Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, January 22, 2019

ရိုဟင်ဂျာရိုးရာ ဝတ်စားဆင်ယင်မှု




🎎 ဝတ်စားဆင်ယင်မှု  🎎

ရေးသူ        📚 ရိုဟင်လေး
အမျိုးအစား 📚 ရိုဟင်ဂျာ ရိုးရာနှင့် ယဉ်ကျေးမှု |


“လူမှာအဝတ်၊ တောင်းမှာအကွပ်” ဆိုသည့် ဆိုရိုးစကားအတိုင်း ကမ္ဘာလောက၏ လူတို့သည် ယဉ်ကျေးခြင်း၊ ရိုင်းစိုင်းခြင်း တို့ ခွဲခြားသတ်မှတ်ရာတွင် ၎င်းတို့၏ ဝတ်စားဆင်ယင်မှု၊ ပြောဆို ဆက်ဆံမှုကလည်း အဓိကကဏ္ဍတွင် ပါဝင်ပေသည်။ ကမ္ဘာ့ လူမျိုးအသီးသီး၌ သူတို့ ကျက်စားမှီတင်း နေထိုင်ရာ ပတ်ဝန်းကျင်ဒေသ၊ ရာသီဥတုနှင့် မိမိတို့ ကိုးကွယ်ရာ ဘာသာအလိုက် မတူကွဲပြားသော အဝတ်အစားများကို ယဉ်ယဉ်ကျေးကျေး ဆင်ယင်လာကြသည်။ ရှေးရိုးအစဉ်အလာ ဓလေ့ထုံးစံအလျောက်  အဆင်တန်ဆာများကို  ဂုဏ်သိက္ခာရှိရှိ တမြတ်တနိုး ဝတ်ဆင် ဂုဏ်ယူကြသည်။ ထို ဝတ်စားဆင်ယင်မှုတို့သည် သူတို့၏ အမှတ်အသား လက္ခဏာပင် ဖြစ်ပေသည်။ 

“Gas siné bahole, Manúic siné ahol le.” 


ထိုသို့ ဝတ်ဆင်ရာတွင် အမျိုးသား အဝတ်တန်ဆာ နှင့် အမျိုးသမီး အဝတ်တန်ဆာ တို့ကို  တကွဲတပြား ဝတ်ဆင်လေ့ရှိကြသည်။ 




ရိုဟင်ဂျာတိုင်းရင်းသားတို့သည် ဟိုးရှေးပဝေသဏီကစ၍  အဝတ်အစားများ အသွင်သဏ္ဍာန် အဆင့်ဆင့် ပြောင်းလဲကာ ယဉ်ယဉ်ကျေးကျေး ဝတ်ဆင်လာခဲ့ကြသည်။ ရှေးခေတ်နှင့် မျက်မှောက်ခေတ် ကွာခြားမှုတော့ အနည်းနှင့်အများ ရှိနိုင်သည်။ သို့ရာတွင် နီးစပ် တူညီမှုတော့ရှိသည်။ တစ်ဖက်က အာရကန်ဒေသရှိ တမြေနေ တရေသောက် တိုင်းရင်းသားညီနောင်တို့၏ ဝတ်စားဆင်ယင်ပုံနှင့်လည်း အတော်ကို တူလွန်လှသည်။ နေ့စဉ်ဝတ်ရိုးဝတ်မြဲအဖြစ် မြန်မာ့ပြည်သူအနေနှင့် မြန်မာနိုင်ငံရှိအခြားလူမျိုးများနှင့် ပုံစံတူဝတ်ဆင်ကြသည်။

