(191)အာနန္ဒစန္ဒြကျောက်စာ ဝမ်းမြောက်ဂုဏ်ယူစရာ အာနန္ဒစန္ဒြကျောက်စာ
Many Thanks & Credit to
မာန်သစ်ငြိမ်း (ရှေးဟောင်းသုတေသန)
Myanmaalinn
ရှေးလူများသည် အကြောင်းအရာတစ်ခုကို
ပျောက်ပျက်မသွားရအောင် မှတ်သားထားလိုလျှင်
ကျောက်တုံး၊ ကျောက်တိုင်၊ ကျောက်နံရံများ၌ ရေးထိုး၍
ထားတတ်ကြသည်။ ထိုသို့ရေးမှတ်ခြင်းမျိုးကို
ကမ္ပည်းကျောက်စာရေးထိုးသည်ဟူ၍ လည်းကောင်း၊
ကျောက်ထက်အက္ခရာတင်သည်ဟူ၍လည်းကောင်း ခေါ်ကြပေသည်။
ကျောက်စာများကို လေ့လာခြင်းဖြင့် ကျောက်စာရေးထိုးသောခေတ်မှ
ယုံကြည်မှု အယူဝါဒများ၊ ယဉ်ကျေးမှုအနုပညာများနှင့်
လူမှုဆက်ဆံရေးများကို မှန်းဆနိုင်သကဲ့သို့
ကျောက်စာများသည် နိုင်ငံတစ်နိုင်ငံ၏သမိုင်းကို
များစွာအထောက်အကူ ပေးနိုင်ပေသည်။
ထိုသို့ နိုင်ငံတစ်နိုင်ငံ၏သမိုင်းတွင် အထောက်အကူဖြစ်စေသော
ကျောက်စာ တိုင်တစ်ခုကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊
ရခိုင်ပြည်နယ်၊စစ်တွေမြို့မှ ကုလား တန်မြစ်(က္ဆပနဒီ)မြစ်ရိုးတစ်လျှောက် အရှေ့မြောက်ဘက်သို့ လေးငါးမိုင်ခန့် သွား ရောက်လျှင် ယခင်အခေါ် မြို့ ေ ဟာင်းမြို့၊ ယခုအခေါ် မြောက်ဦးမြို့ ကို ရောက်ရှိ နိုင်ပါသည်။
မြောက်ဦးမြို့ကို ရခိုင်ဘုရင်မင်းစောမွန်က အေဒီ ၁၄၃ဝ ကောဇာ သက္ကရာဇ် ၇၉၂ ခု တော်သလင်းလဆန်း ၁ ရက် နေ့တွင်
စတင်တည်ထောင်ခဲ့ပြီး မြောက်ဦးမြို့တွင် ကောဇာသက္ကရာဇ်
၁၁၄၄ ခုနှစ်တိုင်အောင် ရခိုင်မင်းဆက် ၄၉ ဆက်မျှ မင်းဆက်မပြတ်
နန်းစံခဲ့ကြပေသည်။
ထိုတွင်မှ ဝေသာလီမြို့သည် မြောက်ဦး မြို့ မှ ငါးမိုင်ခန့်အကွာတွင် တည်ရှိပေသည်။
ကောင်းကင်မှရိုက်ယူသော ဓာတ်ပုံများ ကိုကြည့်လျှင်
ဝေသာလီမြို့ရိုးကိုလည်းကောင်း၊ နန်းရာကုန်းကိုလည်းကောင်း
အထင်းသားတွေ့မြင်နိုင်ပေသည်။
ထိုမြို့တော်ကို ထီးနန်းစိုက်ခဲ့သည့်မင်းမှာ အာနန္ဒ စန္ဒြမင်းပင် ဖြစ်ပေသည်။
အာနန္ဒစန္ဒြမင်းကား ရှစ်ရာစုအဦးပိုင်းလောက်တွင် ရခိုင် ပြည်တွင်
စိုးစံခဲ့သော ဘုရင်တစ်ပါးဖြစ်သည်။
ထိုမင်းကြီးသည် ၄င်း၏ဘေးတော်၊ ဘိုးတော်မင်းများအကြောင်းကို
အနည်းငယ်စီ ဖော်ပြပြီးလျှင် မိမိ၏အကြောင်းကို
ဂါထာစီကုံး မော်ကွန်းတင်ထားခဲ့ခြင်း ဖြစ်ပေသည်။
အဖိုးတန်သော အချက်အလက်များ ဤမော်ကွန်းကို ယခုအခါ ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် တည်ရှိသော
