" အမရပူရရောက် အာရကန်မွတ်စလင်များနဲ့ ရွှေဘုန်းရှိန်ဗလီ "
ရွှေဘုန်းရှိန်ဗလီသည် ဘိုးတော်ဘုရားလက်ထက်တွင် အာရကန်မွတ်စလင်များ တည်ဆောက်ခဲ့သော ရှေးဟောင်းသမိုင်းဝင် ဝတ်ပြုကျောင်းတစ်ကျောင်းဖြစ်သည်။
ယနေ့တိုင် ထိုဗလီ၏ ဝိုဇူရေကန်ဘေးမှာ ခင်းထားတဲ့ တာရာဇိုတွေက ယခင် မန္တလေးဈေးချို ၁၂ ရုံမှာ ခင်းထားခဲ့သည့် တာရာဇိုတွေ အတိုင်း မပျက်မစီးအကောင်းပကတိ တွေ့ရှိရသည်။
အုတ်နဖူးစည်းမှာထိုးထားသည် ခုနှစ်မှာ ၁၉၂၄ ခုဟု ရေးထွင်ထားသဖြင့် ယခုနှစ်ဆိုလျှင် နှစ်တစ်ရာပြည့်ဖို့ ၁ နှစ်ပဲလိုတော့သည်။ ဗလီကြီးကလည်း အုတ်ထုထည်ကောင်းကောင်းနဲ့ ဆောက်ထားခဲ့သဖြင့် အခုထိ ခန့်ထည်စွာ ရှိနေပြီး ဗိသုကာလက်ရာက ကိုလိုနီခေတ်လက်ရာဖြစ်ပါသည်။
ဝိုဇူရေကန်၏အနက်က မန္တလေးပတ်ဝန်းကျင်မှာ ရှိသော ဗလီဝိုဇူရေကန်များထဲမှာ အနက်ဆုံးဖြစ်မည်ဟု ထင်ရသည်။ အနက် ၅ ပေကျော်လောက်ရှိပါသည်။
ရွှေဘုန်းရှိန်ဗလီကြီးက မန္တလေးမြို့သက်တမ်းထက် ၇၄ နှစ်စောပြီး တည်ရှိနေခဲ့သဖြင့် အခုဆိုလျှင် သက်တမ်း ၂၃၈ နှစ် ရှိနေပါပြီ။
ဗလီ၏သမိုင်းရာဇဝင်က ၁၇၈၄ ခုနှစ်မှာ ဘိုးတော်ဗဒုံမင်းက သူ၏သားတော် အိမ်ရှေ့စံရွှေတောင်မင်းကို ဓညဝတီရခိုင်ပြည်ကို သွားရောက်သိမ်းယူစေခဲ့ရာက မဟာမုနိရုပ်ရှင်တော်နှင့် တကွ ရခိုင်ပညာရှင်သုံ့ပန်း သုံးသောင်းကျော်ကို အမရပူရနေပြည်တော်သို့ ခေါ်ဆောင်လာခဲ့ရာ အစ္စလာမ်ဘာသာဝင် လေးသည်တော်၊ ပန်းပုပညာရှင်၊ ကျောက်ဆစ်ပညာရှင် တစ်ထောင်ကျော်လည်း ပါလာခဲ့ကြပါသည်။
အမရပူရနေပြည်တော်၏ မြောက်ဘက် ယခု မန္တလေး မတည်ရသေးသည့်နေရာမှာ ဘုရားကြီးကို တည်ထားခဲ့ပါသည်။
အစ္စလာမ်ဘာသာဝင် ပန်းပုပညာရှင်များနဲ့ လေးသည်တော်များကိုလည်း ဘုရားနှင့် အနီးတဝိုက်မှာ နေရာချပြီး နေစေခဲ့ပါသည်။
