Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, January 12, 2019

မုဟမ္မဒ် အာလ် ဗုခါရီ (သို့မဟုတ်) ဗုခါရီကျမ်းပြုဆရာ




အေမာမ်ဗုခါရီအကြောင်း 

☆☆☆☆☆☆☆☆☆☆☆
Download Here Buhari in Burmese Translations

BUHARI Vol.1

BUHARI Vol.2

BUHARI Vol.3


အေမာမ်ဗုခါရီ၏ အမည်မှာ မုဟမ္မဒ် ဖြစ်သည်။

ကွန်နီယတ် (Epithet) ဂုဏ်ရည် သတ္တိ ဖော်ပြရာ အမည်မှာ အဗူ အဗ်ဒုလ္လာဟ် ဖြစ်သည်။ 
လကဗ် (Title of honour) ဂုဏ်ထူးဆောင် ဘွဲ့မှာ အမီရုလ် မုအ်မီနီန် ဖိလ် ဟဒီဆ် သြ၀ါဒ တော်ဆိုင်ရာ ပညာတွင် မုအ်မင်နီန် တို့၏ အကြီးအကဲ၊ အကြီး အမှူး၊ ဥက္ကဌ ဖြစ်ပါသည်။

အေမာမ် ဗုခါရီ၏ မျိုးနွယ် စဉ်ဆက်မှာ မုဟမ္မဒ် ဗင်န် အစ္စမာအီးလ် ဗင်န် အစ်ဗ်ရာဟီမ် ဗင်န် မုဃီရဟ် ဗင်န် ဗရ်ဒစ်ဇ်ဗဟ် ဖြစ်သည်။

အေမာမ် ဗုခါရီသည် ဟစ်ဂ်ျရီ သက္ကရာဇ် ၁၉၄ ခု၊ ရှောင်ဝါလ်လ (၁၃) ရက်၊ သောကြာနေ့ ဂျွန်မ်အဟ် ဆွလာတ် အပြီးတွင် ဗုခါရာမြို့၌ ဖွားမြင် ခဲ့ပါသည်။

အေမာမ် ဗုခါရီ၏ ဖခင်ကြီးမှာ အေမာမ် ဗုခါရီ ငယ်ရွယ်စဉ်မှာပင် အလ္လာဟ် အရှင်မြတ် အမိန့်တော်ခံသွားခဲ့ရာ အေမာမ် ဗုခါရီအား မိခင်ကြီးက မွေးမြူ စောင့်ရှောက်လာခဲ့ပါသည်။

ဖရ်ဗရီ၏ ရေးသားချက်အရ အေမာမ် ဗုခါရီက ကျွန်တော် အသက် (၁၀) နှစ်ပင် မပြည့်သေးပါ။ ထိုအရွယ်မှာပင် ဟဒီးဆ် သြ၀ါဒတော်များကို ကျက်မှတ် လိုသည့်ဆန္ဒ အပြည့်အ၀ ရှိနေခဲ့ပါသည်ဟု ပြောပြ လေ့ရှိ ခဲ့ပါသည်။

အေမာမ် ဗုခါရီ သည် ၁၀ နှစ်သား အရွယ်မှာပင် မိခင်ကြီးနှင့် အစ်ကိုကြီး အဟ်မဒ် တို့နှင့် အတူတကွ ဟဂ်ျပြုရန် မက္ကာမြို့တော်သို့ သွားရောက် ခဲ့ပါသည်။

အေမာမ် ဗုခါရီ သည် ဟဂ်ျ ပြုလုပ် ပြီးသည့် အခါ ပညာဆည်းပူးရန် အလို့ငှာ မက္ကာမြို့တော်မှာပင် နေရစ်ခဲ့ပါသည်။

မိခင်ကြီးနှင့် အစ်ကိုကြီးတို့သည်သာ မိမိတို့၏ တိုင်းပြည်သို့ ပြန်သွားခဲ့ပါသည်။ 

အေမာမ် ဗုခါရီသည် ဟဒီးဆ် ပညာတွင် အဘယ်မျှ ကျွမ်းကျင် နှံ့စပ်ခဲ့သည် ဆိုသော် တစ်ခါသော် အလွန် ကျော်ကြားသော (မုဟဒ်ဒစ်ဆ်) ဟဒီးဆ် ပညာရှင်တစ်ဦး၏ အမှားကို ပရိသတ်အလယ်တွင် ထောက်ပြနိုင်ခဲ့သည်။ 