ရိုဟင်ဂျာတို့မှာလည်း အမျိုးသားနှင့် အမျိုးသမီး ခွဲခွဲခြားခြား ဝတ်ဆင်လေ့ရှိကြသည်။ ရှေးအမျိုးသားများသည် လက်မဲ့ ကိုယ်လုံအင်္ကျီများ ဝတ်ဆင်ခဲ့ကြသည်ကို ဖူတီလင်္ကာများအရ သိရပေသည်။ ခေတ်ကာလ ကြာလာသည်နှင့်မျှ လူတို့၏ အဝတ်တန်ဆာသည်လည်း တဖြေးဖြေး တိုးတက်လာလေသည်။ ရှေးယဉ်ကျေးမှုထွန်းကားခဲ့သော ကာလတွင် ရိုဟင်ဂျာတို့သည် တောင်ရှည်ပုဆိုး နှင့် လက်ရှည် အင်္ကျီဖြူကို ဝတ်ဆင်ကြသည်။ ခေါင်းပေါင်း ပေါင်းကြသည်။ ခါးစည်း စည်းကြသည်။ အမျိုးသမီးများက ရင်ဖုံးဆူလီအင်္ကျီနီများ နှင့် ကေသထိုင်ဉ် များ (နှစ်ထပ်ထဘီရှည်) ဝတ်ဆင်လေ့ရှိကြသည်။ ပုဝါတဘက် ခေါင်းမှ ရင်ဖုံးအောင် လွှမ်းကြသည်။ ဆံထုံးတွင် သဘာဝဖြစ် ပန်းကုံး၊ ပန်းပွင့်များ ပန်ကြသည်။ လက်ဝတ်ရတနာများကို ခြေ၊ လက်၊ လည်ပင်း၊ နားရွက် နှင့် ခေါင်းတို့၌  တန်ဆာဆင်ကြ သည်။ ယင်းတို့ကို အမျိုးသား အဝတ်စားဆင်ယင်မှုနှင့် အမျိုးသမီး ဝတ်စားဆင်ယင်မှု ဟူ၍ နှစ်ပိုင်း ခွဲ၍ အောက်တွင် အသေးစိတ် အရှည်ဖွင့် ဖော်ပြပေးပါမည်။


(၁) အမျိုးသား ဝတ်စားဆင်ယင်မှု

Head-man Abdu Salam Duashí from Buthidaung in 
Rohingya traditional clothing. “Burmese Outposts”.

(က) ဘာဇူအင်္ကျီ


ရိုဟင်ဂျာတို့သည် အင်္ကျီကို ဘာဇူ [Bazu] ဟု ခေါ်ကြသည်။ ခါမီစ် [Khamis] ဟုလည်း ခေါ်သည်။ ရှေးခေတ်က ရိုဟင်ဂျာအမျိုးသားတို့သည် ဆူလိ[Sulí] ဟုခေါ်သော အင်္ကျီမျိုးကို ဝတ်ဆင်ခဲ့ကြသည်။  ဆူလိသည် ရိုဟင်ဂျာ ရိုးရာအင်္ကျီဖြစ်သည်။ ယောက်ျား ဆူလိ နှင့် မိန်းမ ဆူလိ ဟူ၍ နှစ်မျိုးရှိသည်။ ယောက်ျား ဆူလိကို ဖတု [Fátu] ဟုလည်း ခေါ်ကြသည်။ ယနေ့ခေတ် ဇူဗ္ဗာ [Zubba] အထက်ပိုင်းနှင့် ပုံစံတူသည်။ ယောက်ျား ဆူလိအင်္ကျီ အောက်ပိုင်း အနည်းငယ် ရှည်၍ တင်ပါးထိ ရောက်သည်။ အင်္ကျီပုံစံမှာ ယနေ့ အင်္ဂလိပ်ပုံစံ မဟုတ်ဘဲ ရင်ကွဲ တစ်တွာကျော်ကျော်လောက် ကြယ်သီး တပ်ရန် ဟထားသည်။ အထည်နှင့် ပြုလုပ်ထားသော ဂူလိဖီသား [Gulí Fita] ချည်ကြယ်သီးကို တပ်လေ့ရှိသည်။ လက်မှာလည်း  အင်္ကျီလက်ဖျားထိပ် (Cuff) မပါချေ။ ဟောင်လောင်သာ ဖြစ်သည်။ ကော်လာ လည်ပတ်လည်း မပါချေ။ အင်ဒို အဝတ်အစားနှင့် ခပ်ဆင်ဆင် တူသည်။ အာရပ်လူမျိုး အဝတ်အစားမှ အသွင်ပြောင်းလာသည်ဟု ပညာရှင်များက ဆိုစမှတ်ပြုကြသည်။ 