ဘုရားကြီးဆောက်လုပ်နေစဉ် ဘိုးတော်ဘုရားက လာရောက်ကြည့်ရှု့ရာ အာရကန်မှ ခေါ်ဆောင်လာသည့် တပ်မှူးဉီးရွှေအိုးအား မတွေ့ရသဖြင့် မေးမြန်းခဲ့ရာမှ ဦးရွှေအိုး ပြန်ရောက်လာ၍ မိမိတို့ အစ္စလာမ်ဘာသာဝင်များ အနေဖြင့် နေ့စဉ် တစ်နေ့ ငါးကြိမ်ဝတ်ပြုရကြောင်း၊ ဝတ်ပြုသောအခါ အမျိုးသားများမှာ ဝတ်ပြုကျောင်းတော်များတွင်လည်းကောင်း၊ အမျိုးသမီးများမှာ မိမိတို့နေအိမ်များတွင်လည်းကောင်း ဝတ်ပြုရသဖြင့် အမရပူရဘက်သို့သွားရောက်ဝတ်ပြုနေကြောင်း သံတော်ဦးတင်လျှောက်ထားခဲ့ပါသည်။
ဘိုးတော်ဘုရားကလည်း ဝတ်ပြုရာတွင် နှောင့်နှေးကြန့်ကြာမှု မဖြစ်စေရန် ဘုရားကြီး၏မြောက်ဘက် မြင်းဝန်မင်းကြီးတိုက်၏ တောင်ဘက် သင့်မြတ်ကောင်းမွန်သောနေရာတွင် ဝတ်ပြုကျောင်းတစ်ဆောင် ဆောက်လုပ်ခွင့်ပြုခဲ့ပြီး ဉီးရွှေအိုး နှင့် အမှုထမ်းများအား ရွေးချယ်၍ ဘုရားကြီး၏ ရွှေတံခါးသော့ကိုင် ရာထူးဂုဏ်ထူးများပေးအပ်ခဲ့ပါသည်။
ဘုန်းရှိန်ဝါ ကြီးမြတ်သောသူတို့အတွက် ဝတ်ပြုရာနေရာဖြစ်၍ ရွှေဘုန်းရှိန်ဗလီ အမည်နာမဘွဲ့တော်ကို ဘုရင်ကိုယ်တိုင် ချီးမြှင့်ပေးခဲ့သည်ဟု ဆိုသည်။
ဘုရားကြီးစောင်းတန်းများမှာလည်း ထီးခရိုင်ကုန်သည်များ၊ နံ့သာဖြူကုန်သည်များ၊ အမွှေးတိုင်ကုန်သည်များအဖြစ် ဘုရင်အဆက်ဆက် အသိအမှတ်ပြုခဲ့၍ ရောင်းဝယ်ဖောက်ကားခဲ့ကြပါသည်။
ပထမဆောက်လုပ်ခဲ့သော ဝတ်ကျောင်းတော်မှာ ဝါးဗလီဝတ်ကျောင်းတော်သာ ဖြစ်ခဲ့သည်။
ရွှေဘုန်းရှိန်ဗလီ နှင့်အတူ တည်ဆောက်ခဲ့သော ဗလီများမှာ ကံရွာဗလီ၊ သိုးခြံရွာဗလီ၊ တောင်မြင့်ဗလီ၊ ဝေသာလီဗလီများ ဖြစ်ခဲ့သည်ဟု မှတ်တမ်းများမှာ တွေ့ရပါသည်။
မဟာမုနိဘုရားကြီးနှင့် ရွှေဘုန်းရှိန်ဗလီ တို့ကနေ မြောက်ဘက်ကို ဆက်သွားလျှင် အမရပူမြောက်ပြင်သုသာန်ကို ရောက်သည် (အခု အ.ထ.က ၁၃ ကျောင်း နေရာတဝိုက်)။ ရွှေဘုန်းရှိန်ဗလီ ဝင်းအတွင်း ရခိုင်နောက်ဆုံးဘုရင်၏ ဂူလည်း တည်ရှိခဲ့သည်ဟုဆိုသည်။
ရခိုင်နန်းကျဘုရင် မဟာသမ္မတရာဇာ ခေါ် အာမာတုလ္လာရှား အမရပူရသို့ ရောက်ရှိစဉ်က ဘုရင်အား ညီတော် ပခန်းမင်းသား၏ နေအိမ်တွင် နေထိုင်စေပြီး ဘုရင်၏ တန်ဆောင်မိဖုရားကြီး မြသန္တာ၏ အလှအပကို ရစ်မူးသော ပဒုံးမင်းက မိဖုရားကို သိမ်းယူပြီးနောက် ဘုရင်သည် မဟာမုနိဘဏ္ဍာတိုက်ကိုစောင့်ရသော ရွှေဘုန်းရှိန်ရွာ၊ ခိုင်ရွာရှိ လေးသည်တော်တပ်မှူးများ၏ နေအိမ်သို့ ပြောင်းရွှေ့နေထိုင်ရာက ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ (မွန်းတည့်နေ စာစောင် အတွဲ (၁)၊ အမှတ်စဉ် (၄၈)၊ ၂၄-၁၁-၂၀၁၃ ရက်နေ့ထုတ် မောင်ကြော့ဦး၏ ဆောင်းပါးကို ကြည့်)
ဘုရင် အာမာတုလ္လာရှား ကွယ်လွန်သည့်အခါ ထို ရွှေဘုန်းရှိန် ဗလီဝင်းအတွင်း သင်္ဂြိုဟ်ခဲ့ခြင်းဖြစ်သည်။ ၁၉၉၃ ခု ရွှေဘုန်းရှိန်ဗလီ ထပ်မံ မီးသင့်ခံရာတွင် ဘုရင်အာမာတုလ္လာရှား၏ ဂူလည်း မီးထဲပါသွားခဲ့လေသည်။ ၄နောက်ပိုင်းတွင် မဟာသမ္မတရာဇာ ခေါ် အာမာတုလ္လာရှား၏ ရာဇာဝင် အတ္ထုပ္ပတ္ထိကို ကျောက်စာတိုင်ဖြင့် ကမ္ပည်းထိုးထားခဲ့သည်။ (The Burmanization of Myanmar Muslims By Jean A. Berlie, စာမျက်နှာ ၅၁ တွင်ကြည့်)
မင်းတုန်းမင်းလက်ထက် မန္တလေးမြို့တည်ပြီးသည့်အခါ မန္တလေးမြို့နယ်နိမိတ်ထဲကို ရောက်ရှိခဲ့ပြီး သီပေါမင်း လက်ထက် ၁၈၇၉ ခုနှင့် ၁၈၈၄ ခုတို့မှာ မဟာမုနိဘုရားကြီးနှင့်အတူ မီး ၂ ကြိမ် သင့်ခဲ့ပါသည်။
၁၈၈၅ ခုမှာ ကျွန်းပျဉ်ထောင်ဗလီအဖြစ်ဆောက်ခဲ့ရာမှ နှစ်ကာလကြာမြင့်လာပြီး ပျက်စီးယိုယွင်းခဲ့၍ ၁၉၂၁ ခုမှာ အခုလက်ရှိ အုတ်ဗလီကြီးကိုစတင်အုတ်မြစ်ချ တည်ဆောက်ခဲ့ကြရာ ၁၉၂၄ ခုမှာ အလုံးစုံပြီးစီးခဲ့ပါသည်။
၁၉၄၂ ခု ဒုတိယကမ္ဘာစစ်မီးက ကင်းလွတ်ခဲ့၍ နှစ်ပေါင်း ၉၉ နှစ် ထုထည်ခိုင်မာစွာ ရှိနေခဲ့ပြီး အခုနောက်ပိုင်း ဂျမာအတ်အင်အားနည်းပါးလာည်ကိုလည်း ဝမ်းနည်းစွာတွေ့ရမြင်ရပါသည်။
ဗလီကြီး၏ အရှေ့ဘက်မှာ အာရကာနီမွတ်စလင်တို့၏မျိုးဆက်များ အစဉ်အဆက်နေထိုင်ခဲ့ကြပြီး လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်လောက်ကဖယ်ရှားခံခဲ့ရပါသည်။
ရှေးမြန်မာမွတ်စလင်များ နှစ်ပေါင်းရာနှင့်ချီပြီး မျိုးစေ့ချပေးခဲ့၍ ဝတ်ပြုခဲ့ကြသည့် ရှေးဗလီကြီးကို သွားရောက်ဖူးမော်လေ့လာသင့်ပါသည်။
— RK
မွတ္ခ်က္---
ဟာဂျီထက်နောင်ဉီး( စိန်နီ) ၏ ပို့စ်နှင့် ထပ်မံတည်းဖြတ်ခဲ့သည်။
No comments:
Post a Comment