Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, July 10, 2025

ခွဲထွက်ဖို့ ဆိုရာဝယ်

 

ခွဲထွက်ဖို့ ဆိုရာဝယ် 


_ လှစိုးဝေ



မြန်မာနိုင်ငံရှိ စစ်အုပ်စုသည် ပြည်သူများအပေါ် မည်မျှ အထိ ဆိုးသွမ်းရက်စက်လှသည်နှင့် ပြည်သူများက အမျိုးသားညီညွတ်ရေး အစိုးရအား မိမိတို့၏ ပြည်ထောင်စုအစိုးရအဖြစ် ထောက်ခံမှု ပေးနေကြသည် ဆိုသည်ကို နိုင်ငံတကာက သိရှိထားကြပြီး ဖြစ်သည်။

သို့သော် နိုင်ငံတကာက ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်ရှိ စစ်အုပ်စုနှင့်သာ ဆက်ဆံ နေကြဆဲ ဖြစ်သည်က အထင်အရှားပင် ဖြစ်သည်။

ဆိုလိုချင်သည်က တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ ၏ နိုင်ငံရေး ရည်မှန်းချက်များသည် ရှင်းလင်း ပြတ်သားဖို့ လိုအပ်လာသည်။ ခွဲထွက်ချင်သည်လား သို့မဟုတ် ဖက်ဒရယ် ပြည်ထောင်စုထဲတွင်ပင် နေချင်ကြသည်လား ဆိုသည့် ရပ်တည်ချက်ကို မကြာမီ  တိတိကျကျ ဆုံးဖြတ် သတ်မှတ်ရတော့မည် ဖြစ်သည်။

လက်ရှိ အနေအထား အတိုင်းပင် ဆွေးနွေးရမည် ဆိုက နိုင်ငံတနိုင်ငံမှ ခွဲထွက်ဖို့ နယ်မြေများ သိမ်းယူပြီးသည်နှင့် စစ်အုပ်စုထံမှ ခွဲထွက်ဖို့ တောင်းဆိုမည်၊ ခွင့်ပြုမည်လည်း မဟုတ်၊ ခွင့်မပြုဟု ဆိုက ကိုယ့်သဘောနှင့် ကိုယ် လွတ်လပ်ရေး ကြေညာမည်။

ဤနေရာတွင် ‌အောက်တွင် ဖေါ်ပြမည့် အချက်များကို သိနေရမည် ဖြစ်သည်၊ ထိုအချက်များကို တိုင်းရင်းသား တော်လှန်ရေး အဖွဲများ၏ ခေါင်းဆောင်ပိုင်းက မသိပဲ နေကြမည် မဟုတ်၊ ကောင်းစွာ သုံးသပ်ထားပြီး ဖြစ်သည်၊ သို့သော် တိုင်းရင်းသား ပြည်သူများက အလွယ်တကူ လုပ်၍ ရလိမ့်မည်ဟု ယူဆကောင်း ယူဆနေကြမည် ဖြစ်၍ အတန်ငယ် ရှင်းလင်းလိုပေသည်။

နိုင်ငံတစ်နိုင်ငံကနေ ခွဲထွက်ဖို့ဆိုသည်က ရှုပ်ထွေး‌လွန်းလှ‌သော ကိစ္စရပ်တစ်ခု ဖြစ်သည်။ နိုင်ငံတကာဥပဒေအရ တိကျသေချာသည့် သတ်မှတ်ချက်များ မရှိသော်လည်း အောက်ပါအချက်များက အဓိကကျလာသည်။

* ပြည်သူလူထု၏ ဆန္ဒ (Self-Determination)
   * ပြည်သူလူထု၏ မိမိကံကြမ္မာကို မိမိဖန်တီးခွင့် (right to self-determination) ဆိုသည်က နိုင်ငံတကာ ဥပဒေ ၏ အခြေခံမူတစ်ခု ဖြစ်သည်။

ဤနေရာတွင် လွတ်လပ်ရေးရဖို့ တစ်ခုတည်းသော နည်းလမ်းဟု မဆိုလို။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (autonomy)၊ ဖက်ဒရယ်စနစ် (federation) အစရှိသည် တို့လည်း ပါဝင်နိုင်သည်။