အေမာမ် ဗုခါရီ က ကျွန်တော်သည် အသက် တစ်ဆယ့် ခြောက်နှစ် အရွယ်တွင် အစ်ဗ်နုမုဗာရက်၊ ၀ကီအ် စသည့် ပညာရှင်ကြီးများ၏ ကျမ်းများကို စ-လယ်-ဆုံး ကျက်မှတ် ထားနိုင်ခဲ့ပါသည် ဟု ပြောပြလေ့ ရှိခဲ့ပါသည်။

ထို့နောက် အေမာမ် ဗုခါရီသည် မိမိ၏ မိခင်ကြီး နှင့်အတူ ဒုတိယ အကြိမ် ဟဂ်ျ ပြုလုပ်ရန် မက္ကာဟ် မြို့တော်သို့ ခရီးထွက်ခဲ့ပြန်ပါသည်။ 

ဤ ဒုတိယ ဟဂ်ျ ခရီးတွင် ဟဒီးစ်နှင့် ပတ်သက်သည့် ပညာအရပ်ရပ်ကို အနည်းငယ် စိုးစဉ်းမျှ မကျန်ရစ်စေဘဲ ပြည့်စုံစွာ၊ စေ့ငှစွာ တတ်မြောက် အောင် ဆည်းပူးခဲ့ပါသည်။

အေမာမ် ဗုခါရီ သည် အသက် (၁၈)နှစ် အရွယ်တွင် ကျမ်း တစ်စောင် ပြုစုခဲ့သည်။ ယင်းကျမ်းတွင် တမန်တော်မြတ် မိုဟမ္မဒ် (ဆွာလ္လလ္လာဟု အလိုင်ဟိ ၀စလ္လာမ်) ၏ (ဆွဟာဗ်) တပည့်သားများ၏ စီရင်ထုံးများနှင့် ဓမ္မသတ် အဆုံးအဖြတ်များကို စုပေါင်း ဖော်ပြထားပါသည်။


အေမာမ် ဗုခါရီ က ကျွန်ုပ်သည် ပညာ ဆည်းပူးရန်အတွက် ရှာမ် (Syria)၊ မစ်ဆ်ွရ် (Egypt)၊ အလ် ဂျဇီရဟ် (Mesopotamia) စသည့် နိုင်ငံများသို့ နှစ်ကြိမ် သွားရောက်ခဲ့ပါသည်။ 

ဟိဂျာဇ် ပြည်တွင် ၆နှစ် နေထိုင်ခဲ့ပါသည်။ 
ဗဃ်ဒါဒ် (Baghdad) နှင့် ကူဖဟ် (Kufa) မြို့များသို့ အကြိမ်ကြိမ် သွားရောက်ခဲ့သည် ဟု ပြောပြခဲ့ပါသည်။ 

ဆိုလို သည်မှာ အေမာမ် ဗုခါရီ သည် ထိုခောတ် ထိုအခါတွင် ဟဒီးဆ် ပညာ ထွန်းကားရာ နိုင်ငံများနှင့် ဟဒီးဆ် ပညာ ပါရဂူများ ရှိရာ ဌာန အသီးသီးသို့ မလွဲမသွေ၊ မုချ ဆတ်ဆတ် သွားရောက်ခဲ့သည်သာ ဖြစ်ပါသည်။ 

ပညာ ဆည်းပူးရန်အတွက် ခရီးသွားရာတွင် ဒုက္ခအမျိုးမျိုး နှင့် ရင်ဆိုင် ခဲ့ရပါသည်။ ပညာ ဆည်းပူးရာတွင် တွေ့ကြုံခဲ့ရသော ဒုက္ခ ကြီးငယ်များကို အံ့ဖွယ် သရဲအပြုံးနှင့် ရဲရဲ ရင်ဆိုင်ခဲ့ပါသည်။ 

သို့ ပညာ ဆည်းပူးခဲ့သည့်အတွက်ကြောင့်ပင် အေမာမ် ဗုခါရီသည် ဟဒီးဆ် ပညာတွင် သူမတူအောင် တစ်ဘက်ကမ်းခပ် တတ်မြောက်ခဲ့ခြင်း ဖြစ်ပါသည်။

နောက်ဆုံးတွင် အေမာမ် ဗုခါရီ၏ အချို့ ဆရာများသည်ပင် အေမာမ် ဗုခါရီထံတွင် တပည့်ခံလာခဲ့ကြပါသည်။ 