ရှစ်သောင်းဘုရားသို့ အတက် မြေညီပြင်မှ ၁၆ ပေမြင့်သောနေရာတွင် တည်ရှိသည့် ကျောက်စာတိုင်တွင် တွေ့ နိုင်ပေသည်။
ထိုကျောက်စာတိုင်၏ အရှေ့မျက်နှာတွင် ခြောက်ရာစုလောက်မှ ရေးထိုးသည်ဟု ခန့်မှန်းရသောကျောက်စာနှင့်
မြောက်ဖက်မျက်နှာတွင် ၁ဝ ရာစုလောက်မှ ရေးထိုးခဲ့သည်ဟု ခန့်မှန်းရသော ကျောက်စာများ လည်း ပါရှိလေသည်။
ဘေးတော်၊ ဘိုးတော်တို့ ရေးထိုးခဲ့သော ကျောက်စာတိုင်ကြီး တွင်ပင် ယင်းမင်းသည် မိမိ၏အကြောင်းကို ရေးထိုးခဲ့ခြင်းဖြစ်သည်။
အာနန္ဒစနြ္ဒကျောက်စာသည် ဗြာဟ္မီပွားအက္ခရာကို အသုံးပြု၍
သက္ကတဘာသာဖြင့် ရေးသား ထားသောစာ ဖြစ်ပါသည်။
ရေးထိုးထားသော လက်ရေးသည် အလွန်လှပသေသပ် ပါသည်။
စပ်ဆိုထားသော ဂါထာများသည်လည်း အဆင့်အတန်း မြင့်ပါသည်။
ဖွဲ့နွဲ့ ပုံများသည်လည်း အတုယူလောက်အောင် ကောင်းပေသည်။
သမိုင်းအလိုအရ ရခိုင်ပြည်နယ်သားများအတွက်
အလွန်အဖိုးတန်သော အချက်အလက်များကို ရရှိစေခဲ့ပါသည်။
စာတမ်းစာကြမ်းကို အချောဖြစ်အောင် တည်းဖြတ် အာနန္ဒစနြ္ဒမင်း၏ ဘိုးတော်ကား ဝဇဂတ္တိမင်းပင်ဖြစ်ပြီး ကျောက်စာ၌ ယင်း မင်းကို နတ်တို့၏အနွယ်မှ ဆင်းသက်လာခဲ့သောမင်းဟု ဖော်ပြသည်။
ကျောက်စာ ရေးထိုးခြင်း၏ ရည်ရွယ်ချက်မှာ လူအများ၏အကျိုးအတွက် အားထုတ်လိုစိတ်ရှိ သော မင်းတကာ့မင်းသည်
သတ္တဝါအပေါင်းတို့အား ကောင်းကျိုးအကျင့်ကို
သိမြင် စေရန်လည်းကောင်း၊ အသိဉာဏ်ပွင့်လင်းစေရန်လည်းကောင်း၊ နှစ်သက်ဝမ်း မြောက်စွာပြုလုပ်သော
ကုသိုလ်ကောင်းမှုများ ပွားများစေရန်လည်းကောင်း
အလို ရှိသောကြောင့် မင်းဖြစ်သည့် ပထမနှစ်မှစ၍ နဝမမြောက်နှစ်တိုင်အောင် မိမိဥစ္စာ ဖြင့် ကိုယ်တိုင်ပြုလုပ်အပ်သောကောင်းမှု၊
သူတစ်ပါးတို့အား ပြု လုပ်စေ၍ အနု မောဒနာ ခေါ်တော်မူအပ်သော
ကောင်းမှုတို့ကို ဖော်ပြအပ်သည်ဟု ရေးထိုးခဲ့သည်။
ကျောက်စာ၌ ဤစာကြောင်းတစ်ကြောင်းသာလျှင်
စကားပြေဖြင့် ပါရှိလေသည်။
အာနန္ဒစနြ္ဒကျောက်စာထက်စော၍ ရေးထိုးသော အိန္ဒိယကျောက်စာများတွင် ဘေးတော်၊ ဘိုးတော်တို့ အကြောင်းကို
ရေးထိုးကြသော်လည်း နန်းစံနှစ်များကိုမူ မရေးထိုးကြဟု ဒေါက်တာဆားကားက မှတ်ချက်ချထားခဲ့သည်။
ဤသို့ နန်းစံနှစ် များနှင့် ရေးထိုးသော ကျောက်စာများအထဲတွင်
