Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, October 27, 2025

မိဟ်ရာဘ် ၏နောက်ကွယ်က ရှေးခေတ် အသံချဲ့စနစ်နည်းပညာ

 



မီဟ်ရာဘ် အသံပဲ့တင်သံပြုသော နေရာလပ်ကို မသမာသူတို့၏ စွပ်စွဲချက်များအား ချေဖျက်ခြင်း


ဗလီတွေမှာ အီမာမ်ရှေ့ဆောင်ဆရာရဲ့ အရှေ့က အခွက်ပုံစံ နေရာကြီးကို မီဟ်ရာဘ် (Mihrāb) လို့ ခေါ်ပါတယ်။ ၎င်းဟာ မွတ်စလင်မ်တွေ ဆွလာသ် ဆုတောင်းဝတ်ပြုတဲ့အခါ မျက်နှာမူရမယ့် ကမ္ဘာပေါ်က မက္ကာမြို့ရှိ ကာဗာ ဝတ်ကျောင်းတော်ရဲ့ ဦးတည်ရာ (ကစ်ဘ်လာ)ကို ညွှန်ပြပေးခြင်းဖြစ်ပြီး ဗလီရဲ့ ဒီနံရံကို ကစ်ဘ်လာ နံရံ လို့ ခေါ်ကြပါသေးတယ်။ ကစ်ဘ်လာ ဦးတည်ချက်ပြဖို့အတွက် မီဟ်ရာ ဘ်တွေ ထားရှိရခြင်းဖြစ်တယ်။

အစ္စလာမ်ဘာသာမှာ အီမာမ် (ရှေ့ဆောင်) ဟာ အဲ့ဒီ အခွက်ပုံစံနေရာ (မီဟ်ရာဘ်) ရဲ့ ရှေ့မှာ မတ်တပ်ရပ်ပြီး အဖွဲ့လိုက် ဆုတောင်းဝတ်ပြုခြင်းကို ဦးဆောင်ရပါတယ်။ ကမ္ဘာပေါ်ရှိ ဗလီအားလုံးရဲ့ မီဟ်ရာဘ်ကို ဗလီရဲ့ အတွင်းပိုင်းမှာ အထူးအလှဆင်ထားလေ့ရှိပြီး၊ ဗလီတစ်ခုနဲ့တစ်ခု ဒီဇိုင်း တည်ဆောက်ထားပုံခြင်းလည်း မတူညီကြပါဘူး။ သူ့ဒေသရဲ့ ဗိသုကာဟန်တွေနဲ့ အများအားဖြင့် တည်ဆောက်လေ့ရှိကြပါတယ်။ မြန်မာနိုင်ငံမှာလည်း ထိုနည်း၎င်းပါပဲ။ ဗလီ တစ်ခုနဲ့တစ်ခု မီဟ်ရာဘ် ဗိသုကာလက်ရာတွေ မတူကြပါ။ ဒါပေမဲ့ ဗလီရဲ့ ဝတ်ပြုဆောင်အတွင်းမှာ မီဟ်ရာဗ်က အမြင်အားဖြင့် အဓိက အာရုံစိုက်ရာနေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် လက်ရာမြှောက်တဲ့ ဗသုကာတွေနဲ့ စီခြယ်အလှဆင်ထားကြလို့ပါပဲ။

မီဟ်ရာဘ်ကို အများအားဖြင့် နံရံမှာ ခွက်ပုံစံ (အခေါင်းပေါက်) အနေနဲ့ တည်ဆောက်ထားတာကြောင့် အသံကို ပိုမိုပြန့်ကျဲစေပြီး အီမာမ်ရဲ့ အသံကို ဝတ်ပြုသူတွေဆီ ပိုမိုကြားနိုင်စေတဲ့ ပဲ့တင်သံ (Acoustic) ရရှိစေပါတယ်။ ဒါဟာ ရှေးခေတ် ဗိသုကာပညာရဲ့ အသံကို အသုံးပြုတဲ့ ပုံစံတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီလို ခွက်ပုံစံ တည်ဆောက်မှုက ခေတ်မီ မိုက်ခရိုဖုန်းတွေ မပေါ်ခင်ကတည်းက အီမာမ်ရဲ့ အသံကို ကျယ်လောင်ပြတ်သားစေဖို့ အထောက်အကူပြုခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ ဗလီတိုင်းလိုလိုမှာ မိုက်ခ်နဲ့ စပီကာကိုသာ အသုံးပြုနေကြပါပြီ။

အဓိက ပြောချင်တာက မီဟ်ရာဘ်ကို အသွင်တစ်ခုသဖွယ်ပုံဖော်ပြီး ဘာသာရေးစော်ကားမှုကို ဖော်ထုတ်ရခြင်းပါ။ ဘာလို့ အဲ့လို အခွက်ပုံစံတွေ တည်ဆောက်ထားရသလဲ ဆိုတာတွေပေါ့။ ဒါတွေသိရဖို့ ရှေးဟောင်းခေတ်ရဲ့ အသံမြှင့်တင်ခြင်း (Amplification) နည်းစနစ်ကို သိရှိနားလည်ဖို့ လိုပါတယ်။ ရှေးခေတ်လူမျိုးတွေဟာဆိုရင် နည်းပညာတွေ မရှိသေးပေမဲ့ အသံကို ပိုမိုကျယ်လောင်အောင်၊ ရှင်းလင်းအောင် ပြုလုပ်နိုင်တဲ့ နည်းပညာတွေ တီထွင်ဆန်းသစ်ခဲ့ကြတယ်။

