အာရကန် လွတ်လပ်ရေး မဟာမိတ်အဖွဲ့ (AIA) ပေါ်ပေါက်လာခြင်း
၁၉၇၇ ခုနှစ်တွင် အာရကန်ပြည်သား အချို့က ကြံစည်ခဲ့သော အာဏာသိမ်းမှု အကြံအစည်တစ်ခု ပျက်ပြားသွားခဲ့သည်။ ဤအာဏာသိမ်းမှုကို အောင်စိန်သာ၊ ထင်လင်းနှင့် ကျော်လှ (ခ) မုစ်တာဖာကာမာလ် တို့က ကြိုးကိုင်ကြံစည်ခဲ့သည်။ မြန်မာ့ထောက်လှမ်းရေးက ရန်ကုန် ဘင်္ဂလားဒေ့ရှ် သံရုံးရှိ စစ်သံမှူးကို ကြံစည်မှုတွင် ပါဝင်ပတ်သက်နေသည်ဟု ပွင့်ပွင့်လင်းလင်း စွပ်စွဲပြီး မည်သို့မျှ လက်မခံနိုင်ဟု ပြောဆိုကာ နှင်ထုတ်ခဲ့သည်။
ဗိုလ်ချုပ်နေ၀င်းက “ ဓားနှင့် ဓား” ကို စိန်ခေါ်ရန်၊ ရိုဟင်ဂျာသာမက ဘင်္ဂလားဒေ့ရ်ှအစိုးရကိုပါ သင်ခန်းစာပေးရန် အခွင့်အလမ်းရသွားသည်။ သူသည် ၁၉၇၈ ခုနှစ်တွင် တရားမ၀င် ၀င်ရောက်လာသူများကို စစ်ဆေးယောင် ဟန်ဆောင်ကာ "နဂါးမင်း" ခေါင်းစဉ်ဖြင့် ရိုဟင်ဂျာဆန့်ကျင်ရေး စစ်ဆင်ရေးတစ်ခုကို စတင်ခဲ့သည်။ စစ်တပ်၏ ရက်စက်မှု၊ မုဒိမ်းမှုနှင့် လူသတ်မှုသတင်းများ ပျံ့နှံ့နေစဉ် ဘင်္ဂလားဒေ့ရ်ှ တောင်ပိုင်းရှိ နယ်စပ်တစ်လျှောက် ရိုဟင်ဂျာဒုက္ခသည် ၃ သိန်းခန့် ဒုက္ခသည်အဖြစ် ခိုလှုံခဲ့လေသည်။
ထိုအတောအတွင်း မြန်မာစစ်တပ်သည် ဒေသအသီးသီးရှိ ရခိုင် လက်နက်ကိုင်အဖွဲ့များကိုလည်း ချေမှုန်းခဲ့သည်။ ရခိုင်ကွန်မြူနစ်ပါတီ (Arakan Communist Party) ဥက္ကဋ္ဌ ဦးကျော်ဇံရီ ဖမ်းဆီးခံခဲ့ရသည်။ ပြောက်ကျားအင်အား ၇၅၀ ပါသည့် ACP ပါတီသည် လုံးဝ လက်မြောက်ရှုံးနိမ့်သွားခဲ့သည်။ ဦးရွှေသာ ဦးဆောင်သည့် ACP ၏ အကြွင်းအကျန်တပ်သားများသည် ရိုဟင်ဂျာဒုက္ခသည်များနှင့်အတူ ဘင်္ဂလားဒေ့ရ်ှသို့ ၀င်ရောက်ခဲ့သည်။ ရခိုင်လွတ်မြောက်ရေးပါတီ Arakan Liberation Party (ALP)နှင့် ရခိုင်လွတ်လပ်ရေးအဖွဲ့ Arakan Independence Organization (AIO) တို့သည် အင်အား ၃၀၀ ကျော်ဆုံးရှုံးခဲ့ပြီးနောက် ၁၉၇၇ ခုနှစ်တွင် ဘင်္ဂလားဒေ့ရ်ှသို့ ခိုလှုံခဲ့သည်။ ဦးမောင်စိန်ညွန့် ဦးဆောင်သည့် ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ Arakan National Liberation Party (ANLP) သည်လည်း ဘင်္ဂလားဒေ့ရ်ှပိုင်နက်သို့ ရောက်လာလေသည်။