ရှိုင်ခုလ် အစ္စလာမ် ဟာဖဆ်ဇ် အစ်ဗ်နု ဟဂျရ် အတ္တစ္စကလာနီ က ရေးသား ဖော်ပြခဲ့သည်မှာ အေမာမ် ဗုခါရီ၏ ဆရာများမှာ များပြားလှသည်။ ယင်း ဆရာများအနက် ဆရာ (၁၈၀၀) မှာ အေမာမ် ဗုခါရီသည် ထို ဆရာများထံမှ ဟဒီး သြ၀ါဒတော် တစ်ပါးသာ ဆည်းပူးခဲ့ရသော ဆရာများသာ ဖြစ်ခဲ့ကြပါပေသည်။

အေမာမ် ဗုခါရီ၏ မှတ်သား ဥာဏ်မှာ အလ္လာဟ်၏ ကျေးဇူးတော်ဖြင့် အတိုင်းမသိ ထူးချွန်လှပေသည်။ အစပထမ တွင် ကြားသိရသမျှသော ဟဒီးဆ်တော်များကို အာဂုံဆောင်ထားလေ့ရှိခဲ့သည်။
ရေးမှတ် ထားလေ့မရှိပေ။ အေမာမ် ဗုခါရီ၏ စာသင် တပည့်သားများသည် ရေးမှတ် ထားလေ့ရှိခဲ့ကြသည်။ တိုက်ဆိုင် ကြည့်သောအခါ အေမာမ် ဗုခါရီ၏ မှတ်သားဥာဏ်သည် အသာ ရရှိသည်သာ ဖြစ်ခဲ့ပါသည်။

အေမာမ် ဗုခါရီ သည် သူတော်ကောင်း တရားကျင့် မူရာတွင် လည်းကောင်၊ စိတ်ရင် စေတနာ ဖြူစင်ရာတွင် လည်းကောင်း၊ ဥာဏ် အမြော်အမြင် ထက်မြက်ရာတွင် လည်းကောင်း ပြိုင်ဖက်၊ ယှဉ်ဖက် ကင်းလောက် အောင် ထူးချွန်လှပေသည်။ 

အလ္လာဟ် အရှင်မြတ်သည် ဖော်ပြပါ အရည်အချင်းများနှင့်တကွ အခြား လိုအပ်သည့် အရည်အသွေး အရပ်ရပ်ကို အေမာမ် ဗုခါရီအား လိုလေသေး မရှိ အပြည့် အ၀ ချီးမြှင့်ထားတော်မူသည်မှာ အထင်အရှားပင်။ ထို့ အတွက် ကြောင့်ပင် အေမာမ် ဗုခါရီ ၏ အချို့ ဆရာများက အေမာမ် ဗုခါရီ၏ အရည်အချင်းများကို တွေ့မြင်ကြရသောအခါ “ဆွဟာဗဟ် (တပည့်သား များတွင်) အုမရ် တစ်မူထူးသကဲ့သို့ မုဟဒ်ဒစ်ဆ် များတွင် အေမာမ် ဗုခါရီသည်လည်း တစ်မူ ထူးပေသည်” ဟု အမွှမ်းတင် ပြောဆိုလေ့ ရှိခဲ့ ကြပေသည်။
တစ်ရက် အေမာမ် ဗုခါရီသည် မိမိ၏ ဆရာ အစ္စဟာက် ဗင်န် ရာဟိုယဟ်၏ အနီးတွင် ထိုင်နေခဲ့၏။ 

ဟဒီးဆ် သြ၀ါဒတော် ဆိုင်ရာကျမ်းများ အကြောင်း ပေါ်လာခဲ့၏။ ထိုအခါ ဆရာ ဖြစ်သူက အေမာမ် ဗုခါရီအား “အကယ်၍များ အသင်သည် မှန်ကန်သော ဟဒီဆ် သြ၀ါဒတော်များချည်းကိုသာ စုဆောင်း၍ ကျမ်း တစ်စောင် ပြုစုနိုင်မည်ဆိုလျှင် အလွန်ကောင်းမည်” ဟု မိမိ၏ ဆန္ဒကို ထုပ်ဖော် ပြောဆိုလိုက်ပါသည်။

ထိုအခါ အေမာမ် ဗုခါရီ က “ထို အချိန်မှစ၍ ကျွန်ုပ်၏ စိတ်တွင် ယင်းသို့သော ကျမ်း တစ်စောင် (၀ါ) “ဆွဟီဟ် ဗုခါရီ” ရေးသားရန် ဆန္ဒ ဖြစ်ပေါ်လာခဲ့ပါသည်” ဟု ပြောပြ ခဲ့ပါသည်။

