This Maalumati Kitaab 2 was written by Sheik Yaakub Qasimi in Rohingya Zuban arabic script
Maalumati Kitaab by Kuwaiccorjja on Scribd
This Maalumati Kitaab 2 was written by Sheik Yaakub Qasimi in Rohingya Zuban arabic script
Maalumati Kitaab by Kuwaiccorjja on Scribd
တော်လှန်ရေးအင်အားစုတွေကြား ဒီမေးခွန်းကို ဆွေးနွေးဖို့ လိုနေတာ ကာလတခု ရှိပါပြီ။ ဒါပေမယ့် ကျယ်ကျယ်လောင်လောင် ဆွေးနွေးပြောဆိုတာ မရှိသလောက်ပါဘဲ။
စာရေးသူလည်း ဒီအကြောင်းကို ဆွေးနွေးဖို့ တာဆူနေတာ ကြာပါပြီ။ အခုရေးဖြစ်တော့ အနီးဆုံးတွန်းအားက RCSS ခေါင်းဆောင် ဗိုလ်ချုပ်ယွက်ဆစ်ရဲ့ အင်တာဗျူး (တပိုင်းတစ) ပါဘဲ။
(ဒီနေရာမှာ စကားချပ်က မူရင်း အင်တာဗျူးက သျှမ်းဘာသာနဲ့ဖြစ်ပြီး စာရေးသူလည်း နားမလည်လို့ အပြည့်အစုံတော့ မမိပါဘူး။ ဘာသာပြန်နဲ့ထွက်လာတဲ့ တပိုင်းတစကိုဘဲ နားထောင်ရတာပါ။ အဲ့အတွက် သူ့ရဲ့ပြောဆိုမှုကို တစုံတရာမှတ်ချက် မပေးနိုင်ပါဘူး။)
အဓိက အကြောင်းအရာဖြစ်တဲ့ အတွေးအခေါ်နဲ့ လက်နက်အကြောင်း ပြန်သွားရအောင်။ ဗိုလ်ချုပ် ယွက်ဆစ်က PDF တွေနဲ့ပတ်သက်ပြီး "လက်နက်တွေ လက်ဝယ်ရသွားပြီး ဘာမှမလုပ်ဖြစ်ရင် နောက်ဆုံးမှာ ဓားပြတွေ ဖြစ်ကုန်လိမ့်မယ်၊ သူတို့ (NUG) မထိန်းနိုင်ကြရင်ပေါ့" (လိုင်းပေါ်ကဘာသာပြန်မူ) လို့ပြောခဲ့ပါတယ်။ ဒီမှတ်ချက်စကားဟာ အတော်လေး နားခါးစရာဖြစ်ပြီး ပြည်မလူထုရဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန်မှုကိုလည်း ခံခဲ့ရပါတယ်။
ဒါပေမယ့် သေချာစဉ်းစားကြည့်ရင်တော့ ဒီအရာဟာ ဒေါသထွက်စရာထက် အရေးကြီး ဆွေးနွေးစရာ ကိစ္စဖြစ်ပါတယ်။ အခုတော်လှန်ရေးအတွင်းမှာ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်အင်အားစုတွေဟာ အရေအတွက်အားဖြင့် (၃၀၀) လောက်ထိ ရှိနိင်တယ်လို့ လေ့လာသူတွေက ခန့်မှန်းပါတယ်။ ဒါပေမယ့် NUCC/NUG အပါအဝင် ဘယ်သူမှ အဲ့ဒီ အဖွဲ့ (၃၀၀) ကျော် မြေပြင်မှာ တကယ်ရှိ/မရှိနဲ့ ရှိတယ်ဆိုရင် လူသူလက်နက်အင်အား ဘယ်လောက်ရှိတယ်ဆိုတာ မတွက်ချက်နိုင်ပါဘူး။
အဲ့ဒီအထဲမှာ NUG ရဲ့ ထိန်းချုပ်မှု အောက်က PDF တွေပါသလို၊ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ထိန်းချုပ်မှုအောက်က အဖွဲ့တွေလည်း ပါပါတယ်။ နောက်ပြီးတော့ သီးခြား နိုင်ငံရေးဦးဆောင်မှု (Political Leading Body) ရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း ရှိပါသေးတယ်။ အဲ့ဒီ အမျိူးအစား (၃) ခုရဲ့ အပြင်မှာတော့ နိုင်ငံရေးအင်အားစုတွေရဲ့ ထိန်းချုပ်မှုအောက်က မဟုတ်ဘဲ စစ်အုပ်စုကို ရွံ့မုန်းလို့ လက်နက်ကိုင် တော်လှန်ကြတဲ့ အစုအဖွဲ့တွေရှိပါတယ်။
အဲ့ဒီအစုအဖွဲ့တွေကြားမှာ အခုထိ Chain of Command (COC) လည်း ပီပီပြင်ပြင် မတည်ဆောက်နိုင်သေးပါဘူး။
လွန်ခဲ့တဲ့ တနှစ် ၂၀၂၁ မတ်လလယ်လောက်က လူငယ်တွေနဲ့ အစည်းအဝေးတခုမှာ KNU ထိပ်ပိုင်းခေါင်းဆောင် တဦးက "စိတ်ခံစားချက် တခုထဲနဲ့ လက်နက်ကိုင်မယ်ဆို တောထဲ (သူတို့ဆီ) မလာခဲ့ပါနဲ့" လို့ ပြောခဲ့တာ မှတ်မိရပါတယ်။ အဲ့ဒါအမှန်တရားပါဘဲ စိတ်ခံစားချက်(အမုန်း) တခုနဲ့ လက်နက်ကိုင်လို့ တော်လှန်ရေးမဖြစ်ပါဘူး။ လက်ညှိုးကွေးတတ်ရုံနဲ့ တော်လှန်ရေးသမား မဖြစ်ပါဘူး။
စာရေးသူ မိတ်ဆွေ လက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖြစ်တိုင်း အကြောင်းအရာ နှစ်ခုကို မေးပါတယ်။
(၁) Disarmament
အချိန်တခုရောက်ရင် ဒီလက်နက်ကိုင်အင်အားစုတွေကို ဘယ်လို လက်နက်လျော့ချဖြုတ်သိမ်းမလဲဆိုတဲ့ စဉ်းစားချက်နဲ့
(၂) Transitional Justice
တော်လှန်ရေးကာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ရာဇဝတ်မှုတွေ၊ တရားမမျှတမှုတွေကို ဘယ်လို တာဝန်ယူတာဝန်ခံမှုရှိရှိ အရေးယူဖြေရှင်းမလဲဆိုတဲ့ စဉ်းစားချက်ပါ။
တကယ်တော့ လက်နက်ကိုင်တော်လှန်ရေးနဲ့ ပတ်သက်ပြီး အပေါ်က နှစ်ခုအပြင် အရေးတကြီးဆွေးနွေးတွေးခေါ်စရာတွေ တပုံတပင်ကြီး ရှိပါသေးတယ်။
ဥပမာ - စစ်ပွဲဒဏ်ခံရတဲ့ ဒေသတွေ၊ လူထုတွေကို ဘယ်လို ပြန်လည်ထူထောင်ရေး၊ ကုစားရေးလုပ်ငန်းတွေလုပ်မလဲ၊ ငြိမ်းချမ်းရေး ဘယ်လိုပြန်တည်ဆောက်မလဲ၊ နောက်တချိန်မှာ လက်နက်အင်အားရှိသူက လုပ်ချင်တာ လုပ်မရအောင် နိုင်ငံရေးစနစ်သစ်ကို ဘယ်လိုတည်ဆောက်ကြမလဲ၊ စသဖြင့် ဒီလို တွေးခေါ်မျှော်မြင်မှုတွေ အများကြီးလိုပါတယ်။
ဒီလိုအတွေးအခေါ်တွေအပြင် လူ့ရပိုင်ခွင့်နဲ့ လူ့ဂုဏ်သိက္ခာတွေ၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်နဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ နောက် လူထုနဲ့ ဆက်ဆံဖို့ ပြည်သူ့ဆက်ဆံရေးနည်းနာတွေ စတဲ့ သိမှုတွေလည်း အရေးကြီးပါတယ်။
ဟုတ်ပြီ အဲ့ဒါတွေ မရှိရင် ဘာဖြစ်မလဲ?
အဲ့ဒီ တွေးခေါ်မျှော်မြင်မှု၊ သိမှုတွေ မရှိဘဲ လူသ(တ်)ရုံသက်သက် လက်နက်ကိုင်မယ်ဆိုရင်တော့ မှားယွင်း သ(တ်)ဖြတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူအစုအလိုက် အပြုံလိုက်သ(တ်)မှုတွေ ဒီလို ရာဇဝတ်မှုတွေ အပြင် အဆိုးရွားဆုံး လူမျိုးတုံး သ(တ်)ဖြတ်မှုတွေအထိ ဖြစ်ပွားနိုင်ပြီး တော်လှန်ရေးလည်း ဆုံးဆုံးမြှပ်သွားပါလိမ့်မယ်။ ရှေ့သမိုင်းမှာလည်း သာဓကတွေ ရှိခဲ့ပါတယ်။
သာဓကတွေက ဝေးဝေးမှာတင် မဟုတ်ဘဲ လက်တွေ့ တော်လှန်ရေးမှာပါ ရှိနေပါတယ်။ အရာတော်နဲ့ ထားဝယ်မှာဖြစ်ခဲ့သလို ဒလန်စွပ်စွဲ သ(တ်)ဖြတ်မှုတွေ၊ မုံရွာမှာ ခိုးဆိုးလုနှိုက်တွေကို ဖမ်းဆီးသ(တ်)ဖြတ်မှုတွေအပြင် Nom CDM လို အရပ်သားပစ်မှတ်တွေကို ပစ်မှတ်ထား တိုက်ခိုက်နေမှုတွေက လောလောလတ်လတ် သာဓကတွေပါဘဲ။
ဒါတွေအပြင် လက်နက်ကိုင်ဆောင်ထားသူတွေက မိမိအဖွဲ့ထဲက လက်အောက်ငယ်သားကို ဖြစ်စေ၊ သာမန်ပြည်သူတွေကို ဖြစ်စေ လက်နက်နဲ့ ချိန်ပြီး ခြိမ်းခြောက်တာတွေ၊ သာမန်သဘောထားကွဲလွဲသူကို သ(တ်)မယ် ဖြတ်မယ် ဗုံးပို့မယ် စသဖြင့် ခြိမ်းခြောက်တာတွေ စတဲ့ ဖက်ဆစ်စရိုက်တွေကိုလည်း ခပ်စိပ်စိပ် မြင်တွေ့လာရပါတယ်။
ဒါတွေဟာ တော်လှန်ရေးအတွက် အဆိပ်အတောက်တွေပါဘဲ။ နိုင်ငံရေးအင်အားစုတွေက ဒါတွေကို အချိန်မီ မတားဆီးနိုင်ရင်တော့ လူထုရဲ့ လက်နက်ကိုင်တော်လှန်ရေး တခုလုံး ရာဇဝတ်မှုတွေကြားမှာ ဆုံးဆုံးမြှပ်သွားပါလိမ့်မယ်။
(နိုင်ငံရေး) အတွေးအခေါ်မရှိဘဲ လက်နက်ကိုင်ရင် ဘာဖြစ်လာမလဲဆိုတော့ တော်လှန်ရေးသမားတော့ မဖြစ်ပါဘူး။ စစ်သွေးကြွဘဲ ဖြစ်ပါလိမ့်မယ်။
လက်နက်ကိုင်အင်အားစုတွေအနေနဲ့ မိမိအစုအဖွဲ့ကို အတွေးအခေါ်အရ တည်ဆောင်ဖို့၊ တပ်ဖွဲ့ဝင်တဦးချင်းစီရဲ့ အတွေးအခေါ်၊ သိမှုတွေကို မြှင့်တင်ဖို့ လိုအပ်ပါတယ်။
လူထုအနေနဲ့လည်း လက်နက်ကိုင်တော်လှန်ရေးကို အင်တိုက်အားတိုက် ပံ့ပိုးပါဝင်ဖို့လိုသလို လက်နက်ကိုင်အစုအဖွဲ့တွေကိုလည်း လမ်းလွဲမရောက်အောင် ထိန်းကြောင်းတည့်မတ်ပေးဖို့ အရေးကြီးပါတယ်။
အတွေးအခေါ်လက်နက် တပ်ဆင်ကြ . . . . .