ထိုအချိန်မှစ၍ ရခိုင်အဖွဲ့အစည်းမှ အဖွဲ့ဝင်များနှင့် ရိုဟင်ဂျာအဖွဲ့အစည်းမှ အဖွဲ့ဝင်များသည် ၄င်းတို့၏ တည်မြဲမှုနှင့် ရပ်တည်မှုအတွက် ရုန်းကန်လှုပ်ရှားမှုများမှတစ်ဆင့် အချင်းချင်း ပိုမိုနီးကပ်လာခဲ့သည်။ သူတို့ ရပ်တည်မှုနှင့် ရှေ့ဆက်ရေးအတွက် တစ်ဦးကိုတစ်ဦး လိုအပ်နေကြောင်း သဘောပေါက်နားလည်ခဲ့ကြသည်။ သူတို့သည် အချင်းချင်း အပြန်အလှန် နားလည်နိုင်ရန်၊ အချင်းချင်း လေးစားနိုင်ရန်၊ ညီအစ်ကို ရဲဘော်ရဲဖက်ကဲ့သို့ လက်ခံ သဘောထားနိုင်ရန် ကြိုးစားခဲ့သည်။ အခြားတစ်ဖက်မှကြည့်လျှင် ဘင်္ဂလားဒေ့ရ်ှအာဏာပိုင်များသည် နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးအတွက် ဘင်္ဂလားဒေ့ရ်ှကိုအသုံးမပြုရန် ကန့်သတ်ချက်ဖြင့် ရခိုင်နှင့် ရိုဟင်ဂျာအဖွဲ့အစည်းများကို ခိုလှုံရာ နေရာပေးခဲ့သည်။ ရခိုင်ခေါင်းဆောင်များသည် ဘင်္ဂလားဒေ့ရ်ှအာဏာပိုင်များနှင့်ဆက်ဆံရာတွင်လည်း ရိုဟင်ဂျာခေါင်းဆောင်များ၏ အကူအညီ အမြဲလိုအပ်လျက်ရှိသည်။
၎င်းတို့အကြား တရားဝင်နှင့်အလွတ်သဘောဆွေးနွေးမှုများ အများအပြားရှိခဲ့ပြီး ၎င်းတို့လူကြီးသူကောင်း သဘောတူညီချက် သို့မဟုတ် စာနှင့်ပေနှင့် ရေးသားမှတ်တမ်းတင်သော သဘောတူညီချက်အထိ ရှေ့တိုးရောက်လာခဲ့သည်။ ဥပမာ- ARIF၊ ALP နှင့် RNP တို့၏ သဘောတူညီချက်၊ RSO, ARIF နှင့် NUFA တို့၏ သဘောတူညီချက်၊ RSO နှင့် Arakan Army ကို ဦးဆောင်သော Bo Raza သဘောတူညီချက် တို့ဖြစ်ကြသည်။ ၂၀၀၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် Arakan National Union Party (NUPA) နှင့် Arakan Rohingya National Organization (ARNO) တို့အကြား သဘောတူညီမှု တစ်ခုရရှိခဲ့သည်။
NUPA နှင့် ARNO မှ ကိုယ်စားလှယ်များသည် အမျိုးသားရေး၊ နိုင်ငံရေး၊ ကာကွယ်ရေးနှင့် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး ရှုထောင့်များတွင် ဘုံရပ်တည်ချက်၊ ဘုံသဘောထားအမြင်ရှိ၍ နိုင်ငံရေး မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းရန် ၂၀၀၀ ပြည့်နှစ်၊ စက်တင်ဘာ ၁၆ ရက်၌ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၊ စစ်တကောင်းတွင် သမိုင်းဝင်သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ပါတီနှစ်ခုအနေဖြင့် ရခိုင်ပြည်သူတို့၏ လွတ်လပ်ရေးကို အရေးဆိုခဲ့သည်။
နှစ်ဖက်သောပါတီများက သဘောတူခဲ့သော အချက်များမှာ -
၁။ အာရကန်ပြည်ရှိ ရခိုင်နှင့် ရိုဟင်ဂျာ အဓိက လူမျိုးနှစ်မျိုးအပါအဝင် မြို (မရိုန်)၊ ခမီ၊ အနု၊ ခေါင်စော၊ လုံကဲ၊ ချန်ဒူ၊ ရှော့၊ ဆက္ကမာ(သက်)၊ ဒိုင်းနက်၊ ကမန်၊ မရမာကြီး (ဘရူဝါ) ဟူသော တိုင်းရင်းသားလူမျိုးများသည် အဓမ္မကျွန်ပြုခံရခြင်း၊ အကြမ်းဖက်ခြင်း၊ ဖိနှိပ်ညှည်းပန်းခြင်းနှင့် အာဏာရှင်ဆန်ခြင်း၏ချုပ်နှောင်မှု၊ ဗမာကိုလိုနီစနစ်နှင့်နယ်ချဲ့ဝါဒတို့၏ လက်အောက်မှ မိမိကိုယ်မိမိ လွတ်မြောက်ရန် ဆုံးဖြတ်ခြင်း၊