"ပြင်ပမှ " မိမိကံကြမ္မာကို မိမိဖန်တီးခွင့် (External Self-Determination) ဆိုသည်က ကိုလိုနီနယ်မြေတွေလိုမျိုး ပြင်းထန်စွာ ဖိနှိပ်ခံရသည့် အခြေအနေများ၊ သို့မဟုတ် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ အရမ်းဆိုးရွားနေသည့် အခြေအနေများတွင်သာ ခွဲထွက်ခွင့်ကို အသိအမှတ်ပြုကြလေ့ ရှိသည်။

* နိုင်ငံအသိအမှတ်ပြုခံရမှု (Recognition of Statehood)
   * နိုင်ငံသစ်တစ်ခုအဖြစ် ရပ်တည်နိုင်ရန် နိုင်ငံတကာ၏ အသိအမှတ်ပြုခံရဖို့သည် မရှိမဖြစ်လိုအပ်‌ နေသည်။ ဤသည်က နိုင်ငံသစ်၏ အချုပ်အခြာအာဏာ (sovereignty)နှင့် နိုင်ငံတကာဆက်ဆံရေးမှာ ပါဝင်နိုင်မှုကို အထောက်အကူပြုနေသည့်အတွက်ကြောင့် ဖြစ်သည်။

   * နိုင်ငံသစ်တစ်ခုအဖြစ် အသိအမှတ်ပြုခံရဖို့ အဓိကလိုအပ်ချက် ၄ ခု ရှိနေသည်။
     * အမြဲတမ်းနေထိုင်မည့် လူဦးရေ (Permanent population)
     * သတ်မှတ်ထားသည့် နယ်မြေ (Defined territory)
     * အစိုးရ (Government) -  နယ်မြေကို ထိန်းချုပ်နိုင်ပြီး ပြည်သူကို အုပ်ချုပ်နိုင်စွမ်းရှိမည့် အစိုးရ။
     * အခြားနိုင်ငံများနှင့် ဆက်ဆံရေး တည်ဆောက်နိုင်စွမ်း
* လက်ရှိနိုင်ငံ၏ သဘောတူညီမှု တို့ ဖြစ်သည်။

   * နိုင်ငံတစ်နိုင်ငံမှ ခွဲထွက်နိုင်ဖို့ အအောင်မြင်ဆုံးနှင့် ငြိမ်းချမ်းသည့် နည်းလမ်းသည်က လက်ရှိနိုင်ငံ၏ သဘောတူညီမှု ရရှိဖို့  ဖြစ်သည်။ ဥပမာ- ရီဖရန်ဒမ်မှ တဆင့် ပြည်သူလူထု၏ ဆန္ဒကို ကောက်ယူပြီး ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်တာမျိုး ဖြစ်သည်။

နိုင်ငံတကာဥပဒေသည် အချုပ်အခြာအာဏာပိုင်နိုင်ငံများ၏ နယ်မြေပိုင်နက် တည်တံ့ခိုင်မြဲရေးကို အလေးထားသည့်အတွက် အကြမ်းဖက်မှုနှင့် ခွဲထွက်ဖို့ ကြိုးပမ်းသည်ကို နိုင်ငံတကာက လက်မခံ တတ်ကြ။

သို့သော် သမိုင်းကြောင်းအရ ပြင်းထန်တဲ့ မတရားမှုတွေ၊ ဖိနှိပ်မှုများ (ဥပမာ- ကိုလိုနီပြုခံထားရခြင်း၊ လူမျိုးတုံးသတ်ဖြတ်ခံရခြင်း)ကြောင့် ခွဲထွက်ဖို့ တောင်းဆိုမှုတွေဟာ နိုင်ငံတကာမှာ ပိုပြီး အသိအမှတ်ပြုခံရနိုင်ခြေရှိသည်။

အထက်ပါ အချက်များသည် အခြေခံလိုအပ်ချက်များ ဖြစ်နေသော်လည်း လက်ရှိတွင် နိုင်ငံရေးအခြေအနေ၊ နိုင်ငံတကာ၏ ထောက်ခံမှုနှင့်  လက်ရှိနိုင်ငံ၏ တုံ့ပြန်မှုများက အရေးကြီးနေသည်။