လေးစားမှုဖြင့်
ဝေနှင်း (၂၂.၂.၂၀၂၂)
တစ်ခါက-ရွာတစ်ရွာကို မြန်မာစာ မြန်မာစကားလုံး ဝေါဟာရ အကြောင်းများ လေ့လာနေတဲ့ နိုင်ငံခြားသား တစ်ယောက် ရောက်လာတယ်...။
ရွာခံ သူ့မိတ်ဆွေအိမ်ကို သွားပြီး မြန်မာစကားနဲ့ဝေါဟာရအကြောင်း သိလိုကြောင်း ပြောတော့ ရွာခံမှ တစ်ညအိပ်ပြီး မိုးလင်းရင်သိရမယ်လို့ ပြောပြီး တစ်ည သိပ်လိုက်တယ်...။
မိုးလင်းလို့ အလင်းရောင်ထွက်ချိန်မှာ- မနက်စာ စားသောက်ပြီး နိုင်ငံခြားသားကို ရွာလယ်လမ်းမကြီးအတိုင်း ခေါ်သွားပြီး ရွာထိပ်က လမ်းလယ်ခေါင်မှာ မစင်ပုံ အကြီးကြီးကို ပြလိုက်တယ်...။
ပြပြီးသည့်နောက်-
"မိတ်ဆွေရေ ၊ ဒါကို `မစင် လို့ ခေါ်တယ်...။
မိတ်ဆွေ သိလိုတဲ့ အကြောင်းကို ဒီသစ်ပင်အောက်ကနေ စောင့်ကြည့်ရအောင် လို့ပြောပြီး မလှမ်းမကမ်း သစ်ပင်အောက်က စောင့်ကြည့်ကြတယ်...။
တအောင့်နေတော့ -
အကြော်သည် တစ်ယောက် အကြော်ရောင်းရင်း မစင်ပုံနားကို ရောက်လာပြီး တွေ့သွားတော့...
"ဟယ်... လမ်းလယ်ကြီးမှာ ဘယ်သူ `ချီး ' လာပါသွားလဲ မသိဘူး "လို့ ပြောလိုက်တယ်...။
နိုင်ငံခြားသားကြီးလည်း မှတ်ထားလိုက်တယ်...။
ဘုန်းကြီးကျောင်းသားလေး နှစ်ယာက် ရောက်လာပြန်တော့...
"ဟာ... `အီး တွေ တက်နင်းမိအုံးမယ်"လို့ ပြောပြီး ထွက်ပြေးသွားကြတယ်...။
နိုင်ငံခြားသားကြီးလည်း ပြုံးပြီး မှတ်ထားလိုက်တယ်...။
၂-နှစ်အရွယ် သားလေးကို လက်ဆွဲပြီး သားအမိနှစ်ယောက် ဖြတ်သွားပြန်တယ်..။
"ဟယ်! သားသားရေ `ဘွတ်ဘွတ်' တွေ ဒီဖက်ကိုလာ ဒီဖက်ကိုလာ"လို့ ပြောပြီး ကလေးကိုချီပြီး ထွက်သွားပြန်ရော...။
ဟိုလူလည်း မှတ်လိုက်ပြန်ရော....။
အဘွားအိုတစ်ယောက် ဆွဲခြင်းလေး ဆွဲပြီး ရောက်လာပြန်တယ်...။
"အမလေး... လမ်းမကြီးမှာ ဘယ်သူ အရှက်မရှိ `အခင်းကြီး' သွားထားတာလဲ မသိဘူး ဒုက္ခ ဒုက္ခ..." ဆိုပြီး ရှောင်သွားပြန်တယ်...။
ဟိုလူလည်း ခေါင်းလေးကုတ်ပြီး ထပ်မှတ်ရရော...။
ယောင်္ကျားကြီးတစ်ယောက် အိတ်ကြီးလွယ်ပြီး ခပ်သွက်သွက် လျှောက်လာပြီး မစင်ပုံနား ရောက်လာပြီး မြင်သွားပြန်တော့...
"ဟာ.. ဘယ်ကောင် ဒီမှာ `ကျင်ကြီး' စွန့်သွားလဲ မသိဘူးကွာ" ဆိုပြီး ဆက်လျှောက်သွားတယ်...။
နိုင်ငံခြားသားကြီးလည်း သက်ပြင်းချပြီး မှတ်လိုက်ပြန်တယ်...။
တစ်ခါ သစ်ခုတ်ပြီး ပြန်လာတဲ့ သစ်ခုတ်သမား နှစ်ယောက် ဖြတ်သွားပြီး တွေ့သွားတဲ့အခါ...
"ဟေ့လူ! ဟေ့လူ! အရှေ့မှာ `ဝမ်းသွား ' ထားတာတွေ ရှောင်သွားဦးဟ" ဆိုပြီး အော်ဟစ်သွားကြပြန်တယ်...။
ဟိုလူလည်း မျက်နှာတွေ ပျက်ပြီး မှတ်လိုက်ပြန်တယ်...။
မိန်းမရွယ်လေး သုံးယောက် ဖြည်းဖြည်းလေး လျှောက်လာရင်း
ဖြတ်သွားတဲ့အခါ...
"အမလေးတော့ ! လမ်းလယ်ကြီးမှာ `အလေး' တွေ သွားထားတာ ရွံစရာကြီး "-ဆိုပြီး တစ်ယောက်လက် တစ်ယောက်ဆွဲပြီး သွက်သွက်လေး ရှောင်ပြီး ထွက်သွားကြပြန်ရော...။
နိုင်ငံခြားသားကြီးလည်း လက်နှစ်ဖက်နဲ့ ခေါင်းကို တဗျင်းဗျင်းကုတ်ပြီး မှတ်နေရရှာတယ်...။
ဆေးဆရာဦးတုတ်ကြီး တောထဲ ဆေးခူးဖို့ ထွက်လာတော့ မစင်ပုံနားက ဖြတ်သွားတော့...
"အလိုလေးလေး ! လမ်းမှာ `ဓာတ်'တွေ သွားထားပါလား" ဆိုပြီး ပြောသွားပြန်ရော....။
ဟိုလူကြီးလည်း သက်ပြင်းတွေ အခါခါချရင်း မှတ်လိုက်ပြန်ရော...။
ကျောင်းဆရာကြီးဦးမြ ကျောင်းသွားဖို့ ထွက်လာရင်း တွေ့သွားတဲ့အခါ...
"စည်းမရှိ~ ကမ်းမရှိ လမ်းမကြီးမှာ `နောက်ဖေး'တွေ သွားထားပါလား" လို့ ပြောသွားပြန်တယ်...။
နိုင်ငံခြားသားကြီးလည်း ခေါင်း တခါခါနဲ့ မှတ်ထားလိုက်ရတာပေါ့...။
ကိုသာအေး ထန်းရည်မူးပြီး ယိုင်ထိုး ယိုင်ထိုးနဲ့ ရောက်လာတော့...
"ဘယ်ငတိ ရွာလယ်လမ်းမှာ `ဗုံးကြဲ 'သွားလဲ မသိဘူး...ထွီ" တဲ့...။
ဟိုလူလည်း တောက်တခေါက်ခေါက်နဲ့ မှတ်လို့...။
ရွာထဲက ငွေတိုးချေးတဲ့ ဒေါ်ဂျမ်းဘုံ တစ်ယောက် အကြွေးတောင်းမရလို့ စိတ်တွေဆိုးပြီး မစင်ပုံဘေးက ဖြတ်ရတဲ့အခါ လက်၂ ဘက်နဲ့ ထမီကို မပြီး သစ်ပင်အောက်က နှစ်ယောက်ကို ကြည့်ပြီး ပြောလိုက်တာကတော့...
