတိမြေ ရခိုင်ပြည် အနှံ့အပြားတွင် ပုံမှန်ဖြစ်ရိုးဖြစ်စဉ် တစ်ခုဖြစ်သည်။

အသိမျက်မြင်သက်သေ ရွာသားများ၏ အဆိုအရ ဇန်န၀ါရီလ ၇ ရက်နေ့ တွင် ရခိုင်ဗုဒ္ဓဘာသာ ဂိုဏ်းတစ်ခုက ဘူးသီးတောင်မြို့နယ် တောင်ကြားလမ်းဖြတ်၍ လာနေသော ရိုဟင်ဂျာ အုပ်စုငယ်တစ်စုကို ဖမ်းဆီး လုယက်ခဲ့ကြောင်း သိရသည်။ ဥက္ကဋ္ဌ အောင်ဇံဖြူ၏ ညွှန်ကြားချက်အရ ၎င်းရိုဟင်ဂျာတို့ကို ခေါ်ဆောင်လာပြီး ရခိုင်ကျေးရွာတွင် ဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်။ ၎င်းတို့ထဲမှ အချို့မှာ ချုပ်နှောင်ထားရာမှ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ကျန် ၈ ယောက်ကို ဇန်နဝါရီလ ၉ ရက်တွင် အစုလိုက် လုပ်ကြံသတ်ဖြတ်ခဲ့သည်။ ထိုထိတ်လန့်တုန်လှုပ်ဖွယ် သတင်းကို  ရိုဟင်ဂျာရွာသားတို့က သိရှိသွားသောအခါ ဦးအောင်ဇံဖြူ၏ ဦးဆောင်မှု ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့်ရဲတို့က ရွာသားတို့ကို နှုတ်ပိတ်ထားစေရန် ကြိုးစားခဲ့သည်။

ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် အဆိုပါကျေးရွာမှ ဒေါသထွက်နေသော ရိုဟင်ဂျာတစ်စုက ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းကို ဖမ်းဆီး၍ သတ်ဖြတ်ခဲ့သည်။ ရဲသားတစ်ဦး သတ်ဖြတ်ခံရမှုအပေါ် လက်တုံ့ပြန်ရန် ကြိုးပမ်းနေသည့် ဗုဒ္ဓဘာသာဝင် ရခိုင်လူအုပ်ကြီးသည် အမှောင်ထုအောက်တွင် ဓား၊ တုတ်၊ သေနတ်များ ကိုင်ဆောင်ကာ ရိုဟင်ဂျာရွာသို့ဝင်၍ သတ်ဖြတ်မှုကြီး ဆင်နွဲခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။ သတ်ဖြတ်မှုကြီးတွင် သေဆုံးသူအများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ပြီး အကြမ်းဖက်ဘုန်းကြီးများ၏ ဓားအောက်တွင် အသက်ဆုံးခဲ့ရသည်။

ထို့နောက် ရဲတပ်ကြပ်ကြီး ပျောက်ဆုံးနေသည်ဟု စွပ်စွဲကာ အစွန်းရောက် ဘုန်းကြီးများ၊ ရဲတပ်ဖွဲ့၊ လုံထိန်း၊ စစ်တပ်ဖြင့် ဖွဲ့စည်းထားသော ပူးပေါင်းအဖွဲ့သည် ငြိမ်းချမ်းစွာနေထိုင်နေသော ရွာသူရွာသားများအား မုဒိမ်းကျင့်ခြင်း၊ စနစ်တကျ သတ်ဖြတ်ခြင်း၊ မီးရို့ဖျက်ဆီးခြင်းနှင့် နှိပ်စက်ညှဉ်းပန်းမှု အမျိုးမျိုးကို ရက်ရက်စက်စက် လုပ်ဆောင်ခဲ့သည်။ 