နိုင်ငံတစ်နိုင်ငံအဖြစ် ခွဲထွက်လိုက်ပြီဟု ကြေညာလိုက်ယုံ ဖြင့် နိုင်ငံဖြစ်မလာ၊ နယ်မြေပိုင်ဆိုင်မှု တိုးပွားလာပြီး ခြံစည်းရိုးခတ်အတွင်း ပစ္စည်းများ ထုခွဲ ရောင်းချတာ မျိုး ကလွဲ၍ ဒုံရင်း ဒုံရင်းသာ ဖြစ်လိမ့်မည်။

လက်ရှိတွင်ပင် နိုင်ငံတကာသည် စစ်အုပ်စုနှင့် ဆက်ဆံနေကြ၍ ၎င်းတို့ကို ကျော်ပြီး အသိအမှတ်ပြုကြမည် မဟုတ်၊ ဥပမာ တိုင်ဝမ် ကို ကြည့်မည်ဆိုက နိုင်ငံပေါင်း ၁၁ နိုင်ငံနှင့် ဗာတီကန်ကသာ အသိအမှတ်ပြုထားသည်။ ၁၁ နိုင်ငံသည်လည်း ဝေးကွာလှသော လက်တင် အမေရိကား၊ ‌အာဖရိကနှင့် သမုဒ္ဒရာများရှိ ကျွန်းနိုင်ငံငယ်လေးများသာ ဖြစ်သည်။

နိုင်ငံအများစုက မိခင်နိုင်ငံနှင့် ဆက်ဆံမှသာ အကျိုး ပိုရှိလိမ့်မည်ကို သိထား၍ အသိအမှတ် ပြုရဲကြမည် မဟုတ်၊ ဥပမာ ဘင်္ဂလား‌‌ဒေ့ရှ်သည် အာရက္ခနိုင်ငံအား အသိအမှတ် ပြုချင်သော်လည်း စစ်အုပ်စု၏ သံတမန် အဆက်ဖြတ်ခံရမည်ကို သိနေ၍ လုပ်ရဲလိမ့်မည် မဟုတ်၊ အိန္ဒိယ အဖို့ ပို၍ပင် ဝေးပေသေးသည်။

အလားတူပင် တရုတ်နှင့် ထိစပ်နေသော ဒေသများသည်လည်း အသိအမှတ် ပြုခံရလိမ့်မည် မဟုတ်၊ ကုလသမဂ္ဂ တွင် နိုင်ငံအဖြစ် ဝင်ခွင့်ရဖို့ ဆိုသည်က အိမ်မက်ထဲတွင် ပင် ရှိနေဦးမည်သာ ဖြစ်သည်။

မြန်မာအရေးတွင် ဒေသတခုထဲတွင် လူမျိူးစု တမျိုး တည်း ရှိနေကြသည် မဟုတ်၊ ရခိုင်ပြည်တွင် ချင်း၊ ဗမာ၊ ရိုဟင်ဂျာများ ရှိနေကြသလို၊ ရှမ်းပြည်တွင်လည်း ကချင်၊ တအာင်း၊ ကရင်နီ၊ ပအို့ အစရှိသဖြင့် အမျိုးမျိုး ကွဲထွက်နေသည်၊ ၎င်းတို့အားလုံး၏ သဘောတူညီချက် ရဖို့ မလွယ်။ ဖက်ဒရယ်ပင် ခွင့်မပြုသည့် စစ်အုပ်စုမှလည်း နိုင်ငံတကာမှ နိုင်ငံအဖြစ် အသိအမှတ် မပြုသရွေ့ ကာလပတ်လုံး  ပြန်၍ သိမ်းပိုက်နိုင်ဖို့ အမြဲလို ကြိုးစား‌နေမည်သာ ဖြစ်သည်။ တိုင်းရင်းသား တော်လှန်ရေး ခေါင်းဆောင်များကိုလည်း အပြည်ပြည် ဆိုင်ရာမှ စစ်ဘုရင် warlords များ အဖြစ်သာ သဘောထားနေကြမည် ဖြစ်သည်။

