Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, January 18, 2021

မောင်လာနာ မုဖ်သီကာရီ အိရ်ရှားဒ်ဟုစိုင်း ဆွာဟိပ် (၁၉၁၆-၂၀၂၁)

 မောင်လာနာ မုဖ်သီကာရီ အိရ်ရှားဒ်ဟုစိုင်း ဆွာဟိပ် (၁၉၁၆-၂၀၂၁)


 မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော သမိုင်းမှတ်ကျောက် ဂန္တဝင်ကာရီဆွာဟိဗ်ကြီးဖြစ်သည့် ရှိုင်ခုလ်ဟဒီးဆ် ဟဇရသ် မောင်လာနာ မုဖ်သီ ကာရီ အိရ်ရှားဒ်ဟုစိုင်း ဆွာဟိဗ် (ဟုစိုင်နီ၊ ကာစီမီ) (၁၉၁၆-၂၀၂၁)သည် ၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၁၈ ရက်၊ တနင်္လာနေ့ နေ့လယ် (၃) နာရီ ၅ မိနစ်တွင် အလ္လာဟ်အရှင်မြတ်အမိန့်တော် ခံယူသွားခဲ့သည်။ 

 إِنَّا لِلّهِ وَإِنَّـا إِلَيْهِ رَاجِعونَ။ 

ကာရီဆွာဟိပ်သည် ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ဥဒေါင်းရွာ ဇာတိဖြစ်သည်။ ငယ်စဉ်အခါ ဒေသခံအာရဗီကျောင်း၌ အခြေခံပညာကို ဆည်းပူးခဲ့သည်။ အိန္ဒိယနိုင်ငံ၊ ဒီယောဗောန်အာရဗီတက္ကသိုလ်၌ ရှိုင်ခုလ်အစ္စလာမ် မောင်လာနာ ဟုစိုင်းန်အဟ်မဒ် (မဒနီ) သခင်ကြီးထံတွင် ပညာသင်ယူခွင့်ရရှိခဲ့သည့် ရှားပါးတပည့် တစ်ပါးဖြစ်သည်။ ရန်ကုန် ဗိုလ်တထောင် ဆူဖီယာဟ် အစ္စလာမ့်တက္ကသိုလ် နှင့် သင်္ဃန်းကျွန်းက ဘားဂီးယားဆပ်ကျောင်းတို့၏ ဟာဒီးဆ်ပါမေက္ခချုပ်ဟောင်း ဖြစ်ပြီး၊ ရန်ကုန် လမ်း (၁၂၀) သုံးမြှောင့်လမ်း  (ကာလာဗစ်သီး)ဗလီကြီး၏ ရှေ့ဆောင်ဆရာကြီးဟောင်းအဖြစ်လည်းကောင်း၊ ဂျာမီယာအေ အရ်ှရဖီးယား အူလုမ် ဥဒေါင်းရွာ၏ ဟဒီးဆ်ပါမောက္ခအဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။  

ကာရီဆွာဟိပ်သည် ဗိုလ်တစ်ထောင်က ဆူဖီယာဟ် အစ္စလာမ့်အက္ကသိုလ်မှာ ဒေါင်ရာဟ်ဟဒီးဆ် အထက်တန်းကို စတင်ဖွင့်လှစ်ရာ ပထမဦးဆုံး "ဆွဟီးဟ် မွတ်စ်လင်မ် ဟဒီးဆ်ကျမ်း" သင်ပြခဲ့သည့် ဆရာအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်ဟု ဆူဖီယာဟ် နှစ် ၅၀ ပြည့် သမိုင်းပြတိုက် စာအုပ်ထဲမှာ မှတ်တမ်းတင်ထားသည်ကို တွေ့ရပါသည်။ ထို့အပြင် သင်္ဃန်းကျွန်းက ဘားဂီးယားဆပ်ကျောင်းမှာလည်း "ဆွဟီးဟ်ဗုခါရီ ဟဒီးဆ်ကျမ်း" သင်ပြသည့် ရှိုင်ခုလ်ဟဒီးဆ် အဖြစ် နှစ်အချို့တာဝန်ယူခဲ့သည်။

ကာရီဆွဟိပ်သခင်ကြီးသည် မောင်လာနာ ကာရီ ဟာဖိဇ် အဆ်ဂျဒ်ဟုစိုင်း၏ ခမည်းတော်ဖြစ်သည်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျွဲခြံကုန်းရပ်ရှိ ဆရာကြီး ဟဇရသ်မော်လာနာ မုဖ်သီမုဟမ္မဒ်သွိုင်ယိဗ် ကာစေမီ ဆွာဟိဗ်နှင့် ခမည်းခမက်တော်စပ်သူလည်းဖြစ်ပါသည်။ အရင်းနီးဆုံး မိတ်ဆွေက လက်ရှိသက်ရှိထင်ရှား ရှိနေသေးသော ဆရာကြီး ကာရီယူဆွဖ် (အဆ်အဒီ) ဖြစ်ပြီး ညီအစ်ကိုပမာ ချစ်ခင်ကြသည့် မိတ်ဆွေအရင်းကြီးများ ဖြစ်ခဲ့ကြသည်။