(ခ) စော့ဒေါ်ရီယား [ပြင်ခံ]


အမှန်အားဖြင့် ရိုဟင်ဂျာအမျိုးသား ရှေးဝတ်စားဆင်ယင်မှုမှာ အပြင်ခံအင်္ကျီ ဝတ်ဆင်ခြင်း ဓလေ့မရှိကြချေ။ ကိုလိုနီခေတ်အလယ်လောက်တွင် အိန္ဒိယမှ ကူးစက်လာသော ယဉ်ကျေးမှုတစ်ခုဖြစ်သည်။ အင်္ဂလိပ်တို့၏ ဝတ်စားပုံကို အတုယူကာ စော့ဒရီယား ခေါ် အပြင်ခံအင်္ကျီကို ဝတ်ဆင်လာကြခြင်းဖြစ်သည်။ လွတ်လပ်ရေးပြီးနောက် အခြားတိုင်းရင်းသားများနည်းတူ ရိုဟင်ဂျာတို့မှာလည်း တိုက်ပုံ ဝတ်ဆင်ခြင်း ခေတ်စားလာခဲ့သည်။ 

ရိုဟင်ဂျာတို့သည် ရှေးအမျိုးသားဆူလိအင်္ကျီကို အပေါ်ဝတ်အင်္ကျီ (တိုက်ပုံအင်္ကျင်္ီ) အဖြစ် ပုံစံပြောင်းကာ ပွဲလမ်းသဘင်တို့၌ ဝတ်ဆင်လာကြသည်။ အခြားတိုင်းရင်းသား ညီနောင်တို့၏ တိုက်ပုံနှင့် ရိုဟင်ဂျာ တိုင်းရင်းသားတို့၏ တိုက်ပုံမှာ သိသိသာသာ ခွဲခြားလာသည်။ ဆူလိအင်္ကျီကို ရင်ဘက် အထက်အောက် တောက်လျှောက် ဖြတ်၍ ဝတ်ဆင်ကြသည်။ အောက်ခြေမှာ နည်းနည်းတိုလာကာ  တင်ပါးတစ်ဝက်လောက် ရှည်သည်ကို တွေ့ရပါမည်။  အင်္ကျီအိတ်ကား ယနေ့ကဲ့သို့ ရင်ဘတ်၌မရှိပါ။ အင်္ကျီအောက်ခြေ၌သာ တစ်ဘက် အိတ်တစ်အိတ်စီ ကပ်ထားသည်။   အင်္ကျီအတွင်းဘက်၌ အပြင်အိတ် တည့်တည့်တွင် အိတ်နှစ်အိတ် ရှိခဲ့သည်ဟုလည်း သက်ကြီးများက ဆိုကြသည်။ မတားမဆီးနိုင်အောင် ကိုလိုနီယဉ်ကျေးမှု စီးဝင်ချိန်တွင် ရိုဟင်ဂျာ အမျိုးသားအချို့သည် စောဒရီယားအပြင်ခံအစား အင်္ဂလိပ်ကုပ်အင်္ကျီ (Coat)ကို ဝတ်ဆင်ခဲ့သည်ကိုလည်း တွေ့ရပါသည်။ အတွင်းမှာမူ ခေတ်ပေါ်အင်္ကျီကို ဝတ်ဆင်လေ့ရှိကြသည်။ 