ထိုနောက် မကြမီ အတွင်းမှာပင် ကျွန်ုပ်သည် ဤသို့ အိပ်မက် မြင်မက် ပါသည်။ “ကျွန်တော်သည် တမန်တော်မြတ် မိုဟမ္မဒ် (ဆွာလ္လလ္လာဟု အလိုင်ဟိ ၀စလ္လာမ်) ၏ ရှေ့တွင် မတ်တပ်ရပ် နေပါသည်။ ကျွန်တော်၏ လက်တွင် ယပ်တောင် တစ်ခုရှိပါသည်။ ကျွန်တော်သည် ထို ယပ်တောင်ဖြင့် တမန်တော်မြတ် မိုဟမ္မဒ် (ဆွာလ္လလ္လာဟု အလိုင်ဟိ ၀စလ္လာမ်) အား ယပ်ခတ် ပေးနေပါသည်။ 

ဤအိပ်မက်၏ တိတ္တုံမှာ “အသင်သည် မမှန်ကန်သော ဟဒီဆ် သြ၀ါဒတော်များနှင့် မှန်ကန်သော ဟဒီဆ် သြ၀ါဒတော်များကို ခွဲခြားပစ်မည်” ဟူ၍ ဖြစ်ကြောင်း ပြောကြားခဲ့ကြလေသည်။

အေမာမ် ဗုခါရီ က “ဤသို့ အိပ်မက် မြင်မက်လိုက်သည့်အတွက် ကျွန်တော်၏ ဆန္ဒမှာ ပို၍ပင် ရင့်ကျက်လာခဲ့ပါသည်။

နောက်ဆုံးတွင် အလ္လာဟ် အရှင်မြတ်၏ နာမတော်ကို တသကာ “ဆွဟိဟ် ဗုခါရီကျမ်း” ပြုစုသည့် လုပ်ငန်းကို စတင်လိုက် ပါတော့သည်” ဟု ပြောပြ ခဲ့လေသည်။
အေမာမ် ဗုခါရီ က “ကျွန်ုပ်သည် ဟဒီဆ် သြ၀ါဒတော် (၆၀၀၀၀၀) ခြောက်သိန်းအနက်မှ ရွေးချယ်ပြီး မိမိ၏ကျမ်းကို ပြုစုခြင်းဖြစ်သည်” ဟု ပြောပြ ခဲ့ပါသည်။

အေမာမ် ဗုခါရီ သည် ဟဒီဆ် သြ၀ါဒတော် တစ်ပါးကို ရေးသားသည့် အချိန်တွင် မရေးသားမီ အလျင် ရေချိုး၍ ဆွလာတ် အစ္စတိခါရဟ် နှစ်ရကအတ် ၀တ်ပြုလေ့ရှိခဲ့ပေသည်။


အေမာမ် ဗုခါရီသည် အထက်တွင် ရေးသားဖော်ပြခဲ့သည့်အတိုင်း ကိုယ်စွမ်း ရှိသမျှ၊ ဥာဏ်စွမ်း ရှိသမျှ ကြိုးပမ်း အားထုပ်ကာ၊ အပြန်ပြန် အလှန်လှန် ဝေဖန်သုံးသပ်ကာ၊ လေးလေးနက်နက် စိစစ်စူးစမ်းကာ၊ သတိ ၀ိရိယ ကြီးစွာ ထားကာ၊ တိကျ မှန်ကန်စွာ ရေးသားပြုစုလာခဲ့ရာ (၁၆) နှစ် ကြာညောင်းသည့်အခါ အလ္လာဟ် အရှင်မြတ်၏ ဂုဏ်ကျေးဇူးတော်ဖြင့် ဤကျမ်းကြီး ပြီးစီးသွားခဲ့ပါသည်။