ဂရိရုပ်ရှင်ရုံကြီးများ (Greek Amphitheaters) မှာ ဆိုရင် ဂရိလူမျိုးများ တည်ဆောက်ခဲ့သော ပြင်ပပွဲကြည့်စင်ကြီးများဟာ ဆီမီးကန့်လန့်ဖြတ် (Semicircular) ပုံစံရှိပြီး၊ ထိုင်ခုံတန်းများကို ထုံးကျောက် (Limestone) ကဲ့သို့သော မာကျောသောပစ္စည်းများဖြင့် အဆင့်ဆင့် တည်ဆောက်ထားကြပါတယ်။ ဒီပုံစံက စင်ပေါ်မှ စကားသံကို အနှောင့်အယှက်ကင်းစွာ ဖြန့်ကျက်နိုင်ပြီး ပရိသတ် ၁၄,၀၀၀ ခန့်အထိပင် စကားသံရှင်းလင်းပြတ်သားမှု (Speech Intelligibility) ကို အလွန်ကောင်းမွန်စွာ ရရှိစေပါတယ်။ Epidaurus ပြဇာတ်ရုံလည်း ယနေ့တိုင် အကောင်းဆုံး သက်သေပင်ဖြစ်တယ်။ ဘုရားရှိခိုးကျောင်းနှင့် ဗလီများမှာ ခုံးနှင့် ခွက်များ (Domes and Niches)ကို ရှေးယခင်က ဗိသုကာလက်ရာတွေအဖြစ် ထည့်သွင်း တည်ဆောက်လေ့ရှိကြတယ်။ ဘုရားရှိခိုးကျောင်းကြီးများရှိခုံးအမိုးများ (Domes)နှင့် ဗလီများရှိ မီဟ်ရတ်ကဲ့သို့သော ခွက်ပုံစံနေရာများက ပဲ့တင်သံ (Reverberation) ကို ဖန်တီးပေးပါတယ်။ ၎င်းပဲ့တင်သံက ဆရာတော် သို့မဟုတ် အီမာမ်ရဲ့ အသံကို မြှင့်တင်ပေးတာကြောင့် အဆောက်အအုံထဲက လူအများကို ကြားနိုင်စေပါတယ်။ ဒါကြောင့် အသံပြုမဲ့သူရဲ့ ရှေ့မှာ အခုံးအခွက်ပါတဲ့ နေရာလပ်တစ်ခုကို ထည့်သွင်း တည်ဆောက်ထားရခြင်းဖြစ်တယ်။ အစ္စလာမ် ဘာသာမှာတော့ စောနက တင်ပြသလို အသံပိုမိုဖြန့်ကျက်နိုင်ဖို့ တည်ဆောက်ခဲ့ကြတဲ့ ဗိသုကာလက်ရာအပြင် ၎င်းမှာ တခြားဘာအဓိပ္ပာယ်မှ မရှိပါဘူး။ ဗုဒ္ဓဘာသာဝင်လူအချို့ကတော့ ၎င်းတို့ရဲ့ တွေးထင်တဲ့ညစ်ပတ်သော ညဏ်စဉ်အတိုင်း စွပ်စွဲကြတာတွေဟာ သူတို့ရဲ့ ဘာသာရေး အဆင့်အတန်းကို ဖော်ကျူးရာရောက်ရုံကလွဲပြီး တခြားမရှိဟုသာ ပြောဆိုနိုင်ပါတော့တယ်။



(အောက်တိုဘာလ ၂၇၊ ၂၀၂၅ ​)

#အစ္စလာမ့်အကြောင်းလေ့လာစရာ 
#ယုံကြည်ခြင်းသဘောတရားများ 

Thursday, October 23, 2025

ဗွီဖို့စ်အမှုထမ်း ဝါဂျီအုလ္လာ အာရ်ကာနီ (၁၉၁၉-၁၉၈၈)

 

ဗွီဖို့စ်အမှုထမ်း ဝါဂျီအုလ္လာ အာရ်ကာနီ (၁၉၁၉-၁၉၈၈)



ဝါဂျီအုလ္လာ အာရ်ကာနီသည် V-Force အမှုထမ်း၊ စကားပြန်၊ ရုံးစာရေး၊ ရိုဟင်ဂျာအရေးလှုပ်ရှားသူ၊ တော်လှန်ရေးသမားစသည်ဖြင့် ထင်ရှားသည့် ရိုဟင်ဂျာတစ်ဦးဖြစ်သည်။

ဝါဂျီအုလ္လာကို ၁၉၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့၌ မောင်တောမြို့နယ်၊ ချီရာတန်ကျေးရွာတွင် မွေးဖွားခဲ့သည်။  ဖခင်မှာ မလဝီ အဗ်ဒူရာဟ်မာန် ဖြစ်သည်။ ဖခင်မှာ သူတော်စင် ဖကီးရ်မလဝီ (မော်လာနာ အဗ်ဒူဂျဗ္ဗာရ်၊ ဘော်လီဘာဇား)ကို အလွန်ကြည်ညိုသူတစ်ဦးဖြစ်သည်။

ဝါဂျီအုလ္လာသည် ဒုတိယကမ္ဘာစစ်မတိုင်မီက ဆယ်တန်းအောင်မြင်ခဲ့သည်။ ရုံးစာရေးအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၄၂ နောက်ပိုင်းတွင် အင်္ဂလိပ်တို့က ဖက်ဆစ်ဂျပန်ကို တိုက်ခိုက်ရန် ရိုဟင်ဂျာအရံတပ် V-Force ဖွဲ့စည်းခဲ့ရာ သူသည် အာရကန်တွင် ရာဇဝတ်မှု ကျူးလွန်နေသည့် ဖက်ဆစ်ဂျပန်ကို မုန်းတီးသဖြင့် V Force တွင် ဝင်ရောက်အမှူးထမ်းခဲ့သည်။ သူသည် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်သောကြောင့် အင်္ဂလိပ်အရာရှိများ၏ ဘာသာပြန်အဖြစ် ခန့်အပ်ခံရသည်။ အင်္ဂလိပ် ဗိုလ်မှူး အန်တိုနီ အီရ်ဝင်း(Anthony Irwin)၏ စကားပြန်လုပ်ခဲ့ကြောင်း ဗိုလ်မှူး အန်တိုနီ အီရ်ဝင်း ရေးသားခဲ့သည့်  "Burmese Outpost" စာအုပ်တွင် ဝါဇီအုလ္လာ၏ အကြောင်းကို ရေးသားဖော်ပြခဲ့ပြီး၊ စာရေးဆရာထံ ပေးပို့ခဲ့သည့် သူ၏စာတစ်စောင်ကိုလည်း ဖော်ပြခဲ့သည်။ ဗိုလ်မှူး အီရ်ဝင်းသည် ဘူးသီးတောင်မြို့မှ ဆယ်ခိုင်ရွာသူကြီး အဒူစလာမ် ဒူဘာချီ ၏ ပုံတူပန်းချီတစ်ခုကိုလည်း ထိုစာအုပ်တွင် ဖော်ပြခဲ့သည်။