ကာရီဆွာဟိပ်သည် ၁၉၆၁-၁၉၆၅ ဝန်ကြီးချုပ်ဦးနု လက်ထက်တွင် မြန်မာ့အသံ တိုင်းရင်းသား ရိုဟင်ဂျာဘာသာစကား အစီအစဉ်မှ ကျမ်းတော်မြတ်ကုရ်အာန်၊ ကိရာအသ်အသံလွင့်ချက်ကို တင်ဆက်ခဲ့သည့် သမိုင်းဝင် မော်ကွန်းကြီးတစ်ဦးလည်း ဖြစ်သည်။

ကာရီဆွာဟိပ်သည် လက်ရာမြောက်သော လက်ရေးအတတ် ကျွမ်းကျင်ထူးချွန်သူလည်းဖြစ်သည်။ သူ၏ ပြောင်မြောက်သောလက်ရာဖြင့် များစွာသော စာအုပ်စာပေ၌ ခေါင်းစဉ်ကြီး ဒဒီဇိုင်းများ၊ ပိုစတာများ၊ ဗီနိုင်းများကို ရေးဆွဲခဲ့သည်။

ဟဇရသ် အလ်ဟာဂ်ျ ကာရီဆွာဟိပ်သည် လမ်း ၁၂၀ ဗလီကြီးမှာ ရှေ့ဆောင်ဆရာအဖြစ် ဆောင်ရွက်နေချိန်မှာ ဆရာကြီး၏ မနက်ဖဂျရ်ကေရအသ်ကို နားသော်တဆင်နိုင်ဖို့ ဆရာကြီး မုဖ်သီ နူးရ်မုဟမ္မဒ် ဆွာဟိဗ်သည် မိမိနေထိုင်ရာ တောင်ဥက္ကလာပမှ လမ်း ၁၂၀ ဗလီသို့ တကူးတက လာရောက်ခဲ့ဖူးကြောင်း၊ ဆရာကြီး၏ အင်မတန်ကောင်းလှသည့် ကေရာအသ် ရွတ်ဆိုမှု၊ နားဝင်ချိုသာသောအသံကို နားထောင်ပြီးမှ အိမ်ပြန်ဖြစ်ကြောင်း၊ ဆရာကြီး မုဖ်သီနူးရ်မုဟမ္မဒ်ဆွာဟိဗ်က ဆိုသည်။ ထိုချိန်ကာလတွင် ဆရာကြီး မုဖ်သီ နူးရ်မုဟမ္မဒ် ဆွာဟိဗ်သည် ဂျာမေအဟ် အဆ်အဒီယဟ်ကျောင်းကြီးမှာဆရာအဖြစ် စာသင်ပြသော ကာလချိန်ဖြစ်ကြောင်းကိုလည်း ပြောဆိုသွားသည်။ ကာရီဆွဟိပ်၏ ကိရာအသ် ရွတ်ဆိုမှုမှာ ထိုမျှအထိ ကျော်ကြားခဲ့သည်။

ပုံ- ဆူဖီယာဟ် နှစ် ၅၀ပြည့် သမိုင်းပြတိုက် စာအုပ်။

အီဂျစ်နိုင်ငံက ကမ္ဘာကျော်ကာရီကြီးဖြစ်သော ကာရီ Abdul Basit (အဗ်ဒုလ် ဘာစိက်တ်) မြန်မာပြည်ကို လာလည်သည့်အခါ ကာရီ Abdul Basit (အဗ်ဒုလ်ဘာစိက်တ်) ကို ကြိုဆိုခဲ့သည့် ကာရီဆွာဟိပ်၏ ကိရာအသ်ကို နားထောင်ပြီး ကာရီဆပ်ကြီးက "ဗမာ(မြန်မာ)ပြည်မှာ ဒီလို ကာရီလည်း ရှိပါလား" ဆိုပြီး မှတ်ချက်ပြုခဲ့သည်ကို အသိပုဂ္ဂိုလ်များဆီမှ သိရသည်။ ထိုမှတ်ချက်ကား ဗမာပြည်တစ်ခုလုံးမှာ ဟူးဟူးထန်ထန် ကျော်ကြားခဲ့လေသည်။ 