"ဘယ်သေနာကျက လမ်းလယ်ခေါင်မှာ `ကာလနာတိုက်' ထားလဲ မသိဘူး" -တဲ့ ။
😁 မြန်မာတွေ~ ဝေါဟာရ ကြွယ်ပါတယ်ဆို😄
Credit#မှာ မြန်စာဂုဏ်ဂျာနယ်ထဲကလို သိရပါတယ်။
နာရေးသတင်း
-----------
ဒေါ်အရေဖာဂဖာရ်(ခေါ်)မေမေခင်
အမှတ်(၃)ရပ်ကွက်၊ဘူးသီးတောင်
အသက်(၇၅)နှစ်
-----------------------------
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အမှတ်(၃)ရပ်ကွက်နေ (ပါလီမန်အတွင်းဝန်ဟောင်း ဦးအဒူဂဖာရ်(BA•BT)-ဒေါ်ဆာရာ) တို့၏သမီး (ဦးအူလာမျာ-ဒေါ်ရှိုက်ရ်ဘီ)တို့၏ သမီးချွေးမ စာရေးကြီး (ဦးလုက်မာန်)၏ ချစ်လှစွာသောဇနီး ဒေါ်ဟာမီဒါဂဖာရ် JAT အမက(၄) ကျောက်တံတား၊ ဒေါ်ဂျာဟေဒါဂဖာရ် PAT အထကခွဲ ဖုံညိုလိပ်၊ ဟိုက်ရုလ်ဂဖာရ်(ခေါ်)မောင်စိုးနိူင်၊နူရ်ဂဖာရ်(ခေါ်)မောင်အေးထွန်း၊အုစ်မာန်ဂဖာရ်(ခေါ်)မောင်အောင်နိူင်၊ နော်ဆီမာဂဖာရ်(ခေါ်) နွယ်နီနိူင်၊ တော်ဆီလီမာဂဖာရ်(ခေါ်)အေးငြိမ်းဇော်တို့၏ ချစ်လှစွာသော မိခင် မောင်အာဏ္ဏဝါရ်ဂဖာရ်(ခေါ်)ဇာနည်ကို ခေတ္တအမေရိကန် ပြည်ထောင်စု၏ ချစ်လှစွာသော နာနီ မြေး(၁၂)ယောက်တို့၏ ဖွားဖွားသည် ယနေ့ ၁၁-၂-၂၀၂၂ ခုနေ့ မနက် ၅နာရီအချိန်တွင် အလာ့အမိန့် ခံယူသွားပါ၍ ရပ်ဝေးရပ်နီး ဆွေမျိူးသားချင်းများနှင့် မိတ်သင်္ဂများ သိရှိနိူင်ပါရန် အကြောင်းကြားအပ်ပါသည်။
မှတ်ချက်။ ။ကွယ်လွန်သူ၏ ဂျနဇာကို ရွက်ညိုတောင်ကျေးရွာ ဂဖာရ်ရှာဖ့် ကဘရ်စာန်တွင် ဂျူမာအပြီး ဖတ်ပါမည်ဖြစ်ပါကြောင်း။
------------
အောက်ပါပုံပါ ကွယ်လွန်သူသည် ပြည်ထောင်စု မြန်မာနိူင်ငံတော်၏ ပထမဦးဆုံးသော လက်နက်နှင့် ငြိမ်းချမ်းရေး လှဲလှယ်ပွဲ၌ မေယုနယ်ခြားခရိုင် ဘူးသီးတောင်မြို့တွင် မေယုခရိုင်သားများ အထူးတန်ဖိုးထား ကြည်ညို လေးစားပါသော ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချူပ် ဗိုလ်မှုးချူပ် အောင်ကြီးအား ၁၉၆၁ခုနှစ် ဂျူလိုင်လ(၄)ရက်နေ့တွင် ဘူးသီးတောင်မြို့သို့ ရောက်ရှိစဉ်က ဒေါ်အရေဖာဂဖာရ်(ခေါ်)မေမေခင်မှ ဘူးသီးတောင် သင်္ဘောဆိပ်တွင် ပန်းစည်းဖြင့် လှုိက်လှဲစွာ ကြိုဆိုနေသည်ပုံ
____________________________________________
နာရေးသတင်း
___________
ဦးလုက်မာန်(ခေါ်)စာရေးကြီးလုက်မာန်
စာရေးကြီး(အငြိမ်းစား)
မြို့နယ်ပညာရေးမှုးရုံး
ဘူးသီးတောင်မြို့
အသက်(၈၃)နှစ်
----------
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အမှတ်(၃)ရပ်ကွက်နေ (ဦးအူလာမျာ+ဒေါ်ရှိုရ်ဘီတို့၏သား ကွယ်လွန်သူ ပါလီမန်အတွင်းဝန်ဟောင်း ဦးအဒူဂဖာရ်+ဒေါ်ဆာရာ)တို့၏ သားသမက် ဒေါ်အရေဖါဂဖါရ်(ခေါ်)မေမေခင်၏ ချစ်လှစွာသောခင်ပွန်း ၊ဦးအာဇီဇုလ်ဂဖာရ်(ခေါ်) ဦးကျော်အေး(ခေါ်) ဦးဘမောင် ထွေအုပ်(ငြိမ်း)+ဒေါ်ခင်ဆွေဝင်းတို့၏ အစ်ကို (ဦးဘတင်၊ဦးဆုလ်တာန်ဟူဆိန်၏ညီ (ဦးဖိုးခင်-ကုန်သွယ်ရေး အငြိမ်းစား)နှင့် ဒိလ်ဒါရ်ဂဖာရ်(ခေါ်) ဦးကျော်စိုးအောင်(အထွေထွေ အတွင်းရေးမှုး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ)တို့၏ အစ်ကို (ဒေါ်ဟာမီဒါဂဖာရ် JAT-အမက ၄ ကျောက်တံတား+-ဦးဝင်းမြင့် ကျောင်းဆရာ(အငြိမ်းစား) (ဒေါ်ဂျာဟေဒါဂဖာရ် PAT အထကခွဲ ဖုံညိုလိပ် +ကာမာလ်ဟူဆိန် JAT-အထကခွဲ ဖုံညိုလိပ်) ခိုက်ရုလ်ဂဖာရ်(ခေါ်)မောင်စိုးနိူင်၊(နော်ဆီမာဂဖာရ်(ခေါ်)နွယ်နီနိူင်+ရာမောသ်အုလာ) (နူရ်ဂဖာရ်(ခေါ်)မောင်အေးထွန်း+ဒေါ်ဂျာနု) တော်ဆီလီမာဂဖာရ်(ခေါ်) အေးငြိမ်းဇော်တို့၏ချစ်လှစွာသောဖခင် အဏ္ဏဝါရ်ဂဖါရ်(ခေါ်)မောင်ဇာနည်ကို(BE-IT)ခေတ္တ အမေရိကန် ပြည်ထောင်စု၏ ချစ်လှစွာသော နာနာကြီးသည် ယနေ့ ၂၃-၁-၂၀၂၂ ခုနေ့ ညနေ ၅နာရီ ၂၀တွင် မိမိနေအိမ်၌ အလာ့အမိန့် ခံယူသွားပါသဖြင့် မနက်ပြန် ၂၄-၁-၂၀၂၂-ခုနေ့ တနင်္လာနေ့ နံက် (၁၀)နာရီအချိန်တွင် ရွက်ညိုတောင်ကျေးရွာ (ဂဖာရ်ရှာဖ့်)ကဗာရ်စာန်တွင် "ဂျနဇာ"ဖတ်မည်ဖြစ်ပါကြောင်း ရပ်ဝေးရပ်နီး ဆွေမျိူးသားချင်းများ၊မိတ်သင်္ဂများနှင့် လုပ်ဖော်ကိုင်ဖက်များ သိရှိနိူင်ပါရန် အကြောင်းကြားအပ်ပါသည်။
မှတ်ချက်။ ။ကွယ်လွန်သူအတွက် ဒိုဝါမှာသတိရပါရန်
------------
Credit- Win Myint
Zakariya, dean of Botony faculty, Sittwe College. |
စစ်တွေကောလိပ် စတင်ဖွင့်လှစ်သည့် ၁၉၇၃ - ၁၉၇၄၊ ဒုတိယနှစ် ရုက္ခဗေဒ တန်းတွင် ပညာသင်ကြားပေးခဲ့သော ကျွန်တော် (ထွန်းအောင်ကျော်)၏ ကျေးဇူးရှင် အနန္တဂိုဏ်းဝင် ဆရာ ဆရာမများအနက်မှ အစ္စလာမ်ဘာသာဝင် ဆရာ ၊ ဆရာမများ
၁၉၇၃ - ၁၉၇၄ စစ်တွေကောလိပ် စတင်ဖွင့်သည့်နှစ် ကျွန်တော် ဒုတိယနှစ် ရုက္ခဗေဒ တန်းတက်ပါသည်။ ယင်းနှစ် ကျွန်တော်တို့မေဂျာ တန်းတွင် ကျောင်းသားအများဆုံး ၁၄ ဦးရှိသည်။
အဓိက ရုက္ခ ဘာသာရပ် ၄ ရပ်အပြင် မိုင်နာ ဘာသာအဖြစ် ဓာတု ၊ ဇီဝ ၊ အင်္ဂလိပ်ဘာသာ တို့ယူရသည် မေဂျာဘာသာရပ် ၄ ခု မိုင်နာဘာသာ ၃ ခု တို့အတွက် သင်ပြသည့် ကျောင်းသား ၁၄ ဦးအတွက် ဆရာ ဆရာမ ၁၃ ဦးသင်ပြသည်။
(ပုံ-၂) ဒေါ်ညွန့်ညွန့်ရင် ( ကမန် တိုင်းရင်းသူ )
လက်ထောက် ကထိက၊ ရုက္ခဗေဒဋ္ဌာန
ဘဏ္ဍာရေးမှူး ရခိုင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ
စစ်တွေကောလိပ် ၁၉၇၃ - ၁၉၇၄
ယင်းတို့ အနက် ကျွန်တော့် မေဂျာ ဋ္ဌာနမှူး ဦးခင်မောင်လေး ၊ ဆရာမ ဒေါ်ညွန့်ညွန့်ယဉ်၊ ဆရာမ ဒေါ်သန်းတင် တို့သည် အစ္စလာမ်ဘာသာဝင် ကျေးဇူးရှင် ဆရာ ဆရာမများဖြစ်ကြပါသည်။
ကျောင်းသား ၁၄ ဦးကို ဆရာ ဆရာမ ၁၃ ဦးက အနီးကပ် သေချာစွာ ကျောင်းပြေးမရအောင် လှုပ်မရအောင် ဂရုစိုက် ရင်းနှီး နွေးထွေး ချစ်ခင်စွာ စေတနာအပြည့်ဖြင့် စာတွေ့ အပြင် ဖား၊ ကြက်၊ ဝက် ခွဲစိပ် ရုက္ခ ခွဲစိပ် လက်တွေ့ ဘာသာရပ်များ သင်ကြားပို့ချ ခဲ့ကြပါသည်။
အလွန် ကျေးဇူးရှိသော ဆရာ ဆရာမ များကို အစဉ်သတိရ ရိုသေလေးမြတ်စွာ ကန်တော့ပါသည်။
- ထွန်းအောင်ကျော်
Click here: For Original FB Link
================
အဖ ဦးစလေမန်၊ အမိ ဒေါ်တီတို့မှ ၁၉၂၁ ခု၊ ဇွန်လ ၂ ရက်နေ့ တွင် မန္တလေးမြို့၌ ဖွားမြင်သည်။ မွေးချင်း ၁၀ ဦးအနက် သားကြီးဩရသ ဖြစ်သည်။