ရိုဟင်ဂျာတို့သည် ဘာသာရေး လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် စော့ဒရီယားမဝတ်ဆင်ပါက ရိုးရိုးအင်္ကျီကို အပြင်ထုတ် ဝတ်ဆင်ကြလေ့ရှိသည်။ 


(ဂ) ဖောရီ [ခေါင်းပေါင်း]  

ဖော်ရီသည် ရိုဟင်ဂျာ အမျိုးသားတို့၏ ကျက်သရေဆောင်တန်ဆာတစ်ခုအပြင် တမန်တော်မြတ်(စွ)၏ စွနွတ်တော် တစ်ပါးလည်း ဖြစ်သည်။ "ခေါင်းပေါင်းမပါ ယောက်ျား မပီသ"ဟု ရှေးက ဆိုရိုးရှိသည်။ ရိုဟင်ဂျာတို့သည် အများအားဖြင့် ခေါင်းပေါင်းဖြူကို ပေါင်းကြသည်။ ခေါင်းပေါင်း ပေါင်းပုံပေါင်းနည်းလည်း အခြားလူမျိုးများနှင့် အတန်ခြားနားသည်။ ဦးခေါင်း၏ နောက်ဘက်၌ ခေါင်းပေါင်း အမြီး တစ်ဖက်ကို တစ်တွာကျော်ကျော်လောက် အောက်ဘက် (ပခုံးဘက်)သို့ ချထားရသည်။ နောက်အစွန်းတစ်ဘက်ကို ခေါင်းအထက်ဘက်သို့ လက်ချောင်းလေးချောင်းပမာဏခန့်  မောက်ထောင်ထား ရသည်။ 

နန်းတော် လေးတော်တပ်၊ ဘုရင့်သက်စောင့်တပ်တို့၌ အမှူးထမ်းသော ရိုဟင်ဂျာ သူရဲကောင်းတို့သည် ပုဆိုးကို အိန္ဒိယပုံစံ ခါးတောင့်ကျိုင်း ဝတ်ဆင်ကြပြီး ခါးတွင် ခါးစည်းတစ်ခု စည်းထားရသည်ဟု ဆိုသည်။ ငှက်တောင်ဓားရှည်ကို ခါး၌ လွယ်သည်။ ခေါင်းပေါင်းအစ ဘုရင်က သတ်မှတ်ထားသော ရာထူးအလိုက် ခေါင်းပေါင်းပုံစံ ဦးထုပ်ကို ဆောင်းလေ့ရှိကြသည်။ ရိုဟင်ဂျာ သက်ကြီးများသည် ခေါင်းပေါင်းကို ပေါင်းမြဲ ဖြစ်သည်။ 
 
ကိုလိုနီနောက်ပိုင်းတွင် ခေါင်းပေါင်း ပေါင်းသည့်ဓလေ့ အားပျော့လာခဲ့သည်။ ခေါင်းပေါင်းအစ ဦးထုပ်ကို ဆောင်းကြသည်။ သို့သော် သက်ကြီးများ၊ အညာဒေသက အမျိုးသားများသည် ခေါင်းပေါင်းကို ပေါင်းလေ့ရှိကြသည်။ ခါးစည်းစည်းလေ့ရှိသည်။ သက်ကြီးများမှာမူ ဦးထုပ်ကို အမြဲဆောင်းသည်။  "Uiddá matá cóba andar, Murokkó miya bezar" ဆိုသည့် ရိုအဆိုလည်း ယနေ့အထိရှိနေဆဲဖြစ်သည်။ 