၁၉၄၅-၁၄၆ ခုတွင် အင်္ဂလိပ်ဗိုလ်မှူး အရ်ဝင်းထံ ရေးသားခဲ့သော ပေးစာများတွင် သူ၏ မြန်မာ့နိုင်ငံရေး သဘောထားအမြင်နှင့် ယုံကြည်ချက်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များ၏ အခြေအနေ ဆိုးဝါးလာနေပုံကို သူစိုးရိမ်စိတ် ဖြစ်လာသည်။ "ဗမာလူမျိုးတွေက မွတ်စလင်တွေကို ဗမာနိုင်ငံမှာ မနေစေချင်ဘူး။ ငါတို့ကို ဗမာပြည်ကနေ အင်အားသုံးပြီးတော့ မောင်းထုတ်ဖို့ သူတို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ ကျွန်တော်တို့ လူမျိုးအားလုံး အမြင့်ဆုံးမှ အနိမ့်ဆုံးအထိ အဓိက ရင်ဆိုင်နေရတဲ့ ပြဿနာက ဗမာလူမျိုးများ၏ ကျူးကျော်တိုက်ခိုက်မှုရန်များပင် ဖြစ်တယ်" ဟု မြန်မာပြည်ရှိ မွတ်စလင်များခံစားနေရသည့် ခွဲခြားဆက်ဆံမှု၊ မုန်းတီးမှုတို့ကို မီးမောင်းထိုးပြခဲ့သည်။ ဤပြသနာကို ဖြေရှင်းနိုင်ရန် " ဖွဲ့စည်းပုံဥပဒေနှင့်အညီ မွတ်စလင်တွေကို သီးခြားနယ်မြေဒေသတစ်ခု သတ်မှတ်ပေးရန် လိုအပ်ကြောင်း" သူ ယုံကြည်သည်။ ထို့အပြင် နောက်ဆုံး အာရကန်ကင်ပိန်း ကာလတွင် ဗိုလ်မှူးချုပ် ဖီးလစ် က မွတ်စလင်တို့ကို သီးခြားနယ်မြေတစ်ခု သတ်မှတ်ပေးမည်ဟု ကတိပေးခဲ့ကြောင်း သူထောက်ပြခဲ့သည်။

ဗြိတိသျှအရာရှိများ၏ ဘာသာပြန်အဖြစ် တာဝန်ထမ်းဆောင်နေစဥ် ဆရာ ဝါဂျီအုလ္လာသည် ဒေသခံ ရိုဟင်ဂျာများကို တတ်နိုင်သလောက် အကူအညီပေးခဲ့သည်။ တစ်ခါက ဗြိတိသျှအရာရှိတစ်ဦးသည် ဂျပန်သူလျှို့ဟု သံသယရှိသူတစ်ဦးအား စစ်ဆေးမေးမြန်းစဉ် ထိုလူသည် ဂျပန်စစ်သားများကို မြင်ခဲ့သည်ဟု ထွက်ဆိုလျှင် ပြင်းပြင်းထန်ထန် အရေးယူခံရမည်ဖြစ်သည်။ ဝါဂျီအုလ္လာသည် ထိုလူ၏ အဖြေက "တွေ့ခဲ့တယ်" ဖြစ်လိမ့်မည်ဟု ထင်မိသည်။ ထို့ကြောင့် ထိုလူကို ကယ်တင်လို၍ သူသည် ရိုဟင်ဂျာစကားဖြင့် ဗြိတိသျှအရာရှိက သူ့အား တောင်ထိပ်ကနေ ခုန်ချနိုင်သလားဟု မေးနေသည်ဟု မေးမြန်းခဲ့သည်။ ထိုလူကြီးက "အင်း...အင်း" ဟု မနိုင်ကြောင်း ပြန်ဖြေခဲ့သည်။ ဗြိတိသျှအရာရှိက ထိုလူသည် ဂျပန်စစ်သားသူတစ်ဦးတစ်ယောက်ကိုမျှ မမြင်ခဲ့ဟု ထင်မှတ်သွားပြီး ထိုလူကြီးအား လွှတ်ပေးခဲ့သည်။
ဝါဂျီအုလ္လာအာရ်ကာနီက Irwin ထံ ရေးသားခဲ့သည့်စာ မူရင်းပုံ။ Burmese Outpost.