ကောလင်းမြို့၊ အင်္ဂလိပ်မြန်မာ အလယ်တန်းကျောင်းသားဘဝ အသက် ၁၇ နှစ်အရွယ်တွင် ၁၃၀ဝ ပြည့်အရေးတော်ပုံကြီးနှင့် ကြုံခဲ့သည်။ နိုင်ငံရေးအသိနိုးကြားပြီး သပိတ်မှောက် ကျောင်းသားတစ်ဦးအဖြစ် ပါဝင် ခဲ့သည်။ တို့ဗမာအစည်းအရုံးနှင့် လက်တွဲခဲ့သည်။ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး ဆင်နွှဲစဉ် ကောလင်းမြို့တွင် ပသီလူလတ်ပိုင်း ၄၀ ကျော်တို့ကို စုစည်းကာ ဗမာမွတ်စလင် မြို့ရွာကာကွယ်ရေးတပ်ဟူ၍ ဖွဲ့စည်းခဲ့သည်။ တပ်ဖွဲ့တွင် အတွင်းရေးမှူးနှင့် ခေါင်းဆောင်အဖြစ် တာဝန် ယူသည်။
၁၉၄၀ ပြည်နှစ် ဧပြီတွင် ဦးစောမောင် ဒေါ်မြခဲတို့၏သမီး ဒေါ်ခင်ဆွေနှင့် အိမ်ထောင်ပြုသည်။ ဇနီးသည်က ပါရမီဖြည့်ဖက် ပီသစွာ ရပ်တည်ပေးသည်။ သား ၃ ဦး၊ သမီး ၂ ဦး ထွန်းကားသည်။ သားကြီး ရေဒီယိုအဆိုကျော် စိုးမိုးလွင်နှင့် သားလတ်ရေဒီယိုအဆိုကျော် မိုးမင်းဝင်း တို့ကို မန္တလေးမြို့ စကြာနွယ်စင်ရပ်တွင် မွေးဖွားခဲ့ပြီး သားငယ် ခင်မောင်သန်း၊ သမီးကြီး ရေဒီယိုအဆိုကျော် ဇာဇာမိုးမင်းနှင့် သမီးငယ် ကြူကြဆွေတို့ကို ရန်ကုန်မြို့ ကျောက်မြောင်းရပ်တွင် မွေးဖွားခဲ့သည်။
၁၉၄၂-ခုနှစ် ဂျပန်များဝင်ရောက်လာစဉ် ဘီအိုင်အေ က ဖွဲ့စည်းပေးသည့် မြို့ရွာအုပ်ချုပ်ရေးအဖွဲ့တွင် အဖွဲ့ဝင်တစ်ဦးဖြစ်လာသည်။ မြို့ရွာ အုပ်ချုပ်ရေးအဖွဲ့မှ ထပ်ဆင့်ဖွဲ့စည်းသည့် လက်နက်ကိုင်တပ်ဖွဲ့တွင်လည်း တပ်စုမှူးတစ်ဦးဖြစ်သည်။ တပ်စုမှူးဘဝတွင် ကောလင်းမြို့တစ်ဝိုက်၌ ဆိုးခိုးတိုက်ခိုက်သတ်ဖြတ်နေကြသည်များကို နှိမ်နင်းခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဘီအိုင်အေတပ် ကောလင်းမြို့ သို့ရောက်ရှိစဉ် မျက်နှာစုံညီတွေ့ဆုံရာ၌ မြို့ရွာအုပ်ချုပ်ရေး၊ လုံခြုံရေး ကိစ္စများအတွက် လမ်းညွှန်မှုခံယူသည်။ ထိုစဉ် ရာဇဝတ်တရားစီရင်ရေး အဖွဲ့ ၉ ဦးတွင် တစ်ဦးအဖြစ် ပါဝင်သည်။ ဒေါက်တာဘမော်အစိုးရ တက်လာသည်အထိ ပေးအပ်သည့်တာဝန်များ ထမ်းဆောင်ခဲ့သည်။ အင်္ဂလိပ်အမေရိကန် ပြန်လည်ထိုးစစ်ဆင်လာသည့်အခါ မိသားစုသည် ကန့်ဘလူမြို့နယ် ဘုတ်တောကျေးရွာသို့ ရောက်သွားသည်။ ဦးကိုကိုလေး ကား စစ်ပြေးများစုဝေးရာ အမရပူရမြို့နယ် ဘုံးအိုးကျေးရွာသို့ ရောက်သွားသည်။ အာရှလူငယ်ဖွဲ့စည်းရာတွင် တွဲဖက်စာကြည့်တိုက်မှူးဖြစ်ခဲ့သည်။ ဖဆပလမှ ဂျပန်တော်လှန်ရေးတပ်သားအဖြစ် ရွေးချယ်သူများတွင် တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။
ဖဆပလမှ ဦးကိုကိုလေးအား (၁) ဂျပန်တို့လှုပ်ရှားမှုအခြေအနေကို မျက်ခြည်မပြတ် စုံစမ်းအစီရင်ခံရန် (၂) ရနိုင်သမျှ လက်နက်စုဆောင်း ရှာဖွေရန် (၃) အထက်မှဆင်းလာသည့် အင်္ဂလိပ်တပ်ဦးနှင့် ဆက်သွယ်ပြီး (က) ဂျပန်တော်လှန်ရေးအတွက် ကူညီရန် (ခ) ဆေးဝါးထောက်ပံ့ကူညီရန် (ဂ) ပူးပေါင်းတိုက်ခိုက်ရန်တို့အတွက် ဆွေးနွေးအစီရင်ခံရမည်ဟူသည့် တာဝန်များပေးခဲ့သည်။
ဦးကိုကိုလေးသည် အင်္ဂလိပ်စစ်အပြေးတွင် စွန့်ပစ်ခဲ့သည့် ကျည်ဆန်များကို ကောလင်းတွင် လျှို့ဝှက်စုဆောင်းသည်။ ရရှိသည့် ကျည်ဆန်များကို ဗိုလ်မှူးဗထူးတပ်သို့ ပေးအပ်နိုင်ကြောင်းသိရသည်။
အင်ဖာတမူးမှ ချီတက်လာသည့် ၁၄ နံပါတ်တပ်မတော်မှ ခွဲထွက် ပြီး ရွှေဘိုသို့ ဦးတည်ချီတက်မည့် တပ်ခွဲအမှတ်(၃၃) တပ်မကြီး(၂)နှင့် ကန့်ဘလူမြို့နယ် ကျွန်းလှမြို့ချောင်းကွေ့ ဇီးတောရွာတို့အနီး စခန်းချသည့် အင်္ဂလိပ်တပ်သို့ ဂျပန်များကြားမှဖြတ်၍ အရောက်သွား ဆက်သွယ် ဆွေးနွေးသည်။ ဆွေးနွေးချက်များကို ဆိုင်ရာသို့ သတင်းပို့ အစီရင်ခံခဲ့သည်။
စစ်ပြီးခေတ် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ ဖဆပလ ပေါ်ပေါက်လာသည့်အခါ ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်မှုဖြင့် ဆရာကြီးဦးရာဇတ်က ဦးဆောင်၍ ဗမာမွတ်စလင်မ်ကွန်ဂရက်ကို ဖွဲ့စည်းသည်။ ထိုဗမာမွတ်စလင်မ်ကွန်ဂရက် (ဗ၊မ၊က)အဖွဲ့တွင် မန္တလေးခရိုင် အမှုဆောင်အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သည်။ ဗမက သည် ဖဆပလ တပ်ပေါင်းစုတွင် တပ်တစ်တပ်အဖြစ်ပါဝင်သဖြင့် ဦးကိုကိုလေးသည် မန္တလေးခရိုင် ဖဆပလ ဦးစီးကိုယ်စားလှယ် ၃-ဦးတွင် တစ်ဦးအဖြစ် ပါဝင်သည်။
ဆရာသည် ၁၉၅၀ ပြည့်နှစ်တွင် ရန်ကုန်မြို့သို့ မိသားစုနှင့်အတူ ပြောင်းရွှေ့ခဲ့သည်။ ရန်ကုန်ခရိုင် ဗမကအဖွဲ့ အတွင်းရေးမှူး၊ ရန်ကုန်ခရိုင် ဖဆပလဦးစီးကိုယ်စားလှယ် တာဝန်များယူခဲ့သည်။ ၁၉၅၂ မှ ၁၉၅၅ ခုနှစ်အတွင်း ရန်ကုန်မြူနီစီပယ်ဗဟိုအတိုင်ပင်ခံအဖွဲ့ဝင်၊ ရန်ကုန်စံပြထောင်ကြီး အုပ်ချုပ်မှုအဖွဲ့ဝင်၊ ရန်ကုန်ဆေးရုံကြီး အကြံပေးအဖွဲ့ဝင်စသည့် တာဝန်များ ထမ်းဆောင်ခဲ့သည်။
၁၉၅၆ ခုနှစ် ဗမကဖျက်သိမ်းရစဉ် ပေါ်ပေါက်သည့် ဗမက(သစ်)တွင် ဌာနချုပ်အထွေထွေအတွင်းရေးမှူးဖြစ်သည်။ နောင်တွင် ဗမက(သစ်)သည် ဗမာနိုင်ငံလုံးဆိုင်ရာ ပသီအမျိုးသားကွန်ဂရက် ဗပက ဖြစ်လာသည်။ ဗပကအဖွဲ့သည် ပမညတ တပ်ပေါင်းစုတွင် ပါဝင်သည့်အခါ ပမညတ ဗဟို သဘာပတိအဖွဲ့ဝင် ဖြစ်ခဲ့သည်။ ပမညတ ဌာနချုပ်မှ တာဝန်ပေးချက်အရ ၁၉၅၉ ခုနှစ် မြူနီစီပယ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အမှတ်(၁၅) (ဆူးလေဘုရားလမ်းနှင့်သိမ်ဖြူလမ်းကြား) မှ ရွေးကောက်ပွဲဝင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် အထွေထွေရွေးကောက်ပွဲကျင်းပသည့်အခါ ရန်ကုန် အလယ်ပိုင်း မဲဆန္ဒနယ်တွင် သန့်ရှင်းအမတ်လောင်း ဝန်ကြီးဟောင်း ဦးရာရှစ်၊ တည်မြဲအမတ်လောင်း ဝန်ကြီးဦးခင်မောင်လတ်တို့နှင့် ယှဉ်ပြိုင်ရန် ပမညတ ဗဟိုသဘာပတိအဖွဲ့မှ တာဝန်ပေးသည်။ ပမညတ အမတ် လောင်းအဖြစ် ယှဉ်ပြိုင်ခဲ့သည်။ အရွေးမခံရပါ။
၁၉၆၃ ခုနှစ်တွင် တော်လှန်ရေးကောင်စီ ပြည်တွင်းငြိမ်းချမ်းရေး မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်သည်။ ထိုပွဲအောင်မြင်မှုကို ရှေ့ရှုဆောင်ရွက်မည့် ဗဟိုကော်မတီကိုဖွဲ့သည့်အခါ အဖွဲ့ဝင်တစ်ဦးအဖြစ် ကျရာတာဝန်ကို ဆောင်ရွက်ခဲ့သည်။ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပျက်ပြားသွားသည့်အခါ နိုင်ငံရေးသမားအဖြစ်မှ အနားယူခဲ့သည်။ သို့သော် ပါတီကောင်စီတို့မှ ပေးအပ်လာသည့် ရပ်ရေးရွာရေး၊ လူမှုရေး တို့ကိုကား အမြဲဆောင်ရွက်ပေးခဲ့သည်။