(ဃ) လုံဂီ ပုဆိုး



ရိုဟင်ဂျာတို့သည်လည်း ဗမာ၊ ရခိုင်လူမျိုးကဲ့သို့ ခါးဝတ်ပုဆိုး ဝတ်ဆင်ကြသည်။ ရှေးအခါက ခါးဝတ် လုံးကွင်းကို ကေလောရ်ဟောရ် [Keñlor-hor] မှ ဟိုင်ရ်ဟောရ် [Háñr-hoor] မှ ဟိုင်ရ်လော့က် [Háiñr-lok] ဟု အသံပြောင်း၍ လည်းကောင်း၊ ဒိုတီ [Doti] ဟုလည်းကောင်း စသည်ဖြင့်  ခေါ်ဝေါ်ကြသည်။ ယနေ့ လုံဂီဟု ခေါ်ကြသည်။ အချို့ဒေသတွင်မူ ဟိုင်ရ်လော့က်ဟု ယနေ့ထက်ထိ ခေါ်နေဆဲ ဖြစ်သည်။ ပုဆိုးကို ခါးမှ ခြေတံဆစ်တစ်ဝက် ကျော်ကျော်လောက် ဝတ်ဆင်ကြသည်။ ဒူးဆစ်ကို မဖြစ်မနေဖုံးအုပ်ရသည်။ ပုဆိုးဝတ်နည်းကလည်း ရှေ့ထုတ် ဝတ်ကြသည်ဟု ဆိုသည်။ အရှေ့ဖက်မှ တစ်တွာလောက် ဒေါင်လိုက် အထည်ထပ်လိုက်သလို ထင်ရသည်။ အရှက်ကို နှစ်ထပ်ဖုံးအုပ် ခြင်းဖြစ်သည်ဟု ယူဆရသည်။ 


ကိုလိုနီနောက်ပိုင်း ကာလမှစ၍ အမျိုးသားများသည် လက်ရှည် အင်္ကျင်္ီဖြူ၊ ဦးထုပ်တို့ကို မင်္ဂလာပွဲ၊ အလှူပွဲ စသည်တို့တွင် ပွဲလမ်းသဘင်ဝတ်စုံအဖြစ် ဝတ်ဆင်လာကြသည်။ သက်ကြီးအချို့မှာ ခေါင်းပေါင်း ပေါင်းကြ၊ အပေါ်ဝတ်တိုက်ပုံ ဝတ်ကြ သည်ကိုလည်း တွေ့ရသည်။ အစိုးရ ရုံးကိစ္စကျလျှင် တိုက်ပုံဝတ်မြဲဖြစ်သည်။ 


ဘာသာရေးဆရာတို့မှာ ဇူဗ္ဗာ၊ ကုရ်သာ၊ ဦးထုပ်နှင့် ခေါင်းပေါင်း ပေါင်းကြပါသည်။  



(၂) အမျိုးသမီး ဝတ်စားဆင်ယင်မှု



Myanmar Rohingya woman wears traditional clothes
in a village Gollyadeil north of the town of Sittwe.
DAMIR SAGOLJ/REUTERS #world_cultures


ဣနြေ္ဒရှင် ရိုဟင်ဂျာ အမျိုးသမီးများသည် အိစ္စလာမ်သာသနာ့ အထိန်းအကွပ် သွန်သင် ဆုံးမချက်နှင့်အညီ အဝတ်အစား ဝတ်ဆင်ကြသည်ကို ခေတ်အဆက်ဆက် တွေ့ရပေသည်။

ရှေးရိုဟင်ဂျာအမျိုးသမီးများသည် အင်္ဂါရပ် ၅ ခု ပါဝင်သည့် အဝတ်အစားများကို ဝတ်ဆင်လေ့ရှိကြသည်။ 
(၁) ကေသ ခေါ် တာမီ (Taami) ထဘီ
(၂) ဆူလိဘာဇူ (Suli) အင်္ကျီ
(၃) နုမ္မာလ် ခေါ် မာတာဟောရ် (Numal/Matar Hoor) ခေါင်းခြုံပုဝါ
(၄) ဘုခ်ဘောန် (bukbon) ရင်ဖုံး
(၆) ဆာဒ္ဒောရ်  (saddor) တဘက် 


