ပုံ- ဒူဒူကားလား ပန်းချီ ၊ အင်တာနက် |
🌷 ဓူဓူ ကစားနည်း [Du-Du Kála] 🌷
💫💫💫💫💫💫💫💫💫💫💫💫💫💫💫
ရေးသူ - ရိုဟင်လေး
အမျိုးအစား- ရိုဟင်ဂျာရိုးရာ အားကစားနည်းများ [Traditional Sports of Rohingya]|
အာရ်ကာန်ပြည်၏ ကျေးလက်ဒေသ၌ ရိုဟင်ဂျာ လူငယ်တို့က ကစားနည်းအမျိုးမျိုးကို ကစားသည့်အနက် ဓူဓူကစားနည်းသည်လည်း ထင်ရှားသော ကစားနည်း တစ်မျိုးဖြစ်သည်။ စိတ်ဝင်စားဖွယ်လည်း ကောင်း သည်။ ရိုဟင်ဂျာ လူငယ်တို့၏ အားလပ်ချိန်ကို ဖျော်ဖြေပေးသည့် ကစားနည်းတစ်မျိုးလည်းဖြစ်သည်။ ဓူဓူ ဟူသော အသံကို ရွတ်ဆိုရင်း ကစားရသောကြောင့် “ ဓူဓူ ကားလား ”ဟု ခေါ်ခြင်းဖြစ်သည်။ အာရှတိုက်ရှိ နိုင်ငံအချို့တွင်လည်း ဤကစားနည်းကို သူ့နည်းသူဟန်နှင့် ကစားကြသည်ကို တွေ့ရသည်။ အိန္ဒိယမှာ ယင်းကစားနည်းကို Karbodi (ကာဘတီ) ဟု ခေါ်ကြသည်။ ကိုယ်ကာယ စွမ်းအင် မြင့်တင်ပေးမှုနှင့် စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ပေးသော ကစားနည်းတစ်မျိုးလည်းဖြစ်သည်။ ဒူဒူကစားနည်းကို အိမ်ပြင်ထွက် ညီညာပြန့်ပြူးသည့် ကွင်းပြင်၌ ကစားလေ့ရှိသည်။ ငွေကြေးအကုန်အကျမခံရဘဲ ချစ်ချစ် ကြည်ကြည် ကစားနိုင်သည်။
ညီညာကျယ်ပြန့်သော ကွင်းပြင်တွင် ဓူဓူ ကစားနည်းကို အသင်းနှစ်သင်း ဖွဲ့၍ ကစားကြသည်။ ယှဉ်ပြိုင် ကစားမည့် ကစားသမားများသည် အသင်းနှစ်သင်းတွင် အရေအတွက် ညီတူညီမျှ ခွဲရွေးယူကြသည်။ ဆာပ် ဘာနာ့ ဟု ခေါ်ကြသည်။ ဦးစွာ အားလုံး၏ သဘောတူညီချက်ဖြင့် အသင်းခေါင်းဆောင် (၂) ဦး ရွေးချယ်ရသည်။ အားတူအင်မျှ အတော်အညံ့ အသင်းသားတစ်စုံစီကို ရွေးချယ်ရန် သူတို့ လျှိုဝှက် နာမယ် နှစ်ခု သို့မဟုတ် ကုဒ် နှစ်ခု ပြောလာမည်။ ခေါင်းဆောင် (၂) ဦးစလုံးက တစ်တွဲမှ တစ်ဦး တစ်ယောက်စီ ရွေးရသည်။ သူတို့ပြောလာသော ကုဒ် (လျှိုဝှက် နာမယ်) ကို ခန့်မှန်းပြီး ခေါ်ရသည်။ ကုဒ်နှင့်ဆိုင်သော ကစားသမားသည် သူ့အသင်းဖော်ဖြစ်သွားသည်။ ဥပမာ_ အုန်းသီးလား၊ ကွမ်းသီးလား… စသည်ဖြင့် ဤနည်းဖြင့် ကစားဖော်ရွေးသည်။
ကစားကွင်းကို နှစ်ပိုင်းခွဲပြီး အလယ်တည့်တည့်မှ စည်းသားသည်။ ကိုယ်ဘက်အပိုင်း၊ သူ့ဘက်အပိုင်းကို “စပိတ်” ခေါ်သော ခေါင်းပန်းမြောက် ရွေးရသည်။ သက်ဆိုင်ရာအသင်းများက မိမိတို့ ကျရာအပိုင်းတွင်
နေရာယူကြရသည်။
ကစားနည်း