နောက်ပိုင်းတွင် တိုင်းရင်းမွတ်စလင်မ်တို့၏ စာပေနှင့်ယဉ်ကျေးမှု ဆိုင်ရာများတွင် ပိုမိုပါဝင်အားပေးသည်ကို တွေ့ရသည်။ ၁၉၇၄ ခု နိုဝင်ဘာလတွင်ကျင်းပသည့် အစ္စလာမ်ဓမ္မဗိမာန် ဆယ်နှစ်ပတ်လည် အခမ်းအနား နှင့်ပဏာမညှိနှိုင်းပွဲတွင် ဟာဂျီဦးဘချစ်၊ ပသီဦးကျော်မြင့်တို့နှင့်အတူ အခမ်းအနားမှူးအဖြစ် တာဝန်ယူသည့်။ ဓမ္မဗိမာန်ဝန်ထမ်းအဖြစ် ၆ နှစ်တာ ဆောင်ရွက်ပြီး အခါအားလျော်စွာ ဟောပြောပို့ချသည်။ ၁၉၇၃ ခု ဓမ္မဗိမာန် ၌ဟောကြားသော ဟောပြောချက် ၃-ရပ်သည် ပရိသတ် အထူးနှစ်သက် အားပေးမှု ခံယူရသည်။ ၁၉၈၄ ခုနှစ် နှစ်နှစ်ဆယ်မြောက် ဓမ္မဗိမာန်မဂ္ဂဇင်းတွင် ဟောပြောချက် ၃-ရပ်ကို ထပ်မံဖော်ပြခဲ့သည်။
ဆရာသည် ရန်ကုန်မြို့တွင် ၂၈-နှစ် နေထိုင်ခဲ့ပြီး ၁၉၇၈ ခုနှစ်တွင် မန္တလေးမြို့သို့ ပြန်လည်ပြောင်းရွှေ့ပြီး စကြာနွယ်စင်ရပ် ဟမီဒီယာ စကြာ တောင်ဗလီဝင်း၊ ၇၅ လမ်း(၃၄-၃၅ ကြား)တွင် နေထိုင်ခဲ့ပါသည်။
ဤတွင် ဆရာ၏ စာပေဘဝကို လေ့လာတင်ပြလိုပါသည်။ ဆရာသည် ဆယ်ကျော်သက်ရွယ်ကစတင်ပြီး စာဖတ်ဝါသနာပါခဲ့သည်။ စာဖတ်သက် နှစ်နှစ်ခန့်အကြာ နဂါးနီစာအုပ်အသင်းပေါ်လာသဖြင့် အသင်းဝင်ခဲ့သည်။ နဂါးနီအသင်းထုတ် စာအုပ်များသည် နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်များ တက်ကြွစေသည်။ တစ်ချိန်တည်းမှာပင် ဆရာသည် ဗန်းမော်တင်အောင်နှင့် ရင်းနှီးလာသည်။ လင်းယုန်ဂျာနယ် ဝိုင်းတော်သားဖြစ်လာသည်။ လင်းယုန်ဂျာနယ်တွင် ရေထမ်းသမားကြီး ဦးလေး ခေါင်းစဉ်ဖြင့် ဆောင်းပါးကို စတင်ရေးခဲ့သည်။
၁၉၅၂ ခုတွင် ဗမကဌာနချုပ်မှ နှစ်ပတ်တစ်ကြိမ်ထုတ် ဗမကအသံ စာစောင်တွင် ဆက်လက်ရေးသည်။ ထို့နောက် ပြည်သူ့ဂျာနယ်၊ ရှုဒေါင့်၊ ရောင်ခြည်ဦး၊ ရှုမဝနှင့် ကြေးမုံသတင်းစာတို့တွင် ပါဝင်ရေးသားခဲ့သည်။ ဆောင်းပါးပေါင်း ၅၀ ခန့်ရှိသည်။
လုံးချင်းအဖြစ် ဗမာမွတ်စလင် လူမျိုးစုပြဿနာ(၁၉၆၀)၊ ဆိုရှယ်လစ်စီးပွားရေးပြဿနာ၊ တွေ့ဆုံဆွေးနွေးရေးမှတ်တမ်း၊ တွေ့ဆုံဆွေးနွေးရေးနဲ့ ကျွန်တော့်ကိုယ်တွေ့၊ ခေတ်ငါးခေတ်နဲ့ လူတန်းစားပြဿနာ၊ အခက်အခဲဆုံး၏ မူလဇစ်မြစ်၊ အရင်းရှင် စနစ်ဆိုတာဘာလဲ၊ ဆိုရှယ်လစ်အမြင်ဖြင့် သုံးသပ်ချက်များ၊ ဦးနုနဲ့ အာဏာပြဿနာ၊ ပါလီမန် ဒီမိုကရေစီနဲ့ တရုပ်ဖြူဗိုလ်ချုပ် စသည့် လုံးချင်းများနှင့် အခြားလုံးချင်း ၁၄ အုပ်ခန့် ရေးသားထုတ်ဝေခဲ့သည်။
လူတန်းစားပြဿနာကို အားသန်သဖြင့် လူတန်းစားအမြင်ဖြင့်သာ ရေးသားနေရာမှ မြန်မာ့သမိုင်းကြောင်းဘက်သို့ လမ်းပြောင်းခဲ့သည်။ ရုပ်ရှင်ချစ်သူမဂ္ဂဇင်း၊ မြန်မာ့အလင်း၊ ဗိုလ်တထောင်နှင့် မန္တလေး ဟံသာဝတီသတင်းစာတို့တွင် ဆောင်းပါးများ ဆက်လက်ရေးသားသည်။
လင်းယုန်ဂျာနယ်တွင် ရွှေလင်းမောင်၊ ဗပကအသံတွင် မျှားနက်၊ ကြေးမုံသတင်းစာတွင် ကိုကိုလေးနှင့် ရွှေညာသား ကလောင်အမည်ဖြင့် ရေးသည်။ ပထမဆုံးလုံးချင်းစာအုပ်တွင် ကိုကိုလေး(ဗပက)သစ် ကလောင်အမည်ကိုသုံးပြီး ဒုတိယအကြိမ်လုံးချင်းတွင် ကိုကိုလေး(ဗပက)ဟု ကလောင်အမည်ကို သုံးခဲ့သည်။ ကိုယ်တိုင်ပါဝင် တာဝန်ယူနေရသည့် အဖွဲ့အစည်းအမည်များနှင့် ဝိသေသပြုခြင်းဖြစ်သည်။ ရုပ်ရှင်ချစ်သူမဂ္ဂဇင်း ပါ တို့ပိုင်တဲ့မြေ အခန်းဆက်ဆောင်းပါးမှစပြီး ပသီကိုကိုလေး ကလောင်အမည်ကို အသုံးပြုခဲ့သည်။
လက်ရာများအနက် တိုင်းရင်းမွတ်စလင်စာပေကဏ္ဍကို သီးခြား စုစည်းလျှင် ဗမကအသံစာစောင်မှ အစပြုသည်ဟု ဆိုနိုင်ပါသည်။ ၁၉၅၀ ပြည့်နှစ် ရန်ကုန်ခရိုင် ဗမကအတွင်းရေးမှူးဘဝ မြန်မာ့အသံမှထုတ်လွှင့်သည့် ၁၄၂၈ ကြိမ်မြောက် တမန်တော်မုဟမ္မဒ်သခင်မွေးနေ့မိန့်ခွန်းမှ လွဲ၍ အခြားစာအုပ်စာတမ်းများသည် အမျိုးသားရေးကိုသာ ဦးတည်သည်။ နိုင်ငံရေးအမြင် ပီပြင်အောင်ဖွင့်ဆိုသည်။ ယင်းတို့အနက် ဗမာမွတ်စလင် လူမျိုးစုပြဿနာစာအုပ်သည် ထင်ရှားပါသည်။
၁၉၇၂ ခု၊ ဒီဇင်ဘာလထုတ် အစ္စလာမ့်အလင်းစာစောင် အမှတ် ၂ တွင် သမိုင်းမှ မှတ်တမ်းတစ်ခု ခေါင်းစဉ်ဖြင့် ဆောင်းပါးရေးသား တင်ပြသည်။ ရေစကြိုခုံတော်ဖြတ်ထုံးလာ ငမြတ်ထွေး သမီး မိရမ္ဘီနှင့် ငဦးတို့ အိမ်ထောင်မှုဖြတ်ထုံးကို အစ္စလာမ်ဘာသာအရ ဆုံးဖြတ်ခွင့်ပေး ကြောင်း ရှင်းပြထားခြင်းဖြစ်သည်။ ဗဒုံမင်းတရားကြီး လက်ထက်တော်မှ စတင်၍ ဘာသာရေးလွတ်လပ်ခွင့် သာဓကမှတ်တမ်းတစ်ရပ်ကို ဖော်ပြ ခြင်းဖြစ်သည်။
၁၉၇၆ ခုနှစ်တွင် မွတ်စလင်အမျိုးသမီးသာသနာ့ရိပ်သာ ဥက္ကဋ္ဌ၏ မေတ္တာရပ်ခံချက်အရ သာသနာ့ရိပ်သာ ငွေရတုအထိမ်းအမှတ် မွတ်စလင် အမျိုးသမီးသာသနာ့ရိပ်သာ ၂၅-နှစ်မြောက် ငွေရတုစာတမ်းကို ပြုစုသည်။ သမိုင်းဝင်ဓာတ်ပုံအထောက်အထားများ ပါဝင်သည်။ အချက် အလက် စုံလင်သည်။
၁၉၇၉ ခု ဖေဖော်ဝါရီလထုတ် ၁၄၅၂ ကြိမ်မြောက် မဟာတမန်တော်နေ့ အထိမ်းအမှတ် အစ္စလာမ်နေ့မြတ်စာစောင်တွင် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်နှင့် အစ္စလာမ်သာသနာ ဟူသောခေါင်းစဉ်ဖြင့် ဆောင်းပါး တင်ပြသည်။ ကျမ်းမြတ်ကုရ်အာန်သည် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကိုပါ လမ်းညွှန်သည်။ ပစ္စုပ္ပန်နှင့်အနာဂတ်သည် သိပ္ပံခေတ် ဖြစ်သည်။ ရှေ့သို့တိုးတက်နေသည်။ မလေ့လာလျှင် ခေတ်နောက်ပြန်ဆွဲ သာသနာ ဖြစ်မည်။ သာသနာ့အမှန်တရားကို တိတိကျကျဖော်လှစ်ရန် လိုလာသည်။ ကျယ်ဝန်းလှသည့် သာသနာကို ကျဉ်းကျဉ်းကြပ်ကြပ် ဖြစ်အောင် ပြုလုပ်လျှင် အနာဂတ်မှာ ရင်လေးဖွယ်ဖြစ်လာမည်ကို သတိပေးတင်ပြထားသည်။
အစ္စလာမ်စာစောင်တွင် သမိုင်းတစ်ကွေ့မှ တရားစီရင်မှုအချို့ ဆောင်းပါး ပါရှိသည်။ ရေစကြိုဇာတိ မြန်မာပညာရှိ ရန္တမိတ်ကျော်ထင်ဘွဲ့ခံ ခုံတော်ဦးမှိုင်း စီရင်ဆုံးဖြတ်ခဲ့သည့် အစ္စလာမ်သာသနာဝင်တို့နှင့် စပ်လျဉ်းသော တရားစီရင်မှုဖြတ်ထုံး ၂-ခုကို တင်ပြထားသည်။ ကုန်ရောင်းဝယ်မှုဆိုင်ရာ တရားစီရင်ဖြတ်ထုံးနှင့် လက်ရောက်မှု တရားစီရင်ဖြတ်ထုံးတို့ ဖြစ်သည်။ ကုန်ရောင်းဝယ်မှုဆိုင်ရာတရားသည် အစ္စလာမ်ဘာသာဝင် ငဗာဝါနှင့်ငဇိနတို့ အရောင်းအဝယ်ကိစ္စ အချင်း များမှုဖြစ်သည်။ လက်ရောက်မှုတရားသည် ကိုယ်ဝန်သည်မိကောင်းသာကို အီစမံတို့ သားအမိက ကိုယ်ထိလက်ရောက် ဆံပင်ဆွဲ ရိုက်ပုတ်သဖြင့် မိကောင်းသာ ကိုယ်ဝန်ပျက်ရသည့်အမှုဖြစ်သည်။ သက်ဆိုင်ရာဘာသာ တရားစီရင်မှုနှင့် သက်သေပြရန် မစီရင်သာလျှင် ကျမ်းကျိန်စစ်ဆေးသည့် ဓလေ့များကို သိရသည်။