(က) ဆူလိဘာဇူ 

ရှေးရိုဟင်ဂျာ အမျိုးသမီးများသည်လည်း ဆူလိ အင်္ကျီကို ဝတ်ဆင်ခဲ့ကြသည်။ အမျိုးသားဆူလိနှင့် နည်းနည်း ခွဲခြားသည်မှာ အောက်ပိုင်း နည်းနည်းတိုသည်။ ကိုယ်ပိုင်း ပွလွန်းသည်။ ကျန်အားလုံးကို  တူညီကြသည် ဟုဆိုသည်။ အနီရောင် အဝတ်အထည်များကို ကြိုက်လွန်ကြသည်။ 

ဆူလိရင်ဖုံး အင်္ကျီကို ဒေသအချို့တွင် သက်ကြီးအမျိုးသမီးများက ယနေ့တိုင် ဝတ်ဆင်နေသည်ကို တွေ့ရသည်။ ယင်းမှာ ဟိုးရှေးပဝေသဏီက ရိုဟင်ဂျာ ရိုးရာအမွှေ တစ်ခုကို လက်ဆင့်ကမ်း ယူဆောင်လာခြင်းပင်ဖြစ်သည်။ နောက်ပိုင်းတွင် Sulí အင်္ကျီသည် ယနေ့ ရင်ဖုံးအင်္ကျီ၊ ရင်စေ့အင်္ကျီ ပုံစံ၊ ဘေးတိုက် [Bedait] အဖြစ် ပြောင်းလာကာ  ယနေ့ပုံစံကို တွေ့ရခြင်း ဖြစ်သည်။ အပျိုမိန်းကလေးများသည် ဘေးတိုက်ရင်ဖုံးအင်္ကျီကို ဝတ်ဆင်ကြလေ့ရှိသည်။ 

(ခ) ဘုခ်ဘောန် (ရင်ဖုံး)

ဘုခ်ဘောန်သည် အနံတစ်တောင်ခန့်ရှိသော အထည်တစ်ခုကို ရင်၌ ရစ်ဘတ်ဖုံးအုပ်သော အဝတ်ဖြစ်သည်။ ဆူလိအင်္ကျီအပေါ်က ဝတ်ဆင်ခြင်းဖြစ်သည်။ အချို့ဒေသတွင် စီးနာဘာန် ဟုလည်း ခေါ်ကြသည်။ ယနေ့ခေတ်တွင် ပျောက်ကွယ်သွားသည်။ 

(ဂ) ထိုင်ဉ် (သို့) ထားမီ

ရှေးခေတ်က ရိုဟင်ဂျာ အမျိုးသမီးများသည် ကေသ [Ketá] ဆိုသော လုံးကွင်းထူ နှစ်ထပ်ထဘီကို ဝတ်ဆင်ကြသည်။ အထည်လွာ နှစ်ထပ်ကို တစ်ထပ်တည်း ရက်ချုပ်၍ ဝတ်ဆင်ကြသည်။ အချို့မှာ  အထည်ထူကို လုံးကွင်းအဖြစ် ဝတ်ဆင်သည်ဟုလည်း အဆိုကွဲရှိသည်။ ယဉ်ကျေးမှု တိုးလာသည်နှင့်အမျှ အဆင်အယင်လည်း တဖြေးဖြေး တိုးတက်လာသည်။ နောက်တွင် ထိုင်ဉ် (သို့) ထားမီ ဟုခေါ်သော ယနေ့ခေတ်ထဘီကို ဝတ်ဆင်ကြသည်။ 

ထဘီကို ခြေဖဝါးဆုံးထိ ဝတ်ကြသည်။ မြေ၊ ကြမ်းပြင်နှင့် မထိတထိ ဝတ်ဆင်ခြင်းပင် ဖြစ်သည်။ မိမိတို့ ကိုယ်တိုင် ရက်ကန်းနှင့်ရက်လုပ်၍ ဝတ်ဆင်ကြလေ့ရှိသည်။ ယနေ့ ရိုဟင်ဂျာ ရက်ကန်းအတတ် ပျောက်ကွယ်လုနီးပါးဖြစ်နေသည်။ 