ဒုတိယကမ္ဘာစစ်အပြီးတွင် ဝါဂျီအုလ္လာသည် ကာလကတ္တားတက္ကသိုလ်သို့ တက်ရောက် ပညာသင်ယူခဲ့သည်။ တက္ကသိုလ်၌ ပညာသင်နေစဥ်ကာလတွင် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးခေါင်းဆောင် ရှိက်(ခ်) မူဂျီဘုရ် ရာဟ်မာန် စသော အိန္ဒိယကျွန်းဆွယ်၏ အနာဂတ်ခေါင်းဆောင်များစွာနှင့် တွေ့ဆုံခွင့်ရခဲ့သည်။ နိုင်ငံရေးအမြော်အမြင်၊ နိုင်ငံရေးယုံကြည်ချက်တို့ကို ဖလှယ်ခွင့်ရရှိခဲ့သည်။

မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးနောက် မြန်မာ့တပ်မတော်လက်အောက် စစ်ဝန်ထမ်း ဟုခေါ်သည့်  BTF တပ် (Burma Territorial Force)၏ လူမဆန်သော ရက်စက်ယုတ်မာမှုများကြောင့် အာရကန်တိုင်းမှ ရိုဟင်ဂျာ မွတ်စလင် မိသားစုများစွာ အရှေ့ပါကစ္စတန်သို့ အသက်လု ထွက်ပြေးခဲ့ကြရသည်။ ၎င်းတို့ထဲမှာ ဝါဂျီအုလ္လာ၏ မိသားစုလည်း ပါခဲ့သည်။ နတ်မြစ်ဝ ရှင်မဖြူကျွန်း၌ ဘဒေါရ်မိုက္ကန် သို့မဟုတ် ဂူလာဟု ခေါ်သော ကျေးရွာတစ်ရွာရှိခဲ့သည်။ ၎င်းနေရာသည် အာရကန်တိုင်းနှင့် စစ်တကောင်းကြား ကုန်သွယ်ရေး အချုပ်အချာကျသည် နေရာတစ်ခုဖြစ်ခဲ့သည်။ ဝါဂျီအုလ္လာ၏ မိသားစုသည် ထိုဒေသတွင် ရွေ့ပြောင်းခိုလှုံခဲ့သည်။ ဝါဂျီအုလ္လာနှင့် ၎င်း၏ညီ ဟာဗီဘုလ္လာတို့သည် အရှေ့ပါကစ္စတန် (ယနေ့ ဘင်္ဂလားဒေ့ရှ်) ၌ ဒုက္ခသည်အဖြစ်ရှိနေစဥ် တက်နာ့ဖ်တွင် ဒေသခံ ဘင်္ဂလီရခိုင်နှင့် ဒေသခံ ဘင်္ဂလီမွတ်စလင် အုပ်စုတို့အကြား  အားပြိုင်မှု၊ အထက်စီးမှုကို ပုံမှန်ဖြစ်အောင် ညှိနှိုင်းပေးရာတွင် အရေးပါသောကဏ္ဍမှ ပါဝင်ခဲ့သည်။

ဝါဂျီအုလ္လာသည် ငယ်စဥ်ကပင် ရဲစွမ်းသတ္တိရှိသူ၊ မျိုးချစ်စိတ် ထက်သန်သူ တစ်ဦးဖြစ်သည်။ အာရကန်တွင် ဖြစ်နေသည့် အစိုးရ၏ မတရားနှိပ်ကွပ်မှု၊ ခွဲခြားဆက်ဆံမှုတို့မှ ရိုဟင်ဂျာလူမျိုးတို့ကို ကယ်တင်ရန် အနုနည်းဖြင့် ကြိုးပမ်းခဲ့သည်။ သို့သော် အောင်မြင်မှု မရရှိသဖြင့် လက်နက်ကိုင် တော်လှန်ရေးလမ်းကို ရွေးချယ်ကာ ခေါင်းဆောင်ကြီး ဂျာဖောရ်ကာဝါလ်၏ တော်လှန်ရေးအဖွဲ့တွင် ဝင်ရောက်ခဲ့သည်။ သူသည် V force တွင် အမှုထမ်းပြီး စစ်ရေးအတွေ့အကြုံ၊ မြေပြင်အတွေ့အကြုံနှင့် ရင့်ကျက်သူဖြစ်သဖြင့် တော်လှန်ရေးအဖွဲ့တွင် အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ မူဂျာဟစ်ကောင်စီ၏ အထွေထွေအတွင်းရေးမှူး ဖြစ်လာခဲ့သည်။

၁၉၅၈ ခုနှစ်တွင် ဝါဂျီအုလ္လာတို့ မိသားစုသည် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက သူတို့ကို လက်ခံရန် ငြင်းဆန်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် မြန်မာဗဟိုအစိုးရ၏ ကြားဝင်ဆောင်ရွက်မှုကြောင့် သူတို့ကို ပြန်လက်ခံခဲ့သည်။ မယုနယ်ခြားခရိုင်  အုပ်ချုပ်ရေးကာလအတွင်း သူသည် မေယုရာရှစ် (ခ) ဘမောင်နှင့်အတူ စိတ်ပညာရေးရာ ရဲအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သို့သော် သူအား ရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရပြီး ဦးဘမောင်အား မေယုရဲအုပ်အဖြစ် ခန့်အပ်ခဲ့သည်။

ဝါဂျီအုလ္လာသည် နေဝင်းအစိုးရ မဆလခေတ်တွင် စစ်အာဏာရှင်နှင့် မတရားမှု ဖိနှိပ်မှုကို ခုခံတော်လှန်ရန် ဆရာကြီး ဆုလ်တာန် ခေါင်းဆောင်သော ရိုဟင်ဂျာ လွတ်လပ်ရေးတပ် (Rohingya Independence Force) ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့သည်။ ထို့နောက် မြေအောက်ပုန်းတောခိုကာ စစ်အာဏာရှင်ကို ရဲရဲဝံ့ဝံ့ ခုခံတော်လှန်ခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် သူသည် အာရကန်သမိုင်းအသင်း (Arakan Historical Society) ၏ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၈ ခုဒုက္ခသည်များအရေးပေါ်ပေါက်ခဲ့ရာ အကြမ်းဖက်စစ်ဆင်ရေး၏ သရုပ်မှန်နှင့် ဒုက္ခသည်များ၏ ဆိုးဝါးသောအခြေအနေကို ကမ္ဘာသိအောင် လှုပ်ရှားရာတွင်လည်း တက်တက်ကြွကြွ ပါဝင်ခဲ့သည်။