အေမာမ် ဗုခါရီသည် ဆွဟီဟ် ဗုခါရီကျမ်းကြီး ရေးသားပြီးစီးသွားသော အခါ မိမိကျမ်းကို အေမာမ် အဟ်မဒ် ဗင်န် ဟန်ဗလ်၊ ယဟ်ယာ ဗင်န် မုအီန်၊ အလီ ဗင်န် မဒီနီ နှင့် ထိုခောတ်ရှိ ဟဒီဆ် ပညာရှင်များထံ တင်ပြ ခဲ့ပါသည်။ အားလုံးက ချီးမွမ်းကြပါသည်။ ဆွဟီဟ် ဗုခါရီကျမ်းလာ ဟဒီဆ် အားလုံး မှန်ကန်ကြောင်း တညီတညွတ်တည်း အတည်ပြု ကြပါသည်။ ဟဒီဆ် လေးပုဒ် နှင့် ပတ်သက်၍သာ အနည်းငယ် သဘောကွဲလွဲ ကြပါသည်။ သို့တစေလည်း သုတေသီပညာရှင်များက အေမာမ် ဗုခါရီ၏ အဆိုကိုပင် အသာပေးခဲ့ကြလေသည်။
ဆွဟီဟ် ဗုခါရီကျမ်းကြီး ရေးသားပြီးစီး သွားသည့်အခါ ကမ္ဘာ့ နိုင်ငံ အသီးသီး မှ ဟဒီဆ်ပညာ ဆည်းပူးလိုသူများသည် အေမာမ် ဗုခါရီ ထံသို့ အင်တိုက် အားတိုက်၊ အစုလိုက် အပြုံလိုက် ရောက်ရှိလာခဲ့ကြပေသည်။
ဖရ်ဗရီ က ပြောပြခဲ့သည်မှာ “အေမာမ် ဗုခါရီထံ ကျွန်ုပ် တပည့်ခံသည့် အချိန်တွင် ကျွန်ုပ် အလျင် လူပေါင်း (၉၀၀၀၀) ကိုးသောင်းတိတိ တပည့် ဖြစ်နေခဲ့ကြပြီ”

အေမာမ် ဗုခါရီ သည် ဆွဟီဟ် ဗုခါရီ ကျမ်းကြီး အပြင် - 
(၁) အဒဗုလ်မွတ်ဖရဒ်၊
(၂) ရဖိအုလ်ယဒိုင်နိ ဖိစ်ဆ်ဆွလာတ်၊
(၃) ကိရာအတ် ခလ်ဖလိ အိမာမ်၊
(၄) ဗစ်ရ်ရုလ်ဝါလိဒိုင်နိ၊
(၅) အတ္တာရီ ခုလ်ကဗီရ်၊
(၆) အလ် အောင်စတွ်၊
(၇) အဆ်ဆွဃီရ်၊
(၈) ခလ်ကု အဖ်အာလိလ် အိဗာဒ်၊
(၉) ကိတာဗုဿ်ဿုအဖာအိ၊
(၁၀) အလ်ဂျာမိအုလ် ကဗီရ်၊
(၁၁) အလ်မွတ်စ် နဒုလ် ကဗီရ်၊
(၁၂) ကိတာဗုလ် အရှ်ရိဗဟ်၊
(၁၃) ကိတာဗုလ် ဟိဗဟ်၊
(၁၄) အစာမီ အလ်ဆွဟာဗဟ်၊
(၁၅) ကိတာဗုလ် အိလလ်၊
(၁၆) ကိတာဗုလ် ၀ဟ်ဒါန်၊
(၁၇) ကိတာဗုလ် မဗ်စူတွ် ......... စသည်ဖြင့်

အခြား များစွာသောကျမ်းများကို ရေးသားပြုစုခဲ့ပေသည်။ မွတ်စ်လင်မ် လောက အား အကျိုးပြု ခဲ့ပေသည်။ အေမာမ် ဗုခါရီ သည် မိမိ၏ ဘ၀ သက်တမ်း တစ်ခုလုံးကို အစ္စလာမ် စာပေပြုစု ဖြန့်ဖြူးရာတွင်ပင် နှစ်မြုပ် ထားခဲ့လေသည်။ အေမာမ် ဗုခါရီ က “ကျွန်ုပ် သည် အလ္လာဟ် အရှင်မြတ် ထံတော်တွင် ဂျဟန္နမ် မီးဘေးမှ လွတ်မြောက် ရန်အတွက် ဤဆွဟီဟ် ဗုခါရီကျမ်းကို အားထားရာ ပြုလုပ်ထားပါသည်” ဟု ပြောပြလေ့ ရှိခဲ့ ပါသည်။

အေမာမ် ဗုခါရီသည် လောကီရေးရာများတွင် စိတ်မ၀င်စားခဲ့ပေ။ 
အမှန်တကယ် သူတော်စင် ဖြစ်ခဲ့ပေသည်။

အေမာမ် ဗုခါရီ သည် ဖခင်ကြီးထံမှ အမွေပစ္စည်း မြောက်မြားစွာ ရရှိခဲ့သည်။ 

အေမာမ် ဗုခါရီ သည် ရက်ရောစွာ ပေးကမ်းလှူဒါန်းလေ့ရှိသည်။ အထူးသဖြင့် ပညာ ဆည်းပူးသော ကျောင်းသားများအား ပို၍ ကူညီ ထောက်ပံ့လေ့ ရှိခဲ့ လေသည်။