၂။ မိမိတို့နှင့် မိမိတို့ နောင်လာနောင်သား မျိုးဆက်များ၏ အနာဂတ် ကောင်းမွန်သေချာစေရန်အလို့ငှာ လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအနေနှင့် မိမိတို့လူမျိုး၏ ကံကြမ္မာကို မိမိတို့စိတ်သဘောအလျောက် ဖန်တီးပုံဖော်ရန် ရည်ရွယ်ချက် ကြီးမားစွာထားရှိခြင်း(အကောင်အတည်ဖော်ခြင်း)။
၃။ National United of Arakan (NUPA) နှင့် Arakan Rohingya National Organisation (ARNO) တို့သည် ရခိုင်ပြည်သူတို့၏ တရားဝင် ကိုယ်စားပြုပါတီများဖြစ်၍ ပါတီနှစ်ခုအကြား အပြန်အလှန်အသိအမှတ်ပြုမှုကို ထပ်မံအတည်ပြုသည်။
၄။ နှစ်ဖက်စလုံးမှ နားလည်မှုနှင့်ခင်မင်ရင်းနှီးမှုဖြင့် ပါတီနှစ်ခုအကြား ထင်ရှားသောပြဿနာဟူသမျှကို ငြိမ်းချမ်းစွာဖြေရှင်းမည်။
NUPA မှ ကိုယ်စားလှယ်များမှာ-
၁။ ဦးခင်မောင်၊ ဥက္ကဋ္ဌ
၂။ ဘစိုးအောင်၊ ဒု-ဥက္ကဋ္ဌ
၃။ မောင်ကျော်နု (N Alam Chowdhury)၊ ဒု-ဥက္ကဋ္ဌ
၄။ ခိုင်မြတ်ကျော်၊ အထွေထွေအတွင်းရေးမှူး
၅။ ဦးရွှေသာ၊ နာယက (၃) တို့ဖြစ်ကြသည်။
ARNO မှ ကိုယ်စားလှယ်များမှာ
၁။ နူရ်အီစ္စလာမ်၊ ဥက္ကဋ္ဌ
၂။ ဖောယာစ်အဟ်မတ်၊ ဘဏ္ဍာရေးနှင့်ပြန်ကြားရေးအတွင်းရေးမှူး ဖယာစ်အာမက်၊
၃။ ဆော်လီမုလ္လာ၊ ကွပ်ကဲရေးဦးစီးချုပ်
၄။ မောင်ကိုလေး (က) N K Shuja, NSC တို့ဖြစ်ကြသည်။
စက်တင်ဘာလ ၁၆ ရက် သမိုင်းဝင်သဘောတူညီချက်အပေါ် အခြေခံ၍ NUPA နှင့် ARNO ပါတီနှစ်ခုမှ ခေါင်းဆောင်များသည် ၂၀၀၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် “အာရကန်လွတ်လပ်ရေးမဟာမိတ်အဖွဲ့ (အေအိုင်အေ) [Arakan Independence Alliance, Arakan (AIA)] အမည်ဖြင့် မဟာမိတ်အဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း ပူးတွဲကြေညာသည်။ သူတို့၏ အစီအစဉ်များကို အကောင်အထည်ဖော်ရန် ပါတီတစ်ခုမှ အဖွဲ့ဝင် ၃ ဦးစီ ပါဝင်သော ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ဖွဲ့စည်းခဲ့သည်။