၁၉၈၄-ခုထုတ် အစ္စလာမ်ဓမ္မဗိမာန် နှစ် ၂၀-မြောက် အထူးထုတ် စာစောင်တွင် ယခင်က ဓမ္မဗိမာန်၌ဟောကြားခဲ့သည့် ဟောကြားချက် သုံးရပ်အပြည့်အစုံကို တစ်ပေါင်းတည်း ပြန်လည်ဖော်ပြသည်။ ဟောကြားချက် သုံးရပ်အနက် ပထမခေါင်းစဉ်သည် မြန်မာနိုင်ငံနှင့် အစ္စလာမ် သာသနာ ဖြစ်သည်။
မြန်မာနိုင်ငံသို့ အစ္စလာမ်သာသနာသည် လွန်ခဲ့သည့်နှစ်ပေါင်း ၁၃၀ဝကျော်မှ စတင်ရောက်ရှိပုံ၊ တိုင်းပြည်တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်ကြပုံ၊ သူကောင်းပြုခံခဲ့ကြရပုံများကို ဖော်ပြသည်။ အင်္ဂလန်နိုင်ငံ နှင်းဆီစစ်ပွဲမှ ကုန်းဘောင်ခေတ်နေဝင်ချိန်အထိ သမိုင်းကို ကမ္ဘာ့ သမိုင်းအထောက်အထား၊ မြန်မာ့သမိုင်းအကိုးအကားများဖြင့် ရှင်းပြထားသည်။ တိုင်းရင်းသား အစ္စလာမ်သာသနာဝင်များသည် လူမျိုးပေါင်းစုံမှ ရောနှောပေါက်ဖွားလာသော မျိုးဆက်ပွားများဖြစ်ကြောင်း နိဂုံးပြုထားသည်။
ဒုတိယခေါင်းစဉ်သည် အစ္စလာမ်သာသနာနှင့် မြန်မာစာပေ ဖြစ်သည်။ တိုင်းရင်းမွတ်စလင်များသည် မိမိတို့သာသနာကို မြန်မာစာပေဖြင့် တိုးတက်အောင် ကြံဆောင်နိုင်ခဲ့သည်။ ဗဒုံမင်းတရားလက်ထက် စာဆိုတော် ရွှေတောင်သာဂသူ ဦးနု၏ ကြိုးပမ်းချက်များသည် ထင်ရှားသည့်သာဓကဖြစ်သည်။ စာဆိုသည် မင်းကြီးကိုပင် အစ္စလာမ့်အနှစ်သာရများကို ဖော်ပြသည့် သံတော်ဦးတင်ကျမ်းဖြင့် သာသနာပြုခဲ့သည်ဟု ဖော်ပြသည်။
မင်းတုန်းမင်းတရားလက်ထက် မြတ်ဆုရလင်္ကာကျမ်းပြု ဟာဂျီမှန်၊ မြေထူးမြို့မှ သခင်ကြီးဦးရွှေတောင်၊ မှန်စီရွှေချဗလီကြီးလေးလုံးအကြောင်းကို စပ်ဆိုသူ ဦးရွှေဖြူနှင့် ကျမ်းမြတ်ကုရ်အာန်ကို ပထမဆုံး ဘာသာပြန် ဆိုသူ ဦးကာလူတို့၏ မြန်မာမှုပြုစွမ်းအားကို ဖော်ပြသည်။ မြန်မာစာပေဖြင့် သာသနာပြုခဲ့သည်မှာ နှစ်ပေါင်း ၂၀ဝ ကျော်ခဲ့သော်လည်း မြန်မာစာပေ သမိုင်းတွင် နေရာပျောက်နေသည်။ နေရာမှန်ရရှိရန် ဝိုင်းဝန်းထိန်းသိမ်း ဖော်ထုတ်ကြရန် နိဂုံးတွင် နှိုးဆော်တင်ပြထားသည်။
တတိယခေါင်းစဉ်သည် အစ္စလာမ်သာသနာနှင့် သမိုင်းမှ မြန်မာ့ယဉ်ကျေးမှုဖြစ်သည်။ မြန်မာစာပေဖြင့် သာသနာပြုခြင်းကို ဆန့်ကျင်ရှုတ်ချထိုးနှက်ပုံများ တင်ပြထားသည်။ မြန်မာနိုင်ငံသည် သူ့ကျွန် ဘဝ ရောက်သည့်အခါ တိုင်းတစ်ပါးယဉ်ကျေးမှုလွှမ်းမိုးခံရသည်။ သာသနာ ရေးတွင် အရှိန်အဝါအကြီးဆုံးပုဂ္ဂိုလ်က မြန်မာစာကို အလ္လာဟ် မနှစ်သက်၊ သာသနာဖျက်စာဖြစ်သည်ဟု ရှုတ်ချခဲ့သည်။ အမှန်မှာ အိန္ဒိယယဉ်ကျေးမှု ထူထောင်ရေး၊ အိန္ဒိယဩဇာလွှမ်းမိုးရေး ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေးအရ တိုင်းတစ်ပါးသားတို့ အမြတ်ထုတ်ခြင်းဖြစ်သည်။ မြန်မာမွတ်စလင်တို့ များစွာနစ်နာခဲ့ကြရသည်။
၁၉၂၉-ခုနှစ် ပဲခူးမြို့တွင်ကျင်းပသော ပညာရေးကွန်ဖရင့်၌ မြန်မာ စာပေ အဓိကထားရန် ကြိုးပမ်းသော တိုင်းရင်းသားခေါင်းဆောင်များ ပေါ်ပေါက်ခဲ့သည်။ နိုင်ငံတစ်လွှား ဂယက်ကြီးစွာ ရိုက်ခတ်စေခဲ့သည်။ သတင်းစာများကပင် ထောက်ခံရေးသားကြသည်။ တိုင်းရင်းသား ခေါင်းဆောင်များက သာသနာရေးကို မည်သည့်ယဉ်ကျေးမှုအောက်မျှ အရောက်မခံနိုင်ကြောင်း ဖော်ထုတ်ပြောဆိုစည်းရုံးကြသည်။
ယခုသော် ပြောင်မြောက်ခဲ့သည့် အတိတ်ကသမိုင်းကြောင်းကို ပြန်လျှောက်နေကြသည်။ ကျမ်းတော်မြတ်ကုရ်အာန်ကို မြန်မာဘာသာ ပြန်ဆိုပြီးစီးခဲ့သည်။ အစ္စလာမ်သာသနာကို မြန်မာစာပေနှင့်ဆက်နွယ်ပေးသည့် ကလောင်သစ်များ တိုးတက်လာနေသည်ဟု တင်ပြသည်။ နိဂုံးတွင် အတိတ်က ဖြစ်ရပ်များမှ သင်ခန်းစာယူကြရန် ပြဿနာများ ရှိနေသေးကြောင်း သတိပြုကြရန် နှိုးဆော်တင်ပြထားသည်။
၁၉၈၇-ခုထုတ် မိုးစင်ကြယ်မဂ္ဂဇင်းတွင် အနာဂတ်စာဆိုသမိုင်း တို့မှာပါစေချင်သည် ဆောင်းပါးပါရှိသည်။ ပုဂံခေတ်မှကုန်းဘောင်ခေတ် ဒုတိယပိုင်းအထိ မြန်မာစာပေသမိုင်းအကျဉ်းချုပ်ကို တင်ပြသည်။ ပြီးမှ မြန်မာစာပေသမိုင်းတွင် မှတ်တမ်းတင်ခြင်းမခံရသေးသည့် ဗဒုံမင်းတရား ကြီးလက်ထက် စာဆိုကြီးရွှေတောင်သာဂသူဦးနု၊ မင်းတုန်းမင်းတရားကြီး လက်ထက် မြတ်ဆုရလင်္ကာစာဆို ဟာဂျီမှန်၊ သီပေါမင်းတရားလက်ထက် မြေထူးမြို့ရှိ ဂိုဏ်းသခင်ကြီး ဦးရွှေတောင်စသည့် တိုင်းရင်းမွတ်စလင် စာဆိုကြီးများကို ဖော်ထုတ်တင်ပြသည်။ နောင်ပြုစုမည့် မြန်မာစာပေသမိုင်းတွင် ယခင်က ကျန်နေသေးသည့် အဆိုပါစာဆိုကြီးများအကြောင်း ပါစေ ချင်သည်ဟု စေတနာဆန္ဒ တင်ပြထားသည်။
၁၉၉၂-ခု မေလထုတ် မိုးသောက်ကြယ်မဂ္ဂဇင်းတွင် ဒိုးပတ်ဆရာကြီး စိန်ဒေါ်လာ ခေါ် ဦးအပ္ပဒွလ္လာ ဆောင်းပါး ပါရှိသည်။ ဦးစွာ မြန်မာ့ ဒိုးပတ်ဝိုင်းအကြောင်း ရှင်းပြသည်။ ဆက်လက်ပြီး ကောလင်းမြို့မှ နာမည်ကြီး ဒိုးပတ်ဆရာကြီး စိန်ဒေါ်လာ ခေါ် ဦးအပ္ပဒွလ္လာကို ဘက်စုံ ထူးချွန်သည့် အနုပညာရှင်ကြီးအဖြစ် ဖော်ကျူးထားသည်။ စိန်ဒေါ်လာကို ဆိုင်းမှာတော့ စိန်ဗေဒါ၊ ဒိုးပတ်မှာတော့ စိန်ဒေါ်လာ ဟု ပြောစမှတ် ပြုကြရသည့် အနုပညာရှင်ကြီးဖြစ်ကြောင်း တင်ပြသည်။
၁၉၉၅-ခု မိုးသောက်ကြယ်မဂ္ဂဇင်းတွင် ဦးရွှေယွန်း(မြိတ်)နှင့် စာပေရေစီးကြောင်း ကိုဖော်ပြသည်။ မန္တလေးခေတ် မြိတ်မြို့ ကံကောင်းရပ် သူကြီးရိုးမှ ဆင်းသက်လာသော ဥပဒေပညာရှင်ကြီး ဦးရွှေယွန်း၏ဘဝနှင့် စာပေအကြောင်းဖြစ်သည်။ နိုင်ငံနှင့်လူမျိုးအတွက် အကျိုးပြုသည့် တိုင်းရင်း မွတ်စလင် ဥပဒေကျမ်းပြုပညာကျော်အဖြစ် လေ့လာတင်ပြထားသည်။
ဆရာသည် စာပေသမိုင်းဆိုင်ရာ သုတရဖွယ်ဆောင်းပါးများသာမက ဝတ္ထုရှည်ရေး၍ ရသစာပေဖန်တီးမှု ပြုခဲ့ပါသည်။ ၁၉၉၄-ခု လပြည်ဝန်း စာစောင်တွင် ခွင့်လွှတ်ပါ မလေးနွယ် အခန်းဆက်ဝတ္ထုရှည်ပါရှိသည်။ ဝတ္ထုတွင် ၁၉၃၆-၄၆ ကာလ ကောလင်းမြို့နှင့် မန္တလေးမြို့တစ်ဝိုက်ကို ကာလဒေသနောက်ခံအဖြစ် ရေးဖွဲ့သည်။ ခေတ်ယဉ်ကျေးမှုလွှမ်းမိုးမှု၊ ပတ်ဝန်းကျင်ဂယက်ရိုက်မှုကြား လှုပ်ရှားနေရရှာသော ဇာတ်ဆောင်နှင့် သူငယ်ချင်းများ၏ လူငယ်ဘာဝဇာတ်လမ်းဖြစ်သည်။ ချစ်ရ လွမ်းရ တမ်းတ ရသူတို့ လွမ်းမောဖွယ်ဘဝကို ခံစားရင်း လောကအမြင်ရစေသည့်ဝတ္ထု ဖြစ်သည်။ (ဆက်ရန်ရှိသော ဇာတ်လမ်းများဖြင့် လုံးချင်းထုတ်ရန် ရည်ရွယ် သည်ဟု သိရသည်။)