(ဃ) နုမ္မာလ် (မတားရ် ဟောရ်)

နုမ္မာလ်( ခေါင်းလွှမ်းပုဝါ) သည်လည်း ရိုဟင်ဂျာ အမျိုးသမီးအဝတ်အစားတွင် အဓိက အင်္ဂါတစ်ခုဖြစ်သည်။ အလျား (၄)တောင်ခန့်ရှည်လျားသော နုမ္မာလ် ကို ခေါင်းမှ ရင်ဘတ်ကျော်ထိ လှုံအောင်  လွှမ်းကြသည်။ အစွန်း တစ်ဘက်ကို ရင်ဘက်၌ ထားပြီး ကျန်တစ်ဘက်ကို ကျော့ဘက်သို့ တွဲလောင်းချထားလေ့ရှိသည်။  သက်ကြီးများက အရောင်တစ်ရောင်တည်းရှိသော ခေါင်းခြုံပုဝါများ ခြုံကြပြီး လုံမပျိုများက အလျားအနည်းငယ်တိုးသော ပန်းမန်ပုံဖော်ထားသည့် ခေါင်းခြုံပုဝါကို ခြုံလေရှိသည်။ 

(င) ဂျူံးရား (ဆံထုံး)

ရိုဟင်ဂျာအမျိူးသမီးများသည် မိမိတို့ ရိုးရာအလျောက် ဆံထုံးပုံစံအမျိုးမျိုး ထုံးကြသည်။ ပန်းကုံး၊ ပန်းပွင့်များကို ပန်ကြသည်။ လည်၌ သွယ်ကြိုးများ ဝတ်ဆင်ကြသည်။ လက်ဝတ်ရတနာ အမျိုးမျိုး ဝတ်ဆင်ကြသည်။ (၎င်းတို့ကို အခြားပို့စ်တစ်ခုတွင် ဖော်ပြပေးပါမည်။ 

ဆံပင်ကို ဒေါ်ဝ်ရီး [Dorí] ဆိုတဲ့ ရောင်စုံချည်ကြိုးဖြင့် ရစ်ပတ်ကြသည်။ အပေါ်က ဇာပုဝါတစ်ခုကို လွှမ်းထားတတ်သည်။ အထူးသဖြင့် သတိုးသမီးများကို ဆင်ယင်ရာတွင် ဒေါ်ဝ်ရီးနှင့် ဆံပင်ရစ်ပတ်ခြင်း၊ ကြက်ခြေပေါက်ကဲ့သို ဇာနှင့်ပြုလုပ်၍ အနားတွင် ချည်စွန်း အလွတ်ဖြန့်ထားသော ချည်ဇကာ ကို ဆံပင်ပေါ် ပတ်ခြင်းဖြင့် တန်ဆာဆင်ကြသည်။ (အသေးစိတ်ကို ရိုဟင်ဂျာအညာမင်္ဂလာဆောင်တွင် ရှူပါ။)

(စ) ဇာလီ (ခါးစည်း)

အမျိုးသမီးများသည် ခါးတွင် ခါးစည်း ပတ်ကြသည်။ သူဌေးသူကြွယ်တို့သည် ရွှေငွေ ရတနာနှင့် ပြုလုပ်ထားသော ဒူဝါလီ [Duali] ဟုခေါ်သော ခါးစည်ကို အလှဆင် ဝတ်ဆင်ကြသည်။ လုံမပျိုများက ငွေချည်ရွှေချည်နှင့် ရက်လုပ်ထားသော ခါးစည်းကိုလည်းကောင်း၊ သက်ကြီးများကမူ အထည်အချာဖြင့် ပြုလုပ်ထားသော ခါစည်း [Zali]ကိုလည်းကောင်း စည်းကြသည်။ သက်ကြီးအမျိုးသမီးများ၏ ဇာလီ ခါးစည်းတွင် ထည့်ထားစရာ  အခေါင်းရှိသည်။ မိမိတို့ သိမ်းထားလိုသော ရွှေငွေ မတ်စေ့ ဒင်္ဂါး၊ သော့ စသည်တို့ကို ကိုယ်နှင့်မကွာ ထည့်ထားလေ့ရှိသည်။ “အဘွား၏ ခါးစည်း” ဆိုပြီး ပုံပြင်တောင်ရှိသေးသည်။ 