ဤသည်ကို တိုင်းရင်းသားအားလုံး သိထားသင့်သည့် အချက်များပင် ဖြစ်သည်။

ထို့အတွက် စစ်အာဏာရှင်များအား နေပြည်တော်မှ အရင် မောင်းထုတ်ပြီး ဗိုလ်ချုပ် သဘောတူ လက်မှတ် ရေးထိုးထားသည့် ပင်လုံစာချုပ်ကို အခြေခံကာ လူထု ကိုယ်စားပြုခံရသည့် အစိုးရမျိုးနှင့် စေ့စပ်ဆွေးနွေးကြရမည်သာ ဖြစ်သည်၊ မိမိတို့နှင့်အတူ ဆိုးတူကောင်းဖက် လက်တွဲ တိုက်ပွဲဝင်လာသူများကို တန်းတူရည်တူ ဆက်ဆံကြမည်သာ ဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံသည် တိုင်းရင်းသားများ၏ ဆန္ဒ ကို မသိပဲ နေမည်မဟုတ်၊ စစ်အုပ်စုအတွက် အကြောင်းပြချက် ကောင်းကောင်းဖြင့် အာဏာသိမ်းခံရမည် စိုး၍ workaround policy ဖြင့် ၂၁ ရာစု ပင်လုံ ညီလာခံခေါ်ယူ၍ သဘောထား တီးခေါက်နေခြင်းသာ ဖြစ်သည်။

ယခု ဖြစ်နေပုံသည် လွတ်လပ်ရေးရပြီးကထဲက ဖက်ဆစ် ဝါဒ ရိုက်သွင်းခံထားရသော စစ်တပ်၏ တိုင်းရင်းသား များအပေါ် နှစ်ပေါင်း ၇၀ ကျော်ကျူးလွန်ခဲ့သော ပြစ်မှု များအတွက် အမျိုးသား ညီညွတ်ရေး အစိုးရအား အညိုးထား ဆက်ဆံနေကြသလို ဖြစ်နေသည်ဟု NUG မှ တာဝန်ရှိသူ တဦးက ငြည်းတွားခဲ့ဖူးသည်။

ထိုသို့ အညိုးထားနေကြမည့်အစား ပြည်ထောင်စု ညွှန်ပေါင်း ဗဟိုအစိုးရ ပုံစံမျိုးနှင့် တန်းတူရည်တူ ဖွဲ့စည်းကာ ကျောချင်းကပ်၊ ရင်ချင်းကပ် ရှိနေမည် ဆိုက နိုင်ငံတကာ၏ လေးစားမှု ရရှိမည့်အပြင် တရုတ်၏ စစ်ဘုရင်များအလား သဘောထားကာ ဟိုအဖွဲ့ ခေါ် ဒီအဖွဲ့ ခေါ် ချော့လိုက် ချောက်လိုက် အလုပ်ခံရတော့မည် မဟုတ်၊ အားလုံးသည် ပြည်ထောင်စု ကိုယ်စားပြု အစိုးရအနေဖြင့် တန်းတူရည်တူ ဆွေးနွေးခွင့်ရလာမည် ဖြစ်သည်။

ထိုသို့ ဖြစ်လာမည်ကို စစ်အုပ်စုအဖို့ အကြောက်ဆုံးပင် ဖြစ်သည်၊ ရန်သူ၏ အကြောက်ဆုံး လက်နက်သည် လေယာဉ်ပစ် လက်နက်များ ပိုင်ဆိုင်သွားမည့် အရေး မဟုတ်။

တိုင်းရင်းသား ပြည်သူများ ဓါးတောင်ကို ကျော်ကာ မီးပင်လယ်ကို ဖြတ်မည်အထိ စိတ်ပိုင်းဖြတ်ပြီး တစုတစည်းတည်း ညီညွတ်လာကြမည့်အရေးကို အာဏာရှင် မှန်သမျှ သေမလောက် ကြောက်ရွံ့ခဲ့ကြသည်ချည်းသာ ဖြစ်သည်။ ထို့အတွက်လည်း နည်းမျိုးစုံ သွေးခွဲခြင်း၊ ဖိနှိပ်ခြင်းများဖြင့် ကာကွယ်ရစမြဲလည်း ဖြစ်သည်။

ရန်သူ အကြောက်ဆုံး လက်နက်ကို ထုတ်သုံးဖို့ အဘယ်ကြောင့် တွေဝေနေကြရသနည်း။

ပြည်သူတို့၏ စည်းလုံး ညီညွတ်မှု အားဖြင့် ဆင်နွဲနေသော ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!


No comments:

Post a Comment