ဝါဂျီအုလ္လာ အာရ်ကာနီသည် မြန်မာ့လူထုနှင့် တိုင်းပြည်အပေါ် အဓမ္မတရား စိုးမိုးလာသည့်အခါတိုင်း မိမိ၏အသက်၊ မိမိ၏ ဘဝကို အမှုမထားဘဲ အဓမ္မကို တော်လှန်ခြင်းသည် မိမိ၏ တာဝန်အဖြစ်ခံယူကာ ရှေ့တန်းကနေ တိုက်ပွဲဝင်ခဲ့သည်။ မိမိ၏ လူမျိုးနှင့်တိုင်းပြည်တာဝန်ကို ကိုယ်စွမ်းဉာဏ်စွမ်း ဆောင်ရွက်ကာ ၁၉၈၈ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ အသက် ၆၉ နှစ်တွင် ကွယ်လွန်ခဲ့လေသည်။ အလ္လာဟ်အရှင်မြတ်သည် သူ၏ ဝိညာဉ်အား ထာဝရငြိမ်းချမ်းမှုကို ချီးမြှင့်တော်မူပါစေ။


— လူထုဝဏ္ဏ
(၂၁-၁၀-၂၀၂၅)




ကိုးကား-
၁။ AFK Jilani, (1999). The Rohingyas of Arakan: Their quest for justice.
၂။ Anthony Irwin, (1945). Burmese Outpost.
၃။ Greg Constantaine, (2025). Ek Khaale.


Wednesday, October 1, 2025

ထန်းရှောက်ခံရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု

ထန်းရှောက်ခံရွာအနီးတဝိုက်တွင် တွေ့ရှိရသည့် သတ်ဖြတ်ခံရသူအချို့၏ အရိုးစုများ။


ထန်းရှောက်ခံရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု


၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့၌ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်၏ အလယ်ပိုင်းရှိ အတွင်းငှက်သေကျေးရွာအုပ်စု၊ ထန်းရှောက်ခံကျေးရွာ ခေါ် ဟွိုင်ယာစုရိ ကျေးရွာမှာ ရာနှင့်ချီသော  ရွာသူရွာသား၊ ကလေး၊ လူကြီး၊ သက်ကြီးရွယ်အို၊ အမျိုးသမီး၊ ကိုယ်ဝန်ဆောင်၊ မသန်စွမ်းပါမကျန် အပြစ်မဲ့ပြည်သူများကို ရခိုင့်လက်နက်ကိုင်အဖွဲ့ (AA) က ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် သတ်ဖြတ်ခြင်း၊အမျိုးသမီးများကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် အေအေတပ်စခန်းများတွင် အမျိုးသမီးများကို လိင်ကျွန်အဖြစ် ထိန်းသိမ်းထားရှိခြင်းစသည့် ကြောက်မက်ဖွယ် ပြင်းထန်သောရာဇဝတ်မှုများကို လူသိရှင်ကြား ရက်ရက်စက်စက် ကျူးလွန်ခဲ့သည်။ 

ထန်းရှောက်ခံကျေးရွာ ခေါ် ဟွိုင်ယာစုရိ သည် ဘူးသီးတောင်မြို့၏ အရှေ့တောင်ဘက် ငါးကီလိုမီတာခန့်အကွာတွင် တည်ရှိသည်။ ရိုဟင်ဂျာများသာနေထိုင်ပြီး အများစုမှာ လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်ကြသည်။ ယင်းကျေးရွာကို မီတာ ၂၅၀ ခြား၍  ရွာနှစ်ရွာပိုင်းခြားထားသည်။ ကျေးရွာ၏ မြောက်ဘက်အပိုင်းရွာငယ်တွင် အိမ်ခြေ ၂၅ လုံးခန့်နှင့် တောင်ဘက်အပိုင်းတွင် အိမ်ခြေ ၂၀၀ ခန့် ရှိသည်။ စစ်ကောင်စီ၏ တပ်ရင်း ခမရ ၅၅၁ နှင့် နီးစပ်သည်။ 

၂၀၂၄ ခုနှစ် အစောပိုင်းလများအတွင်းက ရခိုင့်တပ်တော် (AA) သည် ဘူးသီးတောင်မြို့နယ်၏ မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် တဖြည်းဖြည်း အောင်ပွဲများရရှိလာပြီး ထန်းရှောက်ခံကျေးရွာအနီးရှိ ခမရ ၅၅၁ တပ်ရင်းနှင့် စကခ ၁၅ တပ်မသို့ ချဉ်းကပ်လာသည်။


၂၀၂၄ ခုနှစ် ဧပြီလဆန်းပိုင်းတွင် စစ်ကောင်စီ တပ်မတော်သည် မြန်မာနိုင်ငံအနှံ့အပြားမှ စစ်မှူးထမ်းဥပဒေဖြင့် လူငယ်များကို အတင်းအဓမ္မဖမ်းဆီးကာ စစ်မှူးထမ်းစေခဲ့ရာ ထိုဒေသမှာလည်း ရက္ခိုင့်တပ်တော် (AA) ကို ခုခံတိုက်ခိုက်ရန် ထန်းရှောက်ခံရွာနှင့် အနီးတဝိုက်ရွာများမှ စစ်မှူးထမ်း ၁၀၀ ခန့်ကို ဖမ်းဆီးစုစည်းခဲ့သည်။ 