အာရဗီစကားပြော အရမ်းကျွမ်းကျင်လို့ အဲ့ဒီခေတ်က အာလင်မ်တွေက အရဗီဘာသာစကား လေ့ကျင့်ချင်ရင် ဒါဒါ့ဆီကို လာကြတယ်လို့ မှီခဲ့တဲ့ တပည့်တွေက သတိရရပြောပြပါတယ်။

၁၉၇၉ ခုနှစ်လောက်မှာ မြန်မာပြည် ရန်ကုန်မြို့ကို စွန့်ခွာသွားပြီး ဆော်ဒီအာရေဗီးယားနိုင်ငံ၊ မဒီနာရွှေမြို့တော်မှာ ၇ နှစ်ခန့် ဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ပြီးနောက် အိုမင်းမစွမ်းဖြစ်နေသည့် မိခင်၏ ခေသ်မသ်ပြုစုစောင့်ရှောက်ရေးအတွက် အရာအားလုံးကို စွန့်ပြီးနောက် မိခင်ရှိရာ ဇာတိရွာမှာပဲ အပြီးဇာတ်မြှပ်ပြီး နေလိုက်ခဲ့လေသည်။ မောင်တော တောင်ပိုင်း ဥဒေါင်းကျေးရွာရှိ ဂျာမီယာ အရ်ှရဖုလ်အုလုမ်တွင် ဟဒီးဆ်ပါမောက္ခအဖြစ် ထမ်းဆောင်ခဲ့လေသည်။ 

ကာရီဆွာဟိပ်၏ အလွန်အံ့ဩစေခဲ့သည့် ထူးခြားချက်တစ်ခုမှာ မကွယ်လွန်မီ ၃ နှစ်ခန့်ကစပြီး " တမန်တော်မြတ်(ဆွ) ကွယ်လွန်တာ တနင်္လာနေ့ဖြစ်ခဲ့သလို ငါ့ရဲ့ မောသ် (ကွယ်လွန်ခြင်း) ကလည်း တနင်္လာနေ့ ဖြစ်မယ်လို့ အိပ်မက် မက်တယ်" ဟု ပြောနေသည်မှာ ၃ကြိမ်တိတိရှိပြီဟု မြေးဖြစ်သူ ကျော်မင်းထိုက်က ကိုယ်တိုင်ကြားခဲ့သည်ဆိုသည်။ အိပ်မက်ပင်ဖြစ်သောကြောင့် မိသားစုဝင်များက အိပ်မက်အဖြစ်ပဲ သဘောထားပြီး‌နေခဲ့လေသည်။ အိပ်မက်အတိုင်းပင် တနင်္လာနေ့မှာ အလ္လာဟ်အမိန့်ခံယူသွားခဲ့သည်။ 

ကာရီဆွာဟိပ်သခင်ကြီးမှာ သားသမီး (၁၁) ယောက်ထွန်းကားခဲ့သည်။ သားသမီးအများစုမှာ မော်လမြိုင်မြို့၌ပင် နေထိုင်လျက်ရှိသည်။ 

   ရုပ်သံ- ကာရီအိရ်ရှာတ် ဆွာဟိပ် ကိရာအာတ် ရွတ်ဆိုနေသည့် မှတ်တမ်း။

ကာရီဆွာဟိပ်သည် ၂၀၁၇ ခုနှစ် အရေးအခင်း အစိုးရ၏ အစုလိုက်အပြုံးလိုက်သတ်ဖြတ်မှုတွင် အမိတိုင်းပြည်မှ စစ်ဘေးရှောင်အဖြစ် ထွက်ပြေးခဲ့ပြီး အများနည်းတူ အိမ်နီးချင်း ဘင်္ဂါလားဒေ့ရ်ှသို့ ခိုလှုံခဲ့သည်။ ဒုက္ခသည်အဖြစ် ဘင်္ဂါလားဒေ့ရ်ှနိုင်ငံ ကော့စ်ဘာဇားခရိုင် ဘာလူခါလီ ဒုက္ခသည်စခန်း အမှတ် (၁)၌ နေထိုင်နေစဉ် သက်တော် (၁၀၅) နှစ်တွင် အလ္လာဟ်အမိန့်တော် ခံယူခဲ့လေသည်။

 

ပုံ- ကာရီ အိရ်ရှာတ်ဟူစိုင်းဆွာဟိ်ပ်၏ နမာဇ် အေ ဂျနဇာ ဝတ်ပြုနေပုံမြင်ကွင်း။ 

နာမာဇ် အေ ဂျနာဇာကို ဘင်္ဂါလားဒေရှ့် ရိုဟင်ဂျာဒုက္ခသည်စခန်း၊ အမှတ် (၉) မှာ ဝတ်ပြုခဲ့ပါသည်။


— လုထုဝဏ္ဏ (ရိုဟင်လေး) 

Ref: Zaw Min Htike's FB Post



No comments:

Post a Comment