ဗုခါရီကျမ်းသည် ကုရ်အာန်ကျမ်းမြတ်၏ နောက် အမှန်ကန်ဆုံး ကျမ်းကြီး ဖြစ်သည်ဟူ၍ ကမ္ဘာ့ မွတ်စ်လင်မ်ထုကြီး တစ်ရပ်လုံးက လက်ခံထားသည်။

အေမာမ် ဗုခါရီ သည် ဟစ်ဂ်ျရီ သက္ကရာဇ် (၂၅၆) ခုနှစ်၊ အီဒုလ် ဖစ်တိရ်၏ ညဥ့် စနေနေ့ အိရှာ ဆွလာတ် အပြီးတွင် အလ္လာဟ် အရှင်မြတ် ၏ အမိန့်တော်ခံသွားခဲ့ပါသည်။ 

အီဒုလ် ဖစ်တ်ရ် ပွဲနေ့ ဇုဟုရ် ဆွလာတ် အပြီးတွင် စမရ်ကန္ဒ မြို့မှ ၆မိုင်ခွဲ အကွာရှိ ခရ်တန်က်ရွာတွင် ဒဖန် မြုပ်နှံထားခဲ့ပါသည်။ ယနေ့တိုင် အထင်အရှားပင်။
အေမာမ် ဗုခါရီ ၌ သား တစ်ဦး တစ်ယောက်မျှ မကျန်ရစ်ခဲ့ပါ။

အေမာမ် ဗုခါရီအား ဒဖန်မြုပ်နှံ ပြီးနောက် ရက်ပေါင်း အတော်ကြာမြင့်စွာ အထိ သင်္ချိုင်းတွင်းမှ သင်းထုံ၊ သင်းကြိုင်၊ သင်းပျံ့သော နံ့သာများ ထွက်နေ ခဲ့ပေသည်။ သင်္ချိုင်းမှာ သင်းပျံ့ မွှေးနေခဲ့ပေသည်။
အေမာမ် ဗုခါရီ ၏ အသက်မှာ အလ္လာဟ် အရှင်မြတ်၏ အမိန့်တော် ခံယူ သွားချိန်တွင် (၁၃) ရက်လျော့ (၆၂) နှစ် ရှိခဲ့ပါသည်။

အေမာမ် ဗုခါရီ သည် အလ္လာဟ် ၏ အချစ်တော် တမန်တော်မြတ် မိုဟမ္မဒ် (ဆွာလ္လလ္လာဟု အလိုင်ဟိ ၀စလ္လာမ်) ၏ ဟဒီဆ် သြ၀ါဒတော်များကို တိကျ မှန်ကန်စွာ ရေးသားပြုစု၍ ကမ္ဘာအ၀ှန်းသို့ ဖြန့်ချီနိုင်ခဲ့ပေရာ အလ္လာဟ် အရှင်မြတ်သည် အေမာမ် ဗုခါရီအား ဂျန္နတ် ဥယျာဉ်တော်တွင် အမြဲ ထာဝစဉ် စံမြန်းခွင့် ပေးသနားတော်မူပါစေသတည်း။

မွတ်စ်လင်မ်များသည်လည်း ဤမည်သော ဗုခါရီကျမ်းကြီးကို ရွတ်ဖတ် လေ့လာကာ တမန်တော်မြတ် မိုဟမ္မဒ် (ဆွာလ္လလ္လာဟု အလိုင်ဟိ ၀စလ္လာမ်) ၏ လမ်းစဉ်ကို ဖ၀ါးခြေထပ် လိုက်နာကျင့်သုံး နိုင်ကြသည် ဖြစ်ပါစေတည်း။ အာမိန်း။ ။

(ဃာဇီ မုဟမ္မဒ် ဟာရှင်မ်)

ဟစ်ဂ်ျရီ သက္ကရာဇ်
၁၄၀၈ ခုနှစ်၊ ရဂျဗ်လ (၁၄) ရက်
မြန်မာ သက္ကရာဇ်
၁၃၄၉ ခု၊ တပေါင်းလဆုတ် (၁) ရက်
ခရစ် သက္ကရာဇ်
၁၉၈၈ ခု၊ မတ်လ (၃) ရက်၊ ကြာသပတေးနေ့။

No comments:

Post a Comment