အာနန္ဒစနြ္ဒကျောက်စာသည် အစောဆုံးကျောက်စာတစ်ခုပင်ဖြစ်သည်။
အာနန္ဒစနြ္ဒကျောက်စာသည် ၆၅ ဂါထာ တည်းဖြင့်
ရခိုင်မင်းဆက်များကို နန်းစံနှစ်များနှင့်တကွ ဖော်ပြထားသော
ကျောက်စာ ဖြစ်သည်။
ဤကျောက်စာမျိုးကို မြန်မာပြည်၌ မည်သည့်နေရာတွင်မျှ မတွေ့ရပေ။
အာနန္ဒစန္ဒြမင်းကျောက်စာကိုဖတ်ရန် ကြိုးစားခဲ့သူများရှိခဲ့ကြရာ
ဟိရနန္ဒ ဆပ်စတြီသည် အိန္ဒိယရှေးဟောင်း သုတေသနဌာန၏
၁၉၂၅-၂၆ အတွက် နှစ်ချုပ် အစီရင်ခံစာ စာမျက်နှာ ၁၄၆-၈ တွင်
ဤကျောက်စာနှင့်ပတ်သက်၍ မှတ်ချက် အနည်းငယ်ရေးသားခဲ့သည်။
အိန္ဒိယကျောက်စာဝန် ဒေါက်တာပီအင်ချကရာဝါတီ ကလည်း
အောက်ဆုံးမျဉ်းကြောင်းရေ ၅ဝ မျှကို ၁၉၃ဝ ကျော်လောက်က ဖတ်ခဲ့ သေးသည်။
ဤကျောက်စာကို အစအဆုံးနီးပါး ပြည့်ပြည့်စုံစုံဖတ်ပြီး အဓိပ္ပာယ် ဖော်ခဲ့သူကား အင်္ဂလိပ်လူမျိုး ဒေါက်တာအီးအိပ်(ချ)ဂျွန်စတင်ပင်
ဖြစ်ပေသည်။
၄င်းသည် အင်္ဂလန်နိုင်ငံ အောက်စဖို့တက္ကသိုလ် ဘေဘီယောကောလိပ်မှ အရှေ့ တိုင်းပညာဆိုင်ရာ ပါမောက္ခဖြစ်သည်။
၁၉၄၂ ခုနှစ် အောက်တိုဘာလတွင် ဂျွန် စတင်ကွယ်လွန်ခဲ့သော်လည်း ဤအာနန္ဒစနြ္ဒကျောက်စာ ဘာသာပြန်မှာ
စာကြမ်း အဖြစ်သာ ကျန်ရှိခဲ့ပေသည်။
ဘေလီယောကောလိပ်မှ တာဝန်ရှိပုဂ္ဂိုလ်များက
ပါမောက္ခဆာရစ်ချပ်ဘန်းအားခေါ်ယူပြီး ဒေါက်တာဂျွန်စတင်၏ စာရွက်စာတမ်း များကို မွှေနှောက်ရှာခိုင်းရာမှ ဤစာတမ်းအကြမ်းကို
တွေ့ရှိခဲ့ခြင်းဖြစ်ပေသည်။
ဆာရစ်ချပ်ဘန်းသည် ပါမောက္ခဂျီအိပ်(ချ)လုပ်(စ်)၏ အကူအညီဖြင့် စာတမ်း အကြမ်းကို အချောဖြစ်အောင် တည်းဖြတ်၍
Bull. S.O.A.S. Vol xi, pt. 2, pp 357 - 85
Some Sanskrit Inscriptions of Arakan
ခေါင်းစဉ်ဖြင့် ထည့်သွင်းထုတ်ဝေခဲ့ဖူးလေသည်။
၄င်းနောက်တွင် အာနန္ဒစနြ္ဒကျောက်စာနှင့် ပတ်သက်၍ ဆောင်းပါးရေးသူ အတော်များများ ပေါ်ပေါက်လာခဲ့ပြီး ဆရာမွန်ဘိုကေသည် ယဉ်ကျေးမှုစာစောင်တွင် ' ရှစ်သောင်းဘုရားမှ သက္ကတကျောက်စာတိုင်' ခေါင်းစဉ်ဖြင့် လည်းကောင်း၊
ဆရာ မင်းသုဝဏ်သည် ၁၉၅၁-၅၂ နှစ်ထုတ် ဓညဝတီမဂ္ဂဇင်းတွင် ' အာနန္ဒစနြ္ဒ -ရှစ် ရာစုခေတ် ရခိုင်မင်းတစ်ပါး' ခေါင်းစဉ်ဖြင့်လည်းကောင်း ဆောင်းပါးများရေးသား ခဲ့ကြပေသည်။
ဦးအောင်သာဦးသည် ၁၉၆၆ ခုနှစ်ထုတ် ရခိုင်ယဉ်ကျေးမှုစာစောင်