ဧပြီလတွင် ကျယ်ပြန့်လာသော တိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့၏ အရှေ့ဘက်ကျေးရွာများဖြစ်သော ရွက်ညိုတောင်၊ မောင်နာရွာနှင့် ကွန်တိုင်ကျေးရွာ စသည်တို့မှ ထောင်နှင့်ချီသောရွာသားများသည် ထန်းရှောက်ခံကျေးရွာနှင့် ဒါပြူချောင်းကျေးရွာ (ထန်းရှောက်ခါးကျေးရွာ၏ မြောက်ဘက် နှစ်ကီလိုမီတာအကွာ) များသို့ စစ်ဘေးရှောင်ခိုလှုံခဲ့ကြသည်။ ထန်းရှောက်ခံကျေးရွာသည် ခမရ ၅၅၁ တပ်ရင်းစခန်းနှင့် နီးစပ်ပြီး ဒါပြူချောင်းကျေးရွာသည် စစ်ကောင်စီ၏  အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် [စကခ ၁၅]နှင့် နီးစပ်သောကြောင့် AA ၏ တိုက်ခိုက်မှုမှ ပို၍ဘေးကင်းလုံခြုံမည်ဟု ရွာသားများက ယုံကြည်ခဲ့ဟန်တူသည်။


၂၀၂၄ ခုနှစ် ဧပြီလ စတုတ္ထအပတ်အတွင်း စကခ ၁၅ တပ်မနှင့် နီးစပ်သောနေရာတွင် တိုက်ပွဲများ ပြင်းထန်လာချိန်၌ ရခိုင့်တပ်တော် (AA) သည် ဒါပြူချောင်းကျေးရွာတွင် နေထိုင်သူအားလုံးကို ၎င်းကျေးရွာ၏ အနောက်တောင်ဘက် သုံးကီလိုမီတာခန့်အကွာ ဦးလှဖေကျေးရွာသို့ ပြောင်းရွှေ့ရန် အမိန့်ပေးခဲ့သည်။ 

မေလ ၁ ရက်နေ့တွင် ခမရ ၅၅၁ မှ စစ်ကောင်စီတပ်သားများသည် ထန်းရှောက်ခံကျေးရွာသို့ ရုတ်တရက်ရောက်ရှိလာပြီး စစ်မှူးထမ်းသစ်များအား ပေးထားသော လက်နက်အားလုံးကို ပြန်သိမ်းယူခဲ့သည်။ ထိုအချိန်က ခမရ ၅၅၁ စခန်းတွင် စစ်ကောင်စီတပ်သား ၁၀၀ ခန့်လောက်သာ ရှိသည်။ ယခင်တပ်စွဲခဲ့သည့် စစ်ကြောင်းများသည် ဘူးသီးတောင်မြို့သို့ ဆုတ်ခွာသွားခဲ့သည်။


မေလ ၂ ရက်နေ့ မနက်စောစောတွင် စစ်ကောင်စီတပ်သား စစ်ကြောင်းတစ်ခုသည် ရွာမြောက်ဘက်မှ ရောက်ရှိလာပြီး စစ်သား တစ်ဝက်ခန့်သည် ထန်းရှောက်ခံကျေးရွာထဲသို့ ဝင်ရောက်လာကာ ကျန်တစ်ဝက်သည် ရွာအရှေ့ဘက်ရှိ စစ်ကောင်စီ တပ်ရင်း ခမရ ၅၅၁ သို့ ဝင်ရောက်ခဲ့ကြောင်း ထန်းရှောက်ခံရွာသား မျက်မြင်သက်သေများက ထွက်ဆိုခဲ့သည်။ တိုက်ပွဲဖြစ်ပွားတော့မည့် အနေအထားဖြစ်သောကြောင့် ရွာသားများကို နေအိမ်များမှ အမြန်ဆုံးထွက်သွားရန် ထိုစစ်ကြောင်းက သတိပေးခဲ့သည်။ ထိုအခါ ရွာသားများသည် ရွာမှ မြောက်ဘက်သို့ အုပ်လိုက်စုလိုက် ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

စစ်ကောင်စီတပ်သားများထွက်သွားပြီးအချိန်အနည်းငယ်အကြာတွင် AA တပ်သားရာချီ ရွာထဲသို့ ဝုန်းဝုန်း ဝင်လာပြီး ရွာသားများကို နေအိမ်များမှ ထွက်သွားရန် အမိန့်ပေးပြန်သည်။ ထိုအခါ ရွာတွင်ကျန်ရစ်နေသည့် ရွာသားများသည် အခြားတစ်ဖက်သို့ ထွက်ပြေးခဲ့ကြသည်။ ရွာ၏အရှေ့ဘက်ရှိ လမ်းမကြီးပေါ်တွင် AA တပ်သားများက စစ်ရှောင်ထွက်ပြေးလာသော ရွာသားအုပ်စုကြီးတစ်စုကို တားဆီးပြီး ၎င်းတို့နှင့်အတူ ခိုးရှောင်ခိုးဝှက် ထွက်ပြေးလာသော စစ်ကောင်စီတပ်သားနှစ်ဦးကို လွှဲအပ်ပေးရန် ရွာသားများကို ဖျောင်းဖျပြောဆိုခဲ့သည်။

ထိုစစ်သားနှစ်ယောက်ကို အေအေက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပိတ်ဆို့ထားသော လူအုပ်ကို လွှတ်မပေးဘဲ လမ်းမပေါ်တွင် ခေါင်းငုံ့တန်းစီထိုင်စေခိုင်းသည်။  သို့နှင့် AA တပ်သားတစ်ဦး ကိုင်ထားသော စကားပြောစက်မှ "အားလုံး သတ်ပစ်လိုက်!" ဟု အမိန့်စကားကို ကြားခဲ့ရသည်ဟု အခင်းက လွှတ်မြောက်လာသော သက်သေများက ဆိုသည်။ ထိုအခါ AA တပ်သားများသည် ၎င်းတို့ရှေ့တွင် ခေါင်းငုံ့ထိုင်နေကြသော လူအုပ်ကြီးကို သနားစာနာစိတ်မဲ့ ရမ်းကားပစ်ခတ်သတ်ဖြတ်ခဲ့ကြသည်။