၁၉၉၆-ခုနှစ်တွင်ထုတ်ဝေသော အစ္စလာမ်ဓမ္မဗိမာန် နှစ် ၃၀ ပြည့် အထူးထုတ်စာစောင် အတ္ထုပ္ပတ္တိကဏ္ဍတွင် ပသီကိုလေးသိသော သီရိ ကိုလေးအကြောင်း တင်ပြသည်။ အမျိုးသားရေး၊ သာသနာ့အရေး၊ ရပ်ရေးရွာရေးနှင့် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် သီရိဦးကိုလေးအကြောင်း ဖြစ်သည်။ ၁၉၅၁-ခု စတင်တွေ့ဆုံသည်မှ ၁၉၈၀ ပြည့်နှစ် မန္တလေးမြို့ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ဦးဇောတိက ပျံလွန်တော်မူသည့်ကာလအထိ အောက်မေ့တသဖွယ်များကို ထုတ်ဖော်ထားသည်။ ကျွန်တော်နှင့် သီရိ ကိုလေး စတင်တွေ့ကြခြင်း၊ ဗမကနှင့်နိုင်ငံရေး၊ ဟိန္ဒူစတန်နီစကား၊ အူရဒူစာပေနှင့် မြန်မာစာပေ၊ သူနှင့်ကျွန်တော် လမ်းခွဲကြရသည်၊ ပြန်လည် ဆုံကြရသည်၊ အစ္စလာမ်ဓမ္မဗိမာန်နှင့် သီရိကိုလေး၊ သူသည် အနုပညာသမား၊ သူသည် တရားဟောဆရာ မလုပ်၊ ရတုဆရာ ကဗျာဆရာ သီရိကိုလေးမှ ပသီကိုလေးသို့ နောက်ဆုံးပေးစာဟူ၍ ခေါင်းစဉ်ငယ်များ ကန့်ကာ လွမ်းဆွတ်တသ သတိရဖွယ် တင်ပြထားသည်။ သီရိကိုလေး၏ ပုံရိပ်လွှာ ပေါ်လွင်စေသည်။
ဆရာသည် မြန်မာနိုင်ငံနှင့်အစ္စလာမ်သာသနာ သမိုင်းကျမ်းကို စာကူးစက်ဖြင့် မိတ္တူပွားဖြန့်ဝေသည်။ အကြံပြုဝေဖန်ချက် တောင်းသည်။ ကျမ်းတွင်
(၁) ရှေးဦးမြန်မာနိုင်ငံ
(၂) အရင်းရှင်ခေတ်ဦး မြန်မာနိုင်ငံ
(၃) ကိုလိုနီခေတ် မြန်မာနိုင်ငံ
(၄) ဒုတိယကမ္ဘာစစ်ပြီးခေတ်ဟူ၍ အခန်း ၄ ခန်း ပါဝင်သည်။
အခန်း(၁)တွင် မြန်မာနိုင်ငံ ပထဝီအနေအထား၊ မြန်မာနိုင်ငံ လူ့အဆက်အနွယ်များဟူ၍ ခေါင်းစဉ်ငယ် ၂-ခု၊ စာ ၆-မျက်နှာပါဝင်သည်။
အခန်း(၂)တွင် ဥရောပတိုက်သားတို့ရောက်ရှိလာခြင်းမှ မြန်မာ ဘုရင်များခေတ် မြှောက်စားခံရသည့် ပသီများအထိ ခေါင်းစဉ်ငယ် ၇-ခု၊ စာ ၃၃-မျက်နှာ ပါဝင်သည်။
အခန်း(၃)တွင် ကျူးကျော်ရန်စခဲ့သည့် နယ်ချဲ့သမားများမှ ဂျပန် ပေးသည့်လွတ်လပ်ရေးအထိ ခေါင်းစဉ်ငယ် ၂၅-ခု၊ စာ ၁၀၃-မျက်နှာ ပါဝင်သည်။
အခန်း(၄)တွင် လွတ်လပ်ရေးကြိုးပမ်းမှုမှ အဖွဲ့အစည်းများ ဖျက်သိမ်း ကြခြင်းအထိ ခေါင်းစဉ်ငယ် ၃၈-ခု၊ စာ ၁၉၇-မျက်နှာ ပါဝင်သည်။
အခန်း၎-ခန်းတွင် ခေါင်းစဉ်ငယ်ပေါင်း ၇၂-ခု၊ စာမျက်နှာပေါင်း ၃၃၉-မျက်နှာ ပါဝင်သည်။ နောက်ဆက်တွဲ က မှ စ အထိ ၆ မျိုး ဖော်ပြသည်။
နောက်ဆက်တွဲ(က)သည် ၁၉၃၅ ခု ဧပြီလထုတ် မြန်မာ့အလင်း နှစ်သစ်မင်္ဂလာသတင်းစာလာ အမတ်မင်းဦးဘိုးခိုင်ရေးသည့် မြန်မာ မွတ်စလင် ဆောင်းပါး။
နောက်ဆက်တွဲ(ခ)သည် နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့သည့် ဗမာမွတ်စလင်များနှင့် ကျဆုံးခဲ့သည် ဗမာမွတ်စလင်များ အမည်စာရင်း။
နောက်ဆက်တွဲ(ဂ)သည် ဗမာမွတ်စလင် အမျိုးသမီးလှုပ်ရှားမှု သမိုင်း။
နောက်ဆက်တွဲ(ဃ)သည် ဦးဟာရွန်ြ.ဗ ရေး ဇေဒဘာဒီတို့၏ ပြဿနာကိစ္စရပ်။
နောက်ဆက်တွဲ(င)သည် နဂါးနီတိုက်ထုတ် ကုလားဗမာတိုက်ပွဲ။
နောက်ဆက်တွဲ(စ)သည် ပေါ်ပေါက်ခဲ့ဖူးသည့် မွတ်စလင်တို့နှင့် ပတ်သက်သည့် သီချင်းများ ဖြစ်သည်။
နောက်ဆက်တွဲ (က)မှ (စ)အထိ စုစုပေါင်း စာမျက်နှာ- ၅၀ ပါဝင်သည်။
မြန်မာနိုင်ငံနှင့် အစ္စလာမ်သာသနာကျမ်းသည် သမိုင်းကျမ်းဖြစ်သည်နှင့်အညီ အချက်အလက် အားပြုသည်။ အထောက်အထားများ၊ ကျမ်းကိုးများအဖြစ် မှန်နန်းရာဇဝင်၊ ကုန်းဘောင်ဇာတ် မဟာရာဇဝင်၊ ပုသိမ် ရာဇဝင်၊ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း၊ ဦးဘသန်း၊ ဦးကြည်၊ မစ္စတာ ကောက်၊ မစ္စတာ ဟာဗေး စသူတို့၏ ရာဇဝင်ကျမ်းများ၊ ပါတီဌာနချုပ်ထုတ် စာအုပ်စာတမ်းများ၊ အသင်းအဖွဲ့မှတ်တမ်းများကို သက်ဆိုင်ရာကဏ္ဍ တိုင်းတွင် ကိုးကားဖော်ပြသည်။
တိုင်းရင်းမွတ်စလင်ကဏ္ဍတွင် မြန်မာအရဗီသိပ္ပံကျောင်း ဆရာကြီး ခွာတို့ မြန်မာနိုင်ငံတစ်ဝိုက်မှ အဆက်ဆက်စုဆောင်းခဲ့သည့် သမိုင်း အမွေ အနှစ်များနှင့် အမတ်မင်းဦးဘိုးခိုင်ထံမှပေးပို့သော အထောက်အထားများဖြင့် စီစဉ်ပြုစုထားသည့် ဆရာချယ်၏ ဗမာမွတ်စလင်တို့၏ ရှေးဟောင်း အတ္ထုပ္ပတ္တိ၊ နှင့် အစုအဆောင်း အလေ့အလာ ဝါသနာကြီးသည့် ရာဇဝင်သုတေသီ ဦးဘဦး၏ ရွှေမန်းနှစ်တစ်ရာပြည့် ဗမာမွတ်စလင်တို့၏ အတ္ထုပ္ပတ္တိ လာ အချက်များကို အားဖြည့်ထားသည်။
အထူးသဖြင့် ကိုယ်တိုင်ပါဝင် ကပြအသုံးတော်ခံခဲ့သည့်အပိုင်း ဖြစ်သည့် အခန်း ၃၊ ကိုလိုနီခေတ်နှင့် အခန်း ၄၊ ဒုတိယကမ္ဘာစစ်ပြီးခေတ်တို့ကို ဖော်ကျူးရာ၌ ပိုမိုမြိုင်မြိုင်ဆိုင်ဆိုင်ရှိသည်။ ယခင်ကျမ်းများထက် စုံလင်သည်။ စုစုစည်းစည်း ရှိသည်။ ကျမ်းပြုသည် အချို့သူတို့ အကြောင်း ကြောင်းကြောင့် ချန်ခဲ့သည်များကို ဤကျမ်းတွင် ဖော်ထုတ်ထားသည်။ သမိုင်းဖြစ်ရပ်များစွာကို ပကတိအတိုင်း သိခွင့်ရသည်။ တစ်ဖက်သတ်အမြင် များကို ကျော်လွှားနိုင်သည့်အတွက် ကျေးဇူးကြီးလှသည်။
ကျမ်းပြုသည် သက်ဆိုင်ရာကဏ္ဍများတွင် သဝဏ်လွှာများ၊ မိန့်ခွန်းများ၊ ဆွေးနွေးချက်များ၊ အဆိုများ၊ ဆုံးဖြတ်ချက်များ၊ ညွှန်ကြားချက်များကို မူရင်းအတိုင်း အပြည့်အစုံထည့်သွင်း ဖော်ပြလေ့ရှိသဖြင့် ကျမ်းလေး နေသည်။ ရှားပါးလက်ရာကို အလွယ်တကူဖတ်ခွင့်ရသဖြင့် ကျေးဇူးများလှသော်လည်း စာပေအကိုးများ၊ သာဓကအားဖြင့် ဗဒုံမင်းလက်ထက် စာဆိုဦးနု၏ ခရီးသွားမှတ်တမ်းကို အစအဆုံး ထည့်သွင်းတင်ပြခြင်းသည် ပြောလက်စအကြောင်းကို အာရုံလျော့သွားစေနိုင်သည်။
ဦးနုထက်စောသော ဇေယျရန်ကင်း ဦးတုံးဖြူနှင့် မန္တလေးခေတ်ပေါ် နေမျိုးရဲတင် ရန်အောင် စသည့် စာဆိုစစ်သည်များနှင့် အလားတူ တိုင်းရင်းစာဆိုများကို နေရာပေးဖော်ထုတ်နိုင်ပါက အတိုင်းထက်အလွန်ဟု တွေးမိပါသည်။ ကျမ်းပြု၏နိဒါန်းတွင်-