အတွဲ-၁ အမှတ်-၁ 'ဝေသာလီ' တွင် အာနန္ဒစန္ဒြကျောက်စာနှင့်ပတ်သက်၍ ရေးခဲ့ ပြီး ဖြစ်ပေသည်။
ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ မန္တလေးပါဠိဌာနမှ
ဦးမြင့်ဆွေသည် ၁၉၆၈ ခု တတိယအကြိမ်မြောက်
သုတေသနဆွေးနွေးပွဲတွင် အာနန္ဒစနြ္ဒ သက္ကတ ကျောက်စာအကြောင်းကို စာတမ်းဖတ်ကြားခဲ့ပြီးဖြစ်သည်။
ထို့ပြင် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်)မှ ၂ဝ၁၇ ခုနှစ်
နိုဝင်ဘာ ၁၁ ရက် ရန်ကုန်မြို့၊ ရခိုင် ဓမ္မာရုံတွင် အာနန္ဒစန္ဒြကျောက်စာရေးထိုးနှစ်နှင့် နောက်ထပ်ဖော်ထုတ်ရရှိသော
အချက်အလက်များအား မောင်ဖြူ (ကြွီတဲကျွန်း)မှလည်း
ဆွေးနွေးတင်ပြခဲ့ပေသည်။
အပြည့်စုံဆုံးနှင့် အတိကျဆုံးဖတ်ရှု အာနန္ဒစနြ္ဒကျောက်စာကို ဖတ်ရှုခဲ့သူများအထဲမှ ပါမောက္ခဒေါက်တာဂျွန် စတင်သည်
အပြည့်စုံဆုံးနှင့် အတိကျဆုံး ဖတ်ရှုခဲ့သူဖြစ်ပေသည်။
ရေးထိုးသော ဘာသာမှာ သက္ကတဘာသာဖြစ်၍
ဤကျောက်စာကိုဖတ်ရန် သက္ကတဘာသာကို
ကျွမ်းကျင်ရန်လိုအပ်ပေသည်။
စာ၌ စကားပြေတစ်ကြောင်းသာပါရှိပြီး ကျန် အပိုဒ်များမှာ ဂါထာများပင် ဖြစ်သည်။
ထို့ကြောင့် ဂါထာစပ်ပုံကိုလည်း တစေ့ တစောင်း တတ်ကျွမ်းရန်
လိုအပ်ပေသည်။
ကာရန်ကိုလည်းကောင်း၊ စကားလုံး အရေအတွက်ကိုလည်းကောင်း
ကြည့်ပြီး အမှန်သို့မှန်းတတ်ရန် လိုအပ်ပေသည်။
ဒေါက်တာဂျွန်စတင်ကား အလွန်ချီးမွမ်းထိုက်သော
အလွန်တော်သော ပညာရှင် ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ကြောင်း
ဦးစံသာအောင်က ၄င်းထုတ်ဝေခဲ့သော အာနန္ဒစနြ္ဒ ရှစ်ရာစု ရခိုင်ဝေသာလီမင်း စာအုပ်တွင် ဖော်ပြထားပေသည်။
အဘယ်ကြောင့်ဆို သော် ဒေါက်တာဂျွန်စတင်သည်
အာနန္ဒစနြ္ဒကျောက်စာတိုင်ကိုကြည့်၍ ကိုယ် တိုင်ဖတ်ရှုခဲ့ခြင်း မဟုတ်ဘဲ ရန်ကုန်တက္ကသိုလ်မှပေးပို့သော မင်ကူးပုံ နှစ်ပုံနှင့် ဓာတ် ပုံရိုက်ကူးထားသော အခြားပုံအချို့မှနေ၍
ဖတ်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုခဲ့သည့် အတွက် ဖြစ်ပေလိမ့်မည်။
အာနန္ဒစနြ္ဒကျောက်စာတွင်မျဉ်းတစ်ကြောင်းခြင်း ဖလှယ်ပြီးသောအခါ ဂါထာ များကို ရေးချပြီး နှစ်ချောင်းပုဒ်မကြီး နှစ်ခုအကြားတွင် ဂါထာတစ်ပုဒ်စီ ပါရှိပါသည်။
ပထမစာကြောင်းကို လက်ရှိကျောက်စာ ဓာတ်ပုံဖလင်တွင်
ဖတ်မရကြောင်း ဖော်ပြ ခဲ့သည်။