ရွာရှိ အမျိုးသားအများစုမှာ ဘေးကင်းလုံခြုံသော ခိုလုံရာ ရှာဖွေရန် ရွာမှ ထွက်ခွာခဲ့ရသည်။ ဇန်န၀ါရီလ ၁၄ ရက်နေ့တွင် ကုန်တင်ကားလေးစီးဖြင့် အပြစ်မဲ့ အမျိုးသမီး၊ ကလေးနှင့် သက်ကြီးရွယ်အိုများကို မောင်တောမြို့မရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့သည်။ ရဲစခန်းတွင် သူတို့ကို စာရွက်အလွတ်များတွင် လက်မှတ်ရေးထိုးရန်နှင့် ဝန်ခံထွက်ဆိုရန် ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခဲ့သည်။ နောက်နေ့ ဇန်န၀ါရီလ ၁၅ ရက် တွင် အမျိုးသမီးများနှင့် ကလေးသူငယ်များကို ပြန်ခေါ်လာကာ အနီးအနားရှိ ဂေါ်ဒူသာရ (Gowdusara) ရွာရှိ လူကြီးများ၏ နေအိမ်များတွင် အာမခံချက်ဖြင့် ထိန်းသိမ်းထားခဲ့သည်။ သူတို့၏ ရွာနှင့် နေအိမ်များသို့ သွားလာခွင့် မပြုရန် ပြင်းပြင်းထန်ထန် သတိပေး တားမြစ်ခဲ့သည်။

ရွာကို အလုံပိတ် ပိတ်ဆို့ကာ သေနတ်လက်နက်များ တပ်ဆင်ထားသော အကြမ်းဖက်လူအုပ်ကြီးက ရွာကို လူသတ်ကွင်းအဖြစ် ပြောင်းလဲစေခဲ့သည်။ အသေအပျောက် အရေအတွက် အတိအကျကို မရရှိခဲ့ချေ။  သို့သော်လည်း ကုလသမဂ္ဂ၊ အင်််ဂျီအို နှင့် လူ့အခွင့်အရေးအဖွဲ့များက ခသေဆုံးသူ အရေအတွက်မှာ ၆၀-၁၀၀ ဖြစ်နိုင်သည်ဟု အများစုက လေ့လာချက်အရ ခန့်မှန်းထားသည််။ အသတ်််ခံရသူ အများစုမှာ အားနွမ်းသူ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးများဖြစ်ကြောင်း၊ ရွာသား အများအပြား ပျောက်ဆုံးနေကြောင်း သိရသည်။ ၎င်းတို့၏ စည်းစိမ်ဥစ္စာများ၊ စားနပ်ရိက္ခာ ဆန်စပါးနှင့် နွားများအားလုံးကို လုယူသွားခြင်းဖြစ်ပြီး ယခုအခါ ဈေးကွက်ပေါက်ဈေးအရ ပြန်လည်ရောင်းချနေကြပြီဖြစ်သည်။ ငယ်ရွယ်သော ကလေးများကိုပင် မိခင်ထံမှ ဆွဲငင် သတ်််ဖြတ်ခဲ့သည်။

တိုက်ခိုက်သတ်ဖြတ်မှုအပြီးတွင် ရွာသားအများအပြား ထွက်ပြေးရောင်တိမ်းခဲ့ကြသည်။ အာဏာပိုင်များက အဆိုပါဒေသသို့ မီဒီယာများ သွားရောက် သတင်းယူခွင့် ပိတ်ပင်တားမြစ်ထားခဲ့သည်။ သတင်းအချက်အလက် ရယူရန် ခက်ခဲစေခဲ့သည်။ ဒူးချီးရာတန်း ဒေသအခြေအနေမှာ တင်းမာနေဆဲဖြစ်သည်။ အစီရင်ခံစာများတွင် ရဲအာဏာပိုင်များသည် အဆိုပါဒေသတွင် အသက် ၁၀ နှစ်အထက် ရိုဟင်ဂျာ အမျိုးသားများနှင့် ယောက်ျားလေးများအားလုံးကို ဖမ်းဆီးရန် နှုတ်ဖြင့် အမိန့်ပေး ထုတ်ပြန်ခဲ့ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch)က ဆိုသည်။

လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့ Medecins Sans Frontieres သို့မဟုတ် နယ်စည်းမခြားဆရာဝန်များအဖွဲ့က သေနတ်ဒဏ်ရာများ၊ ဓားခုတ်ဒဏ်ရာများ ရရှိခဲ့သည့် ထိုဒေသမှ ရိုဟင်ဂျာ လူနာ ၂၂ ဦးကို ကုသပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ လွန်ခဲ့သည့် တစ်ပတ်ကျော်ခန့်က အေပီသတင်းဌာနမှ ပထမဆုံးသတင်းထုတ်ပြန်ခဲ့သည့်နောက်ပိုင်း အစိုးရမှ ခေါင်းမာမာ ငြင်းဆိုထားသည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် ဗုဒ္ဓဘာသာဝင် အကြမ်းဖက်ဘုန်းကြီးနင့် အစွန်းရောက်လူအုပ်ကြီး၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး မွတ်စလင် ၄၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက အတည်ပြုခဲ့သည်။

ထိုည ဒူးချီးရာတန်း တိုက်ခိုက်မှုတွင် အမျိုးသား၊ အမျိုးသမီးနှင့် ကလေး ၄၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ရိုဟင်ဂျာမူဆလင်များအပေါ်နိုင်ငံ၏ ကာလရှည်ကြာ နှိပ်စက်ညှဉ်းပန်းခံခဲ့ရသော အကြမ်းဖက်မှုများထဲမှ အဆိုးရွားဆုံး ဖြစ်ရပ်တစ်ခုဟု ရွာသားများ၏ မှတ်တမ်းများအရ ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးမှုတွင် ကောက်ချက်ချထားသည်။ ရိုဟင်ဂျာအချို့၏ ရခိုင်ရဲတပ်ကြပ်တစ်ဦး ပြန်ပေးဆွဲခံရမှုအပေါ် ဒေါသထွက်နေကြသည့် ပြိုင်ဘက်ရခိုင်လူမျိုးစုများ၊ ဒေသခံလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရပ်သားအများစုမှာ အစွန်းရောက်ဗုဒ္ဓဘာသာအယူဝါဒကို စွဲကိုင်ထားသူများဖြစ်ပြီး ၎င်းတို့ကို သတ်ဖြတ်ခဲ့သည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းရှိ ရွာတစ်ရွာကို ဆူပူသောင်းကျန်သူဗုဒ္ဓဘာသာ လူအုပ်ကြီးက တိုက်ခိုက်မှုကြောင့် အနည်းဆုံး မွတ်စလင် ၄၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက အတည်ပြု ပြောကြားခဲ့ပြီး ထို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို အစိုးရမှ ပြင်းပြင်းထန်ထန် ငြင်းဆိုခြင်းဖြစ်သည်ဟု လွန်ခဲ့သော တစ်ပတ်ကျော်က အေပီသတင်းက စတင်၍ဖော်ပြခဲ့သည်။ 

ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ ဒူးချီးရာတန်း ဖြစ်ရပ်သည် တစ်နှစ်အတွင်း အသေအပျောက် အများဆုံး ဖြစ်ပုံရသည်။ နိုင်ငံတစ်ဝန်း အကြမ်းဖက်မှုတွင် သေဆုံးခဲ့သည့် မွတ်ဆလင် အရေအတွက်မှာ ၂၈၀ ကျော်အထိ ရှိလာခဲ့သည်။ လူပေါင်း ၂၅၀,၀၀၀ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tomas Ojea Quintana က "မြန်မာအစိုးရသည် နိုင်ငံတကာဥပဒေအောက်တွင် လျင်မြန်စွာ ထိရောက်ပြီး ဘက်မလိုက်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း" ပြောကြားခဲ့သည်။ ကုလလူ့အခွင့်အရေးအကြီးအကဲ Navi Pillay က ထုတ်ပြန်ချက်တွင် “အပြည့်အဝ၊ လျင်မြန်ပြီး ဘက်မလိုက်သော စုံစမ်းစစ်ဆေးမှု လိုအပ်ကြောင်း" ပြောကြားခဲ့သည်။ ရန်ကုန်အခြေစိုက် ဗြိတိန်နှင့် အမေရိကန်သံရုံးတို့၏ ပူးတွဲကြေညာချက်တွင် “အရပ်ဘက်ဖြစ်စေ၊ လုံခြုံရေးဝန်ထမ်းများဖြစ်စေ အကြမ်းဖက်မှုအတွက် တာဝန်ရှိသူများကို သေချာစွာ စုံစမ်းစစ်ဆေးပြီး ဖော်ထုတ်ရန်… အစိုးရ၏ ကိုင်တွယ်မှုများသည် ယနေ့အထိ ပြတ်ပြတ်သားသား လုံလောက်မှုမရှိသေးကြောင်း” ဝေဖန်တိုက်တွန်းထားသည်။ အဆိုပါ အကြမ်းဖက်မှုကို ရှုတ်ချကြောင်း ဗြိတိန် FCO ဝန်ကြီး Rt Hon Hugo Swire (MP) က “ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ရိုဟင်ဂျာ အမျိုးသမီးနဲ့ ကလေးတွေ အနည်းဆုံး လူလေးဆယ်လောက် အသတ်ခံရတယ်ဆိုတဲ့ သတင်းတွေ ကြားသိရလို့ အံ့သြမိပါတယ်။ ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံးလုပ်ဖို့ မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။ မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်ရှိ လူမှုအသိုက်အဝန်းအားလုံးအတွက် လုံခြုံရေးကို ဆက်လက်ပံ့ပိုးပေးပြီး နိုင်ငံတကာ အကူအညီတွေ ပေးနိုင်တဲ့ အခြေအနေတစ်ရပ် ဖန်တီးပေးရပါမယ်။”

နိုင်ငံတကာ့အမြင်ကို ဆန့်ကျင်ပြီး ရိုဟင်ဂျာအမျိုးသားအားလုံးနီးပါး စွန့်ခွါထားသည့် ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ရာကျော် စောင့်ကြပ်ထားဆဲဖြစ်သော ဒူးချီးရာတန်းကျေးရွာကို ဇန်န၀ါရီ ၂၈ ရက် ညနေတွင် ဗုဒ္ဓဘာသာဝင်ရခိုင်သောင်းကျန်သူများက မီးရှို့ဖျက်ဆီးခဲ့သည်။ အနီးနားကျေးရွာများမှ ရိုဟင်ဂျာများသည် မီးငြှိမ်းသတ်ရန် ပြေးလွားရောက်လာကြသော်လည်း အာဏာပိုင်များက တားဆီးဟန့်ထားခဲ့ကြောင်း ကိုယ်တွေ့သက်သေများက ဆိုသည်။ ဒူးချီးရာတန်းရွာကို မီးရှို့ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကိုယ်တိုင်ပါဝင်ခဲ့ကြောင်း သိရသည်။