(ဆ) ဘိုရ်ခါ

ဘိုရ်ခါသည် အပေါ်ဝတ်ရုံ တစ်မျိုးဖြစ်သည်။ ဣ နြေ္ဒရှင်အမျိုးသမီးများ အိမ်အပြင်ထွက်သောအခါ ဟိဂျာ့ပ်ကျင့်သုံးသည့်အနေနှင့်  ဘိုရ်ခါ ဝတ်ရုံ [Burka] ခြုံကြသည်။ ဘုရ်ခါ မပေါ်မီ ရှေးအမျိုးသမီးများသည် ဆာဒ္ဒောရ် (Saddor)ကို လွှမ်းလေ့ရှိကြသည်။ ပုခုံးမှ ဒူးပေါင်တစ်ဝက်ရောက်သော တဘက်အချာကြီးတစ်ခုကို ရစ်ပတ်လွှမ်းခြုံခဲ့ကြသည်။ နောက်ပိုင်း တဘက်ကို ဘုရ်ခါအဖြစ် ဝတ်ဆင်လာကြသည်။ ပရ်ဒါဟ် လုံအောင် ထီးဆောင်းလေ့ရှိသည်။ မည်သည့် ရာသီဖြစ်စေကာမူ ထီးဆောင်းတတ်ကြသည်။ ယနေ့ ထီးဆောင်းသည့် ဓလေ့ ကွယ်ပျောက် လာနေသည်။ အချို့ ရှေးဘိုရ်ခါ ပုံစံများမှာ ထူးဆန်းလှသည်။ မျက်စိ နှစ်လုံး မြင်ရန်သာ အပေါက်ရှိသော ဘိုရ်ခါဖြစ်သည်။ ပွဲလမ်းသဘင်၌ အချို့က အပေါ်ရုံ ဇာအင်္ကျီများကိုလည်း ဝတ်ဆင်ကြသည်။ 

ဂျမာအ်သ် ဘာသာရေးအားထုတ်မှု အားပျော့ခဲ့သည့်ကာလတွင် ဘိုရ်ခါခြုံသည့် ဓလေ့နည်းပါးခဲ့သည်။ အပြင်ထွက်သည့်အခါ ခေါင်းခြုံပုဝါကို ခြုံ၍သာ ထွက်လေ့ရှိကြသည်။ ယနေ့ခေတ်မှာလည်း မြို့ကြီးပြကြီးတွင် ခေါင်းခြုံပုဝါနှင့်သာ အပြင်ထွက်သည့် ရိုဟင်ဂျာအမျိုးသမီးများကို တွေ့ရပေသည်။ 



ဤသို့ဖြင့် ရိုဟင်ဂျာ  အဖိုးအနဂ္ဃ  ရိုးရာဝတ်စားဆင်ယင်မှုသည် အိစ္စလာမ် တရားတော်နှင့် လိုက်ဖက် ကိုက်ညီသည့်အပြင် အာရပ်-အာရီယာန် မျိုးနွယ်  ရိုဟင်ဂျာသမိုင်းအစဉ်အလာကိုလည်း မစောင်းမယိုင် ထိန်းသိမ်းထားပေသည်။ ခမ်းနားတင့်တယ် ကျက်သရေဆောင် ရိုဟင်ဂျာရိုးရာ ဝတ်စားဆင်ယင်မှုကိုကို ဂုဏ်ယူစွာ ဝတ်ဆင်ကြပါစို့။     ။


🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄


No comments:

Post a Comment