၄င်းစာသုံးကြောင်းတွင် ဂါထာ သုံးပုဒ် ပါသွားလိမ့်မည်ဟု ခန့်မှန်း ရပေသည်။
ထို့ကြောင့် ဂါထာ ၄ မှ စတင်၍ ဖော်ပြခဲ့ပေသည်။
တစ်ဖန် ဂါထာ ၄ မှ ၉၊ ၁၃၊ ၁၄၊ ၁၆၊ ၁၇ ကိုလည်း
ပြည့်စုံစွာ ဖတ်မရကြောင်း သိရှိရပေသည်။
ဂါထာ စုစုပေါင်း ၆၅ ခုမျှ ပါရှိကြောင်းနှင့် ဂါထာ ၄၅ နှင့် ၄၆ အကြားတွင် စကားပြေတစ်ကြောင်း ပါဝင်ကြောင်း သိရှိရသည်။
ဂါထာ ၆၂ ပြီး သောအခါ အပရံစ (ထိုမှတစ်ပါး ဆက်၍ ဆိုအံ့)ဟုရေးပြီး နောက်ထပ်ဂါထာ ၃ ပုဒ်ကို တစ်ဆက်တည်းရေးသားခဲ့ကြောင်း
သိရှိရပြန်သည်။
ဒေါက်တာဂျွန်စတင်၏ စိစစ်ချက်အရ ဂါထာ ၃၂၊ ၄၂၊ ၄၄ နှင့် ၆၂ တို့သည် ဝသ္တတိလက ဂါထာမျိုးဖြစ်ပြီး စာလုံးရေကို ရေတွက်သောအခါ ပုဒ်မတစ် ချောင်းဖြင့် ခွဲထားသည် အထိ ၂၈ လုံးပါဝင်ကြောင်း တွေ့ရပေသည်။
ဂါထာ ၄ဝ၊ ၆၁၊ ၆၃၊ ၆၄၊ ၆၅ တို့သည် ဥပဇာတိဂါထာမျိုး ဖြစ်ပြီး
စာလုံးရေမှာ ၂၂ လုံးဖြစ်သည်။
ဂါထာ ၅၂ နှင့် ၅၉ မှာ ဣဝြံသနှင့် ဝံဂ့သ္ထ ဂါထာနှစ်မျိုးအရောဖြစ်ပြီး
စာလုံးရေ ၂၄ လုံးဖြစ်သည်။
ကျန် ဂါထာများမှာ အနုပ္ဋုတ် ဂ္လောကဂါထာမျိုးဖြစ်ပြီး
စာလုံးရေ မှာ ၁၆ လုံးဖြစ်ကြောင်း သိရှိရပေသည်။
ထို့ပြင် ကျောက်စာတွင် စမြင်းဆက် ပေါင်း
၁၆ ဆက်ဟု ဆိုထားသော်လည်း ၁၃ ဆက်ကိုသာ စာရင်းတွင် ချပြခဲ့ပေသည်။
ထို့ပြင် ဆရာ ဦးစံသာအောင် မှ ၁၉၇၅ ခုနှစ်တွင် ၇-၈ ရာစု၌ ရခိုင်ပြည်တွင် အသုံး ပြုသော ဗြဟ္မီပွားအက္ခရာဖြင့် ရေးသားထားသည့်
အာနန္ဒစနြ္ဒကျောက်စာကို မြန်မာဘာသာပြန်၍
ရေးသားထုတ်ဝေခဲ့ပါသည်။
ထို့ပြင် ယခုအခါတွင် အာနန္ဒစနြ္ဒမင်း ကျောက်စာအက္ခရာ အခြေခံကျောက်စာ သင် ရိုးစာအုပ်အား မောင်ဖြူ (ကြွီတဲကျွန်း)က
အယနာစာပီအဖွဲ့(ရန်ကုန်)မှ ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်ပေ သည်။
ကျောက်စာတိုင်မှာ လေးမျက်နှာရှိ အာနန္ဒစနြ္ဒကျောက်စာတိုင်မှာ
ဝေသာလီမြို့ဟောင်းမှ ရှစ်သောင်းပုထိုးတော် ကြီးသို့
အေဒီ ၁၅၃၆ ခုနှစ်တွင် မင်းဗာကြီး (၁၅၃၁-၁၅၅၃)မှ
ပြောင်းရွှေ့ စိုက်ထူထားခြင်းဖြစ်သည်။
ကျောက်စာတိုင် မှာ လေးမျက်နှာရှိပြီး အရှေ့ဘက်၊ အနောက်ဘက်နှင့်
မြောက်ဘက်တို့တွင် အိန္ဒိယမြောက်ပိုင်းသုံး ရှေးအက္ခရာများ ဖြင့်
ကျောက်တိုင်တစ်တိုင် တည်းတွင် အေဒီ ၆ဝဝ မှ အေဒီ ၁ဝဝဝ အတွင်း အနှစ် ၂ဝဝ မျှစီခြား၍ ဗြာဟ္မီပွားအက္ခရာ