AIA သည် အာရကန်ပြည်ရှိ လူမျိုးအားလုံး၏ တပူးတတွဲ လွတ်လပ်ရေး လှုပ်ရှားမှု ဖြစ်သည်။ လူမျိုး၊ အသားအရောင်နှင့် ဘာသာရေး ခွဲခြားမှုမရှိဘဲ အာရကန်ပြည်သူလူထု၏ လွတ်လပ်သောနိုင်ငံတစ်နိုင်ငံအဖြစ် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်နှင့်အညီ သူတို့၏ အနာဂတ်နှင့် သူတို့၏ နောင်လာနောင်သား မျိုးဆက်တို့၏ အနာဂတ် ကောင်းမွန်သေချာစေရန်အလို့ငှာ အာရကန်ပြည်သူ၏ ကံကြမ္မာကို ပုံဖော်အကောင်အထည်ဖော်ရန်ဖြစ်သည်။ AIA သည် အာရကန်လူ့အဖွဲ့အစည်း၏ မတူကွဲပြားသောသဘာဝကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ရခိုင်ပြည်နယ်ရှိ လူမျိုးနွယ်စုများအကြား “ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း”၏ အခြေခံသဘောတရားကို ထိန်းသိမ်းရန် ကတိကဝတ်ပြုသည်။ အာရကန်မြေပေါ်ရှိ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းနှင့် မွတ်စလင်အသိုင်းအ၀ိုင်းတို့၏ တညီတညွှတ် ပူးပေါင်းကြိုးပမ်းမှုသည် ဗမာတို့၏ ကိုလိုနီထမ်းပိုးမှ လွတ်မြောက်၍ မိမိတို့၏ဇာတိမြေအား ငြိမ်းချမ်းသော "ဒီမိုကရေစီ အာရကန်"ကို ထူထောင်ရန် မဖြစ်မနေလိုအပ်သည်ဟု ယုံကြည်သည်။
ဒေါက်တာရွှေလူမောင်၏အဆိုအရ ဤအယူအဆများနှင့်အမြင်များအရ NUPA သည် ရိုဟင်ဂျာများအား တရားဝင်အသိအမှတ်ပြုပြီး ARNO နှင့် မဟာမိတ်ဖွဲ့ခဲ့သည်။ ဤနေရာတွင် NUPA ၏ ထင်ရှားသောခေါင်းဆောင်များကို ဖော်ရမည်။
၁။ ဦးပဒီးဖြူ၊ ဥက္ကဋ္ဌ၊ ခမီးအမျိုးသားတော်လှန်ရေးပါတီ
၂။ ဦးရွှေသာ ၊ ဥက္ကဋ္ဌ၊ ရခိုင်ကွန်မြူနစ်ပါတီ (ACP)၊
၃။ ဦးမောင်စိန်ညွန့်၊ ဥက္ကဋ္ဌ၊ ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ၊
၄။ မောင်သျှောင်ကြီး ဦးဝီမလဗုဒ္ဓီ၊ အတွင်းရေးမှူး၊ ရခိုင်လွတ်လပ်ရေးအဖွဲ့ (AIO, အဖွဲ့-၁)၊
၅။ ဒေါက်တာခင်မောင် (AIO, အဖွဲ့-၁)၊
၆။ ဘိုခိုင်ရာဇာ၊ ဗိုလ်မှူးကြီး၊ ရခိုင့်တပ်မတော် (ALP မှ ခွဲထွက်အဖွဲ့)၊
၇။ ဦးကျော်လှိုင်၊ ဥက္ကဋ္ဌ၊ ရခိုင်လွတ်လပ်ရေးအဖွဲ့ (AIO အဖွဲ့-၂) နှင့်
၈။ ၁၉၉၄ ခုနှစ်တွင် NUPA သို့ ၀င်ရောက်ခဲ့သည့် ရခိုင်ကျောင်းသားသမဂ္ဂအဖွဲ့မှ ခေါင်းဆောင်များဖြစ်သည်။ ဤခေါင်းဆောင်များနှင့် သူတို့၏ ပါတီများသည် ရိုဟင်ဂျာများအား အသိအမှတ်ပြုခဲ့သည်။
- လူထုဝဏ္ဏ
(9-6-2021)
--------------***------------***----------***---------
Note: သမိုင်းသုတေသီ အာမာန်အုလ္လာ ရေးသားခဲ့သော "The emergence of Arakan Independence Alliance (AIA)" ဆောင်းပါးကို ဘာသာပြန်ဆိုသည်။
ကိုးကား-
The emergence of Arakan Independence Alliance (AIA) By Aman Ullah
No comments:
Post a Comment