အသက် ၁၉ နှစ်အရွယ် ရွာသားတစ်ဦးသည် သူ၏မိခင်၊ ဖခင်နှင့် ညီအစ်ကိုမောင်နှမငယ် ငါးဦးတို့ကို သူ၏ ရှေ့မှောက်တွင် ရက်ရက်စက်စက် ပစ်သတ်ခဲ့သည်ကို ကိုယ်တွေ့မြင်ခဲ့သည်။ AA တပ်သားများက အလောင်းများအကြား ရှာဖွေစစ်ဆေးပြီး အသက်ရှင်နေသေးသူများကို ထပ်မံရှာဖွေပစ်သတ်ချိန်တွင် ၎င်းသည် မိခင်၏သွေးစွန်းနေသော ခေါင်းခြုံပုဝါကို မိမိကိုယ်၌ဖုံးအုပ်၍ အသေဟန်ဆောင်ကာ အသက်ဘေးမှ လွှတ်မြောက်လာခဲ့သည်။

ထိုအတောအတွင်း ရွာမြောက်ဘက်သို့ ထွက်ပြေးနေသည့် နောက်ထပ် ရာနှင့်ချီသောရွာသားများကို လမ်းပေါ်တွင် AA တပ်သားများက တားဆီးပြီး ထိုရွာသားများကိုလည်း အလားတူ ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ရွာ၏အနောက်ဘက်ရှိ လယ်ကွင်းများကိုဖြတ်၍ ထွက်ပြေးနေသော ရွာသားများကိုလည်း AA တပ်သားများက လိုက်လံပစ်ခတ်ခဲ့သည်။ ရွာသားများ ထွက်ပြေးနေစဉ်တွင် အေအေ တပ်သားများက ထန်းရှောက်ခံကျေးရွာရှိ အိမ်အများစု မီးရှို့ခဲ့သည်။ ရွာတောင်ပိုင်းတွင် ဗလီတစ်လုံနှင့် အိမ်သာတစ်လုံး လွှဲ၍ ကျန်အဆောင်အအုံးအားလုံး ပြာကျစေခဲ့သည်။ 

အမျိုးသမီးငယ်အချို့ကို AA တပ်သားများက ဖမ်းဆီးခဲ့ပြီး မြက်ရှည်ခင်းထဲသို့ ဆွဲငင်သွားကာ မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည်။ နောက်ပိုင်းတွင် အမျိုးသမီးတစ်ဦး၏ အလောင်းကို အဝတ်တစ်ဝက်ဗလာနှင့် မိန်းမကိုယ်မှ ဝမ်းဗိုက်အထိ ဓားဒဏ်ရာရရှိထားသည့်အနေအထားဖြင့် တွေ့ရှိခဲ့သည်။ သူမ၏ ခေါင်းဖြတ်ထားသောသားနှစ်ဦး၏ အလောင်းများကို ၎င်းအမျိုးသမီး၏ ဘေးတစ်ဖက်တစ်ချက်တွင် ပစ်ချထားသည်။

ထို့အပြင် ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားနေသည့် အမျိုးသမီးငယ် ၁၂ ဦးကို AA တပ်သားများက ဖမ်းဆီးပြီး စစ်ကောင်စီထံမှ သိမ်းပိုက်ရရှိခဲ့သော ခမရ ၅၅၁ စခန်းထဲတွင် လိင်ကျွန်အဖြစ်ထိန်းသိမ်းထားရှိခဲ့ကြောင်းလည်း မျက်မြင်သက်သေများက ဖွင့်ဟခဲ့သည်။ ၎င်းအမျိုးသမီးများအနက်မှ လေးဦးသည် သေဆုံးခဲ့ပြီဖြစ်ကြောင်း  သိရသည်။ 


လွှတ်မြောက်နိုင်ခဲ့သော ရွာသားအများစုသည် ထန်းရှောက်ခံကျေးရွာ၏ အနောက်ဘက် နှစ်ကီလိုမီတာခန့်အကွာရှိ ဦးလှဖေကျေးရွာသို့ ခိုလှုံခဲ့ကြသည်။ ထိုကျေးရွာတွင်ပင် ၎င်းတို့အား AA က ဖမ်းဆီးခဲ့ပြီး ၎င်းတို့၏ မိုဘိုင်းဖုန်းများကို စစ်ဆေးခြင်း၊ အတင်းသိမ်းဆည်းခြင်းခံခဲ့ရသည်။ ယခင်က စစ်ကောင်စီ၏ အဓမ္မစစ်မှူးထမ်းခံခဲ့ရဖူးသော လူငယ်များကိုမူ ဖမ်းဆီးခေါ်ဆောင်သွားကာ အပြီးရှင်းပစ်ခဲ့သည်။

မေလ ၂ ရက်နေ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအပြီး နှစ်ရက်ကြာပြီးနောက်  ထန်းရှောက်ခံကျေးရွာသို့ သွားပြီး အလောင်းများကို မီးရှို့ဖျောက်ဖျက်ဖို့အတွက် ကောက်ရိုးခြောက်များ စုပေးရန် ဦးလှဖေကျေးရွာမှ စစ်ဘေးရှောင်ဒုက္ခသည် ၅၀ ခန့်ကို အေအေက အတင်းအဓမ္မ ပေါ်တာဆွဲကာ စေလွှတ်ခဲ့သည်။ ကျေးရွာ၏ အနောက်မြောက်ဘက်စွန်းတွင် ပလာစတစ် တာပေါ်လင်အုပ်ထားသော  အလောင်းပုံကြီး လေးပုံကို မြင်တွေ့ခဲ့ကြောင်း၊ အလောင်းများ၏ ပုပ်သိုးအနံ့ဆိုးသည် အလွန်ပြင်းထန်စူးရှာလွန်းကြောင်း ထိုအလုပ်သမားအဖွဲ့တွင် ပါဝင်ခဲ့သူတို့က ဆိုသည်။