[[မည်သို့ပင်ဆိုစေ ဗမာနိုင်ငံတွင်ရှိနေကြသည့် ပသီများ (ဝါ) ဗမာမွတ်စလင်များ၏ရေးရာများနှင့် ပတ်သက်ပြီး သမိုင်းမှတ်တမ်းဟူ၍ သီးသီးခြားခြား ထိုက်ထိုက်တန်တန်ကို ရေးသားပြုစုထားခြင်း မရှိသေးသဖြင့် အချိန်အခါ အခွင့်အရေးရသမျှတွင် တတ်အားသရွေ့ ဗမာ့နိုင်ငံရေးနှင့်တွဲဖက် မှတ်တမ်း ပြုစုခြင်းသာဖြစ်ပါသည်။ နောင်သောအခါ အလားတူ သမိုင်းမျိုး ပြုစုမည့်ပုဂ္ဂိုလ်များ ပေါ်ပေါက်ခဲ့သော် ဤသမိုင်းစာအုပ်သည် အနည်းနှင့်အများ အထောက်အကူပြုနိုင်သည့်အပြင် ဤသမိုင်းပါ ချို့ယွင်းမှုများကို ပြင်ဆင်မွမ်းမံ၍ အသစ်တွေ့ရှိချက်များဖြင့် ထပ်လောင်းပြုစုသူများ တစ်ယောက်မက အများအပြား ပေါ်ပေါက်လာရန် ဆန္ဒပြုတိုက်တွန်း အပ်ပါသည်။]]
ဟုဖော်ပြထားသည်။
ကျမ်းပြု၏စေတနာမွန်မြတ်ပါသည်။ ဗမာ့နိုင်ငံရေးသမိုင်းနှင့် ယှဉ်တွဲ ပါလာသည့် ဗမာမွတ်စလင်များ၏သမိုင်းကို ပေါ်လွင်ပါသည်။ နှောင်းခေတ် သုတေသီတို့အတွက် ကြီးစွာအထောက်အကူပြုသည်ဟု ဆိုရပါမည်။
ဆရာသည် အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်၏ နာယကကြီးတစ်ဦးဖြစ်သည်။ ၁၉၉၉ခု၊ ဇူလိုင်လ ၂၅ရက်နေ့မှ ၃၀ရက် နေ့အထိ ရန်ကုန်မြို့တွင်လည်းကောင်း၊ ၂၀ဝ၀ပြည့်နှစ် ဧပြီလ ၃ ရက်နေ့ မှ ၉ ရက်နေ့အထိ မော်လမြိုင်မြို့တွင်လည်းကောင်း၊ အစ္စလာမ်သာသနာ ရေးရာကောင်စီက ကျင်းပသည့် အဆင့်မြင့်သင်တန်းများတွင် ပါဝင်ပို့ချ သည်။ ဆရာသည် သုတေသီတစ်ဦးပီသစွာ ခြေခြေမြစ်မြစ်ပို့ချပေးခဲ့ သည်။
အလားတူပင် ၂၀ဝ၀ပြည့်နှစ်၊ မေလ ၁၂ရက်နေ့မှ ၂၀ရက်နေ့အထိ မြစ်ကြီးနားမြို့တွင် ကျင်းပသော ၄၈-ကြိမ်မြောက် အန်ဆွာရီသင်တန်း တွင် လည်းကောင်း၊ ၂၀ဝ၀ပြည့်နှစ်၊ မေလ ၂၃ရက်မှ ၃၀ရက်နေ့အထိ ပြင်ဦးလွင်မြို့တွင်ကျင်းပသော ၄၉ ကြိမ်မြောက် အန်ဆွာရီသင်တန်းတွင် လည်းကောင်း အစ္စလာမ့်သမိုင်းဖြစ်စဉ်များကို အားကျဂုဏ်ယူဖွယ် သတိပြု ဆင်ခြင်ဖွယ်ပို့ချခဲ့သည်။
ဆရာ့ပို့ချမှုများတွင် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်သည် ကြောင်း ကျိုးဆက်စပ်ဖြစ်တည်နေသည်။ သို့ဖြင့်ခေတ်အလျဉ်သည် တသွင်သွင် စီးဆင်းနေသည်။ မိမိတို့ခေတ်ကို မိမိတို့တည်ဆောက်နိုင်ရမည်ဟူသော ဘဝအသိကိုရရှိစေသည်။ ရွက်သစ်တွေ ဝေလာစေချင်သည်ဟူသော (ဘဝနေဝင်ဆည်းဆာအချိန်၏)စေတနာကို သိရှိခံစားလာစေသည်။
ထို့ကြောင့် အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်က ဆရာ့ အဆိုအမိန့်များကို တိုင်းရင်းသား နိုင်ငံသား အစ္စလာမ်သာသနာဝင် တို့အတွက် ခေါင်းစဉ်(၄)ရပ် အမည်ဖြင့် အစ္စလာမ်စာစဉ်အမှတ်၅၄ အဖြစ် ပုံနှိပ်ဖြန့်ချိဟန်တူသည်။
စာအုပ်ပထမပိုင်းတွင် တိုင်းရင်းသားနိုင်ငံသား အစ္စလာမ် သာသနာ ဝင်တို့အတွက် ခေါင်းစဉ်လေးရပ်ကို ဘယ်ကလာခဲ့ကြသလဲ၊ ဘယ်မှာ နေခဲ့ကြသလဲ၊ ဘာတွေလုပ်ခဲ့ကြသလဲ၊ ဘယ်ကိုသွားကြမှာလဲ ဟူသော ခေါင်းစဉ်လေးရပ်ဖြစ်သည်။ ဒုတိယပိုင်းတိုင် မြန်မာနိုင်ငံနှင့် အစ္စလာမ်သနာခေါင်းစဉ်ဖြင့် သမိုင်းဖြစ်စဉ် အကျဉ်းချုပ်ကို ဖော်ထုတ် သည်။ နောက်ဆုံးပိုင်းတွင် သင်တန်းပို့ချသည့် အကြောင်းရပ်များအတွက် အထောက်အကူဖြစ်စေမည့် အကိုးအကားများ မှတ်စုများဖော်ညွှန်းသည်။ ကျမ်းကိုးကျမ်းကား ခိုင်ခိုင်မာမာ စုံစုံလင်လင်ညွှန်းဆိုထားသည်။ မွတ်စလင်ပီသရေး တိုင်းရင်းသားပီသရေး အတွက် ကိုယ်တိုင် အလေး ထား လေ့လာရန်လိုအပ်ရုံမျှမက အဆင့်ဆင့်လက်ဆင့်ကမ်းထိုက်သည့် လက်ရာစုဖြစ်ပါသည်။
စာရေးဆရာ သမိုင်းသုတေသီကြီး ဆရာသည် ၂၀ဝ၁ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် အလ္လာဟ်အရှင့်အမိန့်တော် ခံယူခဲ့သည်။ အမျိုးသားအကျိုးစီးပွားကို အသက်ထက်ဆုံး စွမ်းဆောင်သူအဖြစ် ဂုဏ်ပြု ထိုက်သဖြင့် ၂၀ဝ၁ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် ပသီကိုကိုလေး အထိမ်းအမှတ်ကော်မတီကို ဖွဲ့စည်းခဲ့ကြသည်။ ကော်မတီက သာကေတမြို့ လယ်ရွာ အစ္စလာမ့်ဥယျာဉ်တွင် အထိမ်းအမှတ်ကျောက်စာ ကမ္ဗည်းမော်ကွန်း ရေးထိုးစိုက်ထူခဲ့သည်။ ဆရာကား ကွယ်လွန်ခဲ့ပါပြီ။ မြဲသောဌာနေသို့ြွကမြန်းခဲ့ပါပြီ။
ပသီမျိုးရိုး၊ မနွမ်းမညှိုး
အဓွန့်ရှည်မည် ငါဆိုသည်
ဟူသော ဆရာ့၏ရင်တွင်းဖြစ်စကားကား နှောင်းလူတို့၏ နှလုံးသားတွင် ကျောက်ထက်အက္ခရာပမာ စွဲလျက်သာ ရှိရစ်မည်ဖြစ်ပါသည်။
ပါမောက္ခ ဒေါက်တာ အောင်ဇော်
(နာယက-အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်)
-
ပသီ ဦးကိုကိုလေး ရေးသားသော စာအုပ်များ အောက်ပါ လင့်တွင် ဖတ်ရှု/Downloadနိုင်ပါသည်။
မြန်မာနိုင်ငံနှင့် အစ္စလာမ်သာသနာ
http://iracmyanmar.org/2012-12-04-19-26-13/304-2015-02-13-21-23-38
တိုင်းရင်သား နိုင်ငံသား အစ္စလာမ်သာသနာဝင်တို့အတွက် ခေါင်းစဉ်(၄)ရပ်
http://iracmyanmar.org/2012-12-04-19-26-13/43-2014-07-17-22-41-00
#Credit Oraginal Uploader
ဗဟုသုတအလို့ငှါ ပြန်လည်ကူးယူ၍ postတင်ခြင်းဖြစ်ပါသည်။
{အဖြူရောင်သစ္စာ}❤
![]() |
တာလီဘန်ခေါင်းဆောင် ဟက္ကာနီနှင့် ဩစတြေးလျ ကတိက တွေ့ဆုံစဉ် |
နိုင်ငံတကာ သတင်းအေဂျင်စီ၏ အဆိုအရ သြစတြေးလျ ကထိက Timothy Wax အား တာလီဘန်တို့ ၃ နှစ်ကြာ ဖမ်းဆီးထားပြီးနောက် အဓိက တပ်မှူးများ လွတ်မြောက်ရေးအတွက် လဲလှယ်ပေးခဲ့ရာမှ ပြန်လည် လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။
အကျဉ်းကျနေစဉ်အတွင်း Timothy သည် အစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့ပြီး ၎င်း၏နာမည်ကို Gabriel Omar ဟု ပြောင်းလဲခဲ့သည်။ ထောင်က လွတ်လာကတည်းက သြစတြေးလျမှာ နေထိုင်နေပေမယ့် အခု တာလီဘန်အစိုးရကို ထောက်ခံဖို့ ဆုံးဖြတ်ထားပါတယ်။
အင်တာဗျူးတစ်ခုတွင် ဩစတေးလျကထိကက “ကျွန်တော် အာဖဂန်နစ္စတန်ကလေးတွေကို အထီးကျန် မထားနိုင်ပါဘူး။ ပညာရေးအတွက် အစိုးရကို ကူညီချင်ပါတယ်။”
သြစတြေးလျ ကထိကသည် အာဖဂန်နစ္စတန်သို့ ပြန်လာရန် ဆစ်ခ်အသိုင်းအဝန်းအား မေတ္တာရပ်ခံပြီး ပါလီမန်အမတ်ဟောင်း Narendra Singh Khalsa သည် တာလီဘန်ဝန်ကြီး Sirajuddin Haqqani နှင့် တွေ့ဆုံရန် စီစဉ်ခဲ့ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။
ဩစတေးလျကထိကကို ကဘူးလ်တက္ကသိုလ် ဂိတ်ပေါက်ကနေ ၂၀၁၆ ခုနှစ်မှာ ပြန်ပေးဆွဲခံခဲ့ရပြီး ၂၀၁၉ ခုနှစ်မှာ Anas Haqqani နဲ့ Khalil Haqqani တို့ကို ပြန်လွှတ်ပေးခဲ့ပြီး အပြန်အလှန်အနေနဲ့ ကတိကကို ပြန်လွှတ်ပေးခဲ့တာကို ဖြစ်ပါသည်။
— နတ်မျက်စိ