ကစားသမားများသည် သက်ဆိုင်ရာ ကွင်းအပိုင်းတွင် အလယ်စည်း ကို မျက်နှာမူ၍ တဖြောင့်တတန်း သော်လည်းကောင်း၊ စက်ဝိုင်းခြမ်းပုံသဏ္ဌာန်သော်လည်း နေရာယူရသည်။ ပြိုင်ပွဲစသောအခါ အသင်း တစ်သင်းမှ ကစားသမား တစ်ဦးကို စည်းကျော်ပြီး ပြိုင်ဖက်အသင်း ပိုင်နက်သို့ ဝင်စီးရန် ပို့စေသည်။ သူ သွားနေချိန်တွင် အသက်ရှုအောင့်ကာ “ ဓူဓူ/ ဟဓူဓူ ” သို့မဟုတ် အခြားလင်္ကာ တစ်ပိုဒ်ကို တရစပ် တရွတ်ရွတ် တအော်အော် ဆိုရသည်။ ထိုသို့ အသက်အောင့် ဒူဒူ ဆိုရင်း ပြိုင်ဖက်နယ်ပယ်သို့ ဝင်စီးကာ ပြိုင်ဖက်ကစားသမား တစ်ယောက်သို့မဟုတ် နှစ်ယောက် သုံးယောက်ကို ကိုယ်ချင်းထိ၊ လက်နှင့်ကိုင်ရန် ကြိုးစားပြီး မိမိ ပိုက်နက်အတွင်း ပြန်လည်ရောက်လာရသည်။ အကယ်၍ သူသည် ပြိုက်ဖက်မှ တစ်စုံတစ်ယောက်ကို ထိပြီး ပြန်လည် မိမိပိုင်နက်အတွင်းသို့ ရောက်နိုင်ခဲ့လျှင် အထိခံရသူ ပြိုင်ဖက် ကစားဖော်သည် သေသွားသည်။ ကစားကွင်းမှ ဆင်းပေးရသည်။ သတ်ခဲ့သောသူကမူ အသက်အောင့်ရင်း ဓူဓူ…ဓူဓူ…ဓူဓူ… တရွတ်ရွတ်ဆိုကာ အလယ်စည်းကျော်ပြီး မိမိပိုင်နက်အတွင်းသို့ ရောက်နိုင်ခဲ့လျှင် အရှင်ရှိနေလိမ့်မည်။ အကယ်၍ သူဝင်စီးချိန်တွင် တဖက် ကစားသမားများက သူကို အလယ်စည်း ပြန်မကျော်နိုင်အောင် ဖမ်းဆီးထားလျှင်သော်လည်းကောင်း၊ အလယ်စည်း မထိနိုင်အောင် တားဆီးထားနိုင် ခဲ့ သော်လည်းကောင်း သက်ပြင်းချလိုက်သော် ဝင်စီးသူသေရသည်။
ဤသို့ဖြင့် တဖက်တစ်လှည့်စီ အသင်းသားများ စီးဝင်စေသည်။ တစ်လှည့်တွင် တစ်ယောက်သာ စေလွှတ်နိုင်သည်။ ပြိုင်ဖက် ကစားသမားတစ်ဦးကို သတ်နိုင်လျှင် မိမိအသင်းမှ သေသွားသော အသင်းဖော် တစ်ဦးကို ပြန်လည် ရှန်သန်စေနိုင်သည်။ ဤနည်းဖြင့် အသင်းတဖက်ဖက်မှ ကစားသမား အားလုံး သေသွားခဲ့လျှင် ပြိုင်ပွဲပြီးဆုံးသွားသည်။ အသင်းဖော် ကျန်ရစ်နေသော အသင်းသည် အောင်ပွဲရသည်။
ဓူဓူကစားနည်းသည် အစမှ အဆုံးထိ အလွန်စိတ်ဝင်စားဖွယ် ကောင်းသည်။ ဝင်စီးခြင်း၊ သတ်ခြင်း နှင့် ဖမ်းခြင်း၊ လွတ်ရွေးခြင်းတို့မှာ ကစားနည်းကို ပို၍ စိတ်ဝင်စားမှု ထက်သန်စေသည်။ ပရိသတ်တို့ကို အံ့ဩစေသည်။ ပြိုင်ဖက်ကစားသမား ဝင်စီးစဉ် အသင်းသားများ ဝန်းရံပိတ်ဆို့စဉ် ကူဖော်လောင်ဖက် မဲ့နေသော ထောင်ချောက်ကျ နေသော ကစားသမား၏ ရုန်းထွက်ပုံ မြင်ကွင်းသည် ရဲရင့်ခြင်းနှင့် လုံ့လဝီရိယ စိတ်ဓာတ် ကို နိုးကြားပေးစေသည်။
ဤသို့လျှင် ဓူဓူကားလားသည် လူငယ်တို့၏ ရဲစွမ်းသတ္တိနှင့် သွက်လက်ဖျတ်လတ်မှုကို မြင့်တင်ပေးသည်။ ဤကစားနည်း ရိုအမျိုးတွင် ထင်ရှားခဲ့သော်လည်း ယနေ့ ပျောက်ကွယ်လုနီးပါး ဖြစ်နေသည်။ ထို့ကြောင့် ရိုဟင်ဂျာ့အားကစားနည်းများ ရှင်သန်တည်မြဲရေး၊ ခေတ်လူငယ်တို့ ရိုးရာအားကစားနည်းများကို ပိုမိုစိတ်ဝင်စား လာအောင် ကြိုးပမ်းရမည်မှာ ရိုတမျိုးသားလုံး၏ တာဝန်ပင် ဖြစ်ပေသည်။
🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍
No comments:
Post a Comment