သုံးမျိုးဖြင့် ရေးထိုးထားသော အလွန်ရှားပါး သည့် ကျောက်စာတိုင်ဖြစ်သည်။
ရခိုင်မင်းဆက်များအကြောင်းကို ဖော်ပြထားပြီး ကျောက်စာရေးထိုးခိုင်းသူ အာနန္ဒစန္ဒြ အမည်ရှိသော မင်း၏အကြောင်းကို
ကြေညာ သော သြဘာစာဖြစ်သည်။
ထိုသို့အချက်များကြောင့် အာနန္ဒစနြ္ဒကျောက်စာသည်
ရခိုင်သမိုင်းစဉ်တွင် အရေးကြီးသော၊ ရခိုင်လူမျိုးတို့အတွက် တန်ဖိုးမဖြတ်နိုင်သော၊ နှလုံးသားတွင် ကမ္ပည်းတင်ခဲ့သော ကျောက်စာတစ်ချပ်ဖြစ်ခဲ့ရပြီ ဖြစ်သည်။
အာရှ-ပစိဖိတ်ဒေသ တွင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ်ကော်မတီ
(MOWCAP)၏ အဋ္ဌမအကြိမ်မြောက် အထွေထွေအစည်းအဝေးကို မေ ၂၉ ရက်မှ ဇွန် ၁ ရက်အထိ ကိုရီးယားနိုင်ငံ ဂွမ်ဂျူး မြို့၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ တင်သွင်းသော အာနန္ဒစန္ဒြ ကျောက်စာနှင့်အတူ
၁၉၃၄ ခုနှစ်တွင် ရိုက်ကူးခဲ့သော မြဂနိုင်ရုပ်ရှင်တို့အား
အာရှ-ပစိဖိတ်ဒေသတွင်း က မ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုခံရပြီ ဖြစ်ပေသည်။
ထို့ပြင် အာနန္ဒစန္ဒြကျောက်စာကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ်ကော်မတီသို့လည်း ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း၌
ထည့်သွင်းသတ်မှတ်နိုင်ရေး တင်သွင်း သွားမည် ဖြစ်ပေသည်။
ထို့ကြောင့် ကျောက်စာရေးထိုး မှတ်တမ်းတင်ခြင်းသည်
အတိတ်ကာလလူသား တို့၏ အမှတ်လက္ခဏာတစ်ရပ်ကို ဖော်ပြနေရုံမက အတိတ်ကာလ၏ စာပေအရေး အသားများကို
လေ့လာမှတ်တမ်းတင်နိုင်သောကြောင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ကျောက်စာချပ်တို့ကို ရိုသေစွာထိန်းသိမ်း
စောင့်ရှောက်သင့်သည့်အပြင် ယခုကဲ့သို့ အာနန္ဒစန္ဒြကျောက်စာကို
အာရှ-ပစိဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံခဲ့ရခြင်းသည်
ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုးတို့အတွက်
ဝမ်းမြောက်ဂုဏ်ယူစရာ သတင်းကောင်းတစ်ခုပင် ဖြစ်ပါတော့သည်။
ကိုးကား- အာနန္ဒစန္ဒြ- ရှစ်ရာစု
ရခိုင်ဝေသာလီမင်း - ဦးစံသာအောင်
မြန်မာ့စွယ်စုံကျမ်းအတွဲ-(၂)
https://m.facebook.com/story.php?story_fbid=2159286054311891&id=1387885928118578
No comments:
Post a Comment