ဤသို့သော် ရက်စက်ကြမ်းကြုတ်လွန်းသည့် သတ်ဖြတ်မှုကို အမှတ် (၄) ရဲတပ်ရင်းမှူး ရဲမှူးကြီး တင်ကိုကိုနှင့် မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးတို့က ကြိုးကိုင်ခဲ့ခြင်းဖြစ်သည်။ ရွာထဲတွင် လဲလျောင်းနေသော လူသေအလောင်းများကို တောတောင်များတွင် မြပ်နံဖုံးကွယ်၍လည်းကောင်း၊ မြစ်ချောင်းများတွင် မျောနေသော အလောင်းများကို ဆယ်ယူဖျက်ဆီး၍လည်းကောင်း အထောက်အထားများကို ဖေျာက်ပျက် ဖျက်ဆီးပစ်ခဲ့သည်။ ဤဆောင်ရွက်ချက် အားလုံးသည် ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စု အစိုးရတို့၏ ညွန်ကြားချက်ဖြင့်အကောင်အထည်ဖော်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။ ခိုင်လုံသောသက်သေအထောက်အထားများ ထွက်ပေါ်ခဲ့သော်လည်း အစိုးရက တာဝန်ခံခြင်း သို့မဟုတ် စိုးရိမ်ပူပန်ခြင်း အလျင်းမရှိဘဲ လူသတ်ပွဲနှင့်ပတ်သက်သည့် မည်သည့် သတင်းအချက်အလက်ကိုမဆို ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့သည်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲနှင့်ပတ်သက်၍ ပထမဆုံး သတင်းထွက်ပေါ်လာချိန်တွင် မြန်မာနိုင်ငံသည် အဖွဲ့ဝင် ၁၀ ဦးပါ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့၏ နိုင်ငံခြားရေး ၀န်ကြီးများဖွဲ့ ဥက္ကဋ္ဌအိမ်ရှင်အဖြစ် လက်ခံကျင်းပနေချိန်ဖြစ်သည်။ လွန်ခဲ့သော နှစ်ငါးဆယ်ကျော် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး အရပ်သားအမည်ခံအစိုးရထံ အာဏာလွှဲပြောင်းပေးပြီးနောက် တိုင်းပြည်သည် အဘယ်အတိုင်းအတာအထိ တိုးတက်လာခဲ့သည်ကို ပြသသည့် ဖြစ်ရပ်တစ်ခုဟု ယူဆရမည်ဖြစ်သည်။ စစ်ဗိုလ်ချုပ်ဟောင်း သမ္မတဦးသိန်းစိန်အစိုးရသည် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ရာတွင် နိုင်ငံတကာ၏ ချီးကျူးမှုကို ရရှိထားသော်လည်း လူမျိုးရေးအကြမ်းဖက်မှုနှင့် ဆက်နွှယ်သည့် သတ်ဖြတ်မှုများတွင် တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးကာ တရားစွဲဆို အပြစ်ပေးရန် ပျက်ကွက်ခြင်းကိုလည်း ဝေဖန်ခံနေရသည်။

ဖြစ်ရပ်များစွာတွင် ဗုဒ္ဓဘာသာဝင် အကြမ်းဖက်လူအုပ်များက ဓား၊တုတ် ကိုင်ဆောင်၍ မွတ်ဆလင်များကို သတ်ဖြတ်ရန် လိုက်လာစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဘေးတွင် ရပ်လျက် စောင့်ကြည့်နေခဲ့သည်။ တချို့အချိန်များတွင် သူတို့ကိုယ်တိုင်တက်ကြွစွာပါဝင်ခဲ့သည်ဟု မျက်မြင်သက်သေများက ထွက်ဆိုသည်။

ဒူးချီးရာတန်းသည် ရဲတပ်ဖွဲ့ဝင်တစ်ဦး သတ်ဖြတ်ခြင်းမှလွဲ၍ အခြားမည်သည့် သွေးထွက်သံယိုမုမရှိဘဲ ငြိမ်သက်နေသည်ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က AP သတင်းကို ငြင်းဆိုခဲ့သည်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း ငြင်းဆိုထားသည့် ဆောင်းပါးများ နေ့စဉ်လိုလို အစိုးရပိုင် သတင်းစာများတွင် ဖော်ပြလာခဲ့သည်။ ပြန်ကြားရေးဝန်ကြီးဌာနက ပြည်ပမီဒီယာများက ဖော်ပြသည့် "ကလေးငယ်များနဲ့ အမျိုးသမီးများ သတ်ဖြတ်ခဲ့ရသည့် အကြမ်းဖက်မှု သတင်းတစ်ခုလုံးကို  "Fake News" သတင်းမှားများဟု တံဆိပ်နိပ်ကာ ငြင်းဆိုခဲ့ပါသည်။

— လူထုဝဏ္ဏ

(သမိုင်းသုတေသီ Aman UllahThe Massacre of Du Chee Yar Tan in 2014 ဆောင်းပါးကို ဆီလျော်စွာဘာသာပြန်သည်။) 


https://m.facebook.com/story.php?story_fbid=3099084253704178&id=100008079004146

No comments:

Post a Comment