အဆိုပါ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအပြီး ရက်သတ္တပတ်အတွင်း ညအချိန်တွင် ထန်းရှောက်ခံရွာသို့ ခိုးရှောင်ခိုးဝှက် ပြန်ဝင်လာခဲ့ကြသော တခြားရွာသားများကလည်း ကျေးရွာအနီးတစ်ဝိုက်တွင် အလောင်းများပေကျံနေကြောင်း၊  ဗလီ၏ နောက်ဘက်တွင် အလောင်းပုံတစ်ပုံ ရှိကြောင်း၊ ရွာ၏တောင်ဘက်ရှိ ရေကန်ထဲတွင် အလောင်းအများအပြား တွေ့မြင်ခဲ့ရကြောင်း ပြောဆိုခဲ့သည်။

ဘင်္ဂလားဒေ့ချ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသော ဒုက္ခသည်အားလုံးသည် ဘူးသီးတောင်မြို့နယ်မှ ထွက်ခွာရန် ULA/AA ထံမှ စာဖြင့် ခွင့်ပြုချက်ရယူခဲ့ရသည်။ ဘာသာရေးဆရာတစ်ဦးသည် သူ၏မိသားစု ထွက်ခွာခွင့်ရရန် ဘင်္ဂလားဒေ့ရ်ှငွေ တာကာ ၂၇၅,၀၀၀ (အမေရိကန်ဒေါ်လာ ၂,၂၅၀ ခန့်) ဆက်ကြေးပေးခဲ့ရသည်။ သူတို့ ထွက်ခွာချိန်တွင် သူတို့၏ အိမ်ထောင်စုစာရင်းနှင့် မြေစာရင်းအပါအဝင် ကိုယ်ပိုင် စာရွက်စာတမ်းအထောက်အထားဟူသမျှကို AA က အတင်းအဓမ္မ လုယူခဲ့သည်။ 

ထန်းရှောက်ခံကျေးရွာတွင် တွေ့ရှိရသောအလောင်းများသည် စစ်ကောင်စီတပ်မတော်သားများ၏ အလောင်းသာဖြစ်ကြောင်း AA က မီဒီယာများကို ဗန်းပြ ထုတ်ပြန်ချေပခဲ့သော်လည်း ကိုယ်တွေ့သက်သေများ၏ ထွက်ဆိုချက် အထောက်အထားများက AA တပ်သားများသည် အထက်အရာရှိများ၏ တိုက်ရိုက်အမိန့်ဖြင့် ရိုဟင်ဂျာအရပ်သားရာနှင့်ချီ အစုလိုက်အပြုံလိုက် အကြမ်းဖက် သတ်ဖြတ်ခဲ့ကြောင်း ဖော်ပြနေသည်။ အရပ်သား ၆၀၀ ခန့် သတ်ဖြတ်ခံရကြောင်း ခန့်မှန်းခြေ သိရှိရသည်။ ထို့အပြင် AA တပ်သားများသည် ရိုဟင်ဂျာအမျိုးသမီးများနှင့် မိန်းကလေးများကို စနစ်တကျ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြောင်း ခိုင်လုံသော အထောက်အထားများက သက်သေခံနေသည်။


ထိုထန်းရှောက်ခံရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ရိုဟင်ဂျာအရေးလှုပ်ရှားသူ ရိုနေဆန်းလွင်က သြဂုတ်လ ၃ ရက်တွင် ဘူးသီးတောင်မြို့နယ်မှ အသက်ရှင်လွှတ်မြောက်လာသော ကိုယ်တွေ့သက်သေများနှင့် မေးမြန်းအင်တာဗျူးကာ ၎င်း၏လူမှုကွန်ရက်တွင် ထုတ်ပြန်ခဲ့သည်။ လူ့အခွင့်အရေးလှုပ်ရှားသူ ရှေ့နေ ရာဇီအာဆူလ်တာနာကလည်း ဘူးသီးတောင်မြို့နယ်မှ ထိုလူသတ်မှုမှ လွှတ်မြောက်လာခဲ့သော ကိုယ်တွေ့သက်သေ ရိုဟင်ဂျာ ဒုက္ခသည် ၁၉ ဦး (အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၇ ဦး) နှင့် ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းချက်များ ပြုလုပ်ကာ စက်တင်ဘာလ ၂၄ ရက်တွင် "Kill Them All" ခေါင်းစဥ်ဖြင့် အစီရင်ခံစာတစ်ခု ထုတ်ပြန်ခဲ့သည်။ ၎င်းတို့အနက် သက်သေ နှစ်ဦးသည် မေလ ၂ ရက်နေ့၌ ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် မိသားစုဝင် အဆွေအမျိုးပေါင်း ၆၀ ကျော် ဆုံးရှုံးခဲ့ရသူ ဖြစ်သည်။ 

ရခိုင့်လက်နက်ကိုင်အဖွဲ့အေအေ သည် တော်လှန်ရေး ခေါင်းစဥ်အောက်တွင် ရိုဟင်ဂျာလူမျိုးကိုပါ ရှင်းလင်းသုတ်သင်နေကြောင်း ထင်ရှားနေသည်။ 


— လူထုဝဏ္ဏ

(၁-၁၀-၂၀၂၅)

ကိုးကား

# ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲတဲ့လား| The Art Garden Rohingya

# ထန်းရှောက်ခံ အစုလိုက်သတ်ဖြတ်မှု| ရိုနေဆန်းလွင်

# ထန်းရှောက်ခံရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အစီရင်ခံစာ| Kaladan Press Network 

ထန်းရှောက်ခံရွာ အစုလိုက်အပြုံလိုက်

Kalandan Press ၏ အစီရင်ခံစာကို လိင့်ကိုနှိပ်၍ ဒေါင်းယူ ဖတ